အခန်း (၁၄၂၁-၁၄၂၂)
Vol. 80 Ch. 1421-1422
အခန်း (၁၄၂၁) သံသယ
သူသံသယရှိနေပြီဖြစ်သောကြောင့် အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။ ဒါကဟန်ရှောင်း၏ အမြဲတမ်းစတိုင်ပင်ဖြစ်သည်။ ဂလက်ဆီလူ့အဖွဲ့အစည်း၏ ထောက်လှမ်းရေးကို စောင့်ကြည့်ရန်နှင့် ပုံမှန်မဟုတ်သောလှုပ်ရှားမှုများကို ချက်ချင်းသတင်းပို့ရန် ဖီးလစ်အား သူပြောခဲ့သည်။ သို့သော်လည်း လအနည်းငယ်ကြာ သတိထားပြီးနောက် သူဘာမျှမတွေ့ရှိခဲ့ပေ။ အခြေအနေက ပြောင်းလဲနေဆဲဖြစ်သည်။ ဗဟိုချက်မြွေကြောင့် ကမ္ဘာသစ်ပင် လူမှုအဖွဲ့အစည်းသည် နယ်စပ်ကာကွယ်ရေးစက်ဝန်းကို အဖန်ဖန်တိုက်ခိုက်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။ အခြားတပ်ဖွဲ့များသည် အဆုံးမရှိသည့်အလား စစ်မြေပြင်သို့ဝင်ရောက်လာကြပြီး ထိခိုက်ပျက်စီးမှုများကို ဂရုမစိုက်ကြပေ။ သို့ရာတွင် ကြယ်စင်စု မဟာမိတ်စစ်တပ်မှာလည်း ပေါ့ပေါ့တန်တန် သဘောထား၍မရပေ။ ၎င်းတို့၏ ကာကွယ်ရေးခံစစ်မျဉ်းက မည်သို့လုပ် ဤမျှလွယ်လွယ်ကူကူ ပျက်စီးသွားနိုင်မည်နည်း။
ဒုတိယ ဒိုင်မန်းရှင်း တိုက်ပွဲစစ်မျက်နှာတွင်ပင် ကမ္ဘာသစ်ပင်မှ ကောင်းချီးပေးခံရသော မျိုးနွယ်စုများသည် ၎င်းကိုမယုံကြည်ဘဲ အကြိမ်ကြိမ်ကျူးကျော်ခဲ့ကြသည်။ သို့သော်လည်း တိမ်သောဒိုင်မန်းရှင်းတွင် ဟန်ရှောင်းရှိနေခြင်းက မယိမ်းယိုင်သော စောင့်ရှောက်သူနတ်ဘုရားတစ်ပါးနှင့် တူနေသည်။ ကောင်းချီးပေးခံရသော မျိုးနွယ်စုများသည် ထပ်ခါတလဲလဲ ကျူးကျော်ခဲ့ကြသော်လည်း အကြိမ်တိုင်းရှုံးနိမ့်ခဲ့ကြသည်။ ၎င်းတို့သည် မရေမတွက်နိုင်သော ယာဉ်တန်းများကို စွန့်ပစ်ကာ အကြိမ်ကြိမ်ထွက်ပြေးခဲ့ကြသောကြောင့် ဟန်ရှောင်းအတွက် ဓနဥစ္စာမြောက်မြားစွာ ရရှိစေခဲ့သည်။
အဆိုးဆုံးအပိုင်းမှာ တစ်ဦးချင်းစွမ်းအားအဆင့်တွင်ဖြစ်သည်။ ကမ္ဘာသစ်ပင်က ၎င်းတို့လုံးဝချေမှုန်းခံနေရကြောင်း သဘောပေါက်သွားသည်။ ကြယ်ရောင်တောက်ပကမ္ဘာတွင် ကုသပေးသူ အော်ရိုရာအပြင် ထိပ်တန်းတိုက်ခိုက်ရေးသမားများဖြစ်သော အက်စ်ဂေါ့ဒ်နှင့် ဟာဘာလွန်တို့ပါရှိပြီး ကမ္ဘာသစ်ပင်မှ ကျွမ်းကျင်သူများမှာ အလကားသက်သက် ဒဏ်ရာများရရှိနေကြသည်။ ဒုတိယ ဒိုင်မန်းရှင်းကို ကာကွယ်သူမှာ လွန်ကဲအဆင့်တွင်ရှိသည့် ဟန်ရှောင်းဖြစ်သည်။ သစ်ပင်ဘုရင်များပင် မျက်နှာမပြရဲကြသဖြင့် အခြားသူများမှာ အသုံးမဝင်တော့ပေ။
ရုတ်တရက်ဆိုသလို မြင့်မြတ်သောသစ်ပင် တမန်တော်များ၊ ဘိုးဘေးဝိညာဉ်များနှင့် စစ်တပ်ကွပ်ကဲရေးမှူးများသည် တိုက်ပွဲစစ်မျက်နှာနှစ်ခုစလုံးတွင် ၎င်းတို့အတွက် အသုံးမဝင်တော့ကြောင်း သဘောပေါက်သွားကြသည်။
အကယ်၍ ၎င်းတို့သာ နယ်မြေကို ကျူးကျော်နိုင်ခဲ့ပါက အထူးတပ်ဖွဲ့များကဲ့သို့ပင် ၎င်းတို့၏တစ်ဦးချင်းစွမ်းအားဖြင့် စကြဝဠာအတွင်း လျင်မြန်စွာလှုပ်ရှားနိုင်မည်ဖြစ်သည်။ ၎င်းက ရန်သူလူမှုအဖွဲ့အစည်းများ၏ စွမ်းအင်ကို ထိခိုက်စေပြီး ပျက်စီးဆုံးရှုံးမှုအမျိုးမျိုးကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေတွင် ၎င်းတို့သည် အမိန့်ကိုသာ စောင့်ဆိုင်းနေနိုင်သည်။
လအနည်းငယ်ကြာ စစ်ပွဲဖြစ်ပွားပြီးနောက် ကစားသမားသန်းဆယ်ချီသည် ၎င်း၏လေထုထဲသို့ တစ်ဖန်ပြန်လည်ပေါင်းစည်းသွားကြသည်။ သူတို့သည် စစ်မျက်နှာနှစ်ခုစလုံးကို ရွေးချယ်နိုင်ပြီး မစ်ရှင်များမှာလည်း ပိုမိုကြွယ်ဝလာသည်။ သူတို့၏ ပိုက်ဆံအိတ်များလည်း ပိုမိုထူထဲလာသည်။ ကံမကောင်းစွာဖြင့် ဗားရှင်း ၅.၅ သည် အဆင့်ထိန်းချုပ်မှုအသစ်ကို ဖွင့်ပေးလိုက်ပြီး ကစားသမားများ၏ အဓိကရည်မှန်းချက်မှာ အဆင့်တက်ရန်ဖြစ်သည်။ သူတို့တွင် သုံးစွဲရန်ငွေများစွာမရှိပေ။
ကစားသမားများ ပိုမိုများပြားစွာ ကပ်ဘေးအဆင့်သို့ လှမ်းတက်လာသည်နှင့်အမျှ အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲများလည်း ပေါ်လာသည်။ ကစားသမားများသည် စစ်မြေပြင်တွင် ပိုမိုထင်ရှားလာပြီး စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုက ၎င်းတို့ကို ပိုမိုအာရုံစိုက်လာကြသည်။
အထက်အရာရှိများ၏ အမြင်အရ စူးစမ်းရှာဖွေပြီးသော စကြဝဠာသည် သယံဇာတများကြွယ်ဝသည်။ ၎င်းတို့၏ အားကောင်းသော ထုတ်လုပ်နိုင်စွမ်းကြောင့် ကမ္ဘာသစ်ပင် လူမှုအဖွဲ့အစည်းနှင့် စွမ်းအင်ကုန်ခန်းတဲ့ တိုက်ပွဲကို အချိန်ကြာမြင့်စွာ ဆင်နွှဲနိုင်ခဲ့သည်။ သို့ရာတွင် ဤလမ်းကြောင်းအတွက် အမြဲတမ်းအဆုံးသတ်တစ်ခုရှိပြီး ကမ္ဘာသစ်ပင် လူမှုအဖွဲ့အစည်းက ဤကိစ္စတွင် သာလွန်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုသည် သိပ်မကြာခင် စတင်အားနည်းလာမည်ဟု ခံစားလာရပြီး စစ်ကာလမူဝါဒများ၏ လျှို့ဝှက်အန္တရာယ်အမျိုးမျိုးက တဖြည်းဖြည်းပေါ်လာမည်ဖြစ်သည်။
သေချာသည်မှာ ဤသို့သောအခြေအနေမျိုးက မကြာမီဖြစ်လာမည်မဟုတ်ဘဲ ၎င်းတို့သည် ဒုက္ခရောက်နေသူများမဟုတ်ပေ။ စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုသည် လက်ရှိတွင် မြင့်မားသောစင်မြင့်ပေါ်တွင် ထိုင်နေကြပြီး ဗဟိုချက်မြွေ ကြီးထွားလာမည့်အချိန်နှင့် လဲလှယ်ရန်အတွက် ကမ္ဘာသစ်ပင်ထက် စွမ်းအင်ကုန်ခန်းတဲ့ တိုက်ပွဲကို ပိုမိုဆင်နွှဲလိုကြသည်။ ထို့ကြောင့် ကပ်ဘေးအဆင့် အလားအလာရှိပြီး သတ်၍မရသော ကစားသမားများသည် စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခု၏ အမြင်တွင် အရေးပါသော မဟာဗျူဟာမြောက် လက်နက်များဖြစ်ပြီး ၎င်းတို့သည် ခွန်အားကုန်ခန်းမည်ကို မကြောက်ကြပေ။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း အခြေအနေများ ကောင်းမွန်နေခဲ့ပြီး ဂလက်ဆီလူ့အဖွဲ့အစည်းသည် ယုံကြည်မှုများအပြည့်ရှိနေသည်။
ကစားသမားများသည် ဗဟိုချက်မြွေအကြောင်း မသိကြသော်လည်း အပေါ်ယံအခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီးနောက် စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုသည် သေချာပေါက်အနိုင်ရမည်ဟု ခံစားခဲ့ကြရသည်။ ဘလက်စတား၏ စစ်ဆင်ရေးကို လေ့လာပြီးနောက် ဤကိစ္စကို F2A ဖြင့် ဖြေရှင်းနိုင်မည်ဖြစ်သည်။ ဤမျှလွှမ်းမိုးနိုင်သော အားသာချက်ဖြင့် သူတို့မည်သို့ရှုံးနိုင်မည်နည်း။
(TL Note: F2A ဆိုတာ ဂိမ်းတစ်ခုက အသုံးအနှုံးတစ်ခုပါ။ F2 ဆိုတာ Select All (လူအကုန်ခေါ်)၊ A ဆိုတာကတော့ Attack (တိုက်ခိုက်) ကို ဆိုလိုတာပါ။ ရန်သူက အားကောင်းလည်း ရှိသမျှလူအကုန်ခေါ်ပြီး ချရင် နိုင်မှာပဲလို့ ပြောချင်တာ)
