အခန်း ၇၃၂
Vol. 49 Ch. 732
အပိုင်း ၇၃၂ : မျက်နှာဖြတ်ရိုက်ခံရခြင်း
ယဲ့ချန်းက ဖုန်းထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်ပြီး ပြောလိုက်၏။
"ပါမောက္ခကျန်းလား။ ကျွန်တော် ယဲ့ချန်းပါ"
"မစ္စတာယဲ့... ကျွန်တော် ဘာများကူညီပေးရမလဲ"
ပါမောက္ခကျန်းက မေးလိုက်သည်။
"ကျွန်တော် ခင်ဗျားကို အကူအညီနည်းနည်းလောက် တောင်းချင်လို့ပါ။ ကျွန်တော့်မိသားစုထဲက လူကြီးတစ်ယောက် နှလုံးခွဲစိတ်မှုခံယူဖို့ လိုအပ်နေလို့။ ခင်ဗျားက ဒီနယ်ပယ်မှာ ထိပ်တန်းဆရာဝန်တစ်ယောက်ဆိုတာ ကျွန်တော် သိထားလို့ပါ"
ယဲ့ချန်းက ပြောလိုက်သည်။
ပါမောက္ခကျန်းက အားနာနေလေဟန် မျက်နှာထားဖြင့် ပြောလိုက်သည်။
"ကျွန်တော် အခု နိုင်ငံခြားရောက်နေလို့ မကြာခင် ပြန်လာဖို့ မဖြစ်နိုင်သေးဘူးဗျ"
ယဲ့ချန်းက အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ပါမောက္ခကျန်း... အခြေအနေက ဒီလိုဗျ။ လူနာရဲ့အခြေအနေက အရမ်းအရေးပေါ်ဖြစ်နေတာ။ ချက်ချင်းခွဲစိတ်ဖို့ လိုအပ်နေပါတယ်"
"မစ္စတာယဲ့... စိတ်မပူပါနဲ့။ လူနာရဲ့ အခြေအနေက အဲဒီလောက်တောင် ဆိုးရွားနေမှတော့ ကျွန်တော် အခုချက်ချင်း လေယာဉ်လက်မှတ်ဖြတ်ပြီး မနက်ဖြန် ခွဲစိတ်ဖို့ စီစဉ်ပေးပါ့မယ်"
ပါမောက္ခကျန်းက အာမခံလိုက်သည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ"
ယဲ့ချန်းလည်း စကားပြောပြီးသည်နှင့် ဖုန်းချလိုက်သည်။
ယဲ့ချန်း ဘာမှဆက်မပြောသည်ကို မြင်သောအခါ စွန်းဖန်က လှောင်ပြောင်လိုက်၏။
"မင်း မလုပ်နိုင်ရင်လည်း စကားကြီးစကားကျယ် မပြောနဲ့လေကွာ"
ယဲ့ချန်းက သူ့ကို ဂရုမစိုက်ဘဲ အဘွားအိုကိုသာ ပြောလိုက်၏။
"အဘွားကျန်း... အဘွား မနက်ဖြန်ခွဲစိတ်ဖို့ ပါမောက္ခကျန်းနဲ့ ကျွန်တော် စီစဉ်ထားပြီးပါပြီ။ ဒီနေ့တော့ ကောင်းကောင်း အနားယူလိုက်ပါ။ မနက်ဖြန်ကျရင် အဘွားဆီ ကျွန်တော် ထပ်လာခဲ့ပါ့မယ်"
အဘွားအိုက ကျေးဇူးတင်စကားဆိုလိုက်သည်။
"ကောင်းပါပြီ ရှောင်ချန်း... ကျေးဇူးတင်ပါတယ်ကွယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ စွန်းဖန်မှာ မျက်လုံးအပြူးသားဖြင့် အံ့အားသင့်သွားလေသည်။
"ဘာ... မနက်ဖြန်ခွဲစိတ်မယ် ဟုတ်လား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"မင်း ဒီမှာ လာဟန်ဆောင်မနေနဲ့။ ပါမောက္ခကျန်းက ဒီလောက်မြန်မြန်သဘောတူရအောင် မင်းကိုယ်မင်း ဘာကောင်မှတ်နေလို့လဲ"
စွန်းဖန်က ယဲ့ချန်းကို ပြောလိုက်သည်။
ယဲ့ချန်းက သူ့ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ အေးစက်စက်ဖြင့် ပြောလိုက်၏။
"ခွေးကောင်းဆိုတာ လမ်းပိတ်မရပ်ဘူးကွ"
ထိုစကားကို ကြားပြီးနောက် စွန်းဖန်က ငြိမ်ကျသွားသော်လည်း အဘွားကျန်း၏ သမီးဖြစ်သူကမူ မကျေမနပ်ဖြစ်သွားသည်။
