← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း (၁၄၈) ပျံသန်းသွားသော အရှေ့တိုင်းငှက်ကျားနှင့် မထင်မှတ်ထားသော အထင်ကြီးမှု ဆုလာဘ်

ဂုန်နီအိတ်များဖြင့် ထည့်ထားသော အာလူးများကို ဘေးဘက်တွင် တစ်အိတ်ပြီးတစ်အိတ် သပ်သပ်ရပ်ရပ် စီရီထားသည်။

လူလေးယောက် အတူတူ အလုပ်လုပ်နေကြသဖြင့် အလွန် အလုပ်များနေကြလေသည်။

"တစ်ဧကကို အထွက်နှုန်း ပိဿာ ရှစ်ထောင်လောက်တော့ ရှိမယ်ထင်တယ်..." လယ်ယာခြံဝင်း ဝန်ထမ်း မာဝန်က တောင်ကုန်းငယ်လေးတစ်ခုသဖွယ် စုပုံနေသော အာလူးများကို ကြည့်ကာ ရင်ထဲမှနေ၍ ရေရွတ်လိုက်သည်။

"ကျွန်တော့်အထင် အဲဒီထက်တောင် ပိုမလားလို့..." ဝမ်ဝူကလည်း ထောက်ခံလိုက်သည်။

အာလူး၏ ပုံမှန် တစ်ဧက အထွက်နှုန်းမှာ ပိဿာ သုံးထောင်မှ ငါးထောင်ခန့်အထိ ရှိပြီး စိုက်ပျိုးမှု ကောင်းမွန်ပါက ပိဿာ ရှစ်ထောင်ခန့်အထိ ရရှိနိုင်သည်။ အချို့နေရာများတွင်ဆိုလျှင် တစ်ဧကကို ပိဿာ တစ်သောင်းခန့်အထိပင် ရရှိနိုင်ပေသည်။

သို့သော် အချို့မှာ အာလူးများကို ကြီးထွားဆေး ထိုးထားကြခြင်း ဖြစ်သည်။ ထိုသို့သော အာလူးမျိုးများမှာ အရည်အသွေး ညံ့ဖျင်းပြီး လောဘကြီးသော စိုက်ပျိုးရေးသမားများ ပြုလုပ်လေ့ရှိသည့် လုပ်ရပ်မျိုးသာ ဖြစ်၏။

ကြီးထွားဆေး ထိုးထားသော အာလူးများက ဈေးနှုန်းနည်းပါးသော်လည်း အလေးချိန် ပိုစီးသဖြင့် ပို၍ အမြတ်အစွန်း ရရှိနိုင်သည်။ လောဘကြီးသော ကုန်သည်များကလည်း ပုံမှန် အာလူးဈေးဖြင့်ပင် လိုက်လံ ဝယ်ယူကြသည်။

မည်သည့် လုပ်ငန်းတွင်မဆို အမှောင်ဘက်ခြမ်းတော့ ရှိကြစမြဲပင်။

ရွှီယန်ကတော့ ဤကဲ့သို့သော ကိစ္စမျိုးများကို သေချာပေါက် လုပ်ဆောင်မည် မဟုတ်ပေ။

အာလူးများ ရင့်မှည့်လာသည်နှင့် သူက တရားဝင် အဝယ်တော်များကိုသာ ဆက်သွယ်ရောင်းချမည် ဖြစ်သည်။

သူတို့ဒေသဘက်တွင် လယ်ယာထွက်ကုန် ရောင်းချရန်မှာ အလွန် လွယ်ကူသော ကိစ္စတစ်ခု ဖြစ်လေသည်။

မွန်းလွဲပိုင်းသို့ ရောက်သောအခါ အလုပ်များ သိပ်မကျန်တော့သည်ကို မြင်တွေ့ရသဖြင့် ရွှီယန်က လိုက်ဖ်ကို ဖွင့်လိုက်သည်။ အလုပ်လုပ်နေရင်း အားလပ်ချိန်တွင် အင်တာနက်သုံးစွဲသူများနှင့် စကားစမြည် ပြောဆိုနိုင်ရန် ဖြစ်၏။