ဤအချိန်တွင် ဟန်ရှောင်း တစ်ခုခုကို သတိပြုမိသွားသည်။
"စူပါကြယ်စုတန်း မဟာမိတ်အဖွဲ့ဝင်တွေအားလုံး သူတို့ရဲ့နယ်မြေအတွင်း လျှို့ဝှက်ကြယ်ဂိတ်တံခါးများ တည်ဆောက်ထားပြီး အရပ်သားတွေ၊ သယံဇာတတွေနဲ့ ခရီးဝေးစစ်သင်္ဘောအမြောက်အမြားကို စုဆောင်းထားကြတယ်။ သူတို့က ထွက်ပြေးဖို့ ပြင်ဆင်နေကြတာလား" ဟန်ရှောင်းသည် သတင်းအချက်အလက်များကို လှန်လှောကြည့်လိုက်ပြီး သူ၏မျက်နှာအမူအရာက စဉ်းစားခန်းဝင်သွားသည်။
ရန်သူ၏ ကျူးကျော်မှုကို ရင်ဆိုင်ရာတွင် ဤအဆင့်မြင့် လူမှုအဖွဲ့အစည်းများသည် ၎င်းတို့အတွက် ထွက်ပေါက်တစ်ခု ချန်ထားခဲ့ကြသည်။ ၎င်းတို့အတွက် အရန်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းမှာ ပုံမှန်သာဖြစ်သည်။ လူဦးရေတစ်ခုလုံးက စစ်ပွဲနှင့်ပတ်သက်၍ အကောင်းမြင်နေပြီး သူတို့၏ယုံကြည်မှုများ တိုးတက်လာသော်လည်း အဆင့်မြင့် လူမှုအဖွဲ့အစည်းများသည် အဆိုးဆုံးအတွက် စီစဉ်ထားဆဲဖြစ်ပြီး ယင်းမှာ နားလည်နိုင်သောကိစ္စဖြစ်သည်။ ဟန်ရှောင်းသည် စူပါကြယ်စုတန်း၏ လှုပ်ရှားမှုများကို ယခင်ကတည်းက သတိပြုမိခဲ့သော်လည်း သူအလေးအနက်မထားခဲ့ပေ။
သို့ရာတွင် 'နယ်ပယ်အားလုံး၏ စစ်ပွဲ' ကို သံသယရှိခြင်းနှင့် ပြီးခဲ့သော လအနည်းငယ်အတွင်း အရာအားလုံး ငြိမ်းချမ်းနေခဲ့ခြင်းကြောင့် ဟန်ရှောင်း၏ သံသယမှာ ပို၍ပို၍ ကြီးမားလာသည်။ ယခုအချိန်တွင် သူသည် လူတိုင်းအပေါ် အနည်းငယ်သံသယရှိနေသည်။ စူပါကြယ်စုတန်း မဟာမိတ်အဖွဲ့၏ အစီအစဉ်သည် ကျိုးကြောင်းဆီလျော်သော်လည်း ၎င်းက သူ၏မျက်စိထဲတွင် အနည်းငယ်ထင်ရှားနေဆဲဖြစ်သည်။
ဟန်ရှောင်းသည် စစ်မြေပြင်ရှိ စူပါကြယ်စုတန်း လူမှုအဖွဲ့အစည်း၏ တပ်ဖွဲ့များ၏ စွမ်းဆောင်ရည်ကို ပြန်လည်မှတ်မိလိုက်သည်။ ၎င်းတို့သည် သူတို့၏ မစ်ရှင်ကို ပြီးမြောက်ခဲ့သော်လည်း ၎င်းတို့၏ အစွမ်းအစအပြည့်အဝကို အသုံးမပြုခဲ့ဟု သူခံစားခဲ့ရသည်။
ယခင်က စူပါကြယ်စုတန်းသည် စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခု၏ အမြောက်စာအဖြစ် အသုံးချခံရမည်ကို ကြောက်ရွံ့သောကြောင့် သတိထားနေကြသည်ဟု သူထင်ခဲ့သည်။ သို့သော် ယခုသူ၏သံသယများနှင့် ပေါင်းထည့်လိုက်သောအခါ အခြားတစ်ခုခုဖြစ်နေသည်ဟု သူခံစားလိုက်ရသည်။ အဆုံးမှာတော့ စူပါကြယ်စုတန်း မဟာမိတ်အဖွဲ့နှင့် စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုကြား ပဋိပက္ခသည် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။ ဤကဲ့သို့သော အာဏာပြန်လည်ခွဲဝေမှု ကျူးကျော်မှုမျိုးတွင် စူပါကြယ်စုတန်း မဟာမိတ်အဖွဲ့က တစ်ခုခုလုပ်ရန် အခွင့်အရေးကို အရမယူပါက ၎င်းတို့၏စတိုင်မဟုတ်ပေ။
"သူတို့က အရန်အစီအစဉ်တစ်ခုလုပ်နေရုံတင်မကဘူး အခြားအစီအစဉ်တွေလည်း ရှိနေသေးတယ်လို့ ငါခံစားရတယ်..."
ဟန်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်လိုက်ပြီး စူပါကြယ်စုတန်း မဟာမိတ်အဖွဲ့၏ လျှို့ဝှက်ချက်များကို စုဆောင်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။
မည်သို့ပင်ဆိုစေ ပြဿနာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စုံစမ်းစစ်ဆေးခြင်းသည် မကောင်းသောအရာမဟုတ်ပေ။ အကယ်၍ သူအထောက်အထားအချို့ ရှာတွေ့နိုင်လျှင် အကောင်းဆုံးဖြစ်မည်။
ဖီးလစ်ထံသို့ စာတစ်စောင်ပေးပို့ပြီးနောက် ၎င်းတို့နှင့်ပတ်သက်သည့် ထောက်လှမ်းရေးသတင်းများကို အာရုံစိုက်ရန် ပြောကြားကာ ဟန်ရှောင်းသည် ကွမ်တန်ကွန်ရက်မှထွက်ပြီး အခန်းထဲမှ ထွက်လာသည်။ သူ၏မျက်လုံးထဲတွင် ဧရာမတိမ်တိုက်တစ်ခု ပေါ်လာသည်။ ဗဟိုချက်မြွေသည် အတွင်း၌ပုန်းအောင်းနေပြီး ၎င်း၏ဘေးတွင် မွေးမြူသူ ရာဇဝင်မဲ့ဘုရင်အပြင် ကိုယ်ရံတော်များအဖြစ် ဆောင်ရွက်နေသော ယန္တရားစစ်သည်အုပ်စုလည်း ရှိနေသည်။
လက်ရှိတွင် လူတိုင်းသည် ဒုတိယ ဒိုင်မန်းရှင်းထဲတွင် ရှိနေကြပြီး ဗဟိုချက်မြွေအား ၎င်းအလိုရှိသလောက် ဝါးမြိုခွင့်ပေးထားသည်။ ဟန်ရှောင်းသည် သယ်ဆောင်ရလွယ်ကူသော ခံတပ်ကို အသုံးပြု၍ ၎င်းနှင့်နီးကပ်စွာနေထိုင်ကာ ၎င်းကိုကာကွယ်ပေးရင်း ဗဟိုချက်မြွေ၏ ကြီးထွားမှုကို မည်သို့မြန်ဆန်စေရမည်ကို စဉ်းစားနေ၏။
ယင်းကြောင့် ဗဟိုချက်မြွေကို တစ်ကိုယ်လုံးစစ်ဆေးမှုလုပ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ သေချာသည်မှာ ဗဟိုချက်မြွေက ဆန္ဒမရှိသော်လည်း သူ၏အင်အားသုံးထိန်းချုပ်မှုအောက်တွင် ၎င်းသည် ဟန်ရှောင်းအား အေးစက်ပြီး ဆန္ဒမရှိသော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေနိုင်ပြီး ဟန်ရှောင်းအား ၎င်း၏ခန္ဓာကိုယ်ကို ရှေ့နောက်လှုပ်ရှားခွင့်ပြုထားရသည်။
၎င်း၏ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် ဟန်ရှောင်းသည် ဗဟိုချက်မြွေတွင် လိင်ကွဲပြားမှုမရှိကြောင်း သဘောပေါက်သွားပြီး ၎င်းကို လိင်နှစ်မျိုးစလုံးပါဝင်သူဟု ဆိုနိုင်သည်။
ပိုမိုအသေးစိတ်စစ်ဆေးပြီးနောက် ဟန်ရှောင်းသည် ဗဟိုချက်မြွေ မည်သို့မျိုးပွားသည်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းက သူ့ကိုအနည်းငယ် ရှုပ်ထွေးသွားစေသည်။
ဗဟိုချက်မြွေ၏ မျိုးပွားခြင်းကို အသိစိတ်မွေးဖွားပေးခဲ့သော ဒုတိယ ဒိုင်မန်းရှင်းမှတဆင့် မိတ်လိုက်ခြင်းကဲ့သို့သော နည်းလမ်းဖြင့် လုပ်ဆောင်ရန် လိုအပ်ပြီး ဒုတိယ ဒိုင်မန်းရှင်းကို အခြားနည်းလမ်းဖြင့် စုပ်ယူကာ သန္ဓေသားလောင်းအဖြစ်သို့ ပြောင်းလဲပစ်ရသည်။ ဤသို့သောအပြုအမူကို မိမိဘာသာမျိုးပွားခြင်းဟု ခေါ်ဆိုနိုင်သည် သို့မဟုတ် မျိုးစပ်မွေးမြူခြင်းဟု ဆိုနိုင်သည်။ ၎င်းသည် ၎င်း၏ကိုယ်ပိုင်မျိုးနွယ်၏ 'အကူအညီ' မလိုအပ်ခြင်းသာဖြစ်သည်။
သို့သော် စဉ်းစားကြည့်ပါက ဗဟိုချက်မြွေသည် ၎င်း၏သက်တမ်းတစ်လျှောက်တွင် ၎င်းနှင့်တူညီသော အခြားတစ်ခုနှင့် တွေ့ဆုံနိုင်ဖွယ်မရှိပေ။ ထို့ပြင် ၎င်းသည် ကမ္ဘာသစ်ပင်၏ အမဲလိုက်ခြင်းကို ခံနေရသည်။ အကယ်၍ ၎င်းသာ တစ်ယောက်တည်း မျိုးမပွားနိုင်ပါက လွန်ခဲ့သောအချိန်ကတည်းက မျိုးသုဉ်းသွားလောက်ပြီဖြစ်သည်။
ပြဿနာမှာ ဗဟိုချက်မြွေသည် များသောအားဖြင့် ဒုတိယ ဒိုင်မန်းရှင်းများကို စားလေ့ရှိသည်... တစ်နည်းအားဖြင့် ဤမြွေသည် ၎င်း၏အစားအစာဖြင့် မျိုးပွားလိမ့်မည်...
