အခန်း ၁၅၆
Vol. 16 Ch. 156
အခန်း (၁၅၆) မြေခွေးဖြူလေး... မင်းတို့ သုံးကောင်ပေါင်းရင်တောင် ငါ့ကို မီမှာ မဟုတ်ဘူး
ဒီဘက်ဒေသတွင် အအေးပိုလာခြင်းက အတော်လေး မြန်ဆန်လှသည်။
လူများက ဆောင်းဦးရာသီ တစ်ခုလုံး ဆူညံနေခဲ့ကြသော်လည်း တဖြည်းဖြည်းနှင့် အားလုံး ငြိမ်သက်သွားကြပြီ ဖြစ်၏။ ရိတ်သိမ်းရမည့် သီးနှံများကိုလည်း ရိတ်သိမ်းပြီးသွားကြပြီတည်း။
အသီးအနှံများ ရိတ်သိမ်းပြီးသွားသည့်အခါ အားလုံးက ငွေကြေးအနည်းငယ်စီ စုဆောင်းမိသွားကြသည်။ အဆက်အသွယ် ကျယ်ပြန့်ပြီး စီးပွားရေး အခြေအနေ ကောင်းမွန်သူများကတော့ ဆောင်းခိုရန်အတွက် တောင်ပိုင်းသို့ သွားရောက်ရန် ရွေးချယ်တတ်ကြ၏။ ထိုဘက်တွင်တော့ နွေးထွေးပေသည်။
အချို့လူများကတော့ ဒေသတွင်းမှာပင် ကျန်ရစ်နေခဲ့ပြီး အိမ်ထဲတွင်သာ ကွေးနေရန် ပြင်ဆင်ကြသည်။
မိခင်ဖြစ်သူက ရွှီယန်ကို ဆောင်းတွင်းတွင် ဆန်းယာ ဘက်သို့ သွားမလားဟု မေးလာခဲ့၏။ သူ၏အဒေါ်က ထိုဘက်တွင် ရှိနေသဖြင့် နှစ်လခန့် သွားနေ၍ ရနိုင်ပေသည်။
ရွှီယန်ကတော့ ငြင်းဆိုလိုက်သည်။ လယ်ယာခြံဝင်း၏ ပထမဆုံး ဆောင်းရာသီ ဖြစ်သဖြင့် ဤနေရာမှာပင် နေပြီး စောင့်ကြည့်ရမည်ဟု အကြောင်းပြလိုက်၏။
ထို့အပြင် သူ၏ မှန်လုံအိမ်များက ရာသီပေါ် မဟုတ်သော သစ်သီးများ စိုက်ပျိုးထားခြင်းဖြစ်ပြီး ဆောင်းတွင်းရောက်လျှင် ဈေးကွက်တင်ရန် အချိန်ကိုက် ဖြစ်နေသောကြောင့်လည်း ပါဝင်သည်။
ဒီနေ့ မွန်းလွဲပိုင်းအချိန်။
လယ်ယာခြံဝင်းတွင် အလုပ် သိပ်မရှိလှပေ။
ဝန်ထမ်းများက ဝက်ခြံကို ဆေးကြောရင်း စကားစမြည် ပြောဆိုနေကြသည်။
ရွှီယန်ကတော့ မြေကွက်လပ်တွင် မြေခွေးများကို စစနောက်နောက် လုပ်နေလေ၏။
သူက အင်တာနက်မှ ဝယ်ထားသော ငါးခြောက်များကို ကိုင်ထားပြီး တစ်ကောင်ချင်းစီကို ကျွေးနေသည်။
မြေခွေးလေးများက ငါးခြောက်ကို စားရသည့်အခါ အလွန် ပျော်ရွှင်သွားကြပြီး တကျီကျီ အော်သံလေးများကို ဆက်တိုက် ထုတ်လွှင့်နေကြ၏။
အတော်လေး သက်သောင့်သက်သာ ရှိလှသော မြင်ကွင်းလေး တစ်ခုပင် ဖြစ်သည်။
ထိုအချိန်မှာပင် လယ်ယာခြံဝင်း၏ အပြင်ဘက်တွင် တစ်ခုခု လှုပ်ရှားနေသည်ကို ရွှီယန် သတိထားမိလိုက်သည်။
ဤရာသီမျိုးတွင် ရာသီဥတုက အေးခဲနေသဖြင့် သတ္တဝါလေးများ လယ်ယာခြံဝင်း အနီးသို့ ရောက်လာခြင်းက အလွန် ပုံမှန်ပါပင်။
ရွှီယန်က အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ သူက နောက်ထပ် မြေခွေးခေါင်း တစ်ခုကို မြင်တွေ့လိုက်ရသည်။
ရွှီယန် အတော်လေး အံ့အားသင့်သွား၏။
၎င်းမှာ မြေခွေးဖြူ တစ်ကောင် ဖြစ်သည်။ ခန္ဓာကိုယ်က မြေခွေးနီများထက် ပိုတိုပြီး ပိုသေးငယ်ကာ ကြည့်ရသည်မှာ ပို၍ နူးညံ့ပျော့ပျောင်းသော ပုံစံမျိုး ရှိနေသည်။
'မြောက်စွန်းမြေခွေးပါလား...'
