← Chapters

အခန်း ၇၃၅

Vol. 49 Ch. 735

အခန်း ၇၃၅

Vol. 49 Ch. 735

အပိုင်း ၇၃၅ : နောက်ဆုံးတော့ အခွင့်အရေးရပြီ

ရဲကားဥဩသံက တဖြည်းဖြည်း နီးကပ်လာလေရာ ဘယ်သူက ရဲကို ဖုန်းဆက်တိုင်လိုက်သလဲဆိုသည်ကို လူတိုင်း စဉ်းစားမရဖြစ်နေကြသည်။

အချို့က ရဲကို ဖုန်းဆက်ချင်ခဲ့သော်ငြား ပြဿနာထဲ ဝင်မပါချင်သောကြောင့် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြသည်။

ဆံပင်တိုတိုအမျိုးသားက ရဲကို ဘယ်သူတိုင်လိုက်သလဲဆိုသည်ကို စဉ်းစားရင်း ဘယ်သူမှန်းသိရပါက သေချာပေါက်ရှင်းပစ်မည်ဟု တေးထားရင်း လူတိုင်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

ထို့နောက် သူက ယဲ့ချန်းဘက်သို့ လှည့်၍ ခပ်ကြမ်းကြမ်းပြောလိုက်၏။

"မင်း ရဲကိုဖုန်းဆက်လိုက်တာလား"

"ကျုပ်ဆီမှာ ဖုန်းတောင်မပါတာ။ ဘယ်လိုလုပ်ပြီး ရဲကိုဖုန်းဆက်ရမှာလဲ"

ယဲ့ချန်းက လုံးဝငြင်းဆန်လျက် ခေါင်းခါပြလိုက်သည်။

တကယ်တမ်းတွင် တိုက်ရိုက်ဖုန်းခေါ်ပါက ပြဿနာရှာသူများ ရိပ်မိသွားမည်စိုး၍ ကျိုးစုစုထံသို့ ဝီချက်ကတစ်ဆင့် မက်ဆေ့ချ်ပို့လိုက်သူမှာ ယဲ့ချန်းပင်။

ရဲကားရပ်သွားပြီးနောက် ကားပေါ်က ရဲမေလှလှလေးတစ်ယောက် ဆင်းလာခဲ့သည်။ သူ(မ)ကတော့ အခြားသူမဟုတ်။ ကျိုးစုစုပင်။

ကျိုးစုစုက ရဲအရာရှိအချို့နှင့်အတူ လျှောက်လာသောအခါ လူအုပ်ကြီးက အလိုလိုလမ်းဖယ်ပေးလိုက်ကြသည်။

ဆိုင်နားသို့ ရောက်လာသောအခါ ကျိုးစုစုသည် ယဲ့ချန်းကို တစ်ချက်ကြည့်လိုက်သော်ငြား နှုတ်မဆက်ခဲ့ပေ။

ပြဿနာရှာနေသော လင်မယားအတွက် အကွက်ရမသွားစေရန် တစ်ယောက်ကိုတစ်ယောက် မသိချင်ဟန်ဆောင်ကြရန် ယဲ့ချန်းက ဝီချက်ကတစ်ဆင့် ကြိုပြောထားသည်။

ရဲအရာရှိတစ်ယောက်က လူအုပ်ကို လူစုခွဲရန် တာဝန်ယူလိုက်သည်။

"အားလုံးပဲ လူစုခွဲပေးကြပါ။ ကိုယ့်ကိစ္စကိုယ်ဆက်လုပ်ကြပါ။ ဒီမှာ အချိန်မဖြုန်းကြပါနဲ့"

လူအုပ်ကြီးက ရဲအရာရှိ၏ ညွှန်ကြားချက်အတိုင်း လိုက်နာ၍ ထွက်ခွာသွားကြသည်။

အချို့ကမူ ပွဲဆက်ကြည့်ချင်သေးသော်လည်း ရဲကပါ ဝင်ပြောနေပြီဖြစ်၍ ဆက်နေရန် မသင့်တော်တော့ပေ။

ကျိုးစုစုက ရဲများကို ခေါ်လာသည်ကိုမြင်သော် ယဲ့ချန်းလည်း အသာရှောင်ထွက်သွားရန် စိတ်ကူးလိုက်သည်။

သို့သော် သူ ခြေလှမ်းအနည်းငယ်မျှ မလှမ်းရသေးခင် ကျိုးစုစုက လှမ်းခေါ်လိုက်၏။

"လူကြီးမင်း... ခဏနေပါဦး။ ပြီးရင် အခြေအနေတွေမေးမြန်းဖို့ ရှိလို့ပါ"

