← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

“ဒါဆိုရင်လည်း ကောင်းပါပြီ။”

ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။ သတိကြီးသော ငှက်တစ်ကောင်ဖြစ်သည့် ဟုတ်ဟုတ်သည် ၎င်း၏ ဝှက်ဖဲများကို ဝှက်ထားရသည်ကို အလွန်နှစ်သက်ကြောင်း သူသိသည်။ ယခုလို လျှို့ဝှက်ချက်အားလုံး ဘူးပေါ်သလို ပေါ်သွားခြင်းက ယင်းအတွက် အကြီးအကျယ် စိတ်ဒဏ်ရာရသွားစေမည်မှာ အမှန်ပင်။ အခုအချိန်မှာ ဘာပြောပြော အပိုပဲဖြစ်လိမ့်မည်ဖြစ်ရာ ၎င်းဘာသာ စိတ်အေးသွားအောင် အချိန်ပေးလိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

သို့သော်လည်း သူကတော့ အမှန်တကယ် စိတ်ထဲတွင် အတော်လေး ပျော်ရွှင်နေမိသည်။ စီနီယာမွေးမြူရေးပညာရှင် လျူယွီသာ မရှိလျှင် ဟုတ်ဟုတ်က ဤမျှများပြားသော အချက်အလက်များအား ဖုံးကွယ်ထားသည်ကို သူသိရှိနိုင်မည် မဟုတ်ချေ။

ယခု သူသိလိုစိတ်ပြင်းပြနေသည်မှာ စုတ်ဖြဲခြင်းနှင့် ကိုယ်ဖျောက်ခြင်း စွမ်းရည်နှစ်ခုအပြင် အခြားသော ထူးဆန်းသည့် စွမ်းရည်နှစ်ခုမှာ ဘာဖြစ်မလဲဆိုသည်ကိုပင်။

“မင်းရဲ့ ဒီသွေးအရိပ်ညဇီးကွက်က ငါမြင်ဖူးသမျှထဲမှာ အကောင်းဆုံး ပြုစုပျိုးထောင်ထားတဲ့ သားရဲပဲ။ ပြီးပြည့်စုံလုနီးပါးဖြစ်လို့ ဘာမှ ထပ်ပြီး ပြုပြင်ပြောင်းလဲပေးဖို့ မလိုတော့ဘူး။ ငါ ရေးပေးထားတဲ့ ဒီမွေးမြူရေးလမ်းညွှန်ချက်တွေကို မင်းဘာသာမင်း ကိုးကားပြီး သုံးလို့ရတယ်။ ပြီးတော့ မင်းရဲ့ သွေးအရိပ်ညဇီးကွက်က သွေးဒြပ်စင် ကပ်ပါးပိုး တစ်မျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရပုံရပေမဲ့ အံ့ဩစရာကောင်းလောက်အောင် ပြန်လည်ကောင်းမွန်လာခဲ့ပြီ နောက်ထပ် အချိန်အနည်းငယ်ကြာရင်တော့ အဲဒီပိုးတွေ လုံးဝဥဿုံ ပျောက်ကွယ်သွားလိမ့်မယ်။”

စီနီယာမွေးမြူရေးပညာရှင် လျူယွီက မွေးမြူရေးလက်စွဲစာအုပ်ကို ရေးသားရင်း ပြောလိုက်သည်။ ဤလက်စွဲစာအုပ်မှာ ခဏချင်းနှင့် ပြီးစီးမည်မဟုတ်သော်လည်း ကျန်းဟန်ကတော့ မလောဆော်ပါချေ။ အခြေခံမိတ်ဆက်ပြီးနောက် စီနီယာမွေးမြူရေးပညာရှင် လျူယွီသည် သွေးထွက်ခြင်းစွမ်းရည်မှ သွေးနတ်ဆိုးစွမ်းရည်သို့ ဆင့်ကဲပြောင်းလဲရန် မွေးမြူရေးအစီအစဉ်ကို စတင်ရေးဆွဲလိုက်တော့သည်။

