← Chapters

လီယွမ် သိုင်းလောကသို့ ဝင်ရောက်ခြင်း

Vol. 26 Ch. 282

လီယွမ် သိုင်းလောကသို့ ဝင်ရောက်ခြင်း

Vol. 26 Ch. 282

တိုက်ပွဲ၏ ဗဟိုချက်တွင် ထျန်းဝေ့ထျန်း မှ ယန်ဖုန်း နှင့် ပူးပေါင်းကာ ယွင်မိုဝမ် ကို တိုက်ခိုက်နေသော ပိုင်လျန်ဂိုဏ်း၏ အကြီးအကဲချုပ် ယဲ့ယန် သည် ပုစဉ်းရင်ကွဲ အော်မြည်သံကို ကြားလိုက်ရချိန်တွင် သူ၏ မျက်နှာ အမူအရာ ရုတ်တရက် ပြောင်းလဲသွားတော့၏။

သူသည် အလိုအလျောက်ပင် ကောင်းကင် ဖြစ်စဉ်များကို စုစည်းလိုက်ပြီး ဓားဖြင့် ကာကွယ်လိုက်လေသည်။

“ချွင်..”

ကြောက်မက်ဖွယ် ကောင်းလှသော အင်အားများ ပါဝင်နေသည့် လက်သီး တစ်ချက်က လေထု၏ တုန်ခါမှုများ ကြားမှ ရုတ်တရက် ထွက်ပေါ်လာပြီး ဓားသွားကို အရှိန်အဟုန် ပြင်းပြင်းဖြင့် ဝင်ဆောင့်လိုက်တော့၏။

ကောင်းကင် ဖြစ်စဉ်များဖြင့် ဖုံးလွှမ်းထားသော ဓားသွားမှာ အတွင်းသို့ ချိုင့်ဝင်သွားသည်။ တုန်ခါနေသော ဓားသွားက ယဲ့ယန် ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားပြီး အသံကျယ်ကြီး ထွက်ပေါ်လာကာ သူ၏ နံရိုးများ ကျိုးပဲ့သွားတော့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲများက ဘယ်ကမှန်း မသိ ပေါ်ထွက်လာသော ထိုပုံရိပ်လေး အပေါ် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားစေသည်။

ထိုသူမှာ ကောင်လေး တစ်ယောက်နှင့် တူသော ကူသခင် ဖြစ်ပြီး တောင်ပိုင်း နယ်စပ်ရှိ အတွေ့ရအများဆုံး အဝတ်အစားများကို ဝတ်ဆင်ထားလေ၏။

“သူပဲ”

“ဓားနတ်သမီး နဲ့ အတူတူ တောင်ပေါ် တက်လာတဲ့ လူလေ.. သူက နဝမ ကူနန်းတော် က ကူသခင် လေးလား”

ယန်ဖုန်း နှင့် အခြား သူများမှာ အံ့အားသင့်သွားကြပြီး ထို 'လူငယ် ကူသခင်လေး' ၏ အစစ်အမှန် အမှတ်အသားကို လုံးဝ မသိရှိကြချေ။

ယွင်မိုဝမ် လည်း တုန်လှုပ်သွားရ၏။ ဤသူမှာ သူ သိထားသော လီယွမ် တကယ် ဟုတ်ရဲ့လား။

ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ ခွန်အားတွေလဲ။

“မင်းက ဘယ်သူလဲ”

ယဲ့ယန် သည် ရင်းနှီးနေသော အနံ့ တစ်ခုကို ရလိုက်သည်။ ၎င်းမှာ လွန်ခဲ့သော အချိန်များက ကူလမ်းစဉ် တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သော ပါရမီရှင် ချီလင် ၏ ပြင်းထန် ရက်စက်လှသော သွေးချီ အငွေ့အသက်များပင် ဖြစ်တော့၏။

စက္ကန့်ပိုင်းလေး အတွင်းမှာပင် ‘နောက်ဆုံးသော သွေးနတ် ခန္ဓာ’ ကို အသက်သွင်းလိုက်သော လီယွမ် သည် တစ်ခဏမျှပင် မရပ်တန့်ဘဲ လက်သီးချက်ပေါင်း များစွာကို ဆက်တိုက် ထိုးနှက်လိုက်တော့သည်။

ယဲ့ယန် သည် ကပျာကယာ ကာကွယ်လိုက်သော်လည်း အခွင့်အရေး လက်လွတ် သွားခဲ့ပြီ ဖြစ်ရာ လီယွမ်၏ ပြိုင်ဘက် ဖြစ်ရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။

“ခွပ်.. ခွပ်.. ခွပ်..”

