အခန်း ၁၄၆
Vol. 15 Ch. 146
အခန်း (၁၄၆) တည်ငြိမ်သွားသော အရှေ့တိုင်းငှက်ကျား၊ လယ်ယာခြံဝင်း၏ ဝန်ထမ်းသစ်များနှင့် တိုးတက်မှုအသစ်များ
ရွှီယန်သည် အရှေ့တိုင်းငှက်ကျား၏ ဗီဒီယိုကို တင်လိုက်သည်။ ထို့နောက် စာသားလေး ရေးသားလိုက်၏။
"ရဲအရာရှိတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတဲ့နောက် အရှေ့တိုင်းငှက်ကျားကို ကျွန်တော့်ရဲ့ လယ်ယာခြံဝင်းမှာ ခဏတာ မွေးမြူစောင့်ရှောက်ထားပါမယ်... တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ဖို့က လူတိုင်းရဲ့ တာဝန်ပါ"
ဤဗီဒီယိုကို မြင်တွေ့ရသောအခါ ပရိသတ်များက ကွန်မန့်များတွင် ချက်ချင်း ပြန်လည် တုံ့ပြန်ကြလေသည်။
'လောင်ရွှီ... မိုက်တယ်ကွာ'
'ကယ်တင်နိုင်ခဲ့တာ ကောင်းတာပေါ့'
'ဒီတစ်ခါတော့ လယ်ယာခြံဝင်းထဲမှာ နိုင်ငံတော်အဆင့် တစ် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ကို တကယ်ကြီး မွေးထားတာပဲ'
'လန်းတယ်ဟ... အဆင့် တစ် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ကို အိမ်မှာ မွေးထားတာက မင်းမှ မင်းပဲ'
လယ်ယာခြံဝင်း၏ ဘဝမှာ အမြဲတမ်း မထင်မှတ်ထားသော အရာများနှင့် ပြည့်နှက်နေတတ်ပေသည်။ ယခင်က တရုတ်ဘဲငန်း ကို တွေ့ခဲ့ရပြီး ယခုလည်း အရှေ့တိုင်းငှက်ကျား တစ်ကောင် ထပ်မံ ရောက်ရှိလာပြန်၏။ အားလုံးက အမြင့်ဆုံး ကာကွယ်စောင့်ရှောက်မှု အဆင့်ရှိသော တိရစ္ဆာန်များချည်းသာ ဖြစ်သည်။
တကယ်တမ်း စဉ်းစားကြည့်လျှင်လည်း ပုံမှန်ပင် ဖြစ်၏။ မည်သို့ပင်ဆိုစေ လယ်ယာခြံဝင်းက တောင်ခြေတွင် ရှိနေပြီး တောရိုင်းတိရစ္ဆာန်များက တောင်ပေါ်တွင် နေထိုင်ကြသဖြင့် တွက်ကြည့်မည်ဆိုပါက ရွှီယန်မှာ ၎င်းတို့၏ အိမ်နီးချင်းပင် ဖြစ်နေတော့သည်။
ဤကိစ္စမှာ သိပ်မကြာခင်မှာပင် နာမည်ကြီးလာခဲ့သည်။ အင်တာနက်ရှာဖွေမှု ထိပ်ဆုံးသို့ မရောက်သွားသော်လည်း မီးတောက်သင်္ကေတလေးတစ်ခု ပါလာသဖြင့် အကြောင်းအရာက အတော်လေး ရေပန်းစားနေကြောင်း ပြသနေ၏။
ရွှီယန်က ဤအခြေအနေကို သတိထားမိသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ အကြောင်းမှာ သူတို့ဒေသဘက်တွင် ရွာသားများက တိရစ္ဆာန်များကို ကယ်ဆယ်၍ ဗီဒီယိုတင်လေ့ရှိခြင်းမှာ အတော်လေး အတွေ့ရများပြီး သတင်းထောက်များကလည်း မကြာခဏ လာရောက် အင်တာဗျူးလေ့ ရှိသောကြောင့် ဖြစ်သည်။
သို့သော် ထိုကိစ္စများ၏ ရေပန်းစားမှုမှာ သာမန်သာဖြစ်ပြီး ရိုးရိုးရှင်းရှင်း သတင်းတစ်ပုဒ်အနေဖြင့်သာ ရှိတတ်၏။ ယခု သူ့အလှည့်တွင်တော့ အနည်းငယ် ချွင်းချက် ဖြစ်နေခဲ့သည်။
ရွှီယန်ကိုယ်တိုင်က နာမည်ကျော်ကြားမှု ရှိနေပြီးသား ဖြစ်သောကြောင့် ဤကိစ္စက ပို၍ အလွယ်တကူ နာမည်ကြီးလာခြင်းလည်း ဖြစ်နိုင်ပေသည်။ ကွန်မန့်များတွင် လူအတော်များများက သူ့ကို လိုက်ဖ်လွှင့်ပြရန် တောင်းဆိုနေကြသည်။