ချန်ပိုင်တောင်တန်းတွင် မြောက်စွန်းမြေခွေးများ အများအပြား ရှိကြသည်။ ဆောင်းတွင်းရောက်၍ ရေခဲနှင်းများ ဖုံးလွှမ်းသွားချိန်တွင် အစာရှာမရသည့်အခါ သူတို့က လမ်းဘေးသို့ ထွက်လာပြီး လူများထံမှ အစာတောင်းစားတတ်ကြ၏။
ဤအကောင်များက ရှီးကျန် ဘက်မှ အင်တာနက်နာမည်ကြီး ဝံပုလွေများထက် အများကြီး ပို၍ ဉာဏ်ကောင်းကြသည်။ အစောကြီးကတည်းက လူများထံမှ အစာတောင်းစားရန် စတင်နေကြပြီ ဖြစ်၏။
နွေဦးပေါက်၍ ကြွက်များ ပေါများလာပြီး အစာရှာရ လွယ်ကူသွားသည့် အခါကျလျှင်တော့ မြောက်စွန်းမြေခွေးများက သိပ်ပြီး ထွက်မလာကြတော့ပေ။
မြောက်စွန်းမြေခွေးများက တစ်ကိုယ်လုံး အဖြူရောင် အမွေးအမျှင်များဖြင့် ဖုံးလွှမ်းနေပြီး ရုပ်ထွက်က အလွန် လှပကြသော်လည်း သူတို့၏ ရုပ်ထွက်အလှက အချိန်အခါပေါ် မူတည်ပါသေးသည်။
ဆောင်းတွင်းရောက်သည့်အခါ အမွေးများ ရှည်ထွက်လာပြီး နူးညံ့ကာ ဖောင်းကြွနေသဖြင့် အထူး လှပနေတတ်၏။
နွေရာသီ ရောက်သည့်အခါမှာတော့ မြောက်စွန်းမြေခွေးများက အမွေးကျွတ်သွားပြီး အမွေးမရှိသော ခွေးတစ်ကောင်ကဲ့သို့ ဖြစ်သွားကာ အနည်းငယ် ရုပ်ဆိုးသွားတတ်ကြသည်။
ယခု မျက်စိရှေ့မှ မြောက်စွန်းမြေခွေးလေးကတော့ တစ်ကိုယ်လုံးက နှင်းဖြူရောင် အမွေးများ အပြည့်အဝ ပေါက်ရောက်နေပြီ ဖြစ်၏။
အဖြူရောင် မြေခွေးခေါင်းလေးက ပို၍ သွက်လက်သွက်ချာသော ပုံစံလေး ရှိနေသည်။
ရွှီယန်က အတော်လေး ထူးဆန်းသွားသည်ဟု ခံစားလိုက်ရပြီး ဤအကောင်လေးဆီသို့ လျှောက်သွားလိုက်၏။
မြေခွေးနီ သုံးကောင်ကလည်း ဖိတ်ခေါ်မထားသော ဧည့်သည်ကို သတိထားမိသွားကြပြီး အနောက်မှ အသီးသီး လိုက်ပါလာကြသည်။
မြောက်စွန်းမြေခွေးလေးက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ရွှီယန်ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြန်လည် ကြည့်ရှုနေ၏။
ထိုချစ်စရာကောင်းသော ပုံစံလေးက သနားစရာလေးဖြစ်ပြီး မွေးရာပါ ဆွဲဆောင်မှု ရှိနေသကဲ့သို့ပင်။ အကောင်လေးက တကယ်ကို ချစ်စရာလေး ဖြစ်သည်။
ရွှီယန်က စိတ်ဝင်စားသွားပြီး လက်လှမ်းကာ ငါးခြောက်ကို ကိုင်မြှောက်ပြီး မြေခွေးဖြူလေး ရှိရာဘက်သို့ ကမ်းပေးလိုက်၏။
"လာ... ငါးခြောက် စားရအောင်..."
