← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း (၁၅၅) ကြီးကျယ်ခမ်းနားသော ဂေါ်ဖီထုပ်ဝယ်ယူခြင်း နေ့စဉ်ဘဝနှင့် ကျားကြီးကို ပွတ်သပ်ချင်နေသည့် အမျိုးသား

လေပြေတစ်ချက် တိုက်ခတ်သွားပြီးနောက် ခြောက်သွေ့နေသော သစ်ရွက်ဝါများက သစ်ကိုင်းထက်မှ ကြွေကျကာ ရွှီယန်ရှိရာဘက်သို့ လွင့်ပါလာသည်။

သစ်ပင်တစ်ပင်၏ သစ်ရွက်ကြွေများက အလွန် များပြားလှပေသည်။

ယခင်က သူတို့အိမ်တွင် သစ်ပင်တစ်ပင် ရှိခဲ့ပြီး ဆောင်းဦးရာသီ ရောက်တိုင်း သစ်ရွက်များ ကြွေကျကာ ခြံဝင်းတစ်ခုလုံး ပြည့်နှက်သွားသဖြင့် တံမြက်စည်း လှည်း၍ပင် မကုန်နိုင်ခဲ့သည်ကို ရွှီယန် မှတ်မိနေသေး၏။

လှည်းပြီး၍ နေ့လယ်ဘက် ရောက်သည်နှင့် မြေပြင်ပေါ်တွင် သစ်ရွက်များ ထပ်မံ ပြည့်နှက်နေတတ်သည်။ နောက်ပိုင်းတွင် ထိုသစ်ပင်ကို ခုတ်ပစ်လိုက်မှသာ ထိုအခြေအနေက ပျောက်ကွယ်သွားခဲ့၏။

ထို့ကြောင့် ခြံဝင်းထဲတွင် သစ်ပင်စိုက်ရသည်မှာ အတော်လေး ဒုက္ခများလှပေသည်။ ကြည့်ရသည်မှာ လှပသော်လည်း တံမြက်စည်း လှည်းရသည့်အခါတွင်တော့ သစ်ပင်က ထိုမျှ မလှပတော့ဟု ခံစားရတတ်၏။

တောထဲတွင်တော့ တံမြက်စည်း လှည်းမည့်သူ မရှိပေ။ လေတစ်ချက် တိုက်ခတ်သွားသည်နှင့် ရေတွက်၍ မရနိုင်သော သစ်ရွက်များ ကြွေကျလာပြီး မြေပြင်တစ်ခွင်လုံး ပြည့်နှက်သွားတော့သည်။

ရွှီယန်သည် ကြွေကျနေသော သစ်ရွက်များကြားတွင် လမ်းလျှောက်နေရင်း ထူးခြားသော ခံစားချက် တစ်မျိုးကို ရရှိနေ၏။

ယနေ့ သူ ကယ်တင်ခဲ့သော စွန်မည်းလေးကို ပြန်လည် တွေးမိသွားသည်။

ဆုလာဘ်က စွန်မည်းလေး၏ ကျေးဇူးဆပ်ခြင်းပင် ဖြစ်၏။ ဆိုလိုသည်မှာ ထိုစွန်မည်းလေး ကြီးပြင်းလာပါက ရွှီယန်၏ အနားသို့ ကိုယ်တိုင် ပျံသန်းလာမည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် မည်သို့သော မြင်ကွင်းမျိုး ဖြစ်လာမည်ကို သူ မသိသေးချေ။ သားရဲငှက် တစ်ကောင် မွေးမြူရသည်မှာ အလွန် ခန့်ညားလှပေသည်။

ရွှီယန်က ဘလော့ဂါ တစ်ယောက်၏ ဗီဒီယိုကို ကြည့်ဖူးသည်။ ပြင်သစ်တွင် နေထိုင်သော တရုတ်လူမျိုး တစ်ယောက်ဖြစ်ပြီး ထိုနေရာတွင် စွန်ရဲများနှင့် နှင်းခွေးများကို မွေးမြူကာ ယုန်များ ဖမ်းခိုင်းလေ့ ရှိ၏။

ထိုဘလော့ဂါတွင် ကိုယ်ပိုင် လယ်ယာခြံဝင်း တစ်ခုရှိပြီး သိမ်းငှက်များနှင့် နှင်းခွေးများကို မွေးမြူကာ ယုန်ဖမ်း၍ ငွေရှာနေခြင်း ဖြစ်သည်။ ထိုဘက်တွင် ယုန်များက အလွန် ပေါများလွန်းပြီး လယ်ယာခြံဝင်းထဲရှိ မြေကွက်များတွင် တွင်းများ တူးထားသဖြင့် ဖမ်းဆီးရန် လူငှားရလေသည်။

