← Chapters

အခန်း ၇၂၉

Vol. 49 Ch. 729

အခန်း ၇၂၉

Vol. 49 Ch. 729

အပိုင်း ၇၂၉ : မမျှော်လင့်ထားသောအခြေအနေ

တံခါးကို အကြိမ်ကြိမ်ခေါက်သော်လည်း မည်သူမှ ပြန်မထူးပေ။

ယဲ့ချန်းလည်း ဖုန်းထုတ်ကာ အဘွားကျန်း၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ အကယ်၍ သူ(မ) ဖုန်းမကိုင်ပါက တံခါးဖျက်ဝင်ရန် သူ ဆုံးဖြတ်ထားပြီးဖြစ်၏။

မီးဖိုချောင်တွင် ရေနွေးတည်နေသော အဘွားကျန်းမှာ ဖုန်းမြည်သံကို ကြားလိုက်ရသဖြင့် ဝှီးချဲကို တွန်းကာ ဖုန်းကိုကောက်ကိုင်ပြီး ပေါ်နေသောနံပါတ်ကို ကြည့်လိုက်သည်။ သူ(မ)၏ ရင်ထဲတွင် ဝမ်းသာကြည်နူးစိတ်များ တဖွားဖွားပေါ်လာသည်။

"ရှောင်ချန်း... အလုပ်တွေပြီးသွားပြီလား"

"အဘွားကျန်း... ကျွန်တော် လန့်သေတော့မလို့။ အဘွားသာ ဖုန်းမကိုင်ရင် တံခါးဖျက်ပြီး ဝင်မလို့ လုပ်နေတာ"

ယဲ့ချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

အဘွားကျန်းမှာ ခဏမျှ ဘာမှပြန်မပြောနိုင်ဖြစ်သွားသည်။ သူ(မ)မှာ ယဲ့ချန်း အလုပ်ပြီး၍ ဖုန်းဆက်သည်ဟု ထင်ထားခဲ့သော်လည်း ယခုမူ "တံခါးဖျက်မည်"ဟူသော စကားကို ကြားလိုက်ရသည်။

တစ်ဖက်မှ အသံမကြားရသဖြင့် ယဲ့ချန်းက ပြောလိုက်၏။

"အဘွားကျန်း... ကျွန်တော် အိမ်ရှေ့ရောက်နေပြီ။ တံခါးလေး မြန်မြန်လာဖွင့်ပေးပါဦး"

"ကောင်းပြီ။ ခဏလေးစောင့်နော်"

အဘွားကျန်းလည်း ဖုန်းချပြီး တံခါးနားသို့ ကပျာကယာသွား၍ ဖွင့်ပေးလိုက်သည်။

ပစ္စည်းပို့သမားယူနီဖောင်း ဝတ်ဆင်ထားသည့် ချောမောသော လူငယ်လေးတစ်ယောက် ရပ်နေသည်ကို မြင်သောအခါ အဘွားကျန်း၏ မျက်လုံးထဲတွင် ဝမ်းသာလွန်း၍ မျက်ရည်များပင် ဝဲတက်လာသည်။

အဘွားအိုက တံခါးပေါက်ကို ပိတ်ရပ်ထားသဖြင့် ယဲ့ချန်းလည်း ခေါင်းတကုတ်ကုတ်ဖြင့် မေးလိုက်သည်။

"အဘွားကျန်း.. ကျွန်တော့်ကို အထဲပေးမဝင်တော့ဘူးလား"

"ရှောင်ချန်း... မြန်မြန်ဝင်ခဲ့လေ"

အဘွားကျန်းက သူ(မ)၏ ဝှီးချဲကို ဘေးတွန်းကာ လမ်းဖယ်ပေးလိုက်သည်။

ယဲ့ချန်းက အိမ်စီးဖိနပ်လဲစီး၍ အထဲဝင်လာပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

