← Chapters

တောင့်တနေသော ကောင်မလေး

Vol. 26 Ch. 277

တောင့်တနေသော ကောင်မလေး

Vol. 26 Ch. 277

“မင်းက ညဇီးကွက် အစောင့်တပ် ကို ဝင်ချင်တာလား..”

ဤအဖြေက လီယွမ်ကိုပင် အံ့အားသင့်သွားစေ၏။

သာမန် ပြည်သူလူထု၏ စိတ်ကူးထဲတွင် ညဇီးကွက် အစောင့်တပ် ဆိုသည်မှာ နတ်ဆိုးများ.. မိစ္ဆာများနှင့် အဆင့်တူလောက် ဖြစ်နေပြီး ရက်စက် ကြမ်းကြုတ်သော.. သွေးအေးသော.. သနားညှာတာမှု ကင်းမဲ့သော တော်ဝင် ရုပ်သေးရုပ်များ အဖြစ် သတ်မှတ်ထားကြ၏။

အလယ်ပိုင်း လွင်ပြင်ကို ငြိမ်းချမ်းအောင် လုပ်ဆောင်ရာတွင် ညဇီးကွက် အစောင့်တပ် က ကြီးမားသော အကျိုးပြုမှုများ လုပ်ဆောင်ခဲ့သည်။

သို့သော် ညဇီးကွက်ဘုရင် က သူ့ကိုယ်သူ မြှင့်တင် ပြောဆိုသောအခါ အမြဲတမ်း တော်ဝင် မိသားစု၏ ကရုဏာ ဆိုသောအရာကိုသာ အကြောင်းပြလေ့ ရှိပေသည်။

အမှန်တရားကို မသိကြသော ပြည်သူများ အတွက်တော့ အရာအားလုံးက နဂါးမြို့တော် တွင် ဒဏ်ရာမှ သက်သာရန် နားနေရသော မင်းသားငယ်လေး ကျေးဇူးကြောင့်ဟုသာ ထင်မှတ်နေကြ၏။

ညဇီးကွက် အစောင့်တပ် ကတော့ နောက်ဆုံးတွင် ဓားတစ်လက် သက်သက်သာ ဖြစ်နေဆဲပင်။

တူညီသော မြေကြီးပေါ်တွင် နေထိုင်ကြသော်လည်း လူတို့သည် လုံးဝ ခြားနားသော ကမ္ဘာများတွင် ရှင်သန်နေကြပြီး နောက်ခံ အခြေအနေများကလည်း အလွန် ကွာခြားလွန်းလှသည်ဟု လီယွမ် မချီးကျူးဘဲ မနေနိုင်တော့ချေ။

ဤသို့သော အခြေအနေမျိုးတွင် ကောင်မလေးက ညဇီးကွက် အစောင့်တပ် ကို ဝင်ချင်သေးသည် ဆိုခြင်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေ၏။

“မင်းက ဘာလို့ ညဇီးကွက် အစောင့်တပ် ကို ဝင်ချင်တာလဲ..”

လီယွမ်က မေးမြန်းလိုက်သည်။

“သူ့အမေ ကြောင့်လေ..”

ကောင်မလေး စကားမပြောနိုင်ခင် အခြား ကောင်လေး တစ်ယောက်က ချက်ချင်း ဝင်ရောက် ဖြတ်ပြောလိုက်သည်။

“သူ့အမေက အရူးမ တစ်ယောက်လိုပဲ.. ခွန်လွန် တောင်ကြားထဲကို မကြာခဏ ဝင်ပြီး အဲ့ဒီက ညဇီးကွက် အစောင့်တပ် တစ်ယောက်ကို သွားရှာနေတာ.. အဲ့ဒီလူက ရွာသူရွာသားတွေ အပေါ် အကျိုးပြုတဲ့ လူကောင်းကြီးတဲ့လေ..”

“ဖက်တီး.. ငါ့အမေ အကြောင်း အဲ့ဒီလို မပြောနဲ့.. ငါ့အမေ မရူးဘူး..”

