အခန်း ၇၃၁
Vol. 49 Ch. 731
အပိုင်း ၇၃၁ : ကျွန်တော် စမ်းကြည့်ပါရစေ
ပါဆယ်ပို့သမားယူနီဖောင်းကို ဝတ်ထားသည့် ယဲ့ချန်းကို ထိုအမျိုးသမီးက မယုံကြည်နိုင်လေဟန် မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
"ရှင်က တကယ် ပါဆယ်ပို့တဲ့လူလား... ပြီးတော့ ဒီလိုကားအကောင်းစားကြီးလည်း မောင်းနိုင်တယ်ပေါ့"
"ပါဆယ်ပို့တာ ဘာဖြစ်နေလို့လဲ။ ပြီးတော့ ကျွန်တော်က ကျွန်တော့်ကားကို ကိုယ်တိုင်မောင်းတာ။ ခင်ဗျားကားကို မောင်းနေတာလည်း မဟုတ်ဘူး။ ကိုယ့်အလုပ်ကိုယ် လုပ်စမ်းပါ"
ယဲ့ချန်းက ထိုသို့ပြောပြီး ကားထဲပြန်ဝင်ကာ အိမ်ရာဝင်းထဲသို့ မောင်းဝင်သွားသည်။
ကြောင်အမ်းအမ်းဖြစ်၍ ကျန်ရစ်ခဲ့သော အမျိုးသမီးနှင့် လုံခြုံရေးဝန်ထမ်းကိုမူ ထားရစ်ခဲ့လေသည်။
"အခုခေတ်သူဌေးတွေကလည်း ဒီလိုတွေလျှောက်လုပ်နေကြတာပဲလား"
"မေမေ... သားလည်း ကြီးလာရင် ပါဆယ်ပို့တဲ့လူပဲ လုပ်တော့မယ်။ အဲဒီအစ်ကိုကြီးက အရမ်းလန်းတာပဲ"
ကောင်လေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထိုအမျိုးသမီးသည် မူလက သူ(မ)၏သားကို ကြီးလာလျှင် စာကြိုးစားပြီး အောင်မြင်သူတစ်ဦးဖြစ်အောင် ဆုံးမသွန်သင်ရန် ရည်ရွယ်ထားသော်လည်း ကားအကောင်းစားကြီး စီးထားသည့် လူတစ်ယောက်က ပါဆယ်ပို့သမား ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားချေ။
ယခုအခါတွင်မူ သူ(မ)သား၏ စိတ်ထဲ၌ ပါဆယ်ပို့သည့်အလုပ်မှာ အလွန်ကောင်းမွန်သောအလုပ်တစ်ခု ဖြစ်သွားခဲ့ပြီဖြစ်လေရာ သားဖြစ်သူ၏ အတွေးကို မည်သို့ပြောင်းလဲရမည်ကို ထိုအမျိုးသမီးခမျာ အမှန်တကယ် မသိတော့ပေ။
အိမ်ရာဝင်းထဲသို့ မောင်းဝင်လာပြီးနောက် ယဲ့ချန်းက ကားကို အပေါက်ဝတွင် ရပ်လိုက်ပြီး ထိုအမျိုးသမီးပြောသည့်စကားကို ပြန်တွေးကာ စိတ်ထဲတွင် တွေးလိုက်မိသည်။
"ပါဆယ်ပို့တာ ဘာဖြစ်လဲ။ ငါကတော့ ငါ့အလုပ်ကို ဂုဏ်ယူတယ်"
ထိုစဉ် ဖုန်းမြည်လာသဖြင့် ယဲ့ချန်း ကြည့်လိုက်သောအခါ အဘွားကျန်း ဆက်နေခြင်းပင်။
ဖုန်းကိုင်လိုက်သည်နှင့် အဘွားကျန်း၏ စိုးရိမ်တကြီးဖြစ်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ရှောင်ချန်း... အခု ဆေးရုံကို ချက်ချင်းလာပေးလို့ ရမလားကွယ်။ အဘွား မင်းနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စလေးတစ်ခု ရှိလို့ပါ”
