အခန်း ၁၅၄
Vol. 16 Ch. 154
အခန်း (၁၅၄) ကျားကြီး၏ ဇိမ်ကျနေမှု... ဤကျားက တကယ်အစစ်ကြီးပါလား
ကျားက ရွှီယန်အပေါ် လက်ဝါးကြီး တင်လိုက်ချိန်တွင် အင်တာနက်သုံးစွဲသူများက သူ့အတွက် အသက်အန္တရာယ်ရှိပြီဟု ခဏတာ ထင်မှတ်သွားခဲ့ကြသည်။
ကျားကြီး၏ ချွဲနွဲ့သည့် အပြုအမူကို မြင်လိုက်ရမှသာ အားလုံး အံ့ဩထိတ်လန့်ရာမှ သက်သာရာ ရသွားကြတော့၏။
ဤမြင်ကွင်းက တကယ်ကို လန့်စရာကောင်းလွန်းလှသည်။
အကောင်လုံးထွားကြိုင်းသော ကျားကြီးက မတ်တတ်ရပ်လိုက်ပါက လူထက်ပင် အရပ်ပိုရှည်နေသေး၏။
ဤအကောင်ကြီးသာ လူကို တိုက်ခိုက်မည်ဆိုပါက သာမန်လူများက ဘယ်လိုမှ တောင့်ခံနိုင်မည် မဟုတ်ပေ။ ကြောင်ကြီး၏ ဖိအားပေးနိုင်စွမ်းက အလွန် ပြင်းထန်လွန်းလှသည်။
ရွှီယန်ကတော့ ပျော်ရွှင်စွာဖြင့် ကျားကြီးကို ဖက်ထားပြီး ၎င်း၏ ကျောကုန်းကို ဆက်တိုက် ပွတ်သပ်ပေးနေခဲ့၏။
'ဒီအမွေးတွေက ကိုင်ရတာ အရမ်းကို ထူထဲတာပဲ'
အဓိကအားဖြင့် ကြွက်သားများ ကြီးမားနေသဖြင့် ကျား၏ ကျောကုန်းမှ ကြွက်သားပုံစံများကိုပင် စမ်းမိနေပြီး ကိုင်တွယ်ရသည့် ခံစားချက်က အလွန် ကောင်းမွန်နေသည်။
ရွှီယန်က ကျားကြီးကို ခဏမျှ ဖက်ထားပြီးနောက် မြေကြီးပေါ်မှ ထရပ်လိုက်၏။ ထို့နောက် ဘောင်းဘီအိတ်ကပ်ထဲမှ နို့ဘူးတစ်ဘူးကို ထုတ်ယူကာ ကျားကြီး၏ အရှေ့သို့ ကမ်းပေးလိုက်သည်။
နို့ဘူးလေးက ကျား၏ ခေါင်းကြီးနှင့် ယှဉ်လိုက်ပါက အတော်လေး သေးငယ်နေသယောင် ထင်ရ၏။
သို့သော် ကျားကြီးကတော့ ချက်ချင်းပင် ခေါင်းကို မော့ကာ နို့ဘူးကို စတင် စို့တော့သည်။
"အားလုံးပဲ ကြည့်ကြပါဦး... ဒီကောင်ကြီးက ကျွန်တော့်အပေါ် ရန်လိုတဲ့စိတ် မရှိဘူး... ကျားရဲ့ စိတ်ခံစားချက်ကို ကျွန်တော် ခံစားသိရှိနိုင်တယ်... တကယ်လို့ အန္တရာယ်ရှိလာမယ်ဆိုရင် ကျွန်တော် ပြေးတာ သေချာပေါက် မြန်မှာပါ"
ရွှီယန်က ကျားကို နို့တိုက်နေရင်း လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။
လိုက်ဖ်ထဲတွင် လူဦးရေ ပိုမို များပြားလာသော်လည်း လေထုကတော့ ပို၍ ပေါ့ပါးလာခဲ့၏။
[လောင်ရွှီ က တကယ်ကို မကြောက်တာပဲ]
[ဒီမြင်ကွင်းကို မြင်လိုက်ရတိုင်း ငါ့ခေါင်းတွေတောင် ကျိန်းလာတယ်... တောရိုင်း ဆိုက်ဘေးရီးယားကျား ဆိုတာ ဒီလိုမျိုးလား]
