← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း (၁၄၅) နိုင်ငံတော်အဆင့်(၁) ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်တစ်ကောင်ကို ကယ်ဆယ်ခြင်း

ရွှီယန်သည် ရဲစခန်းသို့ အရှေ့တိုင်းငှက်ကျား ကိစ္စကို ဖုန်းဆက်၍ အကြောင်းကြားလိုက်သည်။

နိုင်ငံတော်အဆင့်(၁) ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်ဖြစ်သဖြင့် သေချာပေါက် အရေးတယူ လုပ်ဆောင်ရမည် ဖြစ်သည်။

"ကျွန်တော် သူ့ကို အပြင်ခေါ်ထုတ်လာခဲ့လို့ ရတယ်... နောက်ပိုင်း ဘယ်လိုစောင့်ရှောက်ရမလဲ ဆိုတာကိုတော့ ဆက်ကြည့်ရမှာပေါ့... ကျွန်တော့်အထင် သေချာလေး ဂရုစိုက်ရင် နှစ်ပတ်အတွင်း ပြန်ကောင်းလာနိုင်တယ်... ဒါဆိုရင် သူ နေရာရွှေ့ပြောင်းဖို့ အချိန်မီသေးတယ်လေ"

ရွှီယန်က ရဲအရာရှိ လျိုမင်ကို ပြောလိုက်သည်။

လျိုမင်က ချက်ချင်းပင် သဘောတူလိုက်၏။

"ကောင်းပြီ... ဒါဆိုရင်လည်း မင်းပဲ သူ့ကို အရင်ခေါ်ထုတ်လာခဲ့ပေးပါ... ငါတို့ဘက်က လူလွှတ်ပြီး အခြေအနေ လာကြည့်ခိုင်းလိုက်မယ်"

"ဟုတ်ကဲ့"

ရွှီယန်က ပြန်ဖြေလိုက်သည်။

ဤဘက်ရှိ ရဲစခန်းတွင် ဖြေရှင်းရသည့် အမှုကိစ္စ အများစုမှာ တိရစ္ဆာန်များနှင့် ပတ်သက်နေသည်က များသည်။

ကြက်ပျောက် ဘဲပျောက် ကိစ္စများမှအစ ဇီးကွက် ကောက်ရသည့် ကိစ္စများအထိ နေ့စဉ်နှင့်အမျှ ဤသို့သော ကိစ္စမျိုးများချည်းသာ ဖြစ်၏။

ဤသည်မှာလည်း အခြေခံအဆင့် အလုပ်တာဝန်များ၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။

ထို့ကြောင့်လည်း အခြေခံအဆင့်ရှိ နိုင်ငံ့ဝန်ထမ်းများက အပင်ပန်းဆုံးဟု ဆိုကြခြင်း ဖြစ်သည်။ အလုပ်များလွန်းပြီး အလွန် ရှုပ်ယှက်ခတ်လှပေသည်။

ရွှီယန် ဖုန်းချလိုက်ပြီးမှ ဘေးနားတွင် ကျားသစ်ပေါက်လေး ရှိနေသေးသည်ကို သတိရသွားသည်။

ယခု သူ့ရှေ့မှ အရှေ့တိုင်းငှက်ကျားမှာ ဒဏ်ရာရနေပြီး ကျားသစ်ပေါက်လေးကလည်း ဘေးနားတွင် ရှိနေသဖြင့် ပုံမှန်ဆိုလျှင် ကျားသစ်လေးက ငှက်ကျားကို ခုန်အုပ်၍ ဖမ်းစားရမည် ဖြစ်၏။

ထိုအချက်ကို တွေးမိသည်နှင့် ရွှီယန်သည် ကျားသစ်ပေါက်လေး ရှောင်ဟွာကို ချက်ချင်းပင် သတိထား၍ ကြည့်လိုက်သည်။

ရှောင်ဟွာက ရွှီယန် သူ့ကို ကြည့်နေသည်ကို သတိထားမိသောအခါ ခေါင်းလေး မော့လာပြီး ရွှီယန်ကို ပြန်ကြည့်လာသည်။

သူ၏ ပုံစံမှာ ဤသို့ မေးခွန်းထုတ်နေသကဲ့သို့ပင်။

'ဘာဖြစ်လို့လဲ... ငါ့ကို ဘာလို့ ကြည့်နေတာလဲ'

ရွှီယန်က ကျားသစ်လေး ခုန်အုပ်သွားမည်ကို တားဆီးချင်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤအရှေ့တိုင်းငှက်ကျားကို သူ ကယ်တင်ရဦးမည် မဟုတ်ပါလား။

ကျားသစ်လေး၏ မျက်နှာပေါ်မှ တုံးအအ အူကြောင်ကြောင် ပုံစံလေးကို မြင်လိုက်ရတော့မှသာ သူလည်း စိတ်အေးသွားတော့သည်။

ထို့နောက် ရွှီယန်သည် အရှေ့တိုင်းငှက်ကျား အနားသို့ ကပ်သွားပြီး ၎င်းကို မည်သို့ ခေါ်ထုတ်သွားရမည်ကို စဉ်းစားနေလိုက်သည်။

အရှေ့တိုင်းငှက်ကျားမှာ ခန္ဓာကိုယ်ကြီးမားသော ရေပျော်ငှက်အမျိုးအစား ဖြစ်ပြီး အရွယ်အစားက သေးငယ်လှသည် မဟုတ်ပေ။ လက်တစ်ဖက်တည်းဖြင့် အကောင်ပေါက်လေး နှစ်ကောင်ခန့်ကို ကိုင်၍ရသော ငှက်ငယ်လေးများနှင့် မတူညီချေ။