ကောင်မလေးက ဒေါသတကြီး စိုက်ကြည့်လိုက်၏။

ဖက်တီးက နှုတ်ခမ်းစူလိုက်သည်။

“ဒါက အမှန်တရားပဲလေ.. ငါ တစ်ယောက်တည်း ပြောနေတာမှ မဟုတ်တာ..”

ကောင်မလေးက ဒေါသတကြီး အော်ဟစ်လိုက်၏။

“ငါ့အမေသာ ရွာကို ခန္ဓာကိုယ် သန်မာစေတဲ့ နည်းလမ်း ယူမလာပေးရင်.. နင်တို့ အားလုံး သိုင်းပညာ သင်နိုင်ပါ့မလား.. နင်တို့ အားလုံးက ကျေးဇူးကန်းတဲ့ ကောင်တွေပဲ..”

ကောင်မလေး၏ စကားအား ဖက်တီးက ပြန်လည် ချေပလိုက်သည်။

“ဒါပေမဲ့ အဲ့ဒါက ညဇီးကွက် အစောင့်တပ် က ငါတို့ကို ခန္ဓာကိုယ် သန်မာစေတဲ့ နည်းလမ်း ပေးတယ်လို့ သက်သေပြနေတာမှ မဟုတ်တာ..”

“ညဇီးကွက် အစောင့်တပ် က ပေးတာပဲ..”

ကောင်မလေး မျက်နှာ ရဲတက်သွားပြီး ဒေါသတကြီး တုံ့ပြန်လိုက်၏။

“ငါ့အမေ ကိုယ်တိုင် ငါ့ကို ပြောပြတာ.. ညဇီးကွက် အစောင့်တပ် က လူတွေ အားလုံး လူဆိုးတွေလို့ နင်တို့ ဘာလို့ ထင်နေရတာလဲ.. နင်တို့ စိတ်ထားတွေကပဲ ဆိုးနေတာ..”

ဖက်တီးက နှာခေါင်းရှုံ့လိုက်သည်။

“လူတိုင်းက ဒီလိုပဲ ပြောကြတာလေ.. ညဇီးကွက် အစောင့်တပ် က လူတွေရဲ့ လက်ပေါ်မှာ အသက်ပေါင်း မရေမတွက်နိုင်အောင် ရှိတယ်.. သူတို့ အားလုံးက ရက်စက်တဲ့ ကွပ်မျက်သူတွေချည်းပဲ.. သူတို့က ဒီလောက် သဘောကောင်းနေစရာ အကြောင်း မရှိဘူး..”

“ဒါဆို ငါ့ရဲ့ ခန္ဓာကိုယ် သန်မာစေတဲ့ နည်းလမ်း ပြန်ပေး..”

ကောင်မလေးက သူ့အပေါ် ခုန်အုပ်လိုက်ပြီး ဖက်တီးကို မြေပြင်ပေါ် ဖိချလိုက်၏။ သူမက သိမ်မွေ့ နုနယ်ပုံ ရသော်လည်း အံ့အားသင့်စရာ ကောင်းလောက်အောင် ခွန်အား ကြီးမားနေပြီး ဖက်တီးကို ပြန်မခုခံနိုင်အောင် ရိုက်နှက်နေတော့သည်။

လီယွမ်ကတော့ အတွေးနက်နေပုံ ရ၏။

သူ၏ အာရုံခံစားမှု အရ ယခုအခါ ခွန်လွန် ဟင်းလင်းပြင် ၏ အနက်ရှိုင်းဆုံး နေရာတွင် ညဇီးကွက် အစောင့်တပ် တစ်ယောက်တည်းသာ ရှိနေသည်။

ထိုသူက တော်ဝင်သမားတော် ၏ မြေးပင် ဖြစ်၏။

တော်ဝင်သမားတော် ၏ မြေးကို ရှာတွေ့ခဲ့စဉ်က သူ၏ အမှတ်အသားကို အတည်မပြုနိုင်ခင် မင်းသားငယ်လေးက တောသားလေး တစ်ယောက် ဖြစ်နေသည်ဟု လူတိုင်းက ပြောနေကြသည်ကို သူ အမှတ်ရနေသေး၏။

‘ဒီကောင်မလေးက အဲ့ဒီလူရဲ့ သမီးများ ဖြစ်နေမလား..’