ထိုစွန်ရဲများက တကယ်ကို ခန့်ညားလှသည်ဟု ရွှီယန် ခံစားမိ၏။ အဖြူရောင် ရှိသလို အမည်းရောင်များလည်း ရှိကာ အလွန် ကြည့်ကောင်းလှပေသည်။ သူက ထိုကဲ့သို့သော ဗီဒီယိုမျိုးများကို ကြည့်ရသည်ကို သဘောကျသည်။

နောက်ထပ် လူတစ်ယောက်ကတော့ အရောင်စုံ ဖွတ်များကို မွေးမြူထားပြီး အလွန် ရှားပါးသော အမျိုးအစားများ ဖြစ်၏။ အရေခွံ လဲပြီးသွားပါက ဖွတ်များက ကျောက်စိမ်းကဲ့သို့ လှပသွားပြီး ကြည့်ရသည်မှာ အလွန် မိုက်လှပေသည်။

နှိုင်းယှဉ်ကြည့်ပါက သူ မွေးမြူထားသည်များကတော့ ရိုးရှင်းလွန်းလှ၏။ ထိုကျားသစ်ကို ထည့်မတွက်ပါကပေါ့။

ပြည်တွင်းတွင် သားရဲငှက်များကို ပုဂ္ဂလိကပိုင် မွေးမြူခွင့် မပြုထားချေ။ အန္တရာယ် ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပြီး တိုင်းရင်းသား လူနည်းစု အချို့သာ ၎င်းတို့၏ ရိုးရာဓလေ့ကို လေးစားသောအားဖြင့် မွေးမြူခွင့် ပြုထားသည်။

ထို့ကြောင့် ရွှီယန်လည်း မွေးမြူခွင့် မရှိပေ။

သို့သော် သားရဲငှက်က ကိုယ်တိုင် လာရောက် ကပ်တွယ်မည် ဆိုပါကတော့ မတတ်နိုင်တော့ချေ။

သူက ထိုစကားကိုသာ ပြန်လည် အသုံးပြုရမည် ဖြစ်၏။

"ဘာ သားရဲငှက် မွေးထားတာလား... ဒီနေရာမှာ ကျွန်တော် သေချာလေး ရှင်းပြချင်တာက ကျွန်တော်နဲ့ ဒီသားရဲငှက်က ဘာပတ်သက်မှုမှ မရှိပါဘူး... သူက သူ့ဘာသာ လာကပ်တာပါ... ခင်ဗျား ဒါက ကျွန်တော့်ကို အသရေဖျက်နေတာပဲ... ခင်ဗျား ကျွန်တော့်ကို အသရေဖျက်နေတာနော်..."

ဆောင်းတွင်း ကုန်လွန်သွားပြီးနောက် စွန်မည်းလေး ကောင်းကင်ယံသို့ ပျံသန်းနိုင်သည့် အချိန်ကိုသာ စောင့်ဆိုင်းရမည် ဖြစ်၏။ ထိုအချိန်ရောက်ပါက ၎င်းက ရွှီယန်၏ လယ်ယာခြံဝင်းဆီသို့ ပျံသန်းလာမည် ဖြစ်သည်။

၎င်းကို ကျန်းမာစွာ ကြီးပြင်းလာစေရန် ရွှီယန် မျှော်လင့်မိ၏။ ဆောင်းတွင်းရောက်လျှင် သွားကြည့်ရင်း ကျားကြီးကိုပါ တစ်ပါတည်း ဝင်ကြည့်ရမည်။

သူ့အတွက် သံယောဇဉ် တွယ်စရာ နေရာတစ်ခု ထပ်တိုးလာခဲ့ပြန်သည်။

ရွှီယန် လယ်ယာခြံဝင်းသို့ ပြန်ရောက်ချိန်တွင် ညဘက်သို့ ရောက်ရှိနေပြီ ဖြစ်၏။

မီးဖိုချောင်တွင် စားစရာ အနည်းငယ် ရှိနေသေးသဖြင့် ရွှီယန်က ထမင်းကို အလွယ်တကူ နွှေးကာ စားသောက်လိုက်သည်။

လယ်ယာခြံဝင်းရှိ အရာအားလုံးက အစီအစဉ်တကျ ရှိနေဆဲပင်။

သိပ်မကြာခင်မှာပင် ဝမ်ဝူက အလုပ်များ လာရောက် တင်ပြလေသည်။ ယနေ့ ရေဘုံဘိုင်ခေါင်း တစ်ခု ရေယိုနေသဖြင့် လီဆန်းနှင့် မာဝန် တို့ နှစ်ယောက် အတူတကွ ပြင်ဆင်လိုက်ရကြောင်း ပြောပြ၏။

လယ်ယာခြံဝင်း ဖွင့်ထားပါက အသေးအဖွဲ ကိစ္စလေးများက အမြဲတမ်း ရှိနေတတ်သည်။

ရေပိုက် ခဲသွားခြင်း... လျှပ်စစ်မီး ပြတ်တောက်သွားခြင်း... ရေယိုခြင်း... သီးနှံပင်များ အနည်းငယ် ဝါသွားခြင်း စသည်တို့ပင် ဖြစ်၏။ ၎င်းတို့ကို အမြဲတမ်း အချိန်မီ ဖြေရှင်းနိုင်ရန် လိုအပ်ပေသည်။