[အားလုံး သတိထားကြပါဦး... ဒီကောင်ကြီးရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းပြင်းထန်တယ်... လက်ဝါးတစ်ချက် ရိုက်လိုက်တာနဲ့ ကားမှန်တွေ အလွယ်တကူ ကွဲကြေသွားနိုင်တယ်... တကယ်လို့ လူကိုသာ စားမယ်ဆိုရင် ကားထဲမှာ ရှိနေရင်တောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး]
[လောင်ရွှီ က အရမ်း ကြမ်းလွန်းတယ်... တကယ့် သားရဲထိန်းကျောင်းရေး ဆရာကြီးပဲ... ဒီအချက်ကိုတော့ လက်မခံလို့ မရဘူး]
ပရိသတ်များက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်။
ရွှီယန်၏ လိုက်ဖ်က အလွန် နာမည်ကြီးနေသဖြင့် အခြား အင်တာနက်သုံးစွဲသူ အများအပြားလည်း ရောက်ရှိလာကြ၏။ တစ်ယောက်က ဝင်လာသည်နှင့် ချက်ချင်း မေးလိုက်သည်။
[ဒါက ဘယ်တိရစ္ဆာန်ရုံလဲ... ကျားကြီးက တော်တော် ကြီးတာပဲ]
ဤနေရာမှာ ချန်ပိုင်တောင်တန်း တောနက်ထဲမှ သဘာဝပတ်ဝန်းကျင် ဖြစ်ကြောင်း အခြားသူများ ပြန်ဖြေသည်ကို မြင်လိုက်ရချိန်တွင်တော့ ထိုသူ၏ ဦးနှောက်က ခဏတာ ထုံထိုင်းသွားခဲ့တော့သည်။
'ချန်ပိုင်တောင်တန်း တောနက်ထဲက သဘာဝပတ်ဝန်းကျင် ဟုတ်လား'
'လူက ကျားကို နို့တိုက်နေတာလား'
'ဘာတွေ လာနောက်နေတာလဲ'
ထို့နောက် ဒရုန်းက အမြင့်သို့ ပျံတက်သွားပြီး ပတ်ဝန်းကျင် ရှုခင်းများကို အပေါ်စီးမှ ရိုက်ကူးပြသလိုက်သည်။
ပတ်ပတ်လည်တွင် တောင်တန်းများ မြင့်မားစွာ တည်ရှိနေပြီး သစ်ပင်များက ခြောက်သွေ့ညှိုးနွမ်းနေကာ တကယ့် သဘာဝအစစ်အမှန်ကြီးပင် ဖြစ်နေတော့၏။
ဤမြင်ကွင်းမျိုးကို မြင်လိုက်ရသောအခါ လိုက်ဖ်ထဲသို့ အသစ်ဝင်လာသော အင်တာနက်သုံးစွဲသူများမှာ တံတွေးတစ်ချက်ကိုသာ မရည်ရွယ်ဘဲ မြိုချလိုက်မိကြသည်။
'တကယ့် တောထဲကြီးပါလား'
'ဒီဆိုက်ဘေးရီးယားကျားကြီးက တကယ်အစစ်ကြီး ဖြစ်နေတာပဲ'
'တကယ်ကို ဘယ်လို အခြေအနေကြီးလဲ'
ထိုအချိန်မှာပင် လိုက်ဖ်၏ အောက်ခြေ၌ တရားဝင် သတိပေးချက်စာတန်းတစ်ခု ထပ်မံ ပေါ်လာခဲ့၏။
[အန္တရာယ်ရှိသော လှုပ်ရှားမှုများ ဖြစ်သည်... လုံးဝ မတုပပါနှင့်]
ဤသတိပေးချက်ကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ အားလုံးက မတတ်သာသည့် ပုံစံဖြင့် ရယ်မောလိုက်ကြသည်။
'ဒီလို လှုပ်ရှားမှုမျိုးကို ဘယ်သူက အတုယူရဲမှာလဲ... တရားဝင် အဖွဲ့အစည်းက ငါတို့ကို အထင်ကြီးလွန်းနေပြီ'