ယဲ့ချန်းမှာ ပို့စရာပစ္စည်းများ အများကြီးကျန်နေသေးသော်လည်း ယခု ထွက်သွား၍မရတော့သဖြင့် စိတ်ညစ်သွားသည်။

သို့တိုင် ထိုကောင်မလေးကို ကူညီခြင်းမှာ ကောင်းမှုကုသိုလ်တစ်ခုလုပ်ခြင်းဖြစ်သည်ဟု မှတ်ယူကာ ဘာမှမပြောတော့ချေ။

ကျိုးစုစုက မှန်များကွဲကြေနေသော ဆိုင်ကို လက်ညှိုးထိုးပြ၍ ဆံပင်တိုတိုအမျိုးသားကို မေးလိုက်သည်။

"ဒါ ရှင့်လက်ချက်လား"

ဆံပင်တိုတိုအမျိုးသားက နှုတ်ဆိတ်နေစဉ် မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးက သနားစရာကောင်းသည့်ပုံစံဖြင့် ချဉ်းကပ်လာသည်။

"ရဲမေအလှလေး.. ကျွန်မယောကျ်ားမှာလည်း သူ့အကြောင်းနဲ့သူ ရှိလို့ပါ။ တကယ်တော့ ကျွန်မတို့က နစ်နာသူတွေပါ"

"ရှင်တို့က နစ်နာသူတွေဖြစ်နေရင်တောင် ဒီလိုမျိုး ရမ်းကားလို့မရဘူး။ ကျေးဇူးပြုပြီး ကျွန်မတို့နဲ့အတူ ရဲစခန်းကို လိုက်ခဲ့ပါ"

ကျိုးစုစုက အေးစက်စက်ဖြင့် ပြောလိုက်သည်။

ထိုသို့ပြောရင်း ဘေးနားရှိ အမျိုးသားရဲအရာရှိကို သူတို့အား ခေါ်သွားရန် အချက်ပြလိုက်သည်။

ရဲက သူ(မ)၏ယောက်ျားအား ဖမ်းဆီးရန်ကြိုးစားနေသည်ကို မြင်သောအခါ မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးက ခေါင်းမာမာဖြင့် ရမ်းကားလေတော့သည်။

"ကျွန်မယောကျ်ားကို ဘာလို့ဖမ်းတာလဲ။ ကျွန်မတို့က နစ်နာသူတွေလေ။ တရားခံကိုပဲ ဖမ်းသင့်တာပေါ့"

သူ(မ)က ရူးသွပ်နေသည့်အလား ဆံပင်တိုတိုအမျိုးသားနားက ရဲအရာရှိများကို တွန်းဖယ်ရန် ကြိုးစားလေသည်။

"ရှင် ဒီလိုဆက်လုပ်နေမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်မှုနဲ့ အမှုဖွင့်ရလိမ့်မယ်"

ကျိုးစုစုက သတိပေးလိုက်သည်။

မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးက ဂရုမစိုက်ပါဘဲ အမျိုးသားရဲအရာရှိများကို ဆက်တိုက်တွန်းထိုးနေသည်။

လိင်ကွဲပြားမှုကြောင့် အမျိုးသားရဲအရာရှိများက သူ(မ)အား ထိတွေ့ရန် တွန့်ဆုတ်နေကြသည်။

ထိုအဖြစ်ကိုမြင်သော် ကျိုးစုစုလည်း ရှေ့တိုးလာပြီး မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးကို လက်ထိပ်ခတ်လိုက်သည်။

ကျန်အမျိုးသားရဲအရာရှိများကလည်း ဆံပင်တိုတိုအမျိုးသားကို လက်ထိပ်ခတ်ကာ နှစ်ယောက်စလုံးကို ရဲကားနားသို့ ခေါ်သွားကြသည်။

ထိုလင်မယားလည်း ကိစ္စများမှာ ဤသို့ဖြစ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ အစကတော့ သူတို့သည် ကောင်မလေး၏ဆိုင် နာမည်ပျက်သွားစေရန် ရည်ရွယ်ခဲ့ခြင်းပင်။

မထင်မှတ်ထားပါဘဲ သူတို့ကိုယ်တိုင် အဖမ်းခံလိုက်ရသည်။

ဤသည်မှာ ကြက်ခိုးဖို့ကြိုးစားရင်း ဆန်ပါအဆုံးခံလိုက်ရသည့် အဖြစ်မျိုးပင်တည်း။

ယဲ့ချန်းနှင့် ကောင်မလေးကလည်း အခင်းဖြစ်ပွားမှုတွင် ပါဝင်နေသဖြင့် ထွက်ဆိုချက်ပေးရန် ရဲစခန်းသို့ လိုက်သွားရသည်။

စစ်ကြောရေးအခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးက ရုံးချုပ်သို့ ဖုန်းဆက်ခွင့်တောင်းတော့သည်။

