← Chapters

အခန်း ၇၃၀

Vol. 49 Ch. 730

အခန်း ၇၃၀

Vol. 49 Ch. 730

အပိုင်း ၇၃၀ : လေ့လာသင်ယူစရာ စံပြပုဂ္ဂိုလ်

ထိုအချိန်တွင် လူနာခန်းထဲရှိ လေထုမှာ တင်းမာနေသဖြင့် ဆရာဝန်က အမျိုးသမီးကို အပြင်သို့ အမြန်ဆွဲခေါ်သွားသည်။

"မိန်းကလေး... ကျေးဇူးပြုပြီး ရုံးခန်းကို လိုက်ခဲ့ပေးပါ။ ခင်ဗျားအမေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာရှိလို့ပါ"

ထိုအမျိုးသမီးက ယဲ့ချန်းကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီးနောက် လူနာခန်းထဲမှ စိတ်မရှည်လက်မရှည် ထွက်သွားလေသည်။

သူ(မ) ထွက်သွားပြီးနောက် အဘွားကျန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

"ရှောင်ချန်း... အဘွားရဲ့သမီးက အဲဒီလိုပါပဲကွယ်။ သူ့စကားတွေကို ရင်ထဲမထားပါနဲ့"

"စိတ်မပူပါနဲ့ အဘွားကျန်း... ကျွန်တော် အဆင်ပြေပါတယ်။ အဘွားရဲ့သမီးလည်း ရောက်နေပြီဆိုတော့ ကျွန်တော် အခု ပြန်လိုက်ပါဦးမယ်။ နောက်မှ အဘွားကို လာကြည့်မယ်နော်"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

ယဲ့ချန်းပြန်တော့မည်ဟု ကြားသောအခါ အဘွားအို၏ မျက်လုံးထဲတွင် မခွဲခွာချင်သော အရိပ်အယောင်များ ပေါ်လာသည်။

"အေးပါကွယ်။ လမ်းမှာ ဂရုစိုက်သွားဦးနော်"

ဆေးရုံက ထွက်လာပြီးနောက် ယဲ့ချန်းလည်း သူ့မိဘများထံသို့ သွားလည်ရန် ဆုံးဖြတ်လိုက်သည်။

စောစောကမှ အဘွားအို၏ သမီးဖြစ်သူအား ဂရုမစိုက်သောကြောင့် အပြစ်တင်ခဲ့သော်လည်း သူကိုယ်တိုင်လည်း မိဘများထံ မသွားဖြစ်သည်မှာ အတန်ကြာပြီဖြစ်၍ အလားတူအပြစ်ရှိကြောင်း သဘောပေါက်သွားသည်။

ယဲ့ချန်းလည်း တက္ကစီတစ်စီးငှား၍ သူ့မိဘများ၏အိမ်သို့ ထွက်လာခဲ့သည်။

ကားက အဝင်ဝတွင် ရပ်သွားသည်။ ယဲ့ချန်းလည်း ဗီလာကြီးဆီသို့ လျှောက်သွားလိုက်သည်။

ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် သူ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးပင်များကို ရေလောင်းရင်း အလုပ်ရှုပ်နေသော ဖခင်ဖြစ်သူကို မြင်လိုက်ရသည်။

သူ့အဖေမှာ အထီးကျန်မှုကို ဖြေဖျောက်ရန်အတွက် သူ့ကိုယ်သူအလုပ်ရှုပ်အောင် လုပ်နေခြင်းဖြစ်ကြောင်း ယဲ့ချန်းသိသည်။

"အဖေ"

သားဖြစ်သူ၏ အသံကို ကြားလိုက်ရသဖြင့် အဖေယဲ့က အမြန်မော့ကြည့်ရင်း မေးလိုက်၏။

"ရှောင်ချန်း... ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ"

"အဖေနဲ့အမေ့ကို လွမ်းလို့ လာကြည့်တာ"

မျက်လုံးများ အနည်းငယ်နီရဲလျက် ယဲ့ချန်း ပြောလိုက်သည်။

"မင်းက အလုပ်တွေများနေတာကို ငါတို့အတွက် စိတ်မပူပါနဲ့။ ငါတို့တွေ အဆင်ပြေပါတယ်"