နို့တစ်ဘူးက ကျားကြီး၏ သောက်သုံးမှုကြောင့် အလျင်အမြန်ပင် ကုန်စင်သွားခဲ့သည်။ ဤကောင်ကြီးက နို့သောက်ရသည်ကို တကယ် နှစ်သက်ပုံရပြီး ဤမျှ ကြီးနေပြီကို နို့မပြတ်သေးချေ။
ကံကောင်း၍ ရွှီယန်က နောက်ထပ် နို့နှစ်ဘူး ပိုယူလာခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသော နို့များကိုပါ ကျားကြီးအား ဆက်တိုက် တိုက်လိုက်သည်။
ကျားကြီးက ခေါင်းကို မော့ကာ ဆက်တိုက် သောက်နေပြီး မျက်လုံးများကို အနည်းငယ် မှေးစင်းထားကာ မျက်နှာတစ်ပြင်လုံးတွင် ဇိမ်ကျနေသည့် အမူအရာများ အပြည့် ဖြစ်နေ၏။
ရွှီယန်က ကျားကြီး၏ မျက်နှာကို ကြည့်နေလိုက်သည်။
လှပသေသပ်သော ပန်းချီကားတစ်ချပ်လိုပင် ကျားကြီး၏ မျက်နှာပေါ်ရှိ အသေးစိတ်အချက်အလက်များက ပြည့်စုံလွန်းလှ၏။
လိမ္မော်ရောင်နှင့် အဖြူရောင် အခံအရောင်များက အချိုးအစားကျကျ ပြန့်ကျဲနေပြီး အမည်းရောင် အစင်းကြောင်းများက ၎င်းကို ပို၍ ခန့်ညားထည်ဝါသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
၎င်း သွားဖြဲလိုက်သည့်အခါ မျက်နှာက အလွန် ကြောက်မက်ဖွယ်ကောင်းသွားပြီး ဆလင်ဒါ ၁၂ လုံးတပ် အင်ဂျင်တစ်လုံးကဲ့သို့ ဟိန်းဟောက်သံကြီးနှင့် ပေါင်းစပ်လိုက်ပါက ခြိမ်းခြောက်နိုင်စွမ်းက အပြည့်အဝ ရှိနေတော့၏။
ဤကောင်ကြီးက လူသားများ၏ အလှအပ ခံစားမှုစံနှုန်းများနှင့် ကွက်တိကိုက်ညီစွာ ကြီးထွားလာခဲ့ခြင်းပင် ဖြစ်သည်။
ကျားကြီးက ဆိတ်နို့များကို အကုန် သောက်လိုက်သည်။ ၎င်းက နှုတ်ခမ်းကို သပ်လိုက်ပြီး ကျေနပ်စွာဖြင့် လေချဉ် တစ်ချက် တက်လိုက်၏။
"ဂက်"
လေချဉ်တက်သံက အတော်လေး ကျယ်လောင်လှသည်။ ထို့နောက် ၎င်းက ကျေနပ်စွာဖြင့် နှုတ်ခမ်းကို ထပ်သပ်လိုက်ပြန်၏။
အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ရွှင်မြူးသွားကြတော့သည်။
[ဒီကောင်ကြီး လေချဉ်တက်သွားတယ်... ပထမဆုံးအကြိမ် မြင်ဖူးတာပဲ]
[ဟားဟားဟား... ဒီလောက် ကြီးနေတဲ့ ကျားကြီးက နို့သောက်ပြီး လေချဉ်တက်နေသေးတယ်]
[နို့ နည်းနည်းလေးနဲ့ ကျားတစ်ကောင်ကို ယဉ်ပါးသွားအောင် လုပ်နိုင်တာလား... တကယ် ကြမ်းတာပဲ]
ရွှီယန်က ကွန်မန့်များကို မြင်သောအခါ အမြန် ရှင်းပြလိုက်သည်။