လိုက်ဖ်ခေါင်းစဉ်မှာ [လယ်ယာခြံဝင်း၌ အာလူးသိမ်းနေသည့် နေ့စဉ်ဘဝ] ဟု ဖြစ်သည်။

သိပ်မကြာခင်မှာပင် ပရိသတ်ဟောင်းများက လိုက်ဖ်ထဲသို့ ဝင်ရောက်လာကြသည်။

အားလုံးက ထွန်ယက်ထားသော အာလူးခင်းနှင့် လယ်ကွင်းထဲတွင် ပြန့်ကျဲနေသည့် အရောင်စုံ အာလူးများကို မြင်လိုက်ရ၏။

ဘေးဘက်တွင် ထွန်စက်တစ်စီး ရပ်ထားပြီး ခွေးများနှင့် ဒရယ်ပြောက်လေးလည်း အနားတွင် ရှိနေကြသည်။

"ဒီနေ့ လယ်ကွင်းထဲက အာလူးတွေကို သိမ်းနေတာ... ကျွန်တော် စိုက်ထားတဲ့ အရောင်စုံ အာလူးတွေ နောက်ဆုံးတော့ ရင့်မှည့်ပြီလေ... အလုံးတွေကို ကြည့်ရတာ အရမ်းကောင်းပြီး ကြီးမားထူထဲနေတာပဲ... အထွက်နှုန်းလည်း ကောင်းတော့ ဈေးကောင်းရလောက်တယ်..." ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။

အရောင်စုံ အာလူးလား။ ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးက ချက်ချင်းပင် အံ့အားသင့်သွားကြသည်။

'အာလူးက အရောင်စုံလည်း ရှိသေးတာလား... အဝါရောင်ချည်းပဲ မဟုတ်ဘူးလား'

'လယ်ကွင်းထဲက ဟာတွေက အာလူးတွေလား... အစကတော့ မုန်လာဥတွေလို့ ထင်နေတာ'

'ဒီအာလူးတွေက တကယ် ကြီးတာပဲ'

ရွှီယန်က လယ်ကွင်းထဲသို့ လျှောက်သွားသောအခါ အင်တာနက်သုံးစွဲသူများလည်း ပို၍ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

လယ်ကွင်းထဲတွင် အာလူးများ ပြန့်ကျဲနေဆဲဖြစ်ပြီး ဝန်ထမ်းများကလည်း အိတ်ထဲသို့ ထည့်ရန် အလုပ်များနေကြ၏။

"ပြီးရင် ကျွန်တော် ဈေးကွက်ဘက်ကို သွားပြီး ဒေသခံ အာလူးကုန်သည်တွေကို အိမ်တိုင်ရာရောက် လာဝယ်ဖို့ ဆက်သွယ်ရဦးမယ်... ဒီအာလူးတွေ အကုန်လုံးက အရည်အသွေး ကောင်းပေမယ့် အဝယ်တော်တွေ ပေးတဲ့ ဈေးက သိပ်မများတတ်ဘူးလေ... ကျွန်တော်ကတော့ နည်းနည်း ပိုမြတ်ချင်တာပေါ့..." ရွှီယန်က နောက်ဆက်တွဲ အစီအစဉ်များကို အင်တာနက်သုံးစွဲသူများအား ရှင်းပြနေသည်။

ထိုအချိန်တွင် သူက အရှေ့သို့ ဆက်လျှောက်သွားပြီး အရှေ့တိုင်းငှက်ကျား၏ အခြေအနေကို အားလုံး မြင်တွေ့နိုင်အောင် ပြသပေးလိုက်သည်။

"ငှက်ကျားရဲ့ အတောင်ပံက တော်တော်လေး ကောင်းနေပြီ... ဒီရက်ပိုင်း သူ့ရဲ့ ပတ်တီးနဲ့ သစ်သားပြားတွေကို ဖြုတ်ပေးမလို့... သူ ပျံသွားမလား မပျံဘူးလား ဆိုတာကတော့ သူ့ဘာသာ ရွေးချယ်မှာပေါ့... ဒါပေမဲ့ သေချာပေါက် ပျံသွားမှာပါ... သူ့အပေါင်းအသင်းတွေကို အရမ်း လွမ်းနေတာ သိသာတယ်... ရာသီဥတုကလည်း အေးလာတော့မယ်ဆိုတော့ အခု မပျံသွားရင် နောက်ပိုင်း နေရာရွှေ့ဖို့ ပိုခက်သွားလိမ့်မယ်..."