"ဟုတ်ကဲ့ အဘွားကျန်း... ကျွန်တော် အခုချက်ချင်း လာခဲ့ပါ့မယ်"
ယဲ့ချန်းလည်း သူ့ကူလီနန်ကားကို အရှိန်ကုန်တင်၍ အထွေထွေရောဂါကုဆေးရုံကြီးဆီသို့ တန်းတန်းမတ်မတ် မောင်းနှင်သွားသည်။
လူနာဆောင်သို့ ရောက်လာချိန်တွင် ယဲ့ချန်းတစ်ယောက် အဘွားအို၏ သမီးဖြစ်သူက သူ့အမေအား ပြစ်တင်ဝေဖန်နေသည်ကို မြင်လိုက်ရ၏။
အဘွားကျန်းမှာမူ ကူကယ်ရာမဲ့နေဟန်ပင်။ ဒေါသထွက်နေသော်လည်း ပြန်မပြောရဲရှာပေ။
အရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီးက ဒေါသတကြီး မျက်နှာပေးဖြင့် ပြောလာလေသည်။
"နင်က ဒီကို လာရဲသေးတယ်ပေါ့။ ငါက နင့်ကို မရှာရသေးဘူး။ နင်ကိုယ်တိုင် ရောက်လာတာပဲ"
ယဲ့ချန်းက ထိုအမျိုးသမီးကို လျစ်လျူရှုပြီး အဘွားကျန်းကို စိုးရိမ်တကြီးကြည့်ရင်း မေးလိုက်သညိ။
"အဘွားကျန်း... သက်သာလား"
"အများကြီး သက်သာသွားပြီ ရှောင်ချန်း။ မင်းကို ခဏခဏ ဖုန်းဆက်ခေါ်ရလို့ အားနာလိုက်တာ။ အဘွားကြောင့် မင်း အလုပ်တွေပျက်သွားပြီလား မသိဘူး"
အဘွားကျန်းက အားနာရိပ်အပြည့်ဖြင့် ပြောရှာသည်။
ယဲ့ချန်း ဘာမှမပြောရသေးခင် ထိုအမျိုးသမီးက ဝင်ပြောလေသည်။
"အမေကလည်း အသက်ကြီးလေလေ ဇီဇာကြောင်လေလေပဲ။ သူစိမ်းတွေကိုပဲ အမြဲခေါ်ခေါ်နေတယ်"
"ယွီထင်... အမှန်ပြောရရင် ဒီအပြင်လူကမှ ညည်းထက် ငါ့အပေါ် အများကြီးပိုကောင်းသေးတယ်။ သူက ငါ့ကို ထမင်းချက်ကျွေးတယ်။ စကားစမြည် ပြောပေးတယ်။ အပြင်ကို လမ်းလျှောက်လိုက်ပို့ပေးတယ်။ ညည်းထက်တောင် ပိုပြီး သားသမီးဝတ္တရား ကျေပွန်သေးတယ်။ ညည်းကျတော့ ဘာလဲ... အမြဲတမ်း အလုပ်ကိုပဲ ဆင်ခြေပေးနေတာ"
အဘွားကျန်းက ဒေါသသံဖြင့် ပြောလိုက်သည်။
"အမေ...သမီး တကယ်အလုပ်ရှုပ်နေတာ။ သမီးက ကုမ္ပဏီမှာ မန်နေဂျာတစ်ယောက်ဆိုတာ အမေသိသားပဲ။ ဒီလူ့လိုမျိုး အလုပ်မရှိအကိုင်မရှိ လျှောက်သွားနေလို့ရတာမှ မဟုတ်တာ"
ထိုအမျိုးသမီးကလည်း ပြန်ပက်လိုက်သည်။
"ဒါဆိုရင် ကျွန်တော် မေးပါရစေဦး။ အမေအရင်းခေါက်ခေါက်ကိုတောင် ဝတ္တရားကျေပွန်ဖို့ အချိန်မပေးနိုင်လောက်အောင် ဘယ်ကုမ္ပဏီကများ ခင်ဗျားကို ဒီလောက်တောင် အလုပ်ရှုပ်အောင် ခိုင်းနေတာလဲ"
ယဲ့ချန်းက မေးလိုက်သည်။
"ချာတိတ်... ငါပြောလိုက်ရင် မင်း လန့်သေသွားမှာစိုးရတယ်"
