← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

Chapter 145

မြူခိုးငွေ့လည်းထောင့်တွင် ပုန်းလိုက်ပြီး ကျောက်တုံးကို မှုန်မှိုင်းမှိုင်းဖြင့် စိုက်ကြည့်နေလိုက်၏။

ခန့်မှန်းစရာပင်မလို၊ အနှီကျောက်တုံးတွင် တစ်ခုခုတော့ ထောင်ချောက်ဆင်ထားလိမ့်မည်သာ။ သူသာ ထိုအရာကို ဖျက်စီးလိုက်ပါက ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကျင့်ကြံသူတစ်အုပ်ပေါ်လာနိုင်ပေ၏။

သို့သော် သူ ဤအတိုင်း ထားလိုက်ပါလျှင်လည်း သူ့ရင်ထဲ နေမထိထိုင်မသာဖြစ်ရချေမည်။

သူလည်း ပတ်ဝန်းကျင်ကို အကြာကြီးလေ့လာသော်ငြား အစီအရင်တစ်ခုခုချထားမည့်အရိပ်အယောင်မတွေ့ပါပေ။ အနှီကျောက်တုံးမှာ သာမာန်ကျောက်တုံးပုံသာပေါက်နေရာ သူ့ကို လက်ယားလာစေ၏။

“ဘယ်လိုခွေးသတောင်းစားကများ ဒါကိုရေးသွားရတာလဲ။ တကယ်ကို ယုတ်ညံ့တာပဲ။”

မြူခိုးငွေ့အကြီးအကဲမှာ စိတ်ထဲ ထိုလူကို အပြင်းအထန်ကျိန်ဆဲနေမိသည်။ သူ တဖက်လူ၏နာမည်ကို မသိသော်လည်း သေချာပေါက်ကို တစ်ဖက်လူ၏မျိုးရိုးဆယ့်ရှစ်ဆက်လောက်ကို တူးထုတ်ကာ ကျိန်ဆဲချင်မိပါ၏။

“ဟမ့်၊ ငါ အရူးလုပ်ခံရလို့မဖြစ်ဘူး။”

မြူခိုးငွေ့မှာ မျက်နှာကြီးမဲလျက် ထွက်သွားဖို့သာဆုံးဖြတ်လိုက်၏။

အကွာအဝေးတစ်ခုထိရောက်တော့ သူ ထိုသို့ရေးထားသောကျောက်တုံးနောက်တစ်ခုကို တွေ့လိုက်ရပြန်သည်။

“ငကြောက်ကောင်၊ အမှိုက်ကောင်။ ဒီအတိုင်း ထားခဲ့မှဖြစ်မယ်။ တောတောင်ကြီးသာ စိမ်းဆန်းနေသရွေ့ ထင်းမီးအတွက်စိုးရိမ်စရာမလိုပါဘူးလေ။ တွေ့ကြရဦးမှာပဲ။”

မြူခိုးငွေ့၏မျက်ခပ်ထောင့်များမှာ တုန်ယင်လို့ ချက်ချင်းပင် ထွက်စိန်ခေါ်လိုက်ချင်ပါ၏။

မြူခိုးငွေ့မှာ အံတင်းတင်းသာကြိတ်ထားရသည်။

သူ၏ပြေးကွယ်ပုန်းရှောင်သောနည်းလမ်းကတောင် အဆင့်တူများထက်သာလွန်သောကြောင့် လွှတ်မြောက်ခဲ့ပေရာ ဤသို့သောကလေးကလားဆန်ဆန်ဟာသတစ်ခုကြောင့် ပြန်မိခံရမည်လား။

သူကဲ့သို့သော ဂုဏ်သရေရှိလှသည့်ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်နတ်ဆိုးအိုကြီးတစ်ယောက် ဤစကားလုံးများကြောင့် လှောင်ပြောင်ခံရမည်လား။

မြူခိုးငွေ့နတ်ဆိုးမှာ အထင်သေးစွာသာ ခေါင်းခါလျက်ရင်း ဤမကျေနပ်ချက်ကို သူ့စိတ်ထဲတွင်သာ သိမ်းထားလိုက်သည်။ သူသာ ပြန်သက်သာလာပါက သေချာပေါက်ကို ဒီမျိုးမစစ်အား....

