ဖြတ်သန်းလာခဲ့သော ခရီးလမ်း
Vol. 26 Ch. 276
ပြည်နယ်အတွင်း ဝင်ရောက်လာကာ တောင်ပိုင်းနယ်စပ်မှ ထွက်ခွာလာခဲ့၏။ မြင်းလှည်းက အရှိန်အဟုန်ဖြင့် ပြေးနှင်လာကာ ခွန်လွန်တောင်ကြား အပြင်ဘက်တွင် ရပ်တန့်သွား၏။
“လီယွမ်.. ဒါ ရှင့်ရဲ့ အိမ်လား”
ဓားနတ်သမီးက မေးမြန်းလိုက်၏။
“အဲ့ဒီလို ပြောလို့ရတယ်.. မင်း ဒီမှာပဲ စောင့်နေနော်.. ငါ ခဏလောက် ဝင်သွားပြီး ချက်ချင်း ပြန်လာခဲ့မယ်”
လီယွမ်က ပြုံးရွှင်စွာ တုံ့ပြန်လိုက်၏။
“အင်း”
ဓားနတ်သမီးက ခေါင်းညိတ်ပြ၏။ ထို့နောက် မြင်းလှည်းပေါ်သို့ ပြန်ထိုင်ကာ နှင်းပွင့်ကြွေ နတ်ဘုရားဓားကို စတင် သုတ်သင် ရှင်းလင်းနေတော့သည်။
“ကျွီ..”
ပုစဉ်းရင်ကွဲ အော်မြည်သံ ထွက်ပေါ်လာကာ လီယွမ်သည် ထိုအရပ်မှ ရုတ်တရက် ပျောက်ကွယ်သွား၏။
သူသည် ခွန်လွန်တောင်ကြား၏ အနက်ရှိုင်းဆုံး အရပ်ဆီသို့ ရောက်ရှိလာ၏။ တစ်ချိန်က ဖုန်းချန်း အခမ်းအနား ကျင်းပခဲ့သော တောင်ခြေရင်းပင်။
မလှမ်းမကမ်းတွင်မူ ထျန်းယန် တောင်ထိပ်က တိမ်တိုက်များ အတွင်းသို့ ထိုးဖောက် ထွက်ပေါ်နေသည်။ လီယွမ်က တောင်ထိပ်ကို မော့ကြည့်လိုက်၏။ ထိုအရပ်တွင် အထီးကျန်စွာ စောင့်ကြပ်နေသော သူတစ်ယောက်ကို မြင်တွေ့နေရသည့်အလားပင်။
‘သူများလား..’
လီယွမ်သည် အဒေါ်ဖြစ်သူ အန်းမူယောင် ပြောပြခဲ့သော စကားများကို အမြဲတမ်း မှတ်မိနေ၏။ တော်ဝင်သမားတော် ၏ မြေးဖြစ်သူကို ညဇီးကွက်ဘုရင်က ညဇီးကွက် အစောင့်တပ် အတွင်းသို့ တာဝန် ချထားခဲ့ကာ သူ၏ အမှတ်အသားကို လျှို့ဝှက်ထားခဲ့ကြောင်းပင်။
‘ခက်ခဲလှချေလား.. ဖုန်းချန်း အခမ်းအနား ပြီးဆုံးပြီးတော့ မကြာခင်မှာပဲ သူ့ကို ပြန်ပို့လိုက်တာလား.. အဲဒီနောက်ပိုင်း ထျန်းယန် တောင်ထိပ်မှာပဲ အမြဲတမ်း တပ်စွဲထားတာလား..’
“ဂလု.. ဂလု..”
