← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း (၁၄၁) တက္ကသိုလ်ကျောင်းသားတွေကတော့ တကယ်ကို ကွန့်တတ်တာပဲ

ရွှီယန်သည် ကောက်ရလာသော တောသစ်ကြားသီးများ အားလုံးကို မိဘများ၏ ဆိုင်တွင်ထားကာ ရောင်းချခိုင်းလိုက်ပြီး ရရှိလာသော ဝင်ငွေကိုလည်း မိဘများကိုသာ ပေးလိုက်သည်။

တောင်ထွက်ပစ္စည်း ဈေးတန်းသို့ သွားရောက်ရန် သူ့အတွက် အချိန် လုံးဝ မရှိတော့ပေ။

ထို့အပြင် ယခုအချိန်၌ တောင်ထွက်ပစ္စည်း ဈေးတန်းတွင် သစ်ကြားသီး ရောင်းချသူများ အလွန်များပြားနေသဖြင့် အရောင်းအဝယ် အတော်လေး နှေးကွေးနေကာ ရွှီယန်အတွက်တော့ အချိန်ဖြုန်းသကဲ့သို့ ဖြစ်နေမည် ဖြစ်သည်။

ယခုအခါ သူ၏ လယ်ယာခြံဝင်းထဲတွင်လည်း လုပ်စရာ အလုပ်များစွာ ရှိနေသေး၏။

သီးနှံ အများအပြားမှာ အရေးကြီးသော အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ ပေါင်းသင်ခြင်း၊ မြေဩဇာကျွေးခြင်း စသည်တို့ ပြုလုပ်ရန် လိုအပ်နေပြီး အလုပ်များ တကယ်ကို များပြားလွန်းလှသည်။

လူတစ်ယောက်တည်းနှင့်ဆိုလျှင် ဘယ်လိုမှ လုပ်ကိုင်၍ ပြီးစီးနိုင်မည် မဟုတ်ချေ။

ဤသည်မှာ ရွှီယန်၏ လယ်ယာခြံဝင်းတွင် တစ်ပိုင်း အလိုအလျောက် စနစ်များကို အသုံးပြုထား၍သာ ဖြစ်သည်။ အကယ်၍ အားလုံးကို လူအင်အား သီးသန့်ဖြင့်သာ လုပ်ကိုင်ရမည်ဆိုပါက ဤမျှ ကျယ်ဝန်းသော မြေနေရာအတွက် အနည်းဆုံး လူလေးငါးယောက်ခန့် ရှိမှသာ နိုင်နင်းပေလိမ့်မည်။

ရွှီယန်သည် စိတ်ထဲမှနေ၍ အချိန်ဇယားကို တွက်ချက်ကြည့်နေလိုက်သည်။

အာလူးများမှာ အောက်တိုဘာလ အစပိုင်းတွင် တူးဖော်၍ ရနိုင်ပြီ ဖြစ်သည်။

စတော်ဘယ်ရီနှင့် နဂါးမောက်သီးများကို သိပ်အများကြီး မစိုက်ပျိုးထားဘဲ မှန်လုံအိမ် တစ်ဝက်ခန့်သာ ရှိရာ အောက်တိုဘာလ အလယ်ခန့်တွင် ခူးဆွတ်နိုင်မည်ဟု ခန့်မှန်းရ၏။

မှန်လုံအိမ်၏ နောက်ထပ် တစ်ဝက်တွင် စိုက်ပျိုးထားသော ဖန်ရတနာ ပြောင်းဖူးများကတော့ နိုဝင်ဘာလခန့်တွင် ရင့်မှည့်မည် ဖြစ်သည်။

ဘလူးဘယ်ရီများမှာ ဒီဇင်ဘာလကုန် သို့မဟုတ် ဇန်နဝါရီလ ဝန်းကျင်ခန့်တွင် ဖြစ်ပြီး သကြားသီးမှာ ဖေဖော်ဝါရီလတွင် ဖြစ်သည်။

ပြောရမည်ဆိုလျှင် အောက်တိုဘာလ ဆောင်းဦးရာသီသို့ ရောက်ရှိသည်နှင့် လယ်ယာခြံဝင်းမှ လစဉ်လိုလို ထွက်ကုန်များ ရှိနေတော့မည် ဖြစ်၏။ လစဉ် ဝင်ငွေများ ရရှိနေတော့မည် ဖြစ်ပေသည်။