အဖေယဲ့ကလည်း အပြုံးဖြင့် ပြန်ဖြေသည်။

"ကျွန်တော့်အလုပ်တွေ အကုန်ပြီးသွားပါပြီ။ စိတ်မပူပါနဲ့။ ကျွန်တော် အပင်တွေ ရေကူလောင်းပေးမယ်လေ"

အဖေယဲ့က အမြန်ပြောလိုက်၏။

"မလိုပါဘူးကွာ။ အထဲဝင်ပြီး မင်းအမေကိုသာ သွားတွေ့လိုက်"

ယဲ့ချန်းမှာ သူ့မိဘများအတွက် ဝယ်လာသော သစ်သီးများနှင့် ဖြည့်စွက်အားဆေးများကို သယ်ဆောင်၍ ဖခင်ဖြစ်သူနှင့်အတူ အိမ်ထဲသို့ ဝင်သွားခဲ့သည်။

သားဖြစ်သူ ပြန်လာသည်ကို မြင်သောအခါ အမေယဲ့က ပြုံးလျက် ပြောလိုက်လေသည်။

"ရှောင်ချန်း... ပြန်ရောက်လာပြီပဲ"

"အမေ အဖေ... ဒါတွေက ကျွန်တော်ဝယ်လာတဲ့ သစ်သီးတွေနဲ့ အားဆေးတွေပါ။ စားကြနော်"

သားဖြစ်သူသယ်လာသော ပစ္စည်းအိတ်များကို မြင်သောအခါ အမေယဲ့က အနည်းငယ် အပြစ်တင်ဟန်ဖြင့် ပြောလိုက်သည်။

"အရင်တစ်ခေါက်က ဝယ်လာတာတွေတောင် စားလို့မကုန်သေးဘူး။ ပိုက်ဆံတွေ အလဟဿမဖြုန်းပါနဲ့။ နင့်အဖေနဲ့ ငါလည်း အများကြီးစားနိုင်တာ မဟုတ်ဘူး"

ဤသို့ပြောလိုက်သော်လည်း သူ(မ)၏ ရင်ထဲတွင်မူ တကယ်တော့ အလွန်ပျော်ရွှင်နေချေသည်။ ယဲ့ချန်း မည်မျှအကုန်အကျခံခဲ့သည်ဆိုခြင်းထက် မိဘများကို အမြဲသတိရနေတတ်သော သူ့စိတ်ထားလေးကြောင့်ပင်။

"မိန်းမရေ... ဈေးသွားမဝယ်တော့ဘူးလား။ ရှောင်ချန်း အကြိုက်ဆုံးဟင်းတွေ ချက်ပေးလိုက်လေ။ သူက အိမ်ကို ပြန်လာခဲတယ်ဆိုတော့"

အဖေယဲ့က သတိပေးလိုက်သည်။

"အမေ အဖေ... ကျွန်တော်တို့ စားသောက်ဆိုင်မှာပဲ သွားစားကြရအောင်"

"စားသောက်ဆိုင်က အစားအသောက်တွေက အမေချက်တဲ့လက်ရာကို ဘယ်ယှဉ်နိုင်ပါ့မလဲ"

အမေယဲ့က ပြန်ပြောလေသည်။

မိဘများက အတင်းတိုက်တွန်းနေသဖြင့် ယဲ့ချန်းလည်း သဘောတူလိုက်ရတော့သည်။

အမေယဲ့က ယဲ့ချန်းအား ရေတစ်ခွက်ငှဲ့ပေးပြီးနောက် ဈေးဝယ်ရန် ထွက်သွားချေသည်။

ယဲ့ချန်းက အိမ်မှာကျန်ရစ်ခဲ့ပြီး သူ့အဖေ အနှစ်သက်ဆုံး အပန်းဖြေစရာဖြစ်သည့် ဂိုးစစ်တုရင်ကို အဖေနှင့်အတူ ကစားပေးခဲ့သည်။

ဘဝဆိုသည်မှာ ဂိုးစစ်တုရင်ကစားသလိုပင်။ မိမိရွှေ့လိုက်သော အကွက်အတွက် နောင်တရခွင့် မရှိပေ။ အမှားတစ်ကွက်ကြောင့် အရာအားလုံး ဆုံးရှုံးသွားနိုင်ကြောင်း အဖေယဲ့က ယဲ့ချန်းအား ငယ်စဉ်ကတည်းက သွန်သင်ဆုံးမခဲ့သည်။

