အခန်း ၁၄၇
Vol. 15 Ch. 147
အခန်း (၁၄၇) အာလူးရိတ်သိမ်းခြင်း... အံ့မခန်း အာလူးအထွက်နှုန်း
လယ်ယာခြံဝင်းတွင် ယခုအခါ လူအင်အား အတော်လေး တောင့်တင်းနေပြီ ဖြစ်သည်။
အချိန်ကိုက်ပင် ခြံထဲရှိ အာလူးများလည်း ရင့်မှည့်နေပြီဖြစ်ရာ တူးဖော်ရိတ်သိမ်းရတော့မည် ဖြစ်၏။
ရွှီယန်သည် အလုပ်သမားများကို ခေါ်ယူကာ အာလူးတူးရန် ပြင်ဆင်လိုက်သည်။
ဤအာလူးများမှာ စနစ်မှ မဲဖောက်ရရှိထားသော မျိုးစေ့များဖြစ်ပြီး တိုက်ရိုက် စိုက်ပျိုးထားခြင်း ဖြစ်သည်။ ထို့အပြင် ရွှီယန်ကလည်း သေချာ ဂရုတစိုက် ပြုစုပျိုးထောင်ထားသဖြင့် အလုံးအရွယ်အစားများက သေးငယ်မနေပေ။
အာလူးတူးခြင်းကို လူအင်အားသက်သက်ဖြင့် လုပ်ဆောင်မည်တော့ သေချာပေါက် မဟုတ်ချေ။ သို့မဟုတ်ပါက သူ၏ ငါးဧက ကျယ်ဝန်းသော အာလူးခင်းကြီးကို နောက်ထပ် လူဆယ်ယောက်ခန့် ထပ်ခေါ်လာလျှင်ပင် တူး၍ ပြီးစီးမည် မဟုတ်ပေ။
မြေကြီးထဲမှ အာလူးများကို တစ်လုံးချင်းစီ လိုက်လံတူးထုတ်ရမည်ဖြစ်ရာ အလုပ်က တကယ်ကို များပြားလွန်းလှသည်။
ယခုခေတ်မှာ စက်ပစ္စည်းများဖြင့် ထုတ်လုပ်သည့်ခေတ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ရွှီယန်၌ ထွန်စက် ရှိနေသဖြင့် အာလူးတူးရသည်မှာ အများကြီး ပို၍ လွယ်ကူသွားခဲ့သည်။
ထွန်စက်၏ အနောက်ဘက်တွင် အလိုအလျောက် အာလူးတူးစက်လေး တပ်ဆင်လိုက်ရုံဖြင့် အဆင်ပြေသွားပြီ ဖြစ်သည်။
စက်ပေါ်တွင် ဘီးကြိုးပြား ပါရှိပြီး မြေကြီးထဲမှ အာလူးများကို အပေါ်ရောက်အောင် သယ်ဆောင်လာပေးသည်။ ထို့နောက် ဘီးကြိုးပြား၏ အဆုံးမှနေ၍ မြေကြီးပေါ်သို့ ကျလာမည် ဖြစ်၏။
တကယ်ကို အဆင်ပြေလွန်းလှပေသည်။
နေသာပြီး လေပြေအေးအေးလေး တိုက်ခတ်နေသော နံနက်ခင်းအချိန်တွင် ရွှီယန်က လူသုံးယောက်ကို အလုပ်လုပ်ရန် လှမ်းခေါ်လိုက်သည်။
ထိုအချိန်မှာပင် စိုက်ပျိုးရေးတက္ကသိုလ်ဘက်မှ ကျောင်းသားအချို့ ရောက်လာကြ၏။
"ခြံရှင် ရွှီယန်... ဒီနေ့က ကျွန်တော်တို့ရဲ့ နောက်ဆုံး စာမေးပွဲ စစ်ဆေးတဲ့နေ့ပဲ... ဒီစာသင်နှစ်ရဲ့ လက်တွေ့သင်ခန်းစာတွေ ပြီးဆုံးသွားပြီဗျ"
"ကျွန်တော်တို့ စိုက်ထားတဲ့ အသီးအနှံတွေကို ကိုယ့်အတွက် နည်းနည်း ချန်ထားတယ်... ကျန်တာတွေက အများကြီးမို့ စားလို့ကုန်မှာ မဟုတ်လို့ ခြံရှင်ဆီ လာပေးတာ"
တက္ကသိုလ်ကျောင်းသား တစ်ယောက်က ရွှီယန်ကို ပြောလိုက်သည်။
သူတို့လက်ထဲတွင် ကိုင်ထားသော အိတ်များထဲ၌ မြေပဲ ခရမ်းချဉ်သီး ဂျူးမြစ် ကြက်သွန်မြိတ် စသည့် သီးနှံများ ပါဝင်သည်ကို ရွှီယန် မြင်တွေ့လိုက်ရ၏။
