အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
Chapter 149
ဝေဟင်ကမ္ဘာပန်းကန်လုံးလည်း နဖူးစည်းတစ်ခုအသွင်ပြောင်းလိုက်၏။ အနှီနဖူစည်း၏မျက်နှာပြင်မှာ ရွေရောင်လက်နေလေရာ ဝိညာဉ်စုဆောင်းသည့်လက်နက်အစား ဧကရာဇ်တစ်ပါး၏အသုံးအဆောင်နှင့်သာပိုတူနေခဲ့၏၊ သို့လင့်ကစား ၎င်းထဲတွင် ကိုးထောင်သောဝိညာဥ်တို့မှာ အညှိုးအတေးများစွာပြည့်လျှံနေပြီး ပြည့်သိပ်ထည့်ခံထားရလေသည်ပင်။
ထို့နောက် ရွှေရောင်အလင်းတစ်ခုထွက်ပေါ်လာရာ ဝိညာဉ်တို့ပေါ်ရှိ အနက်ရောင်နတ်ဆိုးချီစွမ်းအင်များကလည်း အငွေ့ပျံလျက်၊ သူတို့၏ဒေါသတကြီးနားကျည်းနေသောအမူအရာများကလည်း အေးချမ်းလာပြီး သူတို့၏မျက်ဝန်းထဲ ကြည်လင်သန့်စင်မှုတစ်ရပ်ပေါ်လာလေ၏။
ဝိညာဉ်သန့်စင်ခြင်းပြီးသွားသည့်အခါ လောင်ချမ်လည်း ချုပ်နှောင်ထားခြင်းကို ဖြေလျော့လိုက်တော့သည်။
ပထမဆုံးဝိညာဉ်တစ်ခုက နဖူးစည်းမျက်နှာပြင်ပေါ်တွင် ပေါ်ပေါက်လာ၏။
၎င်းမှာ သက်လက်ပိုင်းအရွက်ကျင့်ကြံသူတစ်ယောက်ပင်၊ ထိုသူက စုယွမ်ကို ဂါဝရပြုလာလျက်၊ ထို့နောက်တွင် အမည်မသိအားတစ်ခုခုဆီမှဆွဲခေါ်ခံထားသည့်အတိုင်း လေထဲတိုးဝင်ပျောက်ကွယ်သွားလေသည်။ ဖြစ်တန်သည်မှာ ပြန်လည်ဝင်စားရာ သံသရာစက်ဝန်းထဲသို့ပြန်လည်ရောက်ရှိသွားခြင်းဖြစ်ရချေမည်။
【ဒင်၊ကျော်ကြားမှုအမှတ်+555】
စုယွမ်လည်း တုံ့ဆိုင်းသွားပြီးမေးလိုက်သည်။
“အဲ့ဒီယင်ဝိညာဥ်က အစက ကျင့်ကြံဆင့်ဘယ်လောက်ရှိတာလဲ။”
“ရွှေအမြူတေအဆင့်ပါ၊ ဘာဖြစ်လို့လဲ။”
လောင်ချမ်မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။”
စုယွမ် ခေါင်းခါလိုက်သည်။
တစ်ယောက်ပြီးတစ်ယောက်ဟာ နဖူးစည်းအတွင်းမှပျံထွက်လာကြလျက်၊ တစ်ယောက်ချင်းစီကလည်း စုယွမ်ကို အရိုအသေပြုကာ လေးစားမှု သို့မဟုတ် ကျေးဇူးတင်ဟန်တို့ ပြသလာရင်း ဖြေးညင်းစွာပျောက်ကွယ်သွားကြလေ၏။
စနစ်မြည်သံတို့ကလည်း စုယွမ်နားထဲ ဆက်တိုက်ကြားယောင်နေလေသည်။
【ဒင်၊ကျော််ကြားမှုအမှတ်+666】
【ဒင်၊ကျော်ကြားမှုအမှတ်+44】
【ဒင်၊ကျော်ကြားမှုအမှတ်+7】
