← Chapters

အချိန် တိုက်စားမှု

Vol. 015 Ch. 747

အချိန် တိုက်စားမှု

Vol. 015 Ch. 747

ရွင်ယွမ်ဂြိုဟ်၏ မြောက်ဘက်ပိုင်းတွင် တာရှန်အင်ပါယာမြို့တော် တည်ရှိသည်။ လူတစ်ယောက်က ခမ်းနားကြီးကျယ်သော နန်းတော်ထဲ၌ ထိုင်လို့ နေ၏။ ထိုလူက အသက်လေးဆယ်ခန့် ရှိကာ ဆံပင်ဖြူအနည်းငယ် ရှိလို့နေသည်။ထိုသူက ဓားတစ်လက်လို ဖြောင့်စင်းနေသော မျက်ခုံးမွှေးများပိုင်ဆိုင်ထားကာ တောက်ပသောမျက်ဝန်းတစ်စုံကိုလည်း ရှိ၏။

ထိုလူက အလွန်ချောမောလှကာ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ထံမှ မြင့်မြတ်ထည်ဝါသော အော်ရာတစ်ခု ထွက်ပေါ်လို့နေ၏။

သူ့ရှေ့ရှိ စားပွဲပေါ်တွင်တော့ မြေပုံတစ်ခု ဖြန့်ခင်းလို့ထားသည်။ သူက မြေပုံကို ကြည့်၍ စဉ်းစားတွေးတောလို့နေသည်။ အချိန်အတန်ကြာပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။

ညနက်နေပြီ ဖြစ်ကာ လရောင်က ကမ္ဘာမြေပေါ်သို့ ပက်ဖြန်းလို့နေ၏။ ထိုလူက တိတ်ဆိတ်စွာ တွေးတောနေရင်း မတ်တပ်ထရပ်၍ နန်းတော်ထဲကနေ ထွက်လာခဲ့သည်။သူက လရောင်ခြုံလွှမ်းထားသည့် ကမ္ဘာမြေကို ငေးကြည့်နေရင်း သက်ပြင်းယဲ့ယဲ့ချလိုက်သည်။

“အဖေက ခု ဒီကမ္ဘာကြီးကို စောင့်ကြည့်နေမလား ငါ သိချင်မိတယ်…”

သူ့နောက်တွင် ခရမ်းရောင်ခြုံထည်တစ်ခုက ရိုက်ခတ်လာ၏။ သူက လက်မြှောက်ကာ သူ့ပခုံးပေါ်သို့ နောက်ပြန် ကျော်၍ ထိုခြုံလွှာကို ကိုင်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။ “ခုထိ မအိပ်သေးဘူးလား…”

သူ့နောက်တွင် အမျိုးသမီး တစ်ယောက် ပေါ်လာခဲ့သည်။ထိုအမျိုးသမီးကလည်း အလွန်လှကာ သူမက အသက်အရွယ် ရနေပြီ ဖြစ်သော်လည်း အိုမင်းသည့်ပုံ မပေါ်သေးပေ။ သူမက ရင့်ကျက်သောအော်ရာ တစ်ခုကို ပေးစွမ်းလို့နေသည်။

ထိုအမျိုးသမီးက သူ့ဘေးရှိ ယောက်ျားကို ကြည့်လိုက်သည်။ သူ့အကြည့်ထဲ၌ အကြင်နာများ ပြည့်လို့နေသည်။ သူမက နူးညံ့စွာ ဆိုလိုက်သည်။ “ဒီညလေက အေးတယ်…စောစောအနားယူတော့လေ…”

အမျိုးသားက အမျိုးသမီး၏ လက်ကို ဆုပ်ကိုင်၍ ကောင်းကင်ထက်ရှိ လမင်းကို မော့ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ချင်ရီ…ငါတို့အဖေက ခုချိန်မှာ ဘာလုပ်နေမယ်လို့ ထင်လဲ…”

