← Chapters

အခန်း ၇၃၄

Vol. 49 Ch. 734

အခန်း ၇၃၄

Vol. 49 Ch. 734

အပိုင်း ၇၃၄ : အမှန်တရားဆိုတာ တစ်ခုတည်းပဲ ရှိတယ်

မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးက ပြဿနာလာရှာသူကို မြင်သောအခါ မကျေမနပ်ဖြစ်သွားသည်။

သူ(မ)က လက်သီးတင်းတင်းဆုပ်၍ ပါဆယ်ပို့သမားဝတ်စုံ ဝတ်ဆင်ထားသည့် ယဲ့ချန်းကိုကြည့်ပြီး အာကြမ်းကြမ်းဖြင့် ပြောလိုက်သည်။

"ဟေ့ကောင်လေး... ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူး။ လာမရှုပ်နဲ့"

ထိုအချိန်မှာပင် ကောင်မလေးက ယဲ့ချန်းကို မြင်သောအခါ စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် ပြောလိုက်၏။

"အစ်ကို... ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ"

အစပိုင်းတုန်းကတော့ ယဲ့ချန်း၏စကားကို ကြားလိုက်ရသည့် လူတချို့က သူ့စကားမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရပြီး မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးကို မေးခွန်းထုတ်ရန် တွေးနေကြသည်။

ပါဆယ်ပို့သမား၏စကားကို ကြားပြီးနောက် ထိုအမျိုးသမီးက ဘေးနားက ကြည့်နေသူများလည်း ထိုသို့တွေးသွားကြမည်ကို စိုးရိမ်ပြီး စိတ်မသက်မသာ ဖြစ်သွားသည်။

တန်ပြန်ဖြေရှင်းဖို့ နည်းလမ်းကို စဉ်းစားနေသော်ငြား ကောင်မလေးက ပါဆယ်ပို့သမားကောင်လေးကို ခေါ်လိုက်သည့်အသံကို ကြားလိုက်ရချိန်ဝယ် အမျိုးသမီးလည်း စိတ်သက်သာရာရသွားလေသည်။

ဘေးနားက ကြည့်နေသူများကလည်း ငတုံးများ မဟုတ်ကြပေ။ သူတို့နှစ်ယောက်က သိနေကြသဖြင့် ပါဆယ်ပို့သမားကောင်လေးက ကောင်မလေးကို ကူညီဖို့ ဝင်ပါလာသည်မှာ ရှင်းနေသည်မဟုတ်လော။

"ဪ... နင်တို့တွေက သိနေကြတာကိုး။ ဒါကြောင့်လည်း ဒီလိုပြောတာ မဆန်းပါဘူး"

မိတ်ကပ်အထူကြီးလိမ်းထားသော မိန်းမက ယဲ့ချန်းကို ပြောလိုက်သည်။

ထို့နောက် ဆက်ပြောပြန်သည်။

"ဟေ့ကောင်လေး... မင်းပြောနေတာတွေက သူ့အတွက် ဘာမှအကူအညီဖြစ်မှာ မဟုတ်ဘူး။ ဒီမှာ ပြဿနာပိုမကြီးအောင် ဝင်မရှုပ်ဖို့ မင်းကို အကြံပေးချင်တယ်"

ပါဆယ်ပို့သမားကောင်လေးနှင့် ကောင်မလေး သိနေကြသည်ကို မြင်သောအခါ လူအုပ်ကြီးက တစ်ဖန်ဆွေးနွေးကြပြန်သည်။

"တကယ်ကျွမ်းကျင်တာပဲ။ ကူညီမယ့်လူ ရှိပုံပဲ"

"ကိုယ်က အရင်မှားတာ အသိအသာကြီးကို။ လူတွေကို မျက်စိလည်လမ်းမှားအောင် လုပ်ဖို့ တခြားတစ်ယောက်ကိုတောင် ရှာလာသေးတယ်"

"တကယ်ပါပဲ။ ဒီလောက် ကိုယ်ကျင့်တရားမဲ့တဲ့ အလုပ်တွေ လုပ်ပြီးတာတောင် မျက်နှာပြောင်တိုက်ပြီး ဖြေရှင်းရဲသေးတယ်"