ရုတ်တရက် ဓါးအလင်းတစ်ချောင်းက သူ့ဆီပြေးဝင်လာလေသည်။

မြူခိုးငွေ့၏အမူအရာမှာ ပြောင်းလဲသွားလျက်၊ သူ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးက ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

မြူခိုးငွေ့နတ်ဆိုးမှာလည်း သူ၏ရှေးဟောင်းဝိညာဉ်ကို မတတ်နိုင်ဘဲ ဖော်ထုတ်လိုက်ရ၍ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ရ၏။

“ဟားဟား၊ မင်းက တကယ်ဒီမှာပဲ။”

ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲ၏မျက်ဝန်းများက လက်သွားပြီး မြူခိုးငွေ့နတ်ဆိုးထံအကြည့်ကလည်း အလွန်တောက်ပသွားရ၏။

“ဟမ့်။”

“လွတ်မြောက်စေ။”

မြူခိုးငွေ့မှာ အနက်ရောင်မြူခိုးအသွင်ပြောင်းလျက် အဝေးသို့ ချက်ချင်းထွက်ပြေးတော့သည်။

ဤတစ်ကြိမ်တွင် သူ့တွင် ရှေးဟောင်းဝိညာဉ်သာရှိတော့သည်ဖြစ်ရာ သူ၏ခွန်အားမှာ တော်တော်လေး အားနည်းနေရ၏၊ သို့သော်ငြား ထွက်ပြေးသည့်စွမ်းရည်ကတော့ ရှေးဟောင်းဝိညာဉ်ကပိုကောင်းသည်ပင်။ အဓိကခန္ဓာကိုယ်၏အလေးချိန်မရှိတော့ရာ အရှိန်နှုန်းမှာ အဆရာချီပိုတက်လာလေ၏။ သူ ကြာကြာပြေးနေနိုင်မည်မဟုတ်သော်ငြား လွတ်မြောက်အောင်ထွက်ပြေးဖို့တော့ လုံလောက်သည်ပေ။

သူလည်း ကျင့်စဥ်ကိုသုံး၍ ပြန်ပုန်းကွယ်နေလိုက်သည်။

သူ၏ရှေးဟောင်းဝိညာဉ်မှ ဒဏ်ရာများက ပိုဆိုးလာရင်း စွမ်းအင်များကလည်း ပိုကုန်ဆုံးလာ၏။

သူ့မှာ တော်တော်အကျည်းတန်နေရလျက် ရင်ထဲတွင်လည်း မထိန်းနိုင်ဘဲ စိတ်ပူလာရသည်။

“ဟင်း၊ ငါသာကြိုသိရင် မြန်မြန်အဝေးကို ထွက်ပြေးဖို့ပဲလုပ်ပါတယ်။ အန္တာရာယ်အများဆုံးနေရာက အလုံခြုံဆုံးလို့ ဘယ်ကောင်ကပြောလဲ။ ငါတော့ သွားတာပဲ။”

မြူခိုးငွေ့မှာ သက်ပြင်းချရင်း စောက်ကျိုးနည်းစာသားများရေးခဲ့သောထိုလူကို စိတ်ထဲ ထပ်ကျိန်ဆဲလိုက်သည်။

ရုတ်တရက် သူ့ရင်ထဲ အချက်ပေးသံများမြည်သွားခဲ့၏။

သူတောင် မတုန့်ပြန်ရသေးခင်တွင် ကြောက်မက်ဖွယ်လှံတံကြီးမှာ မြေပေါ်သို့စိုက်ဝင်ရင်း မြူခိုးငွေ့၏ရှေးဟောင်းဝိညာဉ်ကို ခိုင်မြဲစွာချုပ်ထားလိုက်၏။

“နတ်ဘုရားစွမ်းရည်၊ မြူခိုးသို့ပြောင်းစေ။”