ဖခင်ဖြစ်သူ၏ အသက်အရွယ်နှင့် နှေးကွေးလာသော စဉ်းစားဉာဏ်တို့ကြောင့် ယဲ့ချန်းမှာ သူ့အဖေပျော်ရွှင်စေရန်အတွက် ပွဲတချို့ကို တမင်တကာ အရှုံးပေးလိုက်သည်။

အမေယဲ့သည် သားဖြစ်သူ ကြိုက်နှစ်သက်သော ဟင်းလျာများကို စားပွဲအပြည့် ပြင်ဆင်ချက်ပြုတ်ပေးခဲ့သည်။ အဖေယဲ့ကလည်း ယနေ့ စိတ်ကြည်နူးနေသဖြင့် အရက်အနည်းငယ်သောက်ရန်ပင် အကြံပြုလာခဲ့သည်။

ထိုညနေက ကားမောင်းရန် မလိုသဖြင့် ယဲ့ချန်းလည်း သူ့အဖေနှင့်အတူ အရက်အနည်းငယ် သောက်ပြီး သားအဖနှစ်ယောက် ပျော်ရွှင်စွာ စကားဖောင်ဖွဲ့ခဲ့ကြသည်။

အမေယဲ့က ယဲ့ချန်း၏ပန်းကန်ထဲသို့ ဝက်နံရိုးတစ်တုံး ထည့်ပေးလိုက်သည်။

"ရှောင်ချန်း... အမေနဲ့ မင်းအဖေ တိုင်ပင်ထားတာရှိတယ်။ ငါတို့ မြို့ဟောင်းဆီပဲ ပြန်ပြောင်းချင်တယ်။ ဒီမှာ ဘယ်သူ့ကိုမှလည်း မသိဘူး။ ပြီးတော့ ငါတို့နှစ်ယောက်တည်း ဒီလောက်အိမ်အကျယ်ကြီးမှာနေရတာ နှမြောစရာကြီး"

"အမေ အဖေ... ဒီမှာပဲ ဆက်နေသင့်တယ်နော်။ တစ်သက်လုံး ပင်ပန်းလာခဲ့ပြီးပြီဆိုတော့ အခုအချိန်က အေးအေးချမ်းချမ်း အနားယူရမယ့် အချိန်ရောက်ပြီလေ"

ယဲ့ချန်းက အကြံပေးလိုက်သည်။

"မင်းတစ်ယောက်တည်းနဲ့တင် အလုပ်တွေပင်ပန်းနေပါပြီ။ ငါတို့က သိပ်မကူညီနိုင်တဲ့အပြင် မင်းကို အနှောင့်အယှက်ပေးသလိုဖြစ်မှာပဲ အမြဲစိုးရိမ်နေရတာ"

အဖေယဲ့က အမြန်ဖြည့်ပြောလိုက်သည်။

ယဲ့ချန်းက ပြုံးလျက် သူ့မိဘများကို နှစ်သိမ့်ပေးလိုက်သည်။

"ကျွန်တော့်အတွက် စိတ်ပူစရာမလိုပါဘူး။ ဇာတိက ဆွေမျိုးတွေကို လွမ်းတယ်ဆိုရင် တစ်ရက်ကျရင် ကျွန်တော်ကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့ပေးမယ်လေ"

သားဖြစ်သူက ဇွဲမလျှော့ဘဲ တားနေသဖြင့် အဖေယဲ့နှင့် အမေယဲ့တို့လည်း အတင်းဆက်မပြောနိုင်တော့ပေ။

ညစာစားပြီးနောက် ယဲ့ချန်း အိမ်သို့ အလျင်စလို မပြန်သေးပေ။ ပစ္စည်းများ သိမ်းဆည်းရာတွင် ကူညီပေးခဲ့ပြီး မိဘများနှင့်အတူ စကားဆက်ပြောနေခဲ့သည်။

နာရီကို ကြည့်လိုက်လေရာ ညရှစ်နာရီပင် ထိုးနေလေပြီ။ အမေယဲ့က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။

"ရှောင်ချန်း... မင်း အိမ်ပြန်တာပိုကောင်းမယ်။ အရမ်းမိုးချုပ်သွားရင် ငါတို့ စိတ်မချဘူး"

"ဒီည ကျွန်တော်မပြန်တော့ဘူး။ ဒီမှာပဲ အိပ်တော့မယ်"