ထိုအထဲတွင် အရေးအကြီးဆုံး နှစ်ခုမှာ ရေနှင့် မီး ပင် ဖြစ်သည်။ လယ်ယာခြံဝင်းကို ချောမွေ့စွာ လည်ပတ်နိုင်ရန် ရေပိုက်နှင့် လျှပ်စစ်ပိုင်း ကျွမ်းကျင်သော ဝန်ထမ်းတစ်ယောက်တော့ သေချာပေါက် လိုအပ်၏။

ဤအပိုင်းတွင် မာဝန်က အတော်လေး ကျွမ်းကျင်ပေသည်။ သူ ပြောပြချက်အရ အရင်က ကိုယ်ပိုင် လယ်ယာခြံဝင်း ဖွင့်တုန်းက အရှုံးပေါ်ခဲ့စဉ် ဤကဲ့သို့သော ကိစ္စများကြောင့် ဒုက္ခများစွာ ရောက်ခဲ့ရသဖြင့် အတွေ့အကြုံ ရသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လီဆန်းမှာ ခြေထောက် မသန်သော်လည်း လက်မှုပညာ အတော်လေး ကျွမ်းကျင်လှ၏။ ရေဘုံဘိုင်ခေါင်း ပြင်ခြင်း... လျှပ်စစ်ကြိုး ပြင်ခြင်း... ဖျူးစ်လဲခြင်း ကဲ့သို့သော အသေးအဖွဲ ကိစ္စလေးများကို သူ အကုန် လုပ်တတ်သည်။

ဝမ်ဝူကတော့ တက္ကသိုလ်မှ အခုမှ ဘွဲ့ရလာသူဖြစ်ပြီး စိုက်ပျိုးရေးပိုင်းကိုသာ ကျွမ်းကျင်ကာ ဤရေမီး ကိစ္စများကိုတော့ သိပ်နားမလည်ပေ။

သို့သော် နားလည်ရန်လည်း မလိုအပ်ချေ။ အားလုံးက ကိုယ်စီ အားသာချက် အားနည်းချက်များ ရှိကြပြီး အတူတကွ ပူးပေါင်းကာ လယ်ယာခြံဝင်းကို သေချာစွာ စီမံအုပ်ချုပ်သွားနိုင်လျှင် ရပြီ ဖြစ်၏။

ရွှီယန်က ပြဿနာဖြစ်ခဲ့သည့် နေရာသို့ သွားရောက် ကြည့်ရှုလိုက်သည်။

ရေဘုံဘိုင်ခေါင်း အသစ်တစ်ခု လဲလှယ်ထားပြီး ဖြစ်၏။ လယ်ယာခြံဝင်း ပိုင်ရှင်တစ်ယောက် ဖြစ်ရသည်မှာ အပင်ပန်းဆုံး ကိစ္စက နေရာတိုင်းကို စိတ်ပူနေရခြင်းပင်။

ထို့ကြောင့်လည်း အချို့သော လယ်ယာခြံဝင်း ပိုင်ရှင်များက အပြင်ပန်း ကြည့်လိုက်ပါက အမှန်တကယ် အသက်ထက် ဆယ်နှစ်ခန့် ပိုအိုနေသကဲ့သို့ ဖြစ်နေတတ်၏။

ဝန်ထမ်းများကသာ စိတ်ချရမည်ဆိုပါက အတော်လေး သက်သာပေလိမ့်မည်။

"ကောင်းပြီ... နောက်ပိုင်း ဒီလိုကိစ္စတွေ ရှိလာရင် မင်းတို့ဘာသာမင်းတို့ တိုက်ရိုက် လုပ်လိုက်ကြပါ... ကုန်ကျစရိတ် ဘယ်လောက်ရှိလဲဆိုတာကိုပဲ ကျွန်တော့်ကို ပြန်ပြောပြပေါ့... ကျွန်တော် တစ်ခါတလေ မရှိတဲ့အခါမျိုးဆိုရင် မင်းတို့ကိုပဲ အားကိုးရမှာလေ..."

ရွှီယန်က သူတို့သုံးယောက်ကို ပြောလိုက်သည်။

သုံးယောက်စလုံးကလည်း အလျင်အမြန် ခေါင်းညိတ် သဘောတူလိုက်ကြ၏။ ဤကဲ့သို့သော ကိစ္စများကို သူတို့ လုပ်နိုင်ကြပေသည်။

တကယ်တမ်းတွင် သူတို့သုံးယောက်စလုံးက လယ်ယာခြံဝင်းကို တိုးတက်လာစေချင်ကြ၏။ သူတို့ သုံးယောက်၏ လစာများကို ပေါင်းလိုက်ပါက နည်းပါးသော ပမာဏ မဟုတ်ပေ။ အာလူး အများကြီး ရောင်းရသည့် ငွေကပင် သူတို့၏ နှစ်လ သုံးလစာ လစာကိုသာ ပေးနိုင်မည် ဖြစ်သည်။