“ဒါကလည်း အချိန်နည်းနည်းတော့ ကြာဦးမယ်။ ငါက သွေးနတ်ဆိုးစွမ်းရည်အကြောင်း အတိုင်းအတာတစ်ခုအထိ နားလည်ထားတယ်ဆိုပေမဲ့ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့မလုပ်ဖူးသေးတော့ ကုန်ကြမ်းပစ္စည်းတချို့နဲ့ အရင်စမ်းသပ်ကြည့်ဖို့ လိုတယ်။ မနက်ဖြန်လောက်မှပဲ အားလုံး အဆင်သင့်ဖြစ်လိမ့်မယ်။ မင်းတို့နှစ်ယောက် ဒီည ဒီမှာပဲ တစ်ညအိပ် တည်းခိုလိုက်ကြပါ။ ငါ့နေရာက အကျယ်ကြီးဆိုတော့ အခန်းတွေ အများကြီး ရှိပါတယ်။ တကယ်လို့ မင်းတို့ သဘောကျရင် နောက်ဖေးက သစ်ပင်အိမ်မှာလည်း သွားနေလို့ရတယ်။ အပေါ်ကနေ ကြည့်ရင် မြင်ကွင်းက အရမ်းလှတယ်။”

စီနီယာမွေးမြူရေးပညာရှင် လျူယွီက ကျန်းဟန်နှင့် ဆရာမ ဝမ်ယိတို့ကို ကြည့်ကာ ပြောလိုက်သည်။

“ငါကတော့ ဒီမှာပဲ တစ်ညအိပ်ဖို့ အစကတည်းက စီစဉ်ထားတာဆိုတော့ ပြဿနာမရှိပါဘူး။ ကျန်းဟန်... မင်းကော ဘယ်လိုလဲ။”

ဆရာမ ဝမ်ယိက ကျန်းဟန်ကို လှည့်မေးလိုက်သည်။

“ဆရာမ... ဒီနေရာမှာ လေ့ကျင့်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ ပတ်ဝန်းကျင်မျိုး ရှိမလား။ ကျွန်တော့်ရဲ့ သားရဲကို လေ့ကျင့်ပေးချင်လို့ပါ။”

ကျန်းဟန်က ခဏမျှ စဉ်းစားပြီး မေးလိုက်သည်။ ပိုင်လင်း၏ နဂါးအသွင်ပြောင်းလဲခြင်း အံဖွယ်ဆင့်ကဲပြောင်းလဲခြင်းကို အဆက်ပြတ်၍ မဖြစ်ချေ။

“ငါ့ရဲ့ နောက်ဖေးခြံထဲမှာ ဒြပ်စင်အမျိုးမျိုးရဲ့ ပတ်ဝန်းကျင်တွေ ရှိတယ်။ မင်း ဒီမှာပဲ လေ့ကျင့်လို့ရတယ်။ ဘယ်သူမှ လာနှောင့်ယှက်မှာ မဟုတ်ဘူး။”

စီနီယာမွေးမြူရေးပညာရှင် လျူယွီက ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်တော့ ကောင်းတာပေါ့။ ကျေးဇူးတင်ပါတယ် ဆရာမ။”

ကျန်းဟန်က သက်ပြင်းတစ်ချက်ချရင်း ခေါင်းညိတ်လိုက်သည်။

ထို့နောက်တွင် ဆရာမ ဝမ်ယိသည် ဝါရင့်မွေးမြူရေးပညာရှင် လျူယွီနှင့် ခဏမျှ ထပ်မံစကားပြောဆိုပြီးနောက် ဈေးကွက်၏ အခြားနေရာများသို့ လှည့်လည်ကြည့်ရှုရန် ထွက်ခွာသွားခဲ့တော့သည်။

“ကျန်းဟန်... ငါနဲ့ အတူတူ လိုက်ခဲ့မလား။”

ဆရာမ ဝမ်ယိက မထွက်ခွာမီ လှမ်းမေးလိုက်၏။

“မလိုက်တော့ပါဘူး အစ်မယီ။ ကျွန်တော် သားရဲကို လေ့ကျင့်ပေးဖို့ လိုသေးလို့ပါ။”

ကျန်းဟန်က ခေါင်းခါပြလိုက်သည်။

“ဒါဆိုလည်း ပြီးတာပဲ။ ကြိုးစားအားထုတ်တာ ကောင်းပါတယ်။ ဒါပေမဲ့ အလုပ်နဲ့ အနားယူခြင်းကိုတော့ မျှတအောင်လည်း လုပ်ရမယ်။”

