← Chapters

ဓားဂိုဏ်းသို့ ပြန်လည်ရောက်ရှိခြင်း

Vol. 26 Ch. 279

ဓားဂိုဏ်းသို့ ပြန်လည်ရောက်ရှိခြင်း

Vol. 26 Ch. 279

မြို့ပြင်ဘက်တွင် ကျိုးရှောင် တောင်တန်းကြီး တည်ရှိ၏။ ထိုနေရာတွင် အလယ်ပိုင်း လွင်ပြင် ၏ ဩဇာတိက္ကမ ကြီးမားသော အင်အားစု ခုနစ်ခု အနက်မှ တစ်ခုဖြစ်သည့် လင်းရှောင် ဓားဂိုဏ်း တည်ရှိပေသည်။

တောင်ခြေရင်းတွင်မူ ရှည်လျားလှသော လှေကားထစ်များက ဓားတစ်လက်အလား ကောင်းကင်ယံသို့ တည့်မတ်စွာ ထိုးတက်သွားတော့သည်။

ဓားဂိုဏ်း ၏ တပည့်များစွာသည် ကျောတွင် ဓားများကို လွယ်ထားကြပြီး အဝေးဆီသို့ အကြည့်များ တညီတညွတ်တည်း စုစည်းနေကြ၏။

မြင်းလှည်း တစ်စီးက တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။

“သူတို့ ရောက်လာပြီ”

လူတိုင်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုများ ရောယှက်နေကြပြီး မြင်းလှည်း နီးကပ်လာသည်နှင့်အမျှ သူတို့၏ လက်ထဲရှိ ဓားများကလည်း စတင် တုန်ခါလာတော့၏။

ဂိုဏ်းချုပ် ယွင်မိုဝမ် သည် လင်းရှောင် ဓားသေတ္တာ ကို ကိုင်ဆောင်ကာ ရှေ့ဆုံးမှ ရပ်နေလေသည်။ သူ၏ နောက်တွင်မူ အကြီးအကဲများက ဗွီပုံသဏ္ဍာန် တန်းစီ ရပ်နေကြပြီး လူတိုင်း၏ မျက်နှာ အမူအရာမှာ လေးနက် တည်ကြည်နေကြ၏။

မြင်းလှည်းက ရပ်တန့်သွားသည်။

လီယွမ်က ကောက်ရိုးဦးထုပ် အစွန်းကို အနည်းငယ် ပင့်တင်လိုက်ပြီး အရှေ့သို့ လှမ်းကြည့်လိုက်၏။

တောင်ခြေ၏ ညာဘက်ခြမ်းတွင် ‘လင်းရှောင် ဓားဂိုဏ်း’ ဟူသော စာလုံးကြီး လေးလုံးကို နဂါးနှင့် မြွေများ ရစ်ခွေနေသည့် ပုံသဏ္ဍာန် ဧရာမ ကျောက်ဆောင်ကြီး တစ်ခုပေါ်တွင် ထွင်းထုထားသည်။ စာလုံး အစွန်းအဖျားတိုင်းမှ အံ့မခန်းဖွယ် ဓားစိတ်ဆန္ဒ များက လွင့်ပျံ့ ထွက်ပေါ်နေတော့၏။

‘အစစ်အမှန် ချီ ဂိုဏ်းကြီး ပီသပါပေတယ်’

လီယွမ် အနေဖြင့် အခြားသော ကျန်းဟူသိုင်းလောက ၏ ဩဇာကြီးမားသည့် အင်အားစု တစ်ခုသို့ ပထမဆုံး အကြိမ် ရောက်ရှိလာခြင်းပင်။ လင်းရှောင် ဓားဂိုဏ်း သည် ၎င်း၏ အထွတ်အထိပ် ခေတ်ကာလထက် များစွာ အားနည်းသွားပြီ ဖြစ်သော်ငြားလည်း အခြေခံ အုတ်မြစ်များကတော့ ခိုင်မာနေဆဲ ဖြစ်သည်။ ဓားနတ်ဘုရား ကိုယ်တိုင် ရေးထိုးထားသော စာလုံးများ ပါရှိသည့် ဂိုဏ်းတံခါးဝရှိ ဧရာမ ကျောက်ဆောင်ကြီး တစ်ခုတည်းကပင် သာမန် ဂိုဏ်းများထက် အဆပေါင်းများစွာ သာလွန်နေကြောင်း သက်သေပြနေသည်။