ရွှီယန် အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးကာ ပြောလိုက်သည်။
"ကောင်းပါပြီ... အားလုံးကို ကျေးဇူးတင်ပါတယ်ကွာ"
ဤသည်မှာ ကျောင်းသားများ၏ စေတနာများဖြစ်ရာ သူလည်း လက်ခံလိုက်သည်။
ဤကျောင်းသားများနှင့် အချိန်အကြာကြီး တွဲလာရသဖြင့်လည်း အတော်လေး စိတ်ဝင်စားစရာ ကောင်းလာခဲ့၏။
ထိုအချိန်မှာပင် မာဝန်က ထွန်စက်ကို မောင်းနှင်ကာ အလုပ်ရုံဘက်မှ ထွက်လာသည်။
သူက ယခင်က လယ်ယာခြံဝင်း ဖွင့်ဖူးသဖြင့် လယ်ယာသုံး စက်ပစ္စည်းများကို ကောင်းကောင်း မောင်းနှင် အသုံးပြုတတ်ပေသည်။
ထွန်စက်၏ အနောက်ဘက်တွင်တော့ အာလူးတူးစက်ကို တပ်ဆင်ထား၏။ ထိုစက်က ရွှီယန် သီးသန့် ဝယ်ယူထားခြင်းဖြစ်ပြီး ဈေးလည်း သိပ်မကြီးပေ။ လယ်ယာသုံး စက်ပစ္စည်း၏ အပိုပစ္စည်းတစ်ခုဖြစ်ရာ ယွမ် သုံးထောင်ကျော်ခန့်သာ ပေးရသည်။
နောက်ပိုင်းတွင် သူ အာလူး ထပ်စိုက်ဦးမည်ဖြစ်ရာ သေချာပေါက် အသုံးလိုမည်သာ ဖြစ်၏။
"ခြံရှင်... ဒီနေ့ ဘာအလုပ်တွေ ရှိလို့လဲဗျ"
စိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသားတစ်ယောက်က မေးလိုက်သည်။
"အင်း... ဟုတ်တယ်... အာလူးတူးဖို့ ပြင်နေတာ... ခြံထဲက အာလူးတွေ အကုန် ရင့်မှည့်နေပြီလေ"
ရွှီယန်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်၏။
သူတို့လူစု လုပ်ဆောင်ရမည့် အလုပ်ကလည်း ရိုးရှင်းလှသည်။ တစ်ယောက်က ထွန်စက် မောင်းနှင်ရမည်ဖြစ်ပြီး ကျန်သူများကတော့ အာလူးများကို အိတ်ထဲသို့ ကောက်ထည့်ကာ သိမ်းဆည်းရမည် ဖြစ်သည်။
သေချာသည်မှာ ထွန်စက်မောင်းနှင်သူကတော့ ရွှီယန်ပင် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူဌေးဖြစ်သဖြင့် သေချာပေါက် အသက်သာဆုံး အလုပ်ကိုသာ လုပ်မည် ဖြစ်သည်။
"ဒါဆို ကျွန်တော်တို့လည်း ကူလုပ်ပေးမယ်လေ"
တက္ကသိုလ်ကျောင်းသား တစ်ယောက်က တက်တက်ကြွကြွဖြင့် ပြောလာသည်။
"မလိုပါဘူး... မင်းတို့ဘာသာမင်းတို့ အလုပ်သာ သွားလုပ်ကြပါ... နေ့တိုင်း ဒီဘက်လာရတာ အရမ်း ပင်ပန်းနေရောပေါ့... ကိုယ့်သင်ခန်းစာတွေလည်း ရှိသေးတယ်မလား... အချိန်ရတုန်းလေး ခဏ နားကြပါဦးကွာ"
ရွှီယန်က ချက်ချင်းပင် လက်ခါပြလိုက်၏။
ဤကိစ္စက အနည်းငယ်တော့ အားနာစရာ ကောင်းလှသည်။ တက္ကသိုလ်ကျောင်းသားများက သူ့ကို အသီးအနှံများ လာပေးသည်ကိုပင် အလုပ်ပါ ထပ်မံ လုပ်ခိုင်းလိုက်ပါက ရွှီယန်ဘက်မှ အရမ်း ခေါင်းပုံဖြတ်ရာ ကျသွားမည် ဖြစ်သည်။