သူနဲ့အိပ်ပြီးတဲ့နောက် မင်းက သူ့ကိုအာဟာရအဖြစ် စားချင်နေသေးတယ်ပေါ့... မင်းက ‘ရှိခိုးကောင်အမ’လား။
ဟန်ရှောင်း၏ စိတ်ထဲတွင် အတွေးအမျိုးမျိုး ဖြတ်ပြေးသွားသည်။ သူ့ကိုကြည့်ရန်ပင် စိတ်မဝင်စားသော ဗဟိုချက်မြွေကို ကြည့်ကာ သူအကြံအချို့ ရလာသည်။
"ဗဟိုချက်မြွေက ဘယ်လောက်ပဲစားစား အများဆုံးကိုယ်အလေးချိန်တက်လာမှာဖြစ်ပြီး ရင့်ကျက်တဲ့အဆင့်ကို မြန်မြန်ရောက်မှာမဟုတ်ဘူး။ သတ္တဝါတစ်ကောင်ရဲ့ ကြီးထွားမှုက စည်းမျဉ်းတွေကို လိုက်နာရမယ်... ဒါပေမယ့် ဒါရဲ့တည်ရှိမှုရဲ့ အခြေခံအုတ်မြစ်ကို ငါပြောင်းလဲလိုက်ရင် အဲဒါက ထိရောက်မှုရှိမရှိ ငါမသိဘူး။"
ဟန်ရှောင်းတွင် ရဲရင့်သောအကြံတစ်ခုရှိသည်။ အကယ်၍ ဗဟိုချက်မြွေကို ကောင်းစွာဖွံ့ဖြိုးခွင့်ပြုပါက အရွယ်ရောက်ရန် အချိန်မည်မျှကြာမည်ကို မည်သူသိနိုင်မည်နည်း။ သို့သော် သူသည် [အသက် သဏ္ဌာန်ပြောင်းလဲခြင်း - ပုံရိပ်ယောင်] ကိုအသုံးပြု၍ ၎င်းအား ဖန်တီးထားသော AI သက်ရှိပုံစံအဖြစ် ပြောင်းလဲလိုက်ပါက သက်ရှိပုံစံများ ကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီး ကွာခြားချက်ကဲ့သို့ ဖြစ်လာမည်ဖြစ်သည်။ ၎င်း၏ရင့်ကျက်မှုကို မြန်ဆန်စေရန်အတွက် ၎င်းအတွင်းသို့ ဒေတာအမြောက်အမြား ထည့်သွင်းနိုင်မည်လား။ တစ်ခုတည်းသော ပြဿနာမှာ ဗဟိုချက်မြွေသည် ၎င်း၏တည်ရှိမှုအသွင်ပြောင်းပြီးနောက် ကမ္ဘာသစ်ပင်အပေါ် ၎င်း၏သိမြင်နားလည်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုသည်ကို သူပသ်ိခြင်းဖြစ်သည်။
ယုတ္တိဗေဒအရ ပြောရလျှင် အကယ်၍ သိမြင်နားလည်မှုသည် သတင်းအချက်အလက် ပုံစံ အဆင့်မှ လာပါက ဗဟိုချက်မြွေသည် မည်သည့်သက်ရှိပုံစံသို့ ပြောင်းလဲသွားစေကာမူ ၎င်းက မည်သည့်သက်ရောက်မှုမျှ မရှိသင့်ပေ။
သို့ရာတွင် ဟန်ရှောင်းက စွန့်စားရန်မရဲခဲ့ပေ။ ဗဟိုချက်မြွေ တစ်ကောင်တည်းသာရှိပြီး ၎င်း၏အသွင်ပြောင်းခြင်းကို သူနောက်ပြန်မဆုတ်နိုင်ပေ။
"နောက်တစ်ကောင်လောက် ထပ်ရရင် ငါစမ်းသပ်လို့ရမယ်..."
ဟန်ရှောင်းသည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဗဟိုချက်မြွေကို ကြည့်လိုက်သည်။
... ဒီမြွေကို အခုပဲ မွေးခိုင်းလိုက်ရင်ရော။
ပြောရမည်ဆိုလျှင် ၎င်းက သားပေါက်လေးတစ်ကောင်သာ ဖြစ်နေသေးသည်၊ ၎င်းက လုပ်နိုင်ပါ့မလား...
ဟန်ရှောင်းသည် နက်ရှိုင်းသော အတွေးထဲသို့ နစ်မြုပ်သွားသည်။
ဟန်ရှောင်းသည် မျိုးပွားခြင်းအကြောင်း လေ့လာနေချိန်တွင် ကမ္ဘာသစ်ပင် လူမှုအဖွဲ့အစည်းက ရှာဖွေတွေ့ရှိမှုအချို့ ပြုလုပ်သည်။
သစ်ပင်ဘုရင်ကြီး၏ နန်းတော်တွင် ဘိုးဘေးသစ်ပင်ဘုရင်သည် ရှေ့တန်းစစ်မျက်နှာမှ အစီရင်ခံစာကို သိမ်မွေ့သော မျက်နှာအမူအရာဖြင့် နားထောင်နေသည်။
"သေချာပြီလား။ မင်းတို့ ကြားဖြတ်ဖမ်းယူခဲ့တဲ့ အမှုန်တွေထဲမှာ ရန်သူလူမှုအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အများကြီးပါဝင်နေတယ်ဆိုတာလား"။
"မှန်ပါတယ်။ ဒီအမှုန်တွေက ဒိုင်မန်းရှင်းတွေ ပြောင်းလဲခြင်းပါဝင်တဲ့ အဏုကြည့်ကိရိယာ မှတ်တမ်းတင်နည်းပညာကို အသုံးပြုထားပါတယ်။ ကျွန်ုပ်တို့က ၎င်းတို့ကို ကုဒ်ဖျက်ဖို့နဲ့ တိကျတဲ့အကြောင်းအရာတွေကို ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားနေဆဲဖြစ်ပေမယ့် ကျွန်ုပ်တို့ မှားနိုင်မှာမဟုတ်ပါဘူး။ ရန်သူ့နယ်မြေရဲ့ အာကာသတည်နေရာတွေနဲ့ ကြယ်မြေပုံတွေ အများကြီးပါဝင်နေပါတယ်"။
"ဒီလိုမျိုးရှိတာလား"
ဘိုးဘေးသစ်ပင်ဘုရင်၏ မျက်လုံးများက တောက်ပသွားသည်။
တပ်မတော်နှစ်ရပ်သည် နယ်စပ်တွင် မတိုးသာမဆုတ်သာဖြစ်နေသည် အခြေအနေတွင်ရှိပြီး ကမ္ဘာသစ်ပင်ကလည်း အခြေစိုက်စခန်းတစ်ခု တည်ဆောက်ကာ စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခု၏ အဝင်ဝတွင် ချထားခဲ့သည်။ မကြာမီကပင် ရှေ့တန်းစစ်မျက်နှာမှ အရေးပေါ်အစီရင်ခံစာတစ်စောင် ရောက်ရှိလာခဲ့သည်။ ရှေ့တန်းစခန်း၏ ရေဒါက အကွာအဝေးတစ်ခုရှိ တစ်နေရာရာတွင် ပုံမှန်မဟုတ်သော အာကာသဆိုင်ရာတုံ့ပြန်မှုများနှင့် စွမ်းအင် ပေါက်ကွဲမှုများ၏ အားနည်းသော လက္ခဏာများကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့် စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုသည် ကာကွယ်ခြင်းဖြင့် မကျေနပ်ဘဲ ပြဿနာများဖန်တီးနေမည်ကို ကြောက်ရွံ့သဖြင့် ၎င်းတို့က စူးစမ်းရှာဖွေရေး အဖွဲ့တစ်ဖွဲ့ကို စစ်ဆေးရန် စေလွှတ်ခဲ့သည်။
သို့ရာတွင် အချို့သောစမ်းသပ်မှုများအပြီးတွင် ၎င်းသည် ယာယီအာကာသတံခါးပေါက်တစ်ခုဖြစ်ပြီး စူးစမ်းရှာဖွေရေး အဖွဲ့ရောက်ရှိလာချိန်တွင် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ၎င်းတို့ တွေ့ရှိခဲ့သည်။ သတိထားရန်အတွက် စူးစမ်းရှာဖွေရေး အဖွဲ့သည် စွမ်းအင် ပေါက်ကွဲမှုများ၏ ခြေရာများကို လိုက်လံရှာဖွေခဲ့ရာ အဏုကြည့်အမြင်အာရုံ စကင်နာက ပေါက်ကွဲမှုကြောင့် အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားပုံရသော အထူးအမှုန်အချို့ ဧရိယာအတွင်း ပျံဝဲနေကြောင်း လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့် စူးစမ်းရှာဖွေရေး အဖွဲ့သည် ၎င်းတို့ထဲမှ အချို့ကို စုဆောင်းခဲ့သော်လည်း စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုနှင့် ပတ်သက်သည့် သတင်းအချက်အလက် အမြောက်အမြားကို ၎င်းတို့က မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိခဲ့သည်။
သူဒီအကြောင်းကို ပထမဆုံးသိလိုက်ရသောအခါ ဘိုးဘေးသစ်ပင်ဘုရင်၏ ပထမဆုံးတုံ့ပြန်မှုမှာ ၎င်းသည် လမ်းလွဲစေသော နည်းဗျူဟာတစ်ခုဖြစ်သည်ဟူ၍ပင်။ ၎င်းသည် ၎င်းတို့အား မှားယွင်းသော သတင်းအချက်အလက်များဖြင့် လှည့်စားလိုသော စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုထံမှ ထောက်လှမ်းရေးသတင်းအတုဖြစ်သည်ဟု သူထင်ခဲ့သည်။
ဒုတိယတုံ့ပြန်မှုမှာ စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုအတွင်း သစ္စာဖောက်တစ်ဦး ရှိနေခြင်းဖြစ်သည်။ အကြောင်းပြချက်တစ်ခုခုကြောင့် ၎င်းတို့သည် ရန်သူနှင့် ပူးပေါင်းလိုခဲ့ကြသည်... ဤသည်မှာ ကမ္ဘာသစ်ပင်အတွက် ဤသို့သောအရာမျိုးနှင့် ပထမဆုံးအကြိမ်ကြုံတွေ့ရခြင်း မဟုတ်ပေ။ စကြဝဠာကို အောင်နိုင်ရန် ၎င်းတို့၏ခရီးစဉ်တွင် ရန်သူသည် ပေါင်းစပ်ထားသော လူမှုအဖွဲ့အစည်း မဟာမိတ်ဖြစ်နေသရွေ့ အတွင်းပိုင်း ဖွဲ့စည်းတည်ဆောက်ပုံသည် သံမဏိကဲ့သို့ ခိုင်မာနေမည်မဟုတ်ပေ။
သူ၏တတိယမြောက်အတွေးမှာ မီးလောင်ရာလေပင့်လုပ်ရန်နှင့် ရေနောက်ငါးဖမ်းရန် မျှော်လင့်နေသော တတိယအဖွဲ့အစည်းတစ်ခု ရှိနေခြင်းဖြစ်သည်... ကမ္ဘာသစ်ပင်သည် ဤကိစ္စတွင် အတွေ့အကြုံတူညီစွာ ရှိထားပြီးဖြစ်သည်။
"ကွဲလွဲမှုက တကယ်ကို ဒီမှာပေါ်လာတာပဲ..."