သို့သော် ၎င်းတွင် ပါဝင်သော ဆန္ဒများမှာမူ အလွန် အားနည်းနေပြီး ကူအင်မော်တယ် ၏ လျှို့ဝှက် နယ်မြေ နှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားလှ၏။

လီယွမ်နှင့် ဓားသေတ္တာကို ကိုင်ဆောင်ကာ ရှေ့ဆုံးမှ ရပ်နေသော ယွင်မိုဝမ် တို့ အကြည့်ချင်း ဆုံသွားကြသည်။ သူတို့ နှစ်ဦးစလုံး စကားမပြောကြဘဲ လီယွမ်က မြင်းလှည်းဆီသို့ အကြည့် ပြန်လွှဲလိုက်၏။

“တိုင်းတိုင်း.. ငါတို့ အိမ်ရောက်ပြီ”

“အခု ဆင်းတော့.. ပြီးရင် ဒါကို မှတ်ထား.. အေးစက်စက် နေရမယ်.. အေးစက်စက် နေရမယ်.. အမြဲတမ်း အေးစက်စက် နေရမယ်နော်”

“ဒီနေ့တော့ ငါက မင်းရဲ့ အရိပ်လေးပဲ”

လီယွမ်က မှာကြားလိုက်လေ၏။

“ဟင့်အင်း”

ဓားနတ်သမီး က ခေါင်းခါပြလိုက်သည်။

“ရှင်က လီယွမ်.. အရိပ်မဟုတ်ဘူး.. ဒီနေ့ ရှင်..ကျွန်မနဲ့ အတူတူ ယှဉ်တွဲ ရပ်တည်ရမယ်”

“ကျွန်မတို့... အတူတူ... အိမ်ပြန်ချင်တာ”

ဓားနတ်သမီး က သူ့ကို စိုက်ကြည့်လာ၏။ လောကတွင် အကြည်လင်ဆုံးသော မျက်ဝန်းများထဲမှ အဖြူစင်ဆုံးနှင့် အရိုးသားဆုံးသော ခံစားချက်များက နှလုံးသားကို တည့်တည့် ထိုးဖောက် ဝင်ရောက်လာတော့သည်။

လီယွမ်၏ ရင်ထဲ၌ နွေးထွေးသွားရလေ၏။

‘မင်းက အရူး ဓားသမားလေးပဲ.. လူဆိုးမလေး’

ထိုသို့သော ရိုးသား ဖြူစင်မှုက သူ့အတွက် အလွန်တရာ အားကောင်းလွန်းလှသည်။ ယနေ့ သူက ဇာတ်ပို့ နေရာ၌သာ နေချင်ခဲ့သည်။ သို့သော် ဓားနတ်သမီး က သူ့ကို ကောင်းကင်ယံအထိ ဆွဲခေါ်ပြီး အတူတူ ကပြဖို့ ဆုံးဖြတ်ထားပုံ ရ၏။

“ကောင်းပြီလေ.. ဒါဆိုရင်လည်း... အတူတူ အိမ်ပြန်ကြတာပေါ့”

လီယွမ်က ခေါင်းညိတ်လိုက်သည်။

“ရှောင်ချိုက်..”

သူက ခပ်တိုးတိုးလေး ခေါ်လိုက်၏။

“ရှူး..”

ရှောင်ချိုက် က ခေါင်းပြူ ထွက်လာပြီး ရတနာ နယ်မြေ ကို ဖွင့်လှစ်ပေးလိုက်သည်။ လီယွမ်က အပြစ်အနာအဆာ ကင်းစင်သော ဓားသန္ဓေသား ကို ထုတ်ယူကာ ကျောတွင် လွယ်ထားလိုက်၏။

ဤအခိုက်အတန့်တွင် ရှောင်ချိုက် ဖြစ်စေ.. ဝူမေ့ ဖြစ်စေ.. အခြားသော ပင်မကူ များ ဖြစ်စေ သူတို့ အားလုံးသည် စိတ်တူကိုယ်တူ ဖြစ်နေကြပြီး ဓားနတ်သမီး အတွက် အိမ်အပြန်လမ်းကို ဖန်တီးပေးရန် ဆုံးဖြတ်ထားကြလေ၏။