ယွီထင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။
"ငါက ရီတာ့လုပ်ငန်းစုမှာ အလုပ်လုပ်တာ။ ကြားဖူးလား... ဟွားနိုင်ငံရဲ့ ထိပ်သီးကုမ္ပဏီ၅၀၀စာရင်းဝင် ကုမ္ပဏီလေ"
ယွီထင်၏စကားကို ကြားပြီးနောက် ယဲ့ချန်း ခဏမျှ တုံ့ဆိုင်းသွားသည်။
"ဩော်... ရီတာ့လုပ်ငန်းစုလား။ တိုက်ဆိုင်လိုက်တာ"
"ဘာလဲ... နင်လည်း ရီတာ့လုပ်ငန်းစုမှာ အလုပ်လုပ်တာလား"
ယွီထင်က စူးစမ်းလေဟန်ဖြင့် မေးလိုက်သည်။
ယဲ့ချန်းကလည်း ခေါင်းကို အသာညိတ်ပြလိုက်၏။
"အဲဒီလိုပဲ ပြောရမှာပေါ့"
ယွီထင်လည်း ခဏမျှ စဉ်းစားလိုက်သည်။
"ငါ ရီတာ့လုပ်ငန်းစုက လူတော်တော်များများကို သိပါတယ်။ နင့်ကို ဘာလို့ တစ်ခါမှမမြင်ဖူးပါလိမ့်။ နင်က လုံခြုံရေးဝန်ထမ်းလား"
ယဲ့ချန်းက ခပ်ဖွဖွပြုံးရုံသာ ပြုံးပြီး ဘာမှပြန်မပြောခဲ့ပေ။
ထိုအချိန်တွင် အဘွားကျန်းက ဝင်ပြောသည်။
"ယွီထင်... နင် ဘာတွေလုပ်နေတာလဲ။ ရှောင်ချန်း ဘာအလုပ်ပဲလုပ်လုပ် သူက ငါ့ကို ကူညီပေးနေတာ။ နင် သူ့ကို ကျေးဇူးတင်သင့်တယ်”
ထိုစဉ် လူနာဆောင်တံခါး ပွင့်သွားပြီး စမတ်ကျကျ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက် ဝင်လာလေသည်။
ထိုအမျိုးသားမှာ အမှတ်တံဆိပ်အကောင်းစားများကို ဝတ်ဆင်ထားပြီး အလွန်ချောမောသည်။
သူ ဝင်လာသည်ကို မြင်သောအခါ ယွီထင်က စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား သွားကြိုလေသည်။
"အမေ... ဒါ သမီးရဲ့ချစ်သူ စွန်းဖန်တဲ့။ သူက အမေ့ကို လာတွေ့တာ”
စွန်းဖန်က နွေးထွေးစွာ ပြုံးပြလေသည်။
"အန်တီ... ကျွန်တော် အန်တီ့ဆီ စောစောကတည်းက လာတွေ့ရမှာကို အလုပ်တွေက တအားရှုပ်နေလို့ပါ"
အဘွားကျန်းမှာမူ စွန်းဖန်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။
ဤအမျိုးသားကို သူ(မ) သဘောမကျသည့်အပြင် ယဲ့ချန်းနှင့်ယှဉ်လျှင် အဝေးကြီးလိုသေးသည်။
ထိုအချိန်တွင် ဆရာဝန်ဝင်လာပြီး ပြောလိုက်၏။
"အဘွားကျန်း... ကျွန်တော်တို့ ဆေးစစ်ချက် အဖြေတွေ ရပါပြီ။ အဖွားရဲ့အခြေအနေက နည်းနည်းရှုပ်ထွေးတော့ ခွဲစိတ်မှုလုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဒါကို ပါမောက္ခကျန်းတစ်ယောက်ပဲ လုပ်နိုင်တာပါ။ ဒါပေမဲ့ ပရော်ဖက်ဆာကျန်းက အခုတလော အရမ်းအလုပ်ရှုပ်နေတာမို့ အဘွားအနေနဲ့ တစ်လလောက် စောင့်ရပါလိမ့်မယ်"