အကောင်လေးက ငါးခြောက်ကို မြင်သည်နှင့် ချက်ချင်းပင် ဆွဲဆောင်ခံလိုက်ရသော်လည်း အနောက်တွင် ရန်သူလို စိုက်ကြည့်နေသော မြေခွေးနီ သုံးကောင်ကို သတိထားမိသွားသည့်အခါ အရှေ့သို့ မတိုးရဲတော့ပေ။
မြေခွေးနီ သုံးကောင်က သူတို့ရှေ့မှ ချစ်စရာကောင်းလှသော မြေခွေးလေးကို ကြီးမားသည့် ရန်သူကြီးတစ်ကောင်ကဲ့သို့ သတိထား ကြည့်ရှုနေကြ၏။
'ဒီကောင်က ပြိုင်ဘက်ပဲ... လူသားကို ငါတို့ဆီကနေ လုယူမလို့လား... ဟန်ဆောင်တာ တော်တော် ကောင်းတာပဲ... ဟွန်း မျက်နှာနှစ်ဖက်နဲ့ကောင်မ...'
မြေခွေးဖြူလေး အရှေ့သို့ သိပ်မတိုးရဲသည်ကို မြင်သောအခါ ရွှီယန်က ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားလိုက်သည်။ သူက ရှေ့သို့ တိုးသွားသည်နှင့် မြေခွေးဖြူလေးက အနောက်သို့ ဆုတ်သွားပြန်၏။
ရွှီယန်က သန့်ရှင်းသော မြေပြင်တစ်ခုပေါ်တွင် ငါးခြောက်ကို ချထားပေးလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ပေးလိုက်သည်။
အန္တရာယ် မရှိတော့ဘူးဆိုသည်ကို မြင်သည့်အခါမှ မြေခွေးဖြူလေးက သတိထားပြီး ငါးခြောက်လေး အရှေ့သို့ ပြေးလာကာ အရင်ဆုံး အနံ့ခံကြည့်လိုက်ပြီးမှ ပျော်ရွှင်စွာဖြင့် တစ်လုပ်တည်း စားပစ်လိုက်၏။
၎င်းက ငါးခြောက်ကို ပါးစပ်ထဲ ထည့်ကာ ပါးနှစ်ဖက်လုံးကို အားပြုပြီး ဝါးစားနေသည့် ပုံစံလေးက တကယ်ကို ချစ်စရာကောင်းလွန်းလှသည်။
ဒီကောင်လေးက တကယ်ကို ချစ်စရာလေးပင်။ ချစ်စရာကောင်းသည့် အတိုင်းအတာအရ ဆိုလျှင်တော့ မြေခွေးနီများထက်ပင် ပိုသာနေသေး၏။
ခန္ဓာကိုယ်က မြေခွေးနီများထက် ပိုတိုပြီး အမွေးများကလည်း မြေခွေးနီများထက် ပိုဖောင်းကြွနေကာ မြောက်စွန်းမြေခွေးများက တကျီကျီဖြင့် သိပ်ပြီး မအော်တတ်ကြပေ။ ရုပ်ထွက်အလှကိုသာ အားကိုးကြခြင်း ဖြစ်သည်။
"လူတွေရဲ့ အစားအစာတွေက အရသာရှိမှန်းလည်း သိသေးတယ်... ဒီကောင်လေး တော်တော် ဉာဏ်ကောင်းတာပဲ... ဘယ်ကနေ ပြေးလာတာလဲ မသိဘူး..."