ချင်ရီမျက်နှာက နီမြန်းသွားသည်။သူမက သည်ယောက်ျားနှင့် နှစ်ပေါင်းများစွာ အတူ ရှိနေခဲ့ကာ သူက သူမကို သူ့အဖေနှင့် သဘောတူထားသည့် အကြောင်းကိုလည်း ပြောပြထားခဲ့ပေသည်။ သူတို့က အချိန်အများစုကို အတူရှိနေသည့်အတွက် တစ်ယောက်နှင့် တစ်ယောက်ခံစားချက်များကလည်း တိုးပွားလာခဲ့ပေသည်။သို့သော် သည်အခိုက်အတန့်၌ သူမမျက်နှာက မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ ရှက်သွေးဖြာ နီမြန်းသွားနေဆဲ ဖြစ်နေသည်။

ချင်ရီက နူးညံ့စွာပြောလိုက်သည်။ “ဒါက နင့်အဖေပဲဟာကို….”

ချင်ရီလက်ကို ဆွဲကိုင်ထားသည့် ထိုယောက်ျားသားက ရယ်မောကာ ပြောလိုက်၏။ “ငါ့အဖေကလည်း နင့်အဖေပဲပေါ့…”

ချင်ရီ၏ နှလုံးသားက ချိုမြသွားသည်။သူမက ထိုယောက်ျာသားနှင့်အတူ လမင်းကို ကြည့်လိုက်ရင်း တိုးညင်းစွာ ပြောလိုက်သည်။ “အဖေက အနားယူနေမှာပေါ့…”

ထိုလူ၏ မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သွားကာ သူက ခေါင်းယမ်း၍ ပြောလိုက်သည်။ “ငါကတော့ ခုချိန်မှာ အဖေ ငါ့ကို ကြည့်နေလိမ့်မယ်လို့ ခံစားမိနေတယ်…”

ရေပြင်ကျယ်မြို့ ဝမ်စံအိမ်ထဲ၌ ဝမ်လင်းက သူ့အကြည့်ကို အကာအဝေးတစ်ခုကနေ ပြန်ရုတ်သိမ်းလိုက်သည်။ သူက ခြံဝန်းထဲရှိ အပင်တစ်ပင် အောက်တွင် ထိုင်နေကာ ဆောင်းလေပြေနှင့်အတူ သစ်ရွက်များ၏ တလှုပ်လှုပ်အသံကို နားဆင်လို့နေသည်။

သစ်ရွက်ကြွေများက ဖြည်းဖြည်းချင်း လေအဝှေ့တွင် အပင်ခြေရင်းသို့ သက်ဆင်းသွားကြသည်။

အချိန်ကလည်း သည်လိုနှင့် တိတ်တဆိတ် ကုန်ဆုံးသွားခဲ့ပြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ငါးနှစ်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

ကောင်းကင်ဘုံကျောင်းကလည်း အလွန်ကြီးမားလာကာ အင်ပါယာသုံးခုလုံးတွင် လွှမ်းခြုံလာခဲ့ပြီး ရွင်ယွမ်ဂြိုဟ်အနှံ့သို့ ဖြန့်ထွက်လျက် ရှိနေတော့သည်။ သည်အရာက ထိုအတိုင်း အေးအေးဆေးဆေး ဖြစ်နေလျှင် တော်သေးပေ၏။သို့သော် လွန်ခဲ့သောသုံးနှစ်က တာရှန်အင်ပါယာတွင် ပြောင်းလဲမှု တစ်ခု ဖြစ်သွားခဲ့သည်။သူတို့က ကောင်းကင်ဘုံကျောင်းကို စတင်၍ ဖျက်စီးရန် ကြံစည်ကာ တပ်သားတော်တော်များများကိုပင် ထိုကလန်သို့ စေလွှတ်ခဲ့သေးသည်။

ထိုရုတ်တရက်ပြောင်းလဲမှုက ဆီပူပူတွင် ရေလောင်းချလိုက်သကဲ့သို ဖြစ်သွားစေ၏။ သည်ပြောင်းလဲမှုက သေမျိုးကမ္ဘာကို ဗြောင်းဆန်သွားစေခဲ့သည်။