"ဟုတ်ကဲ့... အတော်ပဲ ကျွန်တော်တို့လည်း မြေကွက်တွေကို ရှင်းလင်းရဦးမယ်... ဆရာက ပြောတယ် နောက်နှစ်လည်း ကျွန်တော်တို့ ဒီမှာပဲ ဆက်လုပ်ရမှာတဲ့... နေရာခွဲဝေမှုက ဒီနှစ်အတိုင်းပဲဆိုတော့ ကျွန်တော်တို့ရဲ့ မြေကွက်တွေကို သေချာ ထိန်းသိမ်းထားမှ... ဒါမှ နွေဦးပေါက်လာရင် မြေကြီးတွေ ပိုပြီး မြေဩဇာ ထက်သန်နေမှာလေ"
နောက်တစ်ယောက်က ဝင်ပြောလိုက်သည်။
"ကောင်းပြီ... သွားလုပ်ကြတော့... လာပေးတဲ့ ဟင်းသီးဟင်းရွက်တွေအတွက် ကျေးဇူးပဲနော်... ဒီတလော အားလုံး အလုပ်များနေကြတာပဲ"
ရွှီယန်က ပြုံးရင်း ပြောလိုက်၏။
ကျောင်းသားများလည်း ပျော်ရွှင်စွာဖြင့် ထွက်သွားကြသည်။
ရွှီယန်ကတော့ လယ်ယာခြံဝင်းထဲမှ ဝန်ထမ်းသုံးယောက်ကို ခေါ်ယူကာ အလုပ်စတင်ရန် ပြင်ဆင်လိုက်သည်။
ခွေးနှစ်ကောင်နှင့် ဒရယ်ပြောက်လေးက မနီးမဝေးတွင် ဆော့ကစားနေကြ၏။
အရှေ့တိုင်းငှက်ကျား ကလည်း လယ်ယာခြံဝင်းထဲတွင် ရှိနေသေးသည်။ အဝေးတွင် ရှောင်ပုန်းနေပြီး ခြံစည်းရိုးဘေး၌ တစ်ကောင်တည်း နေနေ၏။ သူက တစ်ကောင်တည်း သီးသန့် နေရသည်ကို ပိုသဘောကျသဖြင့် ရွှီယန်ကလည်း သူ၏ သဘောအတိုင်း လွှတ်ထားလိုက်သည်။
ရွှီယန်က ထွန်စက်အနားသို့ လျှောက်သွားပြီး ယာဉ်မောင်းခုံတွင် ဝင်ထိုင်လိုက်သည်။ အနောက်ဘက်ရှိ အာလူးတူးစက်ကို ဖွင့်လိုက်သည်နှင့် သတ္တုဘီးကြိုးပြားကြီးက စတင် လည်ပတ်လာတော့၏။
ထို့နောက် ရွှီယန်က ထွန်စက်ကို မောင်းနှင်ကာ အာလူးခင်းထဲသို့ တောက်လျှောက် ဝင်သွားသည်။
ရိတ်သိမ်းရမည့် ရာသီချိန်ခါ ရောက်နေပြီ ဖြစ်၏။
ဤကဲ့သို့ အချိန်မျိုးတွင် ရွှီယန်က လိုက်ဖ်မလွှင့်ပေ။ လိုက်ဖ်လွှင့်ပြစရာ အကြောင်းအရာ သိပ်မရှိသောကြောင့် ဖြစ်သည်။ သို့သော် ဒရုန်းကိုတော့ ကောင်းကင်ပေါ်တွင် လွှတ်တင်ထားပြီး ဗီဒီယို ရိုက်ကူးရန် အသုံးပြုနေ၏။
အင်တာနက် ပလက်ဖောင်းပေါ်တွင် ရပ်တည်မည်ဆိုပါက လုံ့လဝီရိယ ရှိမှသာ ရမည်။ ဗီဒီယိုများကို အမြဲတမ်း အသစ်တင်ပေးနေရမည် ဖြစ်သည်။
ယခုအခါ ရွှီယန်က နာမည်ကြီးနေပြီဖြစ်ရာ ကြော်ငြာလာအပ်သည့် လုပ်ငန်းရှင်များလည်း မနည်းလှပေ။ လယ်ယာထွက်ကုန်များ သရေစာမုန့်များမှအစ Pinduoduo ကဲ့သို့ ဈေးဝယ်အက်ပ်များ ချိန်းတွေ့သည့် အက်ပ်များနှင့် တစ်ပတ်ရစ် ပစ္စည်းဝယ်ယူရေး လုပ်ငန်းများအထိ အကုန် ပါဝင်သည်။
ပေးသည့် ဈေးများကလည်း တကယ်ကို မြင့်မားလှ၏။ အချို့ကြော်ငြာ တစ်ခုကို ယွမ် သုံးသောင်းအထိပင် ပေးကြသည်။
သူ့ကို လိုက်ဖ်လွှင့်ပြီး ဈေးရောင်းပေးရန်ပင် ကမ်းလှမ်းလာသူများ ရှိသေး၏။ လိုက်ဖ်တစ်ခါလွှင့်ပါက ကြိုတင်ကြေးကို ယွမ် ငါးသောင်းမှ စတင် ပေးမည်ဟု ဆိုကြသည်။