ဆရာမ ဝမ်ယိက ကျန်းဟန်ကို တစ်ချက်ကြည့်ကာ လက်ပြ၍ ထွက်ခွာသွားခဲ့သည်။

“မင်းဘာသာ နောက်ဖေးခြံထဲမှာ သင့်တော်တဲ့နေရာကို ရှာပြီး သားရဲကို လေ့ကျင့်ပေးလိုက်ပါ။ အကာအကွယ်အတားအဆီးတွေနားကိုတော့ သိပ်မကပ်ပါနဲ့။ တချို့မျိုးစိတ်တွေက အရမ်းအန္တရာယ်များတယ်။ ဒါနဲ့ နေပါဦး... ငါ ရှောင်းဝူကို မင်းနဲ့အတူ အဖော်လိုက်ခိုင်းလိုက်မယ်။ အန္တရာယ်တစ်ခုခုရှိရင် သူ မင်းကို သတိပေးလိမ့်မယ်။”

ဝါရင့်မွေးမြူရေးပညာရှင် လျူယွီက ကျန်းဟန်ကို ပြောလိုက်ပြီးနောက် ဘေးနားရှိ သုတေသနအခန်းထဲသို့ ဝင်သွားခဲ့သည်။

“ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် ဆရာမ။”

ကျန်းဟန်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ကွာ့...တို့ရဲ့ ကြီးမြတ်ပြီး လှပတဲ့ သခင်မကြီးက အမိန့်ပေးထားတဲ့အတွက်ကြောင့် ငါ မင်းကို သခင်မကြီးရဲ့ ခမ်းနားထည်ဝါတဲ့ သုတေသနဥယျာဉ်ဆီ လိုက်လံပြသပေးမယ်။”

ရောင်စုံကြက်တူရွေးလေးက အလွန်ဝံကြွားလှသော အမူအရာဖြင့် ပြောလိုက်သည်။

၎င်းသည် စီနီယာမွေးမြူရေးပညာရှင် လျူယွီနှင့် ဆရာမ ဝမ်ယိတို့အပေါ် ပြသခဲ့သော ရိုသေလေးစားမှုမျိုး ကျန်းဟန်အပေါ်တွင်မူ တစ်စက်ကလေးမျှ မပြသသည့်အပြင် အနည်းငယ်ပင် နှာခေါင်းရှုံ့ အထင်သေးနေသေးသည်။

“ကဲ ပြောစမ်းပါဦး...။ မင်းက ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ လေ့ကျင့်ချင်တာလဲ။ ကြီးမြတ်လှတဲ့ သခင်ကြီး ရှောင်းဝူက လမ်းပြပေးမယ်။ သခင်မကြီးရဲ့ သုတေသနဥယျာဉ်က စကြဝဠာဓာတ်ကြီးရှစ်ပါး ကောင်းကင်လိုမျိုး အစွန်းရောက်တဲ့ ပတ်ဝန်းကျင်မျိုး မရှိဘူးဆိုပေမဲ့ မင်းရဲ့ လေ့ကျင့်မှုအတွက်တော့ လုံလောက်တာထက် ပိုတယ်။”

သုတေသနဥယျာဉ်ထဲသို့ ရောက်သည်နှင့် ထောင်လွှားလှသော ရောင်စုံကြက်တူရွေးလေးသည် ကျန်းဟန်၏ ဘယ်ဘက်အရှေ့တည့်တည့်တွင် ဝဲပျံရင်း မေးမြန်းလိုက်တော့သည်။

စကြဝဠာဓာတ်ကြီးရှစ်ပါး ကောင်းကင်ဆိုသည်မှာ ဤဂြိုဟ်ပြာပေါ်တွင် တည်ရှိနေသော အလွန်အမင်း အစွန်းရောက်သည့် သားရဲထိန်းချုပ်ခြင်း လျှို့ဝှက်နယ်မြေ အချို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ယင်းတို့အတွင်းရှိ ပတ်ဝန်းကျင်များသည် စကြဝဠာထဲရှိ သဘာဝဘေးအန္တရာယ်သင့်နေသော ဂြိုဟ်အချို့နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ရှစ်ပါးဆိုသည်မှာ ယေဘုယျအားဖြင့် အကြမ်းဖျင်း ခေါ်ဆိုခြင်းသာဖြစ်ပြီး လက်တွေ့တွင်မူ ထိုအရေအတွက်ထက် များစွာ ပိုမိုများပြားလှပေသည်။

