← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း (၁၅၁) ကြောင်ချစ်တဲ့ရောဂါ ထလာပြီ... ကြောင်ကြီးကို သွားပွတ်သပ်ရအောင်

အမျိုးသားနေ့ ပွဲတော်ရက် နီးကပ်လာပြီဖြစ်သော်လည်း ရွှီယန် တောင်ပေါ်မတက်ဖြစ်သည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်သည်။

ထို့ကြောင့် ဤရက်ပိုင်းအတွင်း တောင်ပေါ်တက်၍ လမ်းလျှောက်ထွက်ရန် သူ စီစဉ်လိုက်၏။

လယ်ယာခြံဝင်းထဲတွင် အာလူးများ အမြောက်အမြား ချန်ထားခဲ့သည်။

ယေဘုယျအားဖြင့် မှန်လုံအိမ် စိုက်ပျိုးရေး လုပ်ငန်းများသည် သီးနှံများကို အနည်းငယ် ပိုချန်ထားလေ့ရှိပြီး ကိုယ်တိုင် ဈေးကွက်၌ သွားရောက် ရောင်းချတတ်ကြ၏။

လက်လီရောင်းချခြင်းက အဝယ်တော်များပေးသည့် ဈေးနှုန်းထက် ပိုများသဖြင့် အမြတ်ပိုရနိုင်သောကြောင့် ဖြစ်သည်။

လယ်ယာခြံဝင်း အတော်များများတွင် လက်လီရောင်းချသည့် လုပ်ငန်းများ ရှိကြပြီး ဝင်ငွေရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားတတ်ကြပေသည်။

ရွှီယန်ကတော့ ဤအာလူးများကို တစ်ခါတည်း အပြတ်ရောင်းချနိုင်လျှင် အကောင်းဆုံးဟုသာ တွေးထား၏။

သူ၏ အဓိက ဦးတည်ချက်မှာ ဘလူးဘယ်ရီနှင့် သကြားသီးများအပေါ်တွင်သာ ရှိနေသဖြင့် အာလူးသွားရောင်းရန် လူအင်အား မထုတ်နုတ်နိုင်ပေ။

ထို့အပြင် အာလူးဈေးနှုန်းမှာလည်း သိပ်မမြင့်မားသဖြင့် ဤမျှအထိ ဒုက္ခခံနေရန် မလိုအပ်ဟု ခံစားရသည်။

နံနက်ခင်းအချိန်။

ရွှီယန် အစောကြီး နိုးလာခဲ့သည်။

ဒီနေ့မနက် ဘာဖြစ်သည်မသိဘဲ အပြင်ဘက်တွင် မြူခိုးများ ထူထပ်စွာ ကျဆင်းနေပြီး မှိုင်းမှိုင်းပြာပြာ ဖြစ်နေ၏။

ဆောင်းဦးရာသီသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိသာလှပေသည်။

ရွှီယန် ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။

အပြင်သို့ ရောက်သည်နှင့် မြူခိုးများကြားတွင် သူ့ကို စိုက်ကြည့်နေသော ဒရယ်ပြောက် အတော်များများကို မြင်တွေ့လိုက်ရ၏။

အားလုံးက အရွယ်ရောက်ပြီးသော တောရိုင်း ဒရယ်ပြောက်များ ဖြစ်ကြပြီး ယခင်ကလည်း ဤနေရာသို့ အကြိမ်အနည်းငယ် ရောက်ဖူးကြကာ ယခု တစ်ဖန် ထပ်မံ ရောက်ရှိလာကြခြင်း ဖြစ်သည်။

အချိန်အတော်ကြာ မတွေ့ရသော်လည်း ဤအကောင်များက ယခင်အတိုင်းပင် ဖြစ်၏။

တစ်ကောင်နှင့်တစ်ကောင် ကော်ပီကူးထားသကဲ့သို့ မလှုပ်မယှက်ဖြင့် ရွှီယန်ကိုသာ စိုက်ကြည့်နေကြလေသည်။

"မင်းတို့တွေ ဘယ်လိုလုပ် ရောက်လာကြတာလဲ..."