မွန်းလွဲပိုင်း အချိန်သို့ ရောက်ရှိသောအခါ ရွှီယန်သည် မှန်လုံအိမ်ထဲမှ ထွက်လာခဲ့ပြီး တစ်မနက်ခင်းလုံး အလုပ်လုပ်ထားရသဖြင့် ခေတ္တ အနားယူရန် ပြင်ဆင်လိုက်သည်။

ခေါင်းလှည့်ကြည့်လိုက်ရာ ဒရယ်ပြောက်လေးသည် မှန်လုံအိမ် အပြင်ဘက်တွင် ချည်နှောင်ထားသော ကြိုးကို ကိုက်၍ ဆော့ကစားနေသည်ကို မြင်တွေ့လိုက်ရ၏။

ဒရယ်ပြောက်များ၏ စရိုက်မှာ ခြေတံရှည်ခွေးလေးများနှင့် ဆင်တူပြီး အိမ်ဖျက်လိုသည့် ဗီဇလေးများ ရှိတတ်ကြသည်။

ဤသည်ကို မြင်သောအခါ ရွှီယန်က ဘေးနားရှိ ရှောင်ဟေးကို လှမ်းခေါ်လိုက်သည်။

"ရှောင်ဟေး... ဟိုမှာ ကြည့်လိုက် ပန်ပီ တစ်ကောင် အိမ်ဖျက်နေပြီ... သွားတားလိုက်ဦး"

ရွှီယန်၏ စကားကို ကြားသည်နှင့် ရှောင်ဟေးက ချက်ချင်း အမြန်ပြေးသွားကာ ဒရယ်ပြောက်လေးကို ရှေ့လက်ဖြင့် တစ်ချက် လှမ်းပုတ်လိုက်သည်။

အပုတ်ခံလိုက်ရသောအခါ ဒရယ်ပြောက်လေးက ကြိုးကို ဆက်မကိုက်တော့ချေ။

ဤအကောင်လေးများမှာ တစ်ခါတစ်ရံတွင် ထူးထူးဆန်းဆန်း အပြုအမူလေးများ ပြုလုပ်တတ်သဖြင့် ရွှီယန် မြင်တွေ့ပါက လှမ်း၍ ပြောဆိုရလေ့ရှိသည်။

ထိုအချိန်မှာပင် ခြံဝင်းထဲတွင် လွှတ်ကျောင်းထားသော ငန်းကြီးများက ရုတ်တရက် အော်ဟစ်လာကြတော့သည်။

ငန်းမွေးမြူဖူးသူတိုင်း သိရှိကြပေသည်။ ငန်းများမှာ အလွန် အော်ဟစ်တတ်ကြပြီး အထူးသဖြင့် သူစိမ်းများ အနားသို့ ကပ်လာသောအခါ ၎င်းတို့က အော်ဟစ်၍ သတိပေးတတ်ကြ၏။

ထို့အပြင် ငန်းများက သူစိမ်းများကို အလွန် သတိထားတတ်ကြပြီး အရင် စတင်၍ပင် တိုက်ခိုက်တတ်ကြသေးသည်။ အတောင်ပံကြီးများကို ခတ်ကာ လိုက်လံ ဆိတ်ခြင်းမျိုး ဖြစ်သည်။

အချို့သော လယ်သမားများဆိုလျှင် အိမ်စောင့်ရန်အတွက် ခွေးအစား ငန်းများကိုပင် တိုက်ရိုက် မွေးမြူထားတတ်ကြ၏။

တောရွာရှိ တိရစ္ဆာန်များထဲတွင် ငန်းကြီးများမှာ အလွယ်တကူ သွားရောက် ရန်စ၍ မရသော အကောင်များထဲတွင် ပါဝင်ပြီး အချို့ကဆိုလျှင် ၎င်းတို့ကို 'တောရွာမှ ငန်းဂိုဏ်း' ဟုပင် နောက်ပြောင် ခေါ်ဝေါ်တတ်ကြသည်။

ယခု ငန်းများ စတင် အော်ဟစ်နေပြီဆိုတော့ သေချာပေါက် လူလာနေခြင်းပင် ဖြစ်ပေသည်။

ထိုအချိန်တွင် မာလီနွိုက်ခွေး ယွမ်ပေါင် ကလည်း အပြင်ဘက်ကို ကြည့်ကာ ဟောင်လိုက်သေး၏။

ရွှီယန် အပြင်သို့ ထွက်ကြည့်လိုက်သောအခါ စိုက်ပျိုးရေး တက္ကသိုလ်မှ ဆရာ လျိုပေါ်လျန် ရောက်လာခြင်း ဖြစ်နေသည်။ သူတို့နှစ်ယောက် ခြံစည်းရိုးကို ခြားကာ စကားစမြည် ပြောဆိုနေကြသည်။