လောလောဆယ်တွင် လယ်ယာခြံဝင်း၏ အမြတ်အစွန်းမှာ သိပ်မများပြားလှသေးချေ။ အမြတ်အနည်းငယ်သာ ရှိသည်ဟု ဆိုနိုင်သော်လည်း ကြီးကြီးမားမားတော့ မဟုတ်ပေ။ အကယ်၍သာ ဒေဝါလီ ခံသွားရပါက ဒုက္ခရောက်ကုန်ကြမည် ဖြစ်၏။

ရွှီယန်ကတော့ ယုံကြည်မှု ရှိနေပေသည်။ ယခုမှ စတင်ရုံသာ ရှိသေးသည် မဟုတ်ပါလား။

တိရစ္ဆာန်အစာနှင့် အာလူးများမှာ အမြည်းမျှသာ ဖြစ်၏။

ဘလူးဘယ်ရီနှင့် သကြားသီးများကသာ အဓိက ဝင်ငွေ ရပေါက်ရလမ်း ဖြစ်သည်။

မှန်လုံအိမ် တစ်လုံးလျှင် ကုန်ကျစရိတ်များ နုတ်လိုက်ပါက အနည်းဆုံး ယွမ် တစ်သိန်းကျော် မြတ်နိုင်ပေသည်။

တစ်နှစ်လျှင် မည်သို့ပင်ဖြစ်စေ ယွမ် သုံးသိန်းခန့်တော့ ဝင်ငွေ ရရှိမည်သာ ဖြစ်၏။ အရာအားလုံး ချောမွေ့စွာ ပြီးဆုံးသွားမည် ဆိုလျှင်ပေါ့။

ထိုနေ့ ညဘက်တွင် ရွှီယန်က သူ၏ ကျော်ကြားမှု ရမှတ်များကို တွက်ချက်ကြည့်လိုက်သည်။

ဤရက်ပိုင်းအတွင်း သူက လိုက်ဖ်ကို မကြာခဏ ဖွင့်ခဲ့သဖြင့် စုစုပေါင်း ကျော်ကြားမှု ရမှတ်များမှာ ခြောက်သိန်းကျော်အထိ ရောက်ရှိနေပြီ ဖြစ်၏။

သူက လောလောဆယ် မဲမဖောက်သေးချေ။

အဆင့်မြင့် မဲဖောက်ခြင်းများက ယွမ် သောင်းဂဏန်း တန်ဖိုးရှိသည့် ပစ္စည်းများသာ ရရှိတတ်သဖြင့် သိပ်ပြီး အားမရလှပေ။ မဲဖောက်မည်ဆိုပါက အထူးအဆင့် မဲဖောက်ခြင်းကိုသာ ဖောက်ချင်သည်။

သို့မဟုတ်ပါက ရမှတ် တစ်သန်းအထိ စုဆောင်းကာ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်ရမည် ဖြစ်၏။

ဤသို့ ကြည့်မည်ဆိုပါက သူ့အနေဖြင့် ကျော်ကြားမှု ရမှတ်များကို အတော်လေး လိုအပ်နေဆဲပင်။ သို့သော် လိုက်ဖ်လွှင့်သည့် အလုပ်ဆိုသည်မှာ ပြသစရာ အကြောင်းအရာ ရှိမှသာ ရမည်ဖြစ်ရာ ရွှီယန် အနေဖြင့် တောင်ပေါ်တက်သည့် အချိန်မျိုးတွင်သာ လိုက်ဖ်လွှင့်နိုင်ပေသည်။

'စုဆောင်းရတဲ့ လုပ်ငန်းစဉ်က တော်တော်လေး ခက်ခဲပေမယ့်... တစ်ခါတည်းနဲ့ အားရပါးရ ဖြစ်သွားအောင် သည်းခံရမှာပဲ...'

ရွှီယန် စိတ်ထဲမှ တွေးလိုက်သည်။

မဲဖောက်ခြင်းနှင့် ပတ်သက်၍ လူတစ်ယောက်နှင့် တစ်ယောက် လုပ်ဆောင်ပုံ မတူညီကြပေ။ ဥပမာ - ဂိမ်းထဲတွင် ဆယ်ခါဆက်တိုက် မဲဖောက်ရသည့်အခါ အချို့က တစ်ခါရတိုင်း တစ်ခါ ဖောက်ချင်ကြပြီး အချို့က ဆယ်ခါပြည့်အောင် စုထားပြီးမှ တစ်ပြိုင်နက်တည်း ဖောက်ချင်ကြ၏။

အချို့က ပို၍ပင် ဆိုးရွားသေးသည်။ စုဆောင်းရသည်ကိုသာ သဘောကျပြီး မဲဖောက်ခွင့် အကြိမ်ရေများကို စုပုံထားကာ မဲမဖောက်ဘဲ ကြည့်နေရုံဖြင့် သဘောကျနေတတ်ကြသည်။