ရွှီယန်က ပြုံးရင်း မေးလိုက်သည်။

ရွှီယန် စကားသံကို ကြားသည်နှင့် ဒရယ်ပြောက်များက ချက်ချင်းပင် အနားသို့ ကပ်လာကြပြီး ရွှီယန်အရှေ့တွင် နှာခေါင်းလေးများ ထိုးကာ အနံ့ခံနေကြ၏။

စားစရာ တစ်ခုခုများ ပါလာမလားဟု အနံ့ခံနေကြခြင်း ဖြစ်ကြောင်း သိသာလှပေသည်။

ဒရယ်ပြောက်များသည် အစားအစာ စုံလင်စွာ စားသုံးတတ်ကြသည်။

မွေးမြူရေးခြံမှ ဒရယ်ပြောက်များဆိုလျှင် တိရစ္ဆာန်အစာနှင့် ပြောင်းဖူးများကို ကျွေးမွေးရပြီး အခြား ဟင်းသီးဟင်းရွက်များကိုလည်း စားသုံးတတ်ကြ၏။

"မုန်လာဥနီ မရှိတော့ဘူး... မင်းတို့ ရောက်လာလိမ့်မယ်လို့လည်း မထင်ထားမိဘူး... ဒါပေမဲ့ ဟင်းသီးဟင်းရွက် အရသာ ဘီစကွတ်တော့ ရှိတယ်... ခဏစောင့် ငါ သွားယူလိုက်ဦးမယ်..."

ရွှီယန်က ပြောလိုက်သည်။

ထို့နောက် အိမ်ထဲဝင်ကာ ဘီစကွတ် အချို့ကို ယူဆောင်လာခဲ့၏။

ဒရယ်ပြောက်များက ဘီစကွတ်ကို မစားဖူးကြသဖြင့် အနားသို့ကပ်ကာ အနံ့ခံကြည့်ကြရာ ထူးခြားသော မွှေးရနံ့တစ်ခုကိုသာ ရရှိလိုက်ကြသည်။

ရွှီယန်က ဘီစကွတ် တစ်ချပ်ကို ကမ်းပေးလိုက်ရာ ဒရယ်ပြောက် တစ်ကောင်က ဘာကိုမှ ဂရုမစိုက်ဘဲ တစ်လုပ်တည်းဖြင့် မျိုချလိုက်တော့၏။

သူတို့အတွက်တော့ စားကြည့်မှသာ အရသာကို သိနိုင်မည်ဖြစ်ပြီး စားစရာဖြစ်လျှင် စား၍ရသည်ဟုသာ မှတ်ယူထားကြသည်။

ဘီစကွတ် အရသာက ဤအကောင်များ၏ ခံတွင်းနှင့် အတော်လေး တွေ့သွားပုံရ၏။

စားပြီးသွားသည်တိုင် ထပ်စားချင်နေသေးသဖြင့် ခေါင်းလေးများကို ထပ်မံ တိုးဝှေ့လာကြပြန်သည်။

ရွှီယန်က ဒရယ်ပြောက် တစ်ကောင်ချင်းစီကို ဘီစကွတ်များ ခွဲဝေကျွေးမွေးလိုက်ရာ အားလုံး မျှတစွာ ရရှိသွားကြ၏။

ထိုအချိန်မှာပင် ဝန်ထမ်းများ အားလုံး နိုးထလာကြပြီး အလုပ်လုပ်ရန် ပြင်ဆင်နေကြသည်။

မာဝန်နှင့် ဝမ်ဝူ တို့ နှစ်ယောက်က ဤအခြေအနေကို မြင်တွေ့လိုက်ရသောအခါ အလွန်ပင် အံ့အားသင့်သွားကြ၏။

"လခွမ်း... ဒရယ်ပြောက်တွေ အများကြီးပဲ... ဘယ်က ရောက်လာတာလဲ... တောရိုင်းတွေများ ဖြစ်နေမလား..."

သူတို့နှစ်ယောက် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်မိကြသည်။

တောရိုင်း ဒရယ်ပြောက်များမှာ အရွယ်အစား ကြီးမားကြပြီး မတ်တတ်ရပ်လိုက်ပါက လူတစ်ယောက်ထက်ပင် ပို၍ မြင့်မားနေ၏။

သမင်ချိုများကလည်း အလွန် ခန့်ညားထည်ဝါနေပြီး ခန္ဓာကိုယ်ရှိ ကြွက်သားလိုင်းများကလည်း သိသိသာသာ ပေါ်လွင်နေသည်။

၎င်းတို့က ရွှီယန်အရှေ့တွင် ဝိုင်းရံနေကြသည်မှာ မြင်တွေ့ရသူအဖို့ အတော်လေး ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။

"တောရိုင်းတွေပါ... အရင်ကလည်း ခဏခဏ ရောက်လာဖူးတယ်... အစ်ကိုယန်ကို လာရှာကြတာချည်းပဲ... ဒီဒရယ်ပြောက်တွေက တခြားသူတွေကို အထိမခံဘူး..."