ကောင်းကင်ဘုံကျောင်း၏ တုန့်ပြန်မှုက ကြမ်းတမ်းလှ၏။ လဝက်ဆိုသော အချိန်မျှဖြင့်ပင် သူတို့က တာရှန်အင်ပါယာ၏ စစ်တပ်ကို သွေးမစွန်းစေဘဲ ထိန်းချုပ်နိုင်စွမ်း ရှိခဲ့ပေသည်။ တာရှန်အင်ပါယာ၏ လူဆယ်ယောက်တွင် ခြောက်ယောက်၊ခုနစ်ယောက်က ကောင်းကင်ဘုံကျောင်း၏ နောက်လိုက်များ ဖြစ်နေခဲ့သည် မဟုတ်လား။

ထိုအဖြစ်က လူတိုင်း၏ စိတ်ကို တုန်လှုပ်သွားစေခဲ့ပေသည်။

တာချင်အင်ပါယာနှင့်ချမ်ယွမ်အင်ပါယာတို့က မဆင်မခြင် မလှုပ်ရှားဝံ့တော့ပေ။ သူတို့က ကောင်းကင်ဘုံကျောင်းသို့ တမန်စေလွှတ်၍ တစ်ဘက်နှင့်တစ်ဘက် မကျူးကျော်ကြေးကိုပင် သဘောတူ လက်မှတ် ထိုးခဲ့ကြပေသည်။

တာရှန်အင်ပါယာက ဆက်လက်၍ မတည်ရှိတော့ဘဲ ထိုနေရာတွင် ကောင်းကင်ဘုံအင်ပါယာ လို့ခေါ်တွင်သည့် အင်ပါယာတစ်ခုက အစားထိုးသွားခဲ့တော့သည်။

ကောင်းကင်ဘုံအင်ပါယာမြို့တော်ထဲ၌ ဝမ်ဖျင်က နဂါးဝတ်ရုံကိုဝတ်ဆင်ထား၏။ သူ့ဘေးတွင် ချင်ရီက အတူရှိလို့နေသည်။

ကောင်းကင်ဘုံအင်ပါယာ၏ အမှူထမ်းများက သူတို့၏ အင်ပါယာအသစ်ကို မော့ကြည့်နေကြ၏။ သူတို့က သည်လူ့ကို ဖြတ်၍ မြင်နိုင်စွမ်း မရှိပေ။

ဝမ်ဖျင်က သူ့အောက်ရှိ လူများကို လွှမ်းခြုံကြည့်လိုက်ရင်း သူ့အကြည့်က အကွာအဝေးတစ်ခုသို့ ကျရောက်သွား၏။

သေမျိုးကမ္ဘာမှ တာရှန်အင်ပါယာ၏ အဖြစ်အပျက်က ရွင်ယွမ်ဂြိုဟ်မှ ကျင့်ကြံသူများကိုပင် စိတ်ဝင်သွားစေခဲ့သည်။သူတို့က ကြားဝင်ပတ်သတ်မည့် အရိပ်အယောင်များပင် ပြသလာခဲ့ကြ၏။

ဝမ်လင်းဘဝကတော့ ရေပြင်အလား တည်ငြိမ်လျက် ရှိလို့နေသည်။ သူ့မျက်နှာကတော့ ပို၍ အိုစာသွားခဲ့၏။ သည်နှစ်က ကောင်းကင်ဘုံအင်ပါယာ ကြေငြာပြီးသည့် ငါးနှစ်မြောက်နှစ် ဖြစ်သည်။

တာချင်အင်ပါယာနှင့်ချမ်ယွမ်အင်ပါယာတို့က သူတို့၏ သဘောတူညီမှုကို ချိုးဖောက်ကာ ကောင်းကင်ဘုံအင်ပါယာပေါ်သို့ တိုက်ခိုက်လာကြသည်။

ဝမ်လင်းက ထိုကိစ္စများနှင့် ပတ်သတ်၍ လုံးဝ အာရုံထဲတွင် မရှိပေ။သူက နေ့စဉ်နေ့တိုင်း ဘုံဆိုင်တွင်ထိုင်ကာ လူအများ အင်ပါယာသုံးခုအကြောင်း ပြောကြသည့် သတင်းစကားများကိုသာ နားထောင်နေခဲ့သည်။သူက ထိုသို့ နားထောင်နေရင်း တိတ်တဆိတ်သာ အရက်သောက်နေခဲ့ကာ စကားတစ်ခွန်းမှ ဝင်မဆိုခဲ့ပေ။

