ကျန်းနန် ဇာတိမြေ
Vol. 26 Ch. 278
ကျန်းနန်နယ် မေပယ်ရွက်များ နီရဲနေပြီး ကွေ့ဟွာပန်းရနံ့များက လေထုထဲ ပျံ့လွင့်နေ၏။
ခွန်လွန်မှ ကျန်းနန်သို့.. လီယွမ်သည် နိုင်ငံတစ်ဝန်း ခရီးလှည့်လည်ခဲ့ပြီး လွန်ခဲ့သောနှစ်များစွာက သူ ထွက်ပြေးခဲ့ရစဉ်က ငရဲတမျှ အတွေ့အကြုံများနှင့် နှိုင်းယှဉ်လျှင် ယခု မြင်ကွင်းက များစွာ အေးချမ်းသာယာနေကြောင်း တွေ့ရှိလိုက်ရသည်။
ခမ်းနား ကြီးကျယ်လှသော ရှုခင်းများက သူ၏ ဝိညာဉ်ကို ဆေးကြောပေးနေသည့်နှယ်ပင်။ လီယွမ်၏ စိတ်နေစိတ်ထားသည် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီ။
“မင်းတို့ ဆင်းလာလို့ ရပြီ”
ခွန်လွန် တောင်ကြား အနီးရှိ ရွာများမှ လိုက်ပါလာသော လူငယ်လေးများသည် ရုပ်ခန္ဓာ အရည်အသွေးများ သာမန်မျှသာ ရှိသော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် အလွန် ကောင်းမွန်ကြ၏။ သူတို့သည် အခက်အခဲများနှင့် မုန်တိုင်းများကို တစ်ခွန်းမျှ မညည်းညူဘဲ ကြံ့ကြံ့ခံကာ နောက်ဆုံးတွင် ကျန်းနန် သို့ အောင်မြင်စွာ ရောက်ရှိလာကြပြီ ဖြစ်သည်။
ကောင်လေးများက ငွေအိတ် တစ်အိတ်စီ ချထားခဲ့ကြသည်။
“ဦးလေး.. ဒါက ခရီးစရိတ်ပါ”
လီယွမ်က ရယ်မောလိုက်၏။
“မင်းတို့ပဲ သိမ်းထားလိုက်ပါ”
ကောင်လေးများက ခေါင်းယမ်း ငြင်းဆန်လိုက်ကြသည်။
“မရပါဘူး.. ကျွန်တော်တို့က သူရဲကောင်းကြီးတွေ ဖြစ်လာမှာ.. ဘယ်သူ့ ကျေးဇူးကိုမှ မခံယူချင်ဘူး.. ကျွန်တော်တို့ အားလုံး ဦးလေးလိုပဲ အစွမ်းထက်တဲ့ သူတွေ ဖြစ်လာမှာ”
ထိုသို့ပြောပြီးနောက် ကောင်လေးများက ဂုဏ်ယူ ဝင့်ကြွားစွာ ထွက်ခွာသွားကြ၏။
လီယွမ်မှာ မချိသွားဖြီး ပြုံးလိုက်မိသည်။
“ငြိမ်းချမ်းတဲ့ အချိန်ကာလက တကယ်ကို ကောင်းတာပဲ.. လူတိုင်းက မျှော်လင့်ချက်တွေ ပြည့်နှက်နေပြီး အရမ်းကို ကြံ့ခိုင်ကြတယ်”
ဤလူငယ်လေးများ ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ အမှန်တကယ် ခြေချမိသောအခါ လောကကြီး မည်မျှ ရက်စက် ကြမ်းကြုတ်ကြောင်း သူတို့ သဘောပေါက်လာကြပေလိမ့်မည်။
ချန်နျန်ဖုန်း က သူမ၏ ခရီးဆောင်အိတ်ကို လွယ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်၏။
“ဦးလေး.. သမီးလည်း သွားတော့မယ်”
“ညဇီးကွက် အစောင့်တပ် ရဲ့ စခန်းဆီကို ငါ မင်းကို လိုက်ပို့ပေးမယ်”
လမ်းခရီး တစ်လျှောက်လုံး လူတိုင်းက နောက်ပြောင်နေသည်ဟုသာ ချန်နျန်ဖုန်း ထင်မှတ်ထားခဲ့ခြင်းပင်။
“ဦးလေးက တကယ်ပဲ သိတာလား”