ရှစ်ခွင်လွှမ်း ကံကြမ္မာကူ ရွှေရောင် ရတနာလေးက သူ၏ ရင်ခွင်ထဲမှ တွားသွား ထွက်ပေါ်လာ၏။
လီယွမ်က သဘောပေါက်သွား၏။ ချက်ချင်းပင် ချီယွမ် ကောင်းကင်နဂါး နည်းစနစ်ကို အသက်သွင်းကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
ဧရာမ သံကြိုးကြီး ရှစ်ချောင်းက အရပ်ရှစ်မျက်နှာမှ ခွန်လွန်တောင်ကြား ဆီသို့ စုဆုံ ဝင်ရောက်နေသည်ကို မြင်တွေ့လိုက်ရ၏။ ကိုးခုမြောက် သံကြိုးကြီးကမူ ကောင်းကင်ဘုံဆီသို့ တည့်မတ်စွာ ထိုးတက်သွားသည်။ ဤ ကံကြမ္မာ သံကြိုးကြီးများ အားလုံးသည် ဗဟိုချက် တစ်ခုတည်းသို့ ချိတ်ဆက်နေကြ၏။
ထိုဗဟိုချက်မှာ ထျန်းယန် တောင်ထိပ်တွင် တပ်စွဲထားသော ထိုလူပင်။ ဤအခိုက်အတန့်တွင် ထိုလူမှာ တော်ဝင်သမားတော် ၏ မြေးဖြစ်ကြောင်း လီယွမ် အသေအချာ အတည်ပြုနိုင်ခဲ့ပြီ။ မိမိ၏ အရိုးများနှင့် အစားထိုးခံခဲ့ရသော တော်ဝင်သမားတော် ၏ မြေးဖြစ်သူ သာလျှင် ဤသို့ လုပ်ဆောင်နိုင်စွမ်း ရှိကာ တာ့ယန် ၏ ကံကြမ္မာ ဗဟိုချက် ဖြစ်လာရန် အရည်အချင်း ပြည့်မီသူ ဖြစ်၏။
သူက မျက်လုံးကို မှေးစင်းကာ သေချာစွာ လေ့လာ ကြည့်ရှုလိုက်သည်။ သံကြိုး ရှစ်ချောင်း အနက်မှ နှစ်ချောင်းမှာ အလွန်တရာ ထူးခြားနေကြောင်း လီယွမ် ရှာဖွေ တွေ့ရှိသွား၏။ တစ်ချောင်းစီတိုင်းတွင် အခြားသော သယ်ဆောင်သူ တစ်ဦးစီ ရှိနေကာ အနောက်မြောက်ဘက်နှင့် အနောက်ဘက် တည့်တည့်မှ အသီးသီး ထွက်ပေါ်လာခြင်းပင်။
ဤအရပ်မျက်နှာ နှစ်ခုသည် ဟန်ဟိုင်နယ်မြေမှ ဟန်ဘုရင် ဟိုင်ဝူကျင်း နှင့် ချန်ဖုန်းနယ်မြေမှ ချန်ဘုရင် ကျောက်ချန်ဖုန်း တို့၏ ပိုင်နက် နယ်မြေများနှင့် တိုက်ဆိုင်နေတော့သည်။
“ဒီလိုကိုး..”
လီယွမ် ရုတ်တရက် သဘောပေါက်သွား၏။
“ညဇီးကွက်ဘုရင်က တော်ဝင် အာဏာကို အားနည်းအောင် လုပ်ဖို့ ရဲရဲတင်းတင်း ကြိုးစားနေတာ.. ထိုက်ဇူဧကရာဇ် ချမှတ်ခဲ့တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရဲတာ အံ့ဩစရာ မရှိတော့ပါဘူး.. သူက တာ့ယန် ရဲ့ တည်ဆောက်ပုံကို ဒီလိုမျိုး ပြောင်းလဲပစ်ခဲ့တာကိုး”
‘သူ နောက်ထပ် ဘာဆက်လုပ်မလဲ.. တော်ဝင် အာဏာကို စည်းလုံးပြီးတဲ့နောက် ကံကြမ္မာ အရှိန်အဝါ တွေကနေ တစ်ဆင့် ငါ့ရဲ့ တည်နေရာကို တစ်နည်းနည်းနဲ့ ရှာဖွေ ဖော်ထုတ်မှာလား.. ဒါမှမဟုတ် သူ့ရဲ့ အစီအစဉ် တစ်ခုခုကို အောင်မြင်အောင် လုပ်ဖို့ အသုံးချမှာလား..’