အဘွားကျန်းက လက်ဖက်ရည်တစ်အိုး ဖျော်လာပြီး ယဲ့ချန်းအတွက် တစ်ခွက်ငှဲ့ပေးလိုက်သည်။

"ရှောင်ချန်း.. ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

ဆွေမျိုးမတော်စပ်သည့် ယဲ့ချန်းက ဖုန်းတစ်ချက်ဆက်ရုံဖြင့် သူ(မ)ကို လာတွေ့ပေးသည်။ ဤသို့သော လုပ်ရပ်မျိုးက အဘွားအိုကို မည်သို့များ မကြည်နူးစေဘဲ နေမည်နည်း။

"အလုပ်ပြီးသွားလို့ အဘွားကိုသတိရတာနဲ့ လာတွေ့တာပါ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

ယဲ့ချန်း၏စကားကို ကြားသောအခါ အဘွားကျန်းမှာ ဝမ်းသာလွန်း၍ ဘာပြောရမှန်းပင် မသိတော့ပေ။

"အဘွားကျန်း... အပြင်ဘက်မှာ ရာသီဥတုက တအားကောင်းတာ။ လေကောင်းလေသန့်ရအောင် ကျွန်တော် အပြင်ခေါ်သွားပေးမယ်လေ။ အိမ်ထဲမှာချည်းပဲနေတာ သိပ်မကောင်းဘူးဗျ"

ယဲ့ချန်းက ရုတ်တရက် အကြံပြုလိုက်သည်။

အဘွားကျန်းက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်လေသည်။

"ကျေးဇူးပါပဲ ရှောင်ချန်းရယ်.. ဒါပေမဲ့ မလိုပါဘူးကွယ်"

"အဘွားကျန်း.. စိတ်မပူပါနဲ့။ ကျွန်တော် လူဆိုးမဟုတ်ပါဘူး"

ယဲ့ချန်းက အဘွားအို၏ စိုးရိမ်ပူပန်မှုများကို ပျောက်သွားစေရန် ရိုးသားပွင့်လင်းစွာ ပြောလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်သည် နှစ်ကြိမ်သာ ဆုံဖူးသေးသဖြင့် သူ(မ)တွင် စိုးရိမ်စိတ်ရှိနေသည်မှာ ပုံမှန်ပင်။ ဤအတွက် ယဲ့ချန်း စိတ်ထဲမထားပါချေ။

"ရှောင်ချန်း အထင်မလွဲပါနဲ့ကွယ်။ အဘွားဆိုလိုချင်တာက အဲဒီသဘော မဟုတ်ပါဘူး။ မင်းက ကလေးလိမ္မာလေးဆိုတာ အဘွား သိပါတယ်။ ဒါပေမဲ့... ဒါပေမဲ့..."

အဘွားကျန်းက အမြန် ရှင်းပြရှာသည်။

"ဒါပေမဲ့ ဘာဖြစ်လို့လဲ"

ယဲ့ချန်း တွေးလိုက်မိသည်။ အဘွားအိုက သူ့ကို လူကောင်းတစ်ယောက်ဟု ယုံကြည်ထားမှတော့ ဘာတွေများ စိုးရိမ်စရာ ရှိနေဦးမည်နည်း။

အဘွားကျန်းက ဆက်ပြောသည်။

"အဘွားက မင်းကို ဒုက္ခပေးသလို ဖြစ်မှာစိုးလို့ပါ။ အဘွားရဲ့ ခြေထောက်တွေက သွားရလာရတာ အဆင်မပြေတော့ အောက်ထပ်ဆင်းဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ"

သူ(မ)၏ စိုးရိမ်ပူပန်မှုများကို ကြားသောအခါ ယဲ့ချန်းလည်း ရယ်မောရင်း ပြောလိုက်၏။

"အဘွားကျန်း အဲဒီအတွက်တော့ စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော် အဘွားကို အောက်ထပ်ရောက်အောင် ချီသွားပေးပါ့မယ်"

ယဲ့ချန်းပြောသည့်အတိုင်း အဘွားအိုက ဝှီးချဲပေါ်ကဆင်း၍ ယဲ့ချန်းကို မှီလိုက်သည်။

ယဲ့ချန်းလည်း အဘွားအို နေရထိုင်ရမသက်မသာဖြစ်မည်ကို စိုးရိမ်သဖြင့် ဂရုတစိုက်ပွေ့ချီကာ အိမ်ပြင်သို့ ထွက်လာခဲ့သည်။