လီဆန်းက ဘေးမှနေ၍ ရှင်းပြလိုက်သည်။

လီဆန်း စကားကို ကြားသောအခါ မာဝန်နှင့် ဝမ်ဝူ တို့က ပို၍ပင် အံ့အားသင့်သွားကြ၏။

သူတို့ နှစ်ယောက်က အရှေ့သို့ ခြေလှမ်း အနည်းငယ် တိုးသွားလိုက်ရာ ထင်သည့်အတိုင်းပင် ဒရယ်ပြောက်အချို့က သူတို့ကို သတိထားမိသွားပြီး ချက်ချင်း သတိအနေအထားဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။

ရွှီယန်သည် ဒရယ်ပြောက်များကို ဘီစကွတ် ကျွေးပြီးသွားသောအခါ သူကိုယ်တိုင်လည်း ဒရယ်ပြောက်လေး တစ်ကောင် မွေးထားသည်ကို သတိရသွား၏။

ထို့ကြောင့် အိမ်ထဲမှ ဒရယ်ပြောက်လေးကို အပြင်သို့ လွှတ်ပေးလိုက်သည်။

အကောင်လေးက ခုန်ပေါက်ကာ ပြေးထွက်လာပြီး အပြင်သို့ ရောက်သည်နှင့် နေရာမှာပင် ချက်ချင်း မှင်သက်သွားတော့၏။

အပြင်ဘက်တွင် အရွယ်ရောက်ပြီးသော ဒရယ်ပြောက်ကြီးများချည်းသာ ရှိနေသောကြောင့် ဖြစ်သည်။

တစ်ကောင်ချင်းစီက ခန္ဓာကိုယ် ကြီးမားတုတ်ခိုင်ပြီး အလှတရားများဖြင့် ပြည့်နှက်နေ၏။

၎င်း နေထိုင်ခဲ့ဖူးသော မွေးမြူရေးခြံမှ ဒရယ်ပြောက်များထက် အများကြီး ပို၍ မြင့်မားကြီးမားနေပေသည်။

အကောင်လေးမှာ ဤကဲ့သို့သော ဒရယ်ပြောက်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ ချက်ချင်းပင် ဘာလုပ်ရမှန်း မသိဖြစ်သွားတော့၏။

အရွယ်ရောက်ပြီးသော ဒရယ်ပြောက်များကလည်း ၎င်းကို သတိထားမိသွားကြသည်။

အထီး ဒရယ်ပြောက် တစ်ကောင်က သိချင်စိတ်ဖြင့် ခန္ဓာကိုယ်ကို နှိမ့်ချကာ ဒရယ်ပြောက်လေးကို လိုက်လံ အကဲခတ်နေ၏။

ဤအကောင်လေးက သေးသေးကွေးကွေးလေးဖြစ်ပြီး ကြည့်ရသည်မှာ အလွန် ချစ်စရာကောင်းနေသည်။

အခြား ဒရယ်ပြောက် အချို့ကလည်း ဝိုင်းရံလာကြ၏။

ဆောင်းရာသီသို့ ရောက်ရှိတော့မည့် ဤကဲ့သို့သော ရာသီချိန်ခါမျိုးတွင် တောရိုင်း ဒရယ်ပြောက်များ မွေးဖွားလေ့ မရှိချေ။

အဘယ်ကြောင့်ဆိုသော် အကောင်ပေါက်လေးများမှာ တောရိုင်းထဲတွင် ဆောင်းရာသီ အအေးဒဏ်ကို ဖြတ်သန်းနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သမင်အုပ်ထဲတွင် အရွယ်ရောက်ပြီးသော သို့မဟုတ် အရွယ်ရောက်ခါနီး ဒရယ်ပြောက်များသာ ရှိတတ်ကြ၏။

ယခု ဒရယ်ပြောက် အကောင်ပေါက်လေးကို မြင်တွေ့လိုက်ရသောအခါ သိချင်စိတ်ဖြင့် ဂရုစိုက်ကြည့်ရှုကြသည်မှာ သဘာဝပင် ဖြစ်သည်။

အားလုံးက ဤအကောင်လေး ဆောင်းတွင်းကို ဘယ်လို ဖြတ်သန်းမလဲဟု တွေးတောနေကြပုံရ၏။

တကယ်တော့ ဖြေရှင်းရန် အလွန် လွယ်ကူလှပေသည်။

ဤဘက်ရှိ ဆောင်းရာသီတွင် ဒရယ်ပြောက်များ မွေးမြူမည်ဆိုပါက အအေးပတ်မည်ကို စိုးရိမ်သဖြင့် ဒရယ်ပြောက်လေးများ ကိုယ်ပေါ်တွင် အင်္ကျီတစ်ထည် စွပ်ပေးထားလေ့ ရှိကြသည်။