ဤသည်မှာ ကြက်တူရွေးကြီး၏ ဝါကြွားမှုသက်သက်သာ ဖြစ်သည်မှာ ထင်ရှားလှသည်။ ဤသုတေသနဥယျာဉ်သည် မည်မျှပင် ကောင်းမွန်စေကာမူ စကြဝဠာဓာတ်ကြီးရှစ်ပါး ကောင်းကင်နှင့်မူ နှိုင်းယှဉ်၍မရနိုင်ချေ။ ယနေ့ခေတ် မဟာမိတ်အဖွဲ့ အတွင်းရှိ အားအကောင်းဆုံး အဆင့် ၇ ထိပ်တန်းသားရဲထိန်းချုပ်သူပင်လျှင် ထိုကဲ့သို့သော နေရာမျိုးသို့ အမှတ်မထင် မဝင်ရဲကြချေ။ သာမန်လူများဆိုလျှင်မူ ပြောနေရန်ပင် မလိုတော့ချေ။

“ရေခဲ၊ ဆီးနှင်း၊ အပူချိန်မြင့်မားမှုနဲ့ ဖိအား ရှိတဲ့ ပတ်ဝန်းကျင်မျိုးပါ။”

ကျန်းဟန်က ကြက်တူရွေးကြီးကို ကြည့်ကာ ပြောလိုက်သည်။

“ဟင်...မင်း သေချာလို့လား။”

ကြက်တူရွေးကြီးက ကျန်းဟန်ကို စိုက်ကြည့်လိုက်သည်။

“အင်း သေချာတယ်။”

ကျန်းဟန်က ခေါင်းညိတ်ပြလိုက်သည်။

“ဒါ မင်းဘာသာမင်း တောင်းဆိုတာနော်။ တစ်ခုခုဖြစ်ရင် ငါ့ကို လာပြီးအပြစ်မတင်နဲ့။ ဆုံးဖြတ်ပြီးပြီဆိုရင် ငါ့နောက်က လိုက်ခဲ့။”

ရောင်စုံကြက်တူရွေးလေးက ပြောပြီးနောက် လမ်းပြရန် အပေါ်သို့ ပျံတက်သွားခဲ့သည်။

မကြာမီမှာပင် ကျန်းဟန်သည် ၎င်း၏နောက်မှ လိုက်ပါလာရင်း အလွန်အေးစက်သော ကြီးမားသည့် အကာအကွယ်အတားအဆီးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ထိုအတားအဆီးကြီး၏ အတွင်း၌ ရေခဲဒြပ်စင် ဝိညာဉ်အပင်များနှင့် မိစ္ဆာသားရဲများ ထည့်သွင်းထားသည့် အကာအကွယ်အတားအဆီး အသေးလေးများစွာ ရှိနေကြသည်။

“မင်း ဒီမှာပဲ လေ့ကျင့်လိုက်ပါ။ ငါတော့ အပြင်ထွက်ပြီ။ ဒီနေရာက ငါ ကြက်တူရွေးလေးကို အေးခဲပြီး သေစေနိုင်တယ်...ကွာ့။”

ရောင်စုံကြက်တူရွေးလေးက ပြောပြောဆိုဆိုဖြင့် အတားအဆီးကြီး၏ ပြင်ပသို့ ပျံထွက်သွားပြီး လိမ္မော်ပင်တစ်ပင်ပေါ်၌ နားကာ တစ်ရေးတစ်မော အိပ်စက်လိုက်တော့သည်။

“ပထမဆုံး ပတ်ဝန်းကျင်အခြေအနေကို အရင် လိုက်လျောညီထွေဖြစ်အောင် လုပ်လိုက်ဦး။ ဒီနေရာက ငါတို့တွေ ပုံမှန်လေ့ကျင့်နေကျ နေရာထက်တောင် ပိုအေးသေးတယ်။ ငါ ပတ်ပတ်လည်ကို အရင် လိုက်ကြည့်လိုက်ဦးမယ်။”