အွန်လိုင်းမှနေ၍ ငွေရှာရခြင်းက တကယ်ကို မယုံနိုင်စရာ ကောင်းသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်ပေသည်။
လိုက်ဖ်လွှင့်ပြီး ဈေးရောင်းရန်ကိုတော့ ရွှီယန် သေချာပေါက် လက်ခံမည် မဟုတ်ပေ။
ကြော်ငြာကိစ္စများကိုလည်း လောလောဆယ်တွင် သူ မလုပ်ချင်သေးချေ။ မည်သို့ပင်ဖြစ်စေ သူ၏ ဝင်ငွေများက တည်ငြိမ်နေပြီဖြစ်ရာ ဤကဲ့သို့သော ကိစ္စများကို သွားလုပ်မည် မဟုတ်တော့ပေ။
ရွှီယန်က ထွန်စက်ကို မောင်းနှင်ကာ အရှေ့သို့ ဖြည်းဖြည်းချင်း သွားနေသည်။
အာလူးများ တစ်လုံးပြီးတစ်လုံးက ဘီးကြိုးပြားမှတစ်ဆင့် မြေကြီးပေါ်သို့ ပြုတ်ကျလာကြ၏။
မာဝန်နှင့် ဝမ်ဝူ တို့ နှစ်ယောက်မှာ ယခင်က ရွှီယန် မည်သည့် အာလူးများ စိုက်ပျိုးထားသည်ကို မသိခဲ့ကြချေ။
မြေကြီးထဲမှနေ၍ အနီရောင်နှင့် ခရမ်းရင့်ရောင် အာလူးများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူတို့နှစ်ယောက်လုံး မှင်သက်သွားကြတော့သည်။
"ဒါ ဘာတွေလဲ"
မာဝန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
ဝမ်ဝူ ကတော့ ကောင်းကောင်း နားလည်ပေသည်။ မည်သို့ပင်ဖြစ်စေ သူက စိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ရလာခြင်းဖြစ်ပြီး ဤသည်နှင့် ပတ်သက်သည့် သင်ခန်းစာများကို သင်ယူခဲ့ရသည် မဟုတ်ပါလား။
"အရောင်စုံ အာလူးတွေပါလား... အလုံးတွေကလည်း အကြီးကြီးတွေပဲ... ဒီမျိုးစေ့က ဒီလောက်တောင် ကောင်းတာလား"
ရွှီယန် စိုက်ပျိုးထားသော အာလူးများက အရွယ်အစား သေးငယ်မနေပေ။
တစ်လုံးစီတိုင်းက လက်သီးဆုပ်ထက်ပင် တစ်ဆိုဒ်ခန့် ပိုကြီးနေပြီး ပုံစံများကလည်း အချိုးအစား ကျလှ၏။
ဤအာလူးများက မြေကြီးပေါ်သို့ ပြုတ်ကျလာပြီး မြေပြင်ပေါ်တွင် အပြည့်အကျပ် ဖြစ်သွားတော့သည်။
"စိုက်ပျိုးထားတဲ့ အကွာအဝေးက ဒီလောက် စိပ်နေတာကိုတောင်... အာလူးတွေက ဒီလောက် ကောင်းကောင်း ကြီးထွားနိုင်တာလား... တစ်ဧက အထွက်နှုန်းက အရမ်း များလွန်းနေပြီနော်"
မာဝန်က အံ့ဩတကြီးဖြင့် ဆက်ပြောလိုက်သည်။
သူတို့နှစ်ယောက်က လယ်ယာခြံဝင်းသို့ အခုမှ ရောက်လာခြင်းဖြစ်ရာ ခြံဝင်း၏ အခြေအနေကို အကျွမ်းတဝင် ဖြစ်ရန် ကြိုးစားနေရဆဲ ဖြစ်၏။
လီဆန်းကတော့ ဂုန်နီအိတ် တစ်အိတ်ကို ကိုင်ဆောင်ကာ အာလူးများကို အိတ်ထဲသို့ စတင် ကောက်ထည့်နေပြီ ဖြစ်သည်။
အာလူးများကို စက်ဖြင့် တူးဖော်ပေးသည် ဆိုသော်လည်း အာလူးကောက်ရခြင်းကလည်း အားစိုက်ရသော အလုပ်တစ်ခုပင် ဖြစ်၏။