လိုက်ဖ်ကင်မရာက မနီးမဝေးတွင် ရှိနေသော ငှက်ကျားဆီသို့ လှည့်သွားလေသည်။

ယခု ရာသီဥတုက အနည်းငယ် အေးစိမ့်စိမ့် ဖြစ်နေပြီဖြစ်ရာ နွေးထွေးသော ပတ်ဝန်းကျင်ကို သဘောကျသည့် ဤငှက်ကျားလေးမှာ သေချာပေါက် အေးနေမည်သာ ဖြစ်၏။

ဤရွှေ့ပြောင်းငှက်လေးကို အားလုံးက စိုးရိမ်နေကြမှန်း ရွှီယန် သိရှိထားသည်။ နေ့စဉ် ကွန်မန့်များတွင် ငှက်ကျား၏ အခြေအနေကို မေးမြန်းနေသူများ အများအပြား ရှိနေပေသည်။

ရွှီယန်က ငှက်ကျားအနားသို့ တောက်လျှောက် လျှောက်သွားလိုက်သည်။ ရွှီယန်ကို မြင်သောအခါ ငှက်ကျားက ကြောက်လန့်ခြင်း သို့မဟုတ် ရှောင်ဖယ်ခြင်းမျိုး မရှိချေ။

၎င်းက ရွှီယန်နှင့် အတော်လေး ရင်းနှီးနေပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အတူတကွ နေလာခဲ့သည်မှာ ရက်အတော်ကြာပြီ မဟုတ်ပါလား။

ရွှီယန်က ငှက်ကျားအနားသို့ ရောက်သွားပြီး အတောင်ပံကို စစ်ဆေးကြည့်လိုက်သည်။

သူက အတောင်ပံ ကျိုးသွားသော နေရာကို စမ်းကြည့်လိုက်ရာ ဤရက်ပိုင်း အနားယူထားသဖြင့် ကျိုးသွားသော နေရာက ပြန်ဆက်နေပြီဖြစ်သော်လည်း အလွန်တော့ မခိုင်ခံ့သေးပေ။

သစ်သားပြားတော့ ယာယီ မလိုတော့ချေ။

၎င်းကို တွေးမိသည်နှင့် ရွှီယန်က ပြောလိုက်သည်။

"ဒဏ်ရာ သက်သာတာ မြန်တယ်... ငှက်တွေရဲ့ အရိုးက ပေါ့ပါးတော့ ပြန်ကောင်းတာ မြန်တယ်လေ... အခုပဲ သူ့ရဲ့ ပတ်တီးတွေကို ဖြုတ်ပေးလိုက်တော့မယ်..."

ပြောရင်းဖြင့် သူက အရှေ့တိုင်းငှက်ကျား၏ ပတ်တီးများကို စတင် ဖြေပေးလိုက်သည်။

'လောင်ရွှီ... ဒီငှက်ကြီးကို မွေးထားလိုက်ပါလား... အရမ်းလှတာပဲ... လယ်ယာခြံဝင်းလေးတောင် ပိုပြီး အသက်ဝင်လာသလိုပဲ'

'ဟုတ်တယ်... ဒီလိုငှက်မျိုး မွေးထားတာ ဘယ်လောက် အထာကျလဲ'

'ဒဏ်ရာ တကယ် ကောင်းသွားပြီလား... သူ တောင်ပိုင်းကို ပျံနိုင်ပါ့မလား'

'လေယာဉ်နဲ့ တောင်ပိုင်းကို ပို့ပေးလိုက်ရင်ရော'