တိုက်တိုက်ဆိုင်ဆိုင်ပင် ရွှီယန်က ဝါးခြင်းတောင်းကို ယူဆောင်လာခဲ့သည်။

တောင်ပေါ်တက်သည့်အခါ ဝါးခြင်းတောင်းက မပါမဖြစ်ပင်။ အကယ်၍ တောင်ထွက်ပစ္စည်း ကောင်းကောင်းများ တွေ့ရှိပါက ခြင်းတောင်းထဲ ထည့်၍ သယ်ဆောင်သွားနိုင်ပေသည်။

ယခုတော့ ဤအရှေ့တိုင်းငှက်ကျားကို ထည့်ရန် အတော်ပင် ဖြစ်သွားတော့သည်။

အရှေ့တိုင်းငှက်ကျားကလည်း ရွှီယန်ကို တစ်ချိန်လုံး စိုက်ကြည့်နေသည်။ ၎င်းက မြေကြီးပေါ်တွင် ကွေးကွေးလေး ဝပ်နေပြီး စိတ်ဓာတ်များ အလွန် ကျဆင်းနေပုံရ၏။

တိရစ္ဆာန်များတွင်လည်း စိတ်ခံစားချက် ရှိကြသည်။ ယေဘုယျအားဖြင့် ဆိုရလျှင် ခန္ဓာကိုယ် အရွယ်အစား ပိုကြီးသော တိရစ္ဆာန်များက ပို၍ ဉာဏ်ကောင်းကြသလို စိတ်ခံစားချက်ကလည်း ပို၍ သိသာထင်ရှားတတ်ကြ၏။

သူ၏ အပေါင်းအသင်းများ အားလုံးက တောင်ပိုင်းသို့ ပျံသန်းသွားကြပြီဖြစ်ပြီး သူ တစ်ကောင်တည်းသာ ဤနေရာတွင် ကျန်ရစ်ခဲ့ရသဖြင့် ယခုအချိန်၌ သူ စိတ်ဓာတ်ကျနေသည်မှာလည်း သဘာဝပင် ဖြစ်သည်။

ရွှီယန်က ငှက်ကျားကို ပွေ့ချီရန် ကြိုးစားကြည့်လိုက်သည်။ ငှက်ကျားက ရုန်းကန်ငြင်းဆန်ခြင်းမျိုး မလုပ်ဘဲ ငြိမ်ငြိမ်သက်သက်လေးသာ နေနေ၏။

ထို့ကြောင့် ရွှီယန်လည်း အားအနည်းငယ် စိုက်ထုတ်ကာ ငှက်ကျားကို ဝါးခြင်းတောင်းထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။

ခြင်းတောင်းထဲတွင် အနေတော်ပင် ဆံ့သွားပေသည်။

ထို့နောက် ရွှီယန်က ဝါးခြင်းတောင်းကို လွယ်လိုက်ပြီး တောင်အောက်သို့ ဆင်းရန် ပြင်ဆင်လိုက်သည်။

"တောထဲမှာက ဒဏ်ရာရနေတဲ့ တိရစ္ဆာန်တွေ အမြဲတမ်း ရှိတတ်တယ်... သစ်တောစောင့်တွေ ကင်းလှည့်တဲ့ လမ်းတစ်လျှောက်မှာလည်း ဒဏ်ရာရနေတဲ့ တိရစ္ဆာန်တွေကို ခဏခဏ တွေ့ရတတ်တယ်လေ"

"တွေ့ပြီဆိုရင်လည်း ကယ်တင်လို့ရတဲ့ အခြေအနေမျိုးဆို အကုန်လုံးက ပြန်ခေါ်သွားပြီး ကယ်တင်ပေးကြတာပဲ"

"ကျွန်တော်လည်း ဒီဘက်က ရဲစခန်းကို ဆက်သွယ်ထားပြီးပြီ... နောက်ပိုင်း ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကိုတော့ ဆက်ကြည့်ရမှာပေါ့"

"သူ့ကို ပတ်တီးစည်းပြီး သေချာ ငြိမ်အောင် လုပ်ပေးထားလိုက်မယ်လို့ စဉ်းစားထားတယ်... ပြီးရင် ဆေးလိမ်းပြီး ပတ်တီးစည်းပေးလိုက်ရင် သူ ပြန်ကောင်းလာနိုင်မှာပါ"

ရွှီယန်က အားလုံးကို ပြောလိုက်သည်။

ပရိသတ်များက လိုက်ဖ်မြင်ကွင်းထဲမှ အခြေအနေကို ကြည့်ရှုနေကြသည်။

ရွှီယန် လုပ်ဆောင်သည့် ကိစ္စများက အမြဲတမ်း လူများ ထင်မှတ်မထားသည့် အရာများချည်းသာ ဖြစ်၏။

'အစ်ကိုယန်က တကယ် သဘောကောင်းတာပဲ'

'ဒီလိုက်ဖ်လွှင့်သူက လူကောင်းလေးပဲ... ချီးကျူးဖို့ ကောင်းတယ်'

'ဒီငှက်ကျားလေးကို ကြည့်ရတာ တကယ် သနားစရာလေးနော်'

'လောင်ရွှီ အရမ်း မိုက်တယ်ကွာ'

'လခွမ်း... ဘာလို့ လက်ဆောင်ပေးတဲ့ လုပ်ဆောင်ချက်ကို ပိတ်ထားရတာလဲ... ငါ လက်ဆောင် ပေးချင်လို့ပါဆို'

