အခန်း ၇၃၃
Vol. 49 Ch. 733
အပိုင်း ၇၃၃ : စာနာမှုရယူခြင်း
ယွီထင်က ယဲ့ချန်းရှေ့တွင် စကားကောင်းပြောပေးပြီး ကူညီပေးဖို့ အချက်ပြသည့်အနေနှင့် အဘွားအိုကို လှမ်းကြည့်လိုက်သည်။
အဘွားအိုက သူ(မ)သမီး၏ ရည်ရွယ်ချက်ကို နားလည်သော်ငြား မည်သို့နှယ် မျက်နှာပြောင်တိုက်ပြီး ပြောထွက်မည်နည်း။
ယဲ့ချန်းက ဤမျှအထိ ကူညီပေးခဲ့သည့်တိုင် သူ(မ)၏သမီးက ကျေးဇူးမတင်သည့်အပြင် သူ့ကိုတောင် တိုင်တောချင်နေခဲ့သည်မဟုတ်လော။
ယခုတော့ ကိုယ့်ဒုက္ခကိုယ်ပြန်ရှာသလို ဖြစ်သွားခဲ့ချေပြီ။
သူ(မ)အမေက ဘာမှဝင်မပြောသည်ကို မြင်သော် ယွီထင်မှာ အနည်းငယ် စိုးရိမ်လာသော်လည်း နောက်ထပ်တစ်ခုခုထပ်ပြောဖို့လည်း နေရခက်နေခဲ့သည်။
လုပ်ငန်းစု၏ ဥက္ကဋ္ဌရှေ့တွင် မောက်မာစွာ ပြုမူခဲ့မိခြင်းကပင် သူ(မ)၏အမှားဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ကလွဲ၍ဘဘယ်သူ့ကိုမှ အပြစ်တင်၍ မရနိုင်ပေ။
"ရှောင်ချန်း... အလုပ်မနှောင့်နှေးရအောင် သွားစရာရှိတာ သွားပါတော့ကွယ်"
အဘွားကျန်းက ကြင်ကြင်နာနာ ပြောလိုက်သည်။
ယဲ့ချန်းမှာမူ အစကတော့ အဘွားကျန်းသည် သမီးအတွက် ဝင်ပြောပေးလိမ့်မည်ဟု ထင်ထားပြီးသားဖြစ်ရာ ငြင်းဆန်ဖို့လည်း ပြင်ဆင်ထားပြီးဖြစ်၏။
သို့သော် အဘွားအိုက သူ့အတွက် တွေးပေးနေဆဲဖြစ်သဖြင့် ယဲ့ချန်း၏ ရင်ထဲတွင် နွေးထွေးသွားသည်။
လူအများကြားက ကွာဟချက်မှာ တကယ်ကြီးမားလှသော်ငြား ယခုလို သဘောကောင်းသည့် အဘွားအိုဆီတွင် မောက်မာပြီး ရိုင်းစိုင်းသော သမီးမျိုး ရှိနေခြင်းမှာမူ စိတ်မကောင်းစရာပင်။
"ဟုတ်ကဲ့ပါ အဘွားကျန်း... ကောင်းကောင်း အနားယူလိုက်ပါဦး။ မနက်ဖြန်ကျရင် အဘွားဆီ ကျွန်တော် ထပ်လာခဲ့ပါ့မယ်"
ယဲ့ချန်းက လူနာခန်းထဲက ထွက်လာရင်း ပြောလိုက်သည်။ ဤတစ်ကြိမ်မှာတော့ ဘယ်သူကမှ သူ့ကို တားဆီးဖို့ မကြိုးစားရဲတော့ပေ။
ယဲ့ချန်း ထွက်သွားသည်နှင့်တစ်ပြိုင်နက် စွန်းဖန်က ထိုအမျိုးသမီးကို ကပျာကယာပြောလိုက်လေသည်။
"ယွီထင်... ကိုယ့်ကုမ္ပဏီမှာ ကိစ္စလေးရှိသေးလို့ အရင်သွားနှင့်မယ်နော်"
ယွီထင်က စွန်းဖန်စကား၏ နောက်ကွယ်က အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်လိုက်သည်။ သူက သူ(မ)ကြောင့် ယဲ့ချန်း၏ဒေါသကို ခံရမည်ကို ကြောက်နေခြင်းပင်။