လက်သီးချက်များက အတိအကျ ထိမှန်သွားပြီး ယဲ့ယန် မှာ သွေးများကို ဆက်တိုက် အန်ထုတ်လိုက်ရတော့၏။

“ကောင်းကင် ဖြစ်စဉ်တွေက ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားတာလား”

ယဲ့ယန် သည် နောက်ဆုံးတွင် ဘာတွေ ဖြစ်နေသလဲ ဆိုတာကို သဘောပေါက်သွားပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

“ငါ့ကို ကူညီကြပါဦး”

ဓားဂိုဏ်း ၏ အကြီးအကဲ အဖွဲ့နှင့် တိုက်ပွဲဝင်နေသော ချင်ချန်တောင် ၏ အဆောင်ကိုးခု အရှင်သခင် သည် ယဲ့ယန် ကို တစ်ခုခု ဖြစ်သွားရန် ခွင့်မပြုနိုင်သဖြင့် ယဲ့ယန် အား ကူညီရန် ချက်ချင်း ပြေးထွက်လာတော့သည်။

အဆောင်ကိုးခု အရှင်သခင် သည် လေထဲတွင် မှော်အဆောင် များကို ရေးဆွဲလိုက်ရာ.. ထူးဆန်းသော မှော်အဆောင် များက တစ်ခုပြီး တစ်ခု ထွက်ပေါ်လာပြီး လီယွမ်ကို ဝန်းရံလာတော့၏။

“ရှောင်ချိုက်..”

ယနေ့ အခါ တွင် လီယွမ် အနေဖြင့် ကောင်းကင် ဖြစ်စဉ်များစွာကို တစ်ပြိုင်နက်တည်း ထုတ်ဖော် မပြသသရွေ့ သူ၏ ပင်မကူ အရေအတွက်ကို မည်သူမျှ ခန့်မှန်းနိုင်မည် မဟုတ်ချေ။ ရှောင်ချိုက် က ပါးစပ်ကို ဟကာ မီးတောက်များကို မှုတ်ထုတ်လိုက်တော့သည်။

“ဝုန်း..”

ပေရာနှင့်ချီ ကြီးမားသော မီးလုံးကြီး တစ်လုံးက ရုတ်တရက် စုစည်းသွားပြီး ပြိုင်ဘက်ကင်းသော အရှိန်အဟုန်ဖြင့် မှော်အဆောင် အများအပြားကို ဝါးမျိုသွားချေပြီ။ ၎င်းက အဆောင်ကိုးခု အရှင်သခင် ၏ မျက်နှာပေါ်တွင် ပေါက်ကွဲသွားတော့၏။

အဆောင်ကိုးခု အရှင်သခင် အသက်သွင်းထားသော အသက်ကယ် အဆောင်စာရွက် ပြုတ်ကျသွားပြီး သူ၏ ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသော စွန် တစ်ကောင်အလား အနောက်သို့ လွင့်ကျသွားတော့သည်။

လီယွမ်၏ အတွေးများက ဆင်းသက်လာပြီး လွင့်ကျသွားသော အဆောင်ကိုးခု အရှင်သခင် ၏ အထက်တွင် ပေါ်လာ၏။

“ခင်ဗျားက သူ့ကို ကူညီမလို့လား.. ဒါဆိုရင် ခင်ဗျား သေရမယ်”

အေးစက်သော အသံက ကောင်းကင်နှင့် မြေကြီး ကြားတွင် ပဲ့တင်ထပ်သွားတော့သည်။

လီယွမ် သည် တမင်တကာ ဝင့်ကြွားနေခြင်းပင်။ ဒါက သူ ကျန်းဟူ သိုင်းလောက တွင် အမှန်တကယ် ကြီးကြီးမားမား လှုပ်ရှားလိုက်သော ပထမဆုံး အကြိမ် ဖြစ်သည်။ သို့သော် ကိစ္စ မရှိပေ။