ရွှီယန်ကတော့ သည်းခံနိုင်သည့် အမျိုးအစားတွင် ပါဝင်ပေသည်။

နောက်ရက်များတွင် လယ်ယာခြံဝင်း၌ နေ့စဉ် ပုံမှန် အလုပ်များကိုသာ လုပ်ဆောင်နေကြ၏။

ကြက် ဘဲ များကို အစာကျွေးခြင်း... ရေလောင်းခြင်း စသည်တို့ကို လုပ်ဆောင်ရသည်။ နေ့စဉ်နှင့်အမျှ ကြက် ဘဲ ငန်း များ ကြီးထွားလာသည်ကို မြင်တွေ့ရပေသည်။ စားရမည့် ရာသီသို့လည်း ရောက်ရှိလာပြီ ဖြစ်၏။

ဟင်းခင်းထဲရှိ ဟင်းသီးဟင်းရွက်များကလည်း အတော်လေး ကောင်းမွန်စွာ ကြီးထွားနေကြသည်။ ဤဘက်တွင် ထမင်းချက်မည်ဆိုပါက ဟင်းခင်းထဲတွင် ဘာရှိသလဲ ကြည့်ပြီး ခူးယူကာ အသား အနည်းငယ်နှင့် ရောချက်လိုက်ရုံဖြင့် ဟင်းတစ်ပွဲ ရရှိပြီ ဖြစ်၏။

ဤနေ့ မွန်းလွဲပိုင်းတွင် မာဝန်က အရင်လာရောက် သတင်းပို့လေသည်။

"ခြံရှင်... ဒီရာသီက ဂေါ်ဖီထုပ် ဝယ်ရမယ့် အချိန်ရောက်ပြီနော်... မြို့ထဲမှာ ဂေါ်ဖီထုပ်တွေ ဈေးကွက်ထဲ ရောက်နေပြီလို့ ကြားတယ်... အခုအချိန်က ဂေါ်ဖီထုပ်တွေ အကောင်းဆုံး အချိန်ပဲလေ..."

အောက်တိုဘာလ လယ်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်ရာ ဂေါ်ဖီထုပ် ဝယ်ယူရမည့် အချိန်ပင် ဖြစ်သည်။

ဤဒေသတွင် ဂေါ်ဖီထုပ် ဝယ်မည်ဆိုပါက ပိဿာ ရာနှင့်ချီ၍ ဝယ်ယူလေ့ရှိကြသည်မှာ လုံးဝ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ လူအတော်များများက ပိဿာ ထောင်နှင့်ချီ၍ ဝယ်ယူကာ ကားငယ်များဖြင့် တိုက်ရိုက် လာရောက် သယ်ဆောင်တတ်ကြ၏။ ဈေးနှုန်းကလည်း မကြီးမားချေ။

ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ဆယ်ပိဿာခန့် ရှိပေသည်။

ဥပမာအားဖြင့် ယမန်နှစ်က ရွှီယန်တို့ အိမ်တွင် ဂေါ်ဖီထုပ် ၇၃ ထုပ် ဝယ်ယူခဲ့ရာ စုစုပေါင်း အလေးချိန်မှာ ပိဿာ ရှစ်ရာကျော် ရှိပြီး ငွေယွမ် ၃၂၀ သာ ကျသင့်ခဲ့၏။

ဤဒေသတွင် စီးပွားရေး မဖွံ့ဖြိုးသဖြင့် ဤကဲ့သို့သော ဈေးနှုန်းမျိုးသာ ရှိခြင်း ဖြစ်သည်။ ထို့ကြောင့် စားဝတ်နေရေးအတွက် ပူပန်စရာ မလိုဟု ပြောကြခြင်းပင်။

"ဂေါ်ဖီထုပ် ဝယ်ရတော့မှာပဲ... ကျွန်တော်တို့ လယ်ယာခြံဝင်းမှာ လူလေးယောက်တောင် ရှိတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပိဿာ သုံးထောင်လောက်တော့ ဝယ်ရမှာပေါ့... အိမ်အတွက်လည်း နည်းနည်း ဝယ်ရဦးမယ်... အမေက ဂေါ်ဖီထုပ် ချဉ်ဖတ် တည်ရတာကို သဘောကျတယ်လေ..."

ရွှီယန်က ပြန်ပြောလိုက်သည်။

"မွန်းလွဲပိုင်းကျရင် သွားကြည့်လိုက်မယ်... ဒီကိစ္စကို ကျွန်တော် ကိုယ်တိုင်ပဲ သွားလုပ်လိုက်ပါ့မယ်..."