ရွှီယန်ကတော့ နှိုင်းယှဉ်ကြည့်ပါက အတော်လေး သက်သာနေသည်။ သို့သော် အာလူးတူး၍ ပြီးသွားပါက သူလည်း ဝင်ရောက် ကောက်ယူရမည်သာ ဖြစ်သည်။
ရွှီယန်သည် ထွန်စက်ကို မောင်းနှင်ရင်း စိတ်အခြေအနေ အလွန် ကောင်းမွန်နေပေသည်။
မည်သို့ပင်ဖြစ်စေ လယ်ယာခြံဝင်းက နောက်ထပ် အောင်မြင်မှု တစ်ခု ထပ်မံ ရရှိလိုက်ခြင်းဖြစ်ရာ လယ်ယာခြံဝင်း ပိုင်ရှင်ဖြစ်သော သူက သေချာပေါက် ပျော်ရွှင်နေမည် ဖြစ်၏။
နောက်ထပ် ဝင်ငွေများစွာ ထပ်ရတော့မည် ဖြစ်သည်။
ဤအာလူးများမှာ စနစ်မှ ထောက်ပံ့ပေးထားသော အရည်အသွေးမြင့် အရောင်စုံ အာလူးမျိုးစေ့များ ဖြစ်၏။
တစ်ဧက အထွက်နှုန်းလည်း များပြားသလို အလုံးအရွယ်အစားလည်း ကြီးမားသဖြင့် ငွေအများအပြား ရရှိနိုင်ပေသည်။
ငယ်စဉ်က အာလူးတူးခဲ့ရသည်ကို သူ ပြန်လည် တွေးမိသွား၏။ ထိုစဉ်က လူအင်အားဖြင့်သာ တူးဖော်ရခြင်းဖြစ်ရာ တကယ်ကို ပင်ပန်းသော အလုပ်တစ်ခုပင်။
ထို့အပြင် အတော်များများက ဂေါ်ပြားဖြင့် တစ်ချက် ပေါက်လိုက်သည်နှင့် အာလူးကို သွားရောက် ထိမိကာ အာလူးက နှစ်ပိုင်းကွဲသွားတတ်သည်။ ရွှံ့များ ပေကျံကာ ညစ်ပတ်နေတတ်၏။
အဓိကမှာ ထိုသို့ ပြတ်သွားသော အာလူးများကို မလွှင့်ပစ်ဘဲ ရေဆေးကာ ထိုနေ့မှာပင် ချက်စားလိုက်ကြခြင်း ဖြစ်သည်။
ထိုစဉ်က ရွှီယန်သည် ဂေါ်ပြားဖြင့် ပေါက်မိသဖြင့် အပိုင်းပိုင်း ပြတ်သွားသော အာလူးများကို အပုံလိုက်ကြီး တူးထုတ်နိုင်ခဲ့၏။
တကယ်ကို အလုပ်ရှုပ်လွန်းလှသည်။
ယခုကဲ့သို့ မည်သို့ ရှိတော့မည်နည်း။ ထွန်စက် မောင်းနှင်ပြီး အာလူးတူးစက်ဖြင့် လယ်ကွင်းထဲတွင် တစ်ပတ်ခန့် မောင်းလိုက်သည်နှင့် အာလူးများ အကုန်လုံး ထွက်ပေါ်လာပြီ ဖြစ်၏။
ပေါ့ပါးလွယ်ကူပြီး မြန်ဆန်လွန်းလှပေသည်။
ငါးဧက ကျယ်ဝန်းသော အာလူးခင်းကလည်း မသေးငယ်လှပေ။
အာလူးများ တစ်လုံးပြီးတစ်လုံးက ဘီးကြိုးပြားမှတစ်ဆင့် မြေကြီးထဲမှ ပါလာကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားကြ၏။
လယ်ယာခြံဝင်းထဲရှိ ဝန်ထမ်းများ အားလုံးက ဤနေရာတွင်သာ အလုပ်ကို အာရုံစိုက် လုပ်ကိုင်နေကြသည်။
မြင်ကွင်းကလည်း တကယ်ကို စည်ကားနေပေသည်။
ခဏအကြာတွင်တော့ စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာတစ်ယောက်က စမ်းသပ်လယ်ကွင်းဘက်မှ လျှောက်လာ၏။
ရွှီယန် အာလူးတူးနေသည်ကို ကြားသိရသဖြင့် လာရောက် ကြည့်ရှုရန် ရည်ရွယ်ကာ လာခဲ့ခြင်း ဖြစ်သည်။
