အခန်း ၁၄၃
Vol. 15 Ch. 143
အခန်း (၁၄၃) လောင်ရွှီ... မင်းက တောဝက်နဲ့ ဘာလို့ မချရဲတာလဲ
ဆောင်းဦးရာသီသည် တစ်နေ့တခြား ပို၍ပို၍ အေးချမ်းလာခဲ့ပေသည်။
၎င်းမှာ တဖြည်းဖြည်း ပြောင်းလဲလာသော ဖြစ်စဉ်တစ်ခုပင် ဖြစ်၏။
အစပိုင်းတွင်တော့ ဘောင်းဘီနှင့် အပေါ်ထပ်အင်္ကျီလောက် ဝတ်ဆင်ထားလျှင် ရသော်လည်း တဖြည်းဖြည်းနှင့် အနွေးထည်များ ထပ်ဝတ်လာရလေသည်။
သေချာသည်မှာ လူငယ်များက အနွေးထည်များ အထပ်ထပ် ဝတ်ဆင်ရသည့် ခံစားချက်ကို မနှစ်သက်ကြသဖြင့် အချို့မှာ မဝတ်ဆင်ကြချေ။
လေအေးလေး တိုက်ခတ်သွားပါက ခြေထောက်များဆီမှ စိမ့်ခနဲ အေးသွားတတ်၏။
သို့သော်လည်း သူတို့ကတော့ ဂရုမစိုက်ကြပေ။
ရွှီယန်မှာ လယ်ယာခြံဝင်းတွင် အလုပ်များနေခဲ့သည်မှာ ရက်အနည်းငယ် ကြာမြင့်သွားခဲ့ပြီး ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်အရေအတွက်မှာလည်း ငါးကြိမ် ပြည့်သွားပြန်ပြီ ဖြစ်သည်။
သူ တောင်ပေါ်သို့ တစ်ခေါက်ခန့် သွားရဦးမည် ဖြစ်၏။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်မှာ တကယ့် ပစ္စည်းကောင်းဖြစ်ရာ ဤအရာကို အလဟဿ အဖြစ်မခံနိုင်ပေ။
သို့သော် တောင်ပေါ်သို့ တစ်ခေါက်သွားမည်ဆိုပါက လယ်ယာအလုပ်များ တစ်ရက် နားလိုက်ရသကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။
'လူငှားဖို့ ကိစ္စက တော်တော် အရေးတကြီး ဖြစ်နေပြီ... သင့်တော်မယ့်သူ သွားရှာကြည့်မှ ရမယ်'
ရွှီယန် စိတ်ထဲမှနေ၍ တွေးလိုက်၏။
တစ်လလျှင် လစာ ယွမ်ထောင်ဂဏန်းခန့် ပေးလိုက်ရုံဖြင့် ကိုယ်တိုင် သက်တောင့်သက်သာ နေရမည်ဖြစ်ရာ သူ့အတွက် အတော်လေး တွက်ခြေကိုက်လှပေသည်။
ထို့ကြောင့် နောက်ထပ် လူနှစ်ယောက်ခန့် ထပ်ငှားမှ ရမည် ဖြစ်၏။
ဤသို့ဆိုလျှင် သူ တောင်ပေါ်သွားရန် အချိန်ပိုရလာမည် ဖြစ်သည်။
နောက်တစ်နေ့တွင်တော့ ရွှီယန်သည် တောင်နောက်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
ပုံမှန်အတိုင်း လိုက်ဖ်လွှင့်မည် ကျားသစ်သွားရှာမည် တောင်ပေါ်တွင် လမ်းလျှောက်မည်ပင် ဖြစ်၏။
ယခုတော့ တောင်ထွက်ပစ္စည်းများကို တမင်တကာ လိုက်လံမရှာဖွေတော့ဘဲ တောင်ပေါ်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေရုံသာ ဖြစ်သည်။
ဤတစ်ခေါက်တွင်တော့ ကျားသစ်ပေါက်လေးကို အလွန် လွယ်ကူစွာပင် ရှာတွေ့သွားခဲ့ပေသည်။