စနစ်သံများမြည်လာသည့်အလျောက် စုယွမ်လည်း ကျော်ကြားမှုအမှတ်ပေးစည်းမျဥ်းပုံစံတစ်မျိုးကို ပနည်းငယ်နားလည်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ရွှေအမြူတေအဆင့်များက ၎င်းတို့ပုံမှန်ရှိသည်ထက် အမှတ်သုံးဆရစေပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်များကတော့ ၁နှစ်၊ ချီစုဆောင်းခြင်းအဆင့်များကတော့ အမှတ်အနည်းငယ်ပိုများလာပေ၏။
ထို့ကြောင့် ရလာသောကျော်ကြားမှုမှတ်များမှာ ၆၆၆မှတ်၊၆မှတ်၊ ၆၀မှတ် စသည်ဖြင့်ရှိနေခြင်းပေ။
ထို့အပြင် ဤထဲတွင် စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်မရှိ၊ ၎င်းတို့က အစကတည်း တိုက်ပွဲများထဲတွင် အသုံးပြုခံရပြီးဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျန်ခဲ့သောဝိညာဉ်များထဲ အမြင့်ဆုံးဟူ၍ရွှေအမြူတေအဆင့်သာရှိတော့ပေသည်၊ သို့သော်အနိမ့်ဆုံးကလည်း ချီစုဆောင်းအဆင့်နှောင်းပိုင်းတို့ဖြစ်နေလေ၏။
စုယွမ်မှာ သူ၏ကျော်ကြားမှုမှတ်တို့ကိုကြည့်ရင်း အမူအရာကလည်း ရှုပ်ထွေးလာရသည်။ သူ ဤအမှတ်များက သူကောင်းတာလုပ်၍ပြန်ရသည့်ဆုများဟူ၍သာပြောနိုင်တော့သည်။
ထို့နောက်သူ ရုတ်တရက် ကျော်ကြားမှုအမှတ်ရဖို့နည်းလမ်းကောင်းတစ်ခုကိုတွေးမိသွားရ၏၊ ၎င်းမှာ တစ္တေဂိုဏ်းမှလူများကိုဖမ်းကာ အမှတ်စုဆောင်းရန်ပင်၊ နောက်ပြီး ရရှိလာသည့်အမှတ်များကလည်းတော်တော်လေးမြင့်သည်လေ။
ယခုတွင် သူ၏ကျော်ကြားမှုအမှတ်မှာ ၄၈၅၀၀၀အထိမြင့်တက်သွား၏။ ဤသည်မှာ တစ်ချီတည်းဖြင့် အမှတ်သုံးသိန်းလောက် မြတ်သွားရခြင်းပါပေ။
စုယွမ် တကယ်ကို ပျော်လာရသည်၊ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်တစ်ယောက်ကိုသတ်လိုက်သည့်အတွက်ရရှိလာသောဆုမှာ တကယ်ကို အဖိုးတန်သည်ပဲ။
သူ၏အပျော်များဆက်လက်ရန် အကြောင်းဖန်သည့်အလား ငွေဖြူဝိညာဥ်ရေကန်အလယ်ကူးခတ်နေကြသော ရောင်စုံရှိပိုးအိမ်လေးများမှာ အရိပ်အယောင်တစ်မျိုးပြလာလေသည်။
စုယွမ်လည်း ချက်ချင်းလှည့်ကြည့်လိုက်၏။
သူ အနှီရောင်စုံပိုးအိမ်များတစ်လက်မချင်းကွဲအက်လာတာကိုမြင်လိုက်ရသည်။
