သူတစ်ပါး အရှိန်အဝါဖြင့် ခြိမ်းခြောက်ခြင်း
Vol. 26 Ch. 283
မီးလုံးကြီးက ပေါက်ကွဲသွား၏။ အားကောင်းလှသော လှိုင်းလုံးကြီးများက အရပ်မျက်နှာ အသီးသီးသို့ ရိုက်ခတ်သွားပြီး အဝေးဆီသို့ ပစ်လွင့်သွားကာ အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်နေတော့သည်။
မျက်လုံးများ အားလုံးက ပေါက်ကွဲမှု၏ ဗဟိုချက်ဆီသို့ စုပြုံကျရောက်သွားကြ၏။ ထိုနေရာတွင် မားမားမတ်မတ် ရပ်နေသော ပုံရိပ်တစ်ခု.. လေထဲတွင် ဒူးထောက်နေသူ နှစ်ဦးနှင့် အောက်သို့ ပြုတ်ကျသွားသူ တစ်ဦးကိုသာ မြင်တွေ့လိုက်ရသည်။
ပဉ္စမမြောက် လူကတော့ လက်မောင်း တစ်ဝက်သာ ကျန်ရှိတော့ပြီး တဖြည်းဖြည်း မီးလောင်ကျွမ်းနေတော့၏။
"တိုက်ပွဲ စပြီ ဆိုတာနဲ့ သေသည်အထိ တိုက်ရမယ်လို့ ကျုပ် အစကတည်းက ပြောထားတယ် မဟုတ်လား.."
လီယွမ်က ကျန်ရှိနေသေးသော အဆောင်ကိုးခု အရှင်သခင်၏ လက်မောင်း တစ်ဝက်ကို ဆုပ်ကိုင်ထားရင်း အသက်ရှင် ကျန်ရစ်သူ သုံးဦးကို အေးစက်စွာ ကြည့်လိုက်၏။ သူက ကောင်းကင်ယံသို့ မော့ကြည့်ကာ အေးစက်စက် ကြွေးကြော်လိုက်သည်။
"ကူအင်မော်တယ် က ကျုပ်ရဲ့ အိပ်မက်ထဲမှာ ကိုယ်ထင်ပြခဲ့ဖူးတယ်.. ဒါက ကံတရားပဲ.. ကံကြမ္မာ အကျိုးဆက် ဆိုတာ ဘယ်တော့မှ ရှောင်လွှဲလို့ မရနိုင်ဘူး.. ခင်ဗျားတို့ ရွေးချယ်ခဲ့တဲ့ လမ်းက ခင်ဗျားတို့ ခြေအောက်မှာပဲ ရှိတယ်.."
ဆက်တိုက် ပေါက်ကွဲစေပြီးနောက် လီယွမ်၏ ခန္ဓာကိုယ်သည် စတင် ပင်ပန်း နွမ်းနယ်နေပြီ ဖြစ်၏။ သို့သော် သူ၏ အသွင်အပြင်က ယခင်ကဲ့သို့ပင် တောက်ပ ခမ်းနားနေဆဲပင်။
သူ၏ အာဏာစက်ကို တည်ဆောက်ပြီးနောက်တွင် ဩဇာတိက္ကမကို အသုံးပြုရမည့် အချိန် ရောက်လာခဲ့ချေပြီ။ သူ၏ အဓိက ရည်ရွယ်ချက်မှာ တိတ်တဆိတ် စောင့်ကြည့်နေကြသော မိစ္ဆာအိုကြီးများကို ခြိမ်းခြောက်ရန် ဖြစ်၏။ ဘာပဲဖြစ်ဖြစ် သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသော အဘိုးကြီးများ ရူးသွပ်စွာ တိုက်ခိုက်ကြလျှင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။
သူ၏ အမှတ်အသား အစစ်အမှန်ကို မည်သူမျှ မသိကြချေ။
လီယွမ်က ကူအင်မော်တယ် ဟူသော အမည်နာမကို ထုတ်သုံးလိုက်ခြင်းမှာ ထိုမိစ္ဆာအိုကြီးများကို သတိဝင်သွားစေရန် သက်သက်သာ ဖြစ်၏။