"နည်းနည်းများ ကြီးလာသလားလို့... အရင်ကထက် ခန္ဓာကိုယ် ပိုထွားလာသလို ခံစားရတယ်"
ရွှီယန်က သူ့ရှေ့ရှိ ချစ်စရာကောင်းလွန်းသော အကောင်လေးကို ကြည့်ရင်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။
အမြဲတမ်း အတူတူ ရှိနေပါက ကျားသစ်လေး၏ ပြောင်းလဲမှုကို သတိထားမိမည် မဟုတ်ဘဲ မသိမသာဖြင့်သာ ကြီးပြင်းလာခြင်း ဖြစ်၏။
ရွှီယန်က ယခင်က ရိုက်ကူးထားသော ဗီဒီယိုများကို ပြန်ရှာကာ ယခုပုံစံနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။
ယခင်က ကျားသစ်လေးမှာ သေးသေးလေးဖြစ်ပြီး ကြောင်လေးထက် အနည်းငယ်သာ ပိုကြီးပေသည်။ ယခုတော့ အရွယ်ရောက်နေသော ရွှေဝါရောင် ခွေးကြီးထက်ပင် တစ်ဆိုဒ်ခန့် ပိုကြီးနေပြီ ဖြစ်၏။
ကလေးက တဖြည်းဖြည်းနှင့် လူကောင်ထွားလာပြီ ဖြစ်သည်။
"ဒီလောက်တောင် ကွာသွားတာကို သတိမထားမိပါလား"
ရွှီယန်က မနေနိုင်ဘဲ ရေရွတ်လိုက်မိလေသည်။
တွက်ကြည့်မည်ဆိုပါက ကျားသစ်ပေါက်လေးမှာ အသက် ကိုးလခန့် ရှိနေပြီ ဖြစ်သည်။
ခန္ဓာကိုယ်က တစ်ဆိုဒ် ပိုကြီးလာခြင်းပင်။
သို့သော် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များက ခန္ဓာကိုယ် ကြီးလာလေလေ ပို၍ ချစ်စရာကောင်းလာလေလေ ဖြစ်၏။
အထူးသဖြင့် ခေါင်းကြီးကြီးနှင့် ထူထဲသော လက်ဖဝါးလေးများပင် ဖြစ်သည်။
ပွတ်သပ်ရသည်မှာ အလွန် အိစက်နေပေသည်။
ရှောင်ဟွာ ကလည်း လူကို အလွန် ကပ်လေသည်။ ရွှီယန်ကို မြင်သည်နှင့် ချက်ချင်း ပြေးဖက်ကာ ချီခိုင်းတော့၏။
သူတို့နှစ်ယောက် ဆော့ကစားနေသည့် မြင်ကွင်းက တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။
မိခင်ကျားသစ်မကြီးကတော့ ထုံးစံအတိုင်း အနားယူနေဆဲပင်။
မိခင်ကျားသစ်မကြီး မကြာမီ ထွက်သွားတော့မည်ဟု ရွှီယန် ကြိုတင် ခံစားမိနေ၏။
ကျားသစ်များ၏ မိတ်လိုက်ရာသီမှာ နှစ်စဉ် မတ်လတွင် ဖြစ်ပြီး ထိုအချိန်ရောက်ပါက မိခင်ကျားသစ်များက အပြင်ထွက်၍ ကျားသစ်ထီးကို သွားရှာတတ်ကြသည်။
ထို့နောက် သူမ၏ ဘဝသစ်ကို ပြန်လည် စတင်မည် ဖြစ်၏။
ကျားသစ်မကြီး တားဟွာ က အသက် နှစ်နှစ် ဝန်းကျင်ခန့်သာ ရှိသေးပြီး မိခင်လောင်း အသစ်လေး ဖြစ်သလို ငယ်ရွယ်နုပျိုနေသေးသည့်အတွက် ကျားသစ်ပေါက်လေးအနားတွင် အမြဲတမ်း နေပေးမည် မဟုတ်ကြောင်းကို ရွှီယန် သိရှိနေသည်။
ထို့ကြောင့်လည်း တားဟွာ က ရွှီယန်ကို အမြဲတမ်း ကလေးထိန်းခိုင်းနေခြင်း ဖြစ်မည်။