လူအုပ်ကြီး၏ ပြောဆိုသံများကို ကြားသောအခါ ကောင်မလေး၏ မျက်နှာက အနည်းငယ်မှုန်မှိုင်းသွားသည်။

"အစ်ကို... ကျွန်မအတွက် စိတ်ပူစရာမလိုပါဘူး။ မြန်မြန်သွားပါတော့"

ယဲ့ချန်းက ဘာမှမပြောဘဲ လူအုပ်ကြီးထဲက ဖြတ်ကာ ကောင်မလေးအနားသို့ လျှောက်သွားလိုက်၏။

ယဲ့ချန်းက ထွက်သွားမည့် အရိပ်အယောင်မရှိကြောင်း ကောင်မလေး မြင်သောအခါ သူ(မ)၏ကိစ္စကြောင့် ယဲ့ချန်း ဒုက္ခရောက်မည်ကို စိုးရိမ်နေသည့် အမူအရာက မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

"အစ်ကို... ကျွန်မ ကိုယ်ကျင့်တရားနဲ့ ဆန့်ကျင်တဲ့အလုပ်မျိုး ဘာတစ်ခုမှ မလုပ်ခဲ့တာမို့ နည်းနည်းမှ မကြောက်ပါဘူး။ တရားမျှတမှုဆိုတာ လူတွေရဲ့ရင်ထဲမှာ ရှိတယ်လို့ ကျွန်မ ယုံကြည်တယ်"

ထိုကောင်မလေးက ပြတ်သားသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"လူတချို့ကလေ သူခိုးက လူပြန်ဟစ်တတ်ကြတယ်။ ကိုယ် ပြဿနာရှာထားတာကို တခြားသူတွေကို အပြစ်ပုံချနေတာ ရှက်စရာအကောင်းဆုံးပဲ"

ယဲ့ချန်းက မိတ်ကပ်အထူကြီးလိမ်းထားသော မိန်းမကို အေးစက်စက် ပြောလိုက်သည်။

ယဲ့ချန်း ကောင်မလေးကိုကူညီရန် နေရစ်ခဲ့ရသည့် အကြောင်းအရင်းမှာ သူ့ကိုယ်ရေးအကျဉ်းစနစ်ကတစ်ဆင့် မိတ်ကပ်အထူကြီးလိမ်းထားသော ဤမိန်းမသည် ယခင်တုန်းက အခြားမြို့များတွင် သူ(မ)၏ဆိုင် အရောင်းအဝယ်မကောင်းသဖြင့် အခြားဆိုင်များကို ဖျက်ဆီးခဲ့ဖူးကြောင်း သိထား၍ပင်။

အရေးအကြီးဆုံးအချက်မှာ မိတ်ကပ်အထူကြီးလိမ်းထားသော ဤမိန်းမက လမ်းတစ်ဖက်မှာ 'ဖန်းကောကော'ဟူသည့် ဖျော်ရည်ဆိုင်ဖွင့်ထားခြင်းပင်။ ယခုလည်း သူများကို အကွက်ဆင်ရန် ယခင်နည်းလမ်းဟောင်းကိုသာ အသုံးပြုချင်နေခြင်းပင်။

"အစ်မကြီး... ခင်ဗျားလည်း ဖျော်ရည်ဆိုင် ဖွင့်ထားတာပဲလေ။ ဒီဆိုင်က ခင်ဗျားဆိုင်ထက် အရောင်းအဝယ် ပိုကောင်းနေတာကို မြင်တော့ သူများကိုဒုက္ခပေးဖို့ ဒီလိုမရိုးသားတဲ့နည်းလမ်းတွေကို သုံးနေတာမဟုတ်လား"

ယဲ့ချန်းက မိတ်ကပ်အထူကြီးလိမ်းထားသော ထိုမိန်းမကို မေးလိုက်သည်။

"ရှင်... အစ်ကို အစ်ကိုပြောတာ တကယ်လား။ သူက ကျွန်မနဲ့ လုပ်ငန်းတူ လုပ်နေတာလား"

ထိုကောင်မလေးကမူ အံ့အားသင့်သွားလေဟန်ဖြင့် ပါးစပ်ကိုအုပ်ကာ မေးလိုက်သည်။

"ဟုတ်တယ်... မင်းတို့ဆိုင်တွေက လမ်းတစ်လမ်းပဲ ခြားတာ"