မွန်းလွဲပိုင်းသို့ ရောက်သောအခါ ရွှီယန်က သူ၏ ဒီဇယ်သုံးဘီးဆိုင်ကယ်ကို မောင်းနှင်ကာ ဒက် ဒက် ဒက် ဟူသော အသံများနှင့်အတူ လယ်ယာခြံဝင်းထဲမှ ထွက်လာခဲ့သည်။

ဤဘက်တွင် ဂေါ်ဖီထုပ် ဝယ်မည်ဆိုပါက ကားလေးများဖြင့် သယ်ယူကြပြီး အိမ်ရောက်ပါက တစ်ဆောင်းတွင်းလုံး စားသောက်နိုင်ပေသည်။

ဤဒေသ၏ ရာသီဥတုက အေးမြပြီး ခြောက်သွေ့သဖြင့် ဂေါ်ဖီထုပ်များကို အချိန်အကြာကြီး သိမ်းဆည်းထားနိုင်၏။

ရွှီယန်က မိခင်ဖြစ်သူထံသို့ ဖုန်းဆက်လိုက်ရာ မိခင်ဖြစ်သူကလည်း လိုက်ချင်ကြောင်းနှင့် သူမ ကိုယ်တိုင် ရွေးချယ်မှသာ စိတ်ချရမည်ဖြစ်ကြောင်း ပြောလေသည်။

"အမေက ကျွန်တော့်ကို မယုံလို့ပေါ့လေ... ကျွန်တော် ရွေးတဲ့ ဂေါ်ဖီထုပ်တွေက ညံ့သွားနိုင်လို့လား..."

ရွှီယန်က ဖုန်းထဲမှနေ၍ အပြင်းအထန် ငြင်းခုံလိုက်သည်။

"မရပါဘူး... မင်းဘာသာမင်း ရွေးချင်ရွေး... အမေ့ဘာသာအမေ ရွေးမှာပဲ..."

မိခင်ဖြစ်သူက ပြတ်ပြတ်သားသားပင် ပြန်ပြောလိုက်၏။

ထို့နောက် ရွှီယန်က ရွာထဲသို့ ဝင်ကာ မိခင်ဖြစ်သူကို သွားကြိုပြီးမှ မြို့ပေါ်သို့ ကားမောင်းထွက်လာခဲ့သည်။ ကိုယ်ပိုင် ဒီဇယ်သုံးဘီးဆိုင်ကယ် ရှိခြင်းက တကယ်ကို အဆင်ပြေလှပေသည်။

ယခင်က ကုန်ပစ္စည်းများ သယ်ယူရာတွင် ဗင်ကားကိုသာ အသုံးပြုခဲ့ရပြီး ဂေါ်ဖီထုပ်များ အများကြီး မဆံ့သလို ကားပေါ်တွင် အပြည့် တင်လိုက်ပါကလည်း ကားက မြန်မြန် မမောင်းနိုင်တော့ချေ။ ဗင်ကားများ အားလုံးက ထိုသို့ပင် ဖြစ်၏။

လမ်းမပေါ်တွင် ဖြည်းဖြည်းချင်း မောင်းနှင်နေသော ဗင်ကား အများအပြားမှာ အလေးချိန်များ တင်ဆောင်ထားသောကြောင့် ဖြစ်သည်။ ယခုတော့ မတူတော့ချေ။ သုံးဘီးဆိုင်ကယ်ကို မောင်းနှင်လာရသည်မှာ စွမ်းအား အပြည့်ပင်။

မိခင်ဖြစ်သူက ယာဉ်မောင်းဘေးခုံတွင် ထိုင်လိုက်လာပြီး အတော်လေး ပျော်ရွှင်နေပုံရ၏။

သားအမိ နှစ်ယောက် မြို့ပေါ်ရှိ ဈေးကွက်သို့ ရောက်ရှိလာခဲ့ကြသည်။ ကုန်တင်ကားကြီး အတော်များများက ဂေါ်ဖီထုပ်များကို ကားအပြည့် တင်ကာ ရောင်းချနေကြ၏။ ဘေးပတ်လည်တွင်လည်း လူအများအပြား ဝိုင်းအုံ၍ ဝယ်ယူနေကြသည်။

အပြင်ဘက်တွင် သယ်ယူရန် ကားလေးများလည်း ရှိနေပြီး မြင်ကွင်းက အလွန် စည်ကားနေပေသည်။

ဤတစ်ကြိမ်တွင်တော့ ရွှီယန်က ကင်မရာမန်း အဖြစ် တာဝန်ယူလိုက်၏။

[လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝ ဗီဒီယိုမှတ်တမ်း - အမေနှင့်အတူ ဟင်းသီးဟင်းရွက် ဝယ်ယူခြင်း နေ့စဉ်ဘဝ]

မိခင်ဖြစ်သူက ဟင်းသီးဟင်းရွက် ရွေးချယ်ရာတွင် အလွန် ကျွမ်းကျင်သူ ဖြစ်သည်။ ကုန်တင်ကားကြီး တစ်စီး၏ အရှေ့သို့ ရောက်သောအခါ ဂေါ်ဖီထုပ် တစ်ထုပ်ကို ကောက်ယူကာ ဟိုဟိုဒီဒီ လှန်လှောကြည့်ရှုပြီး ဈေးသည်နှင့် အပြင်းအထန် ဈေးဆစ်တော့၏။

နောက်ဆုံးတွင် ဈေးမတည့်သဖြင့် ဂေါ်ဖီထုပ်ကို ကားပေါ်သို့ ပြန်တင်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ရှင့်ပစ္စည်းက မကောင်းဘူး..."