သူ သတိထားနေမိ၏။ ညဇီးကွက်ဘုရင်၏ မသိနိုင်သော ရည်ရွယ်ချက်များကို ဘေးဖယ်ထားမည် ဆိုလျှင်ပင် တော်ဝင် အာဏာကို စည်းလုံးလိုက်ခြင်းက လီယွမ် အတွက် အကျိုးကျေးဇူး များစွာကို ယူဆောင်လာပေးသည်။
ခွန်လွန် ဟင်းလင်းပြင် နဂါးသွေးကြော က ဖိနှိပ်ထားသော ဧရာမ ကံကြမ္မာ အရှိန်အဝါ များကို သူ အသုံးပြုနိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။ အခြေခံ အားဖြင့် ၎င်းတို့သည် လီ မျိုးနွယ် တော်ဝင် မိသားစု ၏ ပိုင်ဆိုင်မှုသာ ဖြစ်နေဆဲပင်။
လီယွမ်နှင့် ညဇီးကွက်ဘုရင် ကြားတွင် တူညီသော အကျိုးစီးပွားများ အမြဲတမ်း ရှိနေခဲ့၏။ တစ်ဖက်လူကို ရန်သူ အဖြစ် သတ်မှတ်ထားသော အချိန်ကာလမှစတင်ကာ ထီးနန်း တက်လှမ်းမည့် အချိန်အထိ သူတို့၏ အကျိုးစီးပွားများမှာ အတူတူပင် ဖြစ်ကြောင်း လီယွမ် ခံစားနေရသည်။
သူ စိုးရိမ်နေမိသည်ကား.. မျက်စိတစ်မှိတ် အတွင်းမှာပင် အကျိုးစီးပွားများ ကွဲလွဲသွားပါက နှစ်ဖက်စလုံးသည် လုံးဝ ဖြေရှင်းမရနိုင်သော ကမ္ဘာမကြေ ရန်သူများ ဖြစ်သွားနိုင်ခြင်းပင်။
ထျန်းယန် တောင်ထိပ် ပေါ်တွင်
မျက်လုံး မှိတ်ကာ အနားယူနေသော လူငယ်လေးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသကဲ့သို့ ရုတ်တရက် မျက်လုံးများ ပွင့်လာ၏။
“ဘယ်သူလဲ..”
သူ၏ မျက်ဝန်းများတွင် ရွှေရောင် အလင်းတန်းများ လျှပ်ခနဲ တောက်ပသွားသည်။ တလိမ့်လိမ့် တက်လာသော ကံကြမ္မာ အရှိန်အဝါ များကို ခြယ်လှယ်နေသည့် လက္ခဏာများကို သူ မြင်တွေ့လိုက်ရ၏။ တစ်စုံတစ်ယောက်က နဂါးသွေးကြော ကို တိတ်တဆိတ် ထောက်လှမ်းနေခြင်းပင်။ ထို ချီ အငွေ့အသက်က တောင်အောက်တွင် တည့်တည့် ရှိနေသည်။
လှောင်ချိုင့် အတွင်းမှ ငှက်ငယ်လေး၏ နှလုံးသားထဲတွင် ထိတ်ခနဲ ဖြစ်သွားကာ ထူးဆန်းသော ရင်းနှီးမှု တစ်ခုကို ခံစားလိုက်ရ၏။
‘ဒုက္ခပဲ.. သူ.. သူပဲ.. သူ ပြန်လာပြီလား..’
ထိုအရာက ဘဝ၏ စစ်မှန်သော လှောင်ချိုင့်ကြီးပင်။ ဤငှက်ငယ်လေး မည်သည့်အချိန်မှ လွတ်မြောက်အောင် မပျံသန်းနိုင်သော လှောင်ချိုင့်ကြီး တစ်ခုတည်း။
မျက်စိတစ်မှိတ် အတွင်းမှာပင် လူငယ်လေးသည် တောင်ခြေရင်းသို့ ရောက်ရှိလာ၏။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း တောင်တန်းများနှင့် သစ်တောများမှာ လုံးဝ တိတ်ဆိတ် ငြိမ်သက်နေကာ လူသူ အရိပ်အယောင် တစ်ခုမျှ မရှိချေ။
‘ငါ အရမ်းတွေးပူနေတာလား.. အဲ့ဒီလူက ငါ့ကို အချိန်အကြာကြီး နှောင့်ယှက်နေလို့ စိတ်ကယောင်ချောက်ချား တွေတောင် ဖြစ်ကုန်တာလား..’