ထို့အပြင် အိမ်ထဲတွင်လည်း နွေးထွေးသဖြင့် အများကြီး စိုးရိမ်စရာ မလိုချေ။

ဤမြင်ကွင်းလေးမှာ ကြည့်ရသည်က အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။

ရွှီယန်သည် ဘီစကွတ် ကျွေးပြီးနောက် တောင်ပေါ်တက်ရန် ပြင်ဆင်လိုက်၏။

တောင်ပေါ်မတက်ဖြစ်သည်မှာ ရက်အတော်ကြာပြီဖြစ်ရာ တောင်ပေါ်သို့ သွားရောက် လမ်းလျှောက်သင့်နေပြီ ဖြစ်သည်။

လယ်ယာခြံဝင်းဘက်ရှိ အလုပ်များကိုတော့ ဝန်ထမ်းများနှင့် လွှဲထားလိုက်ရုံသာ ဖြစ်၏။

တကယ်တမ်းတွင် လယ်ယာခြံဝင်း နေ့စဉ်ဘဝမှာ အတော်လေး အလုပ်များလှပေသည်။

မနက်အိပ်ရာနိုးသည်နှင့် ပထမဆုံး လုပ်ရမည့် အလုပ်မှာ လယ်ယာခြံဝင်းထဲရှိ တိရစ္ဆာန်များကို အစာကျွေးရန် ဖြစ်၏။

လယ်ယာခြံဝင်း ပိုင်ရှင်အချို့က နေ့တိုင်း မနက်ဆိုလျှင် ဤအရှင်သခင်များကို အရင် ကျွေးရပြီးမှ ကိုယ့်ဘာသာ ထမင်းစားရသည်ဟု နောက်ပြောင် ပြောဆိုတတ်ကြသည်။

ထမင်းစားပြီးပါက မှန်လုံအိမ် တစ်ခုပြီးတစ်ခု လိုက်လံ ကြည့်ရှုကာ ရေလောင်းပေးရပြီး တစ်ခါတစ်ရံ မြေဩဇာ ကျွေးရသေး၏။

ထို့နောက် တိရစ္ဆာန်များကို အပြင်သို့ လွှတ်ပေးကာ လမ်းလျှောက်ထွက်ရမည့် အကောင်များကို လမ်းလျှောက်ထွက်ပေးရပြီး ကြက်ဥ ဘဲဥ ငန်းဥများကိုလည်း လိုက်လံ ကောက်ယူရသေးသည်။

ကြက်များကတော့ အတော်လေး တည်ငြိမ်ပြီး ကြက်အိမ်ထဲတွင်သာ ဥ တတ်ကြသော်လည်း ဘဲများကတော့ ဥချင်ရာ ဥတတ်ကြပြီး တစ်ခါတစ်ရံ ခြံဝင်းထဲသို့ ပြေးထွက်ကာ တစ်လုံးခန့် ဥသွားတတ်ကြ၏။

ဤသို့ အလုပ်များနေသည်နှင့်ပင် နေ့တစ်ဝက်ခန့် ကုန်လွန်သွားတတ်ပေသည်။

လယ်ယာခြံဝင်း ဖွင့်ထားမှတော့ ဟင်းသီးဟင်းရွက်များကို သိပ်ဝယ်စရာ မလိုတော့ချေ။

ဟင်းခင်းထဲသို့ သွားရောက်ကာ မည်သည့် ဟင်းသီးဟင်းရွက်များ ရင့်မှည့်နေပြီလဲ ကြည့်ရှုပြီး ဟင်းချက်ရန် ခူးယူရုံသာ ဖြစ်၏။

အသားကိုတော့ သေချာပေါက် ဝယ်ယူရမည် ဖြစ်သည်။

တစ်နေ့ပြီးတစ်နေ့ ဤခြံဝင်းငယ်လေးထဲတွင်သာ အချိန်ကုန်ဆုံးနေရသည်မှာ အငြိမ်းစားယူပြီး အနားယူနေသည်နှင့် ဆင်တူသော်လည်း တကယ်တမ်းတွင်တော့ ထိုမျှ မလွယ်ကူလှချေ။

ယခု လယ်ယာခြံဝင်းတွင် လူအင်အား များပြားနေပြီဖြစ်ရာ သုံးယောက် အလုပ်လုပ်ရန် ပြဿနာ မရှိတော့ချေ။