ထိုအချိန် လယ်ယာခြံဝင်းအတွင်း၌ အရှေ့တိုင်းငှက်ကျားမှာ မတ်တတ်ရပ်နိုင်နေပြီဖြစ်ပြီး ပြေးလွှားရာတွင်လည်း အတော်လေး သွက်လက်နေပြီ ဖြစ်သည်။ ၎င်း၏ အတောင်ပံကိုတော့ လှုပ်ရှား၍ မရသေးချေ။
ဤအကောင်မှာ ဂျပန်ကြိုးကြာငှက်နှင့် ဆင်တူပြီး သွယ်လျသော ခြေတံနှင့် လည်ပင်းတို့ ရှိကာ တစ်ကိုယ်လုံးရှိ အမွေးအများစုမှာ အဖြူရောင် ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ အရှေ့တိုင်းငှက်ကျား၏ အတောင်ပံ အစွန်းများမှာ အမည်းရောင် ဖြစ်နေခြင်းပင်။
ဂိမ်းများထဲရှိ အတောင်ပံ စကင်များကဲ့သို့ အဖြူနှင့် အမည်း ရောစပ်ထားသော အတောင်ပံမျိုး ဖြစ်ရာ ကြည့်ရသည်မှာ အလွန် လှပလှပေသည်။
အရှေ့တိုင်းငှက်ကျားမှာ အနည်းငယ် တွန့်ဆုတ်နေဆဲ ဖြစ်သည်။ ဤကဲ့သို့သော တောရိုင်းတိရစ္ဆာန်များမှာ လယ်ယာခြံဝင်း၏ ပတ်ဝန်းကျင်နှင့် အလွယ်တကူ အကျွမ်းတဝင် ဖြစ်ရန် မလွယ်ကူလှချေ။
သို့သော် ရွှီယန်က အတတ်နိုင်ဆုံး ချော့မြူပေးခဲ့သဖြင့် တဖြည်းဖြည်းနှင့် ၎င်း၏ စိတ်ခံစားချက်မှာလည်း တည်ငြိမ်လာခဲ့သည်။
ည ခုနစ်နာရီအချိန်တွင် ရွှီယန်က အရှေ့တိုင်းငှက်ကျား၏ အခြေအနေကို အားလုံး မြင်တွေ့နိုင်ရန်အတွက် လိုက်ဖ်ကို ခေတ္တခဏ ဖွင့်လိုက်သည်။
"ဒီနေ့လယ်က သူ့ကို ကယ်ဆယ်ထားတဲ့ ဗီဒီယိုကို တင်ခဲ့တယ်လေ... အခု သူ့အခြေအနေက တော်တော်လေး ကောင်းနေပါပြီ"
"လောလောဆယ်တော့ တည်တည်ငြိမ်ငြိမ် ရှိနေပြီး ကြောက်လန့်တကြား ထွက်ပြေးချင်တဲ့ စိတ်ကူးမျိုးလည်း မရှိဘူး"
"အခု ကျွန်တော် သူနဲ့အတူ လမ်းလျှောက် ထွက်ပေးနေတာ"
ရွှီယန်က အားလုံးကို ပြောလိုက်သည်။
လိုက်ဖ်မြင်ကွင်းထဲတွင် အရှေ့တိုင်းငှက်ကျားသည် ရွှီယန်၏ လယ်ယာခြံဝင်းထဲ၌ လမ်းလျှောက်နေသည်။ ၎င်းက ခြေတံရှည်ကြီးများကို လှမ်းကာ အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားရင်း ပတ်ဝန်းကျင်ကိုလည်း တစ်ခါတစ်ရံ အကဲခတ်ကြည့်နေ၏။
အတောင်ပံ နှစ်ဖက်စလုံးက ခန္ဓာကိုယ်တွင် ကပ်နေပြီး အတောင်ပံ တစ်ဖက်မှာတော့ ပတ်တီးနှင့် သစ်သားပြားပါးပါးဖြင့် ငြိမ်အောင် ညှပ်ထားသည်။ ၎င်း လမ်းလျှောက်နေသည့် ဟန်ပန်မှာ အလွန် ကြော့ရှင်းလှပြီး ခြေတံရှည်သောကြောင့် လမ်းလျှောက်သည့်အခါ ပို၍ ကြည့်ကောင်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။
ရွှီယန်က အနောက်မှနေ၍ ၎င်းနှင့်အတူ လိုက်ပါသွားသည်။ အခြား တိရစ္ဆာန်များကိုတော့ မတွေ့ရဘဲ ရွှီယန်ကလည်း ၎င်းတို့ကို လိုက်မလာစေရန် တားမြစ်ထားခဲ့၏။
'ဒီအရှေ့တိုင်းငှက်ကျားက ကြည့်ရတာ အရမ်းလှတာပဲ'
'လောင်ရွှီ... သူ့ကို မွေးထားလိုက်ပါလား'
