အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း (၁၅၂) ထူးခြားသော တာဝန်... ဆန်းကြယ်သော သတ္တဝါ
ယခု ရွှီယန် ရောက်ရှိနေသည့် နေရာမှာ တကယ့် တောနက်ကြီးပင် ဖြစ်သည်။
သူက တောထဲတွင် သုံးနာရီခန့်သာ နေပြီးနောက် တောင်အောက်သို့ အမြန် ပြန်ဆင်းရန် ခန့်မှန်းထား၏။
မည်သို့ပင်ဖြစ်စေ သူက ပေါ့ပေါ့ပါးပါးသာ ထွက်လာခဲ့ပြီး ကိုယ်ခံပညာသုံး လက်နက်အချို့နှင့် ဆိတ်နို့ နှစ်ဘူးကိုသာ ယူဆောင်လာခဲ့သည်။
ညဘက်တွင်တော့ တောထဲ၌ နေထိုင်ရန် မဖြစ်နိုင်ပေ။
ဤဒေသတွင် တောခွေးရိုင်း တစ်အုပ် ရှိနေသေးသည်ကို ရွှီယန် မှတ်မိနေသေး၏။
ထိုအကောင်များမှာ တစ်ကောင်ချင်း တိုက်ခိုက်နိုင်စွမ်း မမြင့်မားသော်လည်း အုပ်စုလိုက် စုဖွဲ့သွားပါက အတော်လေး ကြောက်စရာ ကောင်းလှပေသည်။
မည်သို့ပင်ဆိုစေ တောခွေးရိုင်းအုပ်က ကျားသစ်ကိုလည်း မကြောက်သလို ကျားကိုလည်း မကြောက်ကြချေ။
တောခွေးများက အုပ်စုအင်အားကို အားကိုးကြသည်။
တကယ်တမ်းတွင် ကျားများက ၎င်းတို့ကို အဖက်မလုပ်ချင်၍သာ ဖြစ်သည်။ သို့မဟုတ်ပါက အုပ်စုထဲ ဝင်တိုးလိုက်လျှင် တစ်ကိုက်ကို တစ်ကောင်နှုန်းဖြင့် သေချာပေါက် အကုန် သေကုန်မည်သာ ဖြစ်၏။
ဆောင်းဦးရာသီ၏ တောနက်ထဲတွင် သစ်ရွက်ကြွေများက အလွန် ထူထပ်နေပြီး နေရာအတော်များများတွင် ခြေကျင်းဝတ်အထိပင် နစ်မြုပ်နေပေသည်။
ရွှီယန်သည် မေပယ်ပင်တော ဧရိယာတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။
သစ်ပင်များက မီးလောင်နေသကဲ့သို့ ဖြစ်နေပြီး မျက်စိတစ်ဆုံး လှမ်းကြည့်လိုက်ပါက အနီရောင်နှင့် လိမ္မော်ရောင်များသာ ဖုံးလွှမ်းနေကာ အန်နီမေးရှင်း ဇာတ်ကားထဲမှ မြင်ကွင်းတစ်ခုနှင့်ပင် တူနေ၏။
ရွှီယန်က ထိုအထဲတွင် လမ်းလျှောက်နေရသဖြင့် စိတ်ကူးယဉ် အိပ်မက်ဆန်သော ခံစားချက်မျိုး ပို၍ ရရှိနေသည်။
"ဒီမြင်ကွင်းက အရမ်း လှလွန်းတယ်... ငါ လိုက်ဖ်ကြည့်လာတာ ဒီလိုမြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ..."
"ဟုတ်တယ်... လောင်ရွှီ ရဲ့ လိုက်ဖ်မှာက မြင်ကွင်းတွေက အရမ်းလှတယ်ဆိုတဲ့ ထူးခြားချက် တစ်ခု ရှိတယ်... ကြည့်ရတာ စိတ်အေးချမ်းတယ်လေ..."
"အရမ်း ကြည့်ကောင်းတယ်... သိုင်းကား ကြည့်နေရသလို ခံစားချက်မျိုး ပေးစွမ်းတယ်... သူက သိုင်းသမားကြီး တစ်ယောက်နဲ့တောင် တူနေသေးတယ်..."
"တကယ် မိုက်တာ... သူ တကယ်ပဲ အထာကျသွားပြီ..."