လီယွမ်က မျက်ခုံးပင့်ပြလိုက်၏။
“တွေ့လိုက်ရင် သိသွားမှာပါ.. ညဇီးကွက် အစောင့်တပ် ကို ဘယ်သူမဆို အလွယ်တကူ ဝင်လို့ရတယ် ထင်နေတာလား.. လမ်းညွှန်ပေးမယ့်သူ မရှိရင် မင်း လမ်းတောင် ရှာတွေ့မှာ မဟုတ်ဘူး”
ချန်နျန်ဖုန်း က ခေါင်းကုတ်ကာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
“ဒါက.. ဟုတ်သားပဲ”
လီယွမ် မြင်းလှည်းပေါ်သို့ ပြန်တက်သွား၏။
“တိုင်းတိုင်း.. မင်းလည်း ဆင်းခဲ့တော့.. ငါတို့ မြို့ထဲကို အတူတူ လမ်းလျှောက် ထွက်ကြမယ်”
ကျန်းနန် သို့ ပြန်လည် ရောက်ရှိလာခြင်းသည် ဓားနတ်သမီး ၏ ဇာတိမြေ သို့ ပြန်လည် ရောက်ရှိလာခြင်းလည်း ဖြစ်သည်။
ဓားနတ်သမီး က ခေါင်းညိတ်ပြလိုက်၏။
“အင်း”
လီယွမ်က မျက်နှာဖုံးစွပ် ဦးထုပ် တစ်လုံးကို ထုတ်ယူကာ ဓားနတ်သမီး အား ဆောင်းပေးလိုက်သည်။
“ခဏလေး.. ဒီလိုဆိုရင် ပိုကောင်းသွားပြီ”
ဓားနတ်သမီး မြင်းလှည်းပေါ်မှ ဆင်းလာ၏။ ချန်နျန်ဖုန်း က သူမကို မျက်လုံး ပြူးကျယ်စွာဖြင့် စိုက်ကြည့်နေတော့သည်။
“အို.. ဦးလေး.. ကျွန်မတို့ကို မြင်းလှည်းထဲ ပေးမဝင်တာ မဆန်းပါဘူး.. အထဲမှာ အစ်မချောချောလေး တစ်ယောက်ကို ဖွက်ထားတာကိုး”
ဓားနတ်သမီး က ဘာမျှ ပြန်မပြောဘဲ အေးစက်တည်ငြိမ်သော အမူအရာကိုသာ ထိန်းသိမ်းထား၏။ ဤသည်ကား လီယွမ် သင်ကြားပေးထားသော အရာဖြစ်ပြီး သူမကလည်း စိတ်ထဲတွင် ခိုင်မာစွာ မှတ်သားထားသည်။ လူအများကြားတွင် အေးစက်စက် နေရမည် ထိုင်းမှိုင်းနေ၍ မရပေ။
“သွားကြစို့”
အမှန်တကယ်တော့ ဤသည်မှာ လီယွမ် အနေဖြင့် ဓားနတ်သမီး ကို ဈေးတန်းဆီသို့ ပထမဆုံးအကြိမ် ခေါ်ဆောင်လာခြင်းပင်။ စည်ကား သိုက်မြိုက်လှသော လမ်းမများထက်တွင် လျှောက်လှမ်းရင်း သေမျိုးလောကနှင့် ကင်းကွာနေသော ဓားနတ်သမီး သည် နောက်ဆုံးတွင် လူ့လောကထဲသို့ ပြန်လည် ရောက်ရှိလာကာ သူမ၏ စစ်မှန်သော အတ္တကို ပြန်လည် ရှာဖွေတွေ့ရှိလာတော့သည်။
ဓားနတ်သမီး သည် သူမ၏ နှလုံးသားကို တဖြည်းဖြည်း ဖွင့်ဟလာပြီး လောကကြီးကို အသစ်တစ်ဖန် ပြန်လည် လက်ခံလာကြောင်း လီယွမ် ရှင်းလင်းစွာ ခံစားသိရှိနေ၏။ အေးစက်ခက်ထန်မှုများက တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်သွားခဲ့ပြီ။ သူမက ပတ်ဝန်းကျင်ကို စပ်စုချင်စိတ်များဖြင့် လိုက်လံ ကြည့်ရှုနေတော့သည်။
“လီယွမ်.. ကျွန်မ ဒီ သကြားလုံးလေး လိုချင်တယ်”
“ဝယ်မယ်”
“ဒီ ရွှံ့ရုပ်လေးရောပဲ”
“ဝယ်မယ်”
“ဟို လက်ကောက်လေးရောပဲ”
“ဝယ်မယ်”
“ပြီးတော့..”