‘ချောက်နက်ပုန်းကွယ် နဂါး’ ကို လေ့လာပြီး ကတည်းက သူ၏ အမှတ်အသား နှင့် ပတ်သက်သော ကန့်သတ်ချက်များက များစွာ လျော့ကျသွားခဲ့ချေပြီ။

ချီလင် နှင့် လီယွမ် တို့၏ ဆက်ဆံရေးကို သိသွားမည် ဆိုလျှင်တောင် ဘာမှ ကြီးကြီးမားမား သက်ရောက်မှု ရှိမည် မဟုတ်ချေ။

ဓားနတ်သမီး အတွက် ဒီနေ့တော့ သူ မဖြစ်မနေ လှုပ်ရှားရလေမည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အဆောင်ကိုးခု အရှင်သခင် ၏ မျက်လုံးများ ပြူးကျယ်သွား၏.. လီယွမ်၏ အမြန်နှုန်းက လွန်စွာ မြန်ဆန်လွန်းနေသည်။

“ဖောင်း..”

နောက်ထပ် လက်သီး တစ်ချက်က ထိမှန်သွားပြန်သည်။

အဆောင်ကိုးခု အရှင်သခင် ၏ ခန္ဓာကိုယ်ပေါ်ရှိ နောက်ထပ် အဆောင်စာရွက် တစ်ခု လောင်ကျွမ်းသွားတော့၏။

ဤအခွင့်အရေးကို အသုံးချကာ သူသည် ဟင်းလင်းပြင် အဆောင်စာရွက် တစ်ခုကို ရေးဆွဲလိုက်ပြီး အကွာအဝေးကို အမြန်ဆုံး ဖန်တီးလိုက်သော်လည်း နောက်တစ်ခဏတွင် သူ၏ မျက်လုံးအိမ်များက ရုတ်တရက် ကျဉ်းမြောင်းသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ မျက်စိရှေ့မှ ‘လူငယ် ကူသခင်လေး’ မှာ ထပ်မံ ပျောက်ကွယ်သွားသောကြောင့်ပင်။

သေမင်း ၏ သတင်းစကားက အနောက်ဘက်မှ ထွက်ပေါ်လာ၏။

အဆောင်ကိုးခု အရှင်သခင် က နောက်ထပ် အဆောင်စာရွက် တစ်ခုကို ရေးဆွဲရန် ပြင်လိုက်ချိန်တွင်.. သူ၏ လက်ချောင်းများကိုပင် လှုပ်ရှား၍ မရတော့ကြောင်း တွေ့လိုက်ရ၏။ ထိုအခိုက်အတန့်မှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပင့်ကူမျှင်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

များပြားလှသော အဆိပ်များက ပင့်ကူမျှင်များမှ တစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ ဝင်ရောက်လာတော့၏။

“ဘာလို့ အခုထိ ဝင်မတိုက်သေးတာလဲ”

အဆောင်ကိုးခု အရှင်သခင် က ငေါက်ငမ်းလိုက်သည်။

“မင်းတို့ အားလုံးက ဒီအဘိုးကြီး သေတာကို တကယ်ပဲ ထိုင်ကြည့်နေတော့မလို့လား”

အဝေးဆီတွင် ဆူရှင်း စံအိမ် မှ မဟာသခင် ကြီး ကျွမ်းယင်.. နဂါးကျားတောင် မှ ရွှမ်လဲ့ နှင့် ရှူတောင် ၏ အဘိုးအို ကူဟုန် တို့ အားလုံး မျက်နှာ အမူအရာများ လေးနက်သွားကြပြီး ဂနာမငြိမ် ဖြစ်လာကြ၏။

နာမည်မသိ လူငယ် ကူသခင်လေး ၏ ထွက်ပေါ်လာမှုက တိုက်ပွဲ၏ အခြေအနေကို ချက်ချင်း ပြောင်းပြန် လှန်ပစ်လိုက်တော့သည်။