ထို့ကြောင့် ရွှီယန်က တောထဲသို့ ဝင်ရောက်ရန် အချိန်ရသွားခြင်း ဖြစ်၏။

ယခုက အမျိုးသားနေ့ ပွဲတော်အပြီး ဆောင်းဦးရာသီ လေပြေအေးများ တိုက်ခတ်နေချိန် ဖြစ်သည်။

တောထဲတွင် အနည်းငယ် ခြောက်သွေ့ ညှိုးနွမ်းနေသည့် ခံစားချက်မျိုး ပိုမို လွှမ်းမိုးနေ၏။

တိရစ္ဆာန်များက ဆောင်းခိုရန် နေရာ စတင် ရှာဖွေနေကြပြီဖြစ်ပြီး တောင်တန်းကြီးကလည်း အခြားသော မြင်ကွင်းတစ်မျိုးကို ပြသနေပေသည်။

ရွှီယန်သည် အငှားကား စီး၍ တောင်ပေါ်လမ်းသို့ သွားရောက်ကာ တောင်ထဲသို့ တောက်လျှောက် ဝင်သွားပြီး လိုက်ဖ်ဖွင့်လိုက်၏။

ဤတစ်ကြိမ်တွင် ရွှီယန်က ဝါးခြင်းတောင်း မလွယ်လာဘဲ အလုပ်သမား ဘောင်းဘီနှင့် အပေါ်အင်္ကျီ တစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။

အလုပ်သမား ဘောင်းဘီက အိတ်ကပ်များပြားသဖြင့် ပစ္စည်းများ အတော်များများ ထည့်ထားနိုင်၏။

ဆောင်းဦးရာသီ ဖြစ်သဖြင့် မြွေအန္တရာယ်ကို စိုးရိမ်စရာ မလိုတော့ဘဲ မြက်ပင်များလည်း အတော်လေး ပါးလွှာသွားပြီဖြစ်ရာ အရှိန်ပိုတင်၍ လမ်းလျှောက်နိုင်ပေသည်။

သေချာ ကြည့်မည်ဆိုပါက ရွှီယန်၏ ဘောင်းဘီအိတ်ကပ်ထဲတွင် နို့ဗူးနှစ်လုံး ထည့်ထားသည်ကို မြင်တွေ့နိုင်၏။

လိုက်ဖ်၏ ရေပန်းစားမှုက လျင်မြန်စွာ မြင့်တက်လာပြီး ကြည့်ရှုသူ အရေအတွက်လည်း အလျင်အမြန် တိုးပွားလာသည်။

လိုက်ဖ်ခေါင်းစဉ်... 'ယနေ့ တောင်ပေါ်တက်၍ ကျား ရိုက် မည် (တောရိုင်း ဆိုက်ဘေးရီးယား ကျားကို သွားကြည့်မည်)'

ပရိသတ် အတော်များများက ဤခေါင်းစဉ်ကို မြင်တွေ့လိုက်ရသောအခါ အားလုံး မှင်သက်သွားကြတော့သည်။

'ဘာကြီးလဲ...'

'မင်းက ဘာသွားလုပ်မလို့လဲ...'

'တောင်ပေါ်တက်ပြီး ကျား သွားရိုက်မလို့လား...'

'ကျားစာ သွားဖြစ်မလို့ မဟုတ်ဘူးလား...'

ထင်သည့်အတိုင်းပင် လိုက်ဖ်စဖွင့်သည်နှင့် ကွန်မန့်များက ပေါက်ကွဲထွက်လာတော့သည်။

'လောင်ရွှီ... အတည်ကြီးလား... တောင်ပေါ်တက်ပြီး ကျား သွားရှာမလို့လား...'

'နောက်မနေနဲ့နော်... ဒါက သေလမ်းရှာတာနဲ့ ဘာကွာလို့လဲ...'

'မင်းက တကယ်ကို သေရမှာ မကြောက်တာပဲ...'

'တောနက်ကြီးထဲမှာ တောရိုင်း ဆိုက်ဘေးရီးယား (အရှေ့မြောက်) ကျားကို သွားရှာမလို့လား... အဲဒီအကောင်က ဘယ်လောက်ကြီးလဲ ဆိုတာ မင်း သိလို့လား...'