“ဝယ်မယ်.. ဝယ်မယ်.. အကုန်ဝယ်မယ်”
ဓားနတ်သမီး သည် အစပိုင်းတွင် အပျိုစင် တစ်ဦးအလား တိတ်ဆိတ် ငြိမ်သက်နေသော်လည်း လမ်းလျှောက်လာသည်နှင့်အမျှ တဖြည်းဖြည်း ပို၍ သွက်လက် တက်ကြွလာ၏။ သူမသည် တစ်ခါတစ်ရံ အော်မြည်ကာ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေပြီး ပစ္စည်းလေးများ အမြောက်အမြားကို သယ်ဆောင်လျက် တင်ပါးလေး လှုပ်ကာ ခုန်ဆွခုန်ဆွ လုပ်နေတော့သည်။
တွေဝေ ငေးမောနေစဉ် လီယွမ်သည် မှုန်ဝါးဝါး မှတ်ဉာဏ် တစ်ခုကို မြင်တွေ့လိုက်ရသည့်အလားပင်။ ဓားနတ်သမီး ၏ ကံကြမ္မာ ချိတ်ဆက်မှု မှတစ်ဆင့် သူ၏ စိတ်ထဲတွင် ပေါ်လာခြင်း ဖြစ်၏။
ဆံပင် နှစ်ခွစည်းထားသော မိန်းမငယ်လေး တစ်ဦးက စည်ကားလှသော ဈေးတန်းထဲတွင် သွက်လက် လျင်မြန်စွာ ပြေးလွှား ဆော့ကစားနေသည်။
စကားကိုပင် ပီပီသသ မပြောတတ်သေးသော ကလေးငယ်သည် လျှပ်စီးအလား မြန်ဆန်စွာ လှုပ်ရှားလျက် စင်ပေါ်မှ ပစ္စည်းများကို ဆွဲယူကာ ထွက်ပြေးသွားရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်နေတော့၏။
“ငါ့ဟာ.. ငါ့ဟာ.. အားလုံး ငါ့ဟာတွေချည်းပဲ.. မေမေ မြန်မြန် ပိုက်ဆံရှင်းပေး”
သူမ နောက်မှ လိုက်ပါလာသော လှပသည့် အမျိုးသမီးမှာ အလွန် အကူအညီမဲ့နေပုံ ပေါ်ပြီး ဈေးသည်များကို တောင်းပန်ကာ လျော်ကြေးအဖြစ် ငွေပေးချေနေရသည်။
မှုန်ဝါးဝါး အလင်းရောင် အောက်တွင် ဆံပင် နှစ်ခွစည်းထားသော ကလေးမလေး၏ ပုံရိပ်သည် ဓားနတ်သမီး နှင့် တဖြည်းဖြည်း ထပ်တူကျလာ၏။ သူမ ကြီးပြင်းလာခဲ့ပြီး နှစ်ပေါင်း သုံးထောင်တိုင်တိုင် ကြာမြင့်ခဲ့ပေပြီ။
‘ဓားနတ်သမီး က ငယ်ငယ်တုန်းက ဒီလောက်တောင် ဆော့တာကိုး’
ဓားနတ်သမီး သည် ကလေးဘဝတွင် အလွန် ချစ်စရာ ကောင်းသော်လည်း လီယွမ်၏ မှတ်ဉာဏ်ထဲရှိ သူမ၏ ပုံရိပ်များမှာ ဝမ်းနည်းမှုများဖြင့်သာ ပြည့်နှက်နေ၏။ ဤမြင်ကွင်းလေးက ဓားနတ်သမီး ၏ မှတ်ဉာဏ်ထဲတွင် အလွန်တရာ အဖိုးတန်လွန်းလှသဖြင့် သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ ထွင်းထုထားခြင်းပင်။ ဤအရာက ဘာကို ကိုယ်စားပြုနေသနည်း။