ယွီထင်၏မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားသည်။
"ဘာ... တစ်လစောင့်ရမယ် ဟုတ်လား။ ကျွန်မအမေရဲ့ အခြေအနေက ဒီလောက်စိုးရိမ်ရတာကို ဘယ်လိုလုပ်ပြီး တစ်လကြီးများတောင် အချိန်ဆွဲထားလို့ရမှာလဲ"
ဆရာဝန်က မတတ်နိုင်လေဟန် လေသံဖြင့် ပြောလိုက်၏။
"ကျွန်တော်တို့လည်း တခြားနည်းလမ်းမရှိလို့ပါ။ ပါမောက္ခကျန်းက ဒီနယ်ပယ်မှာ အခွင့်အာဏာအရှိဆုံး ပညာရှင်တစ်ယောက်မို့ သူ့ဆီမှာ ခွဲစိတ်ဖို့ တန်းစီနေတဲ့လူတွေ အများကြီးပဲလေ။ ပြီးတော့ သူက သုတေသနလုပ်ငန်းတွေလည်း လုပ်နေရတာမို့ စောင့်ရုံပဲရှိတာပေါ့"
ဆရာဝန်၏စကားကို ကြားသောအခါ ယွီထင်၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားတော့သည်။
တစ်လစောင့်ရမည်ဆိုသည်မှာ ဆေးရုံတွင် နောက်ထပ်တစ်လ ထပ်နေရမည်ဟု အဓိပ္ပာယ်ရပေသည်။ ထိုအခါ ကုန်ကျစရိတ်များနှင့် လူနာစောင့်မည့်ကိစ္စကို မည်သူက တာဝန်ယူပေးမည်နည်း။
အမှန်တော့ ယွီထင်သည် မိခင်ဖြစ်သူ၏ အခြေအနေကို စိုးရိမ်နေခြင်းမဟုတ်ဘဲ သူ(မ)အတွက် ဒုက္ခများရမည့်အရေးကိုသာ စိုးရိမ်နေခြင်းပင်။
ဘေးတွင်ရပ်နေသော စွန်းဖန်က ခပ်ဖွဖွရယ်မောလိုက်ပြီး သူစောင့်ဆိုင်းနေခဲ့သည့် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်သည်။
ထို့ကြောင့် စွန်းဖန်က ပြုံးလျက် ပြောလိုက်၏။
"စိတ်မပူပါနဲ့ ယွီထင်ရယ်။ ကိုယ်က ဒီဆေးရုံက ဒါရိုက်တာတစ်ယောက်နဲ့ ခင်တယ်လေ။ ကိုယ် သူ့ဆီဖုန်းဆက်ပြီး ရက်ကို ပိုစောအောင် စီစဉ်ပေးလို့ ရမလားလို့ မေးကြည့်လိုက်မယ်"
စွန်းဖန်၏စကားကို ကြားသောအခါ ယွီထင်မှာ ဝမ်းသာအားရ ဖြစ်သွားလေသည်။
"ကျေးဇူးအများကြီးတင်တယ်နော်"
စွန်းဖန်က ယဲ့ချန်းကို ရည်ရွယ်ချက်ရှိရှိ လှမ်းကြည့်လိုက်ပြီးနောက် ဖုန်းထုတ်လိုက်သည်။
"ဒါရိုက်တာချန်းလား... ကျွန်တော် ရှောင်စွန်းပါ။ ဟုတ်ကဲ့။ ဟုတ်ကဲ့... အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ။ ကျွန်တော့်မိတ်ဆွေရဲ့အမေက ခင်ဗျားတို့ဆေးရုံမှာ တက်နေလို့ပါ။ ဆရာဝန်က ပါမောက္ခကျန်းနဲ့ ခွဲစိတ်ဖို့ဆိုရင် တစ်လစောင့်ရမယ်လို့ ပြောနေလို့။ ရက်ကို ပိုစောအောင် ရွှေ့ပေးလို့ရမလား"
"ဟုတ်ကဲ့။ ဟုတ်ကဲ့... နားလည်ပါပြီ"