ပါဆယ်ပို့သမားကောင်လေးနှင့် ကောင်မလေးတို့၏ စကားများကို ကြားသောအခါ ဘေးနားက ကြည့်နေသူများလည်း တစ်ခုခုတော့လွဲနေပြီဟု ခံစားလိုက်ရသည်။ အချို့က အစကတည်းက ဤကောင်မလေး ယခုလိုကိစ္စမျိုး လုပ်မည်မဟုတ်ဘူးဟု ခံစားခဲ့ရသော်လည်း မိတ်ကပ်အထူကြီးလိမ်းထားသော မိန်းမက သူ(မ)၏ကလေးဖြင့် အကြောင်းပြလာသောအခါ သူတို့၏ ဝေဖန်ဆုံးဖြတ်နိုင်စွမ်းကို နှောင့်ယှက်သလိုဖြစ်သွားသည်။

"လုပ်ငန်းတူတွေက ရန်သူတွေလို့ ပြောကြတယ်။ အခုမှပဲ သဘောပေါက်တော့တယ်"

"ဒါပေမဲ့ ဒီနည်းလမ်းက ရှက်ဖို့ကောင်းတယ်။ ကိုယ့်လုပ်ငန်း အရောင်းအဝယ်မကောင်းတာနဲ့ပဲ သူများကို အကွက်ဆင်ရတယ်လို့"

"ကိုယ်ကျင့်တရားကို မရှိတာ။ နည်းနည်းလေးမှ ကိုယ်ကျင့်တရားမရှိဘူး"

မိတ်ကပ်အထူကြီးလိမ်းထားသော မိန်းမလည်း အခြေအနေပြောင်းသွားကြောင်း မြင်လိုက်ရသည်။ ယခုဆိုလျှင် ယဲ့ချန်း၏ လမ်းညွှန်မှုအောက်မှာ လူအုပ်ကြီးက အမှန်တရားကို နားလည်သွားဟန်ပင်။

သို့သော် ဤပါဆယ်ပို့သမားကောင်လေးက ဤအရာအားလုံးကို ဘယ်လိုလုပ်သိနေရသလဲ။

မိတ်ကပ်အထူကြီးလိမ်းထားသော ထိုမိန်းမမှာ ဤအချက်ကို စဉ်းစားနေဖို့ အချိန်မရှိတော့သဖြင့် မျက်လုံးအရဲသားဖြင့် ရှိုက်ကြီးတငင် ငိုကြွေးလေသည်။

"ဒီနေရာက အချိုရည်တွေသောက်ပြီး အစာဆိပ်သင့်သွားတဲ့ ငါ့သားလေးကို သနားပါဦး။ နာကျင်လွန်းလို့ လူးလိမ့်ပြီး အိပ်ရာထဲမှာ အမြဲလဲနေရတာ"

"အမေတစ်ယောက်အနေနဲ့ ကိုယ့်ကလေး ဒီလောက်ခံစားနေရတာကို မြင်ရတော့ သေချင်စိတ်တောင် ပေါက်တယ်။ ဒါတွေအားလုံးက ပြဿနာရှာတဲ့ နင့်ကြောင့်ပဲ"

ထိုအမျိုးသမီးက ပြင်းပြင်းထန်ထန်ငိုယိုကာ ကောင်မလေးကို ဆွဲဖမ်းရန် ကြိုးစားလိုက်သည်။

သို့သော် ယဲ့ချန်းက သူ(မ)ရှေ့က ပိတ်ရပ်လိုက်သောကြောင့် သူ(မ)၏ရည်ရွယ်ချက် မအောင်မြင်ခဲ့ပေ။

"ဟေ့ကောင်လေး... ဖယ်စမ်း။ ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး"

မိတ်ကပ်အထူကြီးလိမ်းထားသော မိန်းမက ဒေါသတကြီး ပြောလိုက်သည်။

ယဲ့ချန်းက ဖယ်ပေးမည့်ပုံမပေါ်ကြောင်း မြင်သောအခါ သူ(မ)က ဆက်ပြောလေသည်။

"လာမရှုပ်နဲ့။ မသေချင်ရင် အခုချက်ချင်းထွက်သွား"

