အရပ်မျက်နှာ အသီးသီးမှ လာရောက် ဂါရဝပြုကြခြင်း
Vol. 26 Ch. 280
အချိန်တွေ ကုန်လွန်သွားခဲ့ပြီး အရာအားလုံး ပြောင်းလဲသွားခဲ့ချေပြီ။
လီယွမ်နှင့် ဓားနတ်သမီး တို့အတွက်မူ လာခဲ့သော လမ်းအတိုင်း ပြန်လည် လျှောက်လှမ်းရခြင်းက ခက်ခဲသော ကိစ္စ တစ်ခုတော့ မဟုတ်ချေ။
သူတို့ နှစ်ဦး တောင်ထိပ်သို့ ရောက်ရှိလုနီးပါး အချိန်လေးမှာပင် ကောင်းကင်ယံမှ လှောင်ပြောင် သရော်သည့် အသံတစ်ခု ထွက်ပေါ်လာတော့၏။
“ငါတို့ အားလုံးက မိတ်ဆွေတွေပါပဲ.. လင်းရှောင် ဓားဂိုဏ်း က ဒီလို ခမ်းနားတဲ့ အခမ်းအနားကြီး တစ်ခုကို ကျင်းပနေတာတောင် ငါတို့ကို မဖိတ်ဘူး ဆိုတော့.. ဒါက နည်းနည်းတော့ လွန်မနေဘူးလား”
“ဓားနတ်သမီး ဘိုးဘေးကြီး ပြန်လည် ရောက်ရှိလာတာက ကျန်းဟူ သိုင်းလောက တစ်ခုလုံး အတွက် ကြီးကျယ်တဲ့ ကိစ္စရပ်ကြီး တစ်ခုပဲလေ.. ဓားနတ်သမီး ရဲ့ ကျက်သရေကို ဘယ်သူက မမြင်ချင်ဘဲ နေမှာလဲ.. မင်းတို့ လင်းရှောင် ဓားဂိုဏ်း က အရမ်းကို မျှတမှု မရှိဘူး”
အခြား တစ်ယောက်ကလည်း ထောက်ခံ ဝင်ပြောလိုက်သည်။
လီယွမ်က မျက်ခုံးပင့်လိုက်ပြီး မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်၏။ အရှေ့ဘက်နှင့် အနောက်ဘက် အရပ်မျက်နှာ အသီးသီးမှ လူတစ်ဦးစီ ထွက်ပေါ်လာကြသည်။ ဤအခြေအနေကို သူ မအံ့ဩပါချေ။
ဓားနတ်သမီး ပြန်လည် နိုးထလာခြင်းက သိုင်းလောက တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သော်လည်း ထိုလူများမှာ ဓားနတ်သမီး ၏ အရိပ်အယောင်ကိုပင် မရှာတွေ့နိုင်ခဲ့သဖြင့် လက်လျှော့ခဲ့ရသည်။ ယခုအခါ ဓားနတ်သမီး က ဓားဂိုဏ်း သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ရာ မကောင်းဆိုးဝါးများနှင့် မိစ္ဆာအိုကြီးများကို ဆွဲဆောင်လာမည်မှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စပင်။
“ငါတို့ ဓားဂိုဏ်း ရဲ့ ကိစ္စက မင်းတို့ ထျန်းဝေ့ထျန်း နဲ့ ပိုင်လျန်ဂိုဏ်းတို့နဲ့ ဘာများ သက်ဆိုင်နေလို့လဲ”
ယွင်မိုဝမ် က ကောင်းကင်သို့ ပျံတက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
“မင်းတို့ အားလုံး ဒီကနေ ထွက်သွားကြစမ်း.. ဘိုးဘေးကြီး အေးအေးချမ်းချမ်း ကျင့်ကြံနေတာကို လာပြီး နှောင့်ယှက်ရဲတဲ့ သူတိုင်းကို ငါတို့ ဓားဂိုဏ်း က သေသည်အထိ တိုက်ခိုက်သွားမယ်”
