အပြင်းအထန် တိုက်ပွဲကြီး
Vol. 26 Ch. 281
လီယွမ် က အပြင်သို့ လျှောက်ထွက်လာ၏။
ဓားသင်္ချိုင်း သို့ တက်လှမ်းနေသော ဓားနတ်သမီး က ရုတ်တရက် ရပ်တန့်သွားပြီး နောက်သို့ လှည့်ကြည့်လာသည်။
“ငါ တစ်ယောက်တည်း သွားလိုက်မယ်”
လီယွမ်က သူမကို လှမ်းအော်ပြောလိုက်၏။
“မင်း အခု ငါနဲ့ အတူတူ ထွက်လာလို့ မဖြစ်သေးဘူး”
“ဘာလို့လဲ”
ဓားနတ်သမီး က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“လူအများကြီးက ငါတို့ကို စောင့်ကြည့်နေကြတယ်လေ.. မင်းသာ လှုပ်ရှားလိုက်ရင် ငါတို့ အခြေအနေက အရေးနိမ့်သွားလိမ့်မယ်.. မင်း ပေါ်မလာဘူး ဆိုရင်တော့ သူတို့တွေ အခြေအနေကို သေချာ မခန့်မှန်းနိုင်တော့ဘူး.. အဲ့ဒီအခါကျရင် သူတို့က အခြေအနေကို စမ်းသပ်ရုံလောက်ပဲ လုပ်ရဲပြီး အသေအလဲ တိုက်ခိုက်ဖို့တော့ မရဲ ဖြစ်နေလိမ့်မယ်”
ဓားနတ်သမီး ၏ အစစ်အမှန် အခြေအနေကို မည်သူမျှ မသိရှိကြချေ။
သီးသန့် ပုန်းအောင်းနေပြီး သေမင်းနှင့် အလွန် နီးကပ်နေပြီ ဖြစ်သော ထို မိစ္ဆာအိုကြီးများ သည် ပြဿနာများကို ရင်ဆိုင်ရမည်ကို အလွန် ကြောက်ရွံ့ကြသဖြင့် သဘာဝကျကျ အလွန် သတိကြီးစွာ ထားကြမည် ဖြစ်ပြီး လွယ်လွယ်ကူကူ ထွက်ပေါ်လာကြမည် မဟုတ်ပေ။
သုံးထောင် ဆိုသော နှစ်ကာလများတိုင်အောင် အိပ်စက်ပြီးနောက် ပြန်လည် ရှင်သန်လာခြင်း၏ လျှို့ဝှက်ချက်က မိစ္ဆာအိုကြီးများ၏ နှလုံးသားထဲတွင် တောင့်တမှုနှင့် ကြောက်ရွံ့မှုများ ရောယှက်နေသော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့လေ၏။
“အို..”
ဓားနတ်သမီး က နားလည်သွားသလို ရှိသော်လည်း.. အန္တရာယ် များလွန်းလှသည်။
“ကိစ္စ မရှိပါဘူး”
လီယွမ်က ပြုံးပြလိုက်၏။
“ငါ သူတို့ကို မနိုင်ရင်တောင် ထွက်ပြေးလို့ ရတယ်လေ”
“ဂျီ..”
လျှပ်တပြက်ကူ ၏ မျက်စိတစ်မှိတ် အတွင်း ပျံသန်းနိုင်စွမ်း က ဓားနတ်သမီး အနေဖြင့် စိုးရိမ်စရာ မလိုကြောင်း သက်သေပြနေသည်။
ရစ်ပတ် နတ်ဘုရားကူ (ရစ်ပတ် အင်မော်တယ်ကူ)၊ရှောင်ချိုက်၊ပက်ကျိလေး၊ဝူမေ့ နှင့် ရွှေရောင် ရတနာလေး တို့လည်း ထွက်ပေါ်လာကြ၏။ သူတို့၏ ကိုယ်ပိုင် အချစ်တော်လေး အနေဖြင့် ဤအချိန်က ဓားနတ်သမီး အတွက် မည်မျှ အရေးကြီးကြောင်းကို သူတို့ အားလုံး ကောင်းစွာ နားလည် သိရှိထားကြလေ၏။
“ငါ နားလည်ပါပြီ”
ဓားနတ်သမီး က ပြုံးလိုက်ပြီး ဆိုသည်။
“အားလုံးကို ကျေးဇူးတင်ပါတယ်”
တောင်တံခါး အပြင်ဘက်တွင်..
