← Chapters

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း (၁၅၃) ခြေကားယားလက်ကားယား အိပ်ပျော်နေသော ကျား... တောဘုရင်၏ သက်သောင့်သက်သာ နေဟန်

မိခင်စွန်မည်းသည် ကောင်းကင်ယံတွင် ပျံသန်းနေရင်း သစ်ပင်ပေါ်မှ အဖြစ်အပျက်များကို ထိတ်လန့်တကြား ကြည့်နေသည်။

ယနေ့ ဖြစ်ပျက်သွားသော ကိစ္စများက ၎င်း၏ ခံနိုင်ရည်ထက်ပင် ကျော်လွန်နေခဲ့၏။

ဥဩငှက်လေး၏ အပြုအမူက နွေးထွေးနေသင့်သော ဤငှက်သိုက်လေးကို တစ်စစီ ပြိုကွဲသွားစေခဲ့သည်။

ဝမ်းနည်းဖွယ် ဇာတ်သိမ်းသွားရမည့် အခြေအနေဖြစ်သော်လည်း ရွှီယန် ရောက်ရှိလာမှုက ငှက်ဥတစ်လုံးကို အောင်မြင်စွာ ကယ်တင်ပေးနိုင်ခဲ့၏။

ဤစွန်မည်း မိသားစုလေးအတွက် နွေးထွေးမှု အနည်းငယ် ထပ်တိုးသွားစေခဲ့သည်။

ရွှီယန်သည် ငှက်ဥကို ငှက်သိုက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။

စနစ်က ဤငှက်ဥထဲမှ စွန်မည်းလေး၏ ရွှီယန်အပေါ်ထားရှိမည့် ခင်မင်ရင်းနှီးမှုကို ဆုလာဘ်အဖြစ် ပေးအပ်ခဲ့၏။

စွန်မည်းလေး ကြီးပြင်းလာပါက ရွှီယန်၏ အနားသို့ ကိုယ်တိုင် ပျံသန်းလာမည် ဖြစ်သည်။

ဤစွန်မည်းလေး၏ အသက်ကို ရွှီယန်က ကယ်တင်ပေးခဲ့ခြင်းဖြစ်ရာ ဤအသက်လေးက ရွှီယန်နှင့် သက်ဆိုင်သွားသည်မှာလည်း ယုတ္တိရှိလှပေသည်။

'အကောင်ပေါက်လေး မြန်မြန် ကြီးလာပါစေ... ဆောင်းရာသီ ရောက်တော့မယ်...'

'မင်းရဲ့ အခြေအနေက နောက်ကျမှ မွေးလာတဲ့ အကောင်ပေါက်လေး ဆိုတော့ ဆောင်းတွင်းကို ဖြတ်ကျော်နိုင်ဖို့ သိပ်မလွယ်ဘူး...'

'နောက်ရက်တွေ အချိန်ရရင် မင်းဆီ လာခဲ့ဦးမယ်...'

ရွှီယန်က ငှက်ဥကို ကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။

အင်တာနက်သုံးစွဲသူများကတော့ သူ ဘာတွေးနေသည်ကို မသိကြချေ။

ရွှီယန်က သစ်ပင်အမြင့်ကြီးပေါ်သို့ တက်ကာ စွန်မည်းဥကို အောင်မြင်စွာ ပြန်ထားပေးနိုင်ခဲ့ကြောင်းကိုသာ သိရှိကြ၏။

လိုက်ဖ်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

"လောင်ရွှီ ရှိနေလို့ တော်သေးတယ်... အရမ်းမိုက်တာပဲ..."

"ဟုတ်တယ်... အစက ငှက်သိုက်ထဲမှာ ဘာငှက်လေးတွေ ရှိမလဲဆိုတာ သိချင်ရုံ သက်သက်ကြည့်နေတာ... ဒီလိုကိစ္စမျိုး ကြုံရလိမ့်မယ်လို့ မထင်ထားဘူး..."

"လောင်ရွှီ ရဲ့ လိုက်ဖ်က အမြဲတမ်း ဒီလိုပဲ စိတ်လှုပ်ရှားစရာ ကောင်းတယ်..."

"သူ ဒီလောက် မြင့်တဲ့ သစ်ပင်ကြီးပေါ်ကို တက်ရဲလိမ့်မယ်လို့ ငါ တကယ် ထင်မထားဘူး..."