"ဒီနေရာမှာ ကျွန်တော် သေချာလေး ပြောပြချင်တာက ကျွန်တော်နဲ့ ဒီကျားက အဆင်ပြေပြေ နေနိုင်တာက ဒီကောင်ကြီးက ငယ်ငယ်ကတည်းက တစ်ကောင်တည်း နေလာခဲ့ရလို့ပါ... ကျွန်တော် သူ့ကို နို့နှစ်ဘူး တိုက်လိုက်တော့ သူ့ရဲ့ မှတ်ဉာဏ်တွေကို ပြန်လည် နိုးဆွပေးလိုက်သလို ဖြစ်သွားတာပါ... သူက ကျွန်တော့်ကို ဆွေမျိုးတစ်ယောက်လို သဘောထားသွားတာ ဖြစ်နိုင်တယ်... တိရစ္ဆာန် တစ်ကောင်ချင်းစီရဲ့ စရိုက်လက္ခဏာတွေက မတူညီကြဘူး... တခြား တောရိုင်းကျားတွေကတော့ အသားစားရတာကို ပိုပြီး နှစ်သက်ကြမှာ သေချာတယ်... ဒါကြောင့် လွယ်လွယ်ကူကူ သွားပြီး မစမ်းသပ်ကြပါနဲ့"
ကိစ္စများကို သေချာ ရှင်းပြထားမှ ရမည်။ မဟုတ်ပါက အင်တာနက်ပေါ်တွင် လူစုံနေသဖြင့် အသက်ကို မနှမြောသူများ တကယ် သွားရောက် အတုယူလိုက်လျှင် ဒုက္ခရောက်ကုန်လိမ့်မည်။
ရွှီယန်က ကျားကြီး၏ ဘေးတွင် နေ၍ ကျား၏ ခေါင်းကို အထက်အောက် ပွတ်သပ်ပေးနေခဲ့၏။
ကျားကြီးက အတော်လေး ဇိမ်ကျသွား၍လား မသိပေ။ ချက်ချင်းပင် လှဲချလိုက်ပြီး လည်ပင်းကို ဆန့်တန်းကာ ရွှီယန်ကို ၎င်း၏လည်ပင်းအား ကုတ်ခိုင်းနေလေသည်။ ကြည့်ရသည်မှာ ၎င်းက အနှိပ်ခံရသည်ကို ဇိမ်ခံနေသလိုပင်။
သူ့ပုံစံက ဤသို့ပြောနေသလိုပင်။
"ဆရာရွှီ... ခွန်အား နည်းနည်းလောက် ပိုထည့်ပေးပါဦး"
ရွှီယန်က ကျားကြီး၏ ပုံစံကို ကြည့်ပြီး ပြောလိုက်သည်။
"ဒီကောင်ကြီးက တော်တော်လေး ဇိမ်ခံတတ်တာပဲ... တောထဲမှာ တစ်ကောင်တည်း နေရတာ အကျင့်ဖြစ်နေတော့ ကျွန်တော် တစ်ခါတလေ လာတွေ့တာကို သူ တော်တော်လေး ပျော်နေပုံရတယ်"
ကျားကြီးက သိသိသာသာကို ပျော်ရွှင်နေပြီး ခန္ဓာကိုယ်ကို အပြည့်အဝ ဆန့်တန်းထား၏။
ကျားများက တစ်ကောင်တည်း နေထိုင်တတ်သည့် တိရစ္ဆာန်များ ဖြစ်ကြပြီး သီးသန့် နေထိုင်ရသည်ကို နှစ်သက်ကြသော်လည်း တစ်ခါတစ်ရံတွင်တော့ အဖော်များနှင့် အတူတူ ဆော့ကစားချင်ကြသေးသည်။ ကံဆိုးစွာဖြင့် ဤကျားကြီးမှာ အဖော် မရှိဘူး ဖြစ်နေ၏။
ကျားများ၏ အဖော်ဆိုသည်မှာ အတူတူ ကြီးပြင်းလာသော ညီအစ်ကို မောင်နှမများပင် ဖြစ်သည်။ ဤကောင်ကြီးက ငယ်ငယ်ကတည်းက စွန့်ပစ်ခံခဲ့ရသဖြင့် သဘာဝကျကျပင် အမြဲတမ်း တစ်ကောင်တည်း နေထိုင်လာခဲ့ရသည်။ ဤသည်ကိုလည်း မိခင်ကျားမ ကို အပြစ်တင်၍ မရပေ။
ဆောင်းတွင်းတွင် ကလေး သုံးကောင်ကို ပြုစုပျိုးထောင်ရန် ဆိုသည်မှာ တကယ်ကို မဖြစ်နိုင်ချေ။