'ဟုတ်တယ်... သူ့ကို နေရာရွှေ့ခိုင်းဖို့ မလိုတော့ပါဘူး... ဆောင်းတွင်းမှာ မွေးထားလိုက်ပြီး နောက်နှစ်ကျမှ အပေါင်းအသင်းတွေဆီ ပြန်ပို့လိုက်ရင် မကောင်းဘူးလား'
'ဟားဟား... မှန်တယ်... ဘာလို့ ပင်ပင်ပန်းပန်း ဟိုဟိုဒီဒီ ပျံနေဦးမှာလဲ... နွေးထွေးတဲ့ အိမ်လေးထဲမှာ သေချာ ပြုစုယုယပြီး ဆောင်းတွင်းကို ဖြတ်သန်းရတာက တောင်တွေ ရေတွေ ဖြတ်ပြီး ပင်ပင်ပန်းပန်း သွားရတာထက် သေချာပေါက် ပိုကောင်းတာပေါ့'
အင်တာနက်သုံးစွဲသူများက အတွေးအမြင်များ ရှိကြပေသည်။ မည်သို့ပင်ဖြစ်စေ နေရာရွှေ့ပြောင်းသည်ဆိုသည်မှာ ဆောင်းဦးရာသီတွင် တောင်ပိုင်းသို့ ပျံသန်းသွားပြီး နောက်နှစ် နွေဦးပေါက်မှသာ ပြန်လည် ပျံသန်းလာကြခြင်း ဖြစ်၏။
သို့ဆိုလျှင် လယ်ယာခြံဝင်းတွင် ဆောင်းရာသီကို ဖြတ်သန်းလိုက်ပြီး နောက်နှစ်ကျမှသာ တိုက်ရိုက် သွားရောက် ပူးပေါင်းလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ထိုကွန်မန့်များကို မြင်သောအခါ ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။
"ဒီကိစ္စက တကယ်ကို မဖြစ်နိုင်ဘူး... ဒီရွှေ့ပြောင်းငှက်က နေရာရွှေ့ပြောင်းဖူးတာ သိသာတယ်... နေရာရွှေ့ပြောင်းတယ် ဆိုတာ သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီလေ"
"သူက အရွယ်ရောက်ပြီးသား အရှေ့တိုင်းငှက်ကျား ဆိုတော့ သူ့အပေါင်းအသင်းတွေနဲ့ပဲ အတူတကွ နေထိုင်ချင်မှာပဲ... အခုက ဒဏ်ရာကုသနေရလို့သာ လယ်ယာခြံဝင်းမှာ ခဏတာ နေထိုင်နေရတာ"
"ဒီအကောင်က အခုချိန်မှာ အရမ်း ပျံသန်းချင်နေပြီး တောရိုင်းတိရစ္ဆာန်တွေရဲ့ ရိုင်းစိုင်းတဲ့ သဘာဝအပြည့် ရှိနေတယ်ဆိုတာကို ကျွန်တော် ခံစားမိတယ်"
"သူ့ကို နေ့တိုင်း နွေးထွေးတဲ့ အိမ်ထဲမှာပဲ နေခိုင်းမယ် ဆိုရင် သူ့အတွက်တော့ နှိပ်စက်သလို ဖြစ်နေလိမ့်မယ်"
"ဒီလိုလုပ်ရအောင်... သူ့ဒဏ်ရာ သက်သာသွားရင် ကျွန်တော် သူ့ကို လွှတ်ပေးလိုက်မယ်... သူ ဘယ်လို ရွေးချယ်မလဲ ဆိုတာကို ကြည့်တာပေါ့... တကယ်လို့ သူ ပျံထွက်သွားမယ် ဆိုရင်တော့ ကျွန်တော် သေချာပေါက် တားမှာ မဟုတ်ဘူး"
"တကယ်လို့ လယ်ယာခြံဝင်းမှာ ဆက်နေချင်တယ် ဆိုရင်လည်း ဆက်မွေးထားဖို့ ဆန္ဒရှိပါတယ်"
"တိရစ္ဆာန်တိုင်းက အချုပ်အနှောင် ခံရတာကို မကြိုက်ကြဘူးလေ... တချို့ငှက်တွေက လှောင်ချိုင့်ထဲမှာ လှောင်ထားလို့ မရဘူး"
ရွှီယန်က အရှေ့တိုင်းငှက်ကျားနှင့်အတူ လမ်းလျှောက်ရင်း ပေါ့ပေါ့ပါးပါး ရှင်းပြနေသည်။ သူက ဤငှက်ကျား၏ ခံစားချက်ကို နားလည်နိုင်ပေသည်။
ထို့ကြောင့် အတောင်ပံ ပြန်ကောင်းသွားသည်နှင့် ဤအရှေ့တိုင်းငှက်ကျားမှာ သေချာပေါက် တစ်ကောင်တည်း နေရာရွှေ့ပြောင်းမည်ဖြစ်ကြောင်း ရွှီယန် သိရှိထား၏။