ထို့နောက်တွင်မူ ၎င်းထဲမှ အလွန်တရာကိုလှပသောဝိညာဉ်ငါးတစ်ကောင်ဟာ အထဲမှပျံထွက်လာလေ၏။
ကိုးခြယ်အမတငါးမှာ ဝေဟင်ထက်ပျံသန်းလျက် ပျံတန်းလိုက်သည့်နေရာတိုင်းတွင် သက်တန့်ရောင်ခြယ်တို့ကို ချန်ရစ်ခဲ့လေသည်။
ရှောင်ချိုက်၏မျက်ဝန်းလေးများထဲတွင်လည်း အရောင်မျိုးစုံတောက်ပနေလျက်၊ အထူးသဖြင့်အရေးကြီးဆုံးမှာ သူမမျက်ဝန်းရှိအကြည့်များအရ ဥာဏ်ရည်ကလည်းသိသိသာသာတိုးမြင့်လာသည့်ပုံပင်။ သူမထံမှ ချိုမြန်သောအသံလေးတစ်ခုပင်ထွက်လာသေး၏။
“စုယွမ်၊ ကျွန်မအဆင့်တက်သွားပြီ။”
ရှောင်ချိုက်ဟာ ပျော်ရွှင်စွာ ပျံဝဲနေလေ၏။
စုယွမ်လည်း သူမကို လက်ဆန့်ကာဖမ်းလိုက်သည်။ ငါးလေးကလည်း သူမ၏ခေါင်းဖြင့် စုယွမ်ကို ဝင်တိုက်လာ၏။
ထို့နောက် စုယွမ်တစ်ကိုယ်လုံးမှာ လေထဲ ဘောလုံးလေးတစ်လုံးလိုလွှင့်စင်သွားပြီး ရေတံခွန်ဘေးရှိကျောက်တုံးနှင့်တိုက်မိသွားလျက် အနှီကျောက်တုံးပေါ်တွင် လူပုံစံချိုက်ခွက်ကြီးတစ်ခုကျန်ရစ်ခဲ့လေသည်။
ဤသို့ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ကျသွားတော့သည်။
ရှောင်လီမှာ ရှောင်ချိုက်နှင့် အကွာအဝေးခြားကာရပ်လိုက်၏။
“အဟမ်း၊အဟမ်း၊အဟမ်း။”
စုယွမ်မှာ ကုန်းရုန်းကာပြန်ထလာ၏။သူ၏မျက်နှာတစ်ခုလုံးမှာ ဖုန်မှုန့်၊သဲမှုန့်များပေကျံနေလေရာ အတော်လေးတော့ ဖရိုဖရဲသနားစရာကောင်းနေသည်ပင်။
ရှောင်ချိုက်မှာ တုံ့ပြန်လာပါ၏။
“စုယွမ်၊ အဆင်ပြေရဲ့လား။”
သူမက ချက်ချင်း အမြန် ပျံသန်းလာသည်။
“ရပ်။”
စုယွမ်၏အမူအရာမှာပြောင်းလဲသွားပြီး ချက်ချင်းအော်လာ၏။
ထိုအခါမှသာ ရှောင်ချိုက်လေးက ရပ်တန့်သွားလျက်၊ သူမ၏မျက်နှာလေးတွင်ပင် ရှက်ရွံ့ဟန်လေးပေါ်လာ၏။
“ကျွန်မ၊ ကျွန်မ အခုမှအဆင့်တက်သွားတာမို့၊ အားမထိန်းတတ်ဘူးဖြစ်သွားတာ။”
စုယွမ်လည်း ကိုယ်ကိုခါလိုက်တော့ တစ်ကိုယ်လုံးရှိဖုန်များကချက်ချင်းလွှင့်သွားလေ၏။ သူ့တစ်ကိုယ်လုံးကတော့ အကောင်းကတိရှိနေဆဲဖြစ်ပြီး အရှိန်အဝါကလည်း အနည်းငယ်တောင် ဂယက်မထသွားပါပေ။
လောင်ချမ်၏မျက်ခမ်းစပ်များမှာတွန့်သွားရင်း တစ်ကိုယ်တည်းတွေးမိရသည်။