ကျန်းဟန်က ပိုင်လင်းကို ထုတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“ကျိ【 ・ ヘ ・? 】”

ပိုင်လင်းက စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် ကျန်းဟန်အနေဖြင့် သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲရှိ ဟုတ်ဟုတ်ကို သွားရောက်ကြည့်ရှုသင့်ကြောင်း ပြောလာခဲ့သည်။ ၎င်းက အတော်လေး စိတ်ဒဏ်ရာရသွားပုံရသည်။

ကျန်းဟန်သည် သူ၏ အသိစိတ်ကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ အာရုံစိုက်လိုက်သည်။ ကျယ်ပြောလှသော အဖြူရောင်သည့် စကြဝဠာဟင်းလင်းပြင်အတွင်း၌ ဟုတ်ဟုတ်သည် ထောင့်စွန်းတစ်ခုတွင် မတ်မတ်ထိုင်ကာ ဦးခေါင်းကို ငိုက်စိုက်ချလျက် တစ်ခါတစ်ရံ သက်ပြင်းချနေရှာသည်။ ယင်း၏ ကြောင်တစ်ကောင်နှင့် ဆင်တူလှသော မျက်နှာဝိုင်းဝိုင်းလေးတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေခဲ့သည်။

ဤဖြစ်ရပ်သည် သဘာဝအရ သတိကြီးလှသော မျက်နှာဝိုင်း ကြက်ဝတုတ်လေးအဖို့ အကြီးအကျယ် စိတ်ဒဏ်ရာရသွားစေခဲ့သည်။ ဤသည်မှာ ငယ်စဉ်ကတည်းက ပင်ပင်ပန်းပန်း စုဆောင်းထားခဲ့ရသော မုန့်ဖိုးများကို မိဘများက ရှာဖွေတွေ့ရှိသွားသည့်အတိုင်း ခံစားရစေသည် မဟုတ်ပါလော။

ဤမျက်နှာဝိုင်း ကြက်ဝတုတ်လေးသည် မွေးရာပါ စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သော်လည်း အဆုံးစွန်တွင်မူ အသက်တစ်နှစ်ပင် မပြည့်သေးသည့် ကောင်လေးသာ ဖြစ်သည်။ ဤဖြစ်ရပ်က ယင်းကို တကယ့်ကို အထိနာစေခဲ့သည်။

“မစိုးရိမ်ပါနဲ့။ ဘယ်သူမှ မင်းရဲ့ လျှို့ဝှက်ချက်ကို ပေါက်ကြားအောင် လုပ်မှာမဟုတ်ပါဘူး။”

ကျန်းဟန်က စိတ်ချင်းဆက်သွယ်မှုဖြင့် နှစ်သိမ့်ပေးလိုက်သည်။

“ဟူးး ( *  ̄ ︿  ̄ )”

ဟုတ်ဟုတ်က ခေါင်းကိုပင် မော့မကြည့်ချင်တော့ချေ။ ငှက်များနှင့် လူသားတို့၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုချင်းမှာ မတူညီနိုင်ကြောင်း၊ အထူးသဖြင့် သခင်ဖြစ်သူမှာ အလွန်အမင်း ပေါ့ဆတတ်သော ငတုံးတစ်ယောက် ဖြစ်နေချိန်တွင် ပို၍ဆိုးကြောင်း အမူအရာဖြင့် ပြသနေခဲ့သည်။

“ဒါဆိုရင်လည်း ပြီးတာပဲလေ။ ဒါပေမဲ့ ငါထင်တာတော့... မင်း တကယ်ပဲ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အဲဒီလောက်အထိ တန်ဖိုးထားတယ်ဆိုရင် နောက်တစ်ကြိမ်ကျရင် စီနီယာမွေးမြူရေးပညာရှင်တစ်ယောက်တောင် မင်းရဲ့ အချက်အလက်တွေကို မမြင်နိုင်တော့တဲ့အထိ ကိုယ်ဖျောက်ခြင်းစွမ်းရည်ကို ဆက်ပြီး သုတေသနပြု ကြိုးစားအားထုတ်သင့်တယ်လို့ ငါထင်တယ်။”