'လခွမ်း... ကောင်းတဲ့ အကြံပဲ... မရရင် အားလုံး ဝိုင်းပြီး လက်ဆောင်တွေ ပေးကြမယ်လေ... ငွေစုပြီး လောင်ရွှီ ကို လေယာဉ်စီးပြီး တောင်ပိုင်း ပို့ခိုင်းလိုက်မယ်'

အင်တာနက်သုံးစွဲသူများက အသီးသီး ကိုယ့်အမြင်ကို ဝင်ရောက် ပြောဆိုနေကြသည်။ အားလုံးက စိတ်ကူးများ အပြည့်ပင် ဖြစ်၏။

ရွှီယန်က ကွန်မန့်များကို မြင်သောအခါ ပြုံးရုံသာ ပြုံးနေလိုက်သည်။

ရွှေ့ပြောင်းငှက်ကို လေယာဉ်ဖြင့် တောင်ပိုင်းသို့ ပို့ပေးမည်ဆိုသည်မှာ တကယ်ကို ကောင်းသော အကြံဉာဏ် တစ်ခုပင် ဖြစ်သည်။

သို့သော် မည်သည့်နေရာသို့ ပို့ရမည်နည်း။ သူ၏ အပေါင်းအသင်းများက ဘယ်မှာနည်း။ မည်သူမှ မသိနိုင်ချေ။

ရွှေ့ပြောင်းငှက်များ၏ နေရာရွှေ့ပြောင်းသည့် နေရာက သတ်မှတ်ထားသည် မှန်သော်လည်း ယန်ဇီမြစ်ဝှမ်း ဖြစ်ရန် များသလို ယူနန် တောင်တန်းများ သို့မဟုတ် ဟိုင်နန်ကျွန်းသို့ပင် ရောက်သွားနိုင်သည် မဟုတ်ပါလား။

သူ့ဘာသာသူသာ ပျံသန်းခိုင်းလိုက်သည်က အကောင်းဆုံး ဖြစ်ပေမည်။

ပတ်တီး ဖြေပြီးသွားသောအခါ အရှေ့တိုင်းငှက်ကျားက အတောင်ပံကို ခတ်ကာ အတောင်ပံ၏ အားကို စမ်းသပ်ကြည့်နေသည်။

၎င်း၏ အတောင်ပံက အလွန်ကြီးမားပြီး ခတ်လိုက်သည့်အခါ တကယ်ကို ခန့်ညားလွန်းလှ၏။

ဤငှက်မျိုးက ဂျပန်ကြိုးကြာငှက်နှင့် ပုံစံ ဆင်တူပြီး နတ်သမီးလေးများကဲ့သို့ ကြော့ရှင်းလှပပေသည်။

ရွှီယန်က ၎င်းကို အရင်ဆုံး အကျွမ်းတဝင် ဖြစ်အောင် လုပ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် အတောင်ပံ၏ အားက လုံလောက်ပြီဟု ထင်သွား၍လား မသိပေ။ အရှေ့တိုင်းငှက်ကျားက ရုတ်တရက် ခုန်တက်လိုက်ပြီး အတောင်ပံကို ခတ်ကာ မြေကြီးပေါ်မှနေ၍ ပျံတက်သွားတော့သည်။

ထို့နောက် ၎င်းက တည့်တည့် ပျံသန်းသွားပြီး အမြင့်သို့ တက်သွားကာ ကောင်းကင်ယံဆီသို့ ဦးတည်သွားလေသည်။

'ပျံသွားပြီ... သူ ပျံသွားပြီဟ'

'တကယ် ပျံနိုင်သွားပြီပဲ'

လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများလည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။

အားလုံးက အရှေ့တိုင်းငှက်ကျားကို အဝေးကြီးအထိ ပျံသန်းနိုင်စေချင်ကြသည် မဟုတ်ပါလား။

ယခင်က သူ ဒဏ်ရာရနေပြီး စိတ်ဓာတ်ကျနေသည့် ပုံစံကို မြင်ရသောအခါ လူများက သူ့အတွက် အလွန် စိုးရိမ်ခဲ့ကြရသည်။