လီယွမ်က ဖြစ်နိုင်ခြေ ရှိသည်ဟု တွေးတောလိုက်သည်။

သမီး မဟုတ်လျှင်တောင် ဆက်ဆံရေးက အလွန် ရင်းနှီးနေမည်မှာ သေချာလှ၏။ သို့မဟုတ်ပါက တော်ဝင်သမားတော် ၏ မြေးဖြစ်သူ အနေဖြင့် ဤသို့ လုပ်ဆောင်စရာ အကြောင်း မရှိချေ။

“ကောင်းပြီလေ..”

လီယွမ်က ကြားဝင် ဖျန်ဖြေလိုက်သည်။

“ညဇီးကွက် အစောင့်တပ် ထဲမှာ လူကောင်းတွေ ရှိတယ် ဆိုတာကို ငါ အာမခံပါတယ်..”

မကြာခဏ ဆိုသလို အကောင်းနှင့် အဆိုး ဆိုတာက လုံးဝ အတိအကျ သတ်မှတ်၍ မရနိုင်ဘဲ ရှုထောင့် အပေါ်တွင်သာ ပို၍ မူတည်နေတတ်သည်။

ကောင်လေး ငါးယောက်စလုံး အံ့အားသင့်သွားကြ၏။

မြင်းလှည်းသမား ဦးလေးက ညဇီးကွက် အစောင့်တပ် ဘက်ကနေ ဝင်ပြောပေးလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။

“ဦးလေးက ဘယ်လို သက်သေပြနိုင်မှာလဲ..”

ဖက်တီးက သူ့ကို မေးမြန်းလိုက်သည်။

“မင်းတို့ သိချင်လို့လား..”

လီယွမ်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွား၏။

“သိချင်ပါတယ်..”

ဖက်တီးက အူကြောင်ကြောင်ဖြင့် ခေါင်းညိတ်လိုက်သည်။

ရွှီးခနဲ အသံနှင့်အတူ နောက်တစ်ခဏတွင် မြင်းလှည်းက ရုတ်တရက် ရပ်တန့်သွားပြီး ဟန်ချက် မထိန်းနိုင်သော ကောင်လေးများမှာ အပြင်သို့ ပစ်လွင့်ထွက်သွားတော့၏။ လေပေါ်သို့ ပိုပို မြင့်တက်လာပြီး လေတိုက်ခံရကာ ဆက်တိုက် တုန်ခါ နေကြတော့သည်။

အချိန်အတော်ကြာပြီးနောက် လေငြိမ်သွားပြီး တွေဝေနေသော ကောင်လေးများ အောက်သို့ ပြန်ကျလာကာ သူတို့ ထိုင်နေကျ နေရာမှာပင် အတိအကျ ပြန်ကျလာကြ၏။

“ဦးလေး.. ဦးလေးက သိုင်းပညာရှင်.. ဟာ မဟုတ်ဘူး.. သိုင်းမဟာသခင် ကြီးပဲ..”

ကောင်လေးများ အံ့အားသင့်သွားကြပြီး သူတို့၏ မျက်လုံးများက တောက်ပနေကာ လီယွမ်ကို လေးစား အားကျစွာ ကြည့်နေကြတော့သည်။

ဤမျှ အံ့မခန်း သိုင်းပညာများ။ သေချာပေါက် ဒဏ္ဍာရီလာ သိုင်းပညာရှင် သိုင်းမဟာသခင် ကြီးပင်။

“အခု ယုံပြီလား..”