“ဒီကောင်လေးခန္ဓာကိုယ်က တော်တော်မာတာပဲ။ သူနဲ့ယောင်သားရဲကြားဘာကွာသေးလို့လဲ။ သူက ယောင်သားရဲတွေကြားဘုရင်တောင်ဖြစ်လာနိုင်သေး။”
စုယွမ်လည်း ရှောင်ချိုက်နှင့် ခဏလောက်ဆော့ကစားနေလိုက်၏။
ရှောင်ချိုက်က ရုတ်တရက်ထပြောလာလေသည်။
“ကျွန်မလည်း နာမည်တစ်ခု သေချာလိုချင်တယ်။”
“အမ်း။”
စုယွမ်လည်း ခဏလောက်စဥ်းစားလိုက်ပြီးပြောလိုက်သည်။
“အဲ့ဒါဆိုရင်လည်း စုစစ်လို့ခေါ်ကြတာပေါ့။”
“အဆင်ပြေသားပဲ။”
“စစ်ဆိုတာ အရည်အချင်းရှိတယ်လို့အဓိပ္ပါယ်ရတယ်။ အခုကစပြီး မင်းက ကိုးရောင်ခြယ်အမတငါးထဲ အရည်အချင်းအရှိဆုံးဖြစ်လာတော့မှာမလို့။”
“ကောင်းတယ်၊ကောင်းတယ်။”
ရှောင်ချိုက်လေးမှာ ချက်ချင်း သဘောတူလာသည််။
ရှောင်လီနှင့်လောင်ချမ်ကတော့ အကြည့်ချင်းဖလှယ်မိသွားကြ၏။
ဤနေရာတွင် ကိုးရောင်ခြယ်အမတငါးနောက်တစ်ကောင်ရှိသေးသည်များလား။
Chapter 150: ဂိုဏ်း၏အမည်ကို ခုနစ်စဥ်ကြယ်ဂိုဏ်းဟု ပြောင်းလဲပေးခြင်း။
စုယွမ်လည်း ပျင်းလာသလိုခံစားလိုက်ရသည်။
သူ ခြံဝန်းမှ ထွက်ကာ တောင်ထိပ်တစ်လျှောက်လှည့်ပတ်ကြည့်မိ၏။
ထောင့်ချိုးတစ်နေရာတွင် သူ ချီစုဆောင်ခြင်းအဆင့်ငါးလောက်ရှိမည့်တပည့်တစ်ဦးက ကျောက်တိုင်ခုနစ်ပေါ်တွင် ပျံဝဲနေတာကို မြင်လိုက်ရသည်။
ကျောက်တိုင်များမှာ ခုနစ်စဉ်ကြယ်၏အသွင်သဏ္ဍန်စီစဉ်ထားပြီး အနှီတပည့်လေးက ထိုကျောက်တုံးများအပေါ်တွင် စဉ်ဆက်မပြတ်လှုပ်ရှားနေလေ၏။
ထို့နောက်တွင် တပည့်လေးက ဟန်ချက်ပျက်သွားပြီး လေဟာနယ်ထဲနင်းမိကာ ပြုတ်ကျလာတာကို မြင်လိုက်ရသည်။
ဝုန်း။
အောက်ဘက်ရှိမြေသားက နူးညံ့သည့်အတွက် တပည့်လေးမှာ များစွာတော့ ထိခိုက်မသွားခဲ့၊ သူလည်း လက်ဆန့်ထုတ်ပြီး မျက်နှာပေါ်ရှိမြေကြီးများကို သပ်ချကာ ပါးစပ်ထဲဝင်သွားသောသဲများကိုလည်း ထွေးထုတ်လိုက်၏၊ ထို့နောက်တွင်တော့ အနှီသူက ကျောက်တိုင်များအပေါ်ပြန်ခုန်တက်လိုက်သည်။ အနှီလူက ခုနစ်စဉ်ကြယ်လွှင့်မြောခြေလှမ်းကျင့်စဉ်ကို ကျင့်ကြံနေခြင်းပါပင်။
စုယွမ်လည်း ထိုမြင်ကွင်းကို ဘေးဘက်မှတစ်ချိန်လုံး ရပ်ကြည့်နေမိ၏။
သုံးနာရီတိတိကျသွားပြီးနောက်တွင် တပည့်လေးက ရပ်တန့်သွားလေပြီ။ သူ၏မျက်နှာတွင် ဒဏ်ရာများစွာပါရှိနေလျက် အတော်လေးဖရိုဖရဲဖြစ်နေလေ၏။
သူလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး စုယွမ်ဘေးလျှောက်လာခဲ့လိုက်သည်။
“ဂိုဏ်းတူအစ်ကို၊ မင်းက တကယ်စိတ်ရှည်တာပဲ။ ကျွန်တော် လေ့ကျင့်တာကို သုံးနာရီလုံးလုံးရပ်ကြည့်နေနိုင်တာပဲ။”
တပည့်လေးမှာ စုယွမ်ကို အံ့ဩနေလေသည်။
“မဟုတ်တာ၊ သုံးနာရီလုံးလေ့ကျင့်ရတာကမှ သုံးနာရီလုံးဒီအတိုင်းရပ်နေတာထက် ပိုပင်ပန်းပါတယ်။ မင်းက ငါ့ထက် ပိုစိတ်ရှည်တာပေါ့။”
စုယွမ်လည်း ပြုံး၍ပြန်ပြောလိုက်သည်။
“ဟင်း၊ ဇွဲရှိတာကလည်း နားမလည်ရင် အသုံးမဝင်ပါဘူးဗျာ။ ကောင်းကင်တာအိုသဘောတရားကြီး ကျွန်တော့်အရှေ့ရပ်နေတောင် ကျွန်တော် အောင်မြင်အောင် ကျင့်ကြံနိုင်မှာ မဟုတ်ဘူး။”
သူက ကျောက်တိုင်ခုနစ်ခုကို ကြည့်ရင်း သက်ပြင်းချလာလျက်၊ အမူအရာကလည်း စိတ်ပျက်အားလျော့နေသည့်ဟန်ပင်။
စုယွမ်လည်း ပြောလိုက်သည်။
“မင်းက အကြီးအကဲစုရဲ့ထိပ်သီးကျင့်စဉ်တွေကို ကျင့်နေတာမလား။”
“ဒါပေါ့ဗျ၊ တောင်ထိပ်တစ်ခုလုံးက တပည့်တွေအကုန် အဲ့ဒါကို သင်နေကြတာပဲလေ။ တော်တော်များများက ဒီနေရာကိုလာလေ့ကျင့်ပြီး သိပ်မကြာဘူး၊ တတ်သွားပြီး ပြန်သွားကြတာပဲ။ အခုဆို ဒီမှာ ကျွန်တော်တစ်ယောက်တည်းကျန်တော့တာ၊ အချိန်တွေကုန်ပါတယ်ဗျာ။”
တပည့်က သက်ပြင်းချလာသည်။
စုယွမ်လည်း ကိုယ့်မျက်နှာကိုယ်ပြန်ထိကြည့်လိုက်မိ၏၊ သူလည်း သူ့ပုံစံကိုဘာမှမပြောင်းရသေးသည်လေ။ ထို့ကြောင့် သူလည်း ထုတ်မေးလိုက်မိသည်။
“မင်း ငါ့ကို မမှတ်မိဘူးလား။”
“ဟမ်၊ ဂိုဏ်းတူအစ်ကိုက ကျော်ကြားတဲ့သူလား။ ကျွန်တော်က လက်နက်ရေးရာတောင်ထိပ်ကနေ ကူးပြောင်းလာတဲ့သူမလို့ပါ။”
အနှီသူက ရှက်ရွံ့စွာ ပြောလာ၏။
စုယွမ်လည်း ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်၏။
“မင်း ခုနစ်စဉ်ကြယ်လွှင့်မြောကျင့်စဉ်ကို ကျင့်မယ်ဆိုရင် မင်းခြေထောက်အောက်က ကျောက်တိုင်တွေကိုပဲ ကြည့်မနေသင့်ဘူး။ ကောင်းကင်ကိုလည်း မော့ကြည့်ရတယ်။”