အင်တာနက်သုံးစွဲသူများက လိုက်ဖ်ထဲတွင် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြ၏။
ရွှီယန်က ဤနေရာမှာ အတော်လေး သင့်တော်ပြီဟု တွေးကာ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ ရတနာရှာဖွေရေး တာဝန်တစ်ခုကို လဲလှယ်ရန် ရွေးချယ်လိုက်၏။
[ရတနာရှာဖွေရေး တာဝန် စတင်ပါသည် - စွန်မည်းလေးကို ကာကွယ်ပါ]
[တာဝန် ဖော်ပြချက် - စွန်မည်းအသိုက်ထဲတွင် ဥဩငှက် တစ်ကောင် မွေးဖွားလာခဲ့သည်... ဥဩငှက်က စွန်မည်းဥကို အောက်သို့ တွန်းချတော့မည်ဖြစ်ရာ ကာကွယ်ပေးပါ]
[တာဝန် ဆုလာဘ် - စွန်မည်း၏ ရင်းနှီးမှု... မွေးဖွားလာသော စွန်မည်းလေးက လက်ခံသူနှင့် ရင်းနှီးမည်ဖြစ်ပြီး ကြီးပြင်းလာပါက လက်ခံသူ၏ အနားသို့ ပျံသန်းလာမည် ဖြစ်သည်]
[တာဝန် လုပ်ဆောင်ရမည့် နေရာကို မှတ်သားထားပြီး ဖြစ်ပါသည်]
တာဝန် အချက်အလက်များက ရွှီယန်၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
စွန်မည်းကို ကာကွယ်ရမည်။
ရွှီယန်၏ မျက်လုံးများက အနည်းငယ် ပြောင်းလဲသွား၏။
သူက ဥဩငှက်၏ အလေ့အထကို ကောင်းကောင်း နားလည်ထားပေသည်။ ဥဩငှက်မှာ သဘာဝလောကတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ငှက်တစ်မျိုး ဖြစ်သည်။
၎င်း၏ အကြီးမားဆုံးသော ထူးခြားချက်မှာ သူတစ်ပါး အသိုက်ကို လုယူခြင်းဖြစ်ပြီး ၎င်းတို့၏ ဥများကို အခြားငှက်များ၏ အသိုက်ထဲတွင် သွားရောက် ဥတတ်ကြ၏။
ထို့အပြင် ဥဩငှက်ပေါက်လေးက မွေးဖွားလာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ကျောကုန်းကို အသုံးပြုကာ အသိုက်ထဲရှိ အခြား ငှက်ပေါက်လေးများ သို့မဟုတ် ငှက်ဥများကို အပြင်သို့ တွန်းထုတ်တတ်သည်။
အခြားငှက်လေးများကို အရှင်လတ်လတ် ပြုတ်ကျသေဆုံးစေပြီး သူတို့ကိုယ်တိုင်သာ မိခင်ငှက်၏ ပြုစုယုယမှုကို ခံယူတတ်ကြ၏။
မိခင်ငှက် အတော်များများက ဘာတွေ ဖြစ်ပျက်သွားမှန်း မသိကြပေ။ ၎င်းတို့ ကိုယ်တိုင် ဝပ်၍ ဖောက်ထားသော ငှက်ကလေးများဟုသာ သိရှိထားပြီး အာရုံစိုက်ကာ အစာကျွေးမွေးတတ်ကြသည်။
တစ်ခါတစ်ရံတွင် ဥဩငှက်ပေါက်လေးမှာ မိခင်ငှက်ထက်ပင် ပိုမို ကြီးမားနေတတ်သော်လည်း အစာတောင်းခံနေဆဲပင် ဖြစ်၏။
၎င်းတို့က ငှက်ဥများကို အခြားငှက်သိုက်ထဲတွင် ဥရုံသာမကဘဲ အခြားငှက်များကိုပါ ၎င်းတို့ ကြီးပြင်းလာသည်အထိ ပြုစုပျိုးထောင်ခိုင်းတတ်ကြသည်။
အရေးကြီးဆုံးမှာ ဥဩငှက်များက မွေးကတည်းက ရက်စက်ယုတ်မာတတ်ပြီး ငှက်သိုက်ထဲရှိ အခြားငှက်လေးများ အားလုံးကို အောက်သို့ တွန်းချကာ မိခင်မေတ္တာကို တစ်ကောင်တည်း ခံယူတတ်ကြခြင်းပင်။
သူတစ်ပါး၏ ကလေးကို သတ်ဖြတ်ပြီးနောက် မိခင်ငှက်၏ အစာကျွေးမွေးမှုကို ခံယူသေးသည်။ လူသားများ၏ ရှုထောင့်မှ ကြည့်မည်ဆိုပါက ဤသည်မှာ တကယ်ကို ခွင့်လွှတ်၍ မရသော အပြစ်ကြီး ပင် ဖြစ်၏။