သူ(မ)၏စကားအဆုံးတွင် အမျိုးသားတစ်ယောက်က ပုဆိန်တစ်လက်ကိုင်ပြီး ဒေါသတကြီး ပြေးဝင်လာသည်။

ယဲ့ချန်းကလည်း ကောင်မလေးကို ဘေးသို့ အမြန်ဆွဲဖယ်လိုက်သည်။

ထိုအမျိုးသားက ဆိုင်၏ ပြတင်းမှန်ကို ပုဆိန်နှင့် ရိုက်ခွဲလိုက်လေရာ ဝုန်းခနဲအသံနဲ့အတူ မှန်ကွဲစများမှာ နေရာအနှံ့ လွင့်စင်သွားသည်။

ဆိုင်ဖျက်ဆီးခံလိုက်ရကြောင်း မြင်သောအခါ ကောင်မလေးလည်း အလွန်စိတ်ထိခိုက်သွားသည်။

မိတ်ကပ်အထူကြီးလိမ်းထားသော မိန်းမက ထိုအမျိုးသားကို ပြောလိုက်၏။

"ယောက်ျား... ရှင် ဘာလို့လာတာလဲ။ မလာနဲ့လို့ ပြောထားတယ်မလား။ ကျွန်မတို့သားလေး အခြေအနေဘယ်လိုနေလဲ"

"ဆေးရုံမှာ သတိမရသေးဘူး။ ငါလည်း သည်းမခံနိုင်တော့လို့ လာခဲ့တာ။ မင်းတစ်ယောက်တည်းကို လူတွေအများကြီး ဝိုင်းအနိုင်ကျင့်နေတာ ငါက ဘယ်လိုလုပ်ကြည့်ရက်မှာလဲ"

"ယောက်ျားရယ်... ကျွန်မတို့သားလေး တကယ်သနားပါတယ်။ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ အခုလို ခံစားနေရရှာတာ"

အစပိုင်းမှာ လူအုပ်ကြီးက အမျိုးသား၏ လုပ်ရပ်ကို ဒေါသထွက်ခဲ့ကြသော်ငြား ဇနီးမောင်နှံနှစ်ယောက်၏ စကားများကို ကြားလိုက်ရသောအခါ သူတို့လည်း မသနားဘဲ မနေနိုင်တော့ချေ။

ထိုအမျိုးသား၏လုပ်ရပ်က ဥပဒေနှင့် မလွတ်ကင်းပေ။ တကယ်ဒေါသမထွက်ပါက ဘယ်သူကများ ကိုယ့်ကိုယ်ကိုယ် ပြဿနာတက်အောင် လုပ်မည်နည်း။

ယဲ့ချန်းကတော့ မိတ်ကပ်အထူကြီးလိမ်းထားသော မိန်းမနှင့် ဆံပင်တိုတိုအမျိုးသားကို ဇာတ်လမ်းကောင်းတစ်ပုဒ် ကြည့်နေရသလို စောင့်ကြည့်နေသည်။

သို့သော် ကောင်မလေး၏ မျက်နှာက ဖြူရော်နေပြီး လက်ဖဝါးများက ရေခဲလို အေးစက်နေချေသည်။ ယခုလိုမြင်ကွင်းမျိုးကို သူ(မ) တစ်ခါမှ မမြင်ဖူးပေ။

"မိုက်တယ်။ အရမ်းမိုက်တာပဲ။ ခင်ဗျားတို့နှစ်ယောက် သရုပ်ဆောင်မလုပ်တာ နှမြောစရာပဲ"

ယဲ့ချန်းက လက်ခုပ်တီးရင်း ပြောလိုက်သည်။

"ဟေ့ကောင်လေး... အရိုက်ခံချင်နေတာလား။ ကိုယ်ကျင့်တရား နည်းနည်းမှမရှိတဲ့ကောင်။ တကယ့်ကို မြွေပွေးနဲ့ ကြွက်စုတ်တွေနေတဲ့တွင်းပဲ"

ဆံပင်တိုတိုအမျိုးသားက ပုဆိန်ကိုကိုင်ထားရင်း ပြောလိုက်သည်။

"ခင်ဗျားတို့နှစ်ယောက်ကသာ နှလုံးသားမရှိတဲ့ လူတွေ။ ကိုယ့်သားအရင်းရဲ့အသက်ကို ဟာသလုပ်ပြီး သူများကို အကွက်ဆင်နေတာ။ ခင်ဗျားတို့ကို ကျွန်တော် တကယ်လေးစားသွားပြီ"