"ခြံရှင် ရွှီယန်... ဒုတိယအကြိမ် ပြန်ထွက်လာတဲ့ တိရစ္ဆာန်စားမြက်တွေကို လာကြည့်တာ... အရင်တစ်ခေါက် မင်းစိုက်ထားတဲ့ မြက်တွေက ကြီးထွားမှု အရမ်းကောင်းတယ်... ငါတို့ ပြန်လေ့လာကြည့်တော့ မျိုးပွားဖို့ သုံးလို့ရတဲ့ အဆင့်ကိုတောင် ရောက်နေပြီ"

"အခု ငါလည်း အဲဒီမျိုးစေ့တွေကို သုံးပြီး မြက်မျိုးစေ့တွေ ဆက်ထုတ်နေတာဆိုတော့ ဒီဘက်က အခြေအနေလေး လာကြည့်တာပါ"

လျိုပေါ်လျန်က ရွှီယန်ကို ပြောလိုက်သည်။

လျိုပေါ်လျန်မှာ တက္ကသိုလ်တွင် တိရစ္ဆာန်စားမြက်ကို အထူးပြု လေ့လာရသော ဆရာတစ်ယောက် ဖြစ်၏။ ပညာရေး နယ်ပယ်တွင် အဆင့်မြင့်လာလေလေ အထူးပြု ဘာသာရပ်များက ပို၍ တိကျလာလေလေပင် ဖြစ်သည်။

ဘွဲ့ကြိုတန်းတွင် အကုန် သင်ယူရသော်လည်း မာစတာနှင့် ပါရဂူဘွဲ့များသို့ ရောက်ရှိလာပါက မိမိ လေ့လာမည့် လမ်းကြောင်းတစ်ခုကိုသာ သီးသန့် ရွေးချယ်ရသည်။ လျိုပေါ်လျန်က တိရစ္ဆာန်စားမြက် ဘာသာရပ်ကို အထူးပြုထားခြင်း ဖြစ်၏။

စိုက်ပျိုးရေး တက္ကသိုလ်မှ ထုတ်လုပ်သော တိရစ္ဆာန်စားမြက် မျိုးစေ့များက ဈေးကွက်တွင် အလွန် နာမည်ကြီးပြီး အရည်အသွေးမြင့် မြက်များဖြစ်သဖြင့် နှစ်စဉ် မျိုးစေ့ ရောင်းအားက အလွန် ကောင်းမွန်လှသည်။

ရွှီယန် စိုက်ပျိုးထားသော တိရစ္ဆာန်စားမြက်များကလည်း စိုက်ပျိုးရေး တက္ကသိုလ်နှင့် ပူးပေါင်းထားခြင်းဖြစ်ပြီး တက္ကသိုလ်မှ ထောက်ပံ့ပေးသော မျိုးစေ့များပင် ဖြစ်ပေသည်။

"ရပါတယ်ဆရာ... အခု နောက်ထပ် အသစ် နည်းနည်း ထွက်လာသေးတယ်... ဒါပေမဲ့ ရာသီဥတုက အေးလာတော့ ကြီးထွားနှုန်းကတော့ သေချာပေါက် နှေးသွားမှာပဲ"

"အထူးသဖြင့် နိုဝင်ဘာလ နောက်ပိုင်းပေါ့"

"ဒီဆောင်းဦးရာသီ ကုန်တဲ့အထိ ထားလိုက်ဦးမယ်... ဆောင်းမဝင်ခင် တစ်ခေါက် ထပ်ရိတ်မယ်... မြက်ပင်လေးတွေ နိမ့်သွားရင် ဆောင်းတွင်း ဖြတ်ကျော်ရ ပိုလွယ်တာပေါ့"

ရွှီယန်က တိရစ္ဆာန်စားမြက်ခင်းကို ကြည့်ရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် မြင်းနက် ကျင်းကျယ် မှာ မြက်ခင်းထဲ၌ မြက်စားနေ၏။