သို့သော် သဘာဝလောကဆိုသည်မှာ ဤသို့ပင် ရက်စက်လှပေသည်။ ဥဩငှက်များက ဤနည်းဖြင့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ရှင်သန်လာခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့နှင့် ကိုက်ညီသော မျိုးပွားနည်းလမ်းကို ရှာတွေ့သွားကြခြင်း ဖြစ်သည်။
စွန်မည်းအကြောင်းကိုလည်း ရွှီယန် နားလည်ထားပေသည်။ ၎င်းမှာ လူအများ ခေါ်ဆိုလေ့ရှိသော သိမ်းငှက် မျိုးစိတ် တစ်မျိုးပင်။
သိမ်းငှက် ဟူသည်မှာ အရပ်ထဲတွင် သုံးနှုန်းလေ့ရှိသော အမည်တစ်ခုဖြစ်ပြီး စွန်ရဲ စွန်မည်း လင်းယုန် စသည်တို့ အားလုံး ပါဝင်ကာ သားရဲငှက်များကို ယေဘုယျ ရည်ညွှန်းခြင်း ဖြစ်၏။
စွန်မည်းကတော့ သိမ်းငှက် များထဲတွင်မှ အထူးခြားဆုံးသော သိမ်းငှက်ပင် ဖြစ်သည်။
အရှေ့မြောက်ပိုင်းတွင် သားရဲငှက် မျိုးစိတ် အလွန် များပြားလှသည်။ စွန်ရဲ လင်းယုန် ခေါင်းဖြူလင်းယုန် စသည်ဖြင့် အားလုံး ရှိပေသည်။
စွန်မည်းမှာလည်း ၎င်းတို့ထဲမှ တစ်မျိုးဖြစ်ပြီး အတွေ့ရများသော အမျိုးအစား ဖြစ်၏။
ဥဩငှက်က ဤမျှအထိ သတ္တိကြီးမည်ဟု ရွှီယန် မထင်ထားခဲ့ပေ။ စွန်မည်း မရှိခိုက် အခွင့်ကောင်းယူကာ စွန်မည်းအသိုက်ထဲသို့ ခိုး၍ ဥသွားရဲသည် မဟုတ်ပါလား။
ထို့အပြင် တာဝန်၏ အဓိပ္ပာယ်အရ ဥဩငှက်ပေါက်လေးက စွန်မည်းဥကို အပြင်သို့ တွန်းထုတ်ရန် ပြင်ဆင်နေကြောင်း သိသာလှ၏။ ဤသည်မှာ အနည်းငယ် ရက်စက်လွန်းလှပေသည်။
တာဝန်တစ်ခု ဖြစ်နေသဖြင့် ရွှီယန်လည်း သေချာပေါက် လက်ခံရန် ရွေးချယ်လိုက်သည်။
သူက အချိန်မီ မရောက်နိုင်မည်ကို အနည်းငယ် စိုးရိမ်နေသဖြင့် ဤတစ်ကြိမ်တွင် ခြေလှမ်းများကို အများကြီး ပို၍ သွက်လက်အောင် လျှောက်လှမ်းလိုက်၏။
အင်တာနက်သုံးစွဲသူများကတော့ ဘာတွေ ဖြစ်ပျက်နေသည်ကို သေချာ မသိကြချေ။
"လောင်ရွှီ ဘာလို့ ဒီလောက် မြန်မြန် လျှောက်နေတာလဲ..."
"သူ တစ်ခုခုများ မြင်လိုက်လို့လား..."
"လခွမ်း... ငါ့ကို မခြောက်ပါနဲ့ကွာ... ဒီတောနက်ကြီးထဲမှာ နေရာတိုင်းက အန္တရာယ်တွေချည်းပဲလို့ ခံစားနေရတယ်..."
"တကယ်ပဲ... သားရဲ တစ်ကောင်ကောင်များ ခုန်ထွက်လာမလားလို့ ကြောက်နေရတာ..."
အားလုံးက ကွန်မန့်များ ဆက်တိုက် ရေးသားကာ မေးမြန်းနေကြသည်။
ရွှီယန်က ရှင်းပြလိုက်၏။
"ခုနက ဟိုဘက်ကနေ အော်သံ တိုးတိုးလေး ကြားလိုက်ရလို့... ဝံပုလွေ အော်သံနဲ့ တူတယ်... ချန်ပိုင်တောင်တန်းမှာ ဝံပုလွေ မတွေ့ရတာ နှစ်တွေ အများကြီး ကြာနေပြီဆိုပေမယ့် တောနက်ထဲမှာတော့ ရှိနေနိုင်သေးတယ်လေ... တာ့ရှင်းအန်းလင်း တောင်တန်းက မြက်ခင်းပြင်တွေနဲ့ ဆက်စပ်နေတော့ တာ့ရှင်းအန်းလင်း တောင်တန်းမှာ သေချာပေါက် ဝံပုလွေတွေ ရှိမှာပဲ... ဝံပုလွေတွေ အများကြီး ရှိတယ်... တာ့ရှင်းအန်းလင်း တောင်တန်းရဲ့ မြောက်ဘက်က ရှောင်ရှင်းအန်းလင်း တောင်တန်းနဲ့ ဆက်နေပြီး ရှောင်ရှင်းအန်းလင်း ကနေမှ ချန်ပိုင်တောင်တန်းနဲ့ ထပ်ဆက်နေတာလေ... ဝံပုလွေတွေက တောထဲမှာ နေထိုင်ကြတာဆိုတော့ ဒီနေရာမှာ ပေါ်လာတာက အရမ်း ပုံမှန်ပါပဲ..."