ရိုးရာပုံပြင်များအရ ကျားများသည် အများအားဖြင့် ကလေး တစ်ကောင် သို့မဟုတ် နှစ်ကောင်သာ မွေးလေ့ရှိကြပြီး အကယ်၍ သုံးကောင် မွေးလာခဲ့ပါက တတိယမြောက် ကျားပေါက်လေးကို ပျောင်း ဟု ခေါ်ကြသည်။ ထို့အပြင် ပျောင်း ဆိုသည်မှာ အမည်းရောင် ကျားဖြစ်ပြီး အလွန် ကြမ်းတမ်းသည်ဟု ဆိုကြ၏။
သေချာသည်မှာ ဤသည်တို့က သိပ္ပံနည်းကျ အထောက်အထားတော့ မရှိပေ။ သို့သော် ဤဇာတ်လမ်းများမှ တစ်ဆင့် သိနိုင်သည်မှာ ကျားသုံးကောင် မွေးဖွားရန် ဖြစ်နိုင်ခြေ အတော်လေး နည်းပါးသည် ဆိုသည်ကိုပင်။ မိခင်ကျားမ အနေဖြင့် တစ်ကောင်ကို စွန့်ပစ်လိုက်ခြင်းကလည်း ပုံမှန်ကိစ္စ တစ်ခုသာ ဖြစ်၏။
ဘလော့ဂါ တစ်ယောက်က သူ၏ တိရစ္ဆာန်ရုံထဲတွင် ခြင်္သေ့နှင့် ကျားကို အတူတူ မွေးထားဖူးပြီး သူတို့က ငယ်ငယ်ကတည်းက ဆက်ဆံရေး အလွန် ကောင်းမွန်ကြသည်။
ကြီးလာသည့်အခါတွင်တော့ ခြင်္သေ့က ကျားနားကို အမြဲတမ်း သွားကပ်နေပြီး ကျားကတော့ မတတ်သာသည့် ပုံစံဖြင့် အော်ဟစ်ကာ ခြင်္သေ့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရတော့၏။ ကျားက တစ်ကောင်တည်း နေထိုင်သော တိရစ္ဆာန်ဖြစ်သဖြင့် တိတ်ဆိတ်သည်ကို နှစ်သက်ပြီး ခြင်္သေ့ကတော့ အုပ်စုလိုက် နေထိုင်တတ်သဖြင့် ဆူညံသည်ကို နှစ်သက်ကြသည်။
"မင်း သွားစမ်းပါ"
"ငါ မသွားဘူးကွာ"
လူများက သူတို့နှစ်ကောင်၏ ဗီဒီယိုကို ကြည့်ရင်း အမြဲတမ်း ပျော်ရွှင်နေတတ်ကြ၏။
ယခု မျက်စိရှေ့မှ ကျားကြီးကလည်း ရွှီယန်၏ အရှေ့တွင် ခန္ဓာကိုယ်ကို လှိမ့်ကာ ပျော်ရွှင်နေလေသည်။
ရွှီယန်က ကျား၏ ဘယ်ဘက် ရှေ့လက်ဝါးကို ကိုင်မြှောက်လိုက်ပြီး လိုက်ဖ် ကင်မရာကို သေချာ ရိုက်ကူးစေလိုက်ကာ ပြောလိုက်၏။
"ဒီကျားလက်ဝါးကြီးကို ကြည့်ကြပါဦး... လူတွေရဲ့ လက်ထက်တောင် ပိုကြီးသေးတယ်... ဒီအထူကြီးက တကယ်ကို ထူထဲလွန်းတယ်"
ရွှီယန်က ကျားလက်ဝါးကြီးကို ကိုင်တွယ်ရင်း အံ့ဩချီးကျူးနေသည်။
ထို့နောက် သူက ကျားလက်ဝါး၏ အလယ်နေရာကို ဖိကိုင်လိုက်ပြီး ခပ်ဆတ်ဆတ်လေး ညှစ်လိုက်ရာ ကျားကြီး၏ မည်းနက်နေသော လက်သည်းတစ်ခုက ထွက်ပေါ်လာခဲ့၏။
ဤကောင်ကြီးက ကြောင်လေးများနှင့် ဖွဲ့စည်းပုံ အတူတူပင်ဖြစ်ပြီး အရွယ်အစား ပိုကြီးနေခြင်းသာ ဖြစ်သည်။ သူ အခြားသူများ ကြောင်လေးများကို လက်သည်းညှပ်ပေးသည်ကို ကြည့်ဖူးပြီး ဤအတိုင်းပင် ညှပ်ပေးရခြင်း ဖြစ်၏။