ဒီ လူငယ် ကူသခင်လေး ကို မဖြေရှင်းနိုင်သရွေ့ ဓားနတ်သမီး က ထွက်ပေါ်လာမည် မဟုတ်ချေ။

“မင်းတို့ နှစ်ယောက်ကော ဘယ်လို သဘောရလဲ”

အဘိုးအို ကူဟုန် က အရင်ဆုံး မေးလိုက်၏။

ကျွမ်းယင် နှင့် ရွှမ်လဲ့ တို့ စကားမပြောနိုင်ခင်မှာပင် လီယွမ်၏ အသံက တိုက်ပွဲ မြင်ကွင်းတွင် ထွက်ပေါ်လာတော့သည်။

“တိုက်ပွဲထဲ မဝင်သေးတဲ့ သူတွေ.. အခု နောက်ဆုတ်သွားရင် အချိန် မနှောင်းသေးဘူးနော်”

“တိုက်ပွဲထဲ ဝင်ရဲရင်တော့.. သေတဲ့အထိ တိုက်ရမှာပဲ”

“ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”

ခြိမ်းခြောက်နေသော်ငြားလည်း လီယွမ်၏ တိုက်ခိုက်မှုများကတော့ ရပ်တန့်မသွားချေ။ အဆောင်ကိုးခု အရှင်သခင် သည် ပင့်ကူမျှင်များဖြင့် ချည်နှောင်ခံထားရပြီး လုံးဝ အကူအညီမဲ့နေသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။

ဤ အဋ္ဌမအဆင့် ဝါရင့် ပညာရှင် သည်လည်း အလွန် ဆိုးရွားသော အခြေအနေများတွင် အံ့မခန်း ရှင်သန်နိုင်စွမ်းကို ပြသခဲ့ပြီး.. သူ၏ စိတ်အာရုံဖြင့် မှော်အဆောင် များကို ရေးဆွဲကာ နောက်တစ်ကြိမ် လွတ်မြောက်သွားပြန်သည်။

လျှပ်တပြက်ကူ က နောက်တစ်ကြိမ် ထပ်မံ လှုပ်ရှားသွားပြီး လီယွမ်က အမြန် လိုက်လံ ဖမ်းဆီးလိုက်၏။

သူ၏ လက်သီးက ထိမှန်တော့မည့် ဆဲဆဲတွင်

“ဝုန်း..”

ကောင်းကင် တစ်ခုလုံး မှောင်မိုက်သွားပြီး မိုးကြိုးများက သူ့ကို ပစ်မှတ်ထားလာတော့သည်။

“ဒီမှာတင် ရပ်လိုက်ပါ”

နဂါးကျားတောင် မှ ရွှမ်လဲ့ လည်း တိုက်ပွဲ အတွင်းသို့ ဝင်ရောက်လာခဲ့ပြီ။

လီယွမ်သည် မိုးကြိုးဒဏ်ကို ခံယူလိုက်ပြီး သူ၏ ရစ်ပတ် နတ်ဘုရားကူ မှာ သွေးများ စွန်းထင်းသွားကာ သူ၏ လက်သီးက ပိုမို အစွမ်းထက်သော ခွန်အားများဖြင့် ကျဆင်းလာတော့၏။

“သေချာတာပေါ့”

အဆောင်ကိုးခု အရှင်သခင် ကို ထိမှန်တော့မည့် အချိန်လေးမှာပင် ဆန်းကြယ်သော စွမ်းအား တစ်ခုက သူ့ကို ချည်နှောင်လိုက်ပြန်သည်။

စကားလုံးများက ဥပဒေသ ဖြစ်လာသည် ဆိုသော ကွန်ဖြူးရှပ် နိယာမပင်။

ဆူရှင်း စံအိမ် မှ မဟာသခင် ကြီး ကျွမ်းယင် လည်း တိုက်ပွဲ အတွင်းသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်လေပြီ။

အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် နှင့် ရင်ဆိုင်ရချိန်တွင်.. စိတ်.. ခန္ဓာ နှင့် ကံတရား တို့ကို ကျင့်ကြံကြသော လမ်းစဥ်ကြီးသုံးရပ်မှ လူများ အားလုံးသည် နောက်ဆုံးတွင် သူတို့၏ ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြ၏။