ရွှီယန်က ဒီအတိုင်း စကားကြုံ၍ ပြောလိုက်ခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ ခပ်မြန်မြန် လမ်းလျှောက်နေရခြင်းအတွက် အကြောင်းပြချက် တစ်ခုတော့ ရှာရမည် မဟုတ်ပါလား။
အင်တာနက်သုံးစွဲသူများကတော့ ပို၍ပင် စိုးရိမ်လာကြတော့၏။
'တောထဲမှာ ဝံပုလွေတွေ ရှိတယ်ဆိုပါလား... တောနက်ကြီးထဲကို တစ်ယောက်တည်း ဝင်လာတာလေ... ဒီအထဲမှာ ဝံပုလွေတွေ ရှိနေတယ်ဆိုတော့ အရမ်း အန္တရာယ် မများလွန်းဘူးလား...'
အားလုံးက ချက်ချင်းပင် စိုးရိမ်ထိတ်လန့်လာကြသည်။
ရွှီယန်ကတော့ တောထဲသို့ တောက်လျှောက် ဝင်သွားခဲ့ပြီး ဆယ်မိနစ်ခန့် အကြာတွင် စနစ်မှ သတ်မှတ်ထားသော တာဝန်နေရာသို့ ရောက်ရှိသွားခဲ့၏။
ဤသည်မှာ အလွန် မြင့်မားသော သစ်ပင်ကြီး တစ်ပင် ဖြစ်သည်။ ထင်သည့်အတိုင်းပင် ဥဩငှက်ပေါက်လေးမှာ ငှက်ဥကို အောက်သို့ တွန်းချရန် ကြိုးစားနေလောက်ပြီ ဖြစ်၏။
ရွှီယန်က အနည်းငယ် စဉ်းစားပြီးနောက် စကားစလိုက်သည်။
"ဟိုသစ်ပင်ပေါ်မှာ ငှက်သိုက် တစ်ခု ရှိတယ်... ငှက်သိုက်ကို ဒီလောက် အမြင့်ကြီးမှာ ဆောက်ထားတာဆိုတော့ သားရဲငှက် ဖြစ်ဖို့ များတယ်... အထဲမှာ ငှက်ပေါက်လေးတွေ ရှိမရှိ သွားကြည့်ရအောင်..."
ရွှီယန်က ဒရုန်းကို အပေါ်သို့ မြင့်တက်သွားအောင် ထိန်းချုပ်လိုက်သည်။
အင်တာနက်သုံးစွဲသူများ၏ မြင်ကွင်းကလည်း အပေါ်သို့ မြင့်တက်သွားခဲ့၏။ သိပ်မကြာခင်မှာပင် အားလုံးက ငှက်သိုက်ထဲရှိ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ထင်သည့်အတိုင်းပင် ယခုအချိန်တွင် အမွေးအမျှင် လုံးဝမရှိသော ငှက်ပေါက်လေး တစ်ကောင်က ၎င်း၏ အတောင်ပံ နှစ်ဖက်ကို ဖြန့်ကာ ခြေထောက်များကို အားပြု၍ ကျောကုန်းဖြင့် ငှက်ဥတစ်လုံးကို အပြင်သို့ တွန်းထုတ်ရန် အစွမ်းကုန် ကြိုးစားနေလေသည်။
ဤငှက်ပေါက်လေးမှာ မျက်စိပင် မပွင့်သေးဘဲ ယှဉ်ပြိုင်တတ်နေပြီ ဖြစ်၏။
ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ အင်တာနက်သုံးစွဲသူများ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ထွက်ပေါ်လာတော့သည်။
"ဟိုငှက်ပေါက်လေး ဘာလုပ်နေတာလဲ... ဥကို တွန်းချနေတာလား... သူက တခြား ငှက်လေးတွေကို သတ်မလို့လား..."
"လခွမ်း... ဒီလောက်တောင် ရက်စက်တာလား..."
"ဒါ ဘာငှက်လဲ..."