နတ်ဘုရားဓား ပင်လယ်ပြာ ကို ကိုင်ဆောင်ထားသော ယွင်မိုဝမ် သည် ထျန်းဝေ့ထျန်း ၏ မဏ္ဍိုင်ကြီး လေးပါး အနက်မှ တစ်ဦးဖြစ်သော ယန်ဖုန်း နှင့် အပြင်းအထန် တိုက်ပွဲဝင်နေ၏။
ယန်ဖုန်း ၏ လက်နက်မှာ သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် ရစ်ဝဲနေ၏။ သူ၏ ဆန္ဒအတိုင်း လှုပ်ရှားနိုင်သော ငွေရောင် ဓားမြှောင်ပျံ ဆယ့်ခြောက်ချောင်း ဖြစ်သည်။ ၎င်းတို့ကို တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်ပြီး အလွန် လိုက်လျောညီထွေ ရှိကာ ခန့်မှန်းရ ခက်ခဲသဖြင့် ကာကွယ်ရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။
“မိတ်ဆွေတို့.. လင်းရှောင် ဓားဂိုဏ်း က ငါတို့ကို သိုင်းပညာ ဖလှယ်ဖို့ ဖိတ်ခေါ်ထားတယ်.. ကျေးဇူးပြုပြီး ဓားနတ်သမီး ဘိုးဘေးကြီး ထွက်ကြည့်လှည့်ပါဦး.. မင်းတို့တွေ ဘာစောင့်နေကြတာလဲ.. ဘာလို့ အခုထိ ဝင်မတိုက်ကြသေးတာလဲ”
ယန်ဖုန်း က ရယ်မောလိုက်သည်။
“အဓိပ္ပာယ် ရှိသားပဲ”
ပိုင်လျန်ဂိုဏ်း၏ အကြီးအကဲချုပ် ယဲ့ယန် က ရှေ့သို့ တိုးလာပြီး ဆိုသည်။ “ဓားနတ်သမီး ဘိုးဘေးကြီး က ငါတို့လို မျိုးဆက်သစ် တွေကို တွေ့ဖို့ ဆန္ဒ မရှိဘူး ဆိုရင်လည်း ငါတို့တွေ အရူးလုပ်ပြဖို့ပဲ ရှိတော့တာပေါ့”
ပို၍ အလှမ်းဝေးသော နေရာတွင် ဆူရှင်း စံအိမ် ၏ မဟာသခင် ကြီး ကျွမ်းယင်.. ရှူတောင် ၏ အဘိုးအို ကူဟုန်.. နဂါးကျားတောင် ၏ ကောင်းကင် မဟာသခင် သုံးပါး အနက်မှ တစ်ပါး ဖြစ်သော ရွှမ်လဲ့.. ချင်ချန်တောင် ၏ အဆောင်ကိုးခု အရှင်သခင်.. နေလ ဂိုဏ်း ၏ သွေးလ ဂိုဏ်းခွဲ ခေါင်းဆောင် တုကူမင် နှင့် အနောက်ပိုင်း ဒေသရှိ ကျင်းချန် ကျောင်းတော် မှ မဟာသခင် ကုန်းကျီ တို့ အသီးသီး နေရာယူထားကြ၏။
ဤလူများ အားလုံးသည် ကျန်းဟူ သိုင်းလောက တွင် ထင်ရှား ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပြီး.. သူတော်စင် အဖြစ်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည့် အဋ္ဌမအဆင့် ဝါရင့် ပညာရှင်များ ဖြစ်ကြသည်။
တချို့ လူတွေ ကတော့ ခြေတစ်လှမ်း ဆုတ်သွားကြသည်။
“ကျစ်.. မင်းတို့ အားလုံးက ဘာလို့ ဒီလောက်တောင် မြင့်မြတ်တဲ့ ပုံစံမျိုး ဟန်ဆောင် နေကြတာလဲ.. ဒီလို အချိန်မျိုးမှာ မင်းတို့ကိုယ်မင်းတို့ လူကောင်းတွေ အဖြစ် ပုံဖော်ဖို့ ကြိုးစား မနေကြပါနဲ့တော့”
“သူတို့ အားလုံးက ဂိုဏ်းထဲက အဘိုးကြီးတွေ စေလွှတ်လိုက်လို့ လာကြတာ မဟုတ်ဘူးလား.. အင်မော်တယ် အသား တစ်ဖဲ့လောက် စားချင်လို့လေ”