လက်တွေ့ဘဝတွင် လူအတော်များများက စိတ်သဘောထား ကောင်းမွန်ကြပေသည်။ ဟန်ဆောင်၍ စိတ်ထားကောင်းချင်ယောင် ဆောင်နေခြင်းမျိုး မဟုတ်ဘဲ တကယ့်ကို ဖြူစင်သော စိတ်ထားမျိုးပင်။

သဘာဝအတိုင်း ဒဏ်ရာရနေသော တိရစ္ဆာန်များကို မြင်တွေ့ရပါက ၎င်းတို့ကို ကယ်တင်ခွင့် ရပါစေဟု အမြဲ မျှော်လင့်တတ်ကြသည်။

ဤသည်မှာ အခြားအသားစား တိရစ္ဆာန်များ၏ ဖမ်းဆီးစားသောက်ခံရခြင်းနှင့် မတူညီပေ။ ၎င်းမှာ သဘာဝတရား၏ နိယာမဖြစ်သဖြင့် လူများက လေးစားလိုက်နာပြီး ဝင်ရောက် မစွက်ဖက်ကြချေ။

သို့သော် သဘာဝအတိုင်း ဒဏ်ရာရခြင်းများ၊ မတော်တဆ ထိခိုက်မိခြင်းမျိုး ဆိုလျှင်တော့ ကယ်တင်ပေး၍ ရနိုင်သည်။ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းများ၊ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး စင်တာ စသည့် ဌာနများကလည်း ဤသို့ပင် လုပ်ဆောင်နေကြသည် မဟုတ်ပါလား။

စိတ်သဘောထား ကောင်းမွန်သူများက ရွှီယန်၏ လိုက်ဖ်ကို ကြည့်ရှုရင်း မြင်ကွင်းထဲမှ အရှေ့တိုင်းငှက်ကျားလေးကြောင့် ရင်ထဲတွင် စိတ်လှုပ်ရှား ခံစားနေကြရသည်။

ထို့အပြင် အရှေ့တိုင်းငှက်ကျားများက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အတွင်းမွန်ဂိုလီးယား ဒေသများတွင် အဓိက နေထိုင်ကြပြီး ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသတွင်လည်း အနည်းငယ် နေထိုင်ကြသည်။

အခြေခံအားဖြင့်တော့ တရုတ်နိုင်ငံ၏ သီးသန့်ငှက်ဟုပင် ပြော၍ ရနိုင်ပေသည်။

ထို့ကြောင့်လည်း ပို၍ ကာကွယ်စောင့်ရှောက်ရန် ထိုက်တန်ပေသည်။

အရှေ့တိုင်းငှက်ကျားက ရွှီယန်၏ ဝါးခြင်းတောင်းထဲတွင် ငြိမ်ငြိမ်သက်သက်လေး ဝပ်နေ၏။

၎င်းကို ကြည့်ရသည်မှာ ခန္ဓာကိုယ် ကြီးမားသော်လည်း သိပ်မလေးပေ။ လွယ်ထားရသည်မှာ အတော်လေး ပေါ့ပါးလှသည်။

ကျားသစ်ပေါက်လေးကလည်း ရွှီယန်၏ ဘေးနားမှနေ၍ ကပ်လိုက်လာသည်။ ၎င်းက တစ်ခါတစ်ရံ ခေါင်းမော့၍ အရှေ့တိုင်းငှက်ကျားကို ကြည့်တတ်သော်လည်း ဖမ်းစားချင်သည့် စိတ်ကူးမျိုး လုံးဝ မရှိဘဲ စပ်စုချင်ရုံ သက်သက်သာ ဖြစ်သည်။

ရွှီယန်က လမ်းလျှောက်နေရင်း စကားပြောလာသည်။

"အရှေ့တိုင်းငှက်ကျားတွေက အော်မြည်လေ့ သိပ်မရှိဘူး... လုံးဝ မအော်တတ်ဘူးလို့တောင် ပြောလို့ရတယ်... ဒါပေမဲ့ သူတို့ အန္တရာယ်နဲ့ ကြုံရရင်တော့ သတိပေးတဲ့အနေနဲ့ ထူးခြားတဲ့ အသံတစ်မျိုးကို ထုတ်လွှင့်တတ်ကြတယ်"

"အဲဒါ ဘာအသံလဲဆိုတာ အားလုံး သိကြလား"

ရွှီယန်၏ ရုတ်တရက် အမေးကြောင့် အင်တာနက်သုံးစွဲသူများ အနည်းငယ် ကြောင်အမ်းသွားကြသည်။

လိုက်ဖ်ထဲရှိ အာရုံစိုက်မှု အားလုံးကလည်း သူ၏ မေးခွန်းဆီသို့ ရောက်သွားကြ၏။

'ဘာလဲ... အတောင်ပံ ခတ်တဲ့ အသံလား'

လူတစ်ယောက်က ပြန်ဖြေလာသည်။

ရွှီယန်ကလည်း ဆက်၍ အချိန်ဆွဲမနေတော့ဘဲ ချက်ချင်း ရှင်းပြလိုက်သည်။

"သူတို့ရဲ့ နှုတ်သီးကို သုံးတာလေ... သူတို့ နှုတ်သီးတွေက အတော်လေး ရှည်တယ်... အန္တရာယ်ရှိတယ်လို့ ခံစားရရင် နှုတ်သီးကို အမြန် အဖွင့်အပိတ် လုပ်ပြီး သတိပေးသံတွေ ထုတ်လွှင့်တတ်ကြတယ်"