လီယွမ်က ခပ်ပြုံးပြုံးဖြင့် မေးမြန်းလိုက်၏။

“ယုံပါပြီ..”

လွန်ခဲ့သော ခဏလေးကမှ မခံချင်စိတ် ဖြစ်နေခဲ့သော ဖက်တီးသည် အခြား လူငယ်များနှင့် အတူ တညီတညွတ်တည်း ခေါင်းညိတ်လိုက်ပြီး သူ၏ သာလွန်မှုကို အပြည့်အဝ ယုံကြည်သွားတော့၏။

သိုင်းမဟာသခင် ကြီး ပြောတာဆိုတော့ သေချာပေါက် အမှန်ပင် ဖြစ်ရမည်။

“ဟွန်း..”

ကောင်မလေးက အနည်းငယ် ဂုဏ်ယူနေပုံ ရသည်။

သူမက ရှေ့သို့ တိုးလာပြီး ကြောက်ရွံ့စွာဖြင့် မေးမြန်းလိုက်၏။

“ဟို.. ဦးလေး.. ဦးလေးက ကျွန်မ အမေကို သိလို့လား..”

“မသိပါဘူး..”

လီယွမ်က ပြုံးပြလိုက်သည်။

“ဒါပေမဲ့ မင်းက ‘ဦးလေး’ လို့ ခေါ်တာ မှန်တယ်.. မင်း တကယ်ပဲ ညဇီးကွက် အစောင့်တပ် ကို ဝင်ချင်တယ် ဆိုရင် ငါ မင်းကို အဲ့ဒီကို ခေါ်သွားပေးနိုင်တယ်..”

“တကယ်လား..”

ကောင်မလေးက အလွန် ဝမ်းသာသွား၏။

“သေချာတာပေါ့..”

လီယွမ်က ခေါင်းညိတ်လိုက်သည်။

“ငါ မင်းကို မေးခွန်း နည်းနည်း မေးမယ်.. မင်း အဖြေမှန်ရင် ကျန်းနန် ကို ရောက်တဲ့အခါ ညဇီးကွက် အစောင့်တပ် ကို ဝင်ဖို့ ငါ သေချာပေါက် ထောက်ခံစာ ပေးမယ်..”

“ဦးလေး မေးပါ..”

ကောင်မလေးက မျှော်လင့်တကြီး တုံ့ပြန်လိုက်၏။

“မင်း နာမည် ဘယ်လိုခေါ်လဲ.. မင်း အဖေက ဘယ်သူလဲ..”

လီယွမ်က စစ်ဆေး မေးမြန်းလိုက်သည်။

“ကျွန်မ နာမည် ချန်နျန်ဖုန်း ပါ.. ကျွန်မမှာ အဖေ မရှိဘူး..”

ကောင်မလေးက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဖြေကြားလိုက်၏။

“ဟင်..”

လီယွမ် အံ့အားသင့်သွားရသည်။

“ကျွန်မ အမေက တခြား မိသားစုဆီ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ မုဆိုးမ ဖြစ်သွားတာ.. ကံဆိုးတဲ့ မိန်းမ ဆိုပြီး ကျိန်ဆဲခံရပြီး အိမ်ပေါ်က နှင်ချခံခဲ့ရတယ်..”

“ကျွန်မက တောင်တန်းတွေ သစ်တောတွေထဲမှာ စွန့်ပစ်ခံခဲ့ရတာ.. ကျွန်မ အမေက ကောက်ယူပြီး မွေးစားခဲ့တာလေ..”

“ကျွန်မမှာ အမေ ရှိတယ်.. အမေ့မှာ ကျွန်မ ရှိတယ်.. ကျွန်မတို့ နှစ်ယောက်စလုံးမှာ အိမ် ရှိတယ်..”