အားလုံး အံ့အားသင့် မှင်သက်နေကြစဉ်မှာပင် ရွှီယန်၏ အသံက လိုက်ဖ်ထဲမှ ထွက်ပေါ်လာခဲ့၏။
"အဲဒါ ဥဩငှက်လေ... ဒီလိုငှက်မျိုးက အဲဒီလိုပဲ... သူတစ်ပါးရဲ့ ငှက်သိုက်ထဲမှာ သွားပြီး ဥတတ်ကြတယ်... ပြီးတော့ သူတို့ရဲ့ ငှက်ပေါက်လေးတွေက တခြား ငှက်ပေါက်လေးတွေကို အောက်ပြုတ်ကျ သေဆုံးအောင် လုပ်တတ်ကြတယ်..."
ထိုစကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက ပို၍ပင် အံ့အားသင့်သွားကြတော့သည်။
'ဘာ... ဒီအကောင်လေးက ဒီလောက်တောင် ရက်စက်တာလား...'
လူအတော်များများက ဥဩငှက်၏ အကျင့်စရိုက်ကို သိရှိသွားကြသဖြင့် လိုက်ဖ်ထဲတွင် ချက်ချင်းပင် ဆဲဆိုနေကြတော့၏။
ဤမြင်ကွင်းသာ မှတ်တမ်းရုပ်ရှင်များထဲတွင် ပါလာခဲ့မည်ဆိုပါက လူများက ဤမျှအထိ တုံ့ပြန်ကြမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သဘာဝတရားက ဤသို့ပင် ဖြစ်သည် မဟုတ်ပါလား။
သို့သော် ယခု လိုက်ဖ်ထဲတွင် ပေါ်လာသည်ဖြစ်ရာ လူများကတော့ သည်းခံနေကြမည် မဟုတ်ချေ။
ရွှီယန်ကလည်း ယခုအချိန်တွင် အနည်းငယ် အခက်တွေ့နေပေသည်။
ပထမအချက်မှာ ငှက်ဥက ဤမျှ မြင့်မားသော သစ်ပင်ပေါ်မှ ကျလာမည်ဖြစ်ရာ ဖမ်းမိခဲ့လျှင်ပင် ငှက်ဥက ကွဲသွားနိုင်သေး၏။ ရူပဗေဒ နိယာမအရ ဤသို့ပင် ဖြစ်သည်။
ဒုတိယအချက်မှာ ဖမ်းမိပြီးနောက် ဘာဆက်လုပ်ရမည်နည်း။ သူက ဥဩငှက်ပေါက်လေးကိုလည်း ရှင်းလင်းပစ်၍ မရနိုင်ပေ။ ထိုသို့ လုပ်ရပ်မျိုးက သဘာဝတရားကို တကယ်ပင် ဝင်ရောက် စွက်ဖက်ရာ ကျသွားမည် ဖြစ်၏။
ရွှီယန်က ဖုန်းထဲမှ ဒရုန်းရိုက်ကူးထားသော မြင်ကွင်းကို ကြည့်နေလိုက်သည်။
စွန်မည်း၏ ဥလေးမှာ အလွန် အန္တရာယ်များသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။
ထိုအချိန်မှာပင် ကောင်းကင်ယံမှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာပြီး အဝေးမှ အရွယ်ရောက်ပြီးသော စွန်မည်းတစ်ကောင်က ငှက်သိုက်ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။
သားရဲငှက်များ၏ အမြင်အာရုံမှာ အလွန် ကြောက်စရာ ကောင်းလှပေသည်။
၎င်းတို့က ကောင်းကင်ယံ၏ ဘုရင်များ ဖြစ်ကြပြီး အမြင့်ဆုံး ကောင်းကင်ယံတွင် ပျံသန်းကာ မြက်ခင်းပြင်ပေါ်တွင် သွားလာလှုပ်ရှားနေသော ယုန်များနှင့် ကြွက်များကို အလွယ်တကူ မြင်တွေ့နိုင်သလို သေးငယ်သော ငှက်များကိုလည်း ဖမ်းယူစားသောက်နိုင်ကြ၏။
အရွယ်ရောက်ပြီးသော စွန်မည်းက ငှက်သိုက်ထဲရှိ အခြေအနေကို သတိထားမိသွားကြောင်း သိသာလှပေသည်။ အရာအားလုံးက အလွန် ရုတ်တရက် ဆန်လွန်းလှ၏။
"အရွယ်ရောက်ပြီးသား စွန်မည်းကြီး ရောက်လာပြီ... အသိုက်ထဲက ကိစ္စကို သတိထားမိသွားပုံပဲ... ဒါက စွန်မည်းရဲ့ အသိုက်ပဲ..."