ဤအကောင်က ဤရွှေတွင်းကြီးကို တွေ့ရှိသွားသဖြင့် ဗိုက်ဆာပါက ဤနေရာသို့သာ လာစားတော့သည်။ အစာပင် သီးသန့် ကျွေးစရာ မလိုတော့ချေ။

ဤမြက်များက အထူးစိုက်ပျိုးထားသော တိရစ္ဆာန်စားမြက်များဖြစ်ရာ အရသာရော အာဟာရပါ မြက်ခင်းပြင်ရှိ သာမန်မြက်များထက် အများကြီး ပိုကောင်းမွန်သဖြင့် တိရစ္ဆာန်များက သေချာပေါက် ကြိုက်နှစ်သက်ကြပေသည်။

မြက်ခင်းက အလွန် ကျယ်ဝန်းပြီး မြင်းတစ်ကောင် စားသည့် ပမာဏက အလွန် နည်းပါးသဖြင့် ရွှီယန်ကလည်း သဘောရှိ စားခိုင်းထားလိုက်၏။

ယခုဆိုလျှင် ဒရယ်ပြောက်လေးပင် နို့သောက်သည့်အပြင် တစ်ခါတစ်ရံ ဤမြက်ခင်းထဲသို့ လာရောက်၍ မြက်နည်းနည်းပါးပါး လာစားတတ်သေးသည်။ မွေးမြူရသည်မှာ အတော်လေး အဆင်ပြေလှပေသည်။

လျိုပေါ်လျန်က ခြံစည်းရိုး ကြားထဲမှ တိုးဝင်လာပြီး မြက်ခင်းဘေးတွင် ရပ်လိုက်သည်။

သူက ရွှီယန် မွေးမြူထားသော မြင်းနက်ကြီးကို တစ်ချက် ကြည့်လိုက်၏။

ဤမြင်းနက်က အလွန် ခန့်ညားပြီး အရပ်မြင့်မြင့် ထွားထွားကျိုင်းကျိုင်း ရှိနေသဖြင့် တိရစ္ဆာန်မွေးမြူရေး မေဂျာမှ ကျောင်းသားများ မွေးမြူထားသော အကောင်များထက် အများကြီး ပို၍ ဩဇာရှိသည့် ပုံပေါက်နေသည်။

အကယ်၍ တိရစ္ဆာန်မွေးမြူရေး မေဂျာမှ ကျောင်းသား တစ်ယောက်ယောက်ကသာ ဤမျှ ခန့်ညားသော မြင်းကြီးကို မွေးမြူထားနိုင်ပါက ကျောင်းတွင် စတား ဖြစ်သွားမည်မှာ သေချာလှ၏။

သို့သော် မြင်းမွေးမြူခြင်းက ငွေကုန်ကြေးကျ အလွန်များသလို သီးသန့် နေထိုင်စရာနှင့် ပြေးလွှားရန် နေရာလည်း လိုအပ်သဖြင့် ကျောင်းသားများ အနေဖြင့်တော့ ဘယ်လိုမှ မမွေးမြူနိုင်ကြချေ။

"ကိစ္စမရှိပါဘူး... သူက အရမ်း သဘောကောင်းတယ်... လူစိမ်းကို သိပ်မကပ်တာကလွဲရင် တခြား ပြဿနာ မရှိပါဘူး"

ရွှီယန်က မြင်းနက်ကို ကြည့်ကာ ရှင်းပြလိုက်သည်။

ကျင်းကျယ်က ရွှီယန် တစ်ယောက်တည်းကိုသာ ကပ်ပြီး ရွှီယန်မှလွဲ၍ မည်သူ့ကိုမှ ဂရုမစိုက်ချေ။

ယခင်က ရွှီဟုန်ရှန်း လာရောက်စဉ်က ကျင်းကျယ်၏ အထာကျသော ပုံစံကို သဘောကျသဖြင့် သွားရောက် ပွတ်သပ်ရန် လုပ်ဆောင်ခဲ့သော်လည်း ကျင်းကျယ်က ရှောင်တိမ်းသည်မှာ အလွန် မြန်ဆန်လွန်းသဖြင့် ပွတ်ခွင့် လုံးဝ မရလိုက်ပေ။

အကြိမ်ကြိမ် ရှောင်တိမ်းနေသဖြင့် ရွှီဟုန်ရှန်းလည်း စိတ်တိုလာကာ လိုက်ဖမ်း၍ ပွတ်ရန် ကြိုးစားသေး၏။ သို့သော် လုံးဝ လိုက်မမီခဲ့ချေ။ ထို့ကြောင့် ရွှီဟုန်ရှန်းလည်း လက်လျှော့လိုက်ရတော့သည်။