တပည့်လေးမှာ ရပ်တန့်သွား၏။ သူလည်း ခုနစ်စဉ်ကြယ်က လင်းလက်စွာတောက်ပနေသော ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ အချိန်နှင့်အမျှ ကြယ်စွမ်းအင်တို့က တောင်ထိပ်၏နေရာအသီးအသီးထံ စွဲယူခံရလျက်၊ ကြည့်ရသည်မှာ တပည့်တော်တော်များများက ကြယ်စွမ်းအင်ကို ဆွဲယူနေသည့်ပုံပေ။
သူလည်း ခုနစ်စဉ်ကြယ်ကို ခေါင်းထဲဗလာဖြစ်စွာ စိုက်ကြည့်မိသွားသည်။ သူ လပေါင်းများစွာလေ့လာခဲ့သောအသိဉာဏ်များမှ ခုနစ်စဉ်ကြယ်ထံမှ အလင်းဖွင့်ပေးခံလိုက်ရသည့်အလား၊ သူ့ရင်ထဲ နားလည်မှုတစ်ရပ်က ပေါ်ပေါ်ကလာခဲ့၏။
မသိလိုက်ဘာသာဖြင့် သူ ကျောက်တုံးများထံ ပြန်တက်လိုက်မိသည်။ ဤတစ်ကြိမ်တွင်မူ သူ အောက်ကိုသာငုံ့ကြည့်မနေတော့၊ ထိုအစား ခေါင်းကို မော့လို့ ခုနစ်စဉ်ကြယ်ကိုသာ စူးစိုက်ကြည့်နေမိ၏။
သူလည်း ခုနစ်စဉ်ကြယ်လွှင့်မြောကျင့်စဉ်ကို စလိုက်သည်။ ပထမကတော့ အနည်းငယ် ကို့ရို့ကားယားဖြစ်နေသော်လည်း မကြာမီတွင် ချောမွေ့လာခဲ့၏။ သူ အောက်ရှိကျောက်တိုင်များကို ငုံ့မကြည့်မိသည့်တိုင် သူ၏ခြေလှမ်းများကတော့ အလွန်တည်ငြိမ်ဖြတ်လတ်နေလေ၏။ ထိုအချိန်တွင် ကြယ်အလင်းတစ်တန်းဟာ သူ့ဆီဆင်းသက်လာတော့သည်။
သူ လှုံ့ဆော်ခံလိုက်ရသည့်အတိုင်း ကျောက်တိုင်များ၏အလွန်ကို ခြေလှမ်းမိသွား၏၊ သို့သော် သူ ပြုတ်ကျမသွားခဲပါလေ၊ သူ၏ခြေလှမ်းများအောက် ကြယ်စွမ်းအင်တို့ကရောက်လာပြီး သူ့ကို ရှေ့သို့ဆက်သွားနိုင်အောင် ကူညီပေးလာခဲ့သည်။
ထို့နောက်တွင် ကြယ်စွမ်းအင်က သူ့ခြေလှမ်းများနှင့် မြဲမြံသွားတော့သည်၊ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကြယ်စွမ်းအင်ပေါ်သို့သာ ရောက်ရှိသွားပြီး ကြယ်စွမ်းအင်နှင့် သူ့ခြေလှမ်းက တသားတည်းကျသွားတော့လေ၏။
သူလည်း တောအုပ်များထဲပါ ဆက်လှမ်းကြည့်လိုက်သည်။ ခုနစ်စဉ်ကြယ်၏ကြယ်စွမ်အင်ကလည်း သူ့အောက်ကပ်ပါလာလေ၏။
“လုပ်နိုင်သွားပြီ၊ ငါ လုပ်နိုင်သွားပြီကွ။ ဟားဟားဟား။ လပေါင်းများစွာ ခက်ခက်ခဲခဲကျင့်ကြံပြီးတော့ နောက်ဆုံးတော့ ငါ ဝင်ခွင့်အဆင့်ကို ရောက်သွားပြီ။”
သူ့မှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်မိသွားသည်။ ထို့နောက် သူလည်း စုယွမ်ကို သတိရသွားပြီး သူရပ်နေသည့်ဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။