“ယွင် ဂိုဏ်းချုပ်.. ဒီလို မပြောပါနဲ့”
ရောက်လာသူမှာ ထျန်းဝေ့ထျန်း ၏ မဏ္ဍိုင်ကြီး လေးပါး အနက်မှ တစ်ဦးဖြစ်သော ယန်ဖုန်း ပင် ဖြစ်လေ၏။
“ဓားနတ်သမီး ဘိုးဘေး ဆိုတာ ကျန်းဟူ သိုင်းလောက က လူတိုင်း ရိုသေ လေးစားရတဲ့ စီနီယာ တစ်ယောက်ပါ.. လင်းရှောင် ဓားဂိုဏ်း တစ်ခုတည်း ပိုင်ဆိုင်တဲ့ သူ မဟုတ်ဘူး.. သိုင်းလောက တစ်ခုလုံးရဲ့ ဓားနတ်သမီး ပဲ”
“မင်းကိုယ်မင်း ဘာကောင် မှတ်နေလို့လဲ.. မင်းက ကျန်းဟူ သိုင်းလောက တစ်ခုလုံးကို ကိုယ်စားပြုဖို့ ထိုက်တန်လို့လား”
ယွင်မိုဝမ် က တစ်လက်မလေးမျှ အလျှော့မပေးချေ။ သူ၏ နောက်တွင်လည်း အကြီးအကဲ တစ်စုက အချိန်မရွေး တိုက်ပွဲဝင်ရန် အသင့် ပြင်ဆင်နေကြလေပြီ။
“ငါက ကျန်းဟူ သိုင်းလောက တစ်ခုလုံးကို ကိုယ်စား မပြုနိုင်ပါဘူး.. ဒါပေမဲ့ အခု ဒီကို ရောက်နေတာ ငါ တစ်ယောက်တည်းမှ မဟုတ်တာ”
ယန်ဖုန်း က ရယ်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
“မိတ်ဆွေတို့.. ရောက်နေပြီ ဆိုမှတော့ ထွက်လာခဲ့ကြတော့.. အားလုံးက စီနီယာ ကို လာပြီး ဂါရဝပြုချင်ကြတာပဲ မဟုတ်လား.. ဘာလို့ ပုန်းနေကြဦးမှာလဲ”
ထိုအခါ မိုးကုတ်စက်ဝိုင်းဆီမှ လူများ ပိုမို ထွက်ပေါ်လာကြတော့၏။
ယွင်မိုဝမ် ၏ မျက်နှာ အမူအရာမှာ တစ်စထက်တစ်စ ပိုမို ဆိုးရွားလာတော့သည်။ ထျန်းဝေ့ထျန်း မှ မဏ္ဍိုင်ကြီး လေးပါးထဲက တစ်ဦး ဖြစ်သူ ယန်ဖုန်း နှင့် ပိုင်လျန် ဂိုဏ်း မှ ဂိုဏ်းချုပ်ကြီး ယဲ့ယန် တို့ အပြင် ဆူရှင်း စံအိမ်.. နဂါးကျားတောင်.. ရှူတောင်.. ချင်ချန်တောင် တို့မှ လူများသာမက နှစ်ပေါင်းများစွာ တိတ်ဆိတ် နေခဲ့ပြီး ယခုမှ ပြန်လည် ခေါင်းထောင်လာသော နေလ ဂိုဏ်း နှင့် အနောက်ပိုင်း ဒေသရှိ ကျင်းချန် ဘုရားကျောင်း တို့မှ လူများပါ ရောက်ရှိလာကြသည်။
လောကရှိ အင်အား ကြီးမားသော အဖွဲ့အစည်းများ အားလုံးထဲတွင် အရှေ့ပိုင်း တောရိုင်းနယ်မြေ မှ သွေးဆာ မိစ္ဆာ ဂိုဏ်း.. မြောက်ပိုင်း ဒေသမှ ရေခဲပြင် မျိုးနွယ်စု နှင့် တောင်ပိုင်း နယ်စပ်မှ နဝမ ကူနန်းတော် တို့သာ လူမလွှတ်လိုက်ကြခြင်း ဖြစ်၏။
ဒီနေ့ ဖြစ်ပျက်နေသည့် ဖရိုဖရဲတွေကြောင့် ထိုအင်အားစုကြီးတွေကတောင် လူတွေ လွှတ်လိုက်လောက်သည်။