ရွှေ့ပြောင်းငှက် တစ်ကောင်တည်း နေရာရွှေ့ပြောင်းရခြင်းက အန္တရာယ် ပိုများပြီး လမ်းခရီးတစ်လျှောက်တွင်လည်း ဒုက္ခများစွာကို ပို၍ တွေ့ကြုံရနိုင်သည်။ သို့သော် ၎င်းအတွက်တော့ ဘာမှ မဟုတ်ပေ။ နွေးထွေးသော တောင်ပိုင်းတွင် သွားရောက် နေထိုင်နိုင်ရန်အတွက် ဤကဲ့သို့သော ဒုက္ခမျိုးက မဖြစ်မနေ ဖြတ်သန်းရမည့် အရာသာ ဖြစ်သည်။
ဤနေရာသို့ ရောက်သောအခါ ရွှီယန်က ထပ်မံ ဖြည့်စွက် ပြောဆိုလိုက်သည်။
"ခန္ဓာကိုယ်ကြီးမားတဲ့ ရေပျော်ငှက်တွေရဲ့ ပျံသန်းနိုင်စွမ်းက အတော်လေး အားကောင်းကြတယ်... အဲဒီတုန်းကလည်း အားလုံး မြင်တွေ့ခဲ့ရတဲ့အတိုင်းပဲ... ငှက်ကျားတွေ နေရာရွှေ့ပြောင်းတဲ့အခါ အုပ်စုဖွဲ့ပြီး ပျံသန်းကြတာ မဟုတ်ဘူး... ကိုယ့်ဘာသာကိုယ် သီးခြားစီ ပျံသန်းကြပြီးမှ တစ်နေရာတည်းမှာ ပြန်စုဆုံကြတာလေ"
"ဒါကြောင့် သူ တစ်ကောင်တည်း နေရာရွှေ့ပြောင်းမယ် ဆိုရင်တောင် ခရီးဆုံးကို ရောက်အောင် ပျံသန်းနိုင်မှာပါ"
သူက ငှက်ကျားနှင့်အတူ လိုက်ဖ်ကို အတန်ကြာ ဖွင့်ထားလိုက်သည်။
အင်တာနက်သုံးစွဲသူများက လယ်ယာခြံဝင်းထဲရှိ ငှက်ကျားကို မြင်သောအခါ အားလုံးက ထူးဆန်းနေကြ၏။
အကယ်၍ အပြင်ဘက်မှ လှမ်းကြည့်မည်ဆိုပါက ဤသည်မှာ သာမန် လယ်ယာခြံဝင်းငယ်လေး တစ်ခုသာ ဖြစ်သည်။ သစ်သားများဖြင့် ကာရံထားသော ခြံစည်းရိုးများ ရှိပြီး နေထိုင်ရာ နေရာများမှာလည်း အုတ်နီများဖြင့် တည်ဆောက်ထားသော အိမ်များသာ ဖြစ်ကာ ဘေးတွင် မှန်လုံအိမ် လေးခုနှင့် ဖော်ထုတ်ထားသော လယ်ကွင်း တစ်ကွင်း ရှိပေသည်။
သို့သော် လယ်ယာခြံဝင်း အတွင်း၌မူ တက်ကြွလန်းဆန်းမှုများ အပြည့် ရှိနေ၏။
မှန်လုံအိမ်များ အားလုံးက အပူချိန်ကို အလိုအလျောက် ထိန်းချုပ်ပေးနိုင်သော အဆင့်မြင့် မှန်လုံအိမ်များ ဖြစ်ကြပြီး လယ်ယာခြံဝင်းထဲသို့လည်း နိုင်ငံတော်အဆင့်(၁) ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များဖြစ်သော တရုတ်ဘဲငန်း၊ တောရိုင်း ဒရယ်ပြောက်၊ အရှေ့တိုင်းငှက်ကျား စသည်တို့က မကြာခဏ ရောက်ရှိလာတတ်ကြသည်။
လယ်ယာခြံဝင်းတစ်ခု မည်သို့ ရှိမည်ဆိုသည်မှာ လယ်ယာခြံဝင်း ပိုင်ရှင်၏ အနေအထားပေါ်တွင်သာ မူတည်ပေသည်။ ရွှီယန်မှာ သူ၏ ကိုယ်ပိုင်ဟန်ဖြင့်သာ လယ်ယာခြံဝင်းကို လည်ပတ်လုပ်ကိုင်နေခြင်း ဖြစ်၏။
ငှက်ကျားနှင့်အတူ တစ်ပတ်ခန့် လမ်းလျှောက်ပြီးနောက် ရွှီယန်က ၎င်းကို အနားယူရန် အိမ်တစ်လုံးထဲသို့ ခေါ်ဆောင်သွားလိုက်သည်။ အထဲတွင် မြက်ခြောက်များ ခင်းထားပေးရာ ငှက်ကျားကလည်း အထဲတွင် အေးအေးချမ်းချမ်း နေထိုင်လေသည်။
နောက်တစ်နေ့။
ရွှီယန်က လယ်ယာခြံဝင်း၏ ကိစ္စများဖြင့် ဆက်လက် အလုပ်များနေခဲ့သည်။ သူက ရွာထဲရှိ ဆောက်လုပ်ရေး အဖွဲ့နှင့် ဆက်သွယ်ကာ နေထိုင်ရာ နေရာများကို ပြန်လည်မွမ်းမံရန် ပြင်ဆင်နေပြီး အထူးသဖြင့် နေထိုင်သည့် အိမ်များ အားလုံးကို အပူပေးစနစ် တပ်ဆင်ပေးရန် ဖြစ်၏။