အတိတ်တုန်းက စားပွဲထိုးလေးက သူ့ဆွေးမျိုးများဆီကနေ ပိုက်ဆံချေး၍ သည်ဆိုင်ကို ဝယ်ယူခဲ့ပေသည်။ထို့ကြောင့် ခု သူက ပိုင်ရှင်အသစ် ဖြစ်နေလေပြီ။ စားပွဲထိုးအသစ်ပင် ဝမ်လင်းနှင့် ရင်းနှီးလို့နေသည်။ ဝမ်လင်း ရောက်လာသည်နှင့် သူက အရက်နှင်အစားအသောက်များကို လာချပေးပြီးသားပင်။

ထိုစားပွဲထိုးလေးက ကြင်နာတက်သည့်ပုံပင်။ သူက အစားအသောက်နှင့်အရက်အိုးကို ချပေးလိုက်ပြီးနောက် ဂရုတစိုက် ပြောလာ၏။ “သင်က အသက်ကြီးနေပြီနော်…လျော့သောက်တာ အကောင်းဆုံးပဲ…”

ဝမ်လင်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ “ဒီနေ့ ငါက တစ်အိုးပဲ သောက်မှာပါ…”

စားပွဲထိုးက ပြုံး၍ အခြားဖောက်သည်များရှိ နှုတ်ဆက်ရန် ရောက်သွား၏။ သူက အားသွားသည်နှင့် တံခါးပေါက်ကို မှီကာ ဝမ်လင်းကို ကြည့်၍ သက်ပြင်းချတက်ပေသည်။ “ဒီလူအိုကြီးဝမ်ရဲ့ ဘဝက ခါးသီးတာပဲ။ သူက ဒီလောက် အသက်ကြီးနေပြီ သူနဲ့အတူ နေပေးမဲ့ သားသမီးလည်း မရှိဘူး…”

သူ့နောက်မှ ငွေသိမ်းက ရုတ်တရက် ခေါင်းယမ်းကာ ပြောလိုက်၏။ “ငါ သူ့အိမ်က အစေခံမိန်းကလေးဆီက ကြားတာကတော့ သူ့မှာ သားတစ်ယောက် ရှိခဲ့တယ်တဲ့။ ဒါပေမဲ့လည်း သူ့သားက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက အိမ်ကနေ ထွက်သွားခဲ့ပြီး ဘယ်တော့မှ ပြန်မလာခဲ့ဘူး…

ဝမ်လင်းက အရက်အိုးကို ကိုင်ကာ တစ်ကျိုက်မော့သောက်လိုက်သည်။ သူ့အကြည့်က ပြင်တင်းပေါက် အပြင်ဘက်သို့ ကျရောက်နေက သူက တစ်နေကုန် ထိုင်နေခဲ့သည်။

မှောင်ရီပျိုးလာချိန်၌ ထိုဘုံဆိုင်သို့ အစေခံအိုများ ရောက်လာကြသည်။သူတို့က သူတို့၏ သခင်က အသက်ကြီးရင့်နေပြီ ဖြစ်ကာ အများကြီး မသောက်သင့်တော့ဟု တွေးနေသည်။ သူက မသောက်လျှင် အဆင်ပြေဦးမည် ဖြစ်သော်လည်း သောက်ပြီးသည့်နောက်တွင်တော့ သူနှင့်အတူတူ တစ်ယောက်ယောက် ရှိနေပေးရပေမည်။ မဟုတ်လျှင် သူတို့က သူတို့သခင် မှောက်၍ ဒဏ်ရာရသွားမည်ကို စိုးရိမ်နေကြသည်။ထို့ကြောင့် သူတို့က ဘုံဆိုင်သို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

ဝမ်လင်းနှင့်သူ့အစေခံများက လရောင်အောက်၌ အိမ်သို့ ပြန်လာကြသည်။ စံအိမ်ကြီးက ဗလာကင်းမဲ့နေကာ မည်သည့်အလင်းရောင်မှ မရှိသကဲ့သို့ မှိန်ဖျော့လို့နေ၏။