"ဒီငှက်တွေက အရမ်း သတိကြီးကြတာ... အရွယ်အစားကြီးတဲ့ တိရစ္ဆာန်တွေ အနားကပ်လာရင် ချက်ချင်း ပျံထွက်သွားတော့တာပဲ"

"ခန္ဓာကိုယ်ကြီးမားတဲ့ ရေပျော်ငှက်တွေက သေးငယ်တဲ့ ငှက်လေးတွေလောက် သွက်လက်ပြီး ချစ်စရာမကောင်းပေမယ့် ပျံသန်းနေတဲ့ မြင်ကွင်းကတော့ တကယ်ကို လှပလွန်းတယ်"

ရွှီယန်က အရှေ့တိုင်းငှက်ကျား အကြောင်းများကို ရှင်းပြနေသည်။

အရှေ့တိုင်းငှက်ကျားကလည်း တစ်ချိန်လုံး ငြိမ်ငြိမ်သက်သက်လေး နေနေ၏။

ယခုအချိန်တွင် ၎င်း၏ စိတ်ခံစားချက်က အလွန်ကို ကျဆင်းနေပြီး အပေါင်းအသင်းများ ထွက်ခွာသွားသည့် ဝမ်းနည်းမှုထဲတွင်သာ နစ်မွန်းနေဆဲ ဖြစ်သည်။

နေရာရွှေ့ပြောင်းရတော့မည့် အချိန်ရောက်မှ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခြင်းက ရွှေ့ပြောင်းငှက်တစ်ကောင်အတွက်တော့ အသက်အန္တရာယ် ရှိသည့် ကိစ္စကြီးပင် ဖြစ်သည်။

ဤငှက်က အရွယ်ရောက်ပြီးသား ငှက်ဖြစ်သဖြင့် အနည်းဆုံး တစ်ကြိမ်တော့ နေရာရွှေ့ပြောင်းဖူးမည်ဟု ရွှီယန် ခန့်မှန်းမိ၏။ နေရာရွှေ့ပြောင်းဖူးသည့် အတွေ့အကြုံရှိသော ရွှေ့ပြောင်းငှက် တစ်ကောင်ပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အရှေ့တိုင်းငှက်ကျား၏ ကာကွယ်စောင့်ရှောက်မှု အဆင့်က အလွန်မြင့်မားပြီး မျိုးတုံးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ကယ်တင်နိုင်မည်ဆိုလျှင် ကယ်တင်ပေးရမည် ဖြစ်သည်။

ရတနာရှာဖွေရေး တာဝန်များကို လုပ်ဆောင်ရခြင်းကိုလည်း ရွှီယန် အတော်လေး သဘောကျပေသည်။

ဤတစ်ခေါက် တာဝန်ဆုလာဘ်က အနွေးဓာတ် ထိန်းပေးနိုင်သော အထူးထုတ် အနွေးထည် ဖြစ်သဖြင့် နားထောင်ကြည့်ရုံနှင့် သိပ်အသုံးမဝင်ဟု ထင်ရသော်လည်း အကယ်၍ အနွေးဓာတ် ထိန်းပေးနိုင်စွမ်းက တကယ်ပင် အလွန်ကောင်းမွန်မည်ဆိုပါက အရှေ့မြောက်ဒေသတွင်တော့ တကယ့် အဖိုးတန် ပစ္စည်းတစ်ခုပင် ဖြစ်၏။

ဤဘက်ရှိ ဆောင်းရာသီမှာ အလွန် အေးမြလှသည်။

ထို့ကြောင့်လည်း လူအတော်များများက ဆန်းယာ ဘက်သို့ ထွက်ပြေးကြခြင်း ဖြစ်၏။ တကယ်ကို အအေးဒဏ်ကို ကြောက်ရွံ့နေကြသောကြောင့် ဖြစ်သည်။

အခြားနေရာများတွင် 'အအေးဒဏ်ကြောင့် လူသေနိုင်တယ်' ဆိုသည်မှာ ရာသီဥတု အလွန်အေးလွန်းသည် ဆိုသည်ကို တင်စား၍ ပြောဆိုသည့် စကားသက်သက်သာ ဖြစ်သည်။

သို့သော် ဤဘက်တွင်တော့ 'အအေးဒဏ်ကြောင့် လူသေနိုင်တယ်' ဆိုသည်မှာ တကယ့် အဖြစ်အပျက်တစ်ခုပင်။ တကယ်ကို အေးခဲ၍ သေဆုံးသွားသူများ ရှိသောကြောင့် ဖြစ်၏။

ဥပမာအားဖြင့် အရက်မူးပြီး နှင်းတောထဲတွင် တစ်ညလုံး အိပ်ပျော်သွားပါက နောက်နေ့နံနက်ရောက်သောအခါ တောင့်တောင့်ကြီး ဖြစ်နေပြီ ဖြစ်သည်။

ရွှီယန်က အပြင်ဘက်သို့ တောက်လျှောက် ထွက်လာခဲ့သည်။

နှစ်နာရီကျော်ခန့် လမ်းလျှောက်ပြီးသည့်နောက် မိခင်ကျားသစ်မကြီး နေထိုင်ရာ နေရာအနားသို့ ရောက်ခါနီးသောအခါ ရွှီယန်က ကျားသစ်ပေါက်လေးကို သူ့ဘာသာသူ အရင် သွားခိုင်းလိုက်၏။

သူကတော့ မီတာ တစ်ရာခန့် အကွာမှနေ၍ လှမ်းကြည့်နေလိုက်သည်။

မတတ်နိုင်ပေ။ ကျားသစ်ပေါက်လေးက အရှေ့တိုင်းငှက်ကျားကို မဖမ်းစားသော်လည်း မိခင်ကျားသစ်မကြီးကတော့ ပြော၍မရနိုင်ချေ။