နဝမ ကူနန်းတော် မှလွဲ၍ အခြားသော အဖွဲ့အစည်း အားလုံးသည် သူတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ အသီးသီး ရှိနေကြပြီး လင်းရှောင် ဓားဂိုဏ်း ကို အမှန်တကယ် ကူညီလိုသူ မည်မျှ ရှိမည်ကို ယွင်မိုဝမ် လုံးဝ မခန့်မှန်းနိုင်ချေ။
ဤမုန်တိုင်းကြီးကို ဖြတ်ကျော်နိုင်ခဲ့ပါက ဓားဂိုဏ်း သည် အတိတ်က ခမ်းနား ကြီးကျယ်မှုများကို ပြန်လည် ရရှိလာလိမ့်မည်။ အကယ်၍ မဖြတ်ကျော်နိုင်ခဲ့ပါက ဤသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသော ဘေးဒုက္ခကြီး တစ်ခု ဖြစ်လာလေမည်။
“ဘိုးဘေးကြီး.. ကျွန်တော်တို့ အနေနဲ့ ဘိုးဘေးကြီး တံခါးပိတ် ကျင့်ကြံနေတာကနေ ထွက်လာဖို့ လိုအပ်နေပြီ ထင်တယ်”
ယွင်မိုဝမ် က တိတ်တဆိတ် အသံလွှင့်ကာ အကြံပြုလိုက်၏။
“မဖြစ်သေးဘူး”
ဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာတွင် ထိုင်နေသော သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသည့် ဘိုးဘေးကြီး က ခေါင်းခါပြလိုက်သည်။
“နဝမအဆင့် က မိစ္ဆာအိုကြီးတွေတောင် ထွက်မလာသေးဘူး.. ငါက အရင်ဆုံး လှုပ်ရှားလိုက်ရင် အားနည်းချက် ပြလိုက်သလို ဖြစ်သွားလိမ့်မယ်”
“ဒီလူတွေ ထဲမှာ ဘယ်သူတွေက ရန်သူ.. ဘယ်သူတွေက မိတ်ဆွေ ဆိုတာကို အရင်ဆုံး လေ့လာကြည့်ကြတာပေါ့”
“တိုက်ပွဲ မစခင်မှာ ငါတို့ရဲ့ စိတ်ဓာတ်တွေ မကျဆင်းသွားစေနဲ့”
အဆိုးရွားဆုံး အခြေအနေ ကတော့ ရောက်မလာသေးဘူးပင်။ ဤလူများထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က အမှောင်ထုထဲတွင် ပုန်းအောင်းနေပြီး အသက်ရှင်ရန် တွယ်ကပ်နေကြကာ ပြန်လည် ရှင်သန်ခွင့် ရမည့် အခွင့်အရေးကို စောင့်မျှော်နေကြသော မိစ္ဆာအိုကြီးများပင် ဖြစ်၏။
ယွင်မိုဝမ် က သူ၏ ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ သူသည် အထွတ်အထိပ် သူတော်စင် နယ်ပယ် သို့ မရောက်ရှိသေးသော်ငြားလည်း လျှို့ဝှက် ဓား အခင်းအကျင်း ၏ အထောက်အပံ့ဖြင့် နဝမအဆင့် အောက်ရှိ မည်သူ့ကိုမဆို သူ လုံးဝ မကြောက်ရွံ့ပါချေ။