ဤအတွေးများသည် ဘိုးဘေးသစ်ပင်ဘုရင်၏ စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ သူသည် သက်ပြင်းတစ်ချက်ချလိုက်ပုံရသော်လည်း သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခုလည်း ရှိနေသည်။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူသည် အကြံအစည်များ ကုန်ခန်းနေခဲ့ပြီး စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုနှင့် စစ်ပွဲအတွက် စိုးရိမ်ပူပန်နေခဲ့သည်။ သူငိုက်မြည်းတော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က သူ့ထံသို့ ခေါင်းအုံးတစ်လုံး ပို့ပေးလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ယခုအရေးအကြီးဆုံးအရာမှာ ထောက်လှမ်းရေးသတင်းက အစစ်အမှန်ဟုတ်မဟုတ် အတည်ပြုရန်ဖြစ်သည်။ စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုက တမင်သက်သက် ထုတ်ပြန်လိုက်သော ထောက်လှမ်းရေးသတင်းအတု မဟုတ်သရွေ့ တိုက်ပွဲတွင် မျက်နှာသာပေးသော အချိုးအကွေ့တစ်ခု ရှိလာမည်ဖြစ်သည်။
"အကြောင်းအရာအားလုံးကို အမြန်ဆုံးကုဒ်ဖျက်ပြီး စီစဉ်လိုက်ပါ။ တစ်ချိန်တည်းမှာပဲ ဒီအာကာသတံခါးပေါက်ရဲ့ မူလအစကို သိနိုင်ဖို့ ကြိုးစားပါ"။
ဘိုးဘေးသစ်ပင်ဘုရင်သည် တွေဝေမနေဘဲ ရလဒ်များအမြန်ထုတ်ပေးရန် သုတေသနဌာနအား ပြောကြားခဲ့သည်။
သစ္စာဖောက်ဖြစ်စေ၊ တတိယအဖွဲ့အစည်းဖြစ်စေ၊ သူတို့၏ရည်ရွယ်ချက်က မည်သို့ပင်ဖြစ်စေ၊ ကမ္ဘာသစ်ပင်ကို အသုံးချချင်သည်ဖြစ်စေ... ၎င်းက သူ့အတွက် အရေးမကြီးပေ။ အရေးကြီးသည်မှာ စကြဝဠာ လူမှုအဖွဲ့အစည်းသုံးခုကို ဖယ်ရှားရန်နှင့် မိခင်သစ်ပင်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုကို ဖယ်ရှားပစ်ရန်ဖြစ်သည်။
အခြားပြဿနာများအတွက်မူ ခြိမ်းခြောက်မှုကို ဖယ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ကမ္ဘာသစ်ပင်သည် နောက်တစ်ကြိမ် ထပ်မံ၍ အနိုင်ယူမရနိုင်သူ ဖြစ်လာလိမ့်မည်။ ၎င်းတို့ကို ဖြည်းဖြည်းချင်း ဖြေရှင်းရန် အချိန်အများအပြား ရှိနေမည်ဖြစ်သည်။ ဘိုးဘေးသစ်ပင်ဘုရင်သည် အဓိကပဋိပက္ခကို အမြဲတမ်းအာရုံစိုက်နိုင်ခဲ့သည်။
အခြားတစ်ဖက်တွင် ကြယ်ရောင်တောက်ပကမ္ဘာ၊ ဆီးဘတ် ခံတပ်၊ မဟာဗျူဟာကွပ်ကဲမှုအခန်း။
"အစီရင်ခံပါတယ်၊ နယ်စပ်အပြင်ဘက်မှာ ပုံမှန်မဟုတ်တဲ့ အာကာသဆိုင်ရာတုံ့ပြန်မှုတစ်ခု ရှိနေပါတယ်။ အာကာသတံခါးပေါက်တစ်ခု ဖြစ်ပေါ်လာတယ်လို့ သံသယရှိရပါတယ်" စစ်ဘက်ဆိုင်ရာ ရေဒါက အသိပေးချက်တစ်ခု ပေးပို့လာသည်။
တက်ရောက်လာသော စစ်ဘက်အရာရှိများသည် ပိုမိုနီးကပ်စွာရွှေ့လာပြီး အရင်းအမြစ်ကို ကြည့်လိုက်ကြသည်။ ပုံမှန်မဟုတ်သော အချက်ပြမှုသည် နယ်စပ်ကာကွယ်ရေးစက်ဝန်းအပြင်ဘက်တွင်ရှိပြီး ကမ္ဘာသစ်ပင်စခန်းနှင့် သိပ်မဝေးကြောင်း သူတို့သဘောပေါက်သွားကြသည်။
"ဟိုဘက်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးလို့ရမလား" တပ်ကြပ်ကြီးတစ်ဦးက မေးလိုက်သည်။
"သတင်းအချက်အလက် မလုံလောက်ပါ။ ကွင်းဆင်းစစ်ဆေးရန် အကြံပြုပါသည်" စစ်ဘက်ဆိုင်ရာ AI က ပြန်လည်ဖြေကြားသည်။
ဤသည်ကိုကြားသောအခါ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တီးတိုးရေရွတ်လိုက်ကြသည်။
နယ်ခြားစောင့်တပ်သည် ကာကွယ်ရေးစက်ဝန်းရှိ စခန်းအသီးသီးတွင် တပ်စွဲထားသည်။ အကယ်၍ ၎င်းတို့သာ ဤနေရာမှထွက်ခွာသွားပါက ကာကွယ်ရေးယန္တရားများ၏ အဆုံးမရှိသောထောက်ပံ့မှုများနှင့် အမြန်ပံ့ပိုးမှုလမ်းကြောင်းများမပါဘဲ ကမ္ဘာသစ်ပင်ယာဉ်တန်းကို ကိုင်တွယ်ဖြေရှင်းရန် သူတို့အတွက် ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် နယ်ခြားစောင့်တပ်သည် ကာကွယ်ရေးကိုသာ အမြဲတမ်းအာရုံစိုက်ထားပြီး တိုက်ခိုက်ရန် အစပျိုးမည်မဟုတ်ပေ။
ပုံမှန်မဟုတ်သော အရင်းအမြစ်သည် ကာကွယ်ရေးစက်ဝန်းအပြင်ဘက်တွင်ရှိသည်။ အကယ်၍ သူတို့သာ ကွင်းဆင်းစုံစမ်းလိုပါက ယာဉ်တန်းကို ရွှေ့ပြောင်းရမည်ဖြစ်သည်။ သူတို့က ကမ္ဘာသစ်ပင်ကို စောင့်ကြည့်နေရုံသာမက ကမ္ဘာသစ်ပင်ကလည်း ကာကွယ်ရေးစက်ဝန်းကို စောင့်ကြည့်နေသည်။ နယ်ခြားစောင့်တပ်က ယာဉ်တန်းတစ်တန်း စေလွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကမ္ဘာသစ်ပင်သည် ကွင်းပြင်တွင်တိုက်ခိုက်ရန်နှင့် ၎င်းတို့စေလွှတ်လိုက်သော ယာဉ်တန်းကို စားသောက်ရန် တပ်ဖွဲ့များကို သေချာပေါက် စေလွှတ်မည်ဖြစ်သည်။ ထို့ပြင် အကွာအဝေးအရ ကမ္ဘာသစ်ပင်သည် ပုံမှန်မဟုတ်သော တုံ့ပြန်မှုအရင်းအမြစ်နှင့် ပိုမိုနီးကပ်နေသည်။ အကယ်၍ ၎င်းတို့က တပ်ဖွဲ့များ စေလွှတ်လိုက်လျှင်ပင် ၎င်းတို့ဘာမျှရရှိမည်မဟုတ်ပေ။
ယေဘုယျအားဖြင့် ပြောရလျှင် နယ်ခြားစောင့်တပ်များသည် တန်ဖိုးမသိရသော ဤမျှအန္တရာယ်များသည့် မစ်ရှင်များကို ထမ်းဆောင်ရန် လူများကို ရှားရှားပါးပါးသာ စေလွှတ်လေ့ရှိသည်။ သို့သော်... ကစားသမားများသည် ဤအလုပ်အတွက် ပြီးပြည့်စုံနေသည်။
စာစဉ် (၈၀)၊ အခန်း (၁၄၂၁) ပြီးပါပြီ။
လင်းဆက်
+++++
အခန်း (၁၄၂၂) လျှို့ဝှက်ကြံစည်မှု
"ဒီတစ်ကြိမ် ကျွန်ုပ်တို့ရဲ့တာဝန်က နယ်စပ်ကာကွယ်ရေးစက်ဝန်းအပြင်ဘက်က ပုံမှန်မဟုတ်တဲ့ အချက်ပြဧရိယာကို စုံစမ်းစစ်ဆေးဖို့ပဲ။ ကမ္ဘာသစ်ပင်ယာဉ်တန်းနဲ့ တိုက်ပွဲဖြစ်ပွားနိုင်ခြေများတယ်။ လူတိုင်းက မိမိကိုယ်ကိုစတေးဖို့ ပြင်ဆင်ထားကြရမယ်။"
အခန်းထဲတွင် ကွပ်ကဲရေးမှူး၏ အပြာနုရောင်ပုံရိပ်ယောင်က နည်းဗျူဟာကွပ်ကဲမှုစင်မြင့်ပေါ်တွင် မျောလွင့်နေပြီး အခန်းတွင်းရှိ ကစားသမားများအား မစ်ရှင်၏အသေးစိတ်အချက်အလက်များကို ရှင်းပြနေသည်။ အကယ်၍ ပုံမှန်လူတစ်ယောက်သာဆိုလျှင် သူက 'စတေးခြင်း' ကို ထည့်ပြောမည်မဟုတ်သော်လည်း သေမျိုးမဟုတ်သူများအတွက်မူ ၎င်းကအရေးမကြီးပေ။ ဤမစ်ရှင်တွင် ပါဝင်သူအားလုံးသည် ကစားသမားများဖြစ်ကြသည်။