"လိုက်ဖ်လွှင့်သူကတော့ အလန်းစားပဲ..."

ထိုအချိန်တွင် ရွှီယန်သည် သစ်ကိုင်းများမှတစ်ဆင့် အောက်သို့ စတင် ဆင်းသက်လာခဲ့သည်။

သစ်ပင်တက်ခြင်းက သူ့အတွက် သိပ်မခက်ခဲလှပေ။

သို့သော် သစ်ကိုင်းများနှင့် အဆက်မပြတ် ပွတ်တိုက်မိနေသဖြင့် ကိုယ်ပေါ်တွင် သစ်သားစများနှင့် ဖုန်မှုန့်များ ပေကျံနေကာ ကြည့်ရသည်မှာ အနည်းငယ် ညစ်ပေနေ၏။

သူက အဝတ်အစားပေါ်မှ ဖုန်များနှင့် သစ်ရွက်ခြောက်များကို ခါထုတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။

အပေါ်သို့ မော့ကြည့်လိုက်ရာ မိခင်စွန်မည်းက ငှက်သိုက်ထဲသို့ ဆင်းသက်လာပြီး တစ်လုံးတည်းသာ ကျန်ရစ်တော့သော ငှက်ဥလေးကို ဝမ်းဗိုက်ဖြင့် ဖုံးအုပ်ကာ အစွမ်းကုန် ကာကွယ်ပေးထားသည်ကို မြင်တွေ့လိုက်ရ၏။

"ဒီကိစ္စက တကယ်ကို ကျွန်တော့် တွေးထားတာထက် လွန်သွားတယ်... ဥဩငှက်က သူတစ်ပါး အသိုက်ကို လုတဲ့ လုပ်ရပ်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ မထင်ထားဘူး..."

"ဒီကိစ္စကို မိခင်စွန်မည်းက ရိပ်မိသွားလိမ့်မယ်လို့လည်း တွေးမထားမိဘူး..."

"ဒါက ဒီအရွယ်ရောက်ပြီးသား စွန်မည်းက တော်တော်လေး ဉာဏ်ကောင်းတယ်ဆိုတာကို ပြနေတာပဲ..."

"တချို့ ငှက်လေးတွေရဲ့ ဉာဏ်ရည်က အဲဒီလောက် မမြင့်ဘူး... ဥဩငှက်ပေါက်လေးက သူတို့ထက်တောင် ပိုကြီးနေပြီကို အစာတွေ ဆက်တိုက် ကျွေးနေကြတုန်းပဲ..."

"အရမ်း ပင်ပန်းရတယ်..."

"ဒီစွန်မည်းကတော့ ခွဲခြားသိနိုင်တယ်..."

ရွှီယန်က သစ်ပင်ပေါ်ရှိ ငှက်သိုက်ကို မော့ကြည့်ရင်း ရှင်းပြလိုက်သည်။

သူက ဤသစ်ပင်၏ တည်နေရာကို တိတ်တဆိတ် မှတ်သားထားလိုက်၏။ တည်နေရာ မှတ်ထားပါက နောက်ပိုင်း လာရောက်ရန် ပို၍ အဆင်ပြေမည် ဖြစ်သည်။

ဆောင်းတွင်းရောက်လျှင် တစ်ခေါက်လောက် ပြန်လာကြည့်ဦးမည်။ တစ်ဖက်က ကျားကို လာကြည့်ရန်ဖြစ်ပြီး အခြားတစ်ဖက်ကတော့ ဤစွန်မည်းလေးကို လာကြည့်ရန် ဖြစ်၏။

နွေဦးပေါက်လာပါက ဤစွန်မည်းလေးသည် လယ်ယာခြံဝင်းဆီသို့ ပျံသန်းလာပြီး ရွှီယန်၏ အနားသို့ ရောက်ရှိလာမည် ဖြစ်သည်။

လယ်ယာခြံဝင်းပိုင် သိမ်းငှက် တစ်ကောင်ပင် ဖြစ်၏။

တွေးကြည့်ရုံဖြင့်ပင် အလွန် ခန့်ညားလွန်းလှသည်။

ထို့အပြင် စွန်မည်း အရေအတွက်က အတော်လေး များပြားပြီး ကာကွယ်စောင့်ရှောက်ထားသည့် အဆင့်တွင် မပါဝင်ပေ။ ၎င်းက လယ်ယာခြံဝင်းသို့ ကိုယ်တိုင် ပျံသန်းလာပါက ရွှီယန် အနေဖြင့် သေချာပေါက် မွေးမြူထားနိုင်ပေသည်။