"ဒါဆိုလည်း တော်ပါသေးရဲ့... မင်းရဲ့ မြင်းက တော်တော် ခန့်ညားတာပဲ"

လျိုပေါ်လျန်က ရင်ထဲမှနေ၍ ချီးကျူးလိုက်သည်။

သို့သော် သူ့အကြည့်များကတော့ သတိထားနေဆဲပင် ဖြစ်၏။ သူက ရွှီယန်၏ နောက်သို့ပင် ရွှေ့သွားကာ သူနှင့် မြင်းနက် ကြားတွင် ရွှီယန်ကို အကာအကွယ် လုပ်ထားလိုက်သေးသည်။

မည်သို့ပင်ဖြစ်စေ မြင်းခွာ၏ ကန်ချက်က အထင်သေး၍ မရပေ။ ဤမြင်းနက်၏ ပေါင်များပေါ်တွင် ကြွက်သားများ အပြည့်ရှိနေသဖြင့် တစ်ချက်ခန့် ကန်ခံရပါက သာမန်လူများ ခံနိုင်မည် မဟုတ်ချေ။

မြင်းနက်ကတော့ လျိုပေါ်လျန်ကို လှည့်၍ပင် မကြည့်ခဲ့ပေ။

ဘေးကင်းကြောင်း သေချာမှသာ လျိုပေါ်လျန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဒုတိယအကြိမ် ပြန်ထွက်လာသော မြက်ပင်လေးများကို ပွတ်သပ်ကြည့်ကာ မြက်ပင်များ၏ ကြီးထွားနိုင်စွမ်းနှင့် အခြေအနေကို အကဲဖြတ်နေ၏။

ဤမြက်များက ယခုအထိ ကြီးထွားမှု ကောင်းမွန်နေဆဲပင် ဖြစ်သည်။

ပုံမှန်အားဖြင့် တိရစ္ဆာန်စားမြက် တစ်ခင်းကို လေးကြိမ်ခန့် ရိတ်သိမ်း၍ ရနိုင်သည်။

လေးကြိမ် ရိတ်သိမ်းပြီးပါက သိပ်မထွက်တော့သဖြင့် မြက်မြစ်များကို အကုန်ဖယ်ထုတ်ကာ အသစ် ပြန်စိုက်ရခြင်း ဖြစ်၏။

သီးနှံ အတော်များများက ဤသို့ချည်းပင် ဖြစ်သည်။ ဥပမာ ဘလူးဘယ်ရီဆိုလျှင် နှစ်အတော်ကြာအောင် ဆက်တိုက် သီးနိုင်ပြီး တတိယနှစ်တွင် အသီးအထွက်ဆုံး ဖြစ်သည်။ စတုတ္ထနှစ်မှစ၍ အထွက်နှုန်း ကျဆင်းသွားသဖြင့် စတုတ္ထနှစ်မှ စတင်ကာ နောက်ထပ် ဘလူးဘယ်ရီ အသစ်များ ထပ်မံ စိုက်ပျိုးရ၏။

တစ်နည်းအားဖြင့် ပြောရလျှင် သေချာ စိုက်ပျိုးထားပါက ဘလူးဘယ်ရီက တစ်ခါစိုက်ပြီးသည်နှင့် နှစ်အတော်ကြာ အသီးသီးနိုင်ပေသည်။

"မင်းဆီမှာ စိုက်ထားတာ တော်တော် ကောင်းတယ်... ငါတို့ သီးသန့် ထုတ်ထားတဲ့ မျိုးစေ့တွေနဲ့တောင် ယှဉ်နိုင်တယ်"

"နောက်ဆိုရင် ငါတို့ ပူးပေါင်းလို့ ရတယ်... သုတေသန ဌာနက ပါမောက္ခ တချို့ဆိုရင် စမ်းသပ်စိုက်ပျိုးဖို့ မြေနေရာ မလုံလောက်ဘူးဆိုပြီး နေ့တိုင်း ညည်းနေကြတာလေ"