ကျားသစ်ပေါက်လေးအတွက် မှီခိုရာ အသစ်တစ်ခု ရှာပေးချင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
"ရှောင်ဟွာ... သွားရအောင်... တောင်ပေါ် လျှောက်လည်ကြမယ်"
ရွှီယန်က ကျားသစ်ပေါက်လေးကို လှမ်းခေါ်လိုက်သည်။
အကောင်လေးက ချက်ချင်း ပြေးလာပြီး ခုန်ပေါက်နေကာ ကြည့်ရသည်မှာ တကယ်ကို ပျော်ရွှင်နေပုံရ၏။
တောင်ပေါ်သို့ အတော်လေး ရောက်လာသောအခါ ရွှီယန်က ဒရုန်းကို ထုတ်ယူ၍ လိုက်ဖ်လွှင့်ရန် ပြင်ဆင်လိုက်သည်။
သူက လိုက်ဖ်ဖွင့်ပြီး ဒရုန်းကို ချိတ်ဆက်လိုက်၏။
လေထဲသို့ မလွှင့်ရသေးမီမှာပင် ကျားသစ်ပေါက်လေးက သိချင်စိတ်ဖြင့် အနားသို့ ကပ်လာပြီး ဒရုန်းကို ကစားစရာထင်ကာ လာရောက် ဖက်ထားသေးသည်။
ပရိသတ် အချို့က ရွှီယန်၏ ပရိုဖိုင်းပုံလေး လင်းလက်နေသည်ကို မြင်လိုက်ရသဖြင့် လိုက်ဖ်လွှင့်နေပြီဖြစ်ကြောင်း သိရှိသွားကြ၏။
သူတို့ လိုက်ဖ်ထဲသို့ ဝင်လာလိုက်သည်နှင့် ကင်မရာကို ကိုက်ရန် ပါးစပ်ကြီး ဟနေသော ကျားသစ်မျက်နှာကြီးကို တွေ့လိုက်ရပေသည်။
ထို့နောက် ရွှီယန်၏ အသံ ထွက်ပေါ်လာသည်။
"ရှောင်ဟွာ... ငြိမ်ငြိမ်နေ... ဒါက ကစားလို့ မရဘူး"
ထို့နောက် ကင်မရာက ဟိုယိမ်းဒီယိမ်း ဖြစ်သွားပြီး ခဏအကြာတွင် လေထဲသို့ ပျံတက်သွားကာ အောက်ဘက်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ရိုက်ကူးပြနေတော့သည်။
ကြည့်ရှုသူများက ရွှီယန်နှင့် ကျားသစ်ပေါက်လေးကို မြင်တွေ့သွားကြ၏။
'လောင်ရွှီ... နောက်ဆုံးတော့ မင်း လိုက်ဖ်ဖွင့်ပြီပေါ့'
'တောင်ပေါ်မှာလား... မင်းရဲ့ ဒရယ်ပြောက်လေးနဲ့ မြင်းနက်ကြီးကို ဘယ်တော့ လိုက်ဖ်လွှင့်ပြမှာလဲ'
'အရမ်း မိုက်တဲ့ ကျားသစ်လေးပဲ'
အားလုံးက ရွှီယန်ကို အသီးသီး နှုတ်ဆက်ကြလေသည်။
လိုက်ဖ်စဖွင့်ဖွင့်ချင်း ဝင်လာသူများမှာ ပရိသတ်ဟောင်းများ ဖြစ်သဖြင့် ရွှီယန်က ပြန်ပြောလိုက်၏။
"ဒီနေ့ တောင်ပေါ်ကို လမ်းလျှောက် ထွက်လာတာ... ဒီရက်ပိုင်း လယ်ယာခြံဝင်းမှာ အလုပ်တွေ အရမ်းများနေလို့ လိုက်ဖ်မလွှင့်ဖြစ်ဘူး... ဆောင်းဦးရာသီ ရောက်လာပြီဆိုတော့ ကိစ္စတွေက ပိုများလာပြီး လယ်ယာအလုပ်တွေက လုပ်လို့ကို မကုန်နိုင်ဘူး... ဒီနေ့တော့ ရှားရှားပါးပါး အပြင်ထွက်လာတာဆိုတော့ မြစ်ဘက်ကို သွားကြည့်မလို့... ဝက်ဝံညိုတွေ ငါးဖမ်းနေတာများ တွေ့ရမလားလို့... ဒီရာသီဆို သူတို့တွေက ဆောင်းခိုဖို့ ပြင်ဆင်တဲ့ အနေနဲ့ အစားတွေကို ရူးသွပ်နေသလို စားကြတာလေ"