ချန်နျန်ဖုန်း က ထိုအဖြစ်အပျက်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့၏။ သူမ၏ စိတ်ထဲတွင် ၎င်းမှာ ရှက်စရာ ကောင်းသောအရာ မဟုတ်သလို ဤကိစ္စများအတွက် သူမ တစ်ခါမှ ရှက်ရွံ့ မနေခဲ့ချေ။

လီယွမ် အံ့အားသင့်သွားရသည်။ ကောင်မလေး၏ စိတ်ဓာတ်က ဤမျှလောက်အထိ ထူးခြားနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ ဆက်လက် စုံစမ်း မေးမြန်းခြင်း မပြုတော့ချေ။

ဆုံတွေ့ခဲ့ကြပြီ ဆိုမှတော့ ဤသည်မှာ ရေစက်ပင် ဖြစ်ရမည်။ ကျန်းနန် သို့ အတူတကွ ခရီးသွားရခြင်းက ဘာမှ မမှားယွင်းပေ။

“ဦးလေး.. ဦးလေးက တကယ်ပဲ ညဇီးကွက် အစောင့်တပ် ကို သိတာလား..”

ချန်နျန်ဖုန်း က မနေနိုင်ဘဲ မေးမြန်းလိုက်၏။

“အင်း.. သိတယ်..”

လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။

“ညဇီးကွက်ဘုရင် ကိုကော သိလား..”

ချန်နျန်ဖုန်း က ထပ်မေးပြန်၏။

“အင်း...”

လီယွမ်က ခေတ္တ ရပ်တန့်သွားသည်။

“မင်းက ဘာလုပ်ချင်လို့လဲ..”

“ကျွန်မက ညဇီးကွက်ဘုရင် ရဲ့ တပည့် ဖြစ်ချင်တာ..”

ချန်နျန်ဖုန်း က အံ့အားသင့်စရာ စကားတစ်ခွန်းကို ဆိုလိုက်၏။

လီယွမ် စကားမပြောနိုင်တော့ပေ။ ဤခေတ် ဆယ်ကျော်သက်များက တဖြည်းဖြည်းနှင့် ပိုပိုပြီး ရဲတင်းလာကြသည် မဟုတ်ပါလော။

“ငါ သိသလောက်တော့ ညဇီးကွက်ဘုရင် က တပည့် မလက်ခံဘူး..”

“ဒါဆို လျှို့ဝှက်မြို့စား ရော..”

ချန်နျန်ဖုန်း က အရှုံးမပေးသေးချေ။

“သူလည်း လက်ခံမှာ မဟုတ်ဘူး..”

လီယွမ်က ခေါင်းခါပြလိုက်၏။

“ကောင်းပြီလေ..”

ချန်နျန်ဖုန်း က ပြတ်ပြတ်သားသား ကြေညာလိုက်သည်။

“တစ်နေ့နေ့ကျရင် ကျွန်မ ဘာသာ ကျွန်မ သူတို့ အနားကို ချဉ်းကပ်ပြီး ညဇီးကွက် အစောင့်တပ် တွေက လူဆိုးတွေ မဟုတ်ဘူး ဆိုတာကို သက်သေပြမယ်..”

“ဒါဆို မင်းရဲ့ ဆန္ဒတွေ ပြည့်ဝပါစေလို့ ငါ ဆုတောင်းပေးပါတယ်..”

လီယွမ်က ကောင်မလေး၏ ဖြူစင်မှုကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။

ညဇီးကွက် အစောင့်တပ် ဆိုသော အမည်က ညဉ့်အချိန်ကို ကိုယ်စားပြု၏။

၎င်း၏ မူလ ရည်ရွယ်ချက်က တော်ဝင် မိသားစုကို အချို့သော မှောင်ခို ကိစ္စများတွင် ကူညီ ဖြေရှင်းပေးရန် ဖြစ်ပြီး နန်းတွင်း၏ အမှောင်မိုက်ဆုံး အခြမ်းကို ကိုယ်စားပြုသည်။

ညဇီးကွက် အစောင့်တပ် ကို ဝင်သောသူများက သာမန်ပင် ဖြစ်ချင် ဖြစ်နေနိုင်သော်လည်း ဘယ်သောအခါမျှ ရိုးအမည် မဟုတ်ပါချေ။

“ဦးလေးကကော.. ဦးလေးက ကျန်းနန် မှာ ဘာသွားလုပ်မလို့လဲ..”