"ကောင်လေး... မင်း ဘယ်သူ့ကို စော်ကားနေတာလဲဆိုတာ သိရဲ့လား။ မင်းကို အခုချက်ချင်း ကုမ္ပဏီကနေ အလုပ်ထုတ်ပစ်ခိုင်းလိုက်မယ်"
ပြောပြောဆိုဆိုဖြင့် ယွီထင်က သူ(မ)၏ဖုန်းကို ထုတ်လိုက်လေသည်။ ယဲ့ချန်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ မြင်ရလိမ့်မည်ဟုလည်း မျှော်လင့်နေသည်။
သို့သော် ယဲ့ချန်းက သူ(မ)ကို ငတုံးတစ်ယောက်လိုသာ ကြည့်နေခဲ့သဖြင့် သူ(မ)စိတ်ပျက်သွားရပြီး ဒေါသကို ပိုဆွပေးလိုက်သလို ဖြစ်သွားသည်။
ယွီထင်က ရက်စက်စွာ ပြောလိုက်သည်။
"မင်းက တော်တော်ပြဿနာရှာတာပဲ"
ယဲ့ချန်းက မဲ့ပြုံးပြုံးလိုက်သည်။
"မိန်းကလေး... အဲဒီဖုန်းကိုမဆက်ဖို့ ကျွန်တော် အကြံပေးပါရစေ"
ထို့နောက် သူက အဘွားအိုဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"အဘွားကျန်း... ပြီးရင် ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့နော်"
အဘွားအိုက သူ ဘာကိုဆိုလိုမှန်း နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။
ယွီထင်ကမူ ယဲ့ချန်းကြောက်သွားပြီဟု ထင်မှတ်ကာ သူ့ကို အထင်သေးလေဟန်ဖြင့် ကြည့်လိုက်သည်။
"မင်း အခုမှကြောက်ပြီး နောက်ဆုတ်ချင်နေတာလား။ ငါ ပြောလိုက်မယ်... နောက်ကျသွားပြီ"
သမီးဖြစ်သူက ထိုသို့ပြောနေသည်ကို ကြားသောအခါ အဘွားကျန်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
"ယွီထင်... ရှောင်ချန်းက ငါတို့ကို စေတနာနဲ့ ကူညီပေးနေတာကို နင်က သူ့ကို ဒုက္ခရောက်အောင် လုပ်နေတာလား။ နင် ဒီလိုမလုပ်သင့်ဘူးလေ"
ယွီထင်ကလည်း သူ့အမေကို အပြစ်တင်လိုက်သည်။
"အမေက ဘာလို့ အမြဲတမ်း အပြင်လူတွေဘက်ကပဲ လိုက်နေရတာလဲ။ သမီးက အမေ့ရဲ့ သွေးသားအရင်းပါ။ ဒီကောင်က သူစိမ်းလေ"
ယဲ့ချန်းမှာ ဆက်သည်းမခံနိုင်တော့ဘဲ စိတ်မရှည်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"ဖုန်းဆက်မယ်ဆိုရင်လည်း ဆက်လိုက်တော့။ အချိန်တွေဖြုန်းမနေနဲ့"
"အမေ မြင်တယ်မလား။ သူက ပြဿနာစရှာနေတာနော်။ သမီးနဲ့ ဘာမှမဆိုင်ဘူး"
"ရှောင်ချန်း... မင်း သွားလိုက်ပါတော့။ ယွီထင် ပြဿနာမရှာအောင် အဘွား တားထားလိုက်ပါ့မယ်"
အဘွားအိုက ယဲ့ချန်းကို ပြောလိုက်သည်။
"အဘွားကျန်း... ကျွန်တော့်အတွက် စိတ်ပူနေစရာ မလိုပါဘူး"
အစပိုင်းတွင် ယွီထင်က သူ(မ)ရှေ့ရှိ မိုက်ရူးရဲဆန်သော ဤကောင်လေးကို ခြောက်လှန့်ရုံသာ ရည်ရွယ်ခဲ့သော်လည်း သူက မကြောက်သည့်အပြင် သူ(မ)ကိုပင် ဂရုမစိုက်ဘဲနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
မန်နေဂျာတစ်ယောက်အနေနှင့် သူ(မ) ဤသည်ကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။
သူ(မ)လည်း နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်၏။
"မန်နေဂျာကျန်း... ကျွန်မတို့ကုမ္ပဏီမှာ ယဲ့ချန်းဆိုတဲ့ လုံခြုံရေးဝန်ထမ်းတစ်ယောက် ရှိတာကို ရှင်သိလား။ သူ့ကို အလုပ်ထုတ်ပစ်စေချင်တယ်"