မြူခိုးငွေ့နတ်ဆိုး၏ရှေးဟောင်းဝိညာဉ်မှာ မြူခိုးအဖြစ်ပြောင်းလဲသွားလျက်၊ တစ်ဝက်က အငွေ့ပျံသွားပြီး တစ်ဝက်ကတော့ ရှေးဟောင်းဝိညာဉ်အဖြစ်ကျန်ရှိနေသေးလေသည်။

သူလည်း ဘာစကားမှမဆိုဘဲ လွှတ်မြောက်ကျင့်စဉ်ကို အသက်သွင်းကာ မြေကြီးထဲသို့ ထပ်မံပုန်းအောင်းလိုက်သည်။

သူ မြေအောက်ထဲတွင်လည်း နေရာကို ခဏခဏပြောင်းနေလိုက်သည်၊ သို့သော် သူ့တည်နေရာမှာ ပေါ်ပေါက်နေပုံပင်၊ ဘယ်နေရာရွေသည်ဖြစ်ဖြစ် တိုက်ခိုက်ခံနေရ၏။

ဤသို့ဖြင့် သူ၏ရှေးဟောင်းဝိညာဉ်မှာ အားနည်းသည်ထက် အားနည်းလာရတော့သည်။

မြူခိုးငွေ့နတ်ဆိုးမှာ သူဟာ သေခြင်းတရားနှင့်နီးကပ်လာပြီဖြစ်ကြောင်း သဘောပေါက်သွားပြီပင်။

သို့သော် သူမသေခင်တော့ သူတို့၏အစီအစဉ်ကို မည်သူပေါက်ကြားစေခဲ့သလဲသိချင်သလို၊ မဟုတ်တရုတ်စာများရေးခဲ့သောမျိုးမစစ်ကိုလည်း သိသွားချင်သေးသည်။

သူလည်း မြေပြင်ပေါ်နေရာတစ်ခုကို လွှတ်မြောက်လာသောအခါ ကျောက်တုံးကြီးတစ်ခုကို ထပ်တွေ့လိုက်ရာ ရင်ထဲစည်းချက်လွှဲသွားခဲ့ရ၏။

အနှီကျောက်တုံးပေါ်တွင်ရေးထားသည်မှာ အောက်ပါအတိုင်းဖြစ်၏။

“ကောင်းကင်သို့သွားရာလမ်းမရှိ၊ မြေကြီးသို့ဝင်ရန်တံခါးလည်းမရှိ၊ သနားဖွယ်ရာ ရောင်းရင်းထျန်ရှင်း၊ သေခြင်းဆီသာသွားလိုက်ပါတော့။”

“ဘာ။ ထျန်ရှင်းတဲ့လား။”

သူ့စိတ်ထဲ ထိတ်လန့်နေတုန်းမှာပင် သူ့အပေါ်သို့ တိုက်ခိုက်မှုများစွာက ရောက်ရှိလာပြီး မြူခိုးငွေ့နတ်ဆိုးအိုကြီးမှာ ကြွေလွှင့်သွားတော့၏။

ဤသို့ဖြင့် မြူခိုးငွေ့နတ်ဆိုးအိုကြီး၏ရှေးဟောင်းဝိညာဉ်မှာ ကွယ်ပျောက်သွားရလျက် လက်စွပ်တစ်ကွင်းသာ ကျန်ရစ်ခဲ့လေသည်။

အနီးနားရှိဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲများစွာမှာ ထွက်လာပြီး သူတို့၏အမူအရာကလည်း ထူးဆန်းနေရပေ၏။

“ဆိုးဆိုးဝါးဝါးသေသွားရတာပဲ။”

“ဒါက ဆက်ခံသူအရှင်စုရဲ့ဝေစုလို့ပြောလို့ရတယ်မလား။ သူ့ဆီသာ ပေးလိုက်။”

ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲများမှာ လက်စွပ်ကို သိမ်းယူရင်း ခုနစ်စဉ်အကြွင်မဲ့ဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။