လူငယ်လေးက သူ၏ နားထင်ကို ပွတ်သပ်လိုက်သည်။
“ဟူး..”
သူက သူ၏ စိတ်အခြေအနေကို အမြန်ဆုံး ပြန်လည် ထိန်းချုပ်လိုက်၏။
‘ဘာလို့ ဒီလောက်တောင် တွေးနေရတာလဲ.. တစ်နေ့နေ့တော့ သူ ပြန်လာမှာပါပဲ.. ငါနဲ့ တစ်ခါမှ မသက်ဆိုင်ခဲ့တဲ့ အရာတွေ အားလုံးကို သူ ပြန်ယူသွားမှာပဲလေ..’
သူနှင့် အစကတည်းက သက်ဆိုင်ခဲ့သော အရာများ အားလုံးကတော့.. သူ့ထံ ပြန်လည် ပေးအပ်မည့်သူ တစ်ယောက်မျှ မရှိတော့သည့်အလားပင်။
ခွန်လွန်တောင်ကြား၏ အပြင်ဘက်တွင်
လီယွမ် မြင်းလှည်း ဆီသို့ ပြန်ရောက်လာ၏။
သူက ကောက်ရိုးဦးထုပ်၏ အရှေ့ဘက် အစွန်းကို အနည်းငယ် ဆွဲချလိုက်ကာ ခရီးဆက်ရန် ပြင်ဆင်လိုက်သည်။ ထိုစဉ် ဆယ်ကျော်သက် လူငယ် အချို့က သူ၏ အရှေ့မှ ရုတ်တရက် ပြေးထွက်လာကာ လမ်းပိတ်ရပ်လိုက်ကြ၏။
“ဦးလေး.. ကျွန်တော်တို့ကို လိုက်ပို့ပေးလို့ ရမလား..”
ကောင်လေးများ အားလုံးမှာ ရိုးရှင်းစွာ ဝတ်ဆင်ထားကြကာ အသက် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ် အရွယ်ခန့် ရှိကြကာ အနီးအနားရှိ ရွာများမှ ဖြစ်ဟန်တူသည်။
“မင်းတို့ ဘယ်သွားမလို့လဲ..”
လီယွမ်က ခေါင်းမမော့ဘဲ မေးမြန်းလိုက်၏။
“ကျန်းနန် ကို သွားမလို့ပါ..”
လူငယ်များက တညီတညွတ်တည်း ဖြေကြားလိုက်ကြသည်။
“ကျန်းနန် က ဒီကနေ သွားရင် အဝေးကြီးပဲနော်..”
ဤလမ်းကြောင်းမှာ လီယွမ် သွားမည့် လမ်းကြောင်းနှင့် တူညီနေကာ လင်းရှောင် ဓားဂိုဏ်း ကလည်း ကျန်းနန် တွင် တည်ရှိနေခြင်းပင်။
“ဝေးလည်း သွားမှာပဲ..”
ကောင်လေးများက ရှေ့သို့ တိုးလာကာ လီယွမ်ထံသို့ ငွေထုတ် တစ်ထုတ် ကမ်းပေးလိုက်၏။
“ဦးလေးကို ခရီးစရိတ် ပေးနိုင်ပါတယ်..”
“ငါက မင်းတို့ကို ရောင်းစားလိုက်မှာ မကြောက်ဘူးလား..”
လီယွမ်က နောက်ပြောင် မေးမြန်းလိုက်၏။
ကောင်လေးက ပြုံးရွှင်စွာဖြင့် တုံ့ပြန်လိုက်သည်။
“အခု လောကကြီးက ငြိမ်းချမ်းနေပြီလေ.. နတ်ဆိုးတွေနဲ့ မိစ္ဆာတွေ သောင်းကျန်းနေတဲ့ အချိန်မှ မဟုတ်တာ.. တာ့ယန် နိုင်ငံတော်က ကြီးပွား တိုးတက်နေကာ ပြည်သူတွေကလည်း အေးချမ်းနေကြတယ်.. ညဘက်ဆိုရင် တံခါးတွေတောင် မပိတ်ကြသလို လမ်းပေါ်က ပစ္စည်းတွေကိုလည်း ဘယ်သူမှ မကောက်ကြတော့ဘူး.. ဘယ်သူမှ ဒီလို ပြဿနာများတဲ့ အလုပ်မျိုးကို လုပ်မှာ မဟုတ်ပါဘူး..”