သို့သော် သူ အနှီလူက လမ်းလျှောက်ထွက်သွားတာကို မြင်လိုက်ရပြီး နောက်ကျောပုံရိပ်ငယ်လေးကိုသာ မြင်ရတော့ပေသည်။
သူလည်း အမြန်ပြေးသွားကာ အော်ဟစ်လိုက်သည်။
“ဂိုဏ်းတူအစ်ကို၊ နာမည်ဘယ်လိုခေါ်လဲ။ ကျွန်တော့်နာမည်က လင်ခွမ်ပါ၊ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
စုယွမ်လည်း လက်ကိုနောက်ပစ်၍သာ ဝေ့ယမ်းပြလိုက်၏၊ ထို့နောက် သူ၏အသံက အနောက်သို့ ပျံ့လွှင့်လာလေသည်။
“မင်း မင်းရဲ့ခြေလှမ်းကို မြေပြင်ပေါ်မှာတည်ငြိမ်အောင်ထိန်းထားဖို့လိုရုံတင်မကဘူး၊အပေါ်က ကြယ်တွေကိုလည်း မော့ကြည့်ရမယ်။ မင်း ပထမပိုင်းပြီးသွားတဲ့အခါကျရင်တော့ ငါဘယ်သူလဲဆိုတာ သိလာမှာပါ။”
စုယွမ်၏အဝေးရောက်နောက်ပုံရိပ်လေးမှာ ထောင့်ချိုးတစ်ခုနားတိုးဝင်ပျောက်ကွယ်သွားတော့သည်။
လင်ခွမ်လည်း တစ်ဖက်လူ၏တာအိုဝတ်စုံကတစ်ခုခုမှားနေတာကို သတိထားမိသွား၏။ သူလည်း ခဏမျှ ကြောင်အမ်းသွား၍ လေထဲမှ ခေါင်းနှင့် အောက်သို့ပြုတ်ကျတော့သည်။
ဒုန်း။
“အား၊ ငါ့ခြေထောက်။”
【ဒင်၊ ကျော်ကြားမှုအမှတ် + 5】
စုယွမ် စနစ်မျက်နှာပြင်ကို ရှုပ်ထွေးစွာ ပြန်ကြည့်လိုက်မိ၏။
“စနစ်က ငါထွက်လာတာ တော်တော်ကြာမှ မြည်လာတော့တယ်။ စနစ်က ချက်ချင်းမြည်သင့်တာမဟုတ်ဘူးလား။”
စုယွမ် ရေရွတ်လိုက်သည်။
စုယွမ်လည်း သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ထဲ ဆက်လျှောက်နေလိုက်သည်။ သူ သူ့ကျင့်စဉ်များကို ကျင့်ကြံနေကြသော တပည့်များစွာကို လမ်းတစ်လျှောက်တွေ့မြင်ခဲ့ရ၏၊ ကောင်းကင်မှ ခုနစ်စဉ်ကြယ်စွမ်းအင် ဆင်းသက်လာတာကိုတောင် အချိန်နှင့်အမျှမြင်နေ၏။
ထိုသို့ ကောင်းကင်ရှိခုနစ်စဥ်ကြယ်လွန်စွာတောက်ပပေးနေရာ လူအများအတွက်လည်း ကျင့်စဥ်များကို နားလည်ရာတွင် များစွာအထောကာအကူဖြစ်နေတော့သည်။
“နေပါဦး။”
စုယွမ်မှာ ကောင်းကင်ကို ပြန်ကြည့်လိုက်တော့ ကြယ်စွမ်းအင်တို့က သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ကိုသာ ကျရောက်နေတာမဟုတ်ကြောင်း၊ အခြားတောင်ထိပ်များဆီကိုပါကျရောက်နေလျက် ပမာဏကလည်း နည်းနည်းနောနောမဟုတ်ကြောင်း တွေ့လိုက်ရသည်။