အချိန်တစ်ခုကြာပြီးချိန်တွင် အစပထမ မြူခိုးငွေ့နတ်ဆိုးပုန်းကွယ်သွားရာနေရာ၌ အနက်ရောင်အရိပ်တစ်ခုကပေါ်လာပြီး မြူခိုးငွေ့နတ်ဆိုး၏စိတ်ဝိညာဉ်အဖြစ် ဖွဲ့စည်းလာ၏။

နတ်ဆိုးအိုကြီး၏ရှေးဟောင်းဝိညာဉ်က စိတ်ဝိညာဉ်အဖြစ်ပြိုကွဲသွားခဲ့ရတာပင်။

သို့သော် သူဟာ မသေသေး။

သူ သူ့အရှေ့ရှိ ကျောက်တုံးကို ကြည့်ရင်း အံတင်းတင့်ကြိတ်လိုက်၏။

“မထင်ထားဘူးမလား။ ငါ့မျာ နောက်ထပ်အရန်အစီအစဉ်ရှိနေသေးမယ်လို့။”

ထိုအချိန်တွင် အားကောင်းသောဖိအားတစ်ခုမှာ ချက်ချင်း ကျရောက်လာပြီး နဂိုတည်းက ယိမ်းယိုင်နေရှာသောစိတ်ဝိညာဉ်ကို အေးခဲသွားစေပြီး သူ၏ခွန်အားများလည်း ချိတ်ပိတ်ခံလိုက်ရသည်။

ကောင်းကင်ရှိခုနစ်စဉ်ကြယ်ကလည်း လင်းလက်သွားပြီး ကြယ်အလင်းတို့က ဓါးရှည်အသွင်ပြောင်းကာ မြေပြင်သို့ ဆင်းသက်လာခဲ့သည်။

ဝုန်း။

မြေပြင်၌ လျှိုမြောင်းကြီးပေါ်လာတော့၏။

ကြယ်အလင်းတို့မှာ တစ်ခဏမျှ မြေပြင်တွင် ဝေ့ဝဲနေလျက် မြူခိုးငွေ့နတ်ဆိုးအိုကြီး သေဆုံးသွားကြောင်းသေချာသွားမှသာလျှင် ပြန်လည်ပျောက်ကွယ်သွားတော့သည်။

Chapter 146: ဝေဟင်ကမ္ဘာပန်ကန်းလုံးကို သန့်စင်ခြင်း။

လွှင့်မြောအလင်းဘူးသီးခြောက်ထဲတွင် စုယွမ်ဟာ မာန်နတ်ဆိုးနှင့် မြူးခို့ငွေ့နတ်ဆိုး၏သိုလှောင်လက်စွပ်များကို သန့်စင်ခဲ့ပြီးလျှင် အထဲရှိအရာအားလုံးကို ထုတ်လိုက်ရာ ရလဒ်အနေဖြင့် ငွေဖြူဝိညာဉ်ရေတံခွန်ဘေးတွင် ပစ္စည်းပုံကြီးနှစ်ပုံတောင် ဖြစ်ပေါ်သွားလေ၏။

ဤဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်နတ်ဆိုးအိုကြီးနှစ်ဦးမှာ တကယ်ကို ချမ်းသာသည်ပဲ။ အင်မတန်ကို များပြားလှသောဝိညာဉ်ကျောက်တုံးများအပြင်ကို အဆင့်ငါးဆယ်အောက်ရှိပစ္စည်းမျိုးစုံ ၊ တတိယအဆင့်ရှိရတနာလက်နက်ရာချီနှင့် ဒုတိယအဆင့်ဝိညာဉ်လက်နက်ထောင်ချီကိုလည်း တွေ့ရ၏။

ထိုသည်သာမက မရေတွက်နိုင်သော တိုလီမှုတ်စများစွာကိုပါတွေ့ရသေးသည်။

ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်တစ်ယောက်၏နှစ်ထောင်ချီစုဆောင်းလာသော ပစ္စည်းများဆိုသည်မှာ မရေတွက်နိုင်အောင်ပါပင်။