“ကလေး သူခိုးတွေကို သေဒဏ် ပေးထားတာလေ.. ဦးလေးရဲ့ မြင်းလှည်းက သေသေချာချာ ထုဆစ်ပြီး အလှဆင်ထားတာ ဆိုတော့ သာမန် ကုန်သည် တစ်ယောက် မဟုတ်တာ သေချာတယ်.. ဦးလေးက ဒီလို မကောင်းတဲ့ အလုပ်တွေမှာ ပါဝင်ပတ်သက်နေမှာ မဟုတ်ပါဘူး..”
လီယွမ် ရုတ်တရက် သဘောပေါက်သွား၏။ သူသည် တောင်တန်းများပေါ်တွင် အချိန်အကြာကြီး နေထိုင်ခဲ့ကာ စစ်ပွဲများ ပြည့်နှက်နေသော တောင်ပိုင်းနယ်စပ် တွင်သာ အမြဲတမ်း ရှိနေခဲ့သဖြင့် အလယ်ပိုင်း လွင်ပြင် ကြီး ငြိမ်းချမ်းနေခဲ့သည်မှာ အလွန် ကြာမြင့်ခဲ့ပြီ ဆိုသည်ကို ပင် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
ဤလူငယ်လေးများ သည် ငြိမ်းချမ်းသော ခေတ်ကာလ တစ်ခုတွင် မွေးဖွားလာခဲ့ကြသူများပင်။ သူ၏ ငယ်ဘဝနှင့် လုံးဝ ခြားနားနေ၏။ ဤခရီးလမ်းသည် သူ ဖြတ်သန်း လာခဲ့သော လမ်းခရီးနှင့် မတူညီတော့ချေ။
“အချိန်တွေ အများကြီး ကုန်လွန်သွားခဲ့ပြီပဲ..”
လီယွမ်က လက်ဝှေ့ယမ်းပြလိုက်သည်။
“မြင်းလှည်းပေါ် တက်ကြ.. ဒါပေမဲ့ အထဲတော့ ဝင်ခွင့် မရှိဘူးနော်.. မင်းတို့ ခံနိုင်ရည် ရှိပါ့မလား..”
“သေချာပေါက် နေနိုင်တာပေါ့..”
ကောင်လေးများက ဂုဏ်ယူ ဝင့်ကြွားစွာ ပြန်ဖြေကြ၏။
“ကျွန်တော်တို့ အားလုံးက ဂိုဏ်းတွေကို ဝင်ပြီး အနာဂတ်မှာ သူရဲကောင်းကြီးတွေ ဖြစ်လာကြမယ့် လူတွေလေ.. ဒီလောက် အခက်အခဲလေး ကတော့ ကျွန်တော်တို့အတွက် ဘာမှ မဟုတ်ပါဘူး.. ဟုတ်တယ်မလား..”
လီယွမ်၏ ခွင့်ပြုချက် ရရှိသည့်နောက် ကောင်လေးများက မြင်းလှည်းပေါ်သို့ တွယ်တက်သွားကြကာ အတွင်းဘက်သို့ လုံးဝ မကြည့်ဘဲ အရှေ့ဘက် အစွန်းတွင် လိမ္မာစွာ ထိုင်လိုက်ကြ၏။
“ဦးလေး.. ဦးလေးက သိုင်းသမား တစ်ယောက်လား..”
အတက်ကြွဆုံး ကောင်လေးက မေးမြန်းလိုက်သည်။
“မင်း ဘယ်လို ထင်လို့လဲ..”
လီယွမ်က ခေါင်းမော့ကြည့်လိုက်၏။
လီယွမ်၏ မျက်နှာ အစစ်အမှန်ကို မြင်တွေ့လိုက်ရချိန်တွင် ကောင်လေးများ အားလုံး အံ့အားသင့်သွားကြသည်။
“ဟာ.. ဦးလေး မဟုတ်ဘူးပဲ.. အစ်ကိုကြီး ဖြစ်နေတာကိုး..”