ယွီထင်က ဘာမှပြန်မပြောသောအခါ စွန်းဖန်ကလည်း ခေါင်းခါယမ်းလိုက်ပြီး လူနာခန်းထဲက ထွက်သွားခဲ့သည်။
သူ့ခမျာ ယဲ့ချန်းကိုမီအောင် ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်လိုက်ပြီး မောကြီးပန်းကြီးဖြင့် ပြောလိုက်၏။
"မစ္စတာယဲ့... ခဏလောက်စောင့်ပါဦး"
ဤလူများက သူ့အဆင့်အတန်းကို သိသိချင်းမှာပင် အခေါ်အဝေါ် ပြောင်းလဲသွားတတ်သည့်အခွင့်အရေးသမားများပါလားဟု ယဲ့ချန်း တွေးလိုက်မိသည်။
"ဘာကိစ္စရှိလို့လဲ"
ယဲ့ချန်းက ရပ်ပြီး မေးလိုက်သော်လည်း စွန်းဖန်ဘက်ကိုတော့ လှည့်မကြည့်ခဲ့ပေ။
သူ့အတွက်တော့ ဤသို့သောလူမျိုးများက အာရုံစိုက်ဖို့ မတန်ပါချေ။
စွန်းဖန်က ယဲ့ချန်းရှေ့ကို ကပျာကယာသွားပြီး ပြောလိုက်၏။
"မစ္စတာယဲ့... စောစောက စော်ကားမိတာတွေ ရှိခဲ့ရင် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
"ဪ... နားလည်ပါပြီ"
ယဲ့ချန်းကလည်း ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
ပြောပြီးသည်နှင့် စွန်းဖန် ဆက်ပြောမည့်အချိန်ကို မစောင့်တော့ဘဲ ရှေ့ကို ဆက်လျှောက်သွားသည်။
ဤတစ်ကြိမ်မှာတော့ စွန်းဖန်က ဘေးကို ရှောင်ပေးရကောင်းမှန်း သိရှာလေသည်။
တကယ်တော့ စွန်းဖန်က လာမတောင်းပန်လျှင်ပင် ယဲ့ချန်းကတော့ သူ့ကို အရေးလုပ်နေမည်မဟုတ်ပါချေ။
ဘီလျံချီသောစည်းစိမ်များ ပိုင်ဆိုင်ထားသည့် ဥက္ကဋ္ဌတစ်ယောက်အနေနှင့် သူသည် ဤလူများကို အလေးအနက်ထားစရာ အကြောင်းမရှိပေ။
ယဲ့ချန်း ဘာမှထပ်မပြောသည်ကို မြင်သော် စွန်းဖန်လည်း သက်ပြင်းချနိုင်သွားသည်။
သူလည်း ယွီထင်နှင့် ခပ်ကင်းကင်းနေဖို့ ဆုံးဖြတ်လိုက်သည်။ မိန်းမတစ်ယောက်ကြောင့် သူ့အနာဂတ်ကို ပျက်စီးမခံနိုင်ပေ။
ထို့ပြင် ယွီထင်ထက် ရုပ်ရည်ပိုလှပြီး ခန္ဓာကိုယ်ပိုလှသည့်မိန်းမ အများကြီးရှိသည်။ သူ့မှာ ပိုက်ဆံရှိနေသရွေ့ မိန်းမမရှားပေ။
ထိုသို့တွေးလိုက်သောအခါ စွန်းဖန်၏ စိတ်ထဲတွင် အလွန်နေသာထိုင်သာရှိသွားသည်။
လူနာခန်းထဲတွင် ယွီထင်နှင့်အဘွားကျန်း နှစ်ယောက်တည်း ကျန်ခဲ့သောအခါ ယွီထင်က အပြစ်တင်လေဟန် မျက်နှာထားဖြင့် ပြောလိုက်၏။
"အမေ... ဘာလို့ ဥက္ကဋ္ဌယဲ့ရှေ့မှာ သမီးအတွက် ဝင်မတောင်းပန်ပေးခဲ့တာလဲ"