"ကြည့်ပါဦး... ဒီလက်သည်းက ဘယ်လောက်တောင် ထက်မြက်ပြီး ခိုင်မာလိုက်သလဲ... ကျားတွေ သစ်ပင်တက်တဲ့အခါ သူတို့ရဲ့ လက်သည်းတွေက သစ်ပင်စည်ကို အလွယ်တကူ ထိုးဖောက်ပြီး အထဲကို ဝင်သွားနိုင်တယ်... ပြီးတော့ ဒီလောက် လေးလံတဲ့ ခန္ဓာကိုယ်ကြီးကိုတောင် သယ်ဆောင်ထားနိုင်သေးတယ်... တကယ်ကို ကြမ်းတမ်းလွန်းတယ်"
ရွှီယန်က ကျားလက်ဝါးကို မြှောက်ပြရင်း အားလုံးကို ရှင်းပြနေသည်။
အင်တာနက်သုံးစွဲသူများက မြှောက်ပြထားသော ကျားလက်ဝါးနှင့် ချိတ်ကဲ့သို့ ကွေးကောက်နေသည့် လက်သည်းများ ထက်မြက်စူးရှသော လက်သည်းထိပ်များကို မြင်လိုက်ရသောအခါ အားလုံး၏ ရင်ထဲတွင် ထိတ်လန့်သွားကြ၏။
ရွှီယန်၏ လှုပ်ရှားမှုကို ကြည့်လိုက်ပါက ပို၍ပင် လက်လွန်နေသည်ဟု ခံစားလိုက်ရသည်။
'လောင်ရွှီ... ကျေးဇူးပြုပြီး ဆက်မစွမ်းပါနဲ့တော့'
'သေလမ်းရှာတာကို ရပ်လိုက်ပါတော့'
'မင်း ဘာတွေ လုပ်နေတာလဲ'
'ကျားလက်ဝါးကြီးကို ကိုင်မြှောက်ပြီး လက်သည်းတွေကို ညှစ်ထုတ်နေသေးတယ်... မင်း တကယ် ဘာလုပ်ချင်နေတာလဲ'
အင်တာနက်သုံးစွဲသူများမှာ အချိန်တိုင်း ရင်တထိတ်ထိတ် ဖြစ်နေကြရသည်။
ခုနက ကျားကို နို့တိုက်နေသည်ကို ကြည့်ရင်း အားလုံး စိတ်သက်သာရာ ရနေပေမယ့် ယခုတော့ ကျား၏ လက်သည်းများနှင့် ကစားနေပြန်ပြီ။
ဤအရာကြီးက သူ့အနေဖြင့် ဗဟုသုတ ဖြန့်ဝေပေးရန် လိုအပ်လို့လား။ ချိတ်များကဲ့သို့ ဖြစ်နေသော ကျားလက်သည်းများ သူ၏ကိုယ်ပေါ် ကုတ်မိသွားမည်ကို မကြောက်ဘူးလား။
[ငါ အရှုံးပေးပြီ... လုံးဝကို အရှုံးပေးလိုက်ပြီ... အစ်ကိုယန်... မင်း တကယ် ကြမ်းတာပဲ]
[လောင်ရွှီ... အဲဒီလက်ဝါးကြီးကို အောက်ချပေးလို့ ရမလား... ငါ နည်းနည်း ကြောက်လာပြီ]
[သူက မင်းကို တစ်ချက်လောက် ကုတ်လိုက်မှာ မကြောက်ဘူးလား]
[လိုက်ဖ်ထဲက စက္ကန့်တိုင်းကို တန်ဖိုးထားကြပါ... ဘာလို့လဲဆိုတော့ နောက်တစ်စက္ကန့်မှာ လိုက်ဖ်လွှင့်သူ ရှိချင်မှ ရှိတော့မှာမို့လို့ပဲ]
ရွှီယန်ကတော့ တကယ်ကို သတ္တိကောင်းလွန်းလှသည်။ ကျား၏ လက်သည်းကို ညှစ်ထုတ်လိုက်ပြီး ဤထက်မြက်စူးရှသော လက်သည်းထိပ်ကို ကြည့်ရင်း ကျားများ၏ တိုက်ခိုက်နိုင်စွမ်းကို သူ ချီးကျူးနေမိ၏။ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များက ဤအချက်တွင် အလွန် အစွမ်းထက်ကြခြင်းပင် ဖြစ်သည်။