“ရပ်ကြည့် မနေကြနဲ့တော့ အားလုံးပဲ.. အတူတူ ဝင်တိုက်ကြစို့”
ဤအရေးပါသော ပုဂ္ဂိုလ်ကြီးများ အားလုံး၏ စစ်မှန်သော မျက်နှာဖုံး များကို ခွာချလိုက်သူမှာ အခြားသူ မဟုတ်ဘဲ သွေးလ ဂိုဏ်းခွဲ ခေါင်းဆောင် တုကူမင် ပင် ဖြစ်တော့၏။
“အော်မိတော်ဖော်”
ကျင်းချန် ကျောင်းတော် မှ ကုန်းကျီ က လက်အုပ်ချီကာ ဆိုသည်။ “ဒီဘုန်းကြီးအို က တရားဓမ္မ အဆက်အသွယ် လေးတစ်ခု ရှာဖို့ သက်သက် လာတာပါ.. ဘုန်းကြီး ဆိုတာ လိမ်ညာ မပြောတတ်ပါဘူး”
“ဒီထိပ်ပြောင် ဘုန်းကြီးအို.. ခဏနေရင် စားစရာ အသားတွေ ရှိလိမ့်မယ်.. မင်း သတ္တိရှိရင် ဝင်မလာနဲ့နော်”
တုကူမင် က ကျိန်ဆဲလိုက်၏။
“အော်မိတော်ဖော်” ကုန်းကျီ က ခေါင်းခါပြလိုက်သည်။
“ဒီဘုန်းကြီးအိုက မင်း ဘာပြောနေတာလဲ ဆိုတာကို နားမလည်ပါဘူး”
“မင်းတို့ကော”
ထို့နောက် တုကူမင် က အခြား သူများကို ကြည့်လိုက်သည်။
“ငါ ဒီမှာ ရှိနေသရွေ့ အေးအေးဆေးဆေး ထိုင်ပြီး အကျိုးအမြတ် ခံစားရမယ်လို့တော့ မတွေးနဲ့.. အခု ဝင်တိုက်မလား ဒါမှမဟုတ် ထွက်သွားမလား”
“စည်းကမ်း ဖောက်ဖျက်ရဲတဲ့ သူ ဘယ်သူမဆို.. ငါတို့ နေလ ဂိုဏ်း က သင်ကြားပေးရင် အပြစ်မတင်နဲ့နော်”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် တုကူမင် သည် အဝေးသို့ ပြေးထွက်သွားပြီး တိုက်ပွဲ အတွင်းသို့ ဝင်ရောက်သွားတော့၏။
ကုန်းကျီ က အခြား သူများကို ကြည့်ကာ မေးလိုက်သည်။
“မင်းတို့ အားလုံးကော တရားဓမ္မ အဆက်အသွယ် လေးတစ်ခု ရှာဖို့ သက်သက် လာတာပဲလား”
ဆူရှင်း စံအိမ် ၏ မဟာသခင် ကြီး ကျွမ်းယင် က ပြုံးလျက် ဆိုသည်။ “ငါကတော့ နှစ်ပေါင်း သုံးထောင်တိုင်တိုင် ရှေးဟောင်း စာအုပ်တွေ ထဲမှာ ချီးကျူး ခံခဲ့ရတဲ့ ဓားနတ်သမီး က ဘယ်လောက်တောင် ပြိုင်ဘက်ကင်း အလှတရား ကို ပိုင်ဆိုင်ထားလဲ ဆိုတာကို လာကြည့်ရုံ သက်သက်ပါ”
“အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် တွေ ဒါမှမဟုတ် အဲ့ဒီလိုမျိုး အရာတွေကို ငါ စိတ်မဝင်စားပါဘူး”
“မင်းတို့ သဘောရှိ လုပ်ကြပါ”
ထိုသို့ ပြောပြီးနောက် သူသည် အလွန် ဝေးကွာသော နေရာသို့ နောက်ဆုတ်သွားကာ ဤအငြင်းပွားမှု တွင် မပါဝင်ဘဲ ပွဲကြည့် ပရိသတ် တစ်ဦး အဖြစ်သာ နေမည် ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသလိုက်၏။