တားဟွာ က အစစ်အမှန် သားရဲတိရစ္ဆာန် တစ်ကောင် ဖြစ်နေဆဲပင်။ အမြဲတမ်း သတိရှိပြီး အမဲလိုက် ကျွမ်းကျင်နေဆဲဖြစ်ကာ ရွှီယန်ကို တစ်ယောက်တည်းသာ ရင်းနှီးခြင်း ဖြစ်၏။

ကျားသစ်များ၏ ကောင်းသော အချက်တစ်ခုမှာ ၎င်းတို့က အစားစားရန်အတွက်သာ အမဲလိုက်ကြခြင်းဖြစ်ပြီး သတ်ဖြတ်လိုသည့် ဆန္ဒ သိပ်မပြင်းပြကြပေ။ ၎င်းတို့က အနားယူရခြင်းကို ပို၍ သဘောကျကြသည်။

အကယ်၍ ဗိုက်ဝနေပြီဆိုပါက သူ၏ရှေ့တွင် ဒရယ်ပြောက် ပြေးနေလျှင်ပင် လိုက်ဖမ်းရန် ပျင်းရိနေတတ်ကြ၏။

ရွှီယန်က ကျားသစ်ပေါက်လေး မိခင်ကျားသစ်မကြီး အနားသို့ ရောက်သွားသည်ကို အဝေးမှ လှမ်းမြင်လိုက်ရတော့မှသာ သူတို့ကို တစ်ချက် အော်ခေါ်ကာ လက်ပြနှုတ်ဆက်ပြီး လှည့်ထွက်လာခဲ့တော့သည်။

"အရင်ဆုံး လိုက်ဖ်ပိတ်လိုက်တော့မယ်... အရှေ့တိုင်းငှက်ကျား နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ကိစ္စတွေကိုတော့ ဗီဒီယို ရိုက်ပြီး တင်ပေးပါ့မယ်"

"ကျွန်တော်လည်း ဒေသခံ ရဲစခန်းကို ဆက်သွယ်ထားပြီးပြီ ဆိုတော့ အရှေ့တိုင်းငှက်ကျားကို သေချာ ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းပေးမှာပါ... အားလုံး စိတ်ချပါနော်"

ရွှီယန်က တောင်အောက်နှင့် သိပ်မဝေးတော့သည်ကို မြင်လိုက်ရသဖြင့် လိုက်ဖ်ပိတ်ရန် ဆုံးဖြတ်လိုက်သည်။

အင်တာနက်သုံးစွဲသူများက ဤကိစ္စကို အလွန် အာရုံစိုက်နေကြ၏။

'လောင်ရွှီ... ဗီဒီယို သေချာပေါက် ရိုက်တင်ပေးရမယ်နော်'

'လိုက်ဖ် ဆက်မကြည့်ရရင် ငါ စိတ်မချဘူးကွာ'

'ဒီလောက် လူအများကြီးက အာရုံစိုက်နေကြတာဆိုတော့ ရဲစခန်းကလည်း ဖိအားများမှာ သေချာတယ်... သေချာလေး ဂရုစိုက်ပေးမှာပါ'

'လောင်ရွှီ က အခုဆို နာမည်ကြီး လိုက်ဖ်လွှင့်သူကြီး ဖြစ်နေပြီလေ... စိတ်ချပါ ဘာပြဿနာမှ မရှိလောက်ပါဘူး'

လူအတော်များများက ကွန်မန့်များ ရေးသားကာ ပြန်လည် တုံ့ပြန်ကြသည်။

မကြာမီမှာပင် လိုက်ဖ်ကို ပိတ်လိုက်ပြီး ဒရုန်းကိုတော့ ဖွင့်ထားရက်ဖြင့်သာ ထားလိုက်၏။

ရွှီယန်က အပြင်ဘက်သို့ တောက်လျှောက် ထွက်လာခဲ့သည်။

အရှေ့ဘက်တွင် သူ၏ လယ်ယာခြံဝင်း ရှိနေပြီ ဖြစ်သည်။

သူက ရဲစခန်းသို့ ဖုန်းဆက်လိုက်ရာ လျိုမင် က အခုချက်ချင်း လာခဲ့မည်ဟု ပြောသည်။

ရွှီယန် လယ်ယာခြံဝင်းသို့ ပြန်ရောက်သောအခါ ရဲအရာရှိ နှစ်ယောက်ဖြစ်သော လျိုမင် နှင့် ကျန်းတာ့ဟိုင် တို့ ရောက်ရှိနေကြပြီ ဖြစ်၏။ သူတို့နှင့်အတူ ဒုစခန်းမှူး ဝမ်ဝေ့ လည်း ပါလာသည်။

သူတို့ အချင်းချင်း အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် ဝါးခြင်းတောင်းထဲရှိ အရှေ့တိုင်းငှက်ကျားကို လှမ်းကြည့်လိုက်ကြ၏။

"တကယ်ပဲ အရှေ့တိုင်းငှက်ကျား ဖြစ်နေတာပဲ... အဆင့် ၁ ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ဆိုတော့ အထက်လူကြီးတွေဆီ အစီရင်ခံတင်ပြရလိမ့်မယ်"

"အခုလောလောဆယ်တော့ သူ့ကို ကယ်တင်စောင့်ရှောက်ဖို့ နေရာတစ်ခု ရှာရမယ်... အတောင်ပံ အရိုးကျိုးတယ် ဆိုတာက သေချာ မကုသရင် အရိုးလွဲသွားဖို့ လွယ်ကူပြီး တစ်သက်လုံး ပျံလို့ မရတော့ဘဲ ဖြစ်သွားနိုင်တယ်လေ"