ဘာကြောင့် အသားစား တိရစ္ဆာန်များထဲတွင် ကြောင်မျိုးရင်းဝင် ဝက်ဝံမျိုးရင်းဝင်နှင့် မြွေပါမျိုးရင်းဝင်များ၏ အမဲလိုက် ကျွမ်းကျင်မှုကို လူများက ချီးကျူးကြသနည်းဆိုလျှင် ၎င်းတို့က ခြေလက်များကို အပြည့်အဝ အသုံးချတတ်သောကြောင့်ပင် ဖြစ်သည်။
နှိုင်းယှဉ်ကြည့်ပါက ခွေးမျိုးရင်းဝင်များ၏ အမဲလိုက်နိုင်စွမ်းက အနည်းငယ် အားနည်းပေသည်။ ခွေးမျိုးရင်းဝင်များတွင် သန်မာသော ရှေ့ခြေထောက်များ မရှိဘဲ ၎င်းတို့၏ တိုက်ခိုက်ရေး နည်းလမ်းက ကိုက်ဖြဲခြင်း တစ်ခုတည်းသာ ရှိသဖြင့် အချိန်တော်တော်များများတွင် ရှင်သန်နိုင်ရန် အုပ်စုလိုက် ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်၏။
ကျားကတော့ ရှေ့လက်ဝါးများနှင့် သွားများကို ပေါင်းစပ်ကာ အမဲလိုက်နိုင်ပေသည်။
ကျားများ၏ တုံ့ပြန်မှုကလည်း အလွန် မြန်ဆန်လှ၏။
ယခင်က အနှေးပြကွက် ဗီဒီယိုတစ်ခုတွင် ကျားတစ်ကောင်က အခြားကျားတစ်ကောင်ကို ရုတ်တရက် သွားရောက် ခြောက်လှန့်လိုက်သည်ကို မြင်တွေ့ခဲ့ရသည်။ အခြားကျားက လန့်သွားပြီး အနောက်သို့ ခုန်ဆုတ်လိုက်သည့် အချိန်မှာပင် တစ်စက္ကန့်အတွင်း ရှေ့လက်ဝါး နှစ်ဖက်ဖြင့် သုံးလေးချက်ခန့် ရိုက်ချလိုက်၏။ အရှေ့က ကျားပင် အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။
ကျားများ၏ တုံ့ပြန်မှုက ဤမျှအထိ မြန်ဆန်ခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် ရွှီယန်က ဒုတိယမြောက် ကျားလက်ဝါးကို ထပ်ကိုင်လိုက်ပြီး ဖြည်းဖြည်းလေး ညှစ်ထုတ်လိုက်ရာ လက်သည်း ထွက်ပေါ်လာခဲ့၏။
အတော်လေး ကစားလို့ ကောင်းနေသည်။ ဤသို့ တစ်ခါမှ မဆော့ကစားဖူးခဲ့ချေ။
ကျားကြီးက ခေါင်းလေးစောင်းကာ ရွှီယန်ကို ကြည့်နေပြီး ရွှီယန်၏ လှုပ်ရှားမှုများကိုလည်း ကောင်းစွာ ပူးပေါင်းပါဝင်ပေးနေ၏။ ၎င်းက ရွှီယန်ကို သူ့၏ လက်ဝါးကြီးများနှင့် စိတ်ကြိုက် ကစားခွင့် ပြုထားသည်။
အင်တာနက်သုံးစွဲသူများက ကျားကြီး ရွှီယန်ကို ကြည့်နေသည်ကို ကြည့်ရင်း ကျားကြီးက သည်းမခံနိုင်တော့ဘဲ တစ်ချက်ခန့် ကုတ်လိုက်မည်ကို တကယ် စိုးရိမ်နေကြ၏။
ဤလိုက်ဖ်က တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။ တိရစ္ဆာန်ရုံများပင်လျှင် ဤကဲ့သို့ မကစားရဲကြချေ။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်တွင် တောခွေးရိုင်း အချို့ ပြေးလာကြသည်။