ယခု သူ ပျံသန်းသွားသည်ကို မြင်လိုက်ရသောအခါ အားလုံးက ပျော်ရွှင်သွားကြသည်မှာ သဘာဝပင် ဖြစ်၏။

ရွှီယန်က ခေါင်းမော့ကာ အရှေ့တိုင်းငှက်ကျားကို ကြည့်နေလိုက်သည်။

"ဒီလောက် မြန်မြန် ပျံသွားလိမ့်မယ်လို့ မထင်ထားဘူး... သူ သွားတော့မှာပဲ... သူ့အပေါင်းအသင်းတွေနဲ့ ပြန်ဆုံဖို့ အရမ်း လောနေတာ ဖြစ်မယ်... တွက်ကြည့်မယ်ဆိုရင် ဆယ်ရက်ကျော်တောင် ကြာသွားပြီလေ... သူ့မိသားစုကို ပြန်ရှာတွေ့နိုင်ပါ့မလား မသိဘူး..." ရွှီယန်က ပြုံးရင်း ပြောလိုက်သည်။

ဤရက်ပိုင်း အချိန်များက မြန်မြန်ဆန်ဆန် ကုန်လွန်သွားခဲ့သည်။ သူက လယ်ယာခြံဝင်းတွင် အပူပေးစနစ် တပ်ဆင်ခြင်း၊ မှန်လုံအိမ်များကို ဂရုစိုက်ခြင်း၊ အာလူးတူးခြင်း စသည့် အလုပ်များနှင့် အလုပ်များနေသဖြင့် အရှေ့တိုင်းငှက်ကျားနှင့် အချိန်များများ မကုန်ဆုံးနိုင်ခဲ့ပေ။

ထိုအတောအတွင်း ရွှီယန် တောင်ပေါ်သို့ တစ်ခေါက် တက်ကာ သာမန် တာဝန်လေး တစ်ခု လုပ်ခဲ့သေးသည်။ ဆုလာဘ်ကတော့ သိပ်မထူးခြားလှချေ။

အလုပ်များနေသည့် ကြားထဲမှာပင် အရှေ့တိုင်းငှက်ကျား၏ ဒဏ်ရာက သက်သာသွားခဲ့ပြီ ဖြစ်သည်။

ပတ်တီး ဖြုတ်ပေးလိုက်သည်နှင့် ချက်ချင်းပင် ကောင်းကင်ယံဆီသို့ ပျံတက်သွားလိမ့်မည်ဟု ဘယ်သူ ထင်မည်နည်း။

၎င်း ပျံသန်းသွားသည့် ပုံစံကို ကြည့်ရသည်မှာ တောင်ပိုင်းဆီသို့ ဦးတည်သွားခြင်းပင်။

တိရစ္ဆာန်တိုင်းတွင် သူတို့ ကြိုက်နှစ်သက်သည့် နေထိုင်မှုပုံစံ ရှိပြီး ကိုယ်ပိုင်ပုံစံနှင့် နေထိုင်ရခြင်းက အရေးအကြီးဆုံးဖြစ်ကြောင်း ရွှီယန် တွေးမိလိုက်သည်။

လူများက ဝင်ရောက် ကူညီခြင်းက အမြဲတမ်း ကောင်းမွန်သည့် ကိစ္စတော့ မဟုတ်ပေ။

ထိုအချိန်မှာပင် အသံတစ်သံက ရွှီယန်၏ ခေါင်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

'အရှေ့တိုင်းငှက်ကျား၏ အထင်ကြီးမှုကို ရရှိပါသည်'

'အထင်ကြီးမှု ဆုလာဘ်အဖြစ် ယင်ယန် ဆွဲကြိုး ရရှိပါသည်... ဟိုထျန်းကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဆွဲကြိုးဖြစ်ပြီး ကျောက်စိမ်း ပန်းပုထုလုပ်ခြင်း အက္ခရာထွင်းထုခြင်း ကျောက်မျက်စီခြယ်ခြင်း စသည့် အနုပညာလက်ရာများ ပါဝင်ကာ ပုံစံမှာ အလွန် လှပသေသပ်ပါသည်'