လယ်ယာခြံဝင်း၏ အမှောင်သူရဲကောင်းလေး ပင် ဖြစ်၏။

ရွှီယန်သည် ကျေနပ်အားရစွာဖြင့် ထွက်ခွာလာခဲ့သည်။

သူ့တွင် ပို၍ အရေးကြီးသော ကိစ္စတစ်ခု ရှိနေသေး၏။ ထိုအရာမှာ ဆိုက်ဘေးရီးယား ရွှေရောင်ကြောင်ကြီး ကို ရှာဖွေရန်ပင် ဖြစ်သည်။

တကယ်တမ်း ပြောရလျှင် ဤမျှ ကြီးမားကျယ်ဝန်းသော တောတောင်ထဲတွင် ကျားတစ်ကောင်ကို ရှာတွေ့ရန် ဖြစ်နိုင်ခြေမှာ အလွန် နည်းပါးလှပေသည်။

ထို့အပြင် မည်သူမျှ တောထဲတွင် ကျားနှင့် မဆုံချင်ကြပေ။ သူကတော့ ကျားကို တမင်သက်သက် ဝင်ရှာနေခြင်း ဖြစ်၏။

သတ္တိကောင်းလွန်းလှသည်။

ရွှီယန် ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်သည်။

အရှေ့ဘက်တွင် ချောက်ကမ်းပါး တစ်ခု ပေါ်လာ၏။

ဤချောက်ကမ်းပါးက ကြည့်ရသည်မှာ အတော်လေး အန္တရာယ် များပုံရသည်။ ကျောက်တုံးတစ်တုံးက ရေငုပ်ရန် အသုံးပြုသော ခုန်ပျဉ်ပြားတစ်ခုကဲ့သို့ အရှေ့သို့ ရှည်ထွက်နေ၏။

ရွှီယန်က ထိုကျောက်တုံးပေါ်သို့ ခြေလှမ်းအနည်းငယ်ဖြင့် လျှောက်သွားလိုက်သည်။

သူက အိတ်ကပ်ထဲမှ မှန်ပြောင်းကို ထုတ်ယူကာ အောက်ဘက်သို့ လှမ်းကြည့်လိုက်၏။

သစ်တောထဲတွင် သစ်ပင်များက သိပ်သည်းစွာ ပေါက်ရောက်နေကြသည်။

သို့သော် ဆောင်းဦးရာသီ ဖြစ်သဖြင့် သစ်ပင်ထိပ်ဖျားများက တစ်ခုနှင့်တစ်ခု ဆက်မနေတော့ရာ သစ်ပင်များကြားရှိ အခြေအနေကို မြင်တွေ့နိုင်သေး၏။

သူက ဤသို့ဖြင့် ကျားကို လိုက်လံ ရှာဖွေနေလေသည်။

'ဒီအကောင်ကြီး ဘယ်တွေ ရောက်နေတာလဲ...'

ရွှီယန် စိတ်ထဲမှ တွေးလိုက်သည်။

ငှက်သိုက်ဘက်တွင်တော့ အမဲလိုက်ရာမှ ပြန်လာသော စွန်မည်း ဖခင်က ကြွက်ငယ်လေး တစ်ကောင်ကို ချီလာပြီး အသိုက်ထဲသို့ ချထားပေးလိုက်သည်။ မိခင်စွန်မည်းက သူ့ကို တွတ်တွတ်ထိုးကာ ယနေ့ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြနေပုံရ၏။

ငှက်အများစုမှာ မိဘနှစ်ပါး အတူတကွ ပူးပေါင်း၍ သားသမီးများကို စောင့်ရှောက်တတ်ကြသဖြင့် အတော်လေး စိတ်ချရပေသည်။ဝ

ဖခင်စွန်မည်းလည်း ကြောင်အမ်းသွားခဲ့၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် မျိုးဆက်တစ်ခုတော့ အသက်ရှင် ကျန်ရစ်ခဲ့ပေသည်။

စွန်မည်းနှစ်ကောင် စိုးရိမ်ပူပန်နေကြစဉ်မှာပင် မိခင်စွန်မည်း၏ ဝမ်းဗိုက်အောက်မှ လှုပ်ရှားမှုအချို့ ထွက်ပေါ်လာခဲ့၏။ ၎င်းက ကိုယ်ကို မော့ကြည့်လိုက်ရာ ထိုစွန်မည်းဥ၏ အပေါ်ယံခွံတွင် အက်ကွဲကြောင်းအချို့ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