ဤအလုပ်မှာ ပြောရသည်က လွယ်ကူသော်လည်း လက်တွေ့ လုပ်ဆောင်ရာတွင်တော့ အတော်လေး ရှုပ်ထွေးလှပေသည်။
အမိုးများ ထပ်မံ မိုးရမည်ဖြစ်သဖြင့် အိမ်ပြောင်းရမည်ဖြစ်ရာ သူက ပစ္စည်းအများအပြားကို ဂိုဒေါင်တစ်ခုထဲတွင် ယာယီ သိမ်းဆည်းထားလိုက်သည်။ ရွှီယန်ကိုယ်တိုင်ကတော့ သီးသန့် ခြံဝင်းငယ်လေးထဲတွင် နေထိုင်ပြီး ဝန်ထမ်းများကတော့ ယှဉ်တွဲလျက်ရှိသော အခန်းနှစ်ခန်းပါ တစ်ထပ်တိုက်များတွင် နေထိုင်ကြသည်။
ရေချိုးခန်းနှင့် ရေဆွဲအိမ်သာ စသည်တို့ အစုံအလင် ပါရှိသဖြင့် နေထိုင်ရသည်မှာ အတော်လေး အဆင်ပြေသော်လည်း ကြည့်ရသည်မှာ အနည်းငယ် ဟောင်းနွမ်းနေပေသည်။
ရွှီယန်က လယ်ယာခြံဝင်းကို ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားသဖြင့် တစ်ဆင့်ချင်းစီ လုပ်ဆောင်နေခြင်း ဖြစ်၏။ သိပ်မကြာခင်မှာပင် ပြင်ဆင်မွမ်းမံရေး အလုပ်သမားများက လယ်ယာခြံဝင်းထဲသို့ ရောက်ရှိလာပြီး အလုပ်များနေကြတော့သည်။
ရွှီယန်က ဝန်ထမ်းသစ်များ ရွေးချယ်ရန် စတင် ရှာဖွေလိုက်သည်။ တစ်ချိန်တည်းမှာပင် လယ်ယာခြံဝင်းထဲရှိ တိရစ္ဆာန်များကိုလည်း သေချာ ဂရုစိုက် စောင့်ရှောက်ပေးနေ၏။
ငှက်ကျားက တိရစ္ဆာန်စားမြက်ခင်း ဘက်တွင် တစ်ကောင်တည်း အနားယူရသည်ကို နှစ်သက်သဖြင့် လွှတ်ပေးလိုက်တိုင်း ထိုဘက်သို့ ပြေးသွားလေ့ ရှိသည်။ ရွှီယန်ကလည်း ၎င်း၏ သဘောအတိုင်းသာ လွှတ်ထားလိုက်၏။
လယ်ယာခြံဝင်း၏ ဝန်ထမ်းသစ်များကို ရွှီယန်က သိပ်မကြာခင်မှာပင် ရှာတွေ့သွားခဲ့သည်။
မိသားစုဝင်များက ဆွေမျိုးတစ်ယောက်ယောက်ကို ခေါ်၍ စောင့်ကြည့်ခိုင်းရန် အကြံပြုကြသည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ပိုင် လယ်ယာခြံဝင်းဖြစ်ရာ ဆွေမျိုးများကို စောင့်ကြည့်ခိုင်းသည်က ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။
သို့သော် ရွှီယန်ကတော့ ထိုသို့ မထင်ဘဲ ပြောင်းပြန် ဖြစ်နေသည်ဟုသာ ခံစားရသည်။ ဆွေမျိုးများ လာရောက် စောင့်ကြည့်ပါက ပို၍ပင် ရှုပ်ထွေးနိုင်၏။ သီးသန့် အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးက ပို၍ ကောင်းမွန်ပေသည်။ ကိုယ်က ငွေပေးမည်၊ သူက အလုပ်လုပ်မည်၊ အလုပ်လုပ်တာ ကောင်းလျှင် ဆက်ထားမည်၊ အလုပ်လုပ်တာ မကောင်းလျှင် တိုက်ရိုက် ထွက်သွားခိုင်းရုံသာ ဖြစ်ရာ နှစ်ဦးနှစ်ဖက်လုံးအတွက် ရှင်းလင်းပြတ်သားပေသည်။
ဆွေမျိုးများက များသည် နည်းသည်နှင့် အမြဲတမ်း ညည်းတွားတတ်ကြရာ ရွှီယန်က ဤကဲ့သို့သော ကိစ္စများကို အလွန် မနှစ်သက်သဖြင့် သေချာပေါက် အလုပ်ခန့်မည် မဟုတ်ချေ။