ဤအသံကြောင့် ရွှီယန် အတော်လေး အံ့အားသင့်သွားရသည်။

ယခင်က အရှေ့တိုင်းငှက်ကျားမှာ သူ့ကို သတိထားနေဆဲဖြစ်သဖြင့် အထင်ကြီးမှု မရရှိခဲ့ပေ။

ထွက်ပြေးသွားသည့် နေ့ကျမှသာ အထင်ကြီးမှု ဆုလာဘ် ရလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

'ယင်ယန် ဆွဲကြိုးတဲ့လား...'

ရွှီယန်က ဆုလာဘ်ကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်သည်။

ဆုလာဘ်မှာ အဝိုင်းပုံစံ ဆွဲကြိုးလေးတစ်ခုဖြစ်ပြီး အပြင်ဘက်တွင် ရွှေကွပ်ထားကာ အလယ်တွင် အဖြူနှင့် အမည်း ကျောက်စိမ်းများ ရှိနေသည်။ ရွှေနှင့် သေချာ တွယ်ဆက်ထားပြီး တစ်ခုလုံးကို ကြည့်ရသည်မှာ အလွန် လှပလှပေသည်။

ဟိုထျန်းကျောက်စိမ်းမှာ သိပ်မရှားပါးသော်လည်း ဤဆွဲကြိုးက ပုံစံလှပသေသပ်ပြီး ကျောက်စိမ်း အရည်အသွေးကလည်း တကယ် ကောင်းမွန်လွန်းလှသည်။

တကယ့် ပစ္စည်းကောင်းပင် ဖြစ်၏။

အရှေ့တိုင်းငှက်ကျား၏ ခန္ဓာကိုယ် အရောင်က အဖြူနှင့် အမည်း ရောစပ်နေသည်ဖြစ်ရာ ယင်ယန်နှင့် ပတ်သက်သည့် ဆုလာဘ် ရရှိခြင်းကလည်း ယုတ္တိရှိပေသည်။

ဤသို့ဆိုလျှင် ရွှီယန်၏ စိတ်အခြေအနေက ပို၍ ကောင်းမွန်သွားတော့သည်။

သူက အဝေးသို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။

"အရှေ့တိုင်းငှက်ကျား က သူ့မိသားစုကို သွားရှာပြီ... လမ်းမှာ ဘာတွေ ကြုံရမလဲ မသိပေမယ့် နေရာရွှေ့ပြောင်းတာ အောင်မြင်ပါစေလို့ပဲ ဆုတောင်းပါတယ်... သူတို့ရဲ့ ပျံသန်းနိုင်စွမ်းက အရမ်းမြင့်တယ်... လေစီးကြောင်းတွေကို ကောင်းကောင်း အသုံးချပြီး ပျံသန်းနိုင်ကြတယ်လေ... ဒါကြောင့် သူ့အတောင်ပံက ဘာပြဿနာမှ မရှိလောက်ပါဘူး... အချိန်ကြာလာတာနဲ့အမျှ အတောင်ပံကလည်း အလုံးစုံ ပြန်ကောင်းသွားမှာပါ..."

ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးကလည်း အရှေ့တိုင်းငှက်ကျား နေရာရွှေ့ပြောင်းတာ အောင်မြင်ပါစေဟု စိတ်ထဲမှနေ၍ ဆုတောင်းပေးလိုက်ကြသည်။