ဤအရာက လီယွမ်ကို ဖော်ပြ၍ မရနိုင်သော ခံစားချက် တစ်ခုကို ပေးစွမ်းနေတော့သည်။ စိတ်လှုပ်ရှားမှုလား.. နွေးထွေးမှုလား.. ကြည်နူးမှုလား..။

ပင်မကူ ဟူသည် လီယွမ်နှင့် ကူကောင်များ၏ နှလုံးသားများ ထပ်တူကျခြင်းကို ဆိုလိုခြင်း မဟုတ်ဘဲ ပင်မကူ တိုင်းသည် နှလုံးသား တစ်ခုတည်း.. စိတ်ဆန္ဒ တစ်ခုတည်း ဖြစ်နေခြင်းကို ဆိုလိုခြင်းပင်။ ထိုအရာကမှ မိသားစု တစ်ခု ဖြစ်လာစေခြင်းသာတည်း။

ဓားနတ်သမီး သည် ဓားကြီးကို လွယ်ထားသော လီယွမ်ကို ကြည့်ကာ ပြုံးလိုက်၏။ သူတို့ နှစ်ဦး အတူတကွ မြင်းလှည်းပေါ်မှ ဆင်းလာကြတော့သည်။

“ဝီ…”

ဓားနတ်သမီး ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် ယွင်မိုဝမ် ၏ လက်ထဲရှိ ဓားသေတ္တာက တုန်ခါသွားပြီး ရုတ်တရက် ပွင့်ဟသွားကာ အလင်းရောင်များ ဖြာထွက်လာပြီး ထူးခြားသော မြင်ကွင်းများကို ပြသနေတော့၏။

နတ်ဘုရားဓား လေးလက်က ဓားအိမ်များထဲမှ ပျံထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။

တိမ်တိုက်..။ စိမ်းပြာရောင် နဂါး..။ ပင်လယ်ပြာ..။ ကပ်ဘေး..။

နတ်ဘုရားဓား များတွင် ဝိညာဉ်များ ရှိနေပြီး ဓားနတ်သမီး နှင့် လီယွမ် တို့၏ ပတ်ပတ်လည်တွင် ဆက်တိုက် ရစ်ဝဲ ပျံသန်းနေကြတော့သည်။

“ဓားဂိုဏ်း တစ်ခုလုံးက.. ဓားနတ်သမီး ဘိုးဘေးကြီး ပြန်လည် ရောက်ရှိလာတာကို ကြိုဆိုပါတယ်”

ယွင်မိုဝမ် သည် ဒူးတစ်ဖက် ထောက်ကာ ရိုသေစွာ ဂါရဝပြုလိုက်၏။

“ဓားဂိုဏ်း တစ်ခုလုံး.. ဓားနတ်သမီး ဘိုးဘေးကြီး ပြန်လည် ရောက်ရှိလာတာကို ကြိုဆိုပါတယ်”

အကြီးအကဲများနှင့် တပည့်များ အားလုံးက တညီတညွတ်တည်း ဒူးထောက်လိုက်ကြရာ.. တောင်တံခါးဝမှနေ၍ ရှည်လျားလှသော လှေကားထစ်များ တစ်လျှောက် တောင်ထိပ် အထိ လှိုင်းလုံးများအလား ပျံ့နှံ့သွားတော့သည်။

“အားလုံးပဲ ထကြပါ”

ဓားနတ်သမီး က စကားဆိုလိုက်၏။ သူမ၏ အသံမှာ ရှင်းလင်း ပြတ်သားနေပြီး အေးစက်စက် နိုင်မနေတော့ချေ။

“ဘိုးဘေးကြီး ဓားနတ်သမီး ကို.. ကျေးဇူးတင်ပါတယ်”

လူအုပ်ကြီးက ထပ်မံ ဦးညွှတ်လိုက်ကြပြီး ဘေးသို့ ရှောင်ဖယ်ကာ ဓားများကို ကိုင်ဆောင်လျက် လက်ယှက် ခေါင်းငုံ့ကာ ကျယ်ဝန်းသော လမ်းကြောင်း တစ်ခုကို ဖန်တီးပေးလိုက်ကြသည်။