အတွေ့အကြုံ ရင့်ကျက်သော ဝမ်ဝေ့ က စကားစပြောလိုက်သည်။

"ကျွန်တော် ကယ်ဆယ်ကုသရေး နည်းလမ်း နည်းနည်းပါးပါး တတ်တယ်... ရိုးရိုးရှင်းရှင်း ကုသပေးရုံလောက်ဆိုရင်တော့ ပြဿနာ မရှိပါဘူး"

"ဒီလိုလုပ်ရအောင်... သူ့အတောင်ပံကို သေချာ ငြိမ်အောင် ကျွန်တော် လုပ်ပေးလိုက်မယ်... အရင်ဆုံး ပိုးသတ်မယ်... ပြီးရင် ဆေးနည်းနည်း သုတ်ပေးလိုက်မယ်"

"ဒါဆို မြန်မြန် သက်သာသွားလိမ့်မယ်"

"အရင်တုန်းကလည်း ဒီလိုနည်းနဲ့ပဲ ကျားသစ်ကို ကယ်တင်ဖူးတယ်လေ"

ရွှီယန်က ကယ်ဆယ်ကုသရေး ကိစ္စကို ကိုယ်တိုင် တာဝန်ယူလိုက်သည်။

ရွှီယန် ဤသို့ပြောသည်ကို ကြားသောအခါ ရဲအရာရှိ သုံးယောက်လည်း သေချာပေါက် သဘောတူလိုက်ကြ၏။

ကျန်းတာ့ဟိုင် က ကင်မရာ တစ်လုံးကိုင်ကာ ရိုက်ကူးနေသည်။ တိရစ္ဆာန်များကို ကယ်တင်ခြင်းက ရဲစခန်း၏ လုပ်ငန်းစွမ်းဆောင်ရည် တစ်ခုဖြစ်သဖြင့် ဗီဒီယို မှတ်တမ်း ရိုက်ကူးထားရန် လိုအပ်သောကြောင့် ဖြစ်၏။

ယခုခေတ် အခြေခံအဆင့် စီမံအုပ်ချုပ်မှုများက အတော်လေး တင်းကျပ်နေပြီဖြစ်ရာ မသမာသော ကိစ္စများ သိပ်မရှိတော့ဘဲ အတော်လေး စနစ်ကျနေပြီ ဖြစ်သည်။

ထို့ကြောင့်ပင် ရွှီယန်က အရှေ့တိုင်းငှက်ကျားကို ကယ်ဆယ်ကုသရန် အလုပ်များနေတော့၏။

သူက အရှေ့တိုင်းငှက်ကျားကို မြက်ခင်းပြင်ပေါ်သို့ ချထားပေးလိုက်ပြီး ဆေးသေတ္တာ သွားယူကာ ပိုးသတ်ခြင်း... အရိုးတည့်ပေးခြင်း... ဆေးထည့်ခြင်း... သစ်သားပြား နှစ်ပြားဖြင့် ငြိမ်အောင် ညှပ်ပေးခြင်း... ပတ်တီးစည်းခြင်းများကို စတင် လုပ်ဆောင်လိုက်သည်။

ဤလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဗီဒီယို ရိုက်ကူးမှတ်တမ်းတင်ထားလိုက်၏။

တစ်ဖက်တွင် ရဲအရာရှိက ရိုက်ကူးနေသလို အခြားတစ်ဖက်တွင်လည်း လယ်ယာခြံဝင်း အကူလုပ်သား လီဆန်း က ရိုက်ကူးနေသည်။ ဤသည်မှာ ကိုယ်ပိုင် မီဒီယာအတွက် ကောင်းမွန်သော အကြောင်းအရာလေး တစ်ခုပင် ဖြစ်၏။

တိရစ္ဆာန်များကို ကယ်တင်ခြင်းက ရွှီယန်အတွက်တော့ ရေပက်မဝင်အောင် ကျွမ်းကျင်နေပြီ ဖြစ်သည်။

လယ်ယာခြံဝင်းက တောင်ခြေတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သူကိုယ်တိုင်ကလည်း တောင်ပေါ်သို့ မကြာခဏ တက်နေသဖြင့် သွားလိုက်ပြန်လိုက်ဖြင့် ဒဏ်ရာရနေသော တိရစ္ဆာန်များနှင့် တွေ့ဆုံရခြင်းက သိပ်ပြီး ဆန်းကြယ်သော ကိစ္စ မဟုတ်တော့ချေ။

ကိုယ်တတ်နိုင်သလောက်တော့ ကူညီပေးရမည်သာ ဖြစ်၏။

အရှေ့တိုင်းငှက်ကျားက အနည်းငယ် တွန့်ဆုတ်နေသော်လည်း အတော်လေး ငြိမ်သက်နေပြီး စိတ်လှုပ်ရှား ရုန်းကန်သည့် ပုံစံမျိုး လုံးဝ မပြသပေ။

လယ်ယာခြံဝင်းထဲရှိ အကောင်လေးများ၏ အခြေအနေကတော့ တစ်ကောင်နှင့် တစ်ကောင် မတူညီကြချေ။

ရှောင်ဟေး နှင့် မာလီနွိုက်ခွေး တို့ကတော့ ပျော်ပွဲရွှင်ပွဲ လာကြည့်သကဲ့သို့ အနားသို့ ကပ်လာကြသည်။ ခွေးများက အမြဲတမ်း ဤသို့ပင် ဖြစ်၏။ လူများသော နေရာကို လာကြည့်ရခြင်းကို သဘောကျကြသည်။