ဤအရာမှာ နယ်ပယ်တစ်လွှားကျော်ကြားလှသော ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်၏ကြွယ်ဝမှုဆိုတာမျိုး ဖြစ်ရချေမည်ပင်။

စုယွမ်လည်း ထိုပစ္စည်းအပုံများထဲမွှေနှောက်လိုက်ရာ အလွန်အဆင့်မြင့်သည့်ပစ္စည်းဆို၍ အဆင့်ငါးဆယ်ရှိဝိညာဉ်ရတနာတစ်ခုနှင့် အဆင့်လေးဆယ်ရှိဝိညာဉ်လက်နက်နှစ်ခုသာ တွေ့ရသည်။

အဆင့်ငါးဆယ်ရှိဝိညာဉ်ရတနာဆိုသည်ကလည်း ဝိညာဉ်စုဆောင်းခြင်းနှဖူးစည်းဖြစ်ပြီး အထဲတွင် တစ္တေကိုးထောင်ကျော်ပါဝင်၏။

ဤအရာမှာ မာန်နတ်ဆိုး၏ပစ္စည်းဖြစ်ရချေမည်၊ အနှီပစ္စည်းအပေါ်တွင်လည်း အက်ကွဲရာများစွာရှိနေသည်လေ။

သို့သော် သူ ထုတ်ယူပြီးပြီးချင်းတွင် အနှီပစ္စည်းက အနည်းငယ်မူမမှန်ဖြစ်လာ၏။ အနီနားရှိရှောင်လီကလည်း အဆင့်ခြောက်ရှိဝိညာဉ်ရတနာတစ်ခု၏ဖိအားကို သုံးကာ ၎င်းကို ဖိနှိပ်ထားလိုက်သည်။

အခြားရတနာလက်နက်နှစ်ခုကတော့ မျှော်စင်တစ်ခုနှင့် ခေါင်းလောင်းတစ်ခုဖြစ်ပေသည်၊ မျှော်စင်သည် အလောင်းအားဖြည့်မျှော်စင်ဖြစ်ပြီး ခေါင်းလောင်းအမည်ကတော့ ဝိညာဉ်နှုတ်ယူခေါင်းလောင်းဖြစ်လေသည်။

စုယွမ်လည်း ထိုနှစ်ခုကို စူးစမ်းကြည့်လိုက်ပြီး စိတ်ဝင်စားမှု လျော့သွားရ၏။

သူ ဝိညာဉ်စုဆောင်းနှဖူးစည်းကိုသာ ပြန်ကြည့်လိုက်ပြီး ခေါင်းကုတ်လိုက်မိသည်။

“ဒါကို ဘယ်လိုလုပ်ရမလဲ။”

သူက အနှီအရာကို ဘာပဲဖြစ်ဖြစ် မသန့်စင်နိုင်သည်ဖြစ်ရာ ဂိုဏ်းကိုသာ လက်လွှဲပေးလိုက်ရမည့်ပုံပေ။

ထိုအချိန်တွင် ဝေဟင်ကမ္ဘာပန်းကန်လုံးက ထွက်လာပြီး ဆိုလေသည်။

“စုယွမ်၊ ငါက အဆင့်မြင့်ဖို့ မင်းသန့်စင်တဲ့ပစ္စည်းရဲ့ဝိညာဉ်အနှစ်ကို စုပ်ယူနိုင်တာအပြင် ဝိညာဉ်ရတနာတွေရဲ့ပင်မဝိညာဉ်ကိုလည်းစုပ်ယူပြီး ဒဏ်ရာပြန်သက်သာအောင်လုပ်လို့ရတယ်။ နောက်ပြီး အဲ့ဒီပစ္စည်းရဲ့လုပ်နိုင်စွမ်းကိုပါရတာ။ မင်းသာ အဲ့ဒီဝိညာဉ်ရတနာတွေကိုမလိုရင် ငါ့ကိုပဲ သန့်စင်ခိုင်းလိုက်ပါလား။”