ကျန်းဟန်က ထိုသို့ပြောပြီးနောက် သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲမှ သူ၏ အသိစိတ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

“ဂူးးး”

သို့သော် ထိုစကားကို ကြားပြီးနောက် ဟုတ်ဟုတ်၏ မျက်ဝန်းများ တဖျတ်ဖျတ် တောက်ပလာခဲ့သည်ကိုမူ သူ သတိမထားမိလိုက်ချေ။

သူ့ရှေ့မှ အရာများအပေါ် အာရုံပြန်စိုက်လိုက်ရင်း ကျန်းဟန်သည် ဟုတ်ဟုတ်အကြောင်းကို ဆက်မတွေးတော့ပေ။ ဟုတ်ဟုတ်သည် အလွယ်တကူ အရှုံးပေးတတ်သော ငှက်မျိုးမဟုတ်ကြောင်း သူ သိသည်။

၎င်း ပိုင်လင်းကို သင်ကြားပေးနေစဉ်အချိန်တုန်းကလည်း ၎င်းကိုယ်တိုင် တိတ်တဆိတ် လေ့လာနေခဲ့ဖူးသည် မဟုတ်ပါလော။ ၎င်းအနေဖြင့် သားရဲထိမ်းချုပ်ခြင်းနှင့် မွေးမြူရေးဆိုင်ရာ စာအုပ်များကိုပင် ဆက်လက်ရှာဖွေ ဖတ်ရှုနေဦးမည်ဟု သူ သံသယရှိနေမိသည်။

ထိုအကြောင်းကို ဆက်မစဉ်းစားတော့ဘဲ ကျန်းဟန်သည် ဤအတားအဆီးကြီးအတွင်းရှိ အရာများကို စတင်လေ့လာလိုက်တော့သည်။ ဤနေရာတွင် သူ ကောင်းစွာမသိသော ဝိညာဉ်အပင်အချို့နှင့် နှင်းပွင့်နတ်သမီးဟု ခေါ်သော နှင်းဖုံးတောင်နေ မိစ္ဆာအုပ်စုတစ်စုကို စိုက်ပျိုးမွေးမြူထားသည်။

ထိုမိစ္ဆာကောင်မျိုးသည် တစ်ကိုယ်လုံး ဆီးနှင်းကဲ့သို့ ဖြူဖွေးနေပြီး စီးဆင်းနေသော နှင်းခဲတစ်ခုနှင့် တူသော်လည်း ယင်းတို့ မြင်တွေ့ရသော အရာများကို အတုခိုးလျက် မိမိတို့၏ ပုံသဏ္ဌာန်ကို စိတ်ကြိုက် ပြောင်းလဲနိုင်ကြသည်။

နှင်းပွင့်နတ်သမီးများ၏ စွမ်းရည်မှာ အအေးဓာတ်ပျံ့နှံ့ခြင်းဖြစ်ပြီး ဤနေရာတွင် ဤမျှလောက်အထိ အေးစက်နေရခြင်းမှာလည်း ယင်းတို့ကြောင့်ပင် ဖြစ်သည်။

“စကားတွေ အများကြီး ပြောမနေတော့ဘူး။ ငါတို့ ဒီမှာပဲ လေ့ကျင့်မှုကို စတင်ကြရအောင်။”

ကျန်းဟန်က ထိုသို့ပြောလိုက်ပြီး ပိုင်လင်းနှင့်အတူ စတင်လေ့ကျင့်တော့သည်။

ထိုနေရာအနီးတွင် ကြီးမားသော စကျင်ကျောက်တုံးကြီးတစ်တုံး ရှိနေသည်။ ပိုင်လင်း၏ လေ့ကျင့်မှုမှာ ယင်းကျောက်တုံးကို ဝင်တိုက်ခြင်းဖြစ်ပြီး ကျန်းဟန်သည်လည်း ဤနေရာရှိ ပြင်းထန်သော အအေးဒဏ်ကို ခုခံနိုင်ရန်အတွက် ကိုယ်လက်လှုပ်ရှားမှု အမျိုးမျိုးကို ပြုလုပ်လိုက်တော့သည်။

All Chapters