ရဲများက ဘာမေးမေး သူတို့က တစ်ခွန်းမှပြန်မဖြေဘဲ ငြင်းဆန်နေကြသည်။

ဤကိစ္စမှာ ရုံးချုပ်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသဖြင့် မကြာခင်မှာပင် ထိုလင်မယားထံမှ အခြေအနေကိုသိနိုင်ရန် သူတို့က ရှေ့နေများကို စေလွှတ်လိုက်သည်။

ရုံးချုပ်မှလွှတ်လိုက်သော ရှေ့နေများက သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်သည်။

"မိန်းကလေးချန်း... ကျွန်တော်တို့က ကုမ္ပဏီက ခန့်အပ်ထားတဲ့ ရှေ့နေတွေပါ။ ကျွန်တော်က ရှေ့နေကျန်းပါ။ သူကတော့ ရှေ့နေကျိုးပါ"

ကုမ္ပဏီက ရှေ့နေများစေလွှတ်လိုက်သည်ကို မြင်သောအခါ မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးလည်း တက်ကြွလာသည်။

ရုံးချုပ်က ပါဝင်လာပြီဖြစ်၍ ကိစ္စရပ်များကို ဖြေရှင်းပေးလိမ့်မည်ဖြစ်ရာ သူတို့ အချုပ်ထဲမှာနေရမည် မဟုတ်ပေ။

"မင်္ဂလာပါ ရှေ့နေကြီးတို့"

မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးက လှိုက်လှဲစွာ နှုတ်ဆက်လိုက်သည်။

ရှေ့နေကျန်းက သူ(မ)ကို ပြောလိုက်၏။

"မိန်းကလေးချန်း...ဘာမှမဖုံးကွယ်ဘဲ ဖြစ်စဉ်တစ်ခုလုံးကို အမှန်အတိုင်း ပြောပြပေးပါ"

"ဒီကိစ္စကိုပြောရရင် ကျွန်မ တကယ်ဝမ်းနည်းရပါတယ်။ ကျွန်မသားလေးက အဲဒီဆိုင်က အအေးကို သောက်ပြီးတဲ့နောက် အစာဆိပ်သင့်သွားလို့ အခု ဆေးရုံတင်ထားရတယ်။ သနားစရာ ကလေးလေးပါရှင်"

သူ(မ)က ရှိုက်ငင်ရင်း ပြောလေသည်။

ထို့နောက် ဆက်ပြောပြန်သည်။

"ပြီးတော့ အခု ကျွန်မတို့နှစ်ယောက်စလုံး အဖမ်းခံထားရတော့ ကလေးကို ပြုစုစောင့်ရှောက်မယ့်သူ မရှိဘူးလေ။ ကျွန်မ တကယ်စိတ်ပူမိတယ်"

သူ(မ)၏စကားများကြောင့် ရှေ့နေများမှာ စိတ်ထိခိုက်သွားသည်။

အခြားဆိုင်တစ်ဆိုင်ကြောင့် သူတို့ကလေး အစာဆိပ်သင့်ခဲ့ရသောကြောင့် တရားမျှတမှုရရန် ပြုလုပ်ခဲ့မိသည့် ဤလင်မယား၏ အစွန်းရောက်သောလုပ်ရပ်များမှာ နားလည်ပေးနိုင်သည်။

မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးက ပိုမိုခံစားချက်ပြင်းထန်လာပြီး နားထောင်နေသူများ၏ စာနာစိတ်ကို ဆွဲဆောင်နိုင်ခဲ့လေသည်။

သူ(မ)၏စကားအဆုံးတွင် ရှေ့နေကျိုးက ဒေါသတကြီးဖြင့် ပြောလိုက်၏။

"မိန်းကလေးချန်း... စိတ်ချပါ။ ခင်ဗျားအတွက် တရားမျှတမှုရအောင် ကျွန်တော်တို့ လုပ်ပေးပါ့မယ်"

"ကျေးဇူးအများကြီးတင်ပါတယ်ရှင်"

မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးက သူ(မ)၏ မျက်ရည်များကို သုတ်ရင်း ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ရဲများက ယဲ့ချန်းနှင့် ကောင်မလေးတို့၏ ထွက်ဆိုချက်များကို ယူနေကြသည်။

ယဲ့ချန်းက မျက်မြင်သက်သေတစ်ယောက်အနေနှင့် ဖြစ်စဉ်ကို ပြန်ပြောပြခဲ့ပြီး ထိုလင်မယား၏ အအေးဆိုင်ရှိ စီစီတီဗီမှတ်တမ်းကို သွားရောက်ရယူရန် ကျိုးစုစုကို အကြံပြုခဲ့သည်။