ရှောင်ချမ်၏လေသံမှာ မျှော်လင့်ခြင်းများအပြည့်နှင့်အတူ အနည်းငယ်စိတ်လှုပ်ရှားနေလေ၏။

စုယွမ်လည်း သူ့ကို အထူးတဆန်းပြန်ကြည့်လိုက်ရသည်။

“မင်းအရင်က ရတနာတွေကို မသန့်စင်နိုင်ဘူးဆို၊ အခုမှ မင်းက အမှန်ကို ထုတ်ပြောတော့တယ်ပေါ့။ ဖြစ်နိုင်တာက မင်းရဲ့အဲ့ဒီစွမ်းရည်က ပြဿနာလေးများရှိနေလို့လား။”

ရှောင်လီမှာ စုယွမ်၏လက်မောင်းများကြားပြေးဝင်ပြီး ရှောင်ချမ်ထံ အံကြိတ်ကာ ဆိုလိုက်သည်။

“မင်းက ကလိမ်ကကျစ်နဲ့၊ ဟိုအစကတည်းက မင်းက ဝိညာဉ်ရတနာကောင်းမဟုတ်ဘူးဆိုတာ ငါသိသားပဲ။”

ရှောင်ချမ်ကလည်း မြန်မြန်ပြန်ပြောလိုက်သည်။

“ငါ့မှာ ပြောမပြရတဲ့အကြောင်းပြချက်ရှိပါတယ်။ ငါက အခုတော်တော်လေးဒဏ်ရာရနေပေမဲ့ ပစ္စည်းတွေကို သန့်စင်နိုင်ဖို့ကခက်တုန်းပဲလေ၊ အဲ့ဒါကြောင့်ပဲ ငါက စုယွမ်ကို နတ်ဘုရားအာရုံသုံးပြီး သန့်စင်ခိုင်းနေတာ။ အခု ငါက တော်တော်လေးလည်းသက်သာနေပြီ၊ စုယွမ်မှာလည်း ပစ္စည်းတွေအများကြီးရှိနေတာမဟုတ်လား။ အဲ့ဒါကြောင့် ငါလည်း အခုမှထုတ်ပြောတာ။ အရင်ကတည်းကပြောရင်လည်း အသုံးမှမဝင်တာ၊ ဟုတ်တယ်မလား။”

“သေချာလို့လား။”

ရှောင်လီမှာ နည်းနည်းလေးမှ ယုံသွားပုံမပေါ်။

စုယွမ်ကလည်း ပြုံး၍ ပြန်ပြောလိုက်သည်။

“အလျင်မလိုပါဘူး။”

ရှောင်ချမ်မှာ အလွန်များပြားလှသောရတနာအဆင့်လက်နက်များကိုကြည့်ရင်း စိတ်ဓာတ်ပြိုလဲတော့မတတ်ပင်။

စုယွမ် ထပ်မေးလိုက်သည်။

“အဲ့ဒီတော့ တကယ်တော့ မင်းက အဆင့်ခုနစ်ကိုပြန်ရောက်ဖို့က ဝိညာဉ်အနည်အနှစ်တစ်ခုကိုပဲ စုပ်ယူလို့ရတာမဟုတ်ဘူး။ မင်းဘာသာမင်းလည်း အခြားရတနာတွေကို သန့်စင်ပြီး စုပ်ယူလို့ရတာလား။”

ရှောင်ချမ်ကလည်း ချက်ချင်း ပြန်ပြောလာ၏။

“ဟုတ်တယ်၊ဟုတ်တယ်။ ဒါပေမဲ့ ဝိညာဉ်အနည်အနှစ်ကို စုပ်တာက အဓိကနည်းလမ်းပဲ။ ကိုယ်တိုင်ရတနာတွေကိုသန့်စင်တာက အကျိုးအာနိသင်နည်းတယ်။ ဒါပေမဲ့အဆင့်တက်ဖို့တော့မြန်မှာ။”

“အာနိသင်နည်းတာဆိုတာဘာကိုအဓိပ္ပါယ်လဲ။”