ကူအင်မော်တယ် ဟူသော နာမည်က နှစ်ပေါင်း သုံးထောင်တိုင်တိုင် တည်ရှိနေခဲ့ပြီး သာမန် ပြည်သူအများစု မေ့လျော့နေကြပြီ ဖြစ်သော်ငြားလည်း အဆင့်မြင့် နယ်ပယ်သို့ ရောက်ရှိနေသော ကျင့်ကြံသူများ အနေဖြင့် သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းခဲ့သော ကူအင်မော်တယ်ကို မည်သည့်အခါမျှ မေ့ပျောက်နိုင်မည် မဟုတ်ချေ။ သူတို့၏ နှလုံးသားထဲတွင် အမြဲတမ်း ရိုသေ ကြောက်ရွံ့မှု တစ်ခု ရှိနေမည်သာပင်။
လွန်ခဲ့သော ခဏလေးက လီယွမ်၏ ကြောက်မက်ဖွယ် စွမ်းဆောင်ရည်နှင့် ပေါင်းစပ်လိုက်သောအခါ မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည့် မိစ္ဆာအိုကြီး တစ်အုပ်ကို ခြိမ်းခြောက်ရန် အပြည့်အဝ လုံလောက်နေပေပြီ။
"မိတ်ဆွေ.. အထင်လွဲနေတာပါ.. ငါတို့က မင်းကို စော်ကားဖို့ လုံးဝ ရည်ရွယ်ချက် မရှိခဲ့ပါဘူး.."
လေထဲတွင် ဒူးထောက်နေသော ကျွမ်းယင် က ကပျာကယာ ရှင်းပြလိုက်၏။
"ဟက်.."
လီယွမ်က လှောင်ပြောင်လိုက်ပြီး လျှပ်တစ်ပြက် လှုပ်ရှားကာ အောက်သို့ ပြုတ်ကျနေသော အသက်ငင်နေသည့် အဘိုးအို ကူဟုန် ၏ အရှေ့သို့ ရောက်ရှိသွားပြီး သူ့ကို ဖမ်းဆုပ်လိုက်သည်။
“ဖောင်း..”
အဘိုးအို ကူဟုန် သည် ချက်ချင်းပင် ပေါက်ကွဲသွားပြီး သွေးမြူခိုးများ အဖြစ်သို့ ပြောင်းလဲသွားကာ လီယွမ်က ချက်ချင်း သန့်စင်လိုက်ပြီး ရစ်ပတ် နတ်ဘုရားကူ ၏ စုပ်ယူခံလိုက်ရတော့၏။ သူက ကျွမ်းယင် နှင့် ရွှမ်လဲ့ တို့ကို လှည့်ကြည့်လိုက်သည်။
"ဒါက.. ကံတရားပဲ.."
မလှမ်းမကမ်းတွင် သွေးလ ဂိုဏ်းခွဲ ခေါင်းဆောင် တုကူမင်.. ပိုင်လျန်ဂိုဏ်းမှ ယဲ့ယန်.. ကျင်းချန် ကျောင်းတော် မှ ကုန်းကျီ နှင့် ထျန်းဝေ့ထျန်း မှ ယန်ဖုန်း တို့သည် ဆက်လက် မတိုက်ခိုက်ရဲကြတော့ဘဲ ကြောက်မက်ဖွယ် ရန်သူကြီး တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ တညီတညွတ်တည်း နောက်ဆုတ်သွားကြတော့၏။
"ဒကာ သုံးဦး.. ကျုပ်တို့ ဆက်တိုက်ကြဦးမလား.."
ကုန်းကျီ က အလွန် တည်ငြိမ် အေးချမ်းစွာဖြင့် မေးမြန်းလိုက်သည်။
"မင်း အမေကို သွားတိုက်.. ဒီထိပ်ပြောင် ဘုန်းကြီးအို.. မင်းက ဘာတွေ ဆက်တိုက်ချင်နေသေးတာလဲ.."