ဓားနတ်သမီး တွင် ဤကဲ့သို့ ပူပင်သောက ကင်းမဲ့သော အခိုက်အတန့်များ အလွန် ရှားပါးလှသည်။ ဓားဂိုဏ်း ၏ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်သူ ပီပီ ဓားနတ်သမီး သည် သူမ၏ အချိန် အများစုကို ဓားသိုင်းပညာ လေ့ကျင့်ရာတွင်သာ ကုန်ဆုံးခဲ့ရမည်မှာ သေချာလှ၏။
ကူအင်မော်တယ် ၏ မှတ်ဉာဏ်များ အရ ဓားနတ်သမီး ၏ မိခင်မှာ စောစီးစွာ ကွယ်လွန်သွားခဲ့သည်။ ထိုအချိန်မှစ၍ ဓားနတ်သမီး သည် အမုန်းတရားများကို ထမ်းပိုးထားခဲ့ရပြီး သူမ၏ တိုတောင်းလှသော ဘဝသက်တမ်း တစ်လျှောက် နတ်ဆိုး ကျင့်ကြံသူများ.. နတ်ဆိုး နယ်မြေ တို့နှင့် တိုက်ပွဲဝင်ရင်းသာ အချိန်ကုန်ဆုံးခဲ့ရလေ၏။
ထိုသို့ဖြင့် သူတို့သည် နေဝင်ဆည်းဆာ အချိန်တိုင်အောင် လမ်းလျှောက်လာခဲ့ကြသည်။ ဓားနတ်သမီး က ရုတ်တရက် ရပ်တန့်သွားပြီး အဝေးရှိ နေဝင်ချိန်ကို မော့ကြည့်ကာ တီးတိုး ရေရွတ်လိုက်၏။
“မှောင်လာပြီ.. လီယွမ်.. ကျွန်မတို့ အိမ်ပြန်သင့်ပြီ မဟုတ်လား”
သူမသည် အလွန်အမင်း ပျော်ရွှင်နေရာမှ ရုတ်တရက် အကြောင်းပြချက် မရှိဘဲ လေးနက် တည်ကြည်သွားတော့သည်။
လီယွမ်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီ.. အိမ်ပြန်ကြစို့”
ဓားနတ်သမီး သည် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က သူမ၏ ကိုယ်ပိုင် အတ္တနှင့် ပြန်လည် သင့်မြတ်သွားခဲ့ပြီ။ သူမ၏ ဝိညာဉ် ထဲတွင် ထွင်းထုထားသော အမှတ်တရ အနည်းငယ်သည် စစ်မှန်သော အတ္တကို ပြန်လည် နိုးထလာစေရန် သော့ချက်များပင်။ ဤအချိန်တွင် သူ လုပ်ရမည့် အရာမှာ ဓားနတ်သမီး ၏ အနားတွင် နေပေးပြီး သူမ လုပ်ချင်သမျှ အရာအားလုံးကို လိုက်လျောပေးရန်သာ ဖြစ်၏။
ဘေးဘက်မှ အကူအညီမဲ့နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
“အိုး.. ဒုက္ခပါပဲ.. ဦးလေးက ကျွန်မကို တမင် သက်သက် ကစားနေတာလား.. ဦးလေးနဲ့ အစ်မချောချောလေး ကတော့ ပျော်နေကြတာပဲ.. ကျွန်မရဲ့ နုနယ်တဲ့ နှလုံးသားလေးကိုကော ထည့်စဉ်းစားပေးဦးလေ”
“ဟေး.. ကျွန်မက ဘာ အပြစ်ကြီးကြီးမားမား မှလည်း လုပ်မထားဘဲနဲ့.. ဘာလို့ ဒီလောက် ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ခံနေရတာလဲ”
လီယွမ် သက်ပြင်းချလိုက်မိ၏။
‘ငါ လုံးဝ မေ့နေခဲ့တာပဲ.. ဓားနတ်သမီး စိတ်ပျော်အောင် လိုက်လုပ်ပေးဖို့လောက်ပဲ တွေးနေခဲ့တာ..’