သူနှင့် ကျားသစ်ပေါက်လေးက တောအုပ်ထဲတွင် လမ်းလျှောက်နေကြသည်။
ပတ်ဝန်းကျင် အခြေအနေက ပေါ့ပါးပြီး ပျော်ရွှင်စရာ ကောင်းနေ၏။
သစ်ပင်ပေါ်မှ ငှက်လေးများက ရွှီယန်နှင့် ကျားသစ်ပေါက်လေးကို အပေါ်မှနေ၍ ကြည့်နေကြပြီး ဤအတွဲအစပ်က အနည်းငယ် ထူးဆန်းနေသည်ဟု ထင်ပုံရကာ တစ်ကောင်နှင့် တစ်ကောင် စကားပြောနေကြသကဲ့သို့ တကျီကျီ အော်မြည်နေကြပေသည်။
ဆောင်းဦးရာသီ၏ လေထုတွင် အေးစိမ့်စိမ့် အရသာလေး ပါဝင်နေပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်နှင့် အေးမြသော လေများက အဆုတ်ထဲအထိ ဝင်ရောက်သွားကာ ခန္ဓာကိုယ်ကိုပါ အေးမြသွားစေ၏။
ရွှီယန်၏ စိတ်အခြေအနေက အလွန်ကို ပေါ့ပါးလွတ်လပ်နေသည်။
ဆောင်းဦးရာသီ၏ ကောင်းကင်ပြာပြာနှင့် လေပြေအေးအေးလေးက တကယ်ကို သက်သောင့်သက်သာ ရှိလွန်းလှပေသည်။
အပူချိန်ကလည်း မအေးလွန်း မပူလွန်းချေ။
ချွေးလည်း မထွက်သလို အေးလွန်းသည်ဟုလည်း မခံစားရပေ။
အသက်သာဆုံး အခြေအနေလေးပင် ဖြစ်သည်။
ခြေလှမ်း အနည်းငယ်ခန့် လျှောက်လိုက်ပြီးသည့် အချိန်မှာပင် ရွှီယန်၏ အန္တရာယ် အာရုံခံနိုင်စွမ်းက ရုတ်တရက် သတိပေးလာတော့၏။
သူ၏ စိတ်ထဲတွင် တစ်ခုခု၏ စောင့်ကြည့်ခြင်းကို ခံနေရသကဲ့သို့ အကြောင်းပြချက်မရှိ ရုတ်တရက် ရင်တုန်လာခဲ့သည်။
သူ ချက်ချင်းပင် ပတ်ဝန်းကျင်ကို လိုက်လံ ကြည့်ရှုလိုက်ရာ ခေါင်းလှည့်လိုက်သည်နှင့် ဘေးနားရှိ ချုံပုတ်များကြားထဲတွင် ပုန်းအောင်းနေသော အမည်းရောင် တောဝက်ကြီး တစ်ကောင်ကို တွေ့လိုက်ရပေသည်။
အရွယ်အစား အကြီးစား တောဝက်ကြီးပင်။
ရွှီယန်၏ ရန်သူဟောင်းဟုပင် ပြော၍ ရနိုင်၏။
"လခွမ်း... တောဝက်ကြီးဟ... ရှောင်ဟွာ... သစ်ပင်ပေါ်တက်"
ရွှီယန်က ကျားသစ်ပေါက်လေးကို အော်ပြောလိုက်ပြီး ဘေးနားရှိ သစ်ပင်ကြီးပေါ်သို့ ပြေးတက်သွားတော့သည်။
ကျားသစ်ပေါက်လေး၏ တုံ့ပြန်မှုကလည်း မြန်ဆန်လွန်းလှပြီး ရွှီယန် ပြောပြီးသည်နှင့် ချက်ချင်းပင် အပေါ်သို့ ခုန်တက်သွားလေသည်။
ဘေးနားရှိ သစ်ပင်ကြီးမှာ အတော်လေး တုတ်ခိုင်ပြီး အပေါ်နားတွင် ခွနေသော သစ်ကိုင်းများ ရှိ၏။
ရွှီယန် အပေါ်သို့ တွယ်တက်သွားသောအခါ ကျားသစ်ပေါက်လေးကလည်း သူ့ခြေထောက်အောက်မှနေ၍ တွယ်တက်လာသည်။
လုပ်ရပ်များက တစ်ပုံစံတည်းပင် ဖြစ်၏။