ထို့နောက် အက်ကွဲကြောင်းများက ပို၍ ကြီးလာပြီး သိပ်မကြာခင်မှာပင် ဥခွံ၏ အပေါ်ဘက် ကွဲအက်သွားကာ အမွေးအမျှင် မရှိသေးသော စွန်မည်းပေါက်လေးက ခေါင်းလေးကို ထုတ်လာခဲ့၏။ မျက်စိပင် မပွင့်သေးဘဲ နှုတ်သီးကို ဟကာ အစာတောင်းနေလေသည်။

အရွယ်ရောက်ပြီးသော စွန်မည်းနှစ်ကောင်က ၎င်းကို အလျင်အမြန် ပြုစုစောင့်ရှောက်ကြတော့၏။

ကိုယ့်သွေးသားမို့ ကြည့်ရသည်မှာ မျက်စိပသာဒ ရှိလှပေသည်။

ဤစွန်မည်း မိသားစုလေးလည်း အလုပ်များရတော့မည် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ရွှီယန်သည် တောင်ထိပ်ပေါ်၌ ရပ်ကာ မှန်ပြောင်းဖြင့် တောင်အောက်ရှိ သစ်တောထဲမှ အခြေအနေများကို စောင့်ကြည့်နေသည်။

မြင်ကွင်းက သိပ်မရှင်းလင်းလှသော်လည်း အကြမ်းဖျင်းတော့ မြင်ရပေသည်။

သူက တောင်အောက်ကို ကြည့်နေပြီး အင်တာနက်သုံးစွဲသူများက သူ့ကို ကြည့်နေကြ၏။

"လောင်ရွှီ ဘာတွေ ကြည့်နေတာလဲ... ငါတို့ကိုလည်း ပြဦးလေ..."

"တောတွင်း ကင်းထောက်ကြီး လောင်ရွှီ ပါလား..."

"ဒါက အရမ်း ကျွမ်းကျင်လွန်းမနေဘူးလား... တောင်တက်သမားက မှန်ပြောင်းလို ပစ္စည်းမျိုးတောင် ပါသေးတာလား..."

"သူက ဒီလိုပဲလေ... တကယ်ကို ကျွမ်းကျင်အဆင့်ပဲ..."

လိုက်ဖ်ထဲရှိ အခြေအနေမှာ အတော်လေး ရွှင်မြူးနေကြသည်။းဥဓဓဓဓဓ

ရွှီယန်သည် မှန်ပြောင်းမှတစ်ဆင့် တိရစ္ဆာန် အတော်များများကို မြင်တွေ့ခဲ့ရသည်။ သူက အစကတည်းက မျှော်လင့်ချက် သိပ်မထားခဲ့ပေ။ သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုကျားတုတ်တုတ်ကြီးကို တကယ် မြင်တွေ့လိုက်ရ၏။

ထိုအကောင်ကြီးက သစ်ရွက်ကြွေများပေါ်တွင် ခြေကားယား လက်ကားယားဖြင့် အိပ်ပျော်နေလေသည်။

တောရိုင်းကျားများ၏ အိပ်စက်သည့် ပုံစံက အလွန် ကြမ်းတမ်းလှ၏။ တိုက်ရိုက် လှဲချလိုက်ပြီး နောက်ခြေထောက်များကို ကားထားကာ ရှေ့ခြေထောက်များကိုလည်း ဆန့်တန်းထားပြီး ထိုအတိုင်း အိပ်ပျော်နေခြင်း ဖြစ်သည်။

သစ်တောထဲတွင် မည်သည့် တောရိုင်းတိရစ္ဆာန်မဆို အမြဲတမ်း သတိဝီရိယဖြင့် နေထိုင်ကြရပြီး မိမိတို့၏ အသိုက်ထဲ ရောက်မှသာ အနည်းငယ် စိတ်အေးလက်အေး နေနိုင်ကြ၏။

တောတွင်း မြေကွက်လပ်တွင် အိပ်စက်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။ သေချင်သေသွားနိုင်ပေသည်။

ကျားကတော့ မတူညီပေ။ ပေါ်ပေါ်ထင်ထင်ပင် လှဲအိပ်နေပြီး တစ်တောလုံးက သူ့အိမ်လိုပင် ပြုမူနေ၏။

တကယ်တမ်းလည်း တစ်တောလုံးက သူ့အိမ်ပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မည်သည့်အရာကမှ သူ့ကို မစနှောက်ရဲသဖြင့် ကျားက ဤသို့ အိပ်နေရသည်ကို သဘောကျနေပုံရ၏။

"သူ့ကို တွေ့ပြီ... တကယ်ပဲ ရှိနေတာပဲ... ဒီကောင်ကြီး အိပ်နေတာ တော်တော်လေး အရသာတွေ့နေပုံပဲ..."