ရွှီယန်ကတော့ ဘေးမှနေ၍ တစ်ခွန်းမှ ဝင်မပြောခဲ့ချေ။ ဈေးဆစ်သည့် ကိစ္စကို မိခင်ဖြစ်သူကသာ အကျွမ်းကျင်ဆုံး ဖြစ်ပြီး အရှေ့မြောက်ပိုင်းမှ အဒေါ်ကြီးများ၏ တိုက်ခိုက်နိုင်စွမ်းက အလွန် မြင့်မားလှပေသည်။

ဤသို့ဖြင့် မိခင်ဖြစ်သူက တစ်ပတ်ခန့် လှည့်ပတ် ရွေးချယ်ပြီးနောက် ပထမဆုံး ကုန်တင်ကားကြီး၏ အရှေ့သို့ ပြန်ရောက်လာခဲ့၏။

"ရှင့်ဆီကပဲ အထုပ် ခုနစ်ဆယ်လောက် ရွေးလိုက်တော့မယ်..."

သူမက ဈေးသည်ကို ပြောလိုက်ပြီး တိုက်ရိုက် စတင် ရွေးချယ်တော့သည်။

ငယ်စဉ်ကတော့ ရွှီယန်က ဤကဲ့သို့ လုပ်ရပ်မျိုးကို အတော်လေး ရှက်စရာကောင်းသည်ဟု ထင်ခဲ့မိ၏။ ဈေးဆစ်ပြီး၍ မဝယ်ဘဲ ထွက်သွားကာ ခဏအကြာတွင် ဘာမှမဖြစ်ခဲ့သလို ပြန်လာဝယ်ခြင်းက အလွန် အနေရခက်လှပေသည်။

သို့သော် ယခုတော့ ပုံမှန်ကိစ္စတစ်ခုလို ဖြစ်နေပြီဟု သူ ခံစားရသည်။ အားလုံးက ဤသို့သာ လုပ်ဆောင်ကြသည် မဟုတ်ပါလား။ ဈေးသည်ကလည်း ဤကဲ့သို့ အခြေအနေများကို အကျွမ်းတဝင် ရှိနေသဖြင့် မိခင်ဖြစ်သူကို စိတ်ကြိုက် ရွေးချယ်ခွင့် ပြုထားလိုက်၏။

မိခင်ဖြစ်သူက တစ်ဆက်တည်းပင် ဂေါ်ဖီထုပ်ကြီး ၇၀ ကို ရွေးချယ်လိုက်ပြီး ဂေါ်ဖီထုပ် တစ်ထုပ်စီတိုင်းက ဆယ်ပိဿာကျော်ခန့် ရှိပေသည်။

"အမေ... ကျွန်တော့်အတွက်လည်း ရွေးပေးပါဦး... အထုပ် နှစ်ရာ့ငါးဆယ်လောက် ရွေးပေးပါ... ကျွန်တော့် လယ်ယာခြံဝင်းမှာ စားဖို့ပါ..."

ရွှီယန်က အခြေအနေကို ကြည့်ပြီး အမြန် လှမ်းပြောလိုက်သည်။

"အေး... ကြည့်ပေးမယ်လေ..."

မိခင်ဖြစ်သူက ကုန်တင်ကားကြီးပေါ်သို့ တက်ကာ ဂေါ်ဖီထုပ်များကို စတင် ရွေးချယ်တော့သည်။ ရွှီယန်ကတော့ ဂေါ်ဖီထုပ်များကို ကားပေါ်သို့ တင်ပေးရသည့် တာဝန် ယူရ၏။ သိပ်မကြာခင်မှာပင် ဂေါ်ဖီထုပ်များက အပုံလိုက် ဖြစ်သွားတော့သည်။

ကားနောက်ခန်းတွင်လည်း အပြည့် ဖြစ်သွားခဲ့၏။

သူတို့က အများအပြား ဝယ်ယူသူများထဲတွင် ပါဝင်ပေသည်။ သာမန် မိသားစုများကတော့ ပိဿာ ငါးရာ ခြောက်ရာခန့်သာ ဝယ်ယူလေ့ရှိကြပြီး ထောင်နှင့်ချီ၍ ဝယ်ယူသူများမှာ နည်းပါးလှ၏။

ရွှီယန်က လယ်ယာခြံဝင်း ဖွင့်ထားသဖြင့် အထုပ် နှစ်ရာ့ငါးဆယ် တိုက်ရိုက် ဝယ်ယူလိုက်ခြင်း ဖြစ်ရာ အတော်လေး လက်ဖွာသည်ဟု ဆိုရမည်။