များသောအားဖြင့် ဤကဲ့သို့သော ကင်းထောက်မစ်ရှင်မျိုးက အမှားအယွင်းတစ်ခုသာဖြစ်ပြီး မည်သည့်ရလဒ်မှ ထွက်ပေါ်လာမည်မဟုတ်ပေ။ အကယ်၍ ကစားသမားများ၏ အသေခံတပ်ဖွဲ့သာမရှိပါက ကွပ်ကဲမှုစင်တာက စုံစမ်းစစ်ဆေးရန် လူများကိုပင် စေလွှတ်မည်မဟုတ်ပေ။ လူအများစုက ဂရုတစိုက်နားထောင်နေကြသော်လည်း ဘလက်တီးကမူ အာရုံလွင့်နေသည်။ သူသည် လူအုပ်၏နောက်တွင်နေပြီး အမျိုးသမီးကစားသမားများကို ပရောပရည်လုပ်ရန် ဖိုရမ်ကိုဖွင့်ထားသည်။ ဗားရှင်း ၁.၀ တွင် လိမ်လည်ခံခဲ့ရဖူးသော ကစားသမားဟောင်းတစ်ဦးအနေဖြင့် ဘလက်တီးသည် အရာအားလုံးကို မြင်တွေ့ခဲ့ပြီးဖြစ်ကာ ယခုအခါ အမျိုးသမီးကစားသမားများကို ပို၍စိတ်ဝင်စားနေသည်။ ဤတိုက်ခိုက်ရေးမစ်ရှင်များသည် အားလုံးနီးပါးတူညီကြပြီး တက်မည်၊ သေမည်၊ ဆုကြေးရမည်၊ ပြီးမြောက်သွားမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ကွပ်ကဲရေးမှူးက ဘာပဲပြောပြော တကယ့်မစ်ရှင်ကို လုပ်ဆောင်သောအခါ သူတို့သည် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရဦးမည်ဖြစ်သည်။ ဘလက်တီးသည် လုပ်ငန်းစဉ်နှင့် ရင်းနှီးပြီးဖြစ်ကာ သူ့ကိုယ်ပိုင်လုပ်ပုံလုပ်နည်းများ ရှိထားပြီးဖြစ်သည်။ သူ့အမြင်အရ အသေးစိတ်အချက်အလက်များကို နားထောင်ရန် လုံးဝမလိုအပ်ပေ။ ဤအချိန်ကို မိန်းကလေးအချို့နှင့် ပရောပရည်လုပ်ရင်း ကုန်ဆုံးခြင်းက ပိုကောင်းသည်။
မကြာမီ သင်္ဘောများကိုဖုံးလွှမ်းထားသော ဟိုက်ပါဒရိုက်အလင်းတန်းများ ပျောက်ကွယ်သွားပြီး ကင်းထောက်အဖွဲ့သည် ၎င်းတို့၏ခရီးပန်းတိုင်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ပြတင်းပေါက်အပြင်ဘက် စကြဝဠာထဲတွင် ကမ္ဘာသစ်ပင်အဖွဲ့တစ်ဖွဲ့က ဧရိယာအတွင်း၌ တစ်ခုခုကိုရှာဖွေနေပုံရသည်။ စစ်သင်္ဘောအရေအတွက်သည် ကင်းထောက်အဖွဲ့၏ ထက်ဝက်ပင်မရှိဘဲ စကြဝဠာ လူမှုအဖွဲ့အစည်း သုံးခု၏ ကင်းထောက်အဖွဲ့ကို မြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အတူတကွထွက်ပြေးရန် ကြိုးစားနေသည့်အလား ချက်ချင်းလှည့်ပြန်သွားကြသည်။
"ကမ္ဘာသစ်ပင်ယာဉ်တန်းကို တွေ့ပြီ၊ တိုက်ခိုက်။"
ကွပ်ကဲရေးမှူးက တွေဝေမနေဘဲ အမိန့်ကိုချက်ချင်းပေးလိုက်သည်။ ဤကင်းထောက်အဖွဲ့သည် ကမ္ဘာသစ်ပင်စူးစမ်းရှာဖွေရေးအဖွဲ့အား မဆိုင်းမတွပစ်ခတ်လိုက်သည်။ ကြားဖြတ်တားဆီးသောသင်္ဘောက အရှိန်မြှင့်တင်လိုက်ပြီး ကစားသမားတစ်စုနှင့်အတူ ၎င်းတို့နောက်သို့ လိုက်သွားသည်။ မကြာမီ သူတို့သည် အချိန်မီမလွတ်မြောက်နိုင်ခဲ့သော ကမ္ဘာသစ်ပင်စူးစမ်းရှာဖွေရေးသင်္ဘောအချို့ကို ဖမ်းမိသွားကြသည်။
ဒိုင်း။ ဒိုင်း။ ဒိုင်း။
ကြားဖြတ်တားဆီးသောသင်္ဘောများသည် ထိုးစစ်ဆင်ရေးအခန်းများကို တစ်ခုပြီးတစ်ခုပစ်လွှတ်လိုက်ပြီး ရန်သူ့သင်္ဘောများ၏ ကိုယ်ထည်ကိုကိုက်ခဲကာ အပြင်ဘက်သံချပ်ကာကို ဖောက်ထွင်းပြီး ၎င်းတို့အတွင်းသို့ တိုးဝင်သွားသည်။ အတွင်းရှိကစားသမားများသည် ဆူညံစွာဖြင့် သင်္ဘောများပေါ်သို့တက်လာပြီး အာကာသယာဉ်များကို ထိန်းချုပ်ရန် စီစဉ်လိုက်ကြသည်။
အပူချိန်မြင့်မားသောမီးတောက်များ ပန်းထွက်လာပြီး လေဆာများက အရပ်မျက်နှာအနှံ့သို့ ပစ်ခတ်သွားသည်။ ကစားသမားအုပ်စုသည် စူးစမ်းရှာဖွေရေးသင်္ဘောများအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ချက်ချင်းစတင်ပြီး ကမ္ဘာသစ်ပင်အဖွဲ့ဝင်များနှင့် တိုက်ခိုက်ကြသည်။ ၎င်းတို့ကို တားဆီး၍မရနိုင်ဟု ဆိုနိုင်သည်။ ကမ္ဘာသစ်ပင်စစ်သည်များသည် ပြာကျသွားခြင်း၊ အသားပြားများအဖြစ် ရိုက်နှက်ခံရခြင်း သို့မဟုတ် ဆန်ခါပေါက်ဖြစ်အောင် ပစ်ခတ်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ ကြမ်းပြင်တစ်ခုလုံးတွင် စုတ်ပြတ်နေသော အလောင်းများဖြင့် ပြည့်နှက်နေသည်။
ဘလက်တီးက သူ၏ခန္ဓာကိုယ်ကို အနည်းငယ်စောင်းလိုက်ပြီး လေဆာတန်းတစ်ခုကို ရှောင်တိမ်းလိုက်သည်။ သူက သူ၏ဓားကို နောက်ပြန်ဟန်ဖြင့် ချိန်ရွယ်လိုက်ရာ အဖြူရောင် 'စစ်သည်တော်' စွမ်းအင်စီးကြောင်းတစ်ခု ပန်းထွက်လာသည်။ ၎င်းသည် ချီဓားတစ်လက်ကဲ့သို့ ထက်မြက်ပြီး အေးစက်နေကာ ကမ္ဘာသစ်ပင်စစ်သည်သုံးဦး၏ ရင်ဘတ်ကိုဖောက်ထွင်းသွားပြီး ၎င်းတို့ကို ချက်ချင်းသေဆုံးသွားစေသည်။
"ဘယ်လိုလဲ၊ တော်တော်မိုက်တယ်မလား။" "အစ်ကို၊ အစ်ကိုကအရမ်းသန်မာတာပဲ။ နောက်ကျရင် ကျွန်မကို ဒန်ဂျင်တွေဆီ ခေါ်သွားပေးနိုင်မလား။" ဗီဒီယိုထဲမှ အမျိုးသမီးကစားသမားက ချစ်စရာကောင်းအောင် လုပ်ပြလိုက်သည်။
"မင်းရဲ့စွမ်းဆောင်ရည်ပေါ် မူတည်တာပေါ့။"
ဘလက်တီးက သီးသန့်ချတ်တွင် စကားပြောနေစဉ် သူ၏မျက်နှာပေါ်တွင် ကျေနပ်သောအပြုံးတစ်ခုရှိနေသည်။ စစ်မြေပြင်တွင်ပင် သူသည် မိန်းကလေးများနှင့် ပရောပရည်လုပ်နေခဲ့သည်။ ထိုမိန်းကလေးအား သူ၏သူရဲကောင်းဆန်သောအခြမ်းကို မြင်စေရန် သူက ဗီဒီယိုကောလ်ကို ဖွင့်ထား၏။
လွန်ခဲ့သည့်လအနည်းငယ်အတွင်း သူသည် အဆင့် ၁၈၀ ရာထူးတက်ခြင်းမစ်ရှင်ကို ပြီးမြောက်ခဲ့ပြီး အောင်မြင်စွာအဆင့်တက်ကာ ကပ်ဘေးအဆင့်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ သူသည် လက်ရှိကစားသမားများကြားတွင် သံသယဖြစ်ဖွယ်မရှိသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဤကဲ့သို့သော သင်္ဘောပေါ်တက်တိုက်ခိုက်ရသည့်တိုက်ပွဲက သူ့အတွက် လုံးဝပြဿနာမဟုတ်ဘဲ သူက တိုက်ခိုက်နေစဉ်အတွင်း မိန်းကလေးများကို အလွယ်တကူရှာဖွေနိုင်သည်။
သူက အတန်းငါးခုထဲတွင် အကြွားလွန်းဆုံးဖြစ်သောကြောင့် 'စစ်သည်တော်' အတန်းကို သဘာဝကျကျရွေးချယ်ခဲ့သည်။ သူသန်မာသည်ဖြစ်စေ မသန်မာသည်ဖြစ်စေ ဗားရှင်းတစ်ခု၏ ကိစ္စသာဖြစ်သော်လည်း သူအထာကျမကျက ဘဝနှင့်ဆိုင်သောကိစ္စဖြစ်သည်။ ဘလက်တီး စကားပြောနေစဉ် သူ၏အသင်းဖော်များသည် ကမ္ဘာသစ်ပင်စစ်သားများကို ဖြတ်ကျော်ကာ ပို၍ဝေးကွာသွားကြပြီဖြစ်သည်။
ထိုလူစု ပျော်ရွှင်စွာထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ဘလက်တီးက သူတို့နောက်သို့မလိုက်ခဲ့ပေ။ သူက ပြုံးပြီးခေါင်းခါကာ လူကြီးလူကောင်းတစ်ဦး၏ အမူအရာကိုပြသလိုက်သည်။ သူက "မစ်ရှင်တွေလုပ်တဲ့အခါ အရမ်းစိတ်လှုပ်ရှားနေလို့မရဘူး။ ဒီလူတွေကိုကြည့်လိုက်။ သူတို့က ဂန္ထဝင်ဆန်တဲ့ အနုတ်လက္ခဏာပြယုဂ်တွေပဲ။ သူတို့က နောက်ဆုံးတော့ ပြိုင်ဘက်ကင်းဖြစ်ဖို့ အခွင့်အရေးရလာပြီး သူတို့က တော်တော်ကိုမဆင်မခြင်ဖြစ်နေကြပြီ။ မစ်ရှင်တွေလုပ်တဲ့အခါ ဦးနှောက်သုံးရမယ်။ နည်းနည်းလောက်လေ့လာထားပါ။"
ဟန်ရေးပြပြီးနောက် ဘလက်တီးက ကျန်အဖွဲ့သားများနောက်သို့ မလိုက်ခဲ့ပေ။ ယင်းအစား သူက လှည့်ပြီး စင်္ကြံထဲသို့ တစ်ယောက်တည်းလျှောက်သွားခဲ့သည်။ သူက အခန်း၏နံရံများနှင့် ကြမ်းပြင်များကို ပေါ့ပေါ့ပါးပါးဖြိုခွဲလိုက်ပြီး သင်္ဘောဝမ်းဗိုက်ထဲသို့ တိုက်ရိုက်ဝင်သွားသည်။