အိမ်သို့အလည်လာရန် ရှားပါးလှသည်ဟု တွေးမိသဖြင့် ယဲ့ချန်းမှာ မိဘများနှင့်အတူ အချိန်ပိုပေးရန် ဆုံးဖြတ်လိုက်သည်။

သူ့မိဘများကလည်း သူ့ကို တကယ်တမ်း မပြန်စေချင်မှန်း သူ ကောင်းကောင်းသိသည်။

သားဖြစ်သူ၏ စကားကို ကြားသောအခါ အမေယဲ့၏ မျက်နှာကား စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်သွားသည်။

"ကောင်းပြီလေ... အမေ မင်းအခန်းကို သွားပြင်လိုက်ဦးမယ်"

"မလိုပါဘူး အမေရယ်။ ကျွန်တော့်ဘာသာ လုပ်လိုက်ပါ့မယ်"

"မင်းအဖေနဲ့ ဂိုးစစ်တုရင် နည်းနည်းလောက် ထပ်ကစားပေးလိုက်ပါလား။ ဒီနေ့မှ သူ တော်တော်စိတ်ဝင်စားနေပုံပဲ"

ထိုသို့ပြောပြီးနောက် အမေယဲ့က အခန်းပြင်ရန် အပေါ်ထပ်သို့ တက်သွားပြီး ယဲ့ချန်းမှာမူ သူ့အဖေနှင့်အတူ ဂိုးစစ်တုရင်ကို ဆက်ကစားနေလေသည်။

ညဆယ်နာရီခန့် ရောက်သောအခါ အဖေယဲ့က ပင်ပန်းလာသည်ဟု ခံစားရသဖြင့် အိပ်ရာဝင်ရန် ဆုံးဖြတ်လိုက်သည်။

ဤတစ်ကြိမ်တွင် ယဲ့ချန်းမှာ သူ့မိဘများက သက်သောင့်သက်သာ နေထိုင်ရသော်လည်း တော်တော်အိုမင်းသွားသလို ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ သူတို့၏ အသက်အရွယ်က အိုမင်းလာပြီဖြစ်ရာ ခွန်အားကလည်း ယခင်ကလို မရှိတော့ပေ။

မိဘများကို ယခုလိုမြင်ရခြင်းကြောင့် ယဲ့ချန်း နာကျင်မိသည်။ နောင်တွင် မိဘများထံသို့ အလည်အပတ်သွားရန်နှင့် သူတို့နှင့်အတူနေရန် အချိန်ပိုပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် ယဲ့ချန်း ပစ္စည်းပို့သည့်နေရာသို့ ရောက်လာခဲ့သည်။ ယနေ့တွင် ပါဆယ်ထုပ်အကြီးကြီးများ မရှိသဖြင့် ကူလီနန်ကားကိုသာ မောင်းရန် ဆုံးဖြတ်လိုက်သည်။

အရေးအကြီးဆုံးမှာ ယနေ့ မြို့ဟောင်းဧရိယာ၌ အဆောက်အအုံသစ်များ တည်ဆောက်ရေးကိစ္စကို အိမ်ခြံမြေကုမ္ပဏီနှင့် ဆွေးနွေးရန် ယဲ့ချန်း စီစဉ်ထားသည်။

လူနေရပ်ကွက်တစ်ခု၏ အဝင်ဝသို့ ကားမောင်းလာစဉ် အမျိုးသမီးတစ်ယောက်က သူ(မ)၏ သားအား ဆုံးမနေသည်ကို ယဲ့ချန်း တွေ့လိုက်ရသည်။

သူ(မ)က လုံခြုံရေးအစောင့်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

"တွေ့လား... စာမလုပ်ရင် မင်းလည်း ဒီလုံခြုံရေးအစောင့်လိုပဲ ဖြစ်သွားမှာ။ နေပူခံလေတိုက်ခံပြီး အပြင်မှာရပ်ရင်း ဘာအနာဂတ်မှမရှိဘဲ ဂိတ်စောင့်နေရလိမ့်မယ်"

အမျိုးသမီးက သူ့ကို သားဖြစ်သူအတွက် ဥပမာတစ်ခုအဖြစ် ထပ်ခါတလဲလဲ အသုံးပြုနေသည်ကို ကြားရသဖြင့် ဂိတ်ဝတွင် ရပ်နေသော လုံခြုံရေးအစောင့်မှာ စိတ်ပျက်သွားသည်။