အင်တာနက်သုံးစွဲသူများက ခေါင်းစဉ်ကို မြင်ပြီးနောက် မစိုးရိမ်သူဟူ၍ မရှိကြချေ။

ရွှီယန်ကတော့ တည်ငြိမ်နေပုံရသည်။

"ဒီနေ့ တောထဲကို သွားကြည့်မလို့... အရင်တစ်ခေါက် တွေ့ခဲ့တဲ့ ဆိုက်ဘေးရီးယားကျားရဲ့ ပိုင်နက်ထဲမှာပဲ လှုပ်ရှားမှာပါ... အားလုံး စိတ်ချပါ... ကျွန်တော် ဆင်ခြင်ပြီး သွားမှာပါ... ကျွန်တော်က ငယ်ငယ်ကတည်းက တောင်ပေါ်မှာ ကြီးပြင်းလာတာဆိုတော့ တိရစ္ဆာန်တွေရဲ့ ခံစားချက်တွေကို နားလည်ပါတယ်... အဲဒီ ဆိုက်ဘေးရီးယားကျားက ကျွန်တော့်အပေါ် ရန်လိုတဲ့စိတ် သိပ်မရှိပါဘူး... ဒါကြောင့် အရမ်းကြီး စိုးရိမ်နေစရာ မလိုပါဘူး... ပြီးတော့ တောတောင်က ဒီလောက်ကျယ်တာ တွေ့ရဖို့ ရာခိုင်နှုန်းက အရမ်းကို နည်းပါတယ်... ကျွန်တော်က ဒီအတိုင်း လမ်းလျှောက်ထွက်လာရုံ သက်သက်ပါ..."

ရွှီယန်က နှစ်သိမ့်စကား ပြောလိုက်၏။

တောနက်ထဲ လမ်းလျှောက်ရသည်မှာ တကယ်ကို အန္တရာယ် များလှပေသည်။

ရွှီယန်က တောနက်ထဲ ဝင်ချင်သော်လည်း ကိုယ်ပိုင် လုံခြုံရေးကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်၏။

ရွှီယန်အတွက်တော့ အန္တရာယ်အကြီးဆုံးက ဆိုက်ဘေးရီးယားကျားနှင့် ဝက်ဝံညိုတို့ပင် ဖြစ်သည်။

ဝက်ဝံညို၏ တိုက်ခိုက်နိုင်စွမ်းက အတိုင်းအတာ တစ်ခုအထိ ဆိုက်ဘေးရီးယားကျားထက် ပိုမို မြင့်မားပေသည်။

အကယ်၍ ဆိုက်ဘေးရီးယားကျား တစ်ကောင်က ပြင်းထန်စွာ ဒဏ်ရာရလာပါက ဝက်ဝံညိုနှင့် တိုက်ခိုက်ခဲ့ရခြင်းကြောင့် ဖြစ်နိုင်ခြေ အများဆုံးပင်။

မတတ်နိုင်ပေ။

သဘာဝလောကတွင် ခန္ဓာကိုယ် အလေးချိန်ကသာ အရာအားလုံးကို အဆုံးအဖြတ် ပေးပေသည်။

အရွယ်ရောက်ပြီးသော ဝက်ဝံညို၏ အလေးချိန်က ဆိုက်ဘေးရီးယားကျားထက် ပိုမို ကြီးမားသဖြင့် တိုက်ခိုက်နိုင်စွမ်းလည်း ပိုမို အားကောင်းခြင်း ဖြစ်၏။

တောထဲတွင် အစားအသောက် ပေါများပါက ဝက်ဝံညိုက ပို၍ပင် ကြောက်စရာ ကောင်းလာတော့သည်။

ဝက်ဝံနက်များပင်လျှင် ၎င်းတို့၏ အစာစာရင်းထဲတွင် ပါဝင်နေ၏။

ရွှီယန်ကလည်း တောနက်ထဲတွင် ဝက်ဝံညိုနှင့် တွေ့ဆုံမည်ကို စိုးရိမ်မိသည်။

သို့သော် သူက တောနက်ထဲတွင် လမ်းလျှောက်ချင်နေသေးရာ အကောင်းဆုံး နည်းလမ်းမှာ ကျား၏ ပိုင်နက်ထဲတွင် ဝင်ရောက် လမ်းလျှောက်ခြင်းပင် ဖြစ်၏။

၎င်းမှာ ယခင်တစ်ခေါက်က တွေ့ခဲ့သော ကျားပင် ဖြစ်သည်။

"ကျွန်တော် အခု ရောက်နေတဲ့ တောင်တန်းက ဆိုက်ဘေးရီးယားကျားရဲ့ ပိုင်နက်ထဲမှာ ရှိတယ်... ဒါက ဒီတောင်ပေါ်မှာ တခြား အန္တရာယ်တွေ မရှိဘူး ဆိုတာကို ပြသနေတာပဲ... နှိုင်းယှဉ်ကြည့်ရင် ပိုပြီး လုံခြုံတယ်လို့ ဆိုရမယ်... တောနက်ကြီးထဲမှာ ကျွန်တော်လည်း လျှောက်မပြေးရဲပါဘူး... ဝက်ဝံညိုနဲ့ တွေ့ရင် အသက်အန္တရာယ် ရှိနိုင်တယ်လေ... ဒါကြောင့် ဒီနားမှာ လှုပ်ရှားနေတာက အတော်ဆုံးပဲ..."