"ယွီထင်... ယွီထင်... ရှောင်ချန်းအပေါ် အဲဒီလိုဆက်ဆံထားပြီးမှ နင့်အတွက် ငါက ဘယ်လိုလုပ်ပြီး ဝင်ပြောပေးနိုင်မှာလဲ။ ဒါက နင်ခံထိုက်တဲ့ ပြစ်ဒဏ်ပဲ"
အဘွားကျန်းက ဒေါသတကြီး ပြောလိုက်သည်။
"သူ့အဝတ်အစားကိုလည်း ကြည့်ပါဦး။ ဘယ်နေရာကများ ဥက္ကဋ္ဌနဲ့တူနေလို့လဲ။ ပြီးတော့ သူက ပါဆယ်လိုက်ပို့နေတာလေ။ သမီးကို အပြစ်တင်လို့ရမလား"
ယွီထင်က ပြန်ပက်လိုက်သည်။
အဘွားကျန်းက ကူကယ်ရာမဲ့လေဟန် အမူအရာဖြင့် ပြောလိုက်သည်။
"သမီး... နင်က နင့်အမှားကို အခုထိနားမလည်သေးဘူးပဲ။ နင်က ရာထူးမြင့်မြင့် ရထားပေမဲ့ တခြားသူတွေကို အမြဲ အထင်အမြင်သေးတဲ့ မျက်လုံးတွေနဲ့ပဲ ကြည့်တယ်။ နင့်ထက် ရာထူးကြီးတဲ့လူတွေကို ဖားယားပြီး နိမ့်ကျတဲ့လူတွေကိုကျတော့ နှိမ်တယ်။ ငါတို့ ဒီလိုမနေထိုင်သင့်ဘူးလေ"
မိခင်ဖြစ်သူ၏စကားကို ကြားသောအခါ ယွီထင်တစ်ယောက် စကားမဆိုနိုင်တော့ပေ။
သူ(မ)အမော စကားက မှန်နေပေသည်။ သူ(မ)က အမှန်တကယ် ထိုသို့သောလူစားမျိုး ဖြစ်နေခဲ့သည်။
လူနာခန်းထဲမှာ တိတ်ဆိတ်သွားပြီး သားအမိနှစ်ယောက်လုံး ထပ်ပြီးစကားမပြောဖြစ်ကြတော့ချေ။
ဆေးရုံက ထွက်လာပြီးနောက် ယဲ့ချန်း ပါဆယ်များပို့ရန် ကူလီနန်ကားကို ဆက်မောင်းသွားခဲ့သည်။
ယဲ့ချန်း ကူလီနန်ကားပေါ်သို့ တက်ပြီး မောင်းထွက်သွားသည်ကို စွန်းဖန် မြင်လိုက်ရ၏။
ယနေ့ခေတ်သူဌေးများက ဘဝကို ဘယ်လိုပျော်ရွှင်အောင် နေရမလဲဆိုသည်ကို သိကြပေသည်။ ဇိမ်ခံကားကြီးစီးပြီး ပါဆယ်လိုက်ပို့နေပါလားဟု တွေးလိုက်မိသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် 'ဝကစ်ကစ်'ဖျော်ရည်ဆိုင်နားမှာ ပို့စရာပါဆယ်တစ်ခု ရှိနေသော်လည်း လမ်းက အလွန်ကျပ်နေသောကြောင့် ယဲ့ချန်းလည်း ကားကို ဘေးမှာရပ်ထားပြီး ပါဆယ်ထုပ်ကိုကိုင်ကာ လမ်းလျှောက်သွားခဲ့ရသည်။
ပါဆယ်ပို့ပြီးသွားသောအခါ ဖျော်ရည်ဆိုင်ရှေ့မှာ လူအုပ်ကြီး စုဝေးနေသည်ကို မြင်လိုက်ရသဖြင့် ဤရက်ပိုင်း အရောင်းအဝယ်ကောင်းသည့် ဆိုင်များက စင်စစ်ရှားပါးလှသည်ဟု တွေးလိုက်မိသည်။
သူ အနားသို့ လျှောက်သွားလိုက်သောအခါ ငြင်းခုံနေသည့် အသံကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက််မိသည်။