အစေခံအိုများကို ထွက်သွားဖို့ ပြောလိုက်ပြီးနောက် ဝမ်လင်းက ခြံဝန်းထဲတွင် ထိုင်နေကာ ကောင်းကင်ထက်သို့ မော့ကြည့်၍ ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ “အချိန်တွေကုန်တာ မြန်လိုက်တာ။ ဖျင်အာက ခုဆို အသက် လေးဆယ့်ခုနစ်နှစ် ရှိပြီပဲ။ ကြည့်ရတာ သူက သူကိုယ်သူနဲ့ ပတ်သတ်ပြီး သဲလွန်စအချို့ ရှာတွေ့နေလောက်ပြီ ထင်တယ်…”

အင်ပါယာသုံးခုကြားမှ တိုက်ပွဲသည် ကြီးမားလာခဲ့သည်။ သို့သော် ကျင့်ကြံသူများ ကြားဝင်မှုကြောင့် လူအများ မမျှော်လင့်ထားသည့် အဖြစ်အပျက်များကို ပြောင်းလဲသွားစေခဲ့သည်။သို့ရာတွင် သည်အရာများအားလုံးကလည်း ကောင်းကင်ဘုံအင်ပါယာကိုယ်တိုင်ကိုယ်ကျ ထွက်လာသည့် အခါတွင်တော့ တစ်ဖန် ပြောင်းလဲသွားခဲ့ရပြန်သည်။

ထိုကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်က မည်မျှဖြစ်နေပါစေ သူတို့က သူ့ရှေ့တွင် နောက်ဆုတ်သွားရသည်သာ ဖြစ်သည်။ဤသို့ဖြင့် တစ်ဖြည်းဖြည်း ကျင့်ကြံသူများ၏ ကြားဝင်မှုကလည်း မရှိတော့ပေ။

ဝမ်ဖျင်က စစ်တပ်ထဲရှိ ရွှေရောင်ရွက်ဖျက်တဲထဲတွင် ထိပ်ဆုံး၌ ထိုင်လို့နေသည်။သည့်နောက်သူက ညွှန်ကြားချက်အနည်းငယ် ပေးလိုက်ပြီးနောက် တဲထဲကနေ လမ်းလျှောက်ထွက်လာ၏။ သူ့အကြည့်က သူ့ရှေ့မှ တပ်သားများကို ကျော်လွန်ကာ အကွာအဝေးတစ်ခုရှိ ချွီလျန်တောင် ရှိရာသို့ ကျရောက်သွားသည်။

ဝမ်ဖျင်မျက်နှာကလည်း အနည်းငယ် ပို၍ အသက်ကြီးရင့်လာသည့်ပုံ ပေါက်လာ၏။ သူက သေမျိုးများကြားတွင် အနှိုင်းမဲ့အုပ်ချုပ်သူတစ်ယောက် ဖြစ်လာပြီးနောက်လည်း သူ့ဘဝတွင် များစွာ ပျော်ရွှင်မှု ရှိမနေခဲ့ပေ။သူ့စိတ်က ပင်ပန်းနွမ်းနယ်နေကာ စိုးရိမ်လို့သာ နေခဲ့သည်။

ရုတ်တရက် သူက ကလေးဘဝ ဆယ့်ကိုးနှစ်ဆိုသော အချိန်ကာလကို ပြန်အောက်မေ့သွားသည်။

သူက ချွီလျန်တောင်ကို ကြည့်နေရင်း တွေးနေစဉ် ချင်ရီကလည်း တဲထဲကနေ လှမ်းထွက်လာ၏။ သူမက ဝမ်ဖျင်ဘေးနားတွင် ရပ်ကာ နူးညံ့စွာ ပြောလိုက်၏။ “ဒါက နင်ကြီးပြင်းခဲ့တဲ့ နေရာလို့ ပြောခဲ့တယ်နော်။ နင် တစ်ခေါက်လောက် သွားမကြည့်ချင်ဘူးလား…”

ဝမ်ဖျင်က သက်ပြင်းချကာ ဆိုသည်။ “သွားကြည့်ကြတာပေါ့…”