ရွှီယန်က ဖုန်းထုတ်ကာ မြောက်စွန်းမြေခွေးလေးကို ဗီဒီယို စတင် ရိုက်ကူးလိုက်၏။ အကောင်းဆုံးသော ဗီဒီယို အကြောင်းအရာများကို အမြဲတမ်း ရိုက်ကူး မှတ်တမ်းတင်ထားရမည် မဟုတ်ပါလား။
မြေခွေးနီ သုံးကောင်ကတော့ မပျော်တော့ပါပေ။ တကျီကျီ အော်သံများ ထုတ်လွှင့်လာပြီး အနည်းငယ် ရန်လိုသည့် အငွေ့အသက်များ ပါဝင်နေသည်။
ချွဲနွဲ့တတ်သော မြေခွေးလေးများက သူတို့ထက် ပို၍ ချစ်စရာကောင်းသည့် မြေခွေးလေး တစ်ကောင်နှင့် တွေ့သည့်အခါ သဘာဝကျကျပင် ရန်လိုစိတ်များ ဖြစ်ပေါ်လာကြခြင်းပင်။
ဤမြေခွေးဖြူလေးက မျက်နှာသာပေးခံရရန် သက်သက် လာရောက် ယှဉ်ပြိုင်နေသည်မှာ သိသာလှ၏။ သူတို့က ဤကောင်လေး နေရာယူသွားမည်ကို လုံးဝ မလိုလားကြပေ။
မြေခွေးဖြူလေးက ငါးခြောက်ကို ပြောင်စင်အောင် စားပြီးနောက် အမွေးအမျှင်များကို သပ်ရပ်အောင် လုပ်လိုက်ကာ မနီးမဝေးတွင် လိမ္မာရေးခြားရှိစွာဖြင့် ဝင်ထိုင်လိုက်သည်။
သူ့၏ ပုံစံက ကြော့ရှင်းပြီး ယုံကြည်မှု အပြည့် ရှိနေ၏။ မြေခွေးနီများ၏ ရန်လိုနေသော အကြည့်များကိုလည်း မမြင်ယောင် ဟန်ဆောင်ထားလိုက်သည်။
သူ့၏ ပုံစံက ဤသို့ ပြောနေသလိုပင်။
'ငနဲလေးတွေ... ငါနဲ့တောင် လာယှဉ်ချင်နေသေးတယ်... မင်းတို့ သုံးကောင် ပေါင်းရင်တောင် ငါ့ကို မီမှာ မဟုတ်ဘူး...'
မြင်ကွင်းက အလွန် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ဒီနေ့တော့ မြေခွေးအုံကို သွားဆွမိသလို ဖြစ်သွားပြီ။
ရွှီယန်ကလည်း သေချာပေါက် အကုန်လုံးကို မွေးထားချင်သည်သာ ဖြစ်၏။ တရုတ်ပြည်တွင် မြေခွေး နှစ်မျိုး မွေးမြူခွင့် ပြုထားသည်။ တစ်မျိုးက မြေခွေးနီ ဖြစ်ပြီး နောက်တစ်မျိုးက မြောက်စွန်းမြေခွေး ဖြစ်သည်။ ယခု မျက်စိရှေ့မှ နှစ်မျိုးစလုံးပင်။
သေချာသည်မှာ လူလုပ် ဖောက်ခွဲမွေးမြူထားသည်များကိုသာ မွေးခွင့်ရှိပြီး တောရိုင်းများကိုတော့ မွေးခွင့် မရှိပေ။
ရွှီယန်ကတော့ ဒါတွေကို ဂရုမစိုက်ပါချေ။ လွှတ်ထားသင့်လျှင် လွှတ်ထားလိုက်မည်သာ။ ဘယ်လိုပဲဖြစ်ဖြစ် နေ့တိုင်း သူတို့ကို အစာကျွေးနေခြင်းကလည်း ဘာမှ မဖြစ်ပေ။
ရွှီယန်က မြေခွေးဖြူလေးအတွက် ငါးခြောက် နည်းနည်း ထပ်ချပေးလိုက်ရာ မြေခွေးနီ သုံးကောင်က တကျီကျီ အော်ဟစ်ကာ စိတ်ပူလာကြတော့၏။
ဒီကောင်လေးတွေက အကုန်လုံး အရမ်း ချစ်စရာကောင်းနေတော့ တစ်ဖက်သတ် အခွင့်အရေးပေးရန် တကယ်ကို ခက်ခဲလှသည်။
"သူများတကာက ပင်ပင်ပန်းပန်းနဲ့ လာရတာဆိုတော့ သေချာပေါက် ဗိုက်ဆာနေမှာပေါ့... နည်းနည်းလောက် ကျွေးလိုက်တာပါ... အဲဒီလောက်လည်း သဝန်မတိုကြပါနဲ့... မင်းတို့ကိုလည်း ကျွေးမှာပါ..."