လျိုပေါ်လျန်က ပြုံးရင်း ချီးကျူးလိုက်သည်။

သူ ပြောသည့် အဓိပ္ပာယ်မှာ စိုက်ပျိုးရန် နေရာမရှိခြင်း မဟုတ်ဘဲ မျိုးစေ့များကို အကောင်းဆုံး ကြီးထွားလာအောင် ထောက်ပံ့ပေးနိုင်မည့် အရင်းအမြစ်များ မရှိသဖြင့် အဆင့်မြင့် မျိုးစေ့များ မထုတ်လုပ်နိုင်ခြင်းကို ဆိုလိုခြင်း ဖြစ်၏။

တကယ်တော့ မျိုးစေ့ ထုတ်လုပ်သည် ဆိုသည်မှာ အကောင်းဆုံးများထဲမှ အကောင်းဆုံးကို ထပ်မံ ရွေးချယ်ရသည့် လုပ်ငန်းစဉ်ပင် ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် မျိုးစေ့တစ်သုတ် စိုက်ပျိုးလိုက်သောအခါ ကောင်းကောင်း ကြီးထွားသော အပင်များ ရှိသလို မကောင်းသော အပင်များလည်း ရှိပေသည်။ ထိုအထဲမှ အကောင်းဆုံး အပင်များကို ရွေးချယ်၍ မျိုးစေ့ အသစ်များ ဆက်လက် ထုတ်လုပ်ခြင်း ဖြစ်၏။

သို့မဟုတ်ပါက အထွက်နှုန်းကောင်းသော မျိုးစေ့ နှစ်မျိုးကို မျိုးစပ်ကာ ပိုကောင်းသော မျိုးဆက်သစ်များ ရရှိအောင် ပြုလုပ်ခြင်းမျိုး ဖြစ်သည်။ မည်သည့် နည်းလမ်းပင် ဖြစ်စေ မျိုးစေ့များကို သေချာပေါက် အရင် စိုက်ပျိုးကြည့်ရန်တော့ လိုအပ်ပေသည်။

ပြောရသည်မှာ လွယ်ကူသော်လည်း တကယ်တမ်း ကောင်းကောင်း စိုက်ပျိုးနိုင်ရန် ဆိုသည်မှာ ထိုမျှလောက် မလွယ်ကူလှချေ။

"နောက်နှစ်ကျရင် ကျွန်တော့် လယ်ယာခြံဝင်းကို နည်းနည်း ထပ်ချဲ့ဖို့ စိတ်ကူးထားတယ်... မှန်လုံအိမ် အသစ်တွေ ထပ်ဆောက်ပြီး မြေတွေလည်း ထပ်ရှင်းမလို့"

"ဘာစိုက်ရင် ကောင်းမလဲ စဉ်းစားနေတာ"

"တိရစ္ဆာန်စားမြက်တွေ ထပ်စိုက်ရင်လည်း ကောင်းတာပဲ... မြက်စိုက်ရတာက နည်းနည်း ပိုသက်သာတယ်လေ"

ရွှီယန်က ပြန်ပြောလိုက်သည်။

"ဒါဆို အရမ်းကောင်းတာပေါ့"

"မင်း လိုအပ်မယ်ဆိုရင် မြက်မျိုးစေ့တွေကို ငါတို့ဘက်က ထောက်ပံ့ပေးလို့ ရတယ်... သေချာပေါက် အကောင်းဆုံး မျိုးစေ့တွေချည်းပဲ ဖြစ်စေရမယ်"

"ငါတို့ ဒေသရဲ့ ရာသီဥတုနဲ့ အသင့်တော်ဆုံးတွေပေါ့"

"မင်းကိုယ်တိုင်လည်း မြက်မျိုးစေ့ အမျိုးအစားကို ရွေးချယ်ခွင့် ရှိတယ်လေ"

သူ၏ စကားကို ကြားသောအခါ လျိုပေါ်လျန်က အလွန် ဝမ်းသာသွားသည်။

ရွှီယန်က ခေါင်းညိတ်လိုက်ပြီး

"ဟုတ်ကဲ့... ပြဿနာ မရှိပါဘူး"

ဟု ပြန်ဖြေလိုက်၏။

သူတို့နှစ်ယောက် စကားနည်းနည်းပါးပါး ပြောပြီးနောက် လျိုပေါ်လျန်က တိရစ္ဆာန်စားမြက်များ၏ အချက်အလက်များကို မှတ်တမ်းတင်ကာ ဓာတ်ပုံ အချို့ ရိုက်ကူးပြီး ပြန်ရန် ပြင်လိုက်သည်။