ရွှီယန်၏ အနည်းငယ် စိုးရိမ်တကြီး အသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် သူက သစ်ပင်ပေါ်သို့ အလျင်အမြန် စတင် တွယ်တက်သွားတော့၏။ ဤသည်မှာ ဆယ်မီတာကျော် မြင့်မားသော သစ်ပင်ကြီးတစ်ပင် ဖြစ်ပြီး သစ်ကိုင်းများက အလွန် များပြားလှသည်။
အပေါ်သို့ တက်လိုပါက သစ်ကိုင်းများနှင့် အဆက်မပြတ် ပွတ်တိုက်မိနေမည် ဖြစ်၏။
ရွှီယန်ကလည်း ထိုမျှအထိ ဂရုမစိုက်နိုင်တော့ဘဲ တုတ်ခိုင်သော သစ်ကိုင်းတစ်ကိုင်းကို ရှာကာ အပေါ်သို့ တက်ရပ်လိုက်ပြီး ဤနေရာကနေ ငှက်ဥကို ဖမ်းနိုင်မည့် နေရာဖြစ်ကြောင်း မျက်မှန်းတန်း ကြည့်လိုက်သည်။
အင်တာနက်သုံးစွဲသူများက ရွှီယန်၏ လှုပ်ရှားမှုများကို သတိထားမိသွားကြပြီး အားလုံးမှာ ထပ်မံ၍ အံ့အားသင့်သွားကြပြန်၏။
"အစ်ကိုယန် က ဘာလုပ်နေတာလဲ..."
"လောင်ရွှီ ငှက်ဥကို ဖမ်းမလို့ပဲ... သေချာပေါက် ဖမ်းမိပါစေကွာ..."
"လောင်ရွှီ... အားတင်းထား... မင်းကိုပဲ အားကိုးရတော့မယ်..."
"ဒါ အချိန်မီပါ့မလား..."
လူများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။
ယခုအချိန်တွင် အရပ်မျက်နှာ သုံးခုမှ အဖြစ်အပျက်များက တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေ၏။
ငှက်သိုက်ထဲတွင် ဥဩငှက်ပေါက်လေးက စွန်မည်း၏ ငှက်ဥကို အနောက်သို့ အစွမ်းကုန် တွန်းထုတ်နေသည်။ တကယ်တော့ သေချာ ကြည့်မည်ဆိုပါက မြေကြီးပေါ်တွင် ကွဲအက်နေသော ငှက်ဥတစ်လုံး ရှိနေသည်ကို မြင်တွေ့နိုင်ပြီး ဤဥဩငှက်ပေါက်လေး တစ်ကြိမ် အောင်မြင်သွားခဲ့ပြီဖြစ်ကြောင်း ပြသနေ၏။
ယခု ၎င်းက ဒုတိယမြောက် ငှက်ဥကို အားကုန်သုံး၍ တွန်းနေခြင်း ဖြစ်သည်။
သစ်ပင်ကြီးအပေါ်တွင်တော့ ရွှီယန်က အမြင့်သို့ တွယ်တက်သွားပြီး သစ်ကိုင်းတစ်ကိုင်းပေါ်တွင် ရပ်ကာ ယိမ်းထိုးနေရင်း ငှက်ဥကို ဖမ်းရန် ပြင်ဆင်နေ၏။ ဤနေရာက ငှက်ဥကို ဖမ်းမိရန် အံကိုက်ပင် ဖြစ်သည်။
အဝေးမှ ကောင်းကင်ယံတွင်တော့ စွန်မည်းက ငှက်သိုက်ထဲသို့ အလျင်စလို ပြန်လာနေသည်။
ဥဩငှက်ပေါက်လေး ဥကို တွန်းချနေသည်ကို သူ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသဖြင့် ဘာတွေ ဖြစ်ပျက်နေသည်ကိုလည်း သဘောပေါက်သွားခဲ့၏။
မည်သို့ပင်ဆိုစေ ဉာဏ်ကောင်းသော မိခင်ငှက်အချို့က ဥဩငှက်ပေါက်လေးများမှာ ၎င်းတို့၏ ကလေးများ မဟုတ်ကြောင်းကို သိရှိနိုင်ကြပြီး လက်စားချေတတ်ကြသေးသည်။
တကယ်တမ်းတွင် ဥဩငှက်များ၌ အခြားသော ထူးခြားချက် တစ်ခုလည်း ရှိသေး၏။ ၎င်းတို့ ဥဥသည့်အခါတွင် အကယ်၍ အခြားငှက်များ၏ အကောင်ပေါက်လေးများ ရှိနေပါက ဥဩငှက်က ထိုအကောင်ပေါက်လေးများကို စားပစ်တတ်ကြသည်။