"လုံခြုံရေးအစောင့်ဖြစ်တော့ရော ဘာဖြစ်လဲ။ ကျွန်တော်က ခင်ဗျားတို့မိသားစုဆီက ပိုက်ဆံအကြွေးယူထားတာမှ မဟုတ်တာ"

ယဲ့ချန်းမောင်းလာသော ကားကို မြင်သောအခါ ကောင်လေး၏ မျက်လုံးအစုံက အရောင်လက်သွားလေသည်။

"အမေ... ဟိုကားကြီးက မိုက်လိုက်တာ"

"အင်းလေ... ကြည့်စမ်း။ သူက အရည်အချင်းရှိတဲ့လူမို့လို့ပေါ့။ ပြီးတော့ အဲဒီကားက အရမ်းဈေးကြီးတာ နင်သိလား"

ယဲ့ချန်း၏ကားကို လက်ညှိုးထိုးပြ၍ အမျိုးသမီးက ပြောလိုက်သည်။

"အမေ... အဲဒီကားက သားတို့ရဲ့ မာစီဒီးကားထက် ပိုဈေးကြီးလို့လား"

ကောင်လေးက မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း မေးလိုက်သည်။

"ဒါပေါ့... ဒေါ်လာသန်းချီတန်တဲ့ကားလေ။ အမေတို့ရဲ့ဗီလာကို ရောင်းလိုက်ရင်တောင် ကားတန်ဖိုးရဲ့ တစ်ဝက်လောက်ပဲရမှာ။ ဒီလုံခြုံရေးအစောင့်ဆိုရင် တစ်သက်လုံး အလုပ်လုပ်ရင်တောင် ဝယ်နိုင်မှာမဟုတ်ဘူး"

လုံခြုံရေးအစောင့်ကို မကောင်းသောဥပမာအဖြစ် ထပ်မံအသုံးပြုကာ အမျိုးသမီးက ပြောလိုက်ပြန်သည်။

လုံခြုံရေးအစောင့်မှာမူ ဤအမျိုးသမီးကို သူ ဘာများစော်ကားမိ၍ သူ(မ) ဆူပူကြိမ်းမောင်းရာမှာ ဥပမာအဖြစ် အသုံးခံနေရသလဲဟုတွေးကာ စိတ်ပျက်သွားသည်။

အစပိုင်းတွင် လုံခြုံရေးအစောင့်က သူ့အလုပ်ကို သင့်တင့်လျောက်ပတ်သည်ဟု ထင်ထားခဲ့သော်လည်း အမျိုးသမီးက ဤသို့နှယ် နှိမ့်ချပြောဆိုနေသောကြောင့် ကူကယ်ရာမဲ့သွားရသည်။

ကူလီနန်ကားကို တွေ့လိုက်ရသဖြင့် လုံခြုံရေးအစောင့်က ဂိတ်တံခါးကို အမြန်ဖွင့်ပေးလိုက်သည်။

အမျိုးသမီးက သူ(မ)၏သားကို ပြောလိုက်ပြန်သည်။

"အခု စာကြိုးစားမယ်ဆိုရင် နောင်တစ်ချိန်မှာ ဒီလိုဇိမ်ခံကားမျိုး မောင်းနိုင်လိမ့်မယ်"

ယဲ့ချန်းက အထဲသို့မမောင်းဘဲ ကားပေါ်က ဆင်းလာခဲ့သည်။ စောစောက လုံခြုံရေးအစောင့်ကို ခနဲ့တဲ့တဲ့ပြောဆိုနေသော အမျိုးသမီး၏ စကားများကို သူ ကြားလိုက်ရသဖြင့် ဒေါသထွက်ကာ မောက်မာသော ဤအမျိုးသမီးကို ပညာပေးချင်သွားသည်။

"မိန်းကလေး... ဒီလုံခြုံရေးအစောင့်က ခင်ဗျားကို ဘာတွေများစော်ကားထားမိလို့ သူ့ကို ဆက်တိုက် ခနဲ့တဲ့တဲ့ပြောနေရတာလဲ"

ယဲ့ချန်းက အေးစက်မာကျောစွာ ပြောလိုက်သည်။

••••••••••••••••••••

All Chapters