အောက်ထပ်သို့ ရောက်ချိန်တွင် ယဲ့ချန်း၏ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီဖြစ်၏။

ယဲ့ချန်း ချွေးသံတရွဲရွဲ ဖြစ်နေသည်ကို မြင်သောအခါ အဘွားအိုလည်း ဝမ်းနည်းသွားသည်။

"ရှောင်ချန်း ပင်ပန်းသွားပြီ"

"အဘွားကျန်းရယ်... ကျွန်တော့်ကိုများ အားနာနေသေးတယ်"

အပြင်ရောက်သည်နှင့် အဘွားကျန်းလည်း လေကောင်းလေသန့်ကို တဝကြီးရှူရှိုက်လိုက်ပြီး သူ(မ)အပေါ် ကျရောက်နေသော နေရောင်ခြည်၏ နွေးထွေးမှုကို အရသာခံလိုက်သည်။

အပြင်သို့ နောက်ဆုံးအကြိမ် ထွက်ခဲ့သည်မှာ မည်မျှကြာခဲ့ပြီဖြစ်ကြောင်း သူ(မ) သေသေချာချာ မမှတ်မိတော့ပေ။

ယဲ့ချန်းကြောင့်သာ မဟုတ်လျှင် သူ(မ)သည် အောက်ထပ်ဆင်းရန်မဆိုထားနှင့်။ ဤသို့လုပ်ရန်ပင် တွေးဝံ့မည် မဟုတ်ပေ။

အစပိုင်းတွင် ယဲ့ချန်းသည် အဘွားအို လမ်းလျှောက်ရန် ကူညီပေးခဲ့သဖြင့် သူ(မ)၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ပွင့် ပေါ်လာခဲ့သည်။

သို့သော် ရုတ်ခြည်းပင် အဘွားအို၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ရင်ဘတ်ကို ဖိကိုင်ထားလိုက်သည်။

"အဘွားကျန်း အဘွားကျန်း... ဘာဖြစ်လို့လဲ"

ယဲ့ချန်း စိုးရိမ်တကြီး မေးလိုက်မိသည်။

"ရှောင်ချန်း... အဘွားရဲ့ အိတ်ကပ်ထဲမှာ ဆေးရှိတယ်။ အဲဒါသောက်လိုက်ရင် သက်သာသွားမှာပါ"

အဘွားအိုက အားနည်းဖျော့တော့စွာ ပြန်ဖြေသည်။

ယဲ့ချန်းမှာ ပစ္စည်းပို့သည့်နေရာသို့ ကားပြန်မယူရသေးသဖြင့် ၁၂၀သို့ အမြန်ဖုန်းဆက်ကာ အဘွားကျန်း၏ အခြေအနေနှင့် လိပ်စာကို အကြောင်းကြားလိုက်သည်။

ယဲ့ချန်းက အဘွားကျန်း၏ အိတ်ကပ်ထဲရှိ ဆေးကိုထုတ်၍ အဘွားအို၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

အတန်ကြာပြီးနောက် အဘွားကျန်းလည်း သက်သာလာသည်။ သူ(မ)၏ မျက်နှာအရောင်ကလည်း ယခင်ကလောက် ဖြူရော်မနေတော့ပေ။

"ရှောင်ချန်း မင်းကို လန့်အောင်လုပ်မိသွားပြီလား။ တကယ်အားနာပါတယ်ကွယ်"

အဘွားကျန်းက တောင်းပန်စကား ဆိုလေသည်။

"အဘွားကျန်း... စကားမပြောပါနဲ့ဦး။ လူနာတင်ယာဉ်က ခဏနေရင် ရောက်လာတော့မှာပါ"

စကားဆုံးသည်နှင့် ၁၂၀လူနာတင်ယာဉ်သည် အဆောက်အအုံအဝင်ဝသို့ ရောက်ရှိလာပြီး ယဲ့ချန်းကလည်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ကူညီ၍ အဘွားကျန်းအား ကားပေါ်သို့ တင်ပေးလိုက်သည်။