“ငါကတော့ ဓားနတ်သမီး ကို မေးခွန်း နည်းနည်းလောက် မေးချင်ရုံ သက်သက်ပါ.. ဓားဂိုဏ်း နဲ့ ရန်သူ ဖြစ်ချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး”
နဂါးကျားတောင် မှ ရွှမ်လဲ့ က ဦးညွှတ်လိုက်ပြီးနောက် ဆူရှင်း စံအိမ် မှ ကျွမ်းယင် နှင့် မျဉ်းတစ်ပြေးတည်း ရှိသော နေရာသို့ နောက်ဆုတ်သွားတော့သည်။
ဤသည်ကို မြင်သောအခါ ရှူတောင် မှ အဘိုးအို ကလည်း အမြန် နောက်ဆုတ်သွားပြီး မြေခွေးအိုကြီး တစ်စုဟု စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲလိုက်၏။
ဤလူများမှာ အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် များကို ရှာဖွေရန် အရည်အချင်း မပြည့်မီကြပေ။ သူတို့က လမ်းခင်းပေးရန် သက်သက် လာခဲ့ကြခြင်း ဖြစ်ပြီး သူတို့၏ တာဝန်မှာ ဓားနတ်သမီး ကို အတင်းအကျပ် ထွက်ပေါ်လာစေရန်သာ ဖြစ်သည်။
စစ်မှန်သော တိုက်ပွဲကြီးမှာ ဓားနတ်သမီး ပေါ်လာမှသာ စတင်မည် ဖြစ်၏။
ကျွမ်းယင် နှင့် ရွှမ်လဲ့ တို့ နောက်ဆုတ်သွားခြင်းမှာ အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် ကို အမှန်တကယ် စွန့်လွှတ်လိုက်ခြင်း မဟုတ်ဘဲ ကျန်ရှိနေသော အင်အားစု များက လင်းရှောင် ဓားဂိုဏ်း ၏ ပထမဆုံး ခံစစ်မျဉ်း ကို ဖောက်ထွက်နိုင်ရန် လုံလောက်ပြီဟု ယုံကြည်ထားသောကြောင့် နောက်ကျိနေသော ရေထဲသို့ အရင်ဆုံး ဝင်ရောက်စရာ မလိုဟု တွေးတောမိသောကြောင့်ပင်။
အရှေ့ဆုံးတွင် ရပ်နေသေးသော ချင်ချန်တောင် ၏ အဆောင်ကိုးခု အရှင်သခင် နှင့် ဗုဒ္ဓ ဘုန်းကြီး ကုန်းကျီ တို့ နောက်ဆုံးတွင် သဘောပေါက်သွားကြတော့၏။
သို့သော်လည်း..
ဤအချိန်တွင် သူတို့ နှစ်ဦး နောက်ဆုတ်ရန် အချိန်နှောင်းသွားခဲ့ချေပြီ။
အရှေ့ဘက်မှ တိုက်ပွဲမှာ အခြေအနေ တင်းမာနေ၏။ မည်သို့ပင် ဆိုစေကာမူ ၎င်းက လင်းရှောင် ဓားဂိုဏ်း ၏ အခြေစိုက် စခန်း ဖြစ်ပြီး ယန်ဖုန်း.. ယဲ့ယန် နှင့် တုကူမင် တို့ သုံးဦး ပေါင်း၍ ဖောက်ထွက်နိုင်သည့် အရာ မဟုတ်ပေ။
သူတို့ ဝင်တိုက်မည်လား ထွက်သွားမည်လား။
နောက်ဆုတ်ခြင်းက အခြေအနေကို ပိုမို တင်းမာသွားစေနိုင်ပြီး မည်သူကမျှ ဓားနတ်သမီး ကို ထွက်ပေါ်လာစေရန် အတင်းအကျပ် ဖိအား မပေးနိုင်တော့ချေ။
အကယ်၍ ဓားနတ်သမီး ဝင်မပါလျှင် မည်သည့် မိစ္ဆာအိုကြီးကများ မိမိ၏ အသက်ကို စွန့်စားရဲမည်နည်း။
ထိုသို့ဆိုလျှင် သူတို့၏ ကြိုးပမ်း အားထုတ်မှုများ အားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
“အော်မိတော်ဖော်...”