“မင်း ငါ့အိမ်ကို အရင် လိုက်ခဲ့ပါလား.. မင်းကို လေ့ကျင့်ပေးဖို့ လူတစ်ယောက် ရှာပေးမယ်.. မင်း အခြေခံတွေကို တတ်ကျွမ်းသွားပြီ ဆိုရင် ညဇီးကွက် အစောင့်တပ် ကို ဝင်ဖို့က အများကြီး ပိုလွယ်သွားလိမ့်မယ်”
ချန်နျန်ဖုန်း က ခေါင်းညိတ်လိုက်၏။ သူမက ထိုလူ မည်မျှ အင်အားကြီးမားသော မိသားစုမှ လာသနည်း ဆိုသည်ကို အလွန် သိချင်နေဆဲ ဖြစ်ကာ လိုက်သွား၍ စူးစမ်း လိုစိတ်များ ဖြစ်ပေါ်နေသည်။
“ကောင်းပါပြီ”
လင်းရှောင် ဓားဂိုဏ်းဝယ်မူ ဂိုဏ်းချုပ် ယွင်မိုဝမ် ဦးဆောင်သော အကြီးအကဲ အဖွဲ့သည် လူငယ် မျိုးဆက်၏ ခေါင်းဆောင် ကျိုးဝူပင်း အပါအဝင် မည်သူမျှ မကျန်ရစ်ဘဲ ပင်မ ခန်းမဆောင်ကြီး အတွင်းသို့ ရောက်ရှိလာကြ၏။
“လူကြီးမင်းတို့.. ဓားနတ်သမီး ဘိုးဘေးကြီး ပြန်လည် ရောက်ရှိလာတော့မယ်.. ဒါက ငါတို့ ဓားဂိုဏ်း အတွက်တော့ နှစ်ပေါင်း သုံးထောင် အတွင်း အကြီးမားဆုံး အင်အား တည်ဆောက်ပုံ အပြောင်းအလဲကြီးပဲ”
“ငါတို့ ဓားနတ်သမီး ကို ဂိုဏ်းဆီ ဘေးကင်းကင်းနဲ့ ပြန်လည် ကြိုဆိုနိုင်သရွေ့ ငါတို့ ဓားဂိုဏ်း က ကျန်းဟူ သိုင်းလောက ရဲ့ အထွတ်အထိပ်ကို သေချာပေါက် ပြန်လည် ရောက်ရှိလာမှာပဲ”
“ဒါပေမဲ့ မင်းတို့ အားလုံး သိတဲ့အတိုင်း တချို့ ကိစ္စတွေက လျှို့ဝှက်ထားလို့ မရဘူး”
ဓားနတ်သမီး ဘိုးဘေး ပြန်လည် ရောက်ရှိလာခြင်းမှာ တိတ်တဆိတ် ခိုးဝှက် လုပ်ဆောင်ရမည့် ကိစ္စမျိုး မဟုတ်ချေ။ ပင်မ တံခါးပေါက်မှ တစ်ဆင့် ရှည်လျားလှသော လှေကားထစ်များကို တက်လှမ်းကာ ကြီးကျယ် ခမ်းနားသော ဟန်ပန်ဖြင့် ကောင်းကင်ယံသို့ တည့်မတ်စွာ တက်လှမ်းရလေမည်။
ဤကဲ့သို့သော စိတ်ဓာတ်မျိုးဖြင့် လူတစ်ဦးသည် နောက်မဆုတ်တမ်း ရှေ့သို့ ချီတက်ရမည် ဖြစ်ပြီး မည်သည့်အခါမျှ ယိမ်းယိုင် တုန်လှုပ်ခြင်း မရှိစေရ။
ယွင်မိုဝမ် ၏ မျက်နှာ အမူအရာမှာ လေးနက် တည်ကြည်နေတော့၏။
“ဒါက ငါတို့အတွက် စမ်းသပ်မှု တစ်ခုပဲ.. ဂိုဏ်းရဲ့ အရင်းအမြစ်တွေ အားလုံးကို ကုန်ခန်းသွားရမယ် ဆိုရင်တောင် လူယုတ်မာတွေ အားလုံးကို ဖိနှိပ် ချေမှုန်းရမယ်.. ဘိုးဘေး အိမ်ပြန်မယ့် လမ်းကို ဘယ်ကျား.. ဘယ်ဝံပုလွေ ကိုမှ လာပိတ်ဆို့ခွင့် မပေးနိုင်ဘူး”