ရွှီယန်က လက်ထဲမှ ငါးခြောက်လေးများဖြင့် အလျင်အမြန် နှစ်သိမ့်ပေးလိုက်၏။
မြေခွေးလေး လေးကောင်စလုံး ငါးခြောက်များကို ပြောင်စင်အောင် စားသောက်ပြီးသွားသည့်အခါ မြေခွေးဖြူလေးက ရွှီယန်၏ လက်ထဲတွင် ငါးခြောက် မရှိတော့သည်ကို မြင်တော့ ခေါင်းလှည့်ကာ ခပ်သုတ်သုတ်လေး ပြေးထွက်သွားတော့သည်။
ရွှီယန် အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားလိုက်ရ၏။ နှမြောစရာ ကောင်းသည်မှာ မြေခွေးဖြူလေးကို မပွတ်သပ်လိုက်ရခြင်းပင်။ ထိုအမွေးလေးများကို ကြည့်ရုံဖြင့်ပင် အလွန် နူးညံ့နေမည်မှာ သေချာသည်။
ထို့အပြင် ဖြူစင်သော တိရစ္ဆာန်လေးများက ပိုပြီး ချစ်စရာကောင်းသည်ဟု ခံစားရ၏။
တရုတ်လူမျိုးများ၏ အလှအပ ခံစားမှုစံနှုန်းများက ဤသို့ပင် ဖြစ်နေသလိုပင်။ အဖြူရောင် တိရစ္ဆာန်လေးများကို နှစ်သက်တတ်ကြသည်။ အယ်လ်ဘီနို ရောဂါရှိသော တိရစ္ဆာန်တချို့အပြင် သဘာဝအတိုင်း အဖြူရောင် ရှိသည့် တိရစ္ဆာန်လေးများလည်း ပါဝင်၏။
ရွှီယန်က ဤကိစ္စ ဤမျှနှင့်ပင် ပြီးသွားပြီဟု ထင်မှတ်ခဲ့ပြီး သိပ်ဂရုမစိုက်ခဲ့ချေ။
သို့သော် ဒုတိယနေ့တွင်တော့ မြေခွေးနီ သုံးကောင် ရောက်မလာခဲ့ဘဲ မြေခွေးဖြူလေးကတော့ လယ်ယာခြံဝင်းသို့ ထပ်မံ ရောက်ရှိလာခဲ့ပြန်သည်။
"ဟင်... ထပ်လာပြန်ပြီလား..."
ရွှီယန်၏ ရင်ထဲတွင် ဝမ်းသာသွား၏။ သူက မြေခွေးဖြူလေးကို ကျွေးရန် ဘီစကွတ်လေးများ ထုတ်ယူလာခဲ့သည်။ ဤတစ်ခါမှာတော့ မြေခွေးဖြူလေးက ရွှီယန်၏ အရှေ့သို့ တိုက်ရိုက် ပြေးလာပြီး နည်းနည်းမှတောင် ရှောင်ဖယ်မနေတော့ပေ။
"ဒီကောင်လေး မြေခွေးနီတွေ မရှိတာကို မြင်တော့ ကပ်လာရဲတာပဲ... တော်တော် ပါးနပ်တာပဲ..."
ရွှီယန်က မနေနိုင်ဘဲ ရယ်မောလိုက်သည်။
ယခုတော့ မြေခွေးဖြူလေးကို ပွတ်သပ်ခွင့် ရသွားပြီ။ ပြောရမည်ဆိုလျှင် ကိုင်တွယ်ရသည့် ခံစားချက်က တကယ်ကို ကောင်းမွန်လွန်းလှ၏။
ထိုအချိန်မှာပင် လယ်ယာခြံဝင်း ဝန်ထမ်း ဝမ်ဝူ ထွက်လာခဲ့ပြီး မြေခွေးဖြူလေးကို မြင်သည့်အခါ သူက အနည်းငယ် အံ့အားသင့်သွားသည်။
"လခွမ်း... ဒီမြေခွေးဖြူက ဘယ်ကရောက်လာတာလဲ... ဒီကိုတောင် ရောက်လာသေးတယ်ပေါ့..."