ဤငှက်လေးက ဤသို့ဖြင့်ပင် ပျံသန်းသွားခဲ့ပြီ ဖြစ်၏။

လယ်ယာခြံဝင်းသို့ ခဏတာ လာရောက် တည်းခိုသွားသည့် ဧည့်သည်လေးပင် ဖြစ်သည်။

သို့သော် ရွှီယန်အတွက်တော့ ကောင်းမွန်သည့် လက်ဆောင်တစ်ခု ပေးအပ်သွားခဲ့ပေသည်။

ဤအဖြူအမည်း ယင်ယန် ဆွဲကြိုးလေးကို ရွှီယန် တော်တော်လေး သဘောကျသွား၏။ သူက ပုံမှန်ဆိုလျှင် အဆင်တန်ဆာများ သိပ်မဝတ်တတ်သော်လည်း လက်ထဲတွင် ကိုင်ကာ ဆော့ကစားရတာ သို့မဟုတ် ကြည့်ရှုရသည်ကိုတော့ သဘောကျပေသည်။

အရှေ့တိုင်းငှက်ကျား ကိစ္စ ပြီးသွားသောအခါ ရွှီယန်က လယ်ကွင်းထဲရှိ အာလူးများကို သွားရောက် ကြည့်ရှုလိုက်ပြန်သည်။

အာလူးများ အနည်းငယ်သာ ကျန်တော့ပြီး ဝန်ထမ်းများကလည်း ကောက်သိမ်းရန် အလုပ်များနေကြ၏။

မာဝန်က ရွှီယန် ရောက်လာသည်ကို မြင်သောအခါ လှမ်းပြောလိုက်သည်။

"ခြံရှင်... ဒီအာလူးတွေက အရည်အသွေး အရမ်းကောင်းတယ်... ဈေးကောင်း ရလောက်တယ်နော်..."

ရွှီယန်က ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။

"အဝယ်တော်တွေက အရမ်း လည်ကြတယ်... ဒီရာသီက အာလူးတွေ ပေါတဲ့ အချိန်ဆိုတော့ ဈေးဆစ်ဖို့ မလွယ်ဘူးလေ..."

ယခုအချိန်က ဆောင်းဦးရာသီ အာလူးများ တူးဖော်သည့် အချိန်ဖြစ်ရာ ဤဘက်တွင် အာလူးများ အလွန် ပေါများနေခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း အဝယ်တော်များက ဈေးကို နှိမ်ကြမည်သာ ဖြစ်၏။

သေချာသည်မှာ နှစ်စဉ် ဤသို့သော ဈေးမျိုးသာ ရှိသဖြင့် အရမ်းကြီး လွန်လွန်ကျူးကျူးတော့ မဟုတ်ပေ။ ပုံမှန် ဈေးအနှိမ်ခံရသည့် သဘောမျိုးလောက်သာ ဖြစ်သည်။

အဝယ်တော်များက အာလူးများကို ဝယ်ယူပြီးပါက သူတို့၏ ကိုယ်ပိုင် လမ်းကြောင်းများမှတစ်ဆင့် ပြန်လည် ရောင်းချကြမည် ဖြစ်၏။

အထူးသဖြင့် ပြည်ပသို့ တင်ပို့ ရောင်းချခြင်းမျိုး ဖြစ်သည်။

ဤကုန်သည်များက လမ်းကြောင်း ကြားခံခကို အဓိက ရှာဖွေကြခြင်းပင်။

စီးပွားရေးလောကထဲသို့ ဝင်ရောက်လာပြီဆိုပါက အင်အားများ နောက်ခံများနှင့် အဆက်အသွယ်များကို အဓိက ထည့်တွက်ရပေသည်။

ရှင်းရှင်းပြောရလျှင် သူတို့က အာလူးများကို ဈေးကြီးကြီးဖြင့် ပြန်လည် ရောင်းချနိုင်သည့် အစွမ်းအစ ရှိကြသည်။ သာမန် လယ်သမားများကတော့ အာလူးများကို ရောင်းထွက်ရန်ပင် မနည်း ကြိုးစားနေရပြီး အခြား ရောင်းပေါက် ရောင်းလမ်းများ ရှာဖွေရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

ထို့အပြင် လယ်သမား တော်တော်များများ စိုက်ပျိုးသည့် အာလူးပမာဏကလည်း နည်းပါးသဖြင့် ကုန်သည်များက သိပ်ဂရုမစိုက်ကြပေ။