မကြာမီ သူသည် မည်သည့်အတားအဆီးမျှမရှိသော ဂိတ်တံခါးတစ်ခုသို့ ရောက်ရှိသွားသည်။ ဂိတ်တံခါးပေါ်တွင် ကမ္ဘာသစ်ပင်လူမှုအဖွဲ့အစည်း၏ ဘာသာစကားဖြင့် ရေးသားထားသော 'ခွဲခြမ်းစိတ်ဖြာမှုအခန်း' နှင့် 'သုတေသနဧရိယာ' ဟူသောစကားလုံးများ ရှိနေသည်။ အာကာသယာဉ်ကို ကျူးကျော်ခံရမှုကြောင့် အစောင့်များအားလုံးသည် စွမ်းအင်အူတိုင်၊ အင်ဂျင်၊ ထိန်းချုပ်ရေးစင်တာ၊ ကွပ်ကဲရေးခန်းနှင့် အခြားအဓိကနေရာများကို ကာကွယ်ရန် သွားရောက်ခဲ့ကြသည်။ ထိုနေရာတွင် ဘယ်သူမှမရှိဘဲ ဘလက်တီး ဖျက်ဆီးလိုက်သော ရိုးရှင်းသည့်ကာကွယ်ရေး အဆောက်အအုံအချို့သာရှိသည်။
"အစ်ကို၊ ဒီမှာတစ်ယောက်တည်း ဘာလုပ်နေတာလဲ။" အမျိုးသမီးကစားသမားက မျက်တောင်ခတ်လိုက်ပြီး ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်။
"ဟီးဟီး၊ ဦးနှောက်သုံးဖို့ ကိုယ်မင်းကိုပြောခဲ့တယ်လေ။ စဉ်းစားကြည့်။ ငါတို့ရဲ့တာဝန်က ဒီဧရိယာက ပုံမှန်မဟုတ်တဲ့ အခြေအနေကို စုံစမ်းစစ်ဆေးဖို့ဖြစ်ပြီး ကမ္ဘာသစ်ပင်ယာဉ်တန်းက ငါတို့ထက် ခြေတစ်လှမ်းစောနေတယ်၊ ဒါပေမယ့် သူတို့က ဒီမှာရှိနေတုန်းပဲ၊ တစ်ခုခုကို ရှာနေပုံရတယ်။ ဒါက သူတို့တစ်ခုခုကို ရှာတွေ့ထားပြီးသားဖြစ်ကြောင်း သက်သေပြနေတယ်။ ကမ္ဘာသစ်ပင်စူးစမ်းရှာဖွေရေးသင်္ဘောမှာ ရိုးရှင်းတဲ့ ခွဲခြမ်းစိတ်ဖြာမှုဓာတ်ခွဲခန်းရှိတယ်၊ ဒါကြောင့် ဒီမှာသဲလွန်စတွေ ရှိနေနိုင်တယ်။ ဒါက ငါတို့မစ်ရှင်ရဲ့ အဓိကပန်းတိုင်ပဲ။ အကယ်၍ ငါတို့သာ ကမ္ဘာသစ်ပင်ရဲ့ စူးစမ်းရှာဖွေမှုရလဒ်တွေကို လုယူနိုင်ရင် စုံစမ်းစစ်ဆေးဖို့ ဒီမှာနေပြီး စွန့်စားစရာမလိုတော့ဘူး။ ဒီကိစ္စကို မသေဘဲနဲ့တောင် ငါတို့ပြီးမြောက်နိုင်လိမ့်မယ်။"
ကာကွယ်ရေးအဆောက်အအုံအားလုံးကို ရှင်းလင်းပြီးနောက် ဘလက်တီးက အခန်းထဲသို့ဝင်သွားပြီး စကားပြောလိုက်သည်။ "ဝိုး၊ အစ်ကိုက တကယ့်ကိုအတွေ့အကြုံရှိတာပဲ။" အမျိုးသမီးကစားသမားသည် အားကျမှုများဖြင့် ပြည့်နှက်နေသည်။
"ရပါတယ်၊ အဓိကက ကိုယ်မြင်ဖူးတာတွေ များနေလို့ပါ။"
ဘလက်တီးသည် တိတ်တဆိတ် ဝမ်းသာလုံးဆို့နေသည်။
သူက အမှန်တကယ်အတွေ့အကြုံရှိသော်လည်း သူ၏စကားများသည် ဟန်ရေးပြရန်သက်သက်သာဖြစ်သည်။ သူက သူ၏ဉာဏ်ပညာနှင့် သူသည် ထိုဝက်များနှင့် ကွာခြားကြောင်းကို ပြသချင်ခဲ့သည်။ ဤနေရာတွင် သူတစ်ခုခုရနိုင်မရနိုင်ဆိုသည်မှာ အရေးမကြီးပေ။
သို့ရာတွင် ဤအချိန်၌ ဘလက်တီးသည် သူ၏ခြေလှမ်းများကို ရုတ်တရက်ရပ်တန့်လိုက်ပြီး ဖောက်ထွင်းမြင်ရသော စမ်းသပ်ခန်းများထဲမှတစ်ခုကို မော့ကြည့်လိုက်သည်။ ၎င်းအတွင်း၌ မျောလွင့်နေသော အလင်းဘောလုံးတစ်ခုရှိသည်။ သူကြည့်လိုက်သောအခါ မျက်နှာပြင်က ရုတ်တရက်ခုန်တက်လာပြီး အသိပေးချက်တစ်ခု ပေါ်လာသည်။ သင်သည် လျှို့ဝှက်မစ်ရှင် (အပြောင်းအလဲ၏ အရင်းအမြစ်) ကို အသက်သွင်းလိုက်ပြီဖြစ်သည်။ မစ်ရှင်မိတ်ဆက်- စစ်ပွဲကိုပြောင်းလဲနိုင်သည့် အရေးကြီးသောသဲလွန်စတစ်ခုကို သင်ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတွင် တိုင်းတာ၍မရနိုင်သော တန်ဖိုးရှိသည်။ အကယ်၍ သင်က ၎င်းကို ပြန်လည်သယ်ဆောင်လာပါက ၎င်းသည် စစ်ပွဲ၏ ဦးတည်ရာကို ကြီးမားစွာ အကျိုးသက်ရောက်စေမည်ဖြစ်သည်။
မစ်ရှင်လိုအပ်ချက်များ- ဤသဲလွန်စကို သိမ်းဆည်းရန် ကွန်တိန်နာတစ်ခုကိုအသုံးပြုပြီး စကြဝဠာ လူမှုအဖွဲ့အစည်း သုံးခုထံ ပြန်လည်သယ်ဆောင်လာကာ သတင်းပို့ပါ။
ဆုလာဘ် - အဆင့်သတ်မှတ်ချက်ပေါ် မူတည်သည်။
ဘလက်တီး အံ့ဩသွားသည်။
မဖြစ်နိုင်တာ၊ ငါက ကြွားလုံးထုတ်နေရုံတင်။ ဒါကတကယ်ကြီးပဲ။
"တွေ့လား၊ ဒီမှာ သဲလွန်စတချို့ရှိရမယ်လို့ ငါမင်းကိုပြောခဲ့တယ်မလား။"
ဘလက်တီးသည် ချက်ချင်းစိတ်လှုပ်ရှားလာပြီး ထိုမိန်းကလေးအား မစ်ရှင်မျက်နှာပြင်ကို မျှဝေလိုက်သည်။ ထို့နောက် သူက စမ်းသပ်ခန်းဆီသို့ ချက်ချင်းသွားကာ ခဏမျှရှာဖွေပြီးနောက် သိုလှောင်ရေးခလုတ်ကိုရှာတွေ့သွားပြီး ၎င်းကိုနှိပ်လိုက်သည်။
စမ်းသပ်ခန်းအတွင်း၌ သေးငယ်သော လျှပ်စစ်မီးပွားများ လင်းလက်သွားပြီး အလင်းကို လက်ဝါးအရွယ်အစားရှိ ပြွန်ကွန်တိန်နာတစ်ခုထဲသို့ လမ်းညွှန်ပေးလိုက်သည်။ ကွန်တိန်နာ၏အစွန်းနှစ်ဖက်သည် အလိုအလျောက်လည်ပတ်ကာ ပိတ်သွားပြီး အားကောင်းသောသံလိုက်စွမ်းအားရှိသည့် ရှုပ်ထွေးသောစက်အစိတ်အပိုင်းများသည် တင်းကျပ်စွာ ပေါင်းစပ်သွားကြသည်။ ထို့နောက် ဤပြွန်သည် ဖောက်ထွင်းမြင်ရသောပိုက်တစ်လျှောက် လျှောကျသွားပြီး ၎င်း၏တစ်ဝက်က စမ်းသပ်စားပွဲရှိ အပေါက်တစ်ခုမှ ထွက်လာရာ ၎င်းကို ယူဆောင်သွားနိုင်သည်ဟု ဆိုလိုသည်။
ကလစ်ခနဲအသံနှင့်အတူ ဘလက်တီးသည် သူ၏ယန္တရားဝတ်စုံ၏ ရင်ဘတ်ဧရိယာကိုဖွင့်လိုက်ပြီး ဤအဝိုင်းပုံပြွန်ကွန်တိန်နာကို သိုလှောင်ရေးအပေါက်တစ်ခုထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက သံချပ်ကာကိုပိတ်ပြီး ၎င်းကိုကာကွယ်လိုက်သည်။ သူက နောက်ထပ်စကားတစ်ခွန်းမျှမပြောတော့ဘဲ သူလာခဲ့သောလမ်းအတိုင်း ပြန်လှည့်သွားကာ အခြေအနေကို သတင်းပို့လိုက်သည်။
ဤတိုက်ပွဲက အချိန်ကြာကြာမဖြစ်ခဲ့ပေ။ ကင်းထောက်အဖွဲ့သည် ကမ္ဘာသစ်ပင်စူးစမ်းရှာဖွေရေးအဖွဲ့ကို အနိုင်ယူခဲ့ပြီး တစ်ဖက်လူသည် ၎င်းတို့၏ကျန်ရစ်သောတပ်ဖွဲ့များနှင့်အတူ ထွက်ပြေးရန်သာ တတ်နိုင်ခဲ့သည်။ ဤနေရာက ကမ္ဘာသစ်ပင်စခန်းနှင့် ပိုမိုနီးကပ်နေသောကြောင့် ကင်းထောက်အဖွဲ့သည် သူတို့နောက်သို့ မလိုက်ချင်ခဲ့ပေ။
မူလက သူတို့သည် သူတို့ကိုယ်သူတို့စတေးရန် ဂရုမစိုက်ခဲ့ဘဲ ပုံမှန်မဟုတ်သောအခြေအနေကို စုံစမ်းစစ်ဆေးရန် ဤနေရာတွင် ခဏနေရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ဘလက်တီးထံမှ ထောက်လှမ်းရေးသတင်းကို ရရှိပြီးနောက် အဖွဲ့သည် သူတို့၏အစီအစဉ်ကို ပြောင်းလဲလိုက်ပြီး ကမ္ဘာသစ်ပင်၏ နောက်ဆက်တွဲတပ်ဖွဲ့များ၏ လိုက်လံဖမ်းဆီးခြင်းမှရှောင်ရှားရန် တိုက်ရိုက်ဆုတ်ခွာသွားကြသည်။
ကင်းထောက်အဖွဲ့ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ကမ္ဘာသစ်ပင်မှ စစ်ကူများရောက်ရှိလာသည်။ သူတို့သည် ပုံဆောင်သဘောမျိုး လိုက်လံဖမ်းဆီးခဲ့ကြပြီး နယ်စပ်ကာကွယ်ရေးစက်ဝန်းသို့ ချဉ်းကပ်လာသောအခါ လက်လျှော့လိုက်ကြသည်။ စကားဝှက်ဖြင့်ရေးထားသော အမှုန်များကိုရရှိထားသည့် ကင်းထောက်အဖွဲ့သည် စကြဝဠာ လူမှုအဖွဲ့အစည်း သုံးခုဆီသို့ ပြန်သွားသည်ကို သူတို့ကြည့်နေခဲ့ကြသည်။
မကြာမီ ရှေ့တန်းစခန်း၏ သုတေသနစင်တာတွင် ဘလက်တီးပြန်လည်သယ်ဆောင်လာသော ကွန်တိန်နာကို ပို့ဆောင်လိုက်သည်။ သိပ္ပံပညာရှင်တစ်စု၏ သုတေသနပြုမှုအောက်တွင် ၎င်းက ၎င်း၏အစစ်အမှန်ပုံစံကို တဖြည်းဖြည်း ပေါ်ထွက်လာ၏။
"ဒါ... ဒါက..."