စုယွမ်မှာ ပြန်မေးလိုက်၏။

ရှောင်လီ သတိပေးလိုက်သည်။

“စုယွမ်၊ ဒီကိစ္စက တော်တော်လေးပြဿနာရှိနေမယ်ထင်တယ်နော်။”

“ဥပမာပြောရရင် ငါသာ အဆင့်ခုနစ်အနိမ့်တန်းဝိညာဥ်ရတနာဆိုရင် အဆင့်ခုနစ်အနိမ့်တန်းအဆင့်ရတနာ တစ်ရာလောက်စုပ်ယူနိုင်မှ အလတ်တန်းကိုတက်နိုင်မှာ။”

ရှောင်ချမ်မှာ မဝံ့မရဲဆိုလာလေသည်။

“ဘာ၊အခုတစ်ရာတောင်လား။ နောက်ပြီး အဆင့်လေးနည်းနည်းပဲတက်မှာ။”

စုယွမ် ကြောင်အသွားရသည်။

ဤရောင်းရင်းအိုကြီးမှာ ထိုစွမ်းရည်အကြောင်း စကားထဲထည့်မပြောတာ အံ့သြစရာမရှိတော့၊ သူသာ ထုတ်ပြောမိပါက စုယွမ်က ချက်ချင်း စွန့်ပစ်မည်ကို စိုးရိမ်နေခြင်းဖြစ်လိမ့်မည်။

စုယွမ်လည်း တောင်နှစ်လုံးစာရှိသောပစ္စည်းများကိုပြန်ကြည့်ပြီး အလယ်ရှိ ပန်းကန်းလုံးကို အာရုံရသွား၏။

သူ အနည်အနှစ်သုံးကာ လက်အကြီးအကြီးတစ်ခုဖွဲ့စည်းလိုက်ပြီး ပစ္စည်းများကိုစစ်ဆေးနေလိုက်သည်။

ရှောင်ချမ်ကလည်း ဝင်ထောက်ပြလာသည်။

“အဲ့ဒါ တတိယအဆင့်အနိမ့်တန်းရတနာလက်နက်ပန်းကန်လုံး၊ ဆေးဖော်တာဖြစ်ဖြစ် လက်နက်သန့်စင်တာအတွက်ဖြစ်ဖြစ်သုံးနိုင်တယ်။”

စုယွမ်လည်း ခေါင်းညိတ်လိုက်သည်။

“ကောင်းသားပဲ။ မင်းလိုချင်လား။”

ရှောင်ချမ်၏အသံမှာ ပျော်ရွှင်မှုများပြည့်နှက်သွားရ၏။

“လိုချင်တယ်။”

“မလောပါနဲ့။”

စုယွမ် ရယ်လိုက်သည်။

ရှောင်ချမ် မျက်လုံးသာလှန်လိုက်မိတော့၏။

“ဟားဟားဟား။”

သူ့ဘေးရှိ ရှောင်လီကလည်း အူးမြူးနေလျက်၊ အမြှီးလေးမှာလည်း ပြင်းထန်စွာခါရမ်းနေတော့သည်။

စုယွမ်လည်း ပန်းကန်လုံးလေးကိုယူပြီး စတင်သန့်စင်ကြည့်လိုက်၏။

များစွာသောအနည်အနှစ်စွမ်းအင်တို့က ပန်းကန်လုံးထဲရောက်ရှိသွားသည်။ ထိုသို့ နာရီဝက်တိတိ အားဖြည့်ပြီးမှသာ သူ ပန်းကန်လုံးကိုအောင်မြင်စွာသန့်စင်နိုင်တော့၏။

စုယွမ်လည်း သူ့အရှေ့ပန်းကန်လုံးလေးကိုကြည့်လိုက်သည်၊ ထို့နောက် မဝေးသောနေရာရှိ ဝေဟင်ကမ္ဘာပန်းကန်လုံးကို ပြန်ကြည့်လိုက်၏။