ကုန်းကျီ က အဝေးသို့ နောက်ဆုတ်သွားသော လူသုံးဦးကို ကြည့်လိုက်သည်။
“ဒကာ သုံးဦး က တကယ်ကို အကြံအစည် ကောင်းတာပဲ”
ကျွမ်းယင် က ပြုံးလိုက်၏။
“ဘုန်းတော်ကြီး.. ဗုဒ္ဓ စာပေတွေကိုချည်းပဲ ရွတ်ဖတ် မနေပါနဲ့.. စာအုပ်တွေ ပိုဖတ်ပါဦး”
ရွှမ်လဲ့ နှင့် အဘိုးအို တို့ကမူ နှုတ်ဆိတ်နေကြသည်။
ချင်ချန်တောင် ၏ အဆောင်ကိုးခု အရှင်သခင် က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
“အခုလောလောဆယ် ပုန်းနေတာက အသုံးဝင်လိမ့်မယ်လို့ မထင်နဲ့.. အခု ဒီကို ရောက်နေပြီ ဆိုမှတော့.. အခြေအနေတွေသာ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားခဲ့ရင်.. ဘယ်သူမှ ရှင်းလင်း ခံရမယ့် ကံကြမ္မာ ကနေ မလွတ်ဘူး”
ထိုသို့ ပြောပြီးနောက် သူသည် မှော်အဆောင် အမြောက်အမြားကို တိုက်ပွဲ အတွင်းသို့ ပြေးဝင်သွားရန် အမိန့်ပေးလိုက်တော့၏။
ဤသည်ကို မြင်သောအခါ ကုန်းကျီ ကလည်း နောက်မှ လိုက်ပါသွားတော့သည်။
တိုက်ပွဲ၏ ဗဟိုချက်တွင် အဆောင်ကိုးခု အရှင်သခင် နှင့် ကုန်းကျီ တို့ တိုက်ပွဲ အတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရရာ ယွင်မိုဝမ်၏ မျက်နှာမှာ ပြာနှမ်းသွားတော့၏။
သေမျိုးလောက သံယောဇဉ်တွေကို ဖြတ်တောက်ဖို့ တောင်သုံးလုံးက လူတွေ သေမျိုးလောကထဲ ဝင်လာမယ် ဆိုတာက ဘယ်လိုလဲ.. သေမျိုးလောက သံယောဇဉ်တွေကို တကယ်ပဲ ဘယ်သူက ဖြတ်တောက်နိုင်မှာလဲ..။ အကျိုးအမြတ် အမြောက်အမြားရဲ့ တွန်းအားပေးမှု အောက်မှာ စိတ်.. ခန္ဓာ.. နဲ့ ကိုယ်ကျင့်တရား တွေကို ကျင့်ကြံတယ် ဆိုတဲ့ စကားတွေ အားလုံးက အလိမ်အညာ တွေချည်းပဲ။
ကျန်းဟူ သိုင်းလောက ၏ အင်အားကြီး အဖွဲ့အစည်း များသည် အပြင်ပန်းတွင် အချင်းချင်း သင့်မြတ်ဟန် ပြနေသော်လည်း အမှန်တကယ် တွင်မူ အကြံအစည် များနှင့် လုပ်ကြံမှု များဖြင့် ပြည့်နှက်နေကြ၏။
လမ်းစဥ်ကြီးသုံးရပ်၏ အဆုံးအမများ အပေါ် အခြေခံ၍ ဂိုဏ်းများကို တည်ထောင်ခဲ့သူများ ပင်လျှင် သမိုင်း တစ်လျှောက်လုံးတွင် အသတ်ခံခဲ့ရဖူးသည် မဟုတ်ပါလော။
အဋ္ဌမအဆင့် ဝါရင့် ပညာရှင် ငါးဦး၏ ပူးပေါင်း တိုက်ခိုက်မှု အောက်တွင် ယွင်မိုဝမ် နှင့် အကြီးအကဲ တစ်စုမှာ တဖြည်းဖြည်း အားနည်းလာပြီး တစ်လှမ်းချင်း နောက်ဆုတ် လာရကာ.. အချို့သော အကြီးအကဲ များမှာ ဒဏ်ရာရနေကြပြီ ဖြစ်သည်။