ကားက အထွေထွေဆေးရုံကြီးဆီသို့ အရှိန်ပြင်းပြင်း မောင်းနှင်သွားသည်။ ထိုနေရာတွင် ဆရာဝန်များက အဘွားအိုကို စစ်ဆေးပြီးနောက် ယဲ့ချန်းအား ပြောလေသည်။

"အဘွားမှာ နှလုံးရောဂါရှိနေတာမို့ ခွဲစိတ်မှုလုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ လက်ရှိ နှလုံးခွဲစိတ်ဌာနမှူးက နိုင်ငံခြားမှာ သင်တန်းသွားတက်နေတယ်။ လူနာရဲ့ အသက်အရွယ်အရ ကျွမ်းကျင်သူတစ်ယောက် လိုအပ်တဲ့အတွက် ရန်အိုက်ဆေးရုံကို သွားဖို့ အကြံပြုချင်ပါတယ်"

ဆရာဝန်က ဆက်ပြောသည်။

"ရန်အိုက်ဆေးရုံဆိုတာက လူတိုင်း တက်နိုင်တဲ့နေရာမဟုတ်သလို ကုန်ကျစရိတ်ကလည်း တော်တော်လေးမြင့်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် မိသားစုနဲ့ တိုင်ပင်ဆွေးနွေးချင်ပါတယ်"

"ဒေါက်တာ... ကျွန်တော်က အဘွားရဲ့ မိသားစုဝင် မဟုတ်ပါဘူး။ အဘွားမှာ သမီးတစ်ယောက်ရှိတယ်ဆိုတာတော့ ကျွန်တော် သိပါတယ်။ ဒီကိစ္စကို သူ့သမီးနဲ့ တိုင်ပင်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်"

ယဲ့ချန်းက အနေရခက်ဟန်ဖြင့် ပြောလိုက်သည်။

"ဪ... ဒါဆို သူ့သမီးရဲ့ ဖုန်းနံပါတ်ကိုရော ခင်ဗျား သိလား"

ဆရာဝန်က မေးလိုက်လေသည်။

"ကျွန်တော် သေချာတော့မသိဘူး။ အဘွားတော့ သိမှာပါ"

ယဲ့ချန်းနှင့် ဆရာဝန်တို့လည်း လူနာခန်းထဲသို့ ဝင်သွားပြီး အဘွားအိုအား ပြောလိုက်သည်။

"ဒီလူငယ်လေးက သူက အဘွားရဲ့ ဆွေမျိုးမဟုတ်ဘူးလို့ ပြောတယ်ဗျ။ အခု ကျွန်တော်တို့ အဘွားရဲ့ မိသားစုနဲ့ ဆက်သွယ်ဖို့ လိုအပ်နေပါတယ်"

ဤစကားကို ကြားသောအခါ အဘွားကျန်း၏ မျက်နှာထက်တွင် အခက်တွေ့နေဟန် အမူအရာတစ်ခု ပေါ်လာလေသည်။

"မလိုပါဘူး ဒေါက်တာ။ ကျွန်မခန္ဓာကိုယ်အကြောင်း ကျွန်မ သိပါတယ်။ ဆေးနည်းနည်းသောက်လိုက်ရင် ရပါပြီ"

"အဘွားကျန်း... အဘွားရဲ့သမီး လာသင့်တယ်လို့ ကျွန်တော် တကယ်ထင်တယ်"

ယဲ့ချန်းက ပြတ်သားစွာ ပြောလိုက်သည်။

ဆရာဝန်နှင့် ယဲ့ချန်းတို့၏ ဖျောင်းဖျမှုကြောင့် အဘွားအိုသည် ဆေးရုံသို့လာခဲ့ရန် သူ(မ)၏ သမီးကို ခေါ်လိုက်ရသည်။

နာရီဝက်ခန့်ကြာသောအခါ ရုံးဝတ်စုံဝတ်ဆင်ထားသော အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ယောက် လူနာခန်းထဲသို့ ဝင်လာသည်။