အလုပ်သမားသစ် နှစ်ယောက်မှာ မြို့ပေါ်မှဖြစ်ပြီး သူတို့၏ ရွာနှင့်လည်း နီးပေသည်။ တစ်ယောက်၏ အမည်မှာ မာဝန် ဖြစ်ပြီး တက္ကသိုလ် ဘွဲ့ရသည်မှာ နှစ်နှစ် ရှိနေပြီ ဖြစ်ကာ ဘွဲ့ရပြီးနောက် ဇာတိသို့ ပြန်လာ၍ စီးပွားရေး လုပ်ငန်းတစ်ခု စတင်ရန် လယ်ယာခြံဝင်း တစ်ခု ဖွင့်လှစ်ခဲ့ရာ ယွမ် တစ်သိန်းခန့် ရှုံးသွားခဲ့သည်။
မူလက စက်ရုံထဲသို့ ဝင်ရောက် အလုပ်လုပ်ရန် ပြင်ဆင်ထားသော်လည်း ရွှီယန် အလုပ်ခေါ်နေသည်ကို ကြားသိရသဖြင့် ရောက်လာခြင်း ဖြစ်၏။ ရွှီယန်က သူနှင့် စကားပြောကြည့်ရာ အတော်လေး အားကိုးရမည့်သူ ဖြစ်သဖြင့် ဤနေရာတွင် ဆက်လက် ခန့်ထားလိုက်သည်။
အခြား တစ်ယောက်မှာ စိုက်ပျိုးရေးတက္ကသိုလ်မှ အခုမှ ဘွဲ့ရခါစ ကျောင်းသားဖြစ်ပြီး အမည်မှာ ဝမ်ဝူ ဖြစ်ကာ ရွှီယန်က စိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား ဆရာများနှင့် စကားပြောဆိုရာမှ ဆရာတစ်ယောက်က ထောက်ခံပေးထားခြင်း ဖြစ်၏။ ရွှီယန်က သူ့ကို ဤကိစ္စ ပြောပြလိုက်သည်နှင့် ဝမ်ဝူကလည်း ချက်ချင်း သဘောတူလိုက်သည်။
မည်သို့ပင်ဖြစ်စေ လောလောဆယ်တွင် သူတို့ဒေသ၌ အလုပ်အကိုင် ရှာဖွေရန်မှာ တကယ်ကို မလွယ်ကူလှချေ။ နည်းပညာ မရှိဘဲ လုပ်အားကိုသာ အားကိုးမည်ဆိုပါက တစ်လလျှင် လစာ ယွမ် သုံးလေးထောင်ခန့်သာ ရရှိမည် ဖြစ်သည်။
ထို့ကြောင့်လည်း လူငယ်များ အားလုံးက အပြင်သို့ ထွက်သွားကြခြင်း ဖြစ်ပြီး တကယ်ကို မတတ်သာ၍သာ ဖြစ်၏။ အကယ်၍ ဇာတိမြေတွင် လစာ ယွမ် ရှစ်ထောင် ကိုးထောင်ခန့် ပေးနိုင်ပြီး စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်မည်ဆိုပါက မည်သူက အပြင်သို့ ထွက်သွားချင်မည်နည်း။
ရွှီယန်ဘက်တွင် အခြေခံလစာမှာ ယွမ် ငါးထောင်ဖြစ်ပြီး အခြားခံစားခွင့်များကလည်း အတော်လေး ကောင်းမွန်ပေသည်။ မာဝန်နှင့် ဝမ်ဝူ တို့ ရောက်ရှိလာပြီးနောက် သိပ်မကြာခင်မှာပင် အကျွမ်းတဝင် ဖြစ်သွားကြသည်။
သို့သော် ဤလူနှစ်ယောက်၏ အမည်များကို ရွှီယန်က အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရ၏။ ရွှီယန်က မာဝန်၏ အမည်ကို ပထမဆုံး မြင်လိုက်ရချိန်တွင် အင်္ဂလိပ်အမည်မှ ဘာသာပြန်ထားသော တရုတ်အမည်ဟု ထင်မှတ်ခဲ့မိသည်။ မည်သို့ပင်ဖြစ်စေ အင်္ဂလိပ်လို မာဗင် (Marvin) ဟု အမည်ရသူများ အများအပြား ရှိသည် မဟုတ်ပါလား။
ဝမ်ဝူ ဆိုသည့် အမည်က ပို၍ပင် ထူးဆန်းနေသေး၏။ ထိုနေ့က ရွှီယန် သူ့ကို ခေါ်သောအခါ ဝမ်ဝူ၏ အမည်ကို တိုက်ရိုက် ခေါ်လိုက်သည်။
"ဝမ်ဝူ... ဝမ်ဝူ... ဝမ်ဝူ"
အကြိမ်အနည်းငယ် ခေါ်လိုက်သော်လည်း ဝမ်ဝူက ရောက်မလာဘဲ ရှောင်ဟေးနှင့် မာလီနွိုက်ခွေးလေးတို့ ရောက်လာကြ၏။ အကောင်လေး နှစ်ကောင်က ရွှီယန်ကို သိချင်စိတ်ဖြင့် ကြည့်နေကြပြီး ရွှီယန်က သူတို့အသံကို ဘာကြောင့် ရုတ်တရက် အတုခိုး၍ အော်နေရသနည်းဟု သိချင်နေပုံရသည်။