သူတစ်ပါး အသိုက်ကို လုယူခြင်း ကိစ္စကို ၎င်းတို့ မျိုးနွယ်စု တစ်ခုလုံး လုပ်ဆောင်နေကြခြင်း ဖြစ်၏။
အရာအားလုံးက အလွန် မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။ အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို စိုးရိမ်တကြီး ကြည့်နေကြ၏။
ဒရုန်း၏ မြင်ကွင်းအောက်တွင် စွန်မည်း၏ ငှက်ဥမှာ အလွန် အန္တရာယ်များသည့် အခြေအနေသို့ ရောက်နေပြီး ရွှီယန်ကလည်း သစ်ပင်ပေါ်တွင် ယိမ်းထိုးကာ ရပ်နေသည်။
နောက်တစ်စက္ကန့်တွင် ဘာတွေ ဖြစ်လာမည်ကို မည်သူမျှ မသိကြချေ။ ကောင်းကင်ယံမှ အရွယ်ရောက်ပြီးသော စွန်မည်းကြီးက အလျင်စလို ပျံသန်းလာနေဆဲပင် ဖြစ်၏။
ထိုအချိန်မှာပင် ဥဩငှက်ပေါက်လေးက အစွမ်းကုန် ကြိုးစားကာ စွန်မည်းဥကို အမြင့်ဆုံးနေရာအထိ တွန်းတင်လိုက်ရာ ငှက်သိုက်၏ အစွန်းတွင် ရပ်တန့်သွားတော့သည်။
အင်တာနက်သုံးစွဲသူများက ချက်ချင်းပင် ထိတ်လန့်တကြားဖြင့် ပါးစပ်ကို ပိတ်ထားကြပြီး အသက်ပင် ပြင်းပြင်း မရှူရဲကြတော့ချေ။
နောက်တစ်စက္ကန့်တွင်တော့ စွန်မည်းဥက ငှက်သိုက် အစွန်းမှနေ၍ လျှောကျလာပြီး တည့်မတ်စွာဖြင့် ပြုတ်ကျလာတော့၏။
ကောင်းကင်ယံမှ မိခင်စွန်မည်းကြီးမှာ အရူးတစ်ပိုင်း ဖြစ်လုမတတ် စိုးရိမ်သွားခဲ့သည်။ သို့သော် အသုံးမဝင်တော့ပေ။ ငှက်များက ပြုတ်ကျလာသော ငှက်ဥကို ဖမ်းမယူနိုင်ကြချေ။
ရွှီယန်က မျက်စိရှင်ရှင် လက်သွက်သွက်ဖြင့် လှုပ်ရှားလိုက်သော်လည်း ငှက်ဥ ပြုတ်ကျလာသည့် နေရာက သူ၏ လက်တံအကွာအဝေးထက် ပို၍ ရှည်လျားနေသည်ကို တွေ့လိုက်ရ၏။
သူ့ရှေ့မှနေ၍ ပြုတ်ကျသွားတော့မည်ကို မြင်လိုက်ရသည့် နောက်တစ်စက္ကန့်တွင် ရွှီယန်က အလွန် ရဲတင်းသော လှုပ်ရှားမှု တစ်ခုကို လုပ်ဆောင်လိုက်တော့သည်။
သူက အရှေ့သို့ ရုတ်တရက် ခုန်ထွက်လိုက်ပြီး လက်တစ်ဖက်ဖြင့် ငှက်ဥကို တိုက်ရိုက် ဖမ်းဆုပ်လိုက်၏။
ဤသို့ ခုန်ထွက်လိုက်ခြင်းက အင်တာနက်သုံးစွဲသူများကို ကြက်သီးမွေးညင်း ထသွားစေသည်။
'သူ ဘာလုပ်နေတာလဲ... ဒီလောက် အမြင့်ကြီးတက်ပြီးမှ အောက်ကို ပြန်ခုန်ချတာလား...'
လူများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြစဉ်မှာပင် ရွှီယန်က အခြား လက်တစ်ဖက်ဖြင့် အရှေ့ရှိ သစ်ကိုင်းတစ်ကိုင်းကို အလိုက်သင့် ဖမ်းဆွဲလိုက်ပြီး လက်တစ်ဖက်တည်းဖြင့် သစ်ကိုင်းကို ဆွဲကာ သူ၏ ခန္ဓာကိုယ်ကို ငြိမ်အောင် ထိန်းထားလိုက်တော့၏။
အရာအားလုံးက သူ၏ အစီအစဉ်ထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
"တုံ့ပြန်မှု မြန်လို့ တော်သေးတယ်..."