ယဲ့ချန်းက ပြန်ပက်လိုက်သည်။

ယဲ့ချန်း၏ စကားများက မိုးကြိုးပစ်ချလိုက်သလိုပင်။

အစပိုင်းတွင်မူ တိတ်ဆိတ်သွားပြီးနောက် ဆွေးနွေးပြောဆိုသံများ ဆူညံသွားသည်။

"တကယ်လား... သူများတွေနဲ့ပြိုင်ဖို့အတွက် ကိုယ့်သားအရင်းကိုတောင် အသုံးချတယ်ပေါ့"

"ဘယ်လိုမိဘတွေကများ ဒီလောက်တောင် ရက်စက်ရတာလဲ"

"ပါဆယ်ပို့သမားကောင်လေးရဲ့ မျက်နှာထားကို ကြည့်ရတာ လိမ်ပြောနေတဲ့ပုံမပေါ်ဘူးနော်"

လူအုပ်ကြီးက လင်မယားနှစ်ယောက်ကို ကြည့်ပြီး ခေါင်းတခါခါဖြင့် ကလေးကို သနားနေကြသည်။

ဆံပင်တိုတိုအမျိုးသားက ယဲ့ချန်း၏ စကားများကြောင့် ဒေါသထွက်ပြီး ရှက်သွားသည်။

"မင်းက သက်သေမရှိဘဲ စွပ်စွဲနေတာ။ ငါ မင်းကို အသရေဖျက်မှုနဲ့ တရားစွဲလို့ရတယ်နော်"

ထို့နောက် သူက ပုဆိန်ကိုကိုင်၍ ယဲ့ချန်းနှင့် ကောင်မလေးဆီသို့ လျှောက်သွားပြီး ခြိမ်းခြောက်သည့်ပုံစံမျိုး လုပ်ပြလိုက်သည်။

"ဟေ့ကောင်လေး... ယုံချင်ယုံ မယုံချင်နေ။ မင်းကို ငါ အပိုင်းပိုင်းခုတ်ပစ်မယ်"

ဆံပင်တိုတိုအမျိုးသားက ခြိမ်းခြောက်လေဟန် လေသံဖြင့် ပြောလိုက်သည်။

"လူမိသွားလို့ ကျုပ်ကို နှုတ်ပိတ်ချင်နေတာပေါ့။ နောက်ဆုံးတော့ ခင်ဗျားရဲ့စရိုက်မှန်တွေ ပေါ်လာပြီပဲ"

ယဲ့ချန်းက မကြောက်မရွံ့ ပြန်ပြောလိုက်သည်။

ဆံပင်တိုတိုအမျိုးသားက ဤနယ်မြေမှာ လူမိုက်တစ်ယောက်ဖြစ်လေရာ သူ့အနေနှင့် မည်သို့ကြောက်မည်နည်း။

ယဲ့ချန်းကို ပုဆိန်နှင့်ခုတ်ဖို့ ရွယ်လိုက်ချိန်မှာပင် ရုတ်တရက်ဆိုသလို အဝေးက ရဲကားဥဩသံ ကြားလိုက်ရသဖြင့် ဆံပင်တိုတိုအမျိုးသားလည်း ပုဆိန်ကို အမြန်ဝှက်လိုက်သည်။ သူ့မျက်နှာကား အနည်းငယ် ပျက်ယွင်းသွားသည်။ တစ်ယောက်ယောက်က ရဲခေါ်ထားလိမ့်မည်ဟု လုံးဝမထင်ထားချေ။

ဆံပင်တိုတိုအမျိုးသား၏ လုပ်ရပ်များကို မြင်သောအခါ ကောင်မလေးနှင့် ကြောက်တတ်သူတချို့က ဤပါဆယ်ပို့သမားကောင်လေးတော့ သွားပြီဟုတွေးကာ ကြောက်ကြောက်လန့်လန့်ဖြင့် မျက်လုံးမှိတ်ထားလိုက်ကြတော့သည်။

••••••••••••••••••••••

All Chapters