ရွှီယန်၏ စိုက်ပျိုးရေး စွမ်းရည်က စိုက်ပျိုးရေးတက္ကသိုလ်တွင်လည်း နာမည်ကြီးနေပြီ ဖြစ်၏။ သူ စိုက်ပျိုးထားသော သီးနှံများ အားလုံးက တကယ်ကို အထွက်နှုန်း ကောင်းမွန်ကြသည် မဟုတ်ပါလား။
သိသိသာသာကို ကျွမ်းကျင်သူမှန်း ပေါ်လွင်နေပေသည်။
ထို့ကြောင့် မည်သည့် မျိုးစိတ်သစ်များ စိုက်ပျိုးထားသည်ကို စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာများလည်း သိချင်နေကြ၏။
ဝမ်ဝူက ဆရာ့ကို မြင်လိုက်သည်နှင့် ချက်ချင်း အရှေ့သို့ သွားကာ နှုတ်ဆက်လိုက်သည်။
"ဆရာလျို မင်္ဂလာပါဗျ"
ဆရာလျိုမှာ အမျိုးသား ဆရာတစ်ယောက်ဖြစ်ပြီး သူ၏ ပုံစံက အရမ်းကို ရိုးရှင်းလှသည်။ ကြည့်လိုက်ပါက ရွာသားတစ်ယောက်နှင့် ဘာမှ မကွာခြားလှပေ။
တစ်နှစ်ပတ်လုံး လယ်ကွင်းထဲတွင်သာ အလုပ်လုပ်နေရသဖြင့် ဤကဲ့သို့ ပုံစံ ဖြစ်မနေရန်က ခဲယဉ်းလှ၏။
စိုက်ပျိုးရေး လုပ်ကိုင်ရင်း ရုပ်ရည်သွင်ပြင်ကို ထိန်းသိမ်းထားနိုင်သူက မများပြားချေ။
"ဝမ်ဝူ... မင်းက ခြံရှင် ရွှီယန်ရဲ့ ခြံမှာ အလုပ်လာလုပ်နေတယ်လို့ ကြားတယ်... ကြိုးစားပြီး လုပ်နော်... ခြံရှင် ရွှီယန်က အရည်အချင်း အရမ်းရှိတာ... ဒီလယ်ယာခြံဝင်းက အနာဂတ်မှာ သေချာပေါက် ကြီးကြီးမားမား တိုးတက်လာမှာ"
ဆရာလျိုက သဘောကောင်းစွာဖြင့် ပြန်ပြောလိုက်သည်။
သူက အာလူးခင်းဘေးသို့ ရောက်လာပြီး လယ်ကွင်းထဲရှိ အာလူးများကို လှမ်းကြည့်လိုက်၏။
အနီရောင်များ ရှိသလို ခရမ်းရောင်များလည်း ရှိသည်။ ပုံမှန်တွေ့နေကျ အဝါရောင်များလည်း ပါဝင်ပေသည်။
အာလူးများကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများထဲတွင်လည်း အံ့အားသင့်မှုများ ဖြတ်ပြေးသွားတော့သည်။
"ဒီအာလူးတွေက တော်တော်ကြီးတာပဲ"
ဆရာလျိုက အတော်လေး ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။
အဓိကမှာ သူ ယခုလေးတင် ကျောင်းသားများ စိုက်ပျိုးထားသော အာလူးများကို သွားကြည့်လာခဲ့ခြင်း ဖြစ်သည်။ ကြည့်မကောင်းလောက်အောင် သေးငယ်နေပြီး ဈေးထဲရှိ အာလူးများထက်ပင် အများကြီး ပိုသေးငယ်နေ၏။
ယခု ရွှီယန် စိုက်ပျိုးထားသော အာလူးများကို မြင်လိုက်ရသောအခါ ထိုနှိုင်းယှဉ်ချက်က အလွန်ကို သိသာသွားတော့သည်။
ထို့အပြင် ရွှီယန်၏ အာလူးမျိုးစေ့များကလည်း တကယ်ကို ကောင်းမွန်လွန်းနေသည် မဟုတ်ပါလား။
"ဒါက အရောင်စုံ အာလူးတွေလား... ဒီဘက်မှာတောင် စိုက်လို့ ရနေတာလား... ဒီလောက်တောင် ကောင်းကောင်း ကြီးထွားနိုင်တာပဲ... တကယ် မဆိုးဘူးနော်"
ဆရာလျိုက တစ်တွတ်တွတ်ဖြင့် ချီးကျူးနေသည်။