သုတေသနအဖွဲ့ခေါင်းဆောင်သည် ကုဒ်ဖျက်ထားသောအကြောင်းအရာကို ကြည့်လိုက်ပြီး တုန်လှုပ်စွာဖြင့် မျက်လုံးပြူးသွားသည်။ သူက မယုံကြည်နိုင်စွာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။
"အဖွဲ့ခေါင်းဆောင်၊ ခင်ဗျားဘာရှာတွေ့ခဲ့တာလဲ။" ရလဒ်များကို စောင့်ဆိုင်းနေသောအရာရှိက သူ၏နှလုံးခုန်ရပ်သွားသလိုခံစားလိုက်ရပြီး ရှေ့သို့အမြန်ပြေးသွားသည်။ သုတေသနအဖွဲ့ခေါင်းဆောင်သည် သတိပြန်ဝင်လာပြီး သူ၏အရှေ့သို့ခုန်အုပ်သွားသည်။ သူက အရာရှိ၏ပခုံးကိုဆုပ်ကိုင်ကာ စိုးရိမ်တကြီးဖြင့်ပြောလိုက်သည်၊
"သတင်းဆိုးပဲ။ ခေါင်းဆောင်သုံးယောက်နဲ့ လူကြီးမင်း ဘလက်စတားကို မြန်မြန်အကြောင်းကြားပါ။ ကျွန်တော်တို့ရဲ့ နယ်မြေဆိုင်ရာကြယ်မြေပုံတွေ ပေါက်ကြားသွားပြီ။"
သူထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အရာရှိများနှင့် သုတေသီများအားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။
အခြားတစ်ဖက်ရှိ သစ်ပင်ဘုရင်ကြီး၏ နန်းတော်တွင်။
"အရှင်သစ်ပင်ဘုရင်ကြီး၊ သင့်အမိန့်အရ ကျွန်ုပ်တို့က စကားဝှက်ဖြင့်ရေးထားတဲ့အမှုန်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို ရန်သူဆီ လွှဲပြောင်းပေးခဲ့ပါပြီ။ သူတို့က ဒီသတင်းအချက်အလက်ကို သူတို့ကြားဖြတ်ဖမ်းယူခဲ့တယ်လို့ အခိုင်အမာယုံကြည်ကြပါလိမ့်မယ်။"
"ကောင်းတယ်။"
ဘိုးဘေးသစ်ပင်ဘုရင်က သူ၏မျက်လုံးများကိုကျဉ်းမြောင်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
ဤမျှနီးကပ်သောအကွာအဝေးတွင် ရှေ့တန်းတပ်ဖွဲ့များသည် စကားဝှက်ဖြင့်ရေးထားသောအမှုန်များ၏ ထူးခြားချက်ကို လွန်ခဲ့သောအချိန်ကတည်းက ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ရာ ဤသို့သောပေါ့ဆမှုမျိုးက မည်သို့ပေါ်လာနိုင်မည်နည်း။ ဤအရာအားလုံးသည် သဘာဝကျကျ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်သည်။ စကြဝဠာ လူမှုအဖွဲ့အစည်း သုံးခု၏ ကင်းထောက်တပ်ဖွဲ့များက ကမ္ဘာသစ်ပင်စူးစမ်းရှာဖွေရေးအဖွဲ့ကို မောင်းထုတ်လိုက်မှသာ ၎င်းတို့၏စစ်ကူများရောက်ရှိလာပြီး သူတို့မမီတော့သည့်အလား ဟန်ဆောင်ခဲ့ကြခြင်းဖြစ်သော်လည်း အားလုံးက အတုအယောင်များသာဖြစ်သည်။
သူတို့၏အစစ်အမှန်ရည်မှန်းချက်မှာ စကြဝဠာ လူမှုအဖွဲ့အစည်း သုံးခုအား သံသယနည်းပါးသောနည်းလမ်းဖြင့် စကားဝှက်ဖြင့်ရေးထားသော အမှုန်အစုတစ်ခုကို ရရှိစေရန်ဖြစ်သည်။
"ဒါက မဆိုးတဲ့လှုပ်ရှားမှုပဲ။ သူတို့က ပေါက်ကြားသွားတဲ့ သတင်းအချက်အလက်တွေကို မြင်တဲ့အခါ သူလျှိုတစ်ယောက်ရှိနေတယ်လို့ သံသယဝင်ကြဖို့များတယ်။ ကိစ္စတွေက ဖရိုဖရဲဖြစ်လာလိမ့်မယ်။" ကြံ့ခိုင်သော သစ်ပင်ဘုရင်က ခေါင်းညိတ်လိုက်သည်။
"အင်အားကြီးမားတဲ့ခံတပ်တစ်ခုက အတွင်းပိုင်းကနေ ကျိုးပေါက်သွားနိုင်တယ်။ သံသယက အကောင်းဆုံးလက်နက်ပဲ" ဘိုးဘေးသစ်ပင်ဘုရင်က တည်ငြိမ်စွာပြောလိုက်သည်။
မည်သူက ဤသတင်းအချက်အလက်ကို သူ့ထံသို့ ပေါက်ကြားစေခဲ့သည်ဖြစ်စေ၊ သူ၏အမြင်အရ ၎င်းတို့က စကြဝဠာ လူမှုအဖွဲ့အစည်း သုံးခု၏ ရှာဖွေတွေ့ရှိခြင်းကို မခံချင်ကြရန်များသည်။
ဘိုးဘေးသစ်ပင်ဘုရင်သည် အသုံးချခံရမည်ကို ဂရုမစိုက်သော်လည်း သူက ကြိုးကိုင်ခြယ်လှယ်သူကို လွန်ကဲစွာပျော်ရွှင်စေမည်မဟုတ်ပေ။ သူတို့က သူ့ကိုအသုံးချချင်နေမှတော့ ၎င်းနှင့်သက်ဆိုင်သောအန္တရာယ်ကို သူတို့ခံယူရမည်ဖြစ်သည်။
အခြားတစ်ဖက်တွင် ကြိုးကိုင်ခြယ်လှယ်သူက ဂရုမစိုက်လျှင်ပင် ဘိုးဘေးသစ်ပင်ဘုရင်သည် ဤနည်းလမ်းကိုအသုံးပြု၍ စကြဝဠာ လူမှုအဖွဲ့အစည်း သုံးခုအား သံသယဖြစ်စေရန်နှင့် ကွဲကွာသွားစေရန်ပင် ဆန္ဒရှိနေသည်။
"မှန်ပါတယ်။ အဆုံးမှာတော့ လူမှုအဖွဲ့အစည်းအားလုံးက ငါတို့လို စည်းလုံးညီညွတ်နိုင်တာမဟုတ်ဘူး။ လူတိုင်းက စိတ်ပိုင်းဆိုင်ရာကွန်ရက်နဲ့ ချိတ်ဆက်ထားပြီး မိခင်သစ်ပင်က တာဝန်ယူလိမ့်မယ်။ ဘာလျှို့ဝှက်ချက်မှမရှိဘူး။" ကြံ့ခိုင်သော သစ်ပင်ဘုရင်က အပြုံးတစ်ခုဖြင့် သဘောတူလိုက်သည်။
ဘိုးဘေးသစ်ပင်ဘုရင်က သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ ၎င်းက ရိုးသားဖြူစင်ခြင်းလား သို့မဟုတ် သူ၏စကားများနောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ရှိနေသလားဆိုသည်ကို သူမသိပေ။
စကြဝဠာ လူမှုအဖွဲ့အစည်း သုံးခု၏ ရုံးချုပ်တွင် မာဘရုစ်၊ လူးဝစ်နှင့် ပုပ်ရဟန်းမင်းကြီးတို့သည် ရှေ့တန်းရှိ ကုဒ်အမှုန်နှင့်ပတ်သက်သော အရေးပေါ်အစီရင်ခံစာကို လက်ခံရရှိခဲ့ပြီး အစည်းအဝေးတစ်ခုကို ချက်ချင်းကျင်းပသည်။
ကုဒ်ဖျက်ထားသော မရေမတွက်နိုင်သည့် ထောက်လှမ်းရေးသတင်းအချက်အလက်များကို ကြည့်ရှုရင်း သူတို့သုံးဦးစလုံး ဒေါသထွက်နေကြသည်။
"ဘယ်လောက်တောင် ရဲတင်းလိုက်လဲ၊ တစ်ယောက်ယောက်က ရန်သူနဲ့ တကယ်ကြီးပူးပေါင်းနေခဲ့တယ်။"
ပုပ်ရဟန်းမင်းကြီးက စားပွဲကို ဒေါသတကြီးထုလိုက်သည်။
"အဲဒါ ဘယ်သူပဲဖြစ်ဖြစ်၊ သူတို့ကို ငါတို့ရှာရမယ်။"
မာဘရုစ်၏မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်နေသည်။
မူလက အခြေအနေက အလွန်ကောင်းမွန်နေခဲ့သည်။ နယ်စပ်ကာကွယ်ရေးစက်ဝန်းနှင့် ဟန်ရှောင်းကို အားကိုးခြင်းဖြင့် ကမ္ဘာသစ်ပင်ကို နှစ်ပေါင်းများစွာ ခုခံရန်လုံလောက်၏။ သို့သော်လည်း သူတို့က အားသာချက်ရရှိပြီးမကြာမီ သူတို့၏မိသားစုအတွင်း သစ္စာဖောက်တစ်ဦးပေါ်လာပြီး မရေမတွက်နိုင်သော ထောက်လှမ်းရေးသတင်းများကို ပေါက်ကြားစေခဲ့သည်။
ဤတည်နေရာများဖြင့် ကမ္ဘာသစ်ပင်သည် ဟင်းလင်းပြင်ကို ဖြတ်သန်းခုန်ကူးနိုင်ပြီး နယ်စပ်ကာကွယ်ရေးစက်ဝန်းကို ရှောင်ရှားကာ တိုက်ရိုက်ကျူးကျော်နိုင်မည်ဖြစ်သည်။ မရေမတွက်နိုင်သော တိုက်ပွဲစစ်မျက်နှာများ ပွင့်လာမည်ဖြစ်ပြီး မတိုးသာမဆုတ်သာ အခြေအနေက ပျက်စီးသွားမည်ဖြစ်သည်။
သူတို့၏နယ်မြေကို ကျူးကျော်မခံရစေရန် သေချာစေဖို့အတွက် သူတို့က နှစ်ပေါင်းများစွာ ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ကြသည်။ ယခုအခါ ၎င်းတို့၏ကြိုးစားအားထုတ်မှုများအားလုံး အလဟဿဖြစ်သွားခဲ့ပြီဖြစ်သည်။ သူတို့သုံးဦးသည် ဒေါသထွက်လွန်းနေပြီဖြစ်သည်။ သစ္စာဖောက်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ရန်မှတပါး သူတို့ဘာမှမလိုချင်တော့ပေ။
ဤအချိန်တွင် ဟန်ရှောင်းသည် ဖိတ်ကြားချက်ကိုလက်ခံရရှိပြီး အခန်းထဲတွင်ပေါ်လာသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး လိုရင်းကိုတိုက်ရိုက်ပြောလိုက်သည်။
"ဂလက်ဆီလူ့အဖွဲ့အစည်းရဲ့ ထောက်လှမ်းရေးသတင်းတွေ ပေါက်ကြားသွားတယ်လို့ မင်းတို့ပြောခဲ့တယ်မလား။ တိကျတဲ့အခြေအနေက ဘာလဲ။"