ထိုစကားကို ကြားသည့်အခါ ရွှီယန်က ပြန်ဖြေလိုက်၏။
"ဆောင်းတွင်းဆိုရင် တော်တော်များများ တွေ့ရတတ်တယ်... လမ်းပေါ်မှာ အစာတောင်းစားနေကြတာလေ... အရင်ကလည်း ချန်ပိုင်တောင်တန်းက မြေခွေးဖြူတွေကို လူအတော်များများ ရိုက်ကူးမိဖူးကြတယ်... ဒီမြေခွေးလေးလည်း ဗိုက်ဆာပြီး စားစရာ နေရာမရှိလို့ ကျွန်တော့်ဆီ ရောက်လာတာ ဖြစ်မယ်..."
ဝမ်ဝူက ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်တို့ဆီမှာ မြေခွေးတွေ တော်တော်များတာပဲ... ဂေဟစနစ်က တကယ်ကို ကောင်းမွန်နေပြီပဲ..."
"အခု တိရစ္ဆာန် အရေအတွက်တွေ ပိုများလာပြီလေ..."
ရွှီယန်က ချစ်စရာကောင်းသော မြေခွေးဖြူလေးကို ပွတ်သပ်ရင်း ပြန်ဖြေလိုက်၏။
မြေခွေးဖြူလေးက ရွှီယန်ကို အလွန် ချစ်စရာကောင်းသော မျက်နှာပေးလေးဖြင့် ကြည့်နေသည်။ ၎င်းက အရမ်းကို လှပလွန်းသဖြင့် လူတိုင်းကို ပွတ်သပ်ချင်စိတ် ပေါက်သွားစေ၏။
ဤကောင်လေးက မြေခွေးနီများထက်ပင် ပို၍ ဆွဲဆောင်နိုင်စွမ်း ရှိသေးသည်။
ထို့အပြင် တမင်သက်သက် တကျီကျီ အော်ပြီး ချွဲနွဲ့မနေဘဲ အထက်စီးဆန်သည့် ဟန်ပန်လေးကိုလည်း ထိန်းသိမ်းထားသေး၏။ ဤသို့ ဖြစ်နေသောကြောင့်ပင် ပို၍ နှစ်သက်စရာ ကောင်းနေခြင်း ဖြစ်သည်။
ရွှီယန်က ဘီစကွတ်လေး အချို့ကို ကျွေးလိုက်ရာ မြေခွေးဖြူလေးက ပျော်ပျော်ရွှင်ရွှင်ဖြင့် စားသောက်လိုက်သည်။ ထို့နောက် ရွှီယန်၏ အရှေ့တွင် ခဏမျှ ပတ်ပြေးနေပြီး ပေါ့ပေါ့ပါးပါးဖြင့် ပြေးထွက်သွားပြန်၏။
ရွှီယန် အတော်လေး ပျော်ရွှင်သွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် သဝန်တိုတတ်သော မြေခွေးနီလေး သုံးကောင်ကို တွေးမိသည့်အခါ သူကိုယ်သူ မိန်းမရှုပ်သည့် ယောက်ျားတစ်ယောက်လို ခံစားနေရ၏။
လာသမျှ အကုန်လက်ခံပြီး ပွတ်သပ်၍ရသည်ကို အကုန် ပွတ်သပ်ပစ်လိုက်ခြင်းပင်။
ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိပေ။ ပွတ်သပ်ရသည်မှာ ပျော်ရွှင်နေလျှင် ရပြီမဟုတ်ပါလား။
"ဒီရက်ပိုင်း နည်းနည်း ပြင်ဆင်ထားကြ... မှန်လုံအိမ်မှာ စိုက်ထားတဲ့ စတော်ဘယ်ရီနဲ့ နဂါးမောက်သီးတွေ မှည့်နေပြီ... မှန်လုံအိမ် တစ်ဝက်စာပဲ ဆိုတော့ အဝယ်တော်တွေ ရှာနေဖို့ မတန်ပါဘူး... ကျွန်တော်တို့ လက်လီပဲ စမ်းရောင်းကြည့်ရအောင်... အချိန်ကျရင် ဈေးထဲ သွားရောင်းကြမယ်... ကျွန်တော့်ရဲ့ စတော်ဘယ်ရီတွေက တခြားလူတွေရဲ့ စတော်ဘယ်ရီတွေနဲ့ အချိန် လွဲနေတာဆိုတော့ ရောင်းရလွယ်မှာပါ..."