တုကူမင် က ဒေါသတကြီး ကျိန်ဆဲလိုက်၏။
"ဒီကောင်လေးက တကယ်ပဲ ကူအင်မော်တယ် ရဲ့ အမွေအနှစ်ကို ရထားတာ ဖြစ်မယ်.."
ယန်ဖုန်း က မျက်မှောင်ကြုတ်လိုက်သည်။
"သူက ပြီးပြည့်စုံတဲ့ ပါရမီရှင် တစ်ယောက်ပဲ.. တစ်ယောက်တည်းနဲ့ ရန်သူ လေးယောက်ကို အလွယ်လေး ခြေမှုန်းနိုင်ခဲ့တာ.. ဒါတောင် သူ အစွမ်းကုန် မသုံးရသေးဘူး ထင်တယ်.."
ယဲ့ယန် က ဝင်ရောက် ထောက်ခံလိုက်၏။
"ငါ လေ့လာကြည့်ဖူးတယ်.. ကူလမ်းစဉ် က ပါရမီရှင် ချီလင် နဲ့ ထျန်းဝေ့ထျန်း က ချင်းချန်တို့ တိုက်ခိုက်ခဲ့ကြတဲ့ ပွဲရဲ့ သတင်းအချက်အလက် တွေက အခု မြင်ရတာနဲ့ အရမ်းကို တူညီနေတယ်.."
တုကူမင် အံ့အားသင့်သွားပြီး မေးလိုက်သည်။
"မင်း ဆိုလိုတာက.. သူတို့က လူတစ်ယောက်တည်းလို့ ပြောချင်တာလား.."
ယဲ့ယန် က ခွဲခြမ်းစိတ်ဖြာ ပြလိုက်၏။
"ဖြစ်နိုင်ချေ များတယ်.. ကူလမ်းစဉ် မှာ ပါရမီရှင် တွေက အရမ်း ရှားပါးနေပြီလေ.. အထူးသဖြင့် ဆင်တူတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ ထူးချွန်လွန်းတဲ့ ပါရမီရှင် နှစ်ယောက်က တစ်ချိန်တည်း တစ်ပြိုင်တည်း ပေါ်ထွက်လာဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ.."
ယန်ဖုန်း က သက်ပြင်းချလိုက်သည်။
"သူ့ရဲ့ အမှတ်အသားကို စုံစမ်းနေလို့ အပိုပါပဲ.. အခု ငါတို့ စဉ်းစားသင့်တာက ဒီနေရာကနေ ဘယ်လို လွတ်အောင် ထွက်ပြေးရမလဲ ဆိုတာပဲ.."
ရှင်းလင်းနေသည်မှာ ဤမိစ္ဆာအိုကြီးများသည် ကူအင်မော်တယ် နှင့် ဓားနတ်သမီး တို့၏ အမည်နာမများကြောင့် ထိတ်လန့်နေကြပြီး ဝင်ရောက် စွက်ဖက်ရန် မဝံ့မရဲ ဖြစ်နေကြလေသည်။
"ရှေ့တန်းကနေ ဝင်တိုက်ရတဲ့ အလုပ်က တကယ်ကို လွယ်တဲ့ အလုပ် မဟုတ်ဘူးပဲ.."