ရွှီယန်က အနည်းငယ် ပြုံးလိုက်ပြီး မှန်ပြောင်းကို ချလိုက်သည်။

သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ ထပ်မံ စိုးရိမ်သွားကြပြန်၏။

"ဘာတွေ့တာလဲ..."

"ကျားလား..."

"ဒီတောင်ပေါ်က ဆိုက်ဘေးရီးယားကျားကို ရှာတွေ့သွားပြီ... အရင်တစ်ခေါက်က ကျွန်တော် နို့တိုက်ခဲ့တဲ့ အကောင်ပဲလေ..."

"သူ အိပ်နေတယ်..."

"ကျွန်တော် အခု သူ့ဆီ သွားကြည့်မလို့..."

ရွှီယန်က တောင်အောက်သို့ စတင် ဆင်းသွားတော့သည်။

ရွှီယန်၏ စကားကို ကြားသောအခါ လိုက်ဖ်ကြည့်နေသည့် အင်တာနက်သုံးစွဲသူများ လုံးဝ မှင်သက်သွားကြတော့၏။

"ဘာ... တကယ်ကြီး သွားမလို့လား..."

"အဲဒါ ဆိုက်ဘေးရီးယားကျားကြီးလေ..."

"သာမန်လူဆိုရင် ဒီအကောင်နဲ့တွေ့လို့ အသက်ရှင်ရင်တောင် ကံကောင်းနေပြီကို... တမင်သက်သက် သွားရှာဦးမလို့လား..."

"လောင်ရွှီ... ကျေးဇူးပြုပြီး သေလမ်း မရှာပါနဲ့ကွာ... မင်းလောက် သေရမှာ မကြောက်တဲ့ လိုက်ဖ်လွှင့်သူကို ငါ တစ်ခါမှ မမြင်ဖူးသေးဘူး..."

"ဆိုက်ဘေးရီးယားကျားကို တမင်သက်သက် သွားရှာတာလား... ဒီလိုက်ဖ်လွှင့်သူက ဒီလောက်တောင် သတ္တိကောင်းတာလား..."

"အဲဒါ အရင်တစ်ကောင် ဆိုတာ သေချာလို့လား... တကယ်လို့ မှားသွားရင် ဘယ်လိုလုပ်မလဲ..."

"ကျားမှားသွားရင်လား... အကုန်လုံး ပြီးဆုံးသွားပြီပေါ့..."

လိုက်ဖ်ထဲရှိ လူများက ပို၍ပို၍ စိတ်လှုပ်ရှားလာကြသည်။

အချို့က မသွားရန် တားမြစ်ကြပြီး အချို့ကတော့ အမြန်သွားရန် တိုက်တွန်းနေကြ၏။

လူများက လူကောင်းကတ် ၏ တည်ရှိမှုကို မသိကြသဖြင့် ရွှီယန်၏ လုပ်ရပ်ကို လုံးဝ နားမလည်နိုင်ကြချေ။

တကယ်တမ်းတွင် ရွှီယန်အတွက် ဤကျားက မည်သည့် အန္တရာယ်မှ မရှိပေ။

သေချာသည်မှာ ကျားမှားသွားပါကတော့ တစ်မျိုး ဖြစ်သွားမည်သာ ဖြစ်၏။

ရွှီယန်၏ အမြင်အာရုံက အလွန် ကောင်းမွန်သည်။ ဤအကောင်မှာ မိခင်ကျားမ၏ စွန့်ပစ်ခြင်းခံရပြီး ကိုယ့်ဘာသာ ကြီးပြင်းလာခဲ့သည့် ထိုကျားပင် ဖြစ်ကြောင်း သူ သေချာ သိရှိပေသည်။