"မင်းဘာသာမင်း ကြည့်လိုက်ပါ။"
မာဘရုစ်က ပုံရိပ်ယောင်မျက်နှာပြင်၏ အပိုင်းတစ်ပိုင်းကို ခွဲထုတ်လိုက်ပြီး ၎င်းကို ဟန်ရှောင်းထံသို့ ပေးပို့လိုက်သည်။
ဟန်ရှောင်းသည် အခြေအနေကို လျင်မြန်စွာနားလည်သွားသည်။
သူ၏ပထမဆုံးတုံ့ပြန်မှုမှာ ကမ္ဘာသစ်ပင်သည် သတင်းအချက်အလက်များကိုရယူရန် နည်းလမ်းတစ်မျိုးမျိုးကိုအသုံးပြုကာ ၎င်းတို့အတွင်း သံသယများဖြစ်ပေါ်စေရန် သပ်လျှိုသွေးခွဲရန် ကြိုးစားနေသည်ဟူ၍ပင်... သို့သော်လည်း ဤသတင်းအချက်အလက်များသည် အလွန်အသေးစိတ်ကျသောကြောင့် စူးစမ်းလေ့လာထားသော စကြဝဠာထဲတွင် အချိန်ကြာမြင့်စွာရှိမနေပါက ၎င်းကိုစုဆောင်းရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က သတင်းအချက်အလက်များကို ပေါက်ကြားစေခဲ့သည်ဆိုခြင်းက ပို၍ယုံကြည်နိုင်ဖွယ်ရှိသည်။
"အဲဒါက ရန်သူနဲ့ပူးပေါင်းနေတဲ့ သစ္စာဖောက်တစ်ယောက် ဒါမှမဟုတ် အခြေအနေကို အခွင့်ကောင်းယူနေတဲ့ တတိယအဖွဲ့အစည်းတစ်ခုခုပဲဖြစ်ရမယ်" ဟန်ရှောင်းက ပြောလိုက်သည်။
"ငါတို့လည်း အဲဒီလိုပဲထင်တယ်" မာဘရုစ်က ခက်ထန်စွာပြောလိုက်သည်။ "ဒါပေမယ့် နှိုင်းယှဉ်ကြည့်ရင် သစ္စာဖောက်တစ်ယောက်ဖြစ်နိုင်ခြေက ပိုများတယ်။"
ဟန်ရှောင်းက သူ၏မေးစေ့ကို ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်၊ "အကယ်၍ အဲဒါက သစ္စာဖောက်တစ်ယောက်ဆိုရင် သူတို့ရဲ့ရည်မှန်းချက်က အသက်ရှင်ရပ်တည်ရေးတော့ သေချာပေါက်မဟုတ်ဘူး။ လက်ရှိအခြေအနေအပေါ်အခြေခံရင် ဂလက်ဆီလူ့အဖွဲ့အစည်းတစ်ခုလုံးက ငါတို့ကမ္ဘာသစ်ပင်ကို ခုခံနိုင်မယ်လို့ ယုံကြည်နေကြတယ်၊ ဒါကြောင့် သစ္စာဖောက်မှာ မင်းတို့ကို လက်စားချေဖို့ ဒါမှမဟုတ် အခြေအနေကို အခွင့်ကောင်းယူဖို့လိုမျိုး တခြားရည်မှန်းချက်တွေ ရှိနေတယ်။"
"ဒါကို ငါတို့သိတယ်။"
လူးဝစ်၏မျက်လုံးများက အေးစက်သောအလင်းတစ်ခုဖြင့် တောက်ပသွားသည်။ ဤမတိုင်မီက သူတို့သည် သံသယရှိသူများကို ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ၎င်းတို့အနက် အသံသယဖြစ်စရာအကောင်းဆုံးမှာ စူပါကြယ်စုတန်း မဟာမိတ်အဖွဲ့နှင့် အဆင့်နိမ့် ကြယ်စုတန်းလူမှုအဖွဲ့အစည်းများဖြစ်သည်။ အဆင့် အေ အထက်ဆင့် အသင်းအဖွဲ့သည်ပင်လျှင် အနည်းငယ်သံသယဖြစ်ဖွယ်ကောင်းသောကြောင့် သူတို့သုံးဦးစလုံးက ဟန်ရှောင်းကို သတိထားနေကြသည်။
လက်ရှိကောင်းမွန်သောအခြေအနေသည် ဘလက်စတား၏ လက်ရာဖြစ်သော်လည်း သူတို့သုံးဦးရှိနေသောနေရာက သူတို့ကို ဟန်ရှောင်းအား သံသယဖြစ်စေခဲ့သည်။ ဘလက်စတားက ပံ့ပိုးကူညီမှုများစွာ ပြုလုပ်ခဲ့သော်လည်း ရည်ရွယ်ချက်တစ်ခု ရှိနေသေးသည်...
ဤအချိန်တွင် ဟန်ရှောင်း၏မျက်လုံးများက ရုတ်တရက် လင်းလက်သွားသည်။
"အတွင်းရေးပဋိပက္ခတွေ ဖြစ်လာစေဖို့အတွက် ကမ္ဘာသစ်ပင်က ဒီသတင်းအချက်အလက်တွေကို တမင်သက်သက် ပေါက်ကြားစေခဲ့တာဖြစ်နိုင်တယ်..."
သို့ရာတွင် တစ်ဝက်ခန့်ရောက်သောအခါ ဟန်ရှောင်းသည် ရပ်တန့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ ကမ္ဘာသစ်ပင်က တမင်သက်သက်လုပ်ခဲ့လျှင်တောင် သတင်းအချက်အလက် ပေါက်ကြားမှုက အစစ်အမှန်ဖြစ်သည်။ ဤသည်မှာ ကမ္ဘာသစ်ပင်၏ အစီအစဉ်ဖြစ်သည်ဟု သူတို့ခန့်မှန်းမိလျှင်ပင် သူတို့သည် ၎င်းတို့၏ သံသယများကို စွန့်လွှတ်၍ မရနိုင်ပေ။ ဤသည်မှာ ပွင့်လင်းသော လျှို့ဝှက်ကြံစည်မှုဖြစ်သည်။ အကယ်၍ သတင်းအချက်အလက်များကို တတိယအဖွဲ့အစည်းတစ်ခုက ပေါက်ကြားစေခဲ့ပါက ၎င်းကို ကြိုတင်တွက်ချက်ထားခြင်းဖြစ်နိုင်သည်။ သူတို့က ကမ္ဘာသစ်ပင်ကို ကူညီခဲ့ရုံသာမက ဂလက်ဆီလူ့အဖွဲ့အစည်းအတွင်း သံသယများ တိုးပွားလာစေရန်အတွက်လည်း ကမ္ဘာသစ်ပင်ကို အသုံးချခဲ့ကြသည်။
ဟန်ရှောင်းက ခဏရပ်လိုက်ပြီး ဤခန့်မှန်းချက်များကို ဘေးဖယ်ကာ အကြောင်းအရာကိုပြောင်းပြီး ပြောလိုက်သည်၊ "ဘာပဲဖြစ်ဖြစ် တိုက်ပွဲအခြေအနေက ပြောင်းလဲသွားပြီ။ ကမ္ဘာသစ်ပင်ရဲ့ အပြည့်အဝကျူးကျော်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ အမြန်ဆုံးပြင်ဆင်မှုတွေလုပ်ပါ။ ဒါက အရေးအကြီးဆုံးတာဝန်ပဲ။"
သူတို့သုံးဦးက ခေါင်းညိတ်လိုက်ကြသည်။
စကြဝဠာ လူမှုအဖွဲ့အစည်း သုံးခုသည် ကြယ်နယ်မြေအသီးသီးတွင် စစ်ပွဲအတွက် ပြင်ဆင်ထားကြသော်လည်း ကြယ်ရောင်တောက်ပကမ္ဘာ၏ နယ်စပ်နှင့် နှိုင်းယှဉ်ပါက အခြားနေရာများ၏ ကာကွယ်ရေးမှာ သဘာဝကျကျ အလွန်အားနည်းနေသည်။ အရပ်မျက်နှာအနှံ့ ပြန့်ကျဲနေသော မရေမတွက်နိုင်သည့် ဂြိုဟ်များရှိနေသေးပြီး ၎င်းက ရန်သူအား 'စစ်ပွဲဖြင့် စစ်ပွဲကိုထိန်းသိမ်းခြင်း' ဟူသော ၎င်းတို့ရင်းနှီးပြီးသား တိုက်ပွဲစည်းချက်အတွင်းသို့ ဝင်ရောက်ခွင့်ပြုထားသည်။
"ငါတို့ သစ္စာဖောက်ကို ရှာရမယ်။ သူတို့က ဒီလိုမျိုးအရာကို လုပ်ခဲ့မှတော့ တစ်ချိန်ချိန်မှာ သူတို့အတွက် အကျိုးရှိမယ့်အရာတစ်ခုခုကို သေချာပေါက်လုပ်လိမ့်မယ်။ မကြာခင်မှာ သူတို့တွေပေါ်လာလိမ့်မယ်" ပုပ်ရဟန်းမင်းကြီးက အေးစက်စွာပြောလိုက်သည်။
"ငါတို့က ပစ်မှတ်ကို စောစောအတည်ပြုနိုင်လေ ပိုကောင်းလေပဲ။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ အထူးအဖွဲ့တစ်ဖွဲ့ကို ငါချက်ချင်းအမိန့်ပေးလိုက်မယ်" လူးဝစ်က ပြောလိုက်သည်။
ဟန်ရှောင်းက အဲဒီအကြောင်းကို စဉ်းစားလိုက်ပြီး ပြောလိုက်သည်၊ "ဒီစကားဝှက်အမှုန်တွေကို ကျွန်တော်ကိုယ်တိုင် လေ့လာဖို့လိုတယ်။ သဲလွန်စတချို့ကို ကျွန်တော်ရှာတွေ့နိုင်ကောင်းရဲ့။"
ဤသည်ကိုကြားသောအခါ သူတို့သုံးဦးသည် အချင်းချင်းကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ကြသည်။
"သုတေသနအတွက် စကားဝှက်အမှုန်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို မင်းဆီ ငါတို့ပေးနိုင်တယ်။ မင်းသဲလွန်စတစ်ခုကို မြန်မြန်ရှာတွေ့ဖို့ မျှော်လင့်ပါတယ်။"
"ရပါတယ်။"
သူတို့သုံးဦးကို ကြည့်လိုက်ရင်း ဟန်ရှောင်းက သူသည်လည်း ၎င်းတို့သံသယရှိသူများထဲမှ တစ်ဦးဖြစ်ကြောင်း သိလိုက်သည်။ သူက ခေါင်းခါခြင်းမှတစ်ပါး မတတ်နိုင်ခဲ့ပေ။ ဤအချိန်တွင် သူဂရုမစိုက်ခဲ့ပေ။ အကယ်၍ သူသာ သူတို့၏နေရာတွင်ရှိပါက သူလည်း မည်သူ့ကိုမျှ ယုံကြည်မည်မဟုတ်ပေ။
'ဗားရှင်းရဲ့နာမည်က ဒီလောက်မြန်မြန် တကယ်ဖြစ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။ ဒါရဲ့နောက်ကွယ်ကလူက ဘယ်သူလဲ... သူတို့တော့ မဖြစ်နိုင်ဘူးမလား။'
ဟန်ရှောင်းက သူ့ဘာသာသူ တွေးလိုက်သည်။ တိတ်တဆိတ်လုပ်ဆောင်တတ်သော စူပါကြယ်စုတန်း မဟာမိတ်အဖွဲ့က သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး ကလဲ့စားချေသူများ၏ ပုံရိပ်များ ပေါ်လာသည်။
စာစဉ် (၈၀)၊ အခန်း (၁၄၂၂) ပြီးပါပြီ။
လင်းဆက်
+++++