တပ်ကြပ်တစ်ချိုနှင့်အတူ ဝမ်လင်းတို့က ချွီလျန်တောင် ရှိရာသို့ လမ်းလျှောက်၍ သွားကြသည်။ သူက ပတ်ဝန်းကျင်ကို လှည့်လည် ကြည့်နေမိသည်။ သည်မရင်းနှီးတော့သော ပတ်ဝန်းကျင်အနေထားက သူ့ကို ရင်းနှီးသလိုအာရုံကို ပေးစွမ်းနေခဲ့၏။

သည့်နောက် အကွာအဝေးတစ်ခုတွင် ပြိုလဲသောလကျေးရွာက သူ့မြင်ကွင်းတွင် ပေါ်ထွက်လာချေ၏။

သူတို့က ရွာနှင့် နီးကပ်လာသည့်အခါ တပ်သားများကြောင့် ရွာထဲကနေ ခွေးဟောင်သံများ ထွက်ပေါ်လာခဲ့သည်။ သည် စစ်မက် ဖြစ်ပွားနေသည့် ကဗြောင်းကဗျန် ဖြစ်နေသော အချိန်အတောအတွင်း ပြိုလဲသောလကျွေးရွာရှိ ရွာသားများက နိုးနိုးကြားကြား သတိရှိနေကြ၏။ ခွေးဟောင်သံ ကြားသည်နှင့် သူတို့က ချက်ခြင်း ထလာကာ လက်နက်တန်ဆာပလာများနှင့် မီးအိမ်များကို ယူဆောင်လာကြသည်။သူတို့က သိပ်မဝေးသောနေရာတွင် ချပ်ဝတ်အပြည့်အစုံနှင့် တပ်သားများနှင့်အတူ သာမန်မြို့သူမြို့သားလို ဝတ်ဆင်ထားသည် ယောက်ျားသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ကို တွေ့မြင်သွားကြသည်။

ရွာသားများ၏ ရန်လိုသော အကြည့်ကို ရင်ဆိုင်ရင်း ဝမ်ဖျင်ကမည်သည့်စကားတစ်ခွန်းမှ မဆိုပေ။ သူက ရွာသားများကို စူးစိုက်ကြည့်လိုက်ရင်း ထိုသူများထဲမှ တစ်ယောက်ကိုမျှ မမှတ်မိဘဲ ဖြစ်နေသည်။

သူ့မျက်နှာထက်၌ ခါးသီးမှုတို့ ထွက်ပေါ်လာသည်။ အချိန်က သံစဉ်တစ်ပုဒ်အလား နှစ်ပေါင်းများစွာ ဖျပ်ခနဲ ကုန်သွားခဲ့ပြီ မလား။ သူက အတိတ်တုန်းက သူနှင့် ရင်းနှီးခဲ့သော လူများကို မသိနိုင်ဘဲ ဖြစ်လို့နေ၏။ အကြောင်းကတော့ ထိုသူများကလည်း များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင်နှစ်သုံးဆယ်ဆိုသော ကာလတွင် မွေးဖွားလိုက်၊ သေဆုံးလိုက် ဖြစ်စဉ်က ဘယ်နှစ်ကြိမ်လောက် ဖြစ်ပြီးသွားမှန်းလည်း သူ မသိတော့ပေ။

“တောင်အနောက်ကိုသွားကြစို့။ အဲ့နေရာမှာ ဘိုးဘိုးစွန်ကို မြှုပ်နှံ့ပေးထားတယ်…”

ချင်ရီက သက်ပြင်းချင ဝမ်လင်းနှင့် ရှေ့ကနေ ဦးဆောင်သွား၏။ သူတို့ရှေ့ရှိ ရွာသားများက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဖြည်းဖြည်းချင်း လမ်းဖယ်ပေးလိုက်ကြသည်။

သည်အခိုက်မှာပင် မသေမချာနှင့် ပြည့်နေသော အားနည်းသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။

“ဝမ်ဖျင်…”