လူအများအပြားက သူတို့ဘက်သို့ လှမ်းကြည့်နေကြသည်။ အချို့က ရွှီယန်ကို မှတ်မိသွားကြပြီး ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်သူများပင် ရှိနေ၏။ သူက ယန်ကျီ ဘက်တွင် အင်တာနက် နာမည်ကြီး တစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလား။

သို့သော် ယခုခေတ်တွင် အင်တာနက် နာမည်ကြီး ဟူသော စကားလုံးက အနည်းငယ် အဓိပ္ပာယ် လွဲမှားနေသဖြင့် ရွှီယန်က ဤကဲ့သို့ အခေါ်အဝေါ်မျိုးကို သိပ်မနှစ်သက်ချေ။ သူက အေးအေးချမ်းချမ်းဖြင့် သူ၏ လယ်ယာခြံဝင်း ပိုင်ရှင် အလုပ်နှင့် လိုက်ဖ်လွှင့်သည့် အလုပ်ကိုသာ တွဲဖက် လုပ်ကိုင်ချင်သူ ဖြစ်၏။ လိုက်ဖ်ဖွင့်လိုက်ပါက လူ သုံးလေးသောင်းခန့် ကြည့်ရှုလေ့ရှိသော သာမန် လိုက်ဖ်လွှင့်သူ တစ်ယောက်သာ ဖြစ်သည်။

ဂေါ်ဖီထုပ်များက တကယ်ကို ဈေးပေါလွန်းလှပေသည်။ ဒါကြောင့်လည်း ပစ္စည်းတစ်ခုခု ဈေးကျသွားပါက ဂေါ်ဖီထုပ် ဈေး ဟု တင်စား ပြောဆိုလေ့ ရှိကြခြင်းပင်။ ကားတစ်စီးစာ အပြည့် ပိဿာ သုံးထောင်ကျော်ကိုမှ ငွေယွမ် တစ်ထောင့်လေးရာခန့်သာ ကျသင့်ခဲ့၏။

ရွှီယန်က သုံးဘီးဆိုင်ကယ်ကို မောင်းနှင်ကာ ရွာထဲသို့ အရင် ပြန်လာခဲ့သည်။ ရွာထိပ်တွင် စကားပြောနေကြသော အဘိုးအဘွားများက သူ့ကို မြင်သောအခါ လက်ညှိုးထိုးပြကာ ဘာသတင်းတွေ ဖလှယ်နေကြသည် မသိချေ။

ရွှီယန်လည်း ဂရုမစိုက်အားပေ။

သူက မိခင်ဖြစ်သူကို စူပါမားကတ်သို့ ပြန်ပို့ပေးပြီး ဖခင်ဖြစ်သူကိုပါ အပြင်သို့ ခေါ်ထုတ်ကာ သားအမိ သုံးယောက် အတူတကွ ဂေါ်ဖီထုပ် အချို့ကို ချပေးလိုက်ကြ၏။

ပြန်ခါနီးတွင် ဖခင်ဖြစ်သူက မေးလိုက်သည်။

"ဟိုကျားကြီးက တကယ်ပဲ မင်းကို မကိုက်ဘူးလား... ဘယ်လို လုပ်လိုက်တာလဲ..."

ရွှီယန်က ဖခင်ဖြစ်သူ အနေဖြင့် သူ့ကို သတိထားရန် ပြောလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဖခင်ဖြစ်သူက ထပ်မံ၍ မေးလိုက်သည်။

"အဖေ သွားပြီး ပွတ်ကြည့်လို့ ရမလား..."

ထိုစကားကို ကြားသောအခါ ရွှီယန် ကြောင်အမ်းသွားခဲ့၏။ သူက အမြန် ပြန်ပြောလိုက်သည်။

"အဖေ... ဟိုကျားက ကျွန်တော့်ကိုပဲ မှတ်မိတာ... တခြားသူတွေကို မမှတ်မိဘူး... အရင်းနှီးဆုံး အဖေတောင်မှ မရဘူးနော်... မသွားတာပဲ ကောင်းပါတယ်... အန္တရာယ် များတယ်လေ..."

ဖခင်ဖြစ်သူက နှုတ်ခမ်းကို သပ်ကာ နှမြောသွားပုံရသည်။

ဗီဒီယိုထဲတွင် ဆိုက်ဘေးရီးယားကျားကို သူ မြင်တွေ့ခဲ့ရပြီး အလွန် လှပလွန်းလှ၏။ ၎င်း၏ အကွက်များ မျက်နှာကြီးများကို မည်သူကများ မနှစ်သက်ဘဲ နေမည်နည်း။

ကံဆိုးစွာဖြင့် အခြားသူများကို အထိမခံချေ။ ဒီလိုဆိုတော့လည်း လက်လျှော့လိုက်ရုံသာ ရှိတော့သည်။

All Chapters