ထိုအခါမှသာ ရွှီယန်က ဝမ်ဝူ ဆိုသည့် အမည်ကို ဆက်တိုက် ခေါ်မည်ဆိုပါက ခွေးဟောင်သံဖြစ်သော ဝမ်းဝူး ဟူသည့် အသံနှင့် ဆင်တူနေကြောင်း သတိထားမိသွားတော့သည်။ ထိုအချက်ကို တွေးမိသည်နှင့် ရွှီယန်လည်း ချက်ချင်း ရှက်ရွံ့သွားမိ၏။ ထို့ကြောင့် နောက်ပိုင်းတွင် ဝမ်ဝူကို နာမည်အပြည့်အစုံ မခေါ်တော့ဘဲ ရှောင်ဝမ် ဟုသာ ခေါ်တော့သည်။
ထို့အပြင် ရွှီယန်က လီဆန်းကိုလည်း စိတ်အေးချမ်းသာစွာဖြင့်သာ အလုပ်လုပ်ရန် ပြောလိုက်သည်။ လီဆန်း၏ အလုပ်လုပ်နိုင်စွမ်းကို ရွှီယန်က အလွန် အသိအမှတ်ပြုထားပေသည်။ လယ်ယာခြံဝင်းဆိုသည်မှာ မူလကတည်းက အလုပ်ကြမ်းများပြားပြီး အလွန် ပင်ပန်းသဖြင့် သူ၏ကဲ့သို့ ခြေခြေမြစ်မြစ်နှင့် အလုပ်လုပ်မည့်သူမျိုး လိုအပ်လှ၏။
လီဆန်းကလည်း ရွှီယန်ကို အထူးပင် ကျေးဇူးတင်နေသည်။ ရွှီယန်က လယ်ယာခြံဝင်း၏ အစီအစဉ်များနှင့် ပတ်သက်၍ အလွန် ရှင်းလင်းပြတ်သားပေသည်။ သူက လယ်ယာခြံဝင်း ပိုင်ရှင်ဖြစ်ပြီး သူဌေးဖြစ်ရာ လယ်ယာခြံဝင်း၏ အဓိက လမ်းကြောင်းကို တာဝန်ယူရမည် ဖြစ်သည်။ အလုပ်တော်တော်များများကိုတော့ လူငှား၍ လုပ်ခိုင်းရမည် ဖြစ်၏။ တဖြည်းဖြည်းနှင့် လယ်ယာခြံဝင်းက ပို၍ပို၍ တိုးတက်လာမည်မှာ သေချာလှပေသည်။
ရွှီယန်က ပုံမှန် လိုက်ဖ်လွှင့်သည့် အချိန်တွင်လည်း အင်တာနက်သုံးစွဲသူများနှင့် ဤကိစ္စများကို စကားစမြည် ပြောဖြစ်ခဲ့သည်။
အင်တာနက်သုံးစွဲသူ တစ်ယောက်က နောက်ပြောင်၍ ပြောလာ၏။
'လောင်ရွှီ... မင်းရဲ့ ခြံဝင်းက အခုဆို လယ်ယာခြံဝင်းကြီးတစ်ခုလို့တောင် သတ်မှတ်လို့ ရနေပြီနော်'
ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။
"ဘယ်ကသာ... အခုမှ စတင်ခါစပဲ ရှိသေးတယ်... သာမန် လယ်ယာခြံဝင်းငယ်လေး တစ်ခုပါပဲ"
"တကယ့် လယ်ယာခြံဝင်း အကြီးစားတွေက ဆောက်လုပ်ထားတာ အရမ်း လှပပြီး ခြံဝင်း အစီအစဉ်တွေကလည်း အရမ်း ပြည့်စုံတယ်... နေထိုင်တဲ့ အဆောက်အအုံတွေ ဆိုရင်တောင် နှစ်ထပ် သုံးထပ်တိုက်တွေဖြစ်ပြီး အတွင်းပိုင်း အလှဆင်တာတွေကလည်း အရမ်း ခမ်းနားတယ်လေ... အလှဆင်ထားတာတွေက နည်းပညာတွေ အပြည့်ဖြစ်ပြီး ကျောင်းက သုတေသန အဆောက်အအုံတွေလို ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်"
"အဲဒီလို လယ်ယာခြံဝင်း အကြီးစားတွေက စိုက်ပျိုးရေး တစ်ခုတည်း လုပ်တာ မဟုတ်ဘဲ သုတေသနတွေ... အပြင်ဘက်ကို ရောင်းချတာတွေ... ကိုယ်ပိုင် အမှတ်တံဆိပ်တွေ စသဖြင့် အကုန်ရှိတာ"
"ကျွန်တော့်ဆီမှာတော့ အခုမှ အပူပေးစနစ်လေးတောင် တပ်ဆင်ခါစပဲ ရှိသေးတယ်... ဖြည်းဖြည်းချင်းပဲ ဖွံ့ဖြိုးအောင် လုပ်သွားရမှာပါ"
ရွှီယန်က သူ၏ လယ်ယာခြံဝင်းအပေါ် မျှော်လင့်ချက်များ အပြည့်အဝ ရှိနေပေသည်။ ထို့အပြင် နောက်နှစ် နွေဦးပေါက်ပါက မြေနေရာများကို ပို၍ ငှားရမ်းရန်နှင့် ငှားရမ်းသည့် သက်တမ်းကိုလည်း တစ်ပါတည်း တိုးမြှင့်ရန်ပင် ရည်ရွယ်ထား၏။ မည်သို့ပင်ဖြစ်စေ ရွာခံများက မြေငှားရမ်းပါက ဈေးသက်သာပြီး မြေငှားရမ်းရန်မှာလည်း အလွန် လွယ်ကူပေသည်။