တုကူမင် မှာ အကြီးအကျယ် နောင်တရနေတော့၏။
ယွင်မိုဝမ် မှာ အသံ တစ်သံမျှ မထွက်ရဲတော့ချေ။
ဤအခိုက်အတန့်တွင် လီယွမ်သည် မျိုးဆက်သစ် လူငယ် တစ်ဦး မဟုတ်တော့ပေ။ အကယ်၍ လီယွမ်သာ ကူအင်မော်တယ် ၏ အမွေအနှစ်ကို အမှန်တကယ် ရရှိခဲ့မည် ဆိုပါက သူသည် ကူအင်မော်တယ် ၏ အမိန့်အောက်တွင် ဓားနတ်သမီး ကို စောင့်ရှောက်ပေးနေသူ ဖြစ်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် လီယွမ်သည် ဓားနတ်သမီး ဘိုးဘေးကြီး နှင့် ခေတ်ပြိုင် ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာပေမည်။ လင်းရှောင် ဓားဂိုဏ်း တစ်ခုလုံးက လီယွမ်ကို ဘိုးဘေးကြီး ဟုပင် ခေါ်ဝေါ်ရတော့မည် မဟုတ်ပါလော။
ဓားဂိုဏ်း အတွင်း၌ တပည့်များစွာမှာ လုံးဝ ဆွံ့အ မှင်သက်နေကြ၏။ အစပိုင်းတွင် သူတို့သည် ထို လူငယ် ကူသခင်လေး နှင့် ဓားနတ်သမီး ဘိုးဘေးကြီး တို့ ရှည်လျားလှသော လှေကားထစ်များကို လက်ချင်းတွဲ၍ တက်လာခဲ့ခြင်း အပေါ် မကျေမနပ် ဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ သူတို့ အားလုံးသည် လီယွမ်၏ စွမ်းပကားအောက်တွင် လုံးလုံးလျားလျား ဒူးထောက် အညံ့ခံသွားကြလေပြီ။
"ဟို.. ဟိုဦးလေးက အရမ်း ကြမ်းတာပဲ.."
ချန်နျန်ဖုန်း မှာ အံ့အားသင့်လွန်းသဖြင့် ရပ်နေရာမှ မလှုပ်နိုင်တော့ချေ။
"ဦးလေးက တောင်ပိုင်း နယ်စပ်က ကူသခင် ဖြစ်နေတာကိုး.. ကူသခင် တွေက ဒီလောက်တောင် အစွမ်းထက်တာလား.. သိုင်းသူတော်စင် ကြီးတွေတောင် သူ့ ပြိုင်ဘက် မဟုတ်ဘူးပဲ.."
ဤအချက်က သူမကို ပို၍ပင် စပ်စုချင်စိတ် ဖြစ်ပေါ်စေတော့၏။ ဤကဲ့သို့သော ကြီးမြတ်လှသည့် ပုဂ္ဂိုလ်ကြီး တစ်ဦးနှင့် အဆက်အသွယ် ရှိနေသော သူမ၏ နောက်ခံ သမိုင်းကြောင်းမှာ မည်မျှလောက်တောင် လျှို့ဝှက် ဆန်းကြယ်နေမည်နည်း။
ကောင်းကင်ယံတွင် လီယွမ်သည် ထပ်မံ၍ တိုက်ခိုက်ခြင်း မပြုတော့ချေ။ အကယ်၍ သူသာ ရွှမ်လဲ့ နှင့် ကျွမ်းယင် တို့ကို သတ်ဖြတ်လိုပါက သေချာပေါက် လုပ်ဆောင်နိုင်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပင်ပန်း နွမ်းနယ်လာမည် ဖြစ်၏။ ယခုအချိန်တွင် အားနည်းချက်ကို လုံးဝ ပြသ၍ မဖြစ်ပေ။ သူသာ အားနည်းချက် အနည်းငယ်မျှ ပြသမိလိုက်သည်နှင့် ချောင်းမြောင်းနေသော ဝံပုလွေ အုပ်ကြီးက သူ့အပေါ် တဟုန်ထိုး ခုန်အုပ်လာကြလေမည်။
သူသည် ကျွမ်းယင် နှင့် ရွှမ်လဲ့ တို့ နှစ်ဦးကို အေးစက်စွာ စိုက်ကြည့်နေလိုက်၏။
"မိတ်ဆွေ.. ဒီလောက်နဲ့ပဲ ကျေအေးလိုက်ကြရအောင်.."
ကျွမ်းယင် က ထပ်မံ၍ ကမ်းလှမ်းလာသည်။
"ငါ အခုချက်ချင်း ထွက်သွားပါ့မယ်.. အားလုံးက အထင်လွဲမှုတွေပါ.."
"ငါက ခုနက ရွေးချယ်စရာ မရှိလို့ ဝင်တိုက်လိုက်ရတာပါ.."