သူ(မ)၏ အမေကို မြင်သောအခါ စိတ်မရှည်လေဟန်ဖြင့် ပြောလိုက်၏။

"အမေ... သမီး အစည်းအဝေးလုပ်နေတုန်းပဲရှိသေးတာ။ အမေက ဘာဖြစ်ရပြန်တာလဲ။ အိမ်မှာတုန်းက အကောင်းကြီး။ ရုတ်တရက်ကြီး ဆေးရုံရောက်လာရတယ်လို့"

စိုးရိမ်ပူပန်မှုကို ပြသမည့်အစား ထိုအမျိုးသမီးမှာ အမေဖြစ်သူကို မြင်မြင်ချင်းပင် အပြစ်တင်တော့သည်။

"ယွီထင်... အမေ အောက်ထပ်ကိုရောက်နေတုန်း ရုတ်တရက် ရင်ဘတ်ထဲက အောင့်လာလို့ ဆေးရုံလာခဲ့ရတာပါ"

အဘွားအိုက တုန်ရီစွာ ပြောရှာသည်။

"အောက်ထပ်ကိုရောက်နေတာ ဟုတ်လား... ဘာသဘောလဲ။ အမေ့ခြေထောက်တွေနဲ့ ဘယ်လိုလုပ်ပြီး အောက်ထပ်ကို သွားနိုင်မှာလဲ"

အဘွားအို စကားမပြောနိုင်ခင်မှာပင် ယဲ့ချန်းက ဝင်ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားအမေကို အောက်ထပ်ဆင်းဖို့ ကူညီပေးခဲ့တာပါ။ ခင်ဗျားက သားသမီးဖြစ်ပြီးတော့ အမေ့ရဲ့ကျန်းမာရေးကိုတောင် ဂရုမစိုက်သလို လာကြည့်ဖို့တောင် အချိန်မပေးဘူးပဲ"

ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုအမျိုးသမီးက မကျေမနပ်ဖြစ်သွားသည်။

"ရှင်က ပစ္စည်းပို့သမားအဆင့်နဲ့ ဝင်ပါရအောင် ရှင့်ကိုယ်ရှင် ဘယ်သူများထင်နေလဲ။ ဘာလို့ ကျွန်မအမေကို အောက်ထပ်ခေါ်သွားရတာလဲ။ တော်တော်ဒုက္ခပေးတဲ့လူပဲ"

"ပြီးတော့ အမေ... အမေက သူစိမ်းတစ်ယောက်ကို အိမ်ထဲ ဘာလို့အဝင်ခံရတာလဲ။ အမေ သူ့ကိုသိလို့လား။ လူဆိုးဆိုရင် ဘယ်လိုလုပ်မလဲ"

သမီးဖြစ်သူ၏စကားကို ကြားသောအခါ အဘွားအိုက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"ရှောင်ချန်းက နင့်ထက် ပိုသာတယ်။ နင့်ထက် ပိုသဘောကောင်းတယ်"

"အမေ... အမေ ရူးနေပြီလား။ အခုလို အပြင်လူတစ်ယောက်ကို ယုံကြည်နေတယ်ပေါ့"

"အပြင်လူဆိုတဲ့ ကျွန်တော်ကမှ သူ့သမီးအရင်းဖြစ်တဲ့ ခင်ဗျားထက် အဘွားကို ပိုဂရုစိုက်သေးတယ်။ ခင်ဗျားက သူ့သားသမီးဖြစ်ဖို့ တကယ်မထိုက်တန်ဘူး"

ယဲ့ချန်းကလည်း ခပ်ကြမ်းကြမ်း ပြောလိုက်သည်။

"ရှင်က ဘာသိလို့လဲ။ ရှင့်လိုမဟုတ်ဘူး။ ကျွန်မမှာ အလုပ်ရှိတယ်။ ထောက်ပံ့ပေးရမယ့် မိသားစုတစ်စုလုံး ရှိတယ်။ ပစ္စည်းပို့သမားအဆင့်နဲ့များ... ရှင် ကျွန်မကို ဝေဖန်ပိုင်ခွင့်မရှိဘူး"

•••••••••••••••••••••

All Chapters