ဤကဲ့သို့သော အချိန်မျိုးတွင် ပြတ်သားစွာ လုပ်ဆောင်ရန် လိုအပ်ကြောင်းကို သူ ကောင်းစွာ သိရှိထား၏။ ရှေ့သို့ ထွက်လာရဲသူ မည်သူ့ကိုမဆို သတ်ပစ်ရမည်။ တစ်ယောက်ကို သတ်ပြီး အယောက် တစ်ရာကို သတိပေးရမည်။ သွေးထွက်သံယို ဖြစ်ခြင်းက အကောင်းဆုံးသော ခြိမ်းခြောက်မှု တစ်ခုပင်။
သို့သော် သူ မည်မျှပင် အကွက်ချ စီစဉ်နေပါစေ ဒါက ယာယီ ဖြေရှင်းချက် တစ်ခုသာ ဖြစ်ပြီး အခမ်းအနား၏ နောက်ဆုံး ရလဒ်မှာ ဓားနတ်သမီး ဘိုးဘေးကြီး ၏ ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်နေကြောင်းကို သူ ကောင်းစွာ နားလည်ထားလေ၏။
ဓားနတ်သမီး ပြန်လည် ရောက်ရှိလာခြင်း.. ဘိုးဘေးကြီး သည် မည်သည့် အဆင့်အထိ ရောက်ရှိနေပြီလဲ.. ပြီးတော့ ဤအရာ အားလုံးကို အဆုံးသတ်နိုင်စွမ်း ရှိပါရဲ့လား..။
သူ မသိပေ။
မျိုးဆက်သစ် တစ်ယောက် အနေဖြင့် သူ လုပ်နိုင်သမျှက ဘိုးဘေးကြီးနှင့် အတူ အေးအတူ ပူအမျှ ရှိနေပေးရန်သာ ဖြစ်တော့၏။
“ဝူပင်း”
ယွင်မိုဝမ် က ကျိုးဝူပင်း ထံသို့ ချက်ချင်း အသံလွှင့်လိုက်သည်။
“လီယွမ် နဲ့ ဓားနတ်သမီး ဘိုးဘေးကြီး ကို သွားပြောလိုက်.. အပြင်ဘက်က ကိစ္စတွေကို ဓားဂိုဏ်း ရဲ့ တပည့်တွေက တာဝန်ယူ ဖြေရှင်းလိုက်ပါ့မယ်လို့.. သူတို့ လုပ်ချင်တာကို အေးအေးချမ်းချမ်း သာ လုပ်ကြပါလို့ သွားပြောလိုက်”
“ဟုတ်ကဲ့”
ကျိုးဝူပင်း ၏ မျက်နှာ အမူအရာမှာ ထူးခြားစွာ လေးနက် တည်ကြည်နေတော့သည်။
“ဓားဝိညာဉ်.. အခြေအနေတွေက ရှောင်လွှဲလို့ မရတော့ဘဲ တိုက်ပွဲကြီး တကယ် ဖြစ်လာမယ် ဆိုရင်.. ငါတို့ နိုင်နိုင်ခြေ ဘယ်လောက် ရှိလဲ”
“နိုင်နိုင်ခြေ လုံးဝ မရှိဘူး”
ကျိုးပဲ့နေသော ဓားငယ်လေး က ကလေးအသံလေးဖြင့် ပြန်ဖြေလိုက်၏။
“မင်းကို ဓားနတ်သမီး ဘိုးဘေးကြီး ဆီ ပေးလိုက်မယ် ဆိုရင်ကော”
ကျိုးဝူပင်း က ထပ်မေးလိုက်သည်။
“ခင်... ခင်ဗျား ရူးနေတာလား”
ကလေးအသံလေးထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေ၏။
“ငါ မရူးပါဘူး.. ငါ တကယ် ပြောနေတာ”
“ဒါက ခင်ဗျားးပုံစံနဲ့ မတူဘူးလေ.. ဒီလို အချိန်မျိုးမှာ ကျွန်တော်တို့တွေ ထွက်ပြေးဖို့ ကြိုးစားသင့်တာ မဟုတ်ဘူးလား.. ခင်ဗျားကို ကြည့်ရတာ သူစိမ်း တစ်ယောက်လို ခံစားရတယ်”
“သူတို့နဲ့ မတူဘူးလေ”
“ဘာက မတူတာလဲ”
“မျက်နှာ အပျက်ခံလို့ ရတယ်.. ဒါပေမဲ့ ကျောရိုးကိုတော့ အကျိုးခံလို့ မရဘူး”
“...”