ဤသည်မှာ လီယွမ် အတွက် အနည်းငယ် မျှော်လင့်မထားသော အရာ ဖြစ်သော်လည်း သူက အလျင်အမြန်ပင် လက်ခံလိုက်သည်။ လမ်းစဥ်ကြီးသုံးရပ်၏ အအောင်မြင်ဆုံး ဆရာသခင်များ ပင်လျှင် လူသားများသာ ဖြစ်ကြသည် မဟုတ်ပါလော။ လူသား ဖြစ်နေသရွေ့ သေမျိုးလောက အညစ်အကြေးများမှ လွတ်ကင်းနိုင်မည် မဟုတ်ချေ။

ရလဒ် ကတော့ သူ မျှော်လင့်ထားသည်ထက် အနည်းငယ် ပိုဆိုးသွားခြင်းသာ ဖြစ်၏။

“ရွှစ်..”

ရှူတောင် မှ အဘိုးအို လည်း တိုက်ပွဲ အတွင်းသို့ ဝင်ရောက်လာပြီး ဓားတစ်လက်ဖြင့် ရှေ့သို့ ဖိအားပေးလာတော့၏။

“ကြည့်ရတာ ခင်ဗျားတို့ အားလုံး ဆုံးဖြတ်ချက် ချပြီးသွားပြီ ထင်တယ်” လီယွမ်က ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“ဒါဆိုရင်လည်း စကြတာပေါ့.. သေတဲ့အထိ တိုက်ကြမယ်”

သူသည် ဘူးသီးခြောက် အချို့ကို ပစ်ထုတ်လိုက်၏။

ဘူးသီးခြောက် များထဲမှ သွေးပေါက်ကွဲခြင်း ကူ အမြောက်အမြား ပျံသန်း ထွက်ပေါ်လာကြသည်။

စိတ်ဝိဉာဉ် စွမ်းအားများ ချောက်နက် နယ်ပယ် သို့ ဝင်ရောက်သွားပြီးနောက် လီယွမ် ထိန်းချုပ်နိုင်သော အရန်ကူကောင် အရေအတွက်မှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့ချေပြီ။

အဆောင်ကိုးခု အရှင်သခင်.. ကျွမ်းယင်.. ရွှမ်လဲ့ နှင့် အဘိုးအို ကူဟုန် တို့ အားလုံး မျက်နှာ အမူအရာများ ပြောင်းလဲသွားကြပြီး မသိစိတ်၏ စေ့ဆော်မှု အရ အဝေးသို့ နောက်ဆုတ်သွားကြတော့၏။

“ဟင်းလင်းပြင် ချည်နှောင် ကူ”

လီယွမ် ရောက်လာပြီ ဆိုမှတော့ လုံလောက်သော ပြင်ဆင်မှုများ သေချာပေါက် လုပ်ဆောင်လာခဲ့မည်သာပင်။

များပြားလှသော ဟင်းလင်းပြင် ချည်နှောင် ကူ များကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ပြီး ဤနေရာ တစ်ဝိုက်ကို ချုပ်နှောင်လိုက်၏။ ထိုအချိန်တည်းမှာပင် ဝူမေ့ ၏ ပင့်ကူမျှင်များကလည်း ဆက်လက် ပျံ့နှံ့နေပြီး ဧရိယာ တစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားသော ဧရာမ ပင့်ကူအိမ်ကြီး တစ်ခုကို ရက်လုပ်လိုက်တော့သည်။

အဝေးမှ ကြည့်လျှင် သားကောင် ရှာနေသော ပင့်ကူ တစ်ကောင်က သားကောင် လေးကောင်ကို ရစ်ပတ် ချည်နှောင်ထားသည့်နှယ် ဖြစ်၏။

“သူက အရူးပဲ”

ချည်နှောင်ခံထားရသော လူလေးယောက်မှာ ကြောက်လန့်သွားကြတော့၏။

“ပေါက်ကွဲစမ်း”

လီယွမ်၏ အတွေးများ တည်ငြိမ်သွားသည်နှင့် များပြားလှသော သွေးပေါက်ကွဲခြင်း ကူ များကို အသက်သွင်းလိုက်ပြီး တစ်ပြိုင်နက်တည်း ဖောက်ခွဲလိုက်တော့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူက သူ့ကိုယ်သူ ဖောက်ခွဲခြင်း မဟုတ်ချေ။

သွေးပေါက်ကွဲခြင်း ကူ များ ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် လျှပ်တပြက်ကူ ၏ အသံ ထွက်ပေါ်လာပြီး လီယွမ် သည် ထိုနေရာမှ ထွက်ခွာသွားကာ ပေါက်ကွဲမှု၏ ဗဟိုချက်နှင့် အလွန် ဝေးကွာသော ကောင်းကင်ယံ သို့ ရောက်ရှိသွားတော့၏။

“ရှောင်ချိုက်..”