နှမြောစရာ ကောင်းသည်မှာ နိုင်ငံတော်က စုပေါင်းပိုင်မြေများကို အရောင်းအဝယ် မလုပ်ရန် သတ်မှတ်ထားသဖြင့်သာ ဖြစ်သည်။ မဟုတ်ပါက ရွှီယန်က ဤမြေကွက်ကို ဝယ်ယူချင်စိတ်ပင် ရှိနေ၏။ ဤသည်မှာ ငွေကြေးချမ်းသာသူများက မြေနေရာများကို လှောင်ထားမည်ကို ကာကွယ်ရန်အတွက် ဖြစ်သည်။ အကယ်၍ မြေနေရာများကို အရောင်းအဝယ် လုပ်ခွင့်ရှိမည်ဆိုပါက မြေရှင်ကြီးများ တကယ်ပင် ပေါ်ထွက်လာမည်ဖြစ်ရာ ဤကိစ္စကို သေချာပေါက် တားမြစ်ထားရမည် ဖြစ်သည်။
စုပေါင်းပိုင်မြေဖြစ်ခြင်းကလည်း ကောင်းမွန်ပေသည်။ အနှစ်သုံးဆယ်ခန့် ငှားရမ်းထားပြီး နောက်ပိုင်းတွင်လည်း နောက်ထပ် အနှစ်သုံးဆယ် ထပ်မံ ငှားရမ်းနိုင်မည်ဆိုပါက ကိုယ်ပိုင်မြေနှင့် ဘာမှ ကွာခြားမည် မဟုတ်ချေ။
ဝန်ထမ်းသစ်များ ရရှိလာသောအခါ ရွှီယန်လည်း အတော်လေး ပေါ့ပါးသွားခဲ့သည်။
"ဆောင်းဦးရာသီ ကုန်သွားရင် ကျွန်တော်တို့ဆီမှာ အလုပ်တွေ စများလာတော့မယ်... ဒါပေမဲ့ အခု လယ်ယာခြံဝင်းက သေးသေးလေးပဲ ရှိသေးပြီး အလုပ်က သိပ်မများတော့ ကျွန်တော်တို့ လေးယောက်ဆိုရင် လုံလောက်ပါတယ်"
ရွှီယန်က တစ်ခါတစ်ရံတွင် အခြားသုံးယောက်နှင့် အစည်းအဝေး လုပ်လေ့ရှိသည်။
"အားလုံးက ပုံမှန် အလုပ်တွေကို အရင်ဆုံး အကျွမ်းတဝင် ဖြစ်အောင် လုပ်ကြပါ... ပြီးရင် ကျွန်တော် တိကျတဲ့ တာဝန်ခွဲဝေမှုတွေကို သတ်မှတ်ပေးမယ်... ကျွန်တော်တို့ဆီမှာတော့ လူများပြီး အလုပ်မတွင်တဲ့ ပြဿနာမျိုး မဖြစ်စေနဲ့နော်"
ရွှီယန်၏ အစီအစဉ်မှာ လူတစ်ယောက်ကို ဧရိယာတစ်ခုစီ တာဝန်ယူစေရန် ဖြစ်သည်။
မာဝန်က အိမ်မွေးတိရစ္ဆာန်များကို တာဝန်ယူရမည် ဖြစ်သည်။ သူက လယ်ယာခြံဝင်း ဖွင့်လှစ်စဉ်က မွေးမြူရေးကို အဓိက လုပ်ကိုင်ခဲ့သဖြင့် အရှုံးပေါ်ခဲ့သော်လည်း မွေးမြူရေး အတွေ့အကြုံကတော့ အပြည့်အဝ ရှိနေသေး၏။ လီဆန်းနှင့် ဝမ်ဝူကတော့ မှန်လုံအိမ် နှစ်ခုစီကို တာဝန်ယူရမည် ဖြစ်သည်။
ဤသည်မှာ အစသာ ရှိသေးပြီး အားလုံး တာဝန်ယူရသည်က မများပြားလှသေးချေ။ နောက်နှစ်တွင် မှန်လုံအိမ်များ ပိုများလာပါက အလုပ်များလည်း ပိုများလာမည်သာ ဖြစ်သည်။ အားလုံးကို သေချာစွာ စီစဉ်ပေးလိုက်၏။
နေ့ရက်များက တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အရှေ့တိုင်းငှက်ကျား၏ အတောင်ပံကလည်း တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့ပြီး တစ်ခါတစ်ရံတွင် ၎င်းက အတောင်ပံကို ဖွဖွလေး ခတ်နေသည်ကို ရွှီယန် မြင်တွေ့နေရပေသည်။
ကြည့်ရသည်မှာ ၎င်းက မိသားစုနှင့် သူငယ်ချင်းများကို လွမ်းဆွတ်နေပုံရ၏။