ဓားဂိုဏ်း ၏ တပည့်များ အားလုံးမှာ မျက်လုံးများ နီရဲလာပြီး ဒေါသ ထွက်နေကြသော်လည်း.. သူတို့ကို ရှေ့သို့ မတက်ရန် အမိန့်ပေးထားလေ၏။
အဘယ်ကြောင့်ဆိုသော် အဖွဲ့အစည်း အသီးသီး တွင်လည်း တောင်အပြင်ဘက်၌ စောင့်ဆိုင်းနေသော အထူး တပ်ဖွဲ့များ ရှိနေသောကြောင့်ပင်။
အကယ်၍ အခြေအနေက ထိုအဆင့်ထိ ရောက်သွားပါက ကြီးမားလှသော သွေးချောင်းစီးပွဲကြီး တစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။
အပြည့်အဝ စစ်ပွဲကြီး ဆင်နွှဲရန် အချိန်မကျသေးချေ.. သူတို့ လုပ်ရမည်မှာ အချိန်ဆွဲပြီး ဓားနတ်သမီး ကို စောင့်ဆိုင်းရန်သာ ဖြစ်၏။
ရေတွက်၍ မရနိုင်သော ထူးဆန်းသည့် ဖြစ်စဉ်များ က ဟိန်းဟောက်.. တိုက်မိ.. ကျိုးပဲ့.. နှင့် ပွတ်တိုက် နေကြပြီး လောကကြီး တစ်ခုလုံးကို အမှောင်ထု အတွင်းသို့ ကျရောက်သွားစေတော့၏။
ဓားဂိုဏ်း ၏ ရှည်လျားလှသော လှေကားထစ်များ ထက်ဝယ် ချန်နျန်ဖုန်း သည် ဤမြင်ကွင်းကို မှင်သက်စွာ ငေးကြည့်နေပြီး သူမ၏ မျက်လုံးများမှာ အရောင် ကင်းမဲ့နေတော့သည်။ ရွယ်တူများထက် ရင့်ကျက်မှု ဆိုသည်မှာ ဤမျှ ကြီးမားသော တုန်လှုပ်ဖွယ်ရာ မြင်ကွင်း ရှေ့တွင် အလွန် သေးငယ်လွန်းလှသည်။
ကောင်မလေး သည် ကျန်းဟူ သိုင်းလောက သို့ ယခုမှသာ ဝင်ရောက်လာခြင်း ဖြစ်ပြီး ဤမြင်ကွင်းက သူမအတွက် အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလွန်းလှပေ၏။
သာမန် ပြည်သူလူထု ၏ မျက်လုံးထဲရှိ ထို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးများ သည် ဤနေရာတွင်တော့ သာမန် လူများသာ ဖြစ်နေသလို ဖြစ်သည်။ ကံကြမ္မာ၏ ကစားခံနေရဆဲ ဖြစ်ပြီး.. ထိုမျှသာပင်။
ကောင်မလေး တောင့်တခဲ့သော ကျန်းဟူ သိုင်းလောက ကြီးသည် ဤအခိုက်အတန့်တွင် ပြိုလဲသွားခဲ့လေပြီ။
သူမ ရုတ်တရက် အိမ်ပြန်ချင်စိတ်များ ပေါ်ပေါက်လာတော့၏။
ချန်နျန်ဖုန်း သည် လှေကားထစ်များ၏ အဆုံးသတ်ဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်သော်လည်း ဦးလေးနှင့် အစ်မချောချောလေး တို့မှာ ပျောက်ကွယ်သွားခဲ့ချေပြီ။
ဦးလေး ဘယ်ရောက်သွားတာလဲ..။
“ဂျီ..”
တိုက်ပွဲ မြင်ကွင်းတွင် ခပ်တိုးတိုး ထွက်ပေါ်လာသော ပုစဉ်းရင်ကွဲ အော်မြည်သံ လေးက ကြီးမားလှသော အရှိန်အဟုန် ကြီးကို လွှမ်းမိုးနိုင်ခြင်း မရှိခဲ့ချေ။