ကျွမ်းယင် က ဆက်လက် ရှင်းပြလာ၏။
"ဘာပဲဖြစ်ဖြစ် အဆောင်ကိုးခု အရှင်သခင် က ငါတို့ထဲက လူတစ်ယောက်လေ.. မင်း သူ့ကို သတ်တာကို ငါတို့ ဒီအတိုင်း လက်ပိုက် ကြည့်မနေနိုင်လို့ပါ.."
"ငါ့ သဘောထား ကလည်း အတူတူပါပဲ.. ဓားဂိုဏ်း နဲ့ ရန်သူ ဖြစ်ချင်တဲ့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး.. ငါက လူလာရှာရုံ သက်သက်ပါ.."
ရွှမ်လဲ့ ကလည်း ထောက်ခံ အတည်ပြုလိုက်၏။
"တကယ်လား.."
လီယွမ်က လှောင်ပြောင်လိုက်သည်။
"ဒါဆို ကျုပ်က သူ့ကို သတ်ပြီးသွားပြီ ဆိုတော့ ခင်ဗျားတို့ အခု ဘာဆက်လုပ်ကြမလဲ.."
"သူ့ကိုယ်သူ အပြစ်တင်ရုံက လွဲပြီး တခြား မရှိတော့ပါဘူး.."
ကျွမ်းယင် က ပြန်လည် ဖြေကြားလိုက်၏။
"ငါတို့ရဲ့ ရန်ငြိုးတွေက အခု ပြီးပြတ်သွားပါပြီ.."
"ကံကြမ္မာ စက်ဝန်းက လည်ပတ်နေပြီလေ.. ကံတရားရဲ့ အကျိုးဆက် ကို ဒီလောက် လွယ်လွယ်နဲ့ ဖြတ်တောက်လို့ ရပါ့မလား.."
လီယွမ်က လှောင်ပြောင် ရယ်လိုက်သည်။
"ခင်ဗျားတို့က မကောင်းတဲ့ ရည်ရွယ်ချက် တွေနဲ့ ရောက်လာပြီး ဓားနတ်သမီး ကို နှောင့်ယှက်ခဲ့တယ်.. ခင်ဗျားတို့ကို ပြန်လွှတ်ပေးဖို့ ကျုပ် သဘောတူရင်တောင် ကူအင်မော်တယ် က သဘောတူမှာ မဟုတ်ဘူး.."
ကျွမ်းယင် ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားတော့၏။
"မင်း ဆိုလိုတာက.. ငါတို့တွေ သေတဲ့အထိ တိုက်ရမယ်ပေါ့.."
ရွှမ်လဲ့ က မျက်ခုံးပင့်လိုက်သည်။
"ငါ့ အမြင်ကို ပြောရရင် မင်းလည်း ကန့်သတ်ချက်ကို ရောက်နေပြီပဲ.. ဘာလို့ ဒီလောက်တောင် အတင်း လုပ်နေရတာလဲ.. မင်းရဲ့ စွမ်းအင်တွေ မကုန်ခန်းခင် ငါတို့ အားလုံးကို မင်း သတ်နိုင်မှာ မဟုတ်ဘူး.."
"ခင်ဗျားတို့ နှစ်ယောက် ကောင်းကင် ဖြစ်စဉ် ရဲ့ စွမ်းအားကို သုံးပြီး ကိုယ့်လက်မောင်း ကိုယ် ဖြတ်လိုက်ကြ.."
လီယွမ်က အမိန့်ပေးလိုက်၏။
"ဒါကို ကံကြမ္မာ အကျိုးဆက် ရဲ့ အဆုံးသတ် လို့ သတ်မှတ်ပေးမယ်.. ရန်ငြိုးတွေ အားလုံး ပြီးပြတ်သွားပြီလို့ ကျုပ် ကတိပေးတယ်.."