ရွှီယန်က ထပ်ပြောလိုက်၏။

အင်တာနက်သုံးစွဲသူများက သူ၏ ယုတ္တိဗေဒကြောင့် အနည်းငယ် ကြောင်အမ်းသွားကြတော့သည်။

'ဘာကြီးလဲ... တောင်ပေါ်မှာ ဆိုက်ဘေးရီးယားကျား ရှိနေတာက ပိုပြီး လုံခြုံတယ် ဟုတ်လား... မင်း ဘာတွေ ပြောနေလဲ ဆိုတာကို ကိုယ်တိုင် ပြန်နားထောင်ကြည့်ဦးလေ... ဒါထက် ပိုပြီး အန္တရာယ်များတဲ့ ကိစ္စ ရှိသေးလို့လား...'

ရွှီယန် ပြောသည်ကလည်း မမှားပေ။

ဤအရာအားလုံးက ကျားက သူ့အပေါ် အထင်ကြီးမှု ရှိနေသည့် အခြေခံအပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်၏။

ထို့ကြောင့် သူ အများကြီး စိုးရိမ်နေရန် မလိုအပ်ချေ။

တောနက်ထဲမှ ရှုခင်းများက တကယ်ကို ပို၍ ခမ်းနားကြီးကျယ်လှပေသည်။

မတ်စောက်သော တောင်စောင်းတစ်ခုကို ကျော်ဖြတ်ပြီးနောက် အရှေ့ဘက်ရှိ တောင်စောင်းက သိပ်မမတ်စောက်တော့ပေ။

တောင်ပေါ်မှနေ၍ စီးဆင်းလာသော မြစ်တစ်စင်း ရှိပြီး ပတ်ဝန်းကျင်တွင် ကျောက်စရစ်ခဲများ ပြည့်နှက်နေသည့် ကျောက်စရစ်ကမ်းခြေ ကျယ်ကြီးတစ်ခု ရှိကာ အပင်များ ပေါက်ရောက်မှု အတော်လေး နည်းပါးလှ၏။

မြစ်ကမ်းဘေးတွင် ဒရယ်ပြောက် အနည်းငယ် ရေသောက်နေကြသည်။

၎င်းတို့က သတိဝီရိယဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေကြပြီး ရွှီယန်ကို မြင်သောအခါ သိချင်စိတ်ဖြင့် သူ့ဘက်သို့ လှမ်းကြည့်နေကြ၏။

သစ်တော၏ ရှေးဟောင်းဆန်ပြီး ကျယ်ဝန်းဟင်းလင်းနေသည့် ခံစားချက်က မျက်နှာဆီသို့ ရိုက်ခတ်လာသည်။

ရွှီယန်က ဤကဲ့သို့သော ခံစားချက်မျိုးကို အလွန် သဘောကျပေသည်။

သဘာဝကျပြီး ဖြူစင်လှကာ ချစ်စရာကောင်းသော တောရိုင်းတိရစ္ဆာန်လေးများလည်း ရှိနေ၏။

သူ တစ်ခါတစ်ရံ တွေးမိသည်မှာ လယ်ယာခြံဝင်း မဖွင့်ဖြစ်ခဲ့လျှင် တောရိုင်းတိရစ္ဆာန် ဓာတ်ပုံဆရာ တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုလျှင်လည်း မဆိုးလှကြောင်းပင် ဖြစ်သည်။

အာဖရိက ဆာဗားနား မြက်ခင်းပြင်ကြီးပေါ်တွင် ခြင်္သေ့ဘေး၌ ရပ်ကာ ခြင်္သေ့ အမဲလိုက်သည်ကို ကြည့်ရှုရိုက်ကူးသည့် ဓာတ်ပုံဆရာမျိုးပင်။

"ဒီတစ်ခါ တောနက်ထဲကို ပေါ့ပေါ့ပါးပါးနဲ့ ထွက်လာတာဆိုတော့ ပစ္စည်းတွေ အများကြီး မကောက်တော့ဘူး... တကယ်လို့ မှိုကောင်းကောင်းတွေ ဘာတွေ တွေ့ရင်တော့ နည်းနည်းပါးပါး ယူသွားလို့ ရတယ်... ဒီအတိုင်း လမ်းလျှောက်ထွက်လာတာ... တော်တော်လေး သက်သောင့်သက်သာ ရှိတယ်လို့ ခံစားရတယ်..."