သူ(မ)က ထိုသို့ပြောရင်း ယဲ့ချန်း၏ အမူအရာ အပြောင်းအလဲကို မြင်ချင်ဇောဖြင့် သူ့ကို မာနတစ်ခွဲသားဖြင့် ကြည့်နေခဲ့သည်။
တစ်ဖက်တွင်မူ မန်နေဂျာကျန်းမှာ အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေသည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် သူ့ခမျာ လက်ဖက်ရည်များ သီးထွက်ကုန်ပြီး ထိုင်နေရာမှ ထရပ်လိုက်မိသည်။
မန်နေဂျာကျန်းက ဒေါသတကြီးဖြင့် ပြောလိုက်လေတော့သည်။
"ချန်းယွီထင်... မင်း ရူးနေလား။ မင်း အလုပ်ထုတ်ချင်နေတဲ့လူက ဘယ်သူလဲဆိုတာ သိရဲ့လား"
ထိုစကားကို ကြားသောအခါ ယွီထင်က အလောတကြီးဖြင့် မေးလိုက်၏။
"သူက ဘယ်သူမို့လို့လဲ။ သူ့နာမည်ကို တစ်ခါမှတောင် မကြားဖူးပါဘူး"
"သေချာနားထောင်... သူက ငါတို့လုပ်ငန်းစုရဲ့ သူဌေးကြီးကွ။ လုပ်ငန်းစုထဲက လူတိုင်းရဲ့ဘဝကို အရှင်ထားမလား အသေထားမလားဆိုတာ သူက ချုပ်ကိုင်ထားတာ"
မန်နေဂျာကျန်းက ဟိန်းဟောက်လိုက်သည်။
"ဘာ... သူဌေးကြီး ဟုတ်လား"
ယွီထင်ခမျာ ကြောက်ရွံ့ထိတ်လန့်နေသော မျက်လုံးများဖြင့် ယဲ့ချန်းကို ကြည့်လိုက်သည်။
သူ(မ)သည် လုပ်ငန်းစု၏ သူဌေးကြီးကို စော်ကားမိလိမ့်မည်ဟု တစ်ခါှမတွေးမိခဲ့ပေ။ ဆိုလိုသည်မှာ တစ်နှစ်လျှင် လစာယွမ်သိန်းဂဏန်းရနေသည့် သူ(မ)၏အလုပ်ကို ဆုံးရှုံးရပေတော့မည်။
မန်နေဂျာကျန်းက အလောတကြီးမေးလိုက်၏။
"သူဌေးနဲ့ မင်း ဘာပြဿနာတက်ခဲ့တာလဲ"
ယွီထင်ခမျာ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိပြီး အချိန်အတော်ကြာသည်အထိ အဖြေမပေးနိုင်ခဲ့ပေ။
သူ(မ)ရှေ့ရှိ သာမန်ရုပ်ရည်နှင့် လူငယ်လေးကို ကြည့်ရင်း ဤအရာအားလုံးက ယုံနိုင်စရာမရှိဘူးဟု သူ(မ) ခံစားနေရသည်။
သူ(မ) စကားမပြောနိုင်ခင်မှာပင် မန်နေဂျာကျန်းက သနားညှာတာမှု ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
"ယွီထင်... မင်းကို အလုပ်ဖြုတ်လိုက်ပြီ။ လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေ ရှင်းဖို့ နောက်မှ ကုမ္ပဏီကို လာခဲ့လိုက်တော့"
ထိုသို့ပြောပြီးသည်နှင့် သူ(မ)ကို စကားပြောခွင့်ပင် မပေးတော့ဘဲ ဖုန်းချပစ်လိုက်သည်။
ချန်းယွီထင်သည် သူ့လက်အောက်ငယ်သားဖြစ်လေရာ သူဌေးက သူ့ကိုပါ တာဝန်ယူခိုင်းလျှင် သူလည်း ပြဿနာအကြီးကြီး တက်ရပေလိမ့်မည်။
ထို့ကြောင့် သူက ချန်းယွီထင်ကို အရင်ဆုံး အလုပ်ထုတ်လိုက်ပြီးမှ သူဌေးထံသို့ ဖုန်းဆက်ကာ အမှားဝန်ခံရန် ဆုံးဖြတ်လိုက်သည်။ သူ့ဝန်ထမ်း အမှားလုပ်ခဲ့လျှင် သူကလည်း သေချာပေါက် တာဝန်ယူရမည်ဖြစ်၏။
မကြာခင်မှာပင် ယဲ့ချန်း၏ဖုန်း မြည်လာခဲ့သည်။ သူက ဖုန်းနံပါတ်ကိုပင် မကြည့်ဘဲ ပြောလိုက်သည်။
"မန်နေဂျာကျန်း... ခင်ဗျား အစီရင်ခံစရာ တစ်ခုခု ရှိလို့လား"
စောစောက ယွီထင်၏ စိတ်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ကိန်းအောင်းနေခဲ့သေးသည်။