"နင်က ကျက်သရေမရှိတဲ့ကောင်မပဲ။ နင့်ပစ္စည်းတွေက သန့်ရှင်းမှုမရှိဘူး"
မိန်းမတစ်ယောက်က အော်ဟစ်လိုက်၏။
ထိုမိန်းမ၏အသံကို ကြားသော် လမ်းသွားလမ်းလာများက ဘာဖြစ်နေလဲဆိုသည်ကို ကြည့်ဖို့ ရပ်လိုက်ကြသည်။
သူတို့ထဲရှိ လူအများစုက ထိုဖျော်ရည်ဆိုင်ကို နှစ်သက်ကြသည်။ ဆိုင်ရှင်က ဖော်ရွေပြီး ဝန်ဆောင်မှုကလည်း ဂရုတစိုက်ရှိသောကြောင့် လူအများကို သက်သောင့်သက်သာ ခံစားရစေသည်။
"မိန်းကလေး... မဟုတ်ကဟုတ်ကတွေ လျှောက်ပြောပြီး သူများလုပ်ငန်းကို ဖျက်ဆီးလို့ မရဘူးလေ"
အဘိုးအိုတစ်ယောက်က ဝင်ပြောလိုက်သည်။
သူတို့ရှေ့ရှိ အမျိုးသမီးက ဟော့ဟော့ရမ်းရမ်း ဝတ်ဆင်ထားပြီး မိတ်ကပ်အထူကြီး လိမ်းထားသောကြောင့် သူ(မ)နှင့်ပတ်သက်သမျှ အရာအားလုံးက ယုံကြည်ရမည့်ပုံ မပေါ်ပေ။
ဆန့်ကျင်ဘက်အနေနှင့် ဆိုင်ရှင်ကောင်မလေး၏ ဝတ်စားဆင်ယင်ပုံကတော့ ဖြူစင်ပြီး ချစ်စရာကောင်းသဖြင့် သူတို့နှစ်ယောက် အတူတူရပ်နေသည်ကို ကြည့်ရုံဖြင့် ဘယ်သူက ကောင်းပြီး ဘယ်သူက ဆိုးလဲဆိုသည်ကို လူတိုင်း ခွဲခြားနိုင်ကြသည်။
မိတ်ကပ်အထူကြီးလိမ်းထားသော မိန်းမက ကပျာကယာ ပြန်ငြင်းလိုက်သည်။
"ကျွန်မက ဘယ်လိုလုပ် မဟုတ်ကဟုတ်ကတွေ လျှောက်ပြောရမှာလဲ။ ကျွန်မမှာ သက်သေရှိတယ်။ ကျွန်မသားက ဒီဆိုင်ကဟာတွေ စားပြီးတော့ ဆေးရုံတက်လိုက်ရတာ"
ထို့နောက် သူ(မ)က "အစာဆိပ်သင့်ခြင်း"ဟု ရေးထားသော ဆေးရုံရောဂါရှာဖွေမှုမှတ်တမ်းစာရွက်ကို ထုတ်ပြလိုက်သည်။
ထိုအရာကိုမြင်ပြီးနောက် လူအများ၏ အမူအရာက အစပိုင်းမှာ အံ့သြသွားသော်လည်း နောက်တော့ ဒေါသထွက်လာကြသည်။
လူတစ်ယောက်က ပြောလိုက်၏။
"ကလေးတွေကိုတောင် ဒုက္ခပေးတယ်ဆိုတော့ ဒီဆိုင်က တကယ်ရွံစရာကောင်းတာပဲ"
ဆေးစာရွက်ကိုမြင်သောအခါ ကောင်မလေးလည်း အံ့သြသွားပြီး ခဏမျှဆွံ့အသွားသည်။
သူ(မ)၏ ပါဝင်ပစ္စည်းများက ကောင်းမွန်ပြီး ကျန်းမာရေးစံနှုန်းနှင့် ကိုက်ညီသည်ဟု ယုံကြည်ထားသော်လည်း အစာဆိပ်သင့်သည့်ကိစ္စမျိုး မည်သို့ဖြစ်လာရလေသလဲ။
ကောင်မလေး၏ တုံ့ပြန်မှုကို မြင်သောအခါ လူအုပ်ကြီးက သူ(မ)အမှားဟု ထင်မှတ်သွားပြီး သူ(မ)ကို စတင်ဝေဖန်လာကြတော့သည်။
"ဒီကောင်မလေးက အပြင်ပန်းကြည့်ရတာတော့ အပြစ်ကင်းတဲ့ပုံလေးနဲ့။ အတွင်းစိတ်ကတော့ တကယ်ယုတ်မာတာပဲ"