အရောင်စုံ အာလူးများကို များသောအားဖြင့် တောင်ပိုင်းတွင်သာ ပို၍ စိုက်ပျိုးကြခြင်း ဖြစ်၏။ ထိုဘက်ရှိ ရာသီဥတုက ပို၍ သင့်တော်သောကြောင့် ဖြစ်သည်။
ဤကဲ့သို့သော အာလူးမျိုးက သာမန် အာလူးများနှင့် အတူတူပင် ဖြစ်သည်။ မျိုးဗီဇ ပြုပြင်ထားခြင်း သို့မဟုတ် မျိုးဗီဇ ပြောင်းလဲသွားသော မျိုးစိတ်များ မဟုတ်ပေ။ အန်သိုဆိုင်ယာနင် ပါဝင်မှု မတူညီသည့်အတွက် မတူညီသော အရောင်များ ထွက်ပေါ်လာခြင်းသာ ဖြစ်၏။
လူများအတွက်တော့ ထူးထူးဆန်းဆန်းလေး စားကြည့်ရသည့် သဘောမျိုးပင် ဖြစ်သည်။
ထိုအချိန်တွင် ရွှီယန်က ထွန်စက်ကို မောင်းနှင်ကာ ရောက်လာ၏။
"ခြံရှင် ရွှီယန်... မင်းရဲ့ အာလူးတွေက တကယ် မဆိုးဘူးပဲ... အများကြီး ထွက်သလို အလုံးတွေလည်း အရမ်းကြီးတယ်... ဒီတစ်ဧက အထွက်နှုန်းက ကျောင်းရဲ့ စံချိန်ကိုတောင် ချိုးနိုင်လောက်တယ်လို့ ခံစားရတယ်"
ဆရာလျို၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အပြည့်ဖြင့် ရွှီယန်ကို ချီးကျူးလိုက်သည်။
"ဒီမျိုးစေ့က တော်တော်လေး ကောင်းပါတယ်... ကျွန်တော် သီးသန့် ရွေးချယ်ထားတာလေ... ပြီးတော့ အမြဲတမ်း ဂရုတစိုက် စိုက်ပျိုးထားလို့ အလုံးတွေ ဒီလောက် ကြီးနေတာပါ"
ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်၏။
"ဒီမျိုးစေ့က တကယ်ကောင်းတယ်... ဒီက ရာသီဥတုနဲ့လည်း အရမ်း ကိုက်ညီတယ်... ဒါက ဆောင်းဦးရာသီ အာလူးတွေမလား... ဒီလောက် မြန်မြန် ရိတ်သိမ်းလို့ ရနေပြီ... ပြီးတော့ အလုံးတွေကလည်း ပြည့်ဖြိုးနေသေးတယ်... တကယ့် ပစ္စည်းကောင်းပဲ"
ဆရာလျိုက အာလူးများကို စိုက်ကြည့်နေသည်။
သူ၏ စိတ်ထဲတွင် ဤအာလူးများကို အသုံးပြု၍ အာလူးပျိုးပင်များ ထပ်မံ ပျိုးထောင်ကြည့်ရန်ပင် စိတ်ကူးနေမိ၏။
မည်သို့ပင်ဖြစ်စေ စိုက်ပျိုးရေး သုတေသန လုပ်ကိုင်သူများ ဖြစ်ကြရာ အရည်အသွေး ကောင်းမွန်သော သီးနှံမျိုးစိတ်များ ထုတ်လုပ်နိုင်ရန်က သူတို့၏ ရည်မှန်းချက်ပင် ဖြစ်သည်။
စနစ်က ရွှီယန်ကို အသိပေးထားဖူး၏။ ဤအာလူးမျိုးစေ့များက ရွှီယန်၏ လယ်ယာခြံဝင်းထဲတွင် စိုက်ပျိုးမှသာ ဤမျှ ကောင်းကောင်း ကြီးထွားနိုင်မည်ဟု ဖြစ်သည်။ အခြားနေရာများတွင် စိုက်ပျိုးမည်ဆိုပါက အရည်အသွေး အနည်းငယ် ပိုကောင်းသော အရောင်စုံ အာလူးလောက်သာ ဖြစ်နေမည်ဖြစ်ပြီး ဤမျှ အထွက်နှုန်း ကောင်းမွန်မည် မဟုတ်ချေ။
ထို့ကြောင့် စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာများက သုတေသန လုပ်ရန် ယူဆောင်သွားမည် ဆိုလျှင်ပင် ဘာမှ ပြဿနာ မရှိပေ။