ကျိုးပဲ့နေသော ဓားငယ်လေးမှာ တစ်ခဏမျှ တိတ်ဆိတ်သွားတော့၏။
“အခြေအနေတွေက တကယ်ပဲ တခြား ရွေးချယ်စရာ မရှိတော့တဲ့ အထိ ရောက်သွားပြီ ဆိုရင်.. ကျွန်တော့်ကို လွှဲပေးလိုက်ပါ.. ဓားနတ်သမီး ရဲ့ ပါရမီရယ်.. ကျွန်တော်ရယ် ပေါင်းလိုက်ရင် ကျွန်တော်တို့ သုံးဆယ် ရာခိုင်နှုန်းလောက် နိုင်နိုင်ခြေ ရှိနိုင်ပါတယ်”
“ကောင်းပြီ”
ကျိုးဝူပင်း က ခေါင်းညိတ်လိုက်သည်။
သူသည် လှေကားထစ်များ အတိုင်း အမြန် ပြေးတက်သွားပြီး..သတင်းပို့လိုက်၏။
“စီနီယာအစ်ကို လီယွမ်.. ဓားနတ်သမီး ဘိုးဘေးကြီး.. အပြင်ဘက်က ကိစ္စတွေကို ဓားဂိုဏ်း ရဲ့ တပည့်တွေကပဲ ဖြေရှင်းလိုက်ပါ့မယ်လို့ ဂိုဏ်းချုပ်ကြီး က လာပြောခိုင်းလိုက်ပါတယ်”
“ခင်ဗျားတို့ လုပ်ချင်တာကိုသာ သွားလုပ်ကြပါ”
“ဘိုးဘေးကြီး ကို လာနှောင့်ယှက်မယ့် သူတွေကို ကျွန်တော်တို့ လုံးဝ ခွင့်မပြုပါဘူး”
ထိုသို့ ပြောဆိုပြီးသည်နှင့် ကျိုးဝူပင်း သည် သူ၏ ဓားကို ပခုံးပေါ် လွယ်ကာ ထွက်ခွာသွားတော့သည်။
လီယွမ်က အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်၏။ အခြေအနေများက သူ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သော်လည်း တကယ်တမ်း ကြုံတွေ့ရချိန်တွင် ဖိအားများက သူ ထင်မှတ်ထားသည်ထက် များစွာ ပိုမို ကြီးမားနေသည်။
ကံကောင်းထောက်မစွာဖြင့် လင်းရှောင် ဓားဂိုဏ်း သည် ရန်သူကို ရင်ဆိုင်ရာတွင် စည်းလုံး ညီညွတ်မှု ရှိပြီး ဓားနတ်သမီး ကိုလည်း အခိုင်အမာ ထောက်ခံပေးကြလေ၏။ ထိုသို့ မဟုတ်ပါက အခြေအနေများမှာ ပို၍ ဆိုးရွားသွားပေလိမ့်မည်။
“သွားကြစို့”
လီယွမ် သည် ဓားနတ်သမီး ကို ခေါ်ဆောင်ကာ ပင်မ တောင်ထိပ်ဆီသို့ သွားပြီး တောင်တန်းများ၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ဝင်ရောက်သွားတော့၏။ ဓားနတ်သမီး က လမ်းပြပေးစရာ မလိုဘဲ ‘အိမ်’ ဘယ်မှာ ရှိသည်ကို သူ ကောင်းစွာ သိရှိနေသည်။
အဝေးဆီတွင် အခြားသော တောင်ထိပ် တစ်ခုက မားမားမတ်မတ် ရပ်တည်နေ၏။
ထိုနေရာက လင်းရှောင် ဓားဂိုဏ်း ၏ ဓားသင်္ချိုင်း ဖြစ်ပြီး ဓားနတ်သမီး ၏ မိခင်ကို မြှုပ်နှံထားသော နေရာလည်း ဖြစ်သည်။ ၎င်းက ဓားနတ်သမီး ပြန်လာချင်သော ‘အိမ်’ လည်း ဖြစ်ပေသည်။
ပြင်ပ လူများအတွက်တော့ ဤအရာ အားလုံးက ထင်ယောင်ထင်မှား တစ်ခုမျှသာ ဖြစ်သော်ငြားလည်း.. သုံးထောင် ဆိုသော နှစ်ကာလများတိုင်အောင် အိပ်စက်နေခဲ့သော ဓားနတ်သမီး အတွက်တော့ ဤနေရာက မည်မျှ အရေးပါကြောင်းကို လီယွမ် တစ်ယောက်တည်းသာ သိရှိနားလည် ပေ၏။
အကယ်၍ ဓားနတ်သမီး သာ အတိတ်ကို နှုတ်မဆက်နိုင်ခဲ့ပါက.. သူမ၏ စစ်မှန်သော အတ္တကို မည်သည့်အခါမျှ ရှာတွေ့နိုင်မည် မဟုတ်ဘဲ ပြန်လည် ရှင်သန်နိုင်ရန်မှာ မဖြစ်နိုင်တော့ချေ။
“ဝုန်း..”