“အိမ်ပြန်ကြစို့”

ဓားနတ်သမီး က လီယွမ်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး လှေကားထစ်များဆီသို့ စတင် လျှောက်လှမ်းသွားတော့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် လီယွမ်သည် ရေတွက်၍ မရနိုင်အောင် များပြားလှသော အကြည့်များက သူ၏ ရင်ဘတ်ကို ဖောက်ထွင်းတော့မည့်အလား ဓားချီ များထက်ပင် ထက်မြက်စွာ စူးစိုက် ကြည့်နေကြသည်ကို ခံစားလိုက်ရသည်။

လီယွမ် လန့်ဖျတ်သွားရ၏။

‘ရိုးအတဲ့ ဓားနတ်သမီးလေးက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီလောက် မိုက်သွားရတာလဲ..’

လီယွမ်က လူကြီးလူကောင်း တစ်ယောက်လို မနေချင်ခဲ့သော်လည်း ဓားနတ်သမီး ကတော့ သူ့ကို သင့်တော်သော ဂုဏ်ပုဒ် တစ်ခု သေချာပေါက် ပေးချင်နေပုံ ရသည်။

သုံးထောင် ဆိုသော နှစ်ကာလများက သာမန် လူတစ်ယောက် အတွက် မည်မျှလောက် ပြင်းထန်သော သက်ရောက်မှု ရှိသည်ကို မင်း နားလည်ရဲ့လား။ ဓားဂိုဏ်း ၏ လူတိုင်း ခံစားရမည့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို သူ စတင် တွက်ချက်နေမိလေပြီ။

သို့သော် ဓားနတ်သမီး ကတော့ ထိုအရာများကို နားမလည်ပေ။

သူမ သိသည်မှာ လီယွမ်က မိသားစုဝင် တစ်ဦး ဖြစ်ပြီး အိမ်ပြန်မည် ဆိုလျှင် လီယွမ်ကိုပါ အတူတူ ခေါ်သွားရမည် ဟူ၍ ဖြစ်၏။ သူမ၏ ကမ္ဘာလေးထဲတွင် လီယွမ်နှင့် သူမက ခွဲခြား၍ မရနိုင်သော သူများ ဖြစ်ကြပြီး ခွန်အား.. သေမျိုး လောက အနှောင့်အယှက်များ.. သို့မဟုတ် စည်းမျဉ်း စည်းကမ်း ကိုယ်ကျင့်တရား စသည်တို့က သူတို့ကို အနည်းငယ်မျှပင် လွှမ်းမိုးနိုင်စွမ်း မရှိချေ။

ဓားနတ်သမီး ၏ ခိုင်မာသော အကြည့်များနှင့် တည်ငြိမ်သော ခြေလှမ်းများကို ကြည့်ရင်း လီယွမ် ရုတ်တရက် သဘောပေါက်သွား၏။ ဤအခိုက်အတန့်တွင် ချည်နှောင်ခံထားရသူမှာ ဓားနတ်သမီး မဟုတ်ဘဲ သူ ကိုယ်တိုင်ပင် ဖြစ်နေတော့သည်။ သူ အတွေးများကို ရပ်တန့်လိုက်ပြီး ဓားနတ်သမီး နှင့် အတူတူ လှေကားထစ်များ အတိုင်း တောင်ထိပ်ဆီသို့ တစ်လှမ်းချင်း တက်လှမ်းသွားတော့၏။

ဓားဂိုဏ်း ၏ အဖွဲ့ဝင်များမှာ ဇဝေဇဝါ ဖြစ်နေကြသော်လည်း မည်သူမျှ စကားမပြောဝံ့ကြချေ။ ဂိုဏ်းချုပ် ယွင်မိုဝမ် နှင့် အကြီးအကဲ အများအပြား ပင်လျှင် ဘိုးဘေးကြီး ဓားနတ်သမီး ၏ ရဲရင့်မှုကို မေးခွန်းထုတ်ခြင်း မပြုရဲကြပေ။

တောင်အောက်တွင်မူ အတင်းအကြပ် ခေါ်ဆောင်ခံခဲ့ရသော ကောင်မလေး ချန်နျန်ဖုန်း မှာ လုံးဝ တွေဝေသွားတော့သည်။

‘ဟင်.. ငါ ဘာလို့ ဒီကို ရောက်နေတာလဲ..