"ခဏနေရင် ကျောင်းသားတွေကို အမှတ်ပေးရဦးမယ်... ဒီနေ့ လာတာက သူတို့ရဲ့ လက်တွေ့ အလုပ်တွေ ဘယ်လိုနေလဲဆိုတာ လာကြည့်တာလေ"

"ဒုတိယနှစ် ကျောင်းသားတွေရဲ့ လက်တွေ့ သင်ခန်းစာက အခုမှ စတာဆိုတော့ အကုန်လုံးက တော်တော်လေး ညံ့သေးတယ်... တချို့ဆို ဘာအသီးအနှံမှကို မထွက်တာ"

လျိုပေါ်လျန်က ရွှီယန်ကို ပြောပြလိုက်သည်။

"ကျွန်တော်လည်း လိုက်ကြည့်ချင်တယ်"

ရွှီယန်က ပျော်စရာ ရှိသည်ကို ကြားသောအခါ ချက်ချင်း စိတ်ဝင်စားသွား၏။

"ရတာပေါ့... အားလုံးက ရင်းနှီးပြီးသားပဲဟာကို"

ထို့နောက် သူတို့နှစ်ယောက်က ခြံစည်းရိုးအောက်မှ တိုးထွက်ကာ စိုက်ပျိုးရေး တက္ကသိုလ်၏ စမ်းသပ်လယ်ကွင်းဆီသို့ လျှောက်သွားကြသည်။

မြင်းနက်ကြီးက ခြံစည်းရိုးမှနေ၍ ရွှီယန်ကို လှမ်းကြည့်နေ၏။

မာလီနွိုက်ခွေးလေးကတော့ ချက်ချင်း ခြံစည်းရိုးအောက်မှ တိုးထွက်လာကာ ရွှီယန်၏ နောက်မှ ကပ်လိုက်လာသည်။

ဤအကောင်က အလွန် ဉာဏ်ကောင်းပြီး တာဝန်ကျေပေသည်။ လယ်ယာခြံဝင်းသို့ လူစိမ်း လာပြီဆိုပါက သူက အမြဲတမ်း ဟောင်တတ်၏။ ဟောင်သည်ကလည်း အလွန် မဆိုးရွားသလို ကြမ်းတမ်းသော အပြုအမူများလည်း မလုပ်ဆောင်ချေ။

ရွှီယန် အပြင်ထွက်လာပါက သူက နောက်မှ လိုက်လာပြီး မျက်နှာထားကလည်း ချက်ချင်း ပြုံးရွှင်သွားတော့သည်။

မကြာမီမှာပင် ရွှီယန်နှင့် လျိုပေါ်လျန်တို့က စိုက်ပျိုးရေး တက္ကသိုလ်၏ စမ်းသပ်လယ်ကွင်းသို့ ရောက်ရှိသွားကြ၏။

လျိုပေါ်လျန်က အချက်အလက် အမျိုးမျိုး ပါဝင်သော ဇယားကွက် တစ်ခုပါသည့် နာမည်စာရင်းကို ထုတ်ယူလိုက်သည်။ သူ့နောက်တွင် အခြား ဆရာ နှစ်ယောက်လည်း ပါလာ၏။

ရွှီယန်ကတော့ ဘေးမှနေ၍ ပျော်စရာ ကြည့်နေပေသည်။

သူသိသော စိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသားများ အားလုံးက စကားများသည့် သူများချည်းသာ ဖြစ်၏။ ဆရာများက သူတို့၏ လယ်ကွင်းကို လာရောက် စစ်ဆေးသောအခါ သူတို့က စကားများ တရစပ် ပြောဆိုနေကြတော့သည်။

"ဆရာ... ကျွန်တော့် မြေပဲတွေက တကယ် အပင်ထွက်လာတာ... တစ်ဝက်လောက်က အသီးတောင် သီးနေပြီ... ဒါပေမဲ့ ဘယ်သူက အကုန် နုတ်သွားလဲ မသိဘူး"

"ကျွန်တော့် ကြက်သွန်မြိတ်တွေကလည်း ရွာက နွားတွေ ဝင်စားသွားတာဆရာ"

"ကျွန်တော့် ဂျူးမြစ်တွေလည်း ပေါက်ပါတယ်... ဆရာ ကြည့်ကြည့်လေ ဒီမှာ နှစ်ပင် သုံးပင် ရှိတယ်"