သွေးပေါက်ကွဲခြင်း ကူ တစ်ခုတည်းနှင့် ပြိုင်ဘက်ကို အနိုင်ယူရန် မလုံလောက်ကြောင်း သူ သိထားသည်။ များပြားလှသော သွေးပေါက်ကွဲခြင်း ကူ များနှင့် ဟင်းလင်းပြင် ချည်နှောင် ကူ များသည် ရှောင်ချိုက် အင်အား စုစည်းရန် အချိန်ဆွဲပေးရုံ သက်သက်သာ ဖြစ်သည်။

ကောင်းကင် ဖြစ်စဉ်များစွာကို တစ်ပြိုင်နက်တည်း အသက်မသွင်းနိုင်သဖြင့် သူ၏ အစွမ်းထက်ဆုံး တိုက်ကွက် ဖြစ်သော ‘ပျက်သုဉ်းခြင်းပြာ’ ကို အသုံးမပြုနိုင်သော်ငြားလည်း.. ရောင်စုံတစ်ထောင် ဘုရင်မ မီးလျှံ မြွေဟောက် ၏ တိုက်ခိုက်မှုများက ၎င်းချည်း သက်သက်ဖြင့်ပင် လုံလောက်အောင် ကြောက်မက်ဖွယ် ကောင်းနေလေပြီ။

ဧရာမ မီးလုံးကြီး တစ်လုံးက ဆက်တိုက် စုစည်းလာပြီး ကောင်းကင်ယံတွင် နေမင်းကြီး တစ်စင်းအလား ဖြန့်ကျက် လွှမ်းခြုံလာတော့သည်။

အောက်ဘက်တွင်..

နဝမအဆင့် ပညာရှင် လေးဦးသည် သွေးပေါက်ကွဲခြင်း ကူ ၏ လှိုင်းလုံးများကို ငြိမ်သက်သွားအောင် ပြုလုပ်ပြီးနောက်.. သက်ပြင်းပင် မချနိုင်သေးခင် ကောင်းကင်ယံတွင် အလျှံငြီးငြီး နေမင်းကြီး တစ်စင်းကို မြင်တွေ့လိုက်ရတော့၏။

“သွားစမ်း”

ရှောင်ချိုက် က ဧရာမ မီးလုံးကြီးကို ပစ်ချလိုက်သည်။

“သူ့ရဲ့ စိတ်အာရုံ စွမ်းအားတွေက အကန့်အသတ် မရှိဘူးလား”

နဝမအဆင့် ပညာရှင် လေးဦးသည် နောက်ဆုံးတွင် အကြောက်တရားများကို ပြသလာကြပြီး အရပ်လေးမျက်နှာ သို့ ခွဲ၍ နောက်ဆုတ်သွားကြတော့၏။

“ထွက်ပြေးဖို့ ကြိုးစားနေတာလား”

လီယွမ်၏ မျက်နှာပေါ်ရှိ သွေးကြောများ ထောင်ထလာသည်။

သူသည် သူ၏ လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းနိုင်စွမ်းကို အကန့်အသတ် အထိ အသုံးပြုလိုက်ပြီး.. ကိုယ်ကို တိမ်းညွှတ် ရှောင်တိမ်းလိုက်၏။ တဆက်တည်း၌ လူလေးယောက်၏ အနီးတွင် တစ်ပြိုင်နက်တည်း နီးပါး ပေါ်လာပြီး သူတို့ကို ဆွဲထားလိုက်တော့၏။

ဧရာမ မီးလုံးကြီးက ကျဆင်းလာပြီး ပေါက်ကွဲသွားလေတော့၏။

All Chapters