သူတို့နှစ်ယောက် ပြေးတက်သွားသည့် အချိန်မှာပင် တောဝက်ကြီးက ထွက်လာပြီး ရွှီယန် ရှိရာသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်တော့သည်။
ဤတောင်ပေါ်မှ အရွယ်ရောက်နေသော တောဝက်များက အပြင်မှ တောဝက်များထက် အများကြီး ပိုကြီးကြပေသည်။
အထူးသဖြင့် ဤတစ်ကောင်ပင်။
အလွန်ကို ကြမ်းတမ်းလွန်းလှ၏။
ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် အင်တာနက်သုံးစွဲသူများ အကုန်လုံး ကြောင်အမ်းသွားကြတော့သည်။
ဘာအခြေအနေကြီးနည်း။
ကောင်းကောင်းမွန်မွန်မှ ဘယ်လိုဖြစ်၍ ရုတ်တရက် သစ်ပင်ပေါ် ပြေးတက်သွားရသနည်း။
ဤတောဝက်ကြီးက ဘယ်ကနေ ထွက်လာခြင်းနည်း။
'လခွမ်း... ငါတောင် လန့်သွားတာပဲ'
'ဒီတောဝက်ကြီးကို ကြည့်ရတာ တကယ် ကြောက်စရာကြီး'
'နေပါဦး... လောင်ရွှီ ရဲ့ ပြေးတဲ့ အရှိန်က အရမ်း မြန်လွန်းမနေဘူးလား'
'ဟားဟား... ဒီလူနဲ့ ကျားသစ်က တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ'
'လောင်ရွှီ... မင်းက တောဝက်နဲ့ ဘာလို့ မချရဲတာလဲ'
လိုက်ဖ်ထဲတွင် ချက်ချင်းပင် ဆူညံသွားတော့၏။
ယခင်ကဆိုလျှင်တော့ အင်တာနက်သုံးစွဲသူများက စိုးရိမ်ပြီး ထိတ်လန့်နေကြမည်သာ ဖြစ်သည်။
သို့သော် ရွှီယန်၏ လိုက်ဖ်ကို ကြည့်ဖန်များလာသောအခါ သူက တောင်ပေါ်မှ အခြေအနေများကို ကောင်းကောင်း သိရှိထားပြီး ဘာပြဿနာမှ မဖြစ်တတ်ကြောင်းကို သိနေကြပြီ ဖြစ်၏။
ထို့ကြောင့် အားလုံးက စိတ်အေးလက်အေး ရှိနေကြခြင်း ဖြစ်သည်။
ယခုကဲ့သို့ တကယ် အန္တရာယ်ရှိလာပါက ရွှီယန် ပြေးသည်မှာ ဘယ်သူ့ထက်မဆို မြန်နေသည် မဟုတ်ပါလား။
လိုက်ဖ်ထဲတွင် အရမ်းကို စည်ကားနေပေသည်။
လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်က သစ်ပင်ပေါ်မှနေ၍ အောက်ရှိ တောဝက်ကြီးကို ငုံ့ကြည့်နေကြ၏။
"ဒီတောဝက်ကြီးက နည်းနည်း ကြမ်းတယ်ဟ... အရင်တုန်းက ကျားသစ်ပေါက်လေး သေးသေးလေး အရွယ်တုန်းကလည်း တစ်ခေါက် ဆုံဖူးတယ်... ဒီအကောင်ပဲ ထင်တယ်"
ရွှီယန်က ယခင်က ကိစ္စများကို ပြန်လည် တွေးမိသွားသည်။
ယခင်က သူ ကျားသစ်ပေါက်လေးကို ခေါ်ကာ အပြင်ထွက်လာစဉ်ကလည်း တောဝက် တစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံရပြီး ထိုစဉ်ကလည်း သူ သစ်ပင်ပေါ် ပြေးတက်ခဲ့ရသည် မဟုတ်ပါလား။
ရွှီယန်၏ မှတ်ဉာဏ်က အလွန် ကောင်းသဖြင့် ဤတောဝက်ကြီး၏ အသေးစိတ်ကို သေချာ အကဲခတ်ကြည့်လိုက်၏။