အမှန်တရားမှာ စီစီတီဗီမှတ်တမ်းထဲတွင် ရှိနေသော်လည်း ရဲများက ဖန်းကောကောအအေးဆိုင်သို့ ရောက်လာပြီး မှတ်တမ်းများကို စစ်ဆေးကြည့်သောအခါ တမင်တကာ ဖျက်ပစ်ထားကြောင်း တွေ့ရသည်။

မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီးနှင့် ဆံပင်တိုတိုအမျိုးသားတို့က အရာအားလုံးကို ကြိုတင်ကြံစည်ထားသောကြောင့်သာ ယခုလို ရဲတင်းစွာ ပြဿနာရှာရဲခြင်းပင်။

သက်သေမရှိပါက ရဲများက သူတို့ကို ပြန်လွှတ်ပေးရမည်ဖြစ်ပြီး သူတို့ကလေး၏အသက်ကိုပင် အသုံးချရဲလောက်အောင် အရှက်မဲ့ကြလိမ့်မည်ဟု မည်သူကမှ သံသယဝင်မည်မဟုတ်ပေ။

စခန်းသို့ပြန်ရောက်သောအခါ မှတ်တမ်းများ ဖျက်ပစ်ခံလိုက်ရကြောင်း ယဲ့ချန်း သိလိုက်ရသည်။ အရာအားလုံးကို ကြိုတင်စီစဉ်ထားသောကြောင့် ထိုလင်မယားက လုံးဝမကြောက်ရွံ့ခြင်းဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။

ကျိုးစုစုက ယဲ့ချန်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

"ယဲ့ချန်း... အခုဘယ်လိုလုပ်မလဲ။ သက်သေမရှိရင် သူတို့ကို ပြန်လွှတ်ပေးရလိမ့်မယ်။ သူတို့က ဆိုင်ကိုဖျက်ဆီးခဲ့ရင်တောင် သူတို့သားလေးအတွက် လုပ်ခဲ့တာလေ။ ဒါက နားလည်ပေးလို့ရတဲ့ကိစ္စဖြစ်နေတယ်"

ထိုစကားကို ကြားသောအခါ ကောင်မလေးလည်း စိုးရိမ်လာသည်။

"အရာရှိ... ကျွန်မဆိုင်က ပါဝင်ပစ္စည်းတွေအကုန်လုံးက ကျန်းမာရေးစစ်ဆေးမှုတွေကို အောင်မြင်ထားပြီးသားပါ။ အစာဆိပ်သင့်တာမျိုး မဖြစ်နိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးပါ"

ကျိုးစုစုသည် ထိုကောင်မလေးကို အပြည့်အဝမယုံကြည်သော်လည်း ယဲ့ချန်း၏စကားကိုတော့ အပြည့်အဝယုံကြည်မှုရှိသည်။

သို့သော် ယခုမူ သက်သေမရှိသဖြင့် ထိုလင်မယားကို တရားစွဲဆိုရန် နည်းလမ်းမရှိတော့ပေ။

လင်မယားနှစ်ယောက်နှင့် တွေ့ဆုံပြီးနောက် ရှေ့နေများက ရုံးချုပ်သို့ ပြန်သွားပြီး အခြေအနေကို အတိအကျ သတင်းပို့ခဲ့ကြသည်။

နားထောင်ပြီးနောက် ဖန်ကောကောရုံးချုပ်၏ မန်နေဂျာချောင်က ပြုံးလိုက်လေသည်။

"ဒီအစာဆိပ်သင့်မှုကြောင့် ဝကစ်ကစ်ကုမ္ပဏီရဲ့ လုပ်ငန်းတော့ ပျက်စီးတော့မှာပဲ။ ဘယ်သူက သူတို့ဆီကို ထပ်သွားတော့မှာလဲ"

အစတုန်းက ဝကစ်ကစ်နှင့် ဖန်ကောကောတို့သည် တစ်ပုံစံတည်းတူသော ကုန်ပစ္စည်းများကို ရောင်းချကြသော်လည်း ဝကစ်ကစ်၏ အရောင်းရဆုံးပမာဏက ဖန်ကောကောထက် များစွာသာလွန်နေခဲ့သည်။

စီးပွားရေးပြိုင်ဘက်များမှာ ရန်သူများဖြစ်သည်ဟူသော ဆိုရိုးစကားအတိုင်းပင်။ ဖန်ကောကောသည် သူတို့၏ပြိုင်ဘက်ကို ဖြုတ်ချနိုင်မည့် အခွင့်အရေးကို အမြဲရှာဖွေနေခဲ့သည်ဖြစ်ရာ ယခုတော့ ထိုအခွင့်အရေးက ရောက်လာခဲ့လေပြီ။

••••••••••••••••••••

All Chapters