ထိုအချိန်တွင် သူ ရုတ်ချည်း မူမမှန်တာတစ်ခုကို နားလည်သွားရသည်၊ ဝေဟင်ကမ္ဘာပန်းကန်လုံးတွင် ရှိသောစွမ်းအင်မှာ နှစ်ခုသာရှိသေး၏၊ ပေါ်ကူဆေးလုံးမှရရှိသောစွမ်းအင်နှင့် အရှိန်အဝါပြောင်းလဲနိုင်သောစွမ်းအင်တို့ဖြစ်သည်။

သို့သော် အနှီပန်းကန်လုံးမှာ နှစ်ထောင်ချီအသက်ရှည်သည်ဟုပြောရာ ယခင့်ယခင်တုန်းက အခြားရတနာများမှရရှိခဲ့သောစွမ်းအင်များကတော့ဘယ်ပျောက်သွားရသနည်း၊ သူ ဘာလို့ တစ်ခုမှကိုမမြင်ဖူးရပါနည်း။

၎င်းက ပြင်းထန်စွာဒဏ်ရာရထားလျှင်တောင် ထိုသို့မဖြစ်သင့်ပေ။

အနည်းဆုံးတော့ ဝေဟင်ကမ္ဘာပန်းကန်လုံး၏အဓိကလုပ်ဆောင်ချက်ကတောင် ရှိနေဆဲပင်၊ ၎င်းက ဝိညာဉ်အနှစ်များကိုစုပ်ယူနိုင်သလို ရတနာများကိုလည်း သန့်စင်ကာတိုက်ရိုက်စုပ်ယူနိုင်သေး၏။

ထိုသို့တွေးလိုက်လျှင် အမှန်တရားကတစ်ခုသာကျန်တော့သည်။

အနှီသူက ဝေဟင်ကမ္ဘာပန်းကန်လုံး၏မူရင်းရတနာဝိညာဉ်အစစ်မဟုတ်လောက်ပေ၊ အနှီသူက ဝေဟင်ကမ္ဘာပန်းကန်လုံး၏ယခင်ပိုင်ဆိုင်သူသခင်သာဖြစ်ရချေမည်။

စုယွမ်၏အတွေးများမှာ အလွန်လျင်မြန်လျက် ဖြစ်နိုင်ချေများစွာကို တွေးပြီးသွားပြီပင်။

အကြောင်းပြအချို့ကြောင့် သူက ကိုယ်ပိုင်ရတနာထဲသို့ဝင်စီးခဲ့ရတာဖြစ်လောက်မည်။ ထိုသို့ဆိုလျှင် ထိုသူ၏လေသံမှာ ဘာကြောင့်ကလေးဆန်မှုရော၊ ရင့်ကျက်မှုတစ်ခုပါရောစပ်နေရသည်ကို ရှင်းပြနိုင်သွား၏။

ထိုသို့ဆိုပါက ဝေဟင်ကမ္ဘာပန်းကန်လုံးမှာ ဘာကြောင့် ယခင်ကစုပ်ယူခဲ့သောစွမ်းအင်များတစ်ခုမှမရှိတော့ဘဲ အသစ်ကဲ့သို့ဖြစ်နေရသလဲဆိုတာကိုလည်း ရှင်းပြနိုင်သွား၏။ အကြောင်းပြချက်မှာ ၎င်း၏ဝိညာဉ်ပိုင်ရှင်တစ်ခုလုံးက အစားထိုးခံလိုက်ရသည်လေ။

သို့သော် ဘာကြောင့် အနှီသူက ပြန်လည်အားဖြည့်ဖို့ ရတနာများကိုသန့်စင်ရန် အလွန်စိတ်လောနေရပါသနည်း၊ ၎င်းက ပြန်သက်သာလာသည်နှင့်ထွက်ပြေးရန်ကြံစည်နေခြင်းလား။ ဖြစ်တန်သည်မှာ သူ၏ပန်ကန်လုံးကိုယ်ထည်သာ လုံးဝအပြည့်အစုံသန့်စင်မခံရသေးသရွေ့ အနှီဝိညာဉ်က လူပြန်ဖြစ်ရန် အခွင့်အရေးရှိနေခြင်းကြောင့်ပေလား။

All Chapters