ညနက်ပိုင်းသို့ရောက်ရှိလာသည့်အချိန်တွင်တော့ ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းတစ်ခုလုံးအပေါ်သို့ကျရောက်နေသော ကြယ်စွမ်းအင်မှာ ပို၍မြင်သာလာခဲ့သည်။ ခုနစ်စဉ်ကြယ်မှ ကြယ်စွမ်းအင်မှာကား မြစ်တစ်စင်းအလားစုစည်း၍ သေမျိုးကမ္ဘာရှိ ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းဆီသို့ အလွန်များပြားစွာကျရောက်နေခြင်းဖြစ်ပေသည်။
စုယွမ်လည်း ကောင်းကင်သို့ပျံသွားပြီး လေထုအလယ် ရပ်တန့်လိုက်သည်။
အဝေးကနေကြည့်လျှင် ကြယ်စွမ်းအင်မြစ်ကြောကြီး စီးဆင်းနေပုံမှာ ပို၍သိသာနေလေ၏။
စုယွမ်လည်း ကြောင်အမ်းသွားရသည်။ ဤသို့အံ့ချီးဖွယ်မြင်ကွင်းမှာကား ခုနစ်စဉ်အကြွင်းမဲ့တစ်ဂိုဏ်းလုံးက ကျင့်ကြံသူများစွာက သူ၏ထိပ်သီးကျင့်စဉ်များကို ကျင့်ကြံနေကြောင်းသက်သေပင်။ ဤအရေအတွက်မှာကား သူတွေးထားသည်ထက်တောင် ပို၍များပြားနေခဲ့ပေသည်။
ထို့နောက် သူ သေချာကြည့်လိုက်တော့ နေရာအတိအကျကို မြင်လိုက်ရချိန်ပို၍ထိတ်လန့်သွားခဲ့ရ၏။ သူ ဂိုဏ်းထဲရှိဝိညာဉ်စိုက်ခင်းရှိသမျှနေရာတိုင်းက ခုနစ်စဉ်ကြယ်အစီအရင်တို့ရှိနေတာကို မြင်လိုက်ရသည်။
ကြယ်စွမ်းအင်များမှာ ဝိညာဉ်ပျိုးပင်များဆီသို့ကျရောက်ရင်း အပင်များကို အားဖြည့်ပေးနေတာကို မြင်လိုက်ရ၏။ အပင်တစ်ခုချင်းစီအတွက်လည်း ခုနစ်စဉ်ကြယ်အစီအရင်တစ်ခုက ချမှတ်ပေးထားလျက်၊ ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းထဲတွင်လည်း ဝိညာဉ်ပင်များစွာရှိရာ ကောင်းကင်မှ စုပ်ယူနေသောကြယ်စွမ်းအင်တို့က အလွန့်အကျွံကို များပြားနေတော့သည်။
ဝိညာဉ်ပင်တို့က ကြယ်စွမ်းအင်ရှိသမျှကို အကုန်အစင်မစုပ်ယူနိုင်ပေ၊ သို့ဖြစ်ရာ ဝေဝါးဝါးကြယ်အလင်းက ဂိုဏ်းတစ်ခုလုံးပျံ့နှံ့လျက် ဂိုဏ်းထဲရှိနေရာတိုင်းမှာ ကြယ်အလင်းအမှုန့်များကြောင့် တလက်လက်တောက်ပနေပြီး ဂိုဏ်းကြီးမှာ အိမ်မက်ဆန်ဆန်ပုံရိပ်ဖြစ်နေ၍ မသိလျှင် စိတ်ကူးယဉ်နေရာတစ်ခုအတိုင်းဖြစ်နေတော့သည်။