လီယွမ်၏ ကြင်နာတတ်သော သဘာဝကို မြင်တွေ့ပြီးနောက် ချန်နျန်ဖုန်း သည် သူစိမ်းများကို မကြောက်တော့ချေ။ ရွာထဲရှိ ဘယ်သူမှ သူမကို မယုံကြည်ကြသော ကောလဟာလ များနှင့် နှိုင်းယှဉ်လျှင် ဤဦးလေးက သူမကို နွေးထွေးပြီး သက်တောင့်သက်သာ ရှိစေ၏။

“ငါလား.. ငါက အိမ်ပြန် လည်မလို့လေ..”

လီယွမ်က ပြုံးလိုက်သည်။

“ဦးလေးက ဂုဏ်သတင်း ကြီးတဲ့ မိသားစုက ဖြစ်ရမယ် နော်..”

ချန်နျန်ဖုန်း က အားကျစွာဖြင့် မေးမြန်းလိုက်၏။

“ဟုတ်တယ်.. အရမ်းကို အင်အားကြီးတဲ့ မိသားစုပဲ..”

“ဘယ်လောက်တောင် ကြီးလို့လဲ..”

“လောကကြီး တစ်ခုလုံးစာလောက် ကြီးတာ..”

“ဟားဟား.. ဦးလေးကလည်း ကြွားတတ်တာပဲ..”

“ငါ မကြွားပါဘူး.. အမှန်တရားပါ.. မင်း ညဇီးကွက် အစောင့်တပ် ကို ဝင်မယ့်ကိစ္စကို လက်လျှော့လိုက်ပါလား.. မင်းနဲ့ ပိုသင့်တော်မယ့် နေရာတစ်ခုကို ငါ စီစဉ်ပေးမယ်လေ..”

လီယွမ်က ကမ်းလှမ်းလိုက်သည်။

“ဟင့်အင်း..”

ချန်နျန်ဖုန်း က ခေါင်းခါပြလိုက်၏။

“ကျွန်မ ညဇီးကွက် အစောင့်တပ် ကို သေချာပေါက် ဝင်ရမယ်..”

သူတို့ နောက်တွင်တော့ ဆယ်ကျော်သက် လေးယောက်က မနာလိုမှုများနှင့် သွားရည်ကျနေကြပြီး နျန်ဖုန်းလေး အရူးမ.. သိုင်းပညာတွေတောင် ခိုးသင်သေးတယ် ဆိုပြီး တိတ်တဆိတ် ကျိန်ဆဲနေကြသည်။ သိုင်းမဟာသခင် ကြီး၏ ဖိတ်ခေါ်မှု များကိုပင် ငြင်းပယ်လိုက်သည် မဟုတ်ပါလော။

“ခိုင်မာတဲ့ ရည်မှန်းချက်တွေ ရှိတာ ကောင်းပါတယ်..”

လီယွမ်က ရယ်မောလိုက်၏။

“နောက်တစ်ခါ ငါတို့ ပြန်တွေ့တဲ့အခါ.. မင်းက အစွမ်းထက်တဲ့ ညဇီးကွက် အစောင့်တပ် တစ်ယောက် ဖြစ်နေဖို့ မျှော်လင့်ပါတယ်..”

“ဟုတ်ကဲ့..”

ချန်နျန်ဖုန်း က အားရပါးရ ခေါင်းညိတ်လိုက်ပြီး ပါးစပ်ကို အုပ်ကာ ရယ်လိုက်သည်။

“ဦးလေးရဲ့ မိသားစုက တကယ်ပဲ လောကကြီး တစ်ခုလုံးစာလောက် ကြီးသလား ဆိုတာကိုလည်း ကျွန်မ တွေ့ချင်ပါတယ်..”

All Chapters