ကျောင်းမှ ဆရာများကလည်း ဤကဲ့သို့သော အလိမ်အညာများကို ခဏခဏ ကြားနေရသဖြင့် မည်သူ့ကိုမှ ဂရုမစိုက်ချင်ကြတော့ချေ။

အထူးသဖြင့် ဂျူးမြစ် စိုက်ထားသော ကျောင်းသားကိုဆိုလျှင် ဆရာများက စကားပင် မပြောချင်ကြပေ။ ဂျူးမြစ် စိုက်ပျိုးသူမှာ ဝူခိုင် ပင် ဖြစ်သည်။

ရွှီယန်က လယ်ကွင်းထဲရှိ ဂျူးမြစ်များကို ကြည့်ကာ ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ 'ဖူး' ခနဲ ရယ်မောမိသွား၏။

သူက စိုက်ပျိုးရေး ကျွမ်းကျင်သူ စွမ်းရည် ရရှိထားသဖြင့် မြင်သည်နှင့် တစ်ခါတည်း အကဲခတ်မိသွားခြင်း ဖြစ်သည်။

လယ်ကွင်းထဲတွင် စိုက်ပျိုးထားသော ထိုဂျူးမြစ်တန်းက အစေ့မှ ပေါက်လာခြင်း မဟုတ်ဘဲ အပင်လိုက်ကြီးများ စိုက်ပျိုးထားခြင်း ဖြစ်၏။

ရှင်းရှင်းပြောရလျှင် ဝူခိုင် က ဈေးထဲသို့ သွားရောက်ကာ ဂျူးမြစ် တစ်စည်း ဝယ်လာပြီး စာမေးပွဲ အစစ်ဆေး မခံရမီ ညကမှ အခင်းထဲတွင် ခိုးစိုက်ထားကာ ကိုယ်တိုင် စိုက်ပျိုးထားသယောင် ဟန်ဆောင်ထားခြင်း ဖြစ်သည်။

တကယ်ကို လူလည်လေးပင် ဖြစ်၏။

'တက္ကသိုလ်ကျောင်းသားတွေကတော့ တကယ်ကို ကွန့်တတ်တာပဲ'

ရွှီယန် စိတ်ထဲမှ တွေးလိုက်သည်။

ရွှီယန်က သိသာအောင် မရယ်ချင်သော်လည်း တကယ်ကို အောင့်မထားနိုင်ခဲ့ချေ။ ကျောင်းသားများ စိုက်ပျိုးရေး လုပ်သည်ကို ကြည့်ရသည်မှာ တကယ်ကို ရယ်ရပေသည်။

စာမေးပွဲ အောင်မြင်ရန်အတွက် တကယ်ကို နည်းလမ်းပေါင်းစုံ အသုံးပြုနေကြခြင်း ဖြစ်၏။

ဆရာများကလည်း ဤအကွက်ကို သိနေကြသဖြင့် ဝူခိုင် ကို ဂရုမစိုက်ကြခြင်း ဖြစ်သည်။ သူ၏ ဂျူးမြစ်များကို မည်သည့်အမှတ်မျှ မပေးခဲ့ချေ။

သို့သော် ရွှီယန်ကို အံ့အားသင့်သွားစေသည်မှာ ဝူခိုင် စိုက်ပျိုးထားသော ဖန်ရတနာ ပြောင်းဖူးများပင် ဖြစ်သည်။

ပြောင်းဖူးပင်များ အများအပြား လဲကျနေသော်လည်း ပြောင်းဖူးများတော့ ထွက်လာပြီး ခူးဆွတ်၍ ရနေပြီ ဖြစ်၏။

အသီးထွက်လာလျှင် ကောင်းသော ပြောင်းဖူးပင် ဖြစ်သည်။ ဤသည်မှာ မြေဩဇာ များများကျွေးခြင်းကလည်း အကျိုးရှိကြောင်းကို ပြသနေခြင်းပင် ဖြစ်၏။

သို့သော် ပြောင်းဖူး၏ အရည်အသွေးကတော့ သိပ်မကောင်းလှချေ။ အစေ့များက မပြည့်ဖြိုးဘဲ သာမန် အောင်မှတ်ပေးရုံမျှသာ ရရှိမည် ဖြစ်ကာ အဆင့်မြင့် ပြောင်းဖူးဟုတော့ သတ်မှတ်၍ မရနိုင်ပေ။

ဖြည်းဖြည်းချင်းသာ ကြိုးစားသွားရမည် ဖြစ်၏။

All Chapters