"တစ်ဧကကို အထွက်နှုန်း ပိဿာ ရှစ်ထောင် ကိုးထောင်လောက်တော့ ရှိမယ် ထင်တယ်... အလေးချိန်နဲ့ အလုံးအကြိတ်က တကယ်ကို ပြည့်နေတာပဲ... အရည်အသွေးလည်း ကောင်းတယ်..." တစ်ဖက်မှ ဝမ်ဝူကလည်း ဝင်ပြောလိုက်သည်။

ရွှီယန်က လယ်ကွင်းထဲရှိ အာလူးများကို ကြည့်လိုက်သည်။ လယ်ယာခြံဝင်း ပိုင်ရှင် တစ်ယောက်အနေဖြင့် သူကလည်း အာလူးများကို ဈေးကောင်းကောင်းဖြင့် ရောင်းချင်သည် မဟုတ်ပါလား။

"ဒီမှာ အာလူးတွေ အများကြီးပဲ... လမ်းကြောင်း ရှာကြည့်လို့ ရတယ်... အဝယ်တော်ကို ဖြတ်မသွားဘဲ တိုက်ရိုက် ရောင်းချနိုင်မယ့် ကုန်ရောင်းကုန်ဝယ် အကြီးစား တစ်ခုခုကို ရှာနိုင်ရင် နောက်ထပ် ရာခိုင်နှုန်း နှစ်ဆယ်လောက် ပိုမြတ်နိုင်တယ်..." ရွှီယန်က တွက်ဆနေလေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် လိုက်ဖ်ထဲရှိ သူများက ဤမြင်ကွင်းကို မြင်လိုက်ရသည်။

'လိုက်ဖ်လွှင့်သူ... မင်းက အာလူးတွေ ရောင်းချင်လို့လား... ငါက အရည်အသွေးမြင့် အာလူးတွေ နည်းနည်း ဝယ်ချင်နေတာ... အရည်အသွေးသာ ကောင်းမယ်ဆိုရင် ငါ အကုန် ဝယ်မယ်'

'လိုက်ဖ်လွှင့်သူရဲ့ အာလူးတွေက တကယ် မဆိုးဘူး... အလုံးက အကြီးကြီးတွေပဲ... ကြီးထွားဆေး သုံးမထားဘူးဆိုရင်တော့ တကယ့် ပစ္စည်းကောင်းပဲ'

'ကြီးထွားဆေး သုံးထားတဲ့ အာလူးက ဒီလိုမျိုး မဟုတ်ဘူး... ဒါတွေက အာလူးကောင်းတွေပဲ'

လူအတော်များများက ဝင်ရောက် ဆွေးနွေးနေကြသည်။

ရွှီယန်လည်း ဤကွန်မန့်များကို မြင်လိုက်ရ၏။

သူက လိုက်ဖ်ဆိုသည့် လမ်းကြောင်းတစ်ခု ရှိနေသေးသည်ကို သတိရသွားပြီး ပြောလိုက်သည်။

"အခုတလော ကျွန်တော် အာလူးတွေ ရောင်းချင်နေတာ တကယ်ပါ... တကယ်လို့ အာလူးဝယ်ချင်တဲ့သူ ရှိရင်တော့ သေချာပေါက် ကြိုဆိုပါတယ်... ဒါပေမဲ့ ပစ္စည်းရောင်းတာ မဟုတ်သလို လက်လီလည်း မရောင်းပါဘူး... အာလူးဝယ်ချင်ရင် ဘယ်မှာမဆို ဝယ်လို့ရတာပဲလေ..."

ရွှီယန်က ဤအတိုင်း စကားကြုံ၍ ပြောလိုက်ခြင်းသာ ဖြစ်သည်။

သို့သော် ယခုခေတ် အင်တာနက်က တကယ်ကို အစွမ်းထက်လွန်းလှသည်။ လိုက်ဖ်ထဲမှ လူတစ်ယောက်က ဤစကားကို သေချာ မှတ်သားသွားခဲ့ပေသည်။

All Chapters