ရွှီယန်က ဘေးနားတွင် ရှိနေသော ဝမ်ဝူကို အလုပ်များ ညွှန်ကြားလိုက်၏။
"ဟုတ်ကဲ့ ခြံရှင်... ခင်ဗျား လုပ်မယ်ဆိုရင် ကျွန်တော်တို့လည်း လုပ်မှာပါပဲ..."
ဝမ်ဝူက အလျင်အမြန် သဘောတူလိုက်သည်။
အဝယ်တော်များ ပေးသည့်ဈေးက အတော်လေး နည်းပါးပေသည်။ အကယ်၍ အရေအတွက် မများဘူးဆိုလျှင် ကိုယ်တိုင် သွားရောက် ရောင်းချ၍ ရ၏။
တစ်ခါတစ်ရံတွင် လယ်သမားများက ကုန်တင်ကားလေးများ မောင်းကာ ဖရဲသီး၊ သခွားမွှေးသီးများ လာရောင်းသည်ကို မြင်တွေ့ရတတ်သည်။ ၎င်းမှာ လက်လီရောင်းချပြီး ပိုက်ဆံပိုရှာချင်၍ပင် ဖြစ်၏။
လက်လီရောင်းချသည့် ဈေးနှုန်းက ပိုမြင့်မားသည်။
စတော်ဘယ်ရီနှင့် နဂါးမောက်သီးများကိုလည်း ရွှီယန်က ဤသို့ပင် လုပ်ရန် ရည်ရွယ်ထား၏။
သို့သော် ကြီးမားသည့် ပြဿနာတစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ စတော်ဘယ်ရီများက သိမ်းဆည်းရ ခက်ခဲပြီး ခူးပြီးသည်နှင့် အမြန်ဆုံး ရောင်းချပစ်ရန် လိုအပ်ခြင်းပင်။
ထို့ကြောင့် အရောင်းအဝယ် ကောင်းမကောင်း ဆိုသည်က သူ့အတွက်တော့ မသိနိုင်သေးသည့် အခြေအနေတစ်ခု ဖြစ်ပြီး စိန်ခေါ်မှု တစ်ခုလည်း ဖြစ်၏။ ဘယ်လိုပဲဖြစ်ဖြစ် အရင်ဆုံး စမ်းကြည့်ရမည်သာ။
အချိန်ကျလျှင် ကိုယ့်ဆိုင်ထဲတွင်လည်း နည်းနည်း ချရောင်း၍ ရသည်။
အကယ်၍ အဆင်မပြေလျှင် သစ်သီးရောင်းသော ဆွေမျိုးများထံ သွားရှာလိုက်မည်။ သေချာပေါက် ရောင်းချင်သည်ဆိုလျှင် ဘယ်လိုနည်းနှင့်မဆို ဖြေရှင်း၍ ရပေသည်။
လယ်ယာခြံဝင်းထဲမှ တိရစ္ဆာန်များကတော့ ယခင်အတိုင်းပင် တက်ကြွလန်းဆန်းနေကြ၏။
မြင်းနက်၊ ခွေးနှစ်ကောင်နှင့် ဒရယ်ပြောက်လေးတို့က အမြဲတမ်း အတူတူ ဆော့ကစားနေတတ်ကြသည်။ သိပ်ပြီး ဆူဆူညံညံတော့ မလုပ်ကြဘဲ ဟိုဟိုဒီဒီ လမ်းလျှောက်နေကြခြင်းသာ ဖြစ်၏။
ရွှီယန်က တစ်ခါတစ်ရံ မြင်းစီးပြီး လယ်ယာခြံဝင်းကို တစ်ပတ်ခန့် ပတ်ကြည့်တတ်သည်။
သန်မာသော မြင်းကြီးကို စီးပြီး ကိုယ့်ပိုင်နက်ကို စစ်ဆေးရခြင်းကလည်း အတော်လေး ဇိမ်ကျသည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်၏။
ပိုင်နက်က နည်းနည်း သေးငယ်နေသည်သာ ရှိသည်။ နောက်နှစ်ကျလျှင် ပိုကြီးတာတစ်ခု ငှားရမ်းရမည်။
ရွှီယန်က မှန်လုံအိမ်ထဲသို့ ဝင်သွားပြီး ကြီးထွားနေသော စတော်ဘယ်ရီများကို ကြည့်ရှုလိုက်၏။