ဖုန်းချပြီးနောက် စွန်းဖန်မှာ အလွန်ကျေနပ်ဂုဏ်ယူနေသည့် ပုံစံပေါက်နေလေသည်။
"အဆင်ပြေသွားပြီ။ ဒါရိုက်တာချန်းက ခဏနေရင် အကြောင်းကြားပေးမယ်လို့ ပြောတယ်"
ယွီထင်မှာ အလွန်စိတ်လှုပ်ရှားသွားသည်။
"စွန်းဖန်... ရှင်က တကယ်အားကိုးရတာပဲ"
ခေတ္တမျှကြာသော် ဖုန်းပြန်မြည်လာသည်။
စွန်းဖန် ဝမ်းသာသွားသည်။
"ဟားဟား... ဒါရိုက်တာချန်း ဖြေရှင်းပေးလိုက်ပြီထင်တယ်"
ဖုန်းကိုင်လိုက်သောအခါ ဒါရိုက်တာချန်း၏အသံ ထွက်ပေါ်လာသည်။
"စိတ်မရှိပါနဲ့ ရှောင်စွန်း... ပါမောက္ခကျန်းက တကယ်ကို အားတဲ့အချိန် မရှိလို့ပါ။ ဟုတ်တယ်... ဒါပေမဲ့ တစ်ရက်နှစ်ရက်လောက် စောအောင်တော့ ငါ ကြိုးစားပေးပါ့မယ်"
ဖုန်းချလိုက်ပြီးနောက် စွန်းဖန်မှာ အနည်းငယ် မျက်နှာပူသွားသော်လည်း ဝင့်ကြွားလေဟန် လေသံဖြင့် ပြောလိုက်ဆဲပင်။
"ပါမောက္ခကျန်းက တအားအလုပ်ရှုပ်နေတာ။ အခုတလော သူ့ခွဲစိတ်မှုအချိန်ဇယားတွေက အကုန်ပြည့်နေတာလေ။ တစ်ရက်နှစ်ရက်လောက် စောဖို့တောင် ကိုယ် တော်တော်အားစိုက်လိုက်ရတယ်"
"တစ်ရက်နှစ်ရက်ပဲ စောတာလား"
ယွီထင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"တစ်ရက်နှစ်ရက်လောက် စောဖို့အတွက် ကိုယ် ဘယ်လောက်ရင်းလိုက်ရလဲသိလား"
စွန်းဖန်က ရည်ရွယ်ချက်ရှိရှိ အသံမြှင့်၍ ပြောလိုက်သည်။
ယဲ့ချန်း မျက်မှောင်ကြုတ်မိသည်။ အဘွားအို၏ ရောဂါမှာ အချိန်ဆွဲလေ ပိုဆိုးလေလေ ဖြစ်လိမ့်မည်ကို သူ ကောင်းကောင်းသိသည်။
"ကျွန်တော် တစ်ချက်လောက် စမ်းကြည့်ပေးရမလား"
စွန်းဖန်ခမျာ ခဏမျှ ကြောင်အသွားပြီးနောက် မောက်မာဝင့်ကြွားစွာဖြင့် ဝါးလုံးကွဲမတတ် ရယ်မောလေတော့သည်။
"ချာတိတ်... မင်းက ပါမောက္ခကျန်း ဘယ်သူလဲဆိုတာ သိလို့လား။ ငါတောင် တစ်ရက်နှစ်ရက်ပဲ ရှေ့တိုးနိုင်တာ။ မင်းလိုလူမျိုးကတော့ လုံးဝအခွင့်အရေးမရှိဘူး"
ယွီထင်ကလည်း နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
"ဟွန်း... ကိုယ့်ကိုယ်ကိုယ်သိက္ခာမချစမ်းပါနဲ့။ စွန်းဖန်က နင့်ထက် အဆက်အသွယ်တွေ ပိုများတယ်။ နင့်မှာ ဘာအခွင့်အရေးမှ မရှိပါဘူး"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် အဘွားကျန်း၏ မျက်နှာကို ထောက်ထား၍သာ ကူညီချင်ရုံပင်။ မဟုတ်လျှင်မူ သူ(မ)၏သမီးကို စိုးစဉ်းမျှ ဂရုစိုက်နေမည်မဟုတ်ချေ။
•••••••••••••••••••••••