အစ်မချောချောလေးက.. တကယ်ကြီး လင်းရှောင် ဓားဂိုဏ်း ရဲ့ ဘိုးဘေးကြီးလား..

ပြီးတော့ ဟိုဦးလေးကကော ဘယ်သူလဲ.. အစ်မချောချောလေးရဲ့ အချစ်တော်လေးလား..’

သူမ၏ စိတ်ထဲတွင် မေးခွန်းများ ဆက်တိုက် ပေါ်ထွက်လာတော့၏။ လင်းရှောင် ဓားဂိုဏ်း မှ လူများ ရောက်လာပြီး သူမကို တောင်ပေါ်သို့ ဖိတ်ခေါ်မှသာ မြူခိုးများ ဖုံးလွှမ်းနေသော ကောင်မလေး သတိပြန်ဝင်လာပြီး ပြင်းထန်သော စပ်စုချင်စိတ်များ ပေါ်ပေါက်လာတော့သည်။

‘ဦးလေးက ငါ့ရဲ့ နောက်ခံ သမိုင်းကြောင်းကို သိနေတာများလား..။ ငါ့ အမေက ခွန်လွန် တောင်ကြား ရဲ့ အနက်ရှိုင်းဆုံး နေရာဆီကို အမြဲတမ်း သွားနေရတဲ့ လျှို့ဝှက်ချက် ကိုကော သိနေမလား..’

ထိုသို့ မဟုတ်ပါက သူမကဲ့သို့ သာမန် ပြည်သူ တစ်ယောက်က ထိုသို့သော အဆင့်အတန်း ရှိသူများ အတွက် ပုရွက်ဆိတ် တစ်ကောင်လိုသာ ဖြစ်နေမည်ဖြစ်ပြီး သူမကို အထူးတလည် ဂရုစိုက်ပေးစရာ အကြောင်း မရှိပေ။

စပ်စုချင်စိတ်များက တွန်းအားပေးနေသဖြင့် သူမသည် လင်းရှောင် ဓားဂိုဏ်း ၏ တပည့်များ နောက်သို့ လိုက်ကာ တောင်ပေါ်သို့ တက်သွားတော့၏။

ရှည်လျားလှသော လှေကားထစ်များ ထက်ဝယ်။ ဓားနတ်သမီး နှင့် လီယွမ် တို့သည် တစ်လှမ်းချင်း ဖြည်းညင်းစွာ လျှောက်လှမ်းနေကြသည်။

လီယွမ်က ဓားစိတ်ဆန္ဒ ၏ ဖိအား အနည်းငယ်ကို ခံစားနေရ၏။ ဓားဂိုဏ်း ၏ တပည့်များ အတွက်တော့ လင်းရှောင် တောင်ထိပ်သို့ သွားရာ ဤရှည်လျားလှသော လှေကားထစ်များက လေ့ကျင့်ရေး ကွင်းပြင် တစ်ခုလိုပင် ဖြစ်ပေလိမ့်မည်။ သို့သော် သူ့နှင့် ဓားနတ်သမီး အတွက်တော့ ဖိအားက အလွန် အားနည်းလွန်းလှသည်။

ဓားနတ်သမီး ဖြည်းညင်းစွာ လျှောက်လှမ်းနေခြင်းမှာ မှတ်ဉာဏ်များထဲတွင် နစ်မျောနေသောကြောင့်ပင်။ ကျန်းနန် မြို့သို့ အလည်အပတ် သွားခဲ့စဉ်က ကဲ့သို့ပင် နောက်ထပ် မှတ်ဉာဏ် တစ်ခု လီယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာပြန်၏။

ထိုမြင်ကွင်းမှာ ဓားနတ်သမီး နှင့် အခြားသော တပည့်များ အတူတကွ ဂိုဏ်း၏ စစ်ဆေးမှုတွင် ပါဝင်ခဲ့စဉ်က ဖြစ်ပြီး ဤရှည်လျားလှသော ဓား လှေကားထစ်များကို လျှောက်လှမ်းခဲ့ကြခြင်းပင်။