ရွှီယန်က အပေါ်သို့ အလျင်အမြန် နင်းတက်သွားပြီး သစ်ပင်စည်၏ အဖုနှစ်ခုပေါ်သို့ နင်းကာ လက်တစ်ဖက်က သစ်ပင်စည်ကို ဖက်ထားလိုက်တော့မှ သူ သက်ပြင်းချနိုင်သွားတော့သည်။
ထိုအချိန်မှာပင် ငှက်သိုက်ထဲတွင်လည်း မယုံနိုင်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။
စွန်မည်း ပြန်ရောက်လာပြီးနောက် ချက်ချင်းပင် ဥဩငှက်ပေါက်လေးကို အားကုန်သုံး၍ စတင် ထိုးဆိတ်တော့သည်။
မြင်ကွင်းက အနည်းငယ် ရက်စက်လွန်းလှပြီး အချက်အနည်းငယ် ထိုးဆိတ်လိုက်ရုံဖြင့် ဤဥဩငှက်ပေါက်လေးမှာ လုံးဝ အသက်ကင်းမဲ့သွားတော့၏။
သူတစ်ပါး အသိုက်ကို လုယူခြင်းက နှစ်ဦးနှစ်ဖက်လုံးကို နာကျင်စေခဲ့သည်။ အားလုံးက ရှင်သန်ရပ်တည်ရေးအတွက်ပင် ဖြစ်၏။
အကယ်၍ ရွှီယန်သာ မရှိခဲ့ပါက ဤသည်မှာ သေချာပေါက် အလွန် ဝမ်းနည်းစရာ ကောင်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။ ငှက်ပေါက်လေးများ အားလုံး သေဆုံးသွားရမည် ဖြစ်၏။
သို့သော် ရွှီယန်က တစ်ကောင်ကိုတော့ အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပေသည်။
"လခွမ်း... အစ်ကိုယန်..."
"နောက်ပိုင်း ယန်ကျွီ လို့ ခေါ်ကြမယ်..."
"ယန် ဘာ... ယန်ကျွီ ဟုတ်လား... လောင်ရွှီ ကို လျှောက်ပြီး နာမည်ပြောင် ပေးမနေစမ်းပါနဲ့..."
"အရမ်း မိုက်တာပဲ... ဒီလောက်ကိုတောင် ခုန်ချရဲတယ်..."
"သူ ငှက်ဥကို ဖမ်းမိသွားတာလား..."
"ဒါက ချန်ပိုင်တောင်တန်း နံပါတ်တစ် လမ်းသလားတဲ့သူရဲ့ စွမ်းရည်ပဲ..."
ကွန်မန့်များက ပေါက်ကွဲထွက်နေပြီ ဖြစ်၏။ လူများ အားလုံး လုံးဝ စိတ်လှုပ်ရှားသွားကြတော့သည်။
အရာအားလုံးက အလွန် ရုတ်တရက် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဤလိုက်ဖ်ကိုလည်း အလွန် စိတ်လှုပ်ရှားစရာ ကောင်းသွားစေ၏။
မိခင်စွန်မည်းက ငှက်သိုက်ပေါ်တွင် ဝမ်းနည်းစွာ အော်ဟစ်နေပြီး မျက်လုံးများက အသိုက်ထဲတွင် ဟိုဟိုဒီဒီ လိုက်လံ ရှာဖွေနေကာ ၎င်း၏ ငှက်ဥကို ရှာဖွေချင်နေပုံရသည်။
သို့သော် ငှက်သိုက်ထဲတွင် ဘာမှ မရှိတော့ချေ။
ထိုအချိန်တွင် ရွှီယန်က ငှက်ဥကို အိတ်ကပ်ထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီးနောက် သစ်ပင်ကို ဖြည်းဖြည်းချင်း တွယ်တက်သွားတော့၏။
သူ၏ သစ်ပင်တက်နှုန်းက မမြန်ဆန်ဘဲ ငှက်ဥ မကွဲသွားစေရန် အတတ်နိုင်ဆုံး ဂရုစိုက်နေရသည်။
ဤသို့ဖြင့် ရွှီယန်က သစ်ပင်၏ အမြင့်ဆုံးနေရာအထိ တောက်လျှောက် တွယ်တက်သွားခဲ့ရာ စွန်မည်းက လန့်သွားပြီး အလျင်စလို ပျံသန်းသွားတော့၏။
အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို ကြည့်ရင်း ရွှီယန်၏ လှုပ်ရှားမှုများကြောင့် ထပ်မံ အံ့အားသင့်သွားကြပြန်သည်။
ထို့နောက် ရွှီယန်က ငှက်ဥကို ငှက်သိုက်ထဲသို့ ထည့်ပေးလိုက်တော့၏။ ပိုင်ရှင်ထံသို့ အရာရာ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။