"ခြံရှင် ရွှီယန်... ငါ အာလူး နည်းနည်းလောက် ရွေးပြီး ယူသွားလို့ ရမလား... မင်းရဲ့ အာလူးတွေက တကယ်ကောင်းလွန်းလို့... အိမ်ပြန်ပြီး သုတေသန လုပ်ကြည့်ချင်လို့ပါ... ဒါမှမဟုတ် တစ်ပိဿာလောက် ဝယ်မယ်လေ"
ဆရာလျိုက ထပ်ပြောလာသည်။
"ဆရာလျိုကလည်း အားနာစရာကြီး... အာလူး အလုံးနည်းနည်းလေးကို... ဆရာ့ဘာသာ ကြိုက်တာ ရွေးယူသွားလိုက်ပါ... ခြံထဲမှာ အာလူးတွေ အများကြီး ရှိသေးတာပဲ"
ရွှီယန်က ရယ်မောရင်း ပြန်ပြောလိုက်၏။
ဆရာလျိုက ဤအာလူးများကို ကြည့်လေလေ ပျိုးထောင်ရမည့် တန်ဖိုးများ ရှိနေသည်ဟု ခံစားရလေလေပင် ဖြစ်သည်။
ထို့ကြောင့် သူက အရွယ်အစား ကြီးမားပြီး လုံးဝန်းနေသော အာလူးကြီး ခုနစ်လုံး ရှစ်လုံးခန့်ကို သီးသန့် ရွေးချယ်လိုက်ပြီး အိမ်ပြန်ရောက်ပါက ပျိုးထောင်ကြည့်ရန် ပြင်ဆင်လိုက်၏။
သာမန် အာလူးမျိုးစေ့များနှင့် နှိုင်းယှဉ်ပါက ဤအာလူးများကလည်း ပျိုးထောင်၍ရသည့် တန်ဖိုးများ ရှိပေသည်။ ရွှီယန်ထံမှလောက်တော့ အထွက်နှုန်း ကောင်းမွန်မည် မဟုတ်ချေ။
ရွှီယန်ကတော့ လယ်ကွင်းထဲတွင် ဆက်လက် အလုပ်များနေသည်။
သိပ်မကြာခင်မှာပင် လယ်ကွင်းထဲရှိ အာလူးများ အကုန်လုံးကို တူးဖော်ပြီးသွား၏။
သူက ထွန်စက်ကို ဘေးတွင် ရပ်လိုက်ပြီး ဝန်ထမ်းများနှင့်အတူ အာလူးများကို ဂုန်နီအိတ်များထဲသို့ တစ်အိတ်ပြီးတစ်အိတ် လိုက်လံ ထည့်သွင်းနေတော့သည်။
ဤအာလူးများက အလုံးကြီးသလို အလေးချိန်လည်း စီးပေသည်။ အထွက်နှုန်းကလည်း တကယ်ကို ကောင်းလွန်းလှ၏။
ဤဘက်တွင် အာလူးများ ပေါများသဖြင့် ဈေးနှုန်းက နည်းပါးသည်။ ထို့အပြင် အရည်အသွေး ကောင်းမွန်သည်ဆိုကာ ဈေးနှုန်းကို မြှင့်တင်၍လည်း မရနိုင်ပေ။ မည်သို့ပင်ဖြစ်စေ အာလူးများက ရှားပါးလှသည် မဟုတ်ချေ။
ထို့ကြောင့် တစ်ပိဿာ မည်မျှ ဈေးရှိသည် ဆိုသည်ကိုသာ သတ်မှတ်ထားခြင်း ဖြစ်သည်။
ရွှီယန်၏ တစ်ဧက အထွက်နှုန်းက မြင့်မားသဖြင့် အလေးချိန်လည်း များပြားကာ ရောင်းရသည့် ငွေလည်း ပို၍ များပြားလာမည် ဖြစ်၏။
အာလူးထည့်ထားသော ဂုန်နီအိတ်များက ဘေးဘက်တွင် တစ်အိတ်ပြီးတစ်အိတ် စုပုံနေပြီ ဖြစ်သည်။ အားလုံး အလုပ်ရှုပ်နေကြပြီး အနည်းငယ် ပင်ပန်းနေကြ၏။
သို့သော် လယ်ယာအလုပ်များက ဤသို့ပင် ဖြစ်ပေသည်။
အဓိကမှာ လယ်ကွင်းထဲရှိ အာလူးများက တကယ်ကို များပြားလွန်းနေခြင်း ဖြစ်၏။
လူလေးယောက် အတူတူ လုပ်ကိုင်သည်တိုင် အာလူးများ အကုန်လုံး ရိတ်သိမ်းပြီးစီးရန် တစ်နေကုန်နီးပါး အလုပ်လုပ်ရဦးမည် ဖြစ်သည်။