ဓားနတ်သမီး သည် အသက် သုံးနှစ် အရွယ်ကတည်းက ဓားကို ကိုင်ဆောင်ခဲ့ပြီး ၎င်း၏ ပုံသဏ္ဍာန်ကို လေ့လာခဲ့သည်။ အသက် ငါးနှစ် အရွယ်တွင် သိုင်းပညာကို စတင် သင်ယူခဲ့ပြီး ၎င်း၏ အရသာကို ခံစားခဲ့၏။ အသက် ဆယ်နှစ် အရွယ်တွင် ဓားစိတ်ဆန္ဒ ကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပြီး ဤစစ်ဆေးမှုတွင် ရွယ်တူများကို နောက်ကောက်ချကာ အခြားသော ဓားကျင့်ကြံသူ များကို ဖုန်လုံးထဲ၌ ကျန်ရစ်ခဲ့စေသည်။

ထိုအချိန်မှစ၍ ဓားနတ်သမီး သည် အထီးကျန်နေခဲ့ရခြင်း ဖြစ်နိုင်ပေ၏။ လီယွမ် မြင်တွေ့ရသော မှုန်ဝါးဝါး မြင်ကွင်းများထဲတွင် ဓားနတ်သမီး သည် ဘယ်သောအခါမှ မာန မထောင်လွှားခဲ့ဘဲ ဂိုဏ်းတူ ညီအစ်ကို မောင်နှမများကို နွေးထွေးစွာ ဆက်ဆံခဲ့ပြီး လူကြီးသူမများကို လေးစားကာ ဂိုဏ်းအပေါ်တွင်လည်း ကျေးဇူးသိတတ်ခဲ့သည်။ ငယ်စဉ် ကလေးဘဝမှစ၍ ကြီးပြင်းလာသည်အထိ မည်သည့် အချိန် မည်သည့် နေရာတွင်မဆို သူမသည် လူအများကြားတွင် အမြဲတမ်း တောက်ပနေခဲ့၏။

သို့သော် ဤဓားနတ်သမီး သည် သူမ၏ နှလုံးသားထဲမှ အထီးကျန်မှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ချေ။ လီယွမ်က သူမနှင့် နှလုံးသားချင်း ဖလှယ်ပြီးမှ ထိုခံစားချက်ကို နားလည် သဘောပေါက်သွားသည့် အချိန်အထိ မည်သူကမျှ နားမလည်ခဲ့ကြပေ။

သို့သော် ဓားနတ်သမီး ၏ အတွင်းစိတ်က သူမ၏ လုပ်ရပ်များကို မည်သည့်အခါမျှ မလွှမ်းမိုးခဲ့ချေ။ သုံးပေ ရှည်လျားသော ဓားတစ်လက်ဖြင့် သူတို့သည် နယ်စပ်တွင် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြပြီး နတ်ဆိုးများနှင့် မိစ္ဆာများကို သတ်ဖြတ်ရန် သူတို့၏ အသက်နှင့် သွေးများကို ပေးဆပ်ခဲ့ကြသည်။

ဓား၏ အမည်ဖြင့် ခေါ်တွင်သော ဓားနတ်သမီး သည် ဓားကျင့်ကြံသူ တစ်ဦး၏ စံပြ အယူအဆ များကို သူမ၏ အသက်ဖြင့် ကိုယ်စားပြုခဲ့သလို မွေးရပ်မြေကို ကာကွယ်ရန် တာဝန်ကိုလည်း ကျေပွန်ခဲ့သည်။ သို့အတွက်ကြောင့် သမိုင်းက သူမကို အမှတ်ရနေခဲ့ခြင်းပင်။

သူတို့ မသိလိုက်ခင်မှာပင် မှုန်ဝါးဝါး မှတ်ဉာဏ်များ ကြားမှ လီယွမ်နှင့် ဓားနတ်သမီး တို့သည် တိမ်တိုက်များ အတွင်းသို့ ပျောက်ကွယ်သွားကာ တောင်ထိပ်ဆီသို့ ဦးတည် သွားကြတော့၏။

All Chapters