ကျွမ်းယင် နှင့် ရွှမ်လဲ့ တို့ အချင်းချင်း ကြည့်လိုက်ကြသည်။
လီယွမ်၏ အရှိန်အဝါများက နောက်တစ်ကြိမ် တဟုန်ထိုး ထွက်ပေါ်လာပြန်ပြီး ရန်စကား အနည်းငယ် ဆိုလိုက်သည်နှင့် တိုက်ပွဲ စတင်တော့မည့် အနေအထားမျိုး ဖြစ်နေတော့၏။
"ကောင်းပြီ.."
ကျွမ်းယင် က အံ တင်းတင်းကြိတ်လိုက်သည်။
"ငါ သဘောတူတယ်.."
လွန်ခဲ့သော ခဏလေးက လူငယ် ကူသခင်လေး ၏ ရူးသွပ်မှုက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ နောက်ထပ် တိုက်ပွဲဝင်ရန် သူ့တွင် သတ္တိ မရှိတော့ချေ။ သူ တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်၏။ လင်းရှောင် ဓားဂိုဏ်း ၏ ခံစစ်ကို ဖောက်ထွက်ရန် အနည်းဆုံး အထွတ်အထိပ် သူတော်စင် တစ်ဦးတော့ လိုအပ်ပေလိမ့်မည်။
တံခါးပိတ် ကျင့်ကြံနေသော ထိုအဘိုးကြီး ဝင်ပါမည်လား မပါဘူးလား ဆိုသည်မှာ သူ ဆုံးဖြတ်နိုင်သော ကိစ္စ မဟုတ်တော့ပေ။
"ခင်ဗျားကော ဘယ်လိုလဲ.."
လီယွမ်က ရွှမ်လဲ့ ဘက်သို့ လှည့်ကြည့်လိုက်၏။
"ဒီ ဘုန်းကြီး ကလည်း ကံကြမ္မာ ရဲ့ အကြွေးကို ပြန်ဆပ်ဖို့ ဆန္ဒရှိပါတယ်.."
သူတစ်ပါး၏ ခေါင်မိုးအောက်သို့ ရောက်နေချိန်တွင် ခေါင်းငုံ့ရမည်မှာ ဓမ္မတာပင်။ မိစ္ဆာအိုကြီးများ ဝင်ရောက် မစွက်ဖက်ခြင်းက နှစ်ဖက်စလုံး ပျက်စီးမည့် အခြေအနေမျိုး အထိ မရောက်ရှိလိုသောကြောင့် ဖြစ်ပြီး.. သူတို့ အားလုံးသည် ထွက်မလာသေးသော ဓားနတ်သမီး ကို ကြောက်ရွံ့နေကြကာ လှုပ်ရှားရန် မဝံ့မရဲ ဖြစ်နေကြခြင်းပင်။ လူငယ် ကူသခင်လေး ပင်လျှင် ဤမျှလောက် ကြောက်စရာ ကောင်းနေပြီ ဆိုလျှင် ဓားနတ်သမီး က ပို၍ပင် အစွမ်းထက်နေဦးမည်။
လူအများ၏ အကြည့်များ အောက်တွင် ထိုလူနှစ်ဦးသည် ကောင်းကင် စွမ်းအားကို အသက်သွင်းကာ မိမိတို့၏ လက်မောင်း တစ်ဖက်စီကို ဖြတ်တောက်လိုက်ကြတော့၏။
“ဒုတ်..”
ကောင်းကင် ဖြစ်စဉ် ၏ စွမ်းအား.. တစ်နည်းအားဖြင့် နတ်ဘုရား၏ အပြစ်ပေးမှုဖြင့် ဖြတ်တောက်ခံလိုက်ရသော လက်မောင်းသည် သိုင်းပညာရှင် များ၏ မသေမျိုး စွမ်းအားဖြင့်ပင် ပြန်လည် ကုသ၍ မရနိုင်တော့ချေ။ ဖြည်းဖြည်းချင်း ပြန်လည် ကုစားရန် အလွန် ရှည်လျားသော အချိန်ကာလ တစ်ခု လိုအပ်ပေလိမ့်မည်။
"အခုတော့.. ကျေအေးလိုက်ကြစို့.."