ဝမ်ဖျင်က ခြေလှမ်းရပ်သွားသည်။သည့်နောက် သူက နောက်လှည့်ကြည့်လိုက်ရာ သူ့အကြည့်က ရွာသူတစ်ယောက်ပေါ်သို့ ကျရောက်သွား၏။သူမက အသက်လေးဆယ်ခန့် ရှိမည် ဖြစ်သည်။ ထိုအမျိုးသမီးက အနည်းငယ် အသက်ကြီးရင့်သွားပြီ ဖြစ်သော်လည်း ဝမ်ဖျင် အမြင်တွင်တော့ သူမကို “ငါ နင့်ကို မုန်းတယ်” လို့ ပြောခဲ့သော မိန်းကလေးအဖြစ် မြင်ယောင်မိသွားပေသည်။

ထိုအချိန်မှာပင် ယွမ်ရှိဂြိုဟ်နှင့် အလွန်နီးသော နေရာတွင် လောဘကြီးက ကြယ်ပျံတစ်စင်းအလား ရွှေ့လျားလို့နေ၏။ သူက ယွမ်ရှဂြိုဟ်ကို ကြည့်လိုက်ရာ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ငါက မြောက်ပိုင်းနယ်မြေထဲ ဝင်လာတာနဲ့ ဒီနေရာမှာ ရတနာရှိတယ်ဆိုတဲ့ အရိပ်အမြွက်ကို ရခဲ့ပြီး အဲ့အော်ရာအတိုင်း လိုက်လာခဲ့တာ။ ဒါက မှားစရာမရှိဘူး။ ဒီသိပ်သည်းတဲ့မြူတွေက ဒီရတနာရဲ့ အလင်းကို ဖုံးအုပ်ထားတာပဲ ဖြစ်ရမယ်…”

“ဒါပေမဲ့လည်း ဒီဂြိုဟ်က နည်းနည်းတော့ ထူးဆန်းနေတယ်…”

လောဘကြီးက ယွမ်ရှဂြိုဟ်ကို အနည်းငယ် စူးစိုက် ကြည့်နေ၏။ ခဏတာတုံ့ဆိုင်းသွားပြီးနောက် သူက ယင်းဂြိုဟ်ရှိရာသို့ ပျံသန်းလာခဲ့တော့သည်။ သူ့တစ်ဘဝလုံးတွင် သူက ရတနာမရှိသည့် မည်သည့်နေရာကိုမှ မသွားခဲ့ဖူးပေ။ သူက ရတနာများ တည်ရှိသည့်နေရာနှင့် ပတ်တတ်၍ ကြောက်မက်ဖွယ်ကောင်းလောက်သော အလိုလို သိစိတ်ရှိနေသည့်သူ ဖြစ်သည်။

သူက နီးကပ်လာသည်နှင့် သူ့နှလုံးခုန်သံကလည်း ပိုမြန်လာသည်။ သူ့အကြည့်ကလည်း ပို၍ တောက်ပလာလေ၏။

“ငါက ဒီနေရာမှာ ငါ ဧရာမမီးပြင်းဖို ရတနာကို ရခဲ့ချိန်တုန်းကလို ခံစားချက်ကို ရနေတယ်။ ဒီနေရာမှာများ ဒီဧရာမမီးပြင်းဖိုနဲ့ ယှဉ်နိုင်တဲ့ ရတနာတစ်ခု ရှိနေတာများလား…”

သည်အခိုက်အတန့်၌ သူက ဝမ်လင်းနှင့်ပတ်သတ်၍ ၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ အတားအဆီးများနှင့် ပတ်သတ်၍ပင် လုံးဝ မေ့သွားခဲ့ပေသည်။

သူက အံတင်းတင်းကြိတ်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သူ့ရှေ့တွင် ဧရာမမီးပြင်းဖို တစ်ခု ပေါ်ထွက်လာ၏။ သူက ယင်းမီးပြင်းဖိုကို အသုံးပြုကာ လမ်းကြောင်းတစ်ခု ရှင်းလင်း၍ မြူများကြားသို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

“ဒီအဘိုးအိုက ဒါဟာ ဘယ်လိုရတနာမျိုးလဲဆိုတာ ကြည့်ကြည့်ရမယ်…”

လောဘကြီးက လျှာသပ်မိလိုက်လေ၏။

***

All Chapters