လူအများစုအတွက် ကျားအားလုံးက ရုပ်ထွက် တူညီနေသော်လည်း သူကတော့ ကျားများ၏ ရုပ်ရည် ကွာခြားချက်ကို ခွဲခြားသိမြင်နိုင်၏။

ရွှီယန်က တောင်အောက်သို့ ဆင်းသွားခဲ့သည်။

အမြန်နှုန်း ပိုရစေရန်အတွက် အချို့နေရာများတွင် ရွှီယန်က တောင်စောင်းမှနေ၍ တိုက်ရိုက် လျှောချသွားလိုက်၏။ မည်သို့ပင်ဖြစ်စေ ယနေ့ သူက ဝါးခြင်းတောင်း လွယ်မလာသဖြင့် ဘယ်လိုသွားသွား အဆင်ပြေလှပေသည်။

နာရီဝက်ခန့် အကြာတွင် ရွှီယန်က ကျားအနားယူနေသည့် သစ်တောထဲသို့ ရောက်ရှိသွားခဲ့၏။

သူ ရောက်သွားချိန်တွင် ကျားက ရှိနေဆဲဖြစ်ပြီး ထိုပေါ့ပေါ့ပါးပါး အိပ်စက်သည့် ပုံစံဖြင့်သာ ဂရုမစိုက်သလို ဆက်လက် အိပ်ပျော်နေဆဲ ဖြစ်သည်။

"ဟိုမှာကြည့်... အိပ်နေတဲ့ ဆိုက်ဘေးရီးယားကျား... အဲဒီမှာပဲ..."

"ဒါက ကမ္ဘာပေါ်မှာ အကြီးဆုံး ကြောင်ကြီးပဲ..."

ရွှီယန်က ဆိုက်ဘေးရီးယားကျား အိပ်နေသည့် ဘက်သို့ လက်ညှိုးထိုးပြကာ အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။

ဒရုန်းက ကျားရှိရာဘက်သို့ လှည့်ကာ ရိုက်ကူးလိုက်၏။

အင်တာနက်သုံးစွဲသူများလည်း ကျားအိပ်နေသည့် ပုံစံကို မြင်တွေ့လိုက်ရသည်။

အားလုံးက ချက်ချင်းပင် ရယ်ချင်စိတ်ကို မထိန်းနိုင်ဖြစ်သွားကြတော့၏။

"ဟားဟား... ဒီကျားကြီး အိပ်နေတဲ့ ပုံစံက ငါ့အိမ်က ကြောင်နဲ့ အတူတူပဲ..."

"ဒါက အရမ်း ချစ်စရာကောင်းလွန်းမနေဘူးလား..."

"ချစ်စရာကောင်းတာကိုတော့ ထားလိုက်ပါ... လူစားဖို့ကျတော့ နောက်မတွန့်ဘူးနော်..."

"တောနက်ကြီးထဲမှာ ဒီလိုပုံစံနဲ့ အိပ်နေတာလား... သူ တခြား တိရစ္ဆာန်တွေကို မကြောက်ဘူးလား... အင်း သူ တကယ်ပဲ မကြောက်တာနေမှာပါ..."

"တောဘုရင်မှသာ ရနိုင်တဲ့ ပေါ့ပေါ့ပါးပါး နေဟန်ပဲ..."

တကယ်တမ်းလည်း ဤသို့ပင် ဖြစ်သည်။ ကျားသစ်များ အိပ်စက်သည့်အခါတွင် အမြဲတမ်း ဝပ်၍ အိပ်လေ့ရှိပြီး အချိန်မရွေး ထွက်ပြေးရန် အသင့်ပြင်ထားတတ်ကြ၏။ မည်သို့ပင်ဖြစ်စေ ကျားနှင့် ခြင်္သေ့တို့က ကျားသစ်ကို စားသောက်ကြသည် မဟုတ်ပါလား။

သို့သော် ကျားနှင့် ခြင်္သေ့တို့ကတော့ ၎င်းတို့၏ ပိုင်နက်ထဲတွင် အိပ်စက်ပါက အလွန် သက်သောင့်သက်သာ ရှိလှပေသည်။

ရွှီယန်က ကျားကြီး၏ ပုံစံကို မြင်သောအခါ သူ့ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။