ခန္ဓာကိုယ်က သာမန် တောဝက်များထက် အနည်းငယ် ပိုကြီးပြီး ပါးစပ်ထောင့်တွင် အစွယ်နှစ်ချောင်း ရှိနေကာ တစ်ကိုယ်လုံးတွင် ညစ်ပတ်နေသော အမွေးများ အပြည့်ရှိနေသည်။
အကြည့်များကလည်း အလွန် ကြမ်းတမ်းပြီး နှာမှုတ်သံများလည်း ထွက်ပေါ်နေသေး၏။
တကယ့် သားရဲကြီးပင် ဖြစ်သည်။
"ဒီတစ်ကောင်ပဲ... အရင်ကတည်းက ငါ့ကို လာတိုက်ခိုက်ချင်နေတာ... သူက ဘာလို့ ငါတို့ကို အမြဲ လာရန်ရှာနေရတာလဲ"
ရွှီယန်က မျက်နှာ အနည်းငယ် ပျက်ယွင်းသွားကာ ပြောလိုက်သည်။
လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူ တစ်ယောက်က သတိပေးလာ၏။
'လောင်ရွှီ... မိခင်ကျားသစ်မကြီးက သူ့ကလေးကို စားဖူးလို့ သူက ကျားသစ်တွေကို အငြိုးထားနေတာများလား... တိရစ္ဆာန်တွေရဲ့ ရန်ငြိုးတွေက ဒီလိုနဲ့ပဲ စတင်တတ်ကြတာလေ'
ဤအင်တာနက်သုံးစွဲသူ၏ အပြောကို အားလုံးက သဘောတူကြပေသည်။
ဤသည်မှာ ဖြစ်နိုင်ခြေ အများဆုံး အကြောင်းပြချက်ပင် ဖြစ်၏။
သို့သော် ရွှီယန်က ခေါင်းခါလိုက်သည်။
"ဖြစ်နိုင်ခြေ ရှိတယ် ဆိုပေမယ့် ဒီတောဝက်ကြီးက အထီးလေ... တောဝက်ထီးတွေက ကလေး မထိန်းတတ်ဘူး... ဒါကြောင့် မိခင်ကျားသစ်မကြီးက တောဝက်ပေါက်လေးကို စားလိုက်လို့ သူက အငြိုးထားတယ်ဆိုတဲ့ အခြေအနေက မဖြစ်နိုင်ဘူး... နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခု ရှိတယ်... အဲဒါက သူက မိခင်ကျားသစ်မကြီးရဲ့ အကိုက်ခံရတာ ဒါမှမဟုတ် အကုတ်ခံရတာမျိုး ရှိဖူးပြီး မှတ်ထားလို့ အခု ကျားသစ်တွေကို တွေ့တာနဲ့ လာတိုက်ခိုက်ပြီး ကလဲ့စားချေတာ ဖြစ်မယ်... သူ့ခန္ဓာကိုယ် ဘေးဘက်ကို ကြည့်လိုက်... လက်သည်းရာ အမာရွတ်တွေ ရှိတယ်"
ဒရုန်းက တောဝက်ကြီးဆီသို့ အနီးကပ် ရိုက်ကူးပြလိုက်တော့မှသာ အင်တာနက်သုံးစွဲသူများလည်း တောဝက်ကြီး၏ ကျောကုန်းပေါ်မှ အရုပ်ဆိုးသော အမာရွတ်များကို မြင်တွေ့လိုက်ရသည်။
ထိုနေရာများတွင် အမွေးများ မရှိတော့ဘဲ ယခင်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်မည်ဟု ခန့်မှန်းရ၏။
တောဝက်များက အရေထူ အသားကြမ်းများဖြစ်ရာ အနီးကပ် သေနတ်ဖြင့် ပစ်လျှင်ပင် ပြေးနိုင်ကြသေးသည်။
သေချာသည်မှာ ဒဏ်ရာ ပြင်းထန်ပါက အဝေးကြီး ပြေးသွားပြီးမှ သေဆုံးသွားခြင်းမျိုးလည်း ရှိနိုင်ပေသည်။
သို့သော် သူတို့၏ ကာကွယ်နိုင်စွမ်းကတော့ ထိပ်တန်း အဆင့်တွင် ရှိ၏။
ထိုအချိန်တွင် ရွှီယန်က ဆက်ပြောလိုက်သည်။