“ငါတို့ ဂိုဏ်းက ဂိုဏ်းချုပ်ကြီး ဆီကနေလည်း ခွင့်ပြုချက် တောင်းခံထားတယ်”
“ငါတို့ မယှဉ်ပြိုင်နိုင်တဲ့ သူနဲ့ ကြုံလာရရင် သူကိုယ်တိုင် ဝင်ပါမယ်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတယ်.. ဘိုးဘေးကို ပြန်လည် ကြိုဆိုရေးက အရာအားလုံးထက် အရေးကြီးတယ်”
နှစ်ပေါင်း သုံးထောင်တိုင်တိုင် တိတ်ဆိတ် နေပြီးနောက် ပြန်လည် နိုးထလာခြင်းက လူအများစု၏ အမြင်တွင် အင်မော်တယ် အဖြစ်သို့ ရောက်ရှိခြင်း၏ လျှို့ဝှက်ချက် ကို ကိုယ်စားပြုနေပေသည်။
မှေးမှိန်လှသော မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကပင် ဘဝ နေဝင်ချိန်သို့ ရောက်ရှိနေသော မိစ္ဆာအိုကြီးများစွာကို သွေးဆောင် ဖြားယောင်း နိုင်စွမ်း ရှိ၏။ ဤမုန်တိုင်းကြီး မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလာမည် ဆိုသည်ကို ယွင်မိုဝမ် လုံးဝ မခန့်မှန်းနိုင်တော့ချေ။
အကြီးအကဲ တစ်ဦးက မေးမြန်းလိုက်၏။
“ဂိုဏ်းချုပ်.. နဝမ ကူနန်းတော် က ဘယ်သူ့ကိုမှ မလွှတ်လိုက်ဘူးလား”
ယွင်မိုဝမ် က ပြန်လည် ဖြေကြားလိုက်သည်။
“ဟုတ်မယ် ထင်တယ်.. နဝမ ကူနန်းတော် က ဒီလောက် အရေးကြီးတဲ့ ကိစ္စကြီးမှာ ဒီတိုင်း လက်ပိုက် ကြည့်နေမှာတော့ မဟုတ်ဘူး.. ဒါပေမဲ့ သူတို့ ကူညီနိုင်တာ သိပ်များများစားစား မရှိပါဘူး”
ဘိုးဘေးကြီး ချီယန် သည် ဘဝ နေဝင်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ခရီး မသွားလာနိုင်တော့ချေ။ ဒုတိယ နန်းတော်သခင် ယန်တျန် မှာလည်း အရှေ့ပိုင်းယူနယ်မြေ ဂိုဏ်းခွဲ တွင် တပ်စွဲထားရသဖြင့် သူတို့ နှစ်ဦးစလုံး လာရောက်နိုင်မည် မဟုတ်ပေ။
အခြားသော ကူသခင် များ အနေဖြင့် ဤအခြေအနေတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် ခက်ခဲလှသဖြင့် ယွင်မိုဝမ် အနေဖြင့် မျှော်လင့်ချက် ကြီးကြီးမားမား မထားရှိတော့ချေ။
သူ လုပ်နိုင်သမျှ အရာအားလုံးမှာ ဆုတောင်းပေးရန်သာ ဖြစ်တော့၏။
ကူအင်မော်တယ် စိုက်ပျိုးထားခဲ့သော ကံကြမ္မာက ဓားနတ်သမီး ကို ကာကွယ် စောင့်ရှောက်ပေးပါစေ။ ဘိုးဘေးကြီး.. ဘေးကင်း ချောမွေ့သော ခရီးစဉ်လေး ဖြစ်ပါစေ။