ဤမြင်ကွင်းက လူများကို ချက်ချင်း ထပ်မံ စိုးရိမ်သွားစေပြန်သည်။

မြင်ကွင်းက အလွန် စိတ်လှုပ်ရှားစရာ ကောင်းလှ၏။

တောနက်ကြီးထဲတွင် သစ်ရွက်ကြွေများပေါ်၌ အိပ်စက်နေသော ကျားနှင့် သေရမည်ကို မကြောက်သော လူသားတစ်ယောက်။

ဤကဲ့သို့ သေလမ်းရှာသည့် မြင်ကွင်းမျိုးကို AI ပင်လျှင် ဖန်တီးနိုင်မည် မဟုတ်ချေ။

ကျားက အိပ်ပျော်နေသော်လည်း အကြားအာရုံကတော့ အလွန် ထက်မြက်လှပေသည်။ အသံကြားသည်နှင့် ၎င်းက ချက်ချင်း လန့်နိုးလာပြီး လျင်မြန်စွာ လှည့်ပတ်လိုက်ကာ မြေကြီးပေါ်တွင် ဝပ်သည့် အနေအထားသို့ ချက်ချင်း ပြန်ရောက်သွားတော့၏။

ဤအမဲလိုက် ကျွမ်းကျင်မှုက တကယ်ကို အံ့မခန်းပင်။

ကျားက ရွှီယန်ကို မြင်လိုက်ရမှသာ သတိထားနေသည့် မျက်လုံးများက လျော့ကျသွားပြီး မတ်တတ်ရပ်ကာ ရွှီယန်ရှိရာသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။

ရွှီယန်က တမင်သက်သက် နောက်ပြောင်လိုက်၏။

"ဒုက္ခပဲ... ကျား မှားသွားပြီ..."

သူ ဤသို့ ပြောလိုက်သည်ကို ကြားသောအခါ လူများ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ထွက်ပေါ်လာတော့သည်။

ထို့နောက် ရွှီယန်က ထပ်ပြောလိုက်၏။

"မမှားပါဘူး... နောက်ပြောင်လိုက်တာပါ... ဒါ အရင်တစ်ကောင်ပါပဲ..."

အင်တာနက်သုံးစွဲသူများ ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။

သို့သော် ကျားက အနားသို့ ကပ်လာသဖြင့် အားလုံးမှာ အလွန် စိုးရိမ်နေကြဆဲပင်။

ကျားက ရွှီယန်၏ အရှေ့သို့ ရောက်လာပြီးနောက် ဖွဖွလေး ခုန်တက်လိုက်ကာ ထူထဲလှသော ကျားလက်ဝါးကြီး နှစ်ဖက်ကို ရွှီယန်၏ ပခုံးပေါ်သို့ တင်လိုက်လေသည်။

ကျား မတ်တတ်ရပ်လိုက်ပါက လူထက်ပင် ပို၍ မြင့်မားပြီး ကျားခေါင်း တစ်ဝက်ခန့် ပိုမြင့်နေ၏။

လူ၏ ခန္ဓာကိုယ်က ကျားနှင့် ယှဉ်လိုက်ပါက အတော်လေး သေးငယ်သွားပုံရသည်။

ဤမြင်ကွင်းက အမဲလိုက်နေသည်နှင့် အနည်းငယ် တူနေသဖြင့် ကြည့်ရှုသူများ ချက်ချင်း အသက်ရှူရပ်သွားကြပြီး အသက်ပင် ပြင်းပြင်း မရှူရဲကြတော့ချေ။

သို့သော် ကျားက ရွှီယန်ကို ဖက်ထားရုံသာ ဖက်ထားပြီး ကြီးမားလှသော ခေါင်းကြီးဖြင့် ရွှီယန်၏ မျက်နှာကို စတင် ပွတ်သပ်နေတော့၏။

အားကောင်းလှသော တွန်းအားကြောင့် ရွှီယန်က မတ်တတ်မရပ်နိုင်တော့ဘဲ နောက်သို့ ပက်လက်လန် ကျသွားတော့သည်။

ကျားက အပေါ်မှ ဖိထားပြီး ခေါင်းဖြင့် ဆက်လက် ပွတ်သပ်နေဆဲပင်။

ဤသည်မှာ ကျားများ ချွဲနွဲ့သည့် အပြုအမူပင် ဖြစ်၏။

ချွဲနွဲ့သည့် အားက အနည်းငယ် ပြင်းထန်လွန်းနေသည်သာ ဖြစ်သည်။

သာမန်လူဆိုလျှင်တော့ တကယ်ကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

All Chapters