"သာမန် တောဝက်တွေဆိုရင် ကျွန်တော် တကယ် မကြောက်ဘူး... ပုန်းနေစရာတောင် မလိုဘဲ မျက်နှာချင်းဆိုင်ကနေ ဖမ်းချုပ်ဖို့တောင် ရဲတယ်... ဒါပေမဲ့ ဒီတစ်ကောင်က မတူဘူး... ဒီအကောင်က အရမ်းကို သန်မာပြီး ကြမ်းတမ်းတဲ့ အကောင်မျိုးပဲ... တောဝက်ဘုရင်လို့တောင် ပြောလို့ရတယ်... ဒီအကောင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက တားဟွာ ထက်တောင် ပိုသာမယ် ထင်တယ်... အဲဒီ အစွယ်နှစ်ချောင်းက နည်းနည်း ကြောက်စရာ ကောင်းတယ်... အထိုးခံရရင် သေချာပေါက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရမှာမို့လို့ ကျွန်တော် အန္တရာယ် မခံချင်ဘူး"
ရွှီယန်၏ အသံက အလွန်ကို တည်ငြိမ်နေပေသည်။
သူ၏ ကိုယ်ပိုင် စွမ်းရည်များကလည်း မြင့်မားသဖြင့် သာမန် တောဝက်များက သူ့ကို လိုက်မမီနိုင်ချေ။ သိပ်အခြေအနေ မကောင်းလျှင်ပင် သစ်ပင်များကို ပတ်၍ ပြေး၍ ရနိုင်သေး၏။
သို့သော် ဤတစ်ကောင်ကတော့ မတူပေ။ အမြောက်ဆန်ကြီး တစ်ခုကဲ့သို့ လှုပ်ရှားမှု၊ ခွန်အား၊ ဖျက်ဆီးနိုင်စွမ်း အားလုံးက ကြောက်စရာ ကောင်းလွန်းလှသည်။
သူ၏ ဝင်တိုက်ခြင်း ခံရပါက သေချာပေါက် အရိုးများ ကျိုးကုန်မည်သာ ဖြစ်၏။
အင်တာနက်သုံးစွဲသူများ အကုန်လုံးကလည်း သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
'တကယ်ပဲ... ဒီတောဝက်ကြီးက ကြောက်စရာကြီး'
'ဒီတစ်ကောင်က ဘာလို့ ငါတို့ဘက်က တောဝက်တွေနဲ့ မတူရတာလဲ'
'မြောက်ပိုင်းက တိရစ္ဆာန်တွေ အကုန်လုံး သေးတယ်ဆို... ကြွက်တွေ ပိုးဟပ်တွေဆို သေးသေးလေးတွေလေ'
'တောဝက်တွေကတော့ ဆိုက်ဘေးရီးယား တောဝက်တွေက အကြီးဆုံးပဲ... သူတို့ဘက်က ဆိုက်ဘေးရီးယားနဲ့ တစ်ဆက်တည်း ရှိနေတော့ အဲဒီဘက်က တောဝက်တွေ ဒီဘက် ကူးလာတာလည်း ဖြစ်နိုင်တယ်လေ'
အားလုံးက လိုက်ဖ်မြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေကြ၏။
ရွှီယန်၏ လုံခြုံရေးအတွက် စိတ်မပူရဘူး ဆိုသော်လည်း တောဝက်ကြီးက သူတို့ကို ပြင်းထန်သော ဖိအားများ ပေးစွမ်းနေဆဲပင် ဖြစ်သည်။
ရွှီယန်နှင့် ကျားသစ်ပေါက်လေးက သစ်ပင်ပေါ်တွင် ဘာမှ မလှုပ်ရှားဘဲ ငြိမ်နေကြလေသည်။