၎င်းတို့က ရွှီယန်ကို အရင် မြင်လိုက်ရသဖြင့် အငြိုးအတေးဖြင့် တိုက်ခိုက်ချင်နေကြသော်လည်း ကျားကြီးကို မြင်လိုက်ရသည့် အခါတွင်တော့ နောက်တောင် ပြန်မကြည့်ရဲတော့ဘဲ အမြန် ပြေးထွက်သွားကြတော့၏။ ထွက်ပြေးသည့် အမြန်နှုန်းက အလွန် မြန်ဆန်လွန်းလှသည်။
ဆိုက်ဘေးရီးယားကျားကြီးကလည်း ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး တောခွေးရိုင်းအုပ် ပေါ်လာသည့် အရပ်ကို လှမ်းကြည့်လိုက်သည်။
ထိုတစ်ခဏတွင် ကျားကြီး၏ တောဘုရင် အငွေ့အသက်များက အထင်းသား ပေါ်လွင်နေတော့၏။ ဤကျားကြီး၏ ရပ်နေသည့် ပုံစံလေးကို ကြည့်ရုံဖြင့်ပင် အလွန် စွမ်းအားကြီးမားမှန်း သိသာလှပေသည်။ ၎င်းက တောခွေးရိုင်းအုပ်ကို သတိပေးနေပုံရသည်။
ကံကောင်း၍ တောခွေးရိုင်းအုပ်က ပြေးတာမြန်လို့ပေါ့... မဟုတ်ပါက ဒုက္ခရောက်ကုန်ကြမည်မှာ သေချာသည်။
ဤမြင်ကွင်းက လိုက်ဖ်ထဲတွင် နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားစေ၏။
ဤသို့ဖြင့် ရွှီယန်က ကျားကြီးနှင့် ခဏမျှ အတူဆော့ကစားပေးပြီး အနှိပ်ခံပေးလိုက်သဖြင့် ယနေ့ သူ၏ ရည်မှန်းချက်ကို အောင်မြင်သွားပြီဟု ဆိုရမည်။ တဲ ယူမလာခဲ့သဖြင့် ယနေ့ တောထဲတွင် ညအိပ်မည် မဟုတ်ဘဲ ရွှီယန်က အမြန် ထွက်ခွာရတော့မည်။ သူ ပြန်သွားရမည့် လမ်းခရီးက ကျန်ရှိနေသေး၏။
"ကဲ... ငါ သွားရတော့မယ်... နောက်ပိုင်း အချိန်ရရင် မင်းဆီကို ထပ်လာခဲ့မယ်... လယ်ယာခြံဝင်းဘက်က ကိစ္စတွေ ပြီးသွားတဲ့အထိ စောင့်လိုက်ဦးပေါ့"
ရွှီယန်က မတ်တတ်ရပ်ကာ ကျားကြီး၏ ခေါင်းကို ထပ်မံ ပွတ်သပ်ရင်း နှုတ်ဆက်လိုက်သည်။
ကျားကြီးက ရွှီယန် ထွက်သွားတော့မည် ဆိုသည်ကို သိရှိလိုက်သဖြင့် သူ့ကို ပွတ်သပ်ကာ ပြန်လည် တုံ့ပြန်လိုက်၏။
အင်အားကြီးသူများက အမြဲတမ်း အထီးကျန်ဆန်တတ်ကြသည်။ ဤကျားကြီးကလည်း ထိုသို့ပင် ဖြစ်၏။ တစ်ခါတစ်ရံ အဖော်တစ်ယောက် ရှိနေခြင်းက အတော်လေး ကောင်းမွန်သော ခံစားချက်မျိုး ပေးစွမ်းနိုင်ပေသည်။
ထို့နောက် ရွှီယန်က လက်ပြနှုတ်ဆက်ကာ တိုက်ရိုက် ထွက်ခွာသွားတော့သည်။
ကျားကြီးက နေရာမှာပင် ရပ်နေပြီး ရွှီယန်ကို ခဏမျှ ကြည့်နေပြီးမှ ပြန်လည် လှဲချလိုက်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ရာ ထွက်ပေါ်လာသော လေစီးကြောင်းက သစ်ရွက်ကြွေ အများအပြားကို လွင့်စဉ်သွားစေ၏။ ၎င်းက သစ်ရွက်ကြွေများကြားတွင် ဆက်လက် အနားယူနေတော့သည်။