တောင်တံခါး အပြင်ဘက်တွင် ရေတွက်၍ မရနိုင်သော ဟိန်းဟောက်သံများနှင့် ကြောက်မက်ဖွယ် ကောင်းလှသော အငွေ့အသက်များက ပဲ့တင်ထပ်နေတော့သည်။
လင်းရှောင် ဓားဂိုဏ်း ၏ အဖွဲ့ဝင်များသည် ကျူးကျော်လာသော ရန်သူများနှင့် အပြင်းအထန် တိုက်ခိုက်နေကြ၏။
ဤသည်မှာ အင်အားစု မျိုးစုံ၏ စမ်းသပ်မှု တစ်ခုမျှသာ ဖြစ်ပြီး စစ်မှန်သော အကျပ်အတည်းက ရောက်မလာသေးကြောင်းကို လီယွမ် ကောင်းစွာ သိရှိထားသည်။ ပထမဆုံး စမ်းသပ်မှုကိုပင် မခုခံနိုင်ခဲ့ပါက သေရေးရှင်ရေး အခြေအနေသို့ သေချာပေါက် ရောက်ရှိသွားပေလိမ့်မည်။
အတွေးများထဲတွင် နစ်မျောနေစဉ် သူသည် ဓားနတ်သမီး နှင့် အတူ ဓားသင်္ချိုင်း ၏ တောင်ခြေရင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ဓားသင်္ချိုင်း ၏ အောက်ခြေမှ အထက်သို့ တိုင်အောင် ဓားများဖြင့် ပြည့်နှက်နေသည်။ အချို့သော ဓားများမှာ သံချေးတက်နေပြီး.. အချို့မှာတော့ အလွန်တရာ ထက်မြက်နေဆဲပင်။ ကျိုးပဲ့နေသော ဓားများနှင့် အသံတိတ်နေသော ဓားများလည်း ရှိသေး၏။
ဓားနတ်သမီး ရောက်ရှိလာသော အခိုက်အတန့်တွင် ဓားများ အားလုံးက တညီတညွတ်တည်း အော်မြည်လာကြတော့သည်။
“မေမေ.. သမီး ပြန်လာပြီ”
ဓားနတ်သမီး က တီးတိုး ရေရွတ်လိုက်ရာ.. လီယွမ်၏ စိတ်ထဲတွင် နောက်ထပ် မှတ်ဉာဏ် တစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုမြင်ကွင်းမှာ ဓားနတ်သမီး ၏ မိခင်က သူမကို ဓားသင်္ချိုင်း ဆီသို့ ဓားသွားယူရန် ပထမဆုံး အကြိမ် ခေါ်ဆောင်သွားခဲ့သော မြင်ကွင်းပင် ဖြစ်တော့၏။
ဓားနတ်သမီး က တောင်ပေါ်သို့ တက်သွားတော့သည်။
ဤတစ်ကြိမ်တွင်မူ လီယွမ်က နောက်မှ လိုက်မသွားတော့ဘဲ တောင်တံခါး အပြင်ဘက်သို့သာ လှမ်းကြည့်နေလိုက်၏။ ပင်မကူ များ အားလုံးမှာ ဂနာမငြိမ် ဖြစ်နေကြပြီး ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော တိုက်ခိုက်လိုစိတ်များ တဟုန်ထိုး ထွက်ပေါ်လာတော့သည်။