မြင်းနက်ကြီးကတော့ အဝေးသို့ ပြေးသွားပြီး တိရစ္ဆာန်စားမြက်ခင်း ဘက်မှနေ၍ ခပ်လှမ်းလှမ်းက လှမ်းကြည့်နေ၏။

ဒရယ်ပြောက်လေးက အနည်းငယ် တွန့်ဆုတ်စွာဖြင့် မနီးမဝေးတွင် ရပ်နေပြီး အနားသို့လည်း မကပ်ရဲသလို အဝေးသို့လည်း ထွက်မပြေးချေ။

ရဲအရာရှိ သုံးယောက်စလုံးကလည်း ဘေးမှနေ၍ ဝိုင်းကြည့်နေကြသည်။

သူတို့ကလည်း အရှေ့တိုင်းငှက်ကျားကို မည်သို့ စောင့်ရှောက်ရမည် ဆိုသည်ကို စဉ်းစားနေကြ၏။

တကယ်တော့ ဤသည်မှာ ခေါင်းခဲစရာ ပြဿနာ တစ်ခုပင် ဖြစ်သည်။

ယေဘုယျအားဖြင့် အထက်လူကြီးများထံ အစီရင်ခံတင်ပြပြီးပါက ကိုယ့်ဘာသာကိုယ် သေချာ စောင့်ရှောက်ထားပြီးမှ ပြန်လွှတ်ပေးရန်သာ ညွှန်ကြားတတ်ကြသည်။

အခြေခံအဆင့် အလုပ်များက အလွန် များပြားပြီး ရှုပ်ယှက်ခတ်နေသလို လုပ်ရကိုင်ရသည်မှာလည်း ခက်ခဲလှ၏။

ထို့ကြောင့် သူတို့က ရဲအရာရှိ တစ်ယောက်ယောက်ကို တာဝန်ပေးကာ စောင့်ရှောက်ခိုင်းတတ်ကြသည်။

သို့သော် ဇီးကွက်တို့ ငန်းရိုင်းတို့ဆိုလျှင်တော့ ကိစ္စမရှိပေ။ မည်သို့ပင်ဖြစ်စေ အရွယ်အစားက ထိုမျှလောက်သာ ရှိသည်ဖြစ်ရာ မွေးမြူရသည်မှာ အတော်လေး လွယ်ကူလှသည်။

ယခု ဤအရှေ့တိုင်းငှက်ကျားက ခန္ဓာကိုယ် အရှည် တစ်မီတာ နှစ်ဆယ်ခန့် ရှိသည်ဖြစ်ရာ ၎င်းကို ဘယ်မှာ ထားရမည်ဆိုသည်ကိုပင် မသိကြချေ။

ဒုစခန်းမှူး ဝမ်ဝေ့ ကို ကြည့်ရသည်မှာလည်း အနည်းငယ် အခက်တွေ့နေပုံရ၏။

သိပ်မကြာခင်မှာပင် ရွှီယန်က အရှေ့တိုင်းငှက်ကျား၏ ဒဏ်ရာကို ကုသပေး၍ ပြီးစီးသွားသည်။

အနည်းငယ် အရိုးကျိုးသွားရုံမျှသာ ဖြစ်သဖြင့် ပြန်လည် နာလန်ထခြင်း မြန်ဆန်ပြီး နှစ်ပတ်အတွင်း သေချာပေါက် အလုံးစုံ ပြန်ကောင်းလာနိုင်ပေသည်။

"ကဲ... ကျွန်တော် ကုသပေးလို့ ပြီးသွားပြီ... သူ့အတောင်ပံကို သွားမထိရင် ရပြီ"

"နေရာရွှေ့မယ်ဆိုရင် အတတ်နိုင်ဆုံး ပွေ့ချီသွားပါ"

ရွှီယန်က ဝမ်ဝေ့ ကို မှာကြားလိုက်သည်။

"ခြံရှင် ရွှီယန်... မင်းကို ပြောစရာလေး တစ်ခု ရှိလို့... မင်းရဲ့ သဘောထားကိုလည်း မေးချင်လို့ပါ"

ဝမ်ဝေ့ က ရုတ်တရက် အလွန် ယဉ်ကျေးသော လေသံဖြင့် ရွှီယန်ကို ပြောလိုက်၏။

"ဘာများလဲခင်ဗျ"

ရွှီယန် စိတ်ထဲမှနေ၍ အကြမ်းဖျင်း ရိပ်မိသွားသည်။

"ဒီအရှေ့တိုင်းငှက်ကျားကို မင်းရဲ့ လယ်ယာခြံဝင်းမှာပဲ ဆက်ထားပြီး စောင့်ရှောက်ပေးလို့ ရမလားလို့ မေးချင်တာပါ... ငါတို့ဘက်ကလည်း လိုအပ်တဲ့ အကူအညီတချို့ ထောက်ပံ့ပေးပါ့မယ်"

"မင်းလည်း သိတဲ့အတိုင်း ဒီအကောင်ကြီးကို ထားဖို့က တော်တော် ခက်ခဲတယ်... ငါတို့ ရဲစခန်းထဲမှာ ပိတ်လှောင်ထားဖို့ကလည်း သိပ်အဆင်မပြေဘူးလေ"

"မင်းဆီမှာ ထားလိုက်တာက အတော်ဆုံးပဲ"