ဤစတော်ဘယ်ရီများက ကြီးမားပြီး နီရဲနေကာ ပုံစံကလည်း အလွန် လှပလှသည်။ ထို့အပြင် ပိုးမွှားကျရောက်မှုလည်း လုံးဝ မရှိသလောက်ပင်။
သူက တစ်လုံး ခူးပြီး အရသာ မြည်းစမ်းကြည့်လိုက်၏။
စားရသည်မှာ အိစက်နေပြီး အရည်ရွှမ်းကာ အရသာကလည်း အလွန် မွှေးပျံ့နေသည်။ နို့နံ့လေးတောင် အနည်းငယ် ပါဝင်နေသေးသလိုပင်။
ဤမျှ ကြီးမားသည့် အရွယ်အစားနှင့်တင် အရည်အသွေးမြင့် စတော်ဘယ်ရီမှန်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပြီး ပိုက်ဆံအများကြီး ရနိုင်မည်မှာ သေချာပေသည်။
ဘာပဲဖြစ်ဖြစ် စတော်ဘယ်ရီ၏ ဈေးနှုန်းကလည်း မနိမ့်ပါချေ။ ယခု ဈေးကွက်ထဲတွင် စတော်ဘယ်ရီ သိပ်မရှိသဖြင့် သူ့၏ စတော်ဘယ်ရီများက ရောင်းရလွယ်ကူမည်မှာ သေချာသည်။
နှစ်ရက်ခန့် ကြာပြီးနောက် ရွှီယန်က ဝန်ထမ်းများကို ခေါ်ယူစုစည်းကာ အလုပ်တာဝန်များ စတင် ခွဲဝေပေးလိုက်၏။
"ကျွန်တော် စက်ရုံကနေ ပလတ်စတစ် ခြင်းတောင်း အစိမ်းရောင်လေးတွေ အများကြီး မှာထားတယ်... ကျွန်တော်တို့ စတော်ဘယ်ရီ ခူးပြီး အဲဒီထဲမှာ ထည့်စီကြမယ်... ပြီးရင် အဲဒီလို အစီအစဉ်တကျလေးနဲ့ အပြင်မှာ ထုတ်ရောင်းကြတာပေါ့... စတော်ဘယ်ရီ တစ်တောင်းကို ဘယ်လိုပဲဖြစ်ဖြစ် ယွမ် လေးငါးဆယ်လောက်တော့ ရမှာပဲ... အာ... မဟုတ်ဘူး... ယွမ် လေးငါးဆယ်က ပုံမှန် ဈေးနှုန်းလေ... အခု ဆယ်လပိုင်းဆိုတော့ စတော်ဘယ်ရီ သိပ်မရှိသေးဘူး... တစ်တောင်းကို ယွမ် ခြောက်ဆယ်လောက် ရောင်းရမယ်... လမ်းကြောင်းလည်း ကျွန်တော် ဆက်သွယ်ထားပြီးပြီ... စခူးကြရအောင်... မင်းတို့ ခူးကြ... ကျွန်တော် စီထည့်မယ်... မနက်ပိုင်း အရင် တစ်သုတ်လောက် ခူးထားပြီး နေ့လယ်ကျရင် ကျွန်တော် သွားရောင်းမယ်... ဘယ်လို အခြေအနေ ရှိမလဲဆိုတာ ကြည့်ရအောင်..."
ရွှီယန်၏ အစီအစဉ်များကို ကြားသည့်အခါ အားလုံးက သဘောတူလိုက်ကြပြီး အလုပ်များ စတင် လုပ်ဆောင်ကြတော့၏။
လယ်ယာခြံဝင်းက ရိတ်သိမ်းချိန်ကို ထပ်မံ ရောက်ရှိလာခဲ့ပြန်ပြီ။
သာမန် လယ်သမားများက ဆောင်းဦး အစပိုင်းမှာပင် အလုပ်များ ပြီးစီးသွားကြပြီး ဆောင်းဦး နှောင်းပိုင်း ရောက်လျှင် ဘာအလုပ်မှ မရှိကြတော့ပေ။
ရွှီယန်၏ လယ်ယာခြံဝင်းကတော့ ပြောင်းပြန်ပင်။ ဤအချိန်ရောက်မှ အလုပ်များ စတင် များပြားလာတော့ခြင်း ဖြစ်၏။
ဤသည်ကလည်း ကောင်းပါတယ်။ သူ ငွေရှာရမည့် အချိန် ရောက်လာပြီ မဟုတ်ပါလား။