ရွှီယန်က ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်၏။

တောင်ပေါ်ရှိ လေက အလွန် ညင်သာပြီး သစ်ပင်များ၏ တားဆီးမှုကြောင့် လေတိုက်နှုန်းကလည်း အများကြီး လျော့ကျသွားခဲ့သည်။

သို့သော် မြစ်ကမ်းဘေးရှိ ကျောက်စရစ်ကမ်းခြေတွင်တော့ လေတိုက်နှုန်းက အတော်လေး ပြင်းထန်ပြီး တဝူးဝူး မှုတ်ခတ်နေပေသည်။

ဆောင်းဦးရာသီ စတင် အေးလာပြီဖြစ်ရာ တောထဲရှိ တိရစ္ဆာန်များ အားလုံးက ဆောင်းရာသီကို ကြိုဆိုရန် အလုပ်များနေကြပြီ ဖြစ်၏။

ဆောင်းရာသီ တစ်ခုဆိုသည်မှာ ဘေးအန္တရာယ်ကြီး တစ်ခုပင်ဖြစ်ပြီး တိရစ္ဆာန် အများအပြားက ချန်ပိုင်တောင်တန်း၏ အေးခဲလှသော ဆောင်းရာသီထဲတွင် ထာဝရ အိပ်စက်သွားရတတ်သည်။

မျိုးစိတ်တိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် ရှင်သန်ရပ်တည်ရေး နိယာမများ ရှိကြပေသည်။

ရွှီယန် ယနေ့ တောနက်ထဲ ဝင်လာခြင်းမှာ ရတနာရှာဖွေရေး တာဝန်တစ်ခု လုပ်ဆောင်ရန် ရည်ရွယ်ထားသောကြောင့် ဖြစ်၏။

ရတနာရှာဖွေရေး တာဝန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ထက် ပို၍ စိတ်ဝင်စားစရာ ကောင်းပေသည်။

မည်သို့ပင်ဖြစ်စေ ယခု တောင်ပေါ်ရှိ တန်ဖိုးကြီး ပစ္စည်းများ အားလုံးနီးပါးက ကာကွယ်စောင့်ရှောက်ထားသော အပင်များဖြစ်ကြပြီး သတ္တုရိုင်းများ စသည်တို့ကိုလည်း တူးဖော်၍ မရနိုင်ချေ။

အကယ်၍ သူက ရှေးဟောင်း သင်္ချိုင်းဂူ တစ်ခုကို ရှာတွေ့လျှင်ပင် သေချာပေါက် သွားရောက် ထိတွေ့၍ ရမည် မဟုတ်ပေ။

အရာအားလုံးက ဥပဒေနှင့် ငြိစွန်းနေသောကြောင့် ဖြစ်၏။

ထို့ကြောင့် တာဝန်တစ်ခု လုပ်ဆောင်ရသည်က ပို၍ စိတ်ဝင်စားစရာ ကောင်းပြီး ကျပန်း ဆုလာဘ်များကလည်း ရွှီယန်ကို ပိုမို စိတ်လှုပ်ရှားစေနိုင်ပေသည်။

အကယ်၍ ယနေ့ ထိုဆိုက်ဘေးရီးယားကျားနှင့် တွေ့ဆုံနိုင်ပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

ဤကျားတုတ်တုတ်ကြီးက ပွတ်သပ်ရသည်မှာ အတော်လေး ကောင်းမွန်လှ၏။

ထို့အပြင် ကြီးမားသော ကျားခေါင်းကြီးက ကြည့်ရသည်မှာ အလွန် လှပပြီး အမွေးစုတ်ဖွားလေးဖြင့် ကြမ်းကြမ်းတမ်းတမ်း မလုပ်သရွေ့ အချစ်စရာအကောင်းဆုံး တိရစ္ဆာန်လေးပင် ဖြစ်သည်။

အကယ်၍ ကမ္ဘာပေါ်တွင် အကြီးဆုံး ကြောင်ကြီးကို အန္တရာယ်ကင်းကင်းဖြင့် ပွတ်သပ်ခွင့် ရမည်ဆိုပါက မည်သူကများ သေချာလေး မပွတ်သပ်ချင်ဘဲ နေမည်နည်း။

ရွှီယန်က အဝေးဆီသို့ လှမ်းကြည့်လိုက်၏။

'ကြောင်ချစ်တဲ့ ရောဂါက ထလာပြီပဲ... ဒီနေ့ ကြောင်ကြီးကို သွားပွတ်သပ်ရအောင်…’

All Chapters