ကျွမ်းယင် နှင့် ရွှမ်လဲ့ တို့၏ မျက်နှာများမှာ နာကျင်မှုများဖြင့် ရှုံ့မဲ့နေပြီး ထွက်ခွာရန် ပြင်လိုက်ကြ၏။ သို့သော် လီယွမ်၏ ဆူပွက်နေသော အသက်ရှူသံများက ငြိမ်သက်သွားခြင်း မရှိဘဲ ကောင်းကင်ယံသို့ တဟုန်ထိုး မြင့်တက်လာတော့သည်။
“ဝှီး..”
မျက်စိတစ်မှိတ် အတွင်းမှာပင် လီယွမ်သည် ကျွမ်းယင် ၏ အရှေ့သို့ ရောက်ရှိလာပြီး သွေးစွန်းနေသော လက်သီးဖြင့် ကျွမ်းယင် ၏ ရင်ဘတ်ကို တည့်တည့် ထိုးဖောက်သွားတော့၏။ ကျွမ်းယင် သည် စကားလုံးများ နိယာမ ဖြစ်တည် နည်းစနစ်ကို အသုံးပြုရန် ကြိုးစားလိုက်သော်လည်း အသံတစ်သံမျှပင် မထွက်နိုင်တော့ချေ။
ရှောင်ချိုက် က ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၏။ တလိမ့်လိမ့် တက်လာသော မီးတောက်များက ချော်ရည်ပူများ အလား ကျွမ်းယင် ၏ အတွင်းကလီစာများထဲသို့ တဟုန်ထိုး ဝင်ရောက်သွားတော့သည်။ ကျွမ်းယင် ၏ မျက်နှာမှာ အလွန်တရာ စိတ်ပျက် လက်ပျက် ဖြစ်သွားပြီး သူ၏ ဒွာရ ခုနစ်ပေါက်မှ မီးတောက်များ ပန်းထွက်လာတော့၏။
ဆူရှင်း စံအိမ် ၏ မဟာသခင် ကြီးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ပစ်လွင့် ပျောက်ကွယ်သွားတော့သည်။
"မင်း.."
ရွှမ်လဲ့ မှာ အကြီးအကျယ် ထိတ်လန့်သွားတော့၏။
"မင်း.. မင်းက ကတိဖျက်ရဲတယ်ပေါ့.."
သူသည် လျှပ်စီး မိုးကြိုးများကို ထုတ်ဖော်ကာ နောက်ဆုံး အနေဖြင့် အသေအလဲ တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ သို့သော် ကန့်သတ်ချက် သို့ ရောက်ရှိနေပြီ ဖြစ်သော သူ ထုတ်လွှတ်လိုက်သည့် လျှပ်စီးများက လီယွမ် အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေနိုင်တော့ချေ။
“ဘုန်း..”
လီယွမ်က သူ၏ ခေါင်းကို လက်သီးဖြင့် ထိုးခွဲလိုက်ပြီး ကောင်းကင်ယံသို့ မော့ကြည့်ကာ ရန်စသည့် အပြုံးဖြင့် ပြုံးလိုက်၏။
"တိုက်ပွဲ စပြီ ဆိုတာနဲ့ သေတဲ့အထိ တိုက်ရမယ်လို့ ကျုပ် အစကတည်းက ပြောထားတယ် မဟုတ်လား.. အသက်သာ ကြီးလာတယ်.. ခင်ဗျားတို့က အရမ်းကို ရိုးအလွန်းနေတုန်းပဲ.."
"စမ်းကြည့်ချင်တဲ့ သူ ဘယ်သူမဆို ကျိုးကုန်း တောင်တန်း ကို လာခဲ့လို့ ရတယ်.. ကူအင်မော်တယ် ရဲ့ အမိန့်အတိုင်း ခင်ဗျားတို့ အားလုံးကို ဒီနေရာကနေ ကျုပ် စောင့်နေမယ်.."
"ကျုပ်ရဲ့ စမ်းသပ်မှုကို အောင်မြင်တဲ့ သူတွေမှသာ ဓားနတ်သမီး ကို ဂါရဝပြုခွင့် ရလိမ့်မယ်..”