"ဒီမှာ သစ်ပင်ကြီး တစ်ပင် ရှိနေလို့ တော်သေးတာပေါ့... အရင်က တောထဲမှာ သစ်ပင်ကြီးတွေ အများကြီးပဲ... လွန်ခဲ့တဲ့ နှစ်ဆယ်လောက်က အလွန်အကျွံ သစ်ခုတ်မှုတွေကြောင့် အရမ်း ကြီးမားတဲ့ သစ်ပင်ကြီးတွေ အကုန်လုံး အခုတ်ခံလိုက်ရတာ... အခု တောင်ပေါ်က သစ်တော အတော်များများက နောက်မှ ပြန်ပေါက်လာတဲ့ သစ်တောတွေ ဆိုတော့ အဲဒီလောက် မကြီးမားကြဘူး... ဒီလောက် ကြီးမားတဲ့ သစ်ပင်မျိုးက တော်တော် ရှားတယ်"
ရွှီယန်က ထပ်မံ ရှင်းပြလိုက်သေး၏။
တောဝက်ကြီးက အောက်မှနေ၍ နှာမှုတ်သံများ ထုတ်ကာ ခဏမျှ အော်ဟစ်နေသေးသော်လည်း ဘာမှ မထူးခြားသဖြင့် ဒေါသတကြီးဖြင့် ထွက်ပြေးသွားတော့သည်။
ရွှီယန်က ၎င်း၏ ကျောပြင်ကို ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်၏။
တောထဲတွင် ဖြစ်နေ၍သာ ရွှီယန်က ဘာမှ မလုပ်ချင်ခြင်း ဖြစ်သည်။ အကြောင်းမှာ တောထဲတွင် အမဲလိုက်ခွင့် မရှိဘူးဆိုသည့် စည်းကမ်းချက် ရှိနေသောကြောင့် ဖြစ်၏။
အကယ်၍ ဤတောဝက်ကြီးကသာ ရွှီယန်၏ လယ်ယာခြံဝင်းသို့ ရောက်လာရဲမည်ဆိုပါက ရွှီယန်က သေချာပေါက် ပညာပေးပစ်မည် ဖြစ်သည်။
ယခုအချိန်တွင် တောဝက်များက ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန် စာရင်းတွင် မပါတော့ပေ။ အကယ်၍ လူများ နေထိုင်ရာ နေရာသို့ ရောက်လာပါက ရိုက်သတ်လိုက်ခြင်းက ဥပဒေနှင့် မငြိစွန်းချေ။
သို့သော် ဤအကောင်များက အရေထူ အသားကြမ်းများဖြစ်သဖြင့် ဖမ်းဆီးရန် သို့မဟုတ် သတ်ဖြတ်ရန် ဆိုသည်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ရန်ငြိုးကတော့ ဖွဲ့ပြီးသွားခဲ့ပြီ ဖြစ်၏။
အကယ်၍ အခွင့်အရေး ရရှိပါက ရွှီယန်က သေချာပေါက် ပညာပေးရန် ရည်ရွယ်ထားသည်။
သူက လိုက်ဖ်ထဲတွင် ဘာစကားကြီးစကားကျယ်မှ မပြောဆိုခဲ့ချေ။
အကြောင်းမှာ အလုပ်မဖြစ်မီ ကြိုတင်၍ လေလုံးမိုးလုံး ထွားခြင်းမျိုးကို သူ မနှစ်သက်သောကြောင့် ဖြစ်၏။
နောက်မှ ဤတောဝက်ကြီးကို တကယ် သတ်နိုင်မည့် အချိန်ရောက်မှသာ ဆက်ပြောတော့မည်ဟု တွေးလိုက်သည်။
တောဝက်ကြီး ထွက်သွားပြီးနောက် ရွှီယန်နှင့် ကျားသစ်ပေါက်လေးတို့က သစ်ပင်ပေါ်မှ ဆင်းလာကြလေသည်။
"တောထဲမှာက အန္တရာယ် များတုန်းပဲ... ဒဏ်ရာမရအောင် အတတ်နိုင်ဆုံး ရှောင်ရှားရမယ်... မဟုတ်ရင် အပြင်ကို ပြန်ထွက်ဖို့ ခက်သွားလိမ့်မယ်... အစက အရမ်း ပေါ့ပါးလွတ်လပ်နေတာ... ဒီတောဝက်ကြီးကြောင့် စိတ်အခြေအနေတွေ အကုန် ပျက်ကုန်ပြီ"
ရွှီယန်က ညည်းတွားလိုက်သည်။
ထို့နောက် သူက ကျားသစ်ပေါက်လေးကို ခေါ်ကာ လမ်းဆက်လျှောက်ပြီး ဆော့ကစားရန် ထွက်လာခဲ့တော့သည်။