ဝမ်ဝေ့ က ဆက်ပြောလိုက်သည်။

သူက ခဏမျှ ရပ်သွားပြီး

"တကယ်လို့ မင်း သဘောမတူဘူး ဆိုရင်လည်း ငါတို့ ပြန်ခေါ်သွားပါ့မယ်... စခန်းထဲမှာ ရက်အနည်းငယ်လောက် ထားလိုက်ရင်လည်း ပြဿနာ သိပ်မကြီးပါဘူး"

ရွှီယန်က ခဏမျှ စဉ်းစားပြီး ပြန်ပြောလိုက်သည်။

"ကျွန်တော့်ဆီမှာ ထားမယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး... ဒါပေမဲ့ လယ်ယာခြံဝင်းမှာ အလုပ်တွေ အရမ်းများတော့ ကျွန်တော် သူ့ကို သေချာ ဂရုစိုက်ပေးနိုင်ဖို့တော့ မလွယ်ဘူး"

"တကယ်လို့ တခြား တိရစ္ဆာန် တစ်ကောင်ကောင် ဝင်လာပြီး သူ့ကို ကိုက်ချီသွားရင် ပြဿနာ တက်လိမ့်မယ်"

ဤစကားကို ကြားသောအခါ ဝမ်ဝေ့ က ပြန်ပြောလိုက်၏။

"အဲဒီအချက်အတွက် မင်း စိတ်ချလို့ ရပါတယ်... မင်း ကိုယ်တိုင် တမင်သက်သက် လုပ်တာ မဟုတ်ဘူးဆိုရင် တောကြောင် တစ်ကောင်ကောင် ကိုက်ချီသွားရင်တောင် ဘယ်စည်းကမ်းကိုမှ မချိုးဖောက်ပါဘူး"

"ဒါက သဘာဝရဲ့ အပြုအမူတစ်ခုပဲလေ... ပြီးတော့ ဒီမှာ ထားဖို့ဆိုတာလည်း ငါတို့ သဘောတူထားတာပဲ"

"နောက်ပိုင်း မင်းဆီမှာ ငါတို့စခန်းက ကူညီပေးရမယ့် ကိစ္စတွေ ရှိလာရင်လည်း ငါတို့ အချင်းချင်း ဖေးမကူညီပေးကြတာပေါ့"

ဝမ်ဝေ့ က ရွှီယန်၏ စိုးရိမ်ပူပန်မှုများကို ဖယ်ရှားပေးလိုက်သည်။

မတော်တဆ တစ်ခုခု ဖြစ်သွားလျှင်ပင် ရွှီယန်နှင့် ဘာမှ သက်ဆိုင်တော့မည် မဟုတ်ချေ။

တကယ်တမ်းလည်း ဤသို့ပင် ဖြစ်သည်။ ဥပဒေက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ အန္တရာယ်ပြုသည့် လုပ်ရပ်များကိုသာ အပြစ်ပေး အရေးယူခြင်း ဖြစ်၏။

"ကောင်းပြီလေ... ဒါဆိုရင်လည်း ကျွန်တော့်ဆီမှာပဲ ထားခဲ့လိုက်ပါ... အဲဒီကျရင် ကျွန်တော် ဗီဒီယိုလေး တစ်ပုဒ်တော့ တင်လိုက်မယ်"

ရွှီယန်က ခေါင်းညိတ်လိုက်ပြီး အရှေ့တိုင်းငှက်ကျားကို လယ်ယာခြံဝင်းတွင် အရင်ထားရန် သဘောတူလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော ငှက်မျိုးက တွေ့ရခဲသဖြင့် နေ့စဉ် အစာလေး ကျွေးရသည်မှာလည်း မဆိုးလှပေ။

"ဒီလိုလုပ်ရအောင်... ငါ မင်းအတွက် တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း ဆိုတဲ့ လက်မှတ် တစ်ခု သွားလုပ်ပေးမယ်... မင်းရဲ့ ဒီလယ်ယာခြံဝင်းက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်လေ"

"လက်မှတ် ရှိသွားရင် လုပ်ထုံးလုပ်နည်းတွေက ပိုပြီး စနစ်ကျသွားတာပေါ့"

"နောက်ပိုင်း တောရိုင်းတိရစ္ဆာန် တစ်ကောင်ကောင် မင်းဆီမှာ ဒဏ်ရာရလာရင်လည်း မင်း တိုက်ရိုက် ကယ်တင်ကုသပေးလို့ ရတာပေါ့"

ဝမ်ဝေ့ က ထပ်၍ ကတိပေးလိုက်၏။

"ဟုတ်ကဲ့"

ဤကိစ္စက ဤသို့ဖြင့်ပင် အတည်ဖြစ်သွားတော့သည်။

ဒဏ်ရာရပြီး နေရာရွှေ့ပြောင်း၍ မရသော အရှေ့တိုင်းငှက်ကျား တစ်ကောင်က ရွှီယန်၏ လယ်ယာခြံဝင်းတွင် အောင်မြင်စွာ အခြေချသွားခဲ့ပြီ ဖြစ်သည်။

ဤသည်မှာလည်း နိုင်ငံတော်အဆင့် ၁ ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန် တစ်ကောင်ဖြစ်ပြီး အလွန် ရှားပါးလှပေသည်။

ငှက်ကျားကတော့ သူ၏ ကံကြမ္မာကို မသိရှာချေ။

သို့သော် ၎င်းကို ကြည့်ရသည်မှာ စိတ်ဓာတ်ကျနေဆဲပင် ဖြစ်၏။

ရွှီယန်ကတော့ ၎င်းကို မြန်မြန် ပြန်ကောင်းလာပါစေဟု စိတ်ထဲမှနေ၍ မျှော်လင့်နေမိတော့သည်။

All Chapters