နာမည်တူနေတာများလား။ အံ့ဖွယ်တိုက်ဆိုင်မှုတစ်ခုများ ဖြစ်နိုင်မလားဟု တွေးနေမိသည်။
သို့သော် ယဲ့ချန်းက မန်နေဂျာကျန်းနှင့် စကားပြောနေသည်ကို ကြားလိုက်ရချိန်တွင်မူ သူ(မ)၏ မျှော်လင့်ချက်များအားလုံး စိစိညက်ညက် ကျေမွသွားခဲ့ရသည်။
မန်နေဂျာကျန်းက အားနာနေဟန် လေသံဖြင့် တောင်းပန်လိုက်သည်။
"ဥက္ကဋ္ဌယဲ့... ကျွန်တော့်ရဲ့ကြီးကြပ်မှုအောက်မှာရှိတဲ့ ဝန်ထမ်းက အမှားလုပ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်ဗျ။ သူ့ကို ကျွန်တော် အလုပ်ထုတ်ပစ်လိုက်ပါပြီ။ ပြီးတော့ ကျွန်တော့်မှာလည်း တာဝန်ရှိပါတယ်"
"ဪ... သူက ကျွန်တော့်ဘေးမှာတင် ရှိနေတာ။ ရပါတယ် စိတ်မပူပါနဲ့။ ခင်ဗျားကို ကျွန်တော် အပြစ်မတင်ပါဘူး"
ယဲ့ချန်းက နှစ်သိမ့်ပြောဆိုလိုက်သည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ မန်နေဂျာကျန်းမှာ သူ့ရာထူး ခိုင်မြဲသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သက်ပြင်းချနိုင်သွားတော့သည်။
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌယဲ့"
"မန်နေဂျာကျန်း... တခြားကိစ္စမရှိတော့ဘူးဆိုရင် ဖုန်းချလိုက်တော့မယ်နော်။ ကျွန်တော် ပါဆယ်တွေ သွားပို့စရာရှိသေးလို့"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ... အလုပ်များနေတယ်ဆိုရင်လည်း ဆက်မနှောင့်ယှက်တော့ပါဘူးဗျာ"
ဖုန်းချသွားပြီးနောက် မန်နေဂျာကျန်းမှာ နှုတ်ခမ်းတစ်ဖက် တွန့်ရုံမျှ ပြုံးလိုက်မိသည်။ ယဲ့ချန်းလို သူဌေးတစ်ယောက်က လုပ်ငန်းစုကို စီမံခန့်ခွဲမနေဘဲ အပြင်ထွက်ပြီး ပါဆယ်လိုက်ပို့နေသည်ဆိုခြင်းမှာ တကယ် နားလည်ရခက်လွန်းလှသည်။
ယွီထင်နှင့် စွန်းဖန်တို့လည်း ကြောင်အမ်းအမ်းဖြစ်နေကြသည်။
"ဒီကောင်လေး.. ဒီလောက်ချမ်းသာနေတာကို ဘာလို့ ပါဆယ်ပို့သမား လာလုပ်နေရတာလဲ။ သူက ကိုယ့်အရည်အချင်းကိုယ် ဖုံးကွယ်ထားတာများလား"
သူ့ရှေ့ရှိ လူငယ်လေးမှာ ရီတာ့လုပ်ငန်းစု၏ ဥက္ကဋ္ဌမှန်း သိလိုက်ရကတည်းက စွန်းဖန်မှာ အသံပင် မထွက်ရဲတော့ပေ။
ဤလူငယ်လေးက သူ့ကို ပစ်မှတ်ထားလာမည်ကို စိုးရိမ်သဖြင့် ယဲ့ချန်းကိုပင် မကြည့်ရဲတော့ဘဲ ထောင့်တစ်နေရာတွင် ပုန်းနေလိုက်သည်။
ယွီထင်က နောင်တရနေဟန် မျက်နှာဖြင့် ပြောလိုက်သည်။
"ဥက္ကဋ္ဌယဲ့... ကျွန်မ မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါရှင်"
"ကွက်တိပဲလေ... အခု ခင်ဗျားအမေကို ပြုစုစောင့်ရှောက်ဖို့ အချိန်ပိုရသွားပြီဆိုတော့ အလုပ်တွေရှုပ်ပြီး မအားမလပ်ဖြစ်စရာ မလိုတော့ဘူးပေါ့"
ယဲ့ချန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ သူ(မ)အတွက် အခွင့်အရေးမရှိတော့မှန်း သိလိုက်ရသော်လည်း အကူအညီရလိုရငြား မိခင်ဖြစ်သူကို တောင်းပန်လေဟန် အကြည့်ဖြင့် ကြည့်နေမိဆဲပင်။
••••••••••••••••••••