“မင်းတို့က ဂိုဏ်းတွေကို ဝင်ဖို့ ကျန်းနန် ကို သွားကြတာလား..”
လီယွမ်က မေးလိုက်၏။
“ဟုတ်ပါတယ်..”
ကောင်လေးများက တညီတညွတ်တည်း ပြန်ဖြေကြသည်။
“မင်းတို့ အားလုံးက ဘယ်ဂိုဏ်းကို ဝင်ချင်ကြတာလဲ..”
လီယွမ်က မြင်းကို နှင်ရင်း ကောင်လေးများနှင့် စကားစမြည် ပြောဆိုနေလေ၏။
“ကျွန်တော်ကတော့ ရှူတောင် ဂိုဏ်းကို ဝင်ချင်တာ.. နတ်ဆိုးတွေနဲ့ မိစ္ဆာတွေကို သတ်ဖြတ်ဖို့လေ..”
“ကျွန်တော်ကတော့ လင်းရှောင် ဓားဂိုဏ်း ကို ဝင်ပြီးတော့ ဓားတစ်လက်နဲ့ လောက တစ်ခွင်မှာ လှည့်လည် သွားလာချင်တာ..”
“ကူသခင် လမ်းစဉ်က မကြာသေးခင်ကမှ ကျန်းနန် မှာ ဂိုဏ်းခွဲ တစ်ခု လာဖွင့်တယ်လို့ ကြားတယ်.. ကျွန်တော်က.. ကျွန်တော်က ကူသခင် တစ်ယောက် ဖြစ်ချင်တာပါ..”
“ကျွန်တော်ကတော့ ထျန်းဝေ့ထျန်း ကို သွားချင်တယ်.. အဲ့ဒီအရပ်က အလွတ်လပ်ဆုံး အရပ်ပဲလေ..”
ဆယ်ကျော်သက် ငါးဦး အနက်မှ လေးဦးမှာ ကျားကို မကြောက်သော နွားပေါက်လေးများ အလား ရည်မှန်းချက် ကြီးမားကာ အကြောက်တရား ကင်းမဲ့နေကြ၏။ ထို ကြီးကျယ် ခမ်းနားလှသော အင်အားစုကြီးများက သူတို့နှင့် မည်မျှ ဝေးကွာနေသည်ကို လုံးဝ မသိရှိနားလည်ရှာကြချေ။
ဤလူငယ်များ၏ ခန္ဓာကိုယ် အရည်အသွေးများမှာ အလွန် ညံ့ဖျင်းလွန်းလှသဖြင့် တတိယတန်းစား ဂိုဏ်း တစ်ခုသို့ပင် ဝင်ရောက်နိုင်ရန် အတော်လေး ရုန်းကန်ရပေလိမ့်မည်။
သို့သော်ငြား ထိုလူစုတွင် ခန္ဓာကိုယ် လေ့ကျင့်မှု ဆိုင်ရာ အခြေခံ အုတ်မြစ် အချို့ ရှိနေကာ အများစုမှာ စီနီယာ တစ်ဦး၏ လမ်းညွှန်မှုကို အချိန်အတန်ကြာ ခံယူထားခဲ့ကြောင်း လီယွမ် အကဲခတ် မိလေ၏။
ထို့နောက် သူက ငါးဦးထဲတွင် အငယ်ဆုံး ဖြစ်သော ကောင်မလေးကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ညီမလေးကကော.. မင်းရဲ့ ကြီးမားတဲ့ ရည်မှန်းချက် အကြောင်းကို ဘာလို့ မပြောပြတာလဲ..”
“ကျွန်မ.. ကျွန်မက..”
ကောင်မလေးမှာ အလွန် ရှက်ရွံ့နေပုံ ရ၏။ အချိန်အတော်ကြာ တွေဝေနေကာ နောက်ဆုံးတွင် မျက်လုံးများကို မှိတ်ကာ အော်ပြောလိုက်တော့သည်။
“ကျွန်မ.. ကျွန်မက ညဇီးကွက် အစောင့်တပ် ထဲကို ဝင်ချင်တာပါ..”