"ငါလည်း အဆိပ်သင့်မှာစိုးလို့ သူ့ဆီက နောက်ဘယ်တော့မှ မဝယ်တော့ဘူး"
လူအုပ်ကြီး၏ စကားများကို ကြားသောအခါ ကောင်မလေး၏ မျက်လုံးအစုံကား နာကြည်းမှုကြောင့် ရဲတက်လာသည်။
သူ(မ)မှာ ကိုယ်ကျင့်တရားနှင့်ဆန့်ကျင်ပြီး ဘာတစ်ခုမှ မလုပ်ခဲ့ကြောင်း ကိုယ့်ကိုယ်ကိုယ်သိသော်ငြား ယခုတော့ သူ(မ)ကိုယ်သူ(မ) ပြန်မကာကွယ်နိုင်တော့ပေ။။
လူအုပ်ကြီးက ကောင်မလေးကို အပြစ်တင်နေသည်ကိုမြင်သော် မိတ်ကပ်အထူကြီးလိမ်းထားသော မိန်းမ၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ပွင့် ပေါ်လာလေသည်။ ဤသည်မှာ သူ(မ)လိုချင်သည့် အကျိုးသက်ရောက်မှုပင်။
ဘေးနားက ကြည့်နေသူများက ကောင်မလေးကို ဝေဖန်ရင်း မရပ်မနားပြောဆိုနေကြသည်။
ယခုမူ လူအုပ်ကြီး၏ စကားများကြောင့် ကောင်မလေးမှာ ဆွံ့အသွားသည်။
ဤသည်မှာ မိတ်ကပ်အထူကြီးလိမ်းထားသောမိန်းမပြောသလို ကောင်မလေးတွင် အမှားရှိနေကြောင်း သိသာနေပေသည်။
လူအုပ်ကြီးမှာ ထိုအမျိုးသမီးကို စာနာသွားပြီး သူ(မ)၏သားက ဤဆိုင်က စားပြီးနောက် အဆိပ်သင့်သွားသည်ဟုယုံကြည်ကာ သူ(မ)ကို နစ်နာသူအဖြစ် မြင်လာကြသည်။
လူအုပ်ကြီးက လက်ညှိုးထိုး၍ အပြစ်တင်နေကြပြီး မိတ်ကပ်အထူကြီးလိမ်းထားသော မိန်းမက ဂုဏ်ယူဝင့်ကြွားနေချိန်မှာ ရုတ်တရက် ဆန့်ကျင်ဘက်အသံတစ်သံ ထွက်ပေါ်လာသည်။
"ခင်ဗျားရဲ့ကလေးက အစာဆိပ်သင့်သွားရုံနဲ့ ဒီဆိုင်ကဟာကို သောက်လို့ဖြစ်တာလို့ တပ်အပ်ပြောလို့ မရဘူးလေ။ ဟုတ်တယ်မလား"
အသံလာရာဆီကို လူအုပ်ကြီးက လှမ်းကြည့်လိုက်သောအခါ ပါဆယ်ပို့သမားဝတ်စုံနှင့် အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။ သူသည် အမျိုးသမီးကို စာနာလေဟန် အရိပ်အယောင် နည်းနည်းမှမရှိဘဲ အေးစက်စက်မျက်နှာထားဖြင့် ခပ်ပြတ်ပြတ်ပြောနေခြင်းပင်။
မိတ်ကပ်အထူကြီးလိမ်းထားသော မိန်းမက လူအုပ်ကြီး၏ စာနာမှုကို ရရှိထားသဖြင့် ရည်မှန်းချက်အောင်မြင်ဖို့ နီးစပ်နေပြီဖြစ်သော်ငြား ယခုလို ပြဿနာရှာမည့်လူ ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူ(မ)မှာ လက်သီးတင်းတင်းဆုပ်ရင်း ယဲ့ချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
•••••••••••••••••••••