အခန်း ၆၇
Vol. 7 Ch. 67
အခန်း ၆၇
“ကျွန်တော် နားလည်ပါပြီ။ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။”
ကျန်းဟန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ဒါပေမဲ့... မင်းက တော်တော်လေး ဉာဏ်ကောင်းတယ်လို့ ငါထင်တယ်။ မွေးမြူရေးပညာရှင်တစ်ယောက် ဖြစ်လာဖို့အတွက်တောင် အလားအလာကောင်းတဲ့သူ ဖြစ်နိုင်တယ်။”
စီနီယာ မွေးမြူရေးပညာရှင် လျူယွီက မျက်တောင်ခတ်ရင်း ပြောလိုက်သည်။
သူမသည် ကျန်းဟန်က ပိုင်လင်းကို လေ့ကျင့်ပေးနေစဉ်အတွင်း ကိုယ်တိုင်ကိုယ်ကျ ရှိမနေခဲ့သော်လည်း သူမ၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အာရုံခံမိခဲ့ပြီး သူ၏ လေ့ကျင့်ရေးနည်းလမ်းများက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု ယူဆခဲ့သည်။ လျှပ်စီးဂုဏ်သတ္တိရှိသော သားရဲတစ်ကောင်ကို ရေခဲ၊ မီးတောက်နှင့် ဖိအားရှိသော ပတ်ဝန်းကျင်သို့ ခေါ်ဆောင်သွားပြီး လေ့ကျင့်ပေးခြင်းက အလွန်ဆန်းသစ်သော အတွေးအခေါ်တစ်ခု ဖြစ်သည်။
“ဟားဟား...စီနီယာက နောက်နေပြန်ပါပြီ။”
ကျန်းဟန်က အနေခက်စွာဖြင့် သူ့ခေါင်းကိုသာ ကုတ်နေမိတော့သည်။
“ဟဟ...တကယ်လို့ ဒီအပိုင်းနဲ့ပတ်သက်ပြီး မေးစရာရှိရင် ငါ့ကို လာမေးလို့ရပါတယ်။”
ထိုသို့ပြောပြီးနောက် စီနီယာ မွေးမြူရေးပညာရှင် လျူယွီက ဆက်ပြောလိုက်သည်။
“မင်းအတွက် ငါပြင်ဆင်ပေးနေတဲ့ ဆေးရည်က သွေးဒြပ်စင်ရှိတဲ့ ပစ္စည်းတစ်ခု လိုနေသေးလို့ အခုလောလောဆယ် အပြီးမသတ်နိုင်သေးဘူး။ ဒီည တောဈေးမှာ သွားဝယ်လို့ရမလားဆိုတာ ကြည့်ရမယ်။ တကယ်လို့ ဝယ်မရရင်တော့ ရဖို့အတွက် ရက်အနည်းငယ်လောက် စောင့်ရလိမ့်မယ်။”
သူမသည် သွေးဒြပ်စင် ပစ္စည်းများကို စိုက်ပျိုးမွေးမြူလေ့ မရှိသဖြင့် သူမ၏ လက်ကျန်သိုလှောင်မှုထဲတွင် ထိုသို့ဂုဏ်သတ္တိရှိသော ပစ္စည်းများက သိပ်ပြီး စုံစုံလင်လင် မရှိပေ။
“ရပါတယ်။ ကျွန်တော်လည်း တောဈေးကို သွားဖို့ ရှိနေတာနဲ့ အတော်ပဲပေါ့။ စီနီယာ ဘာပစ္စည်း လိုနေတာလဲ။”
ကျန်းဟန်က မေးလိုက်သည်။
“သွေးပေါက်ကွဲ ဆီးသီးပဲ။ ခြေမွလိုက်ရင် လတ်ဆတ်တဲ့ သွေးတွေနဲ့ အရောင်ရော အနံ့ပါ အရမ်းတူတဲ့ သွေးနီရောင် အရည်တွေ ပန်းထွက်လာတတ်တဲ့ အဖြူရောင် ဆီးသီးတစ်မျိုးပေါ့။ သွေးပေါက်ကွဲ ဆီးသီးပင်က လတ်ဆတ်တဲ့ သွေးတွေကို စုပ်ယူမှ ရှင်သန်ပေါက်ဖွားနိုင်တဲ့ ဆီးသီးအမျိုးအစားပဲ။ ယေဘုယျအားဖြင့်တော့ တောနက်ထဲမှာ ပေါက်တတ်ပြီး တော်တော်လေး ရှားပါးတယ်။”
စီနီယာ မွေးမြူရေးပညာရှင် လျူယွီက ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ စီနီယာ။ ကျွန်တော် ဈေးဘက်ကို သွားကြည့်လိုက်ပါ့မယ်။”
ကျန်းဟန်က ခေါင်းညိတ်ပြပြီး ပိုင်လင်းကို ခေါ်ကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။
ပိုင်လင်းသည်မူ ကျန်းဟန် စောစောက ပြောခဲ့သည်များကို ပြန်လည်တွေးတောရင်း ခေါင်းလေးငုံ့ကာ လိုက်လာရာ ရံဖန်ရံခါတွင် သူ၏ ဖနောင့်ကို ဝင်ဝင်တိုက်မိနေသေးသည်။
ယခုအချိန်က ညနေ လေးနာရီကျော်ရုံသာ ရှိသေးသော်လည်း သားရဲထိန်းချုပ်သူ အများအပြားမှာ တစ်ယောက်ပြီးတစ်ယောက် ပြန်လာနေကြပြီ ဖြစ်သည်။ လမ်းမများပေါ်တွင် လူများဖြင့် ပြည့်နှက်လာပြီး ဆူညံသံများကလည်း တဖြည်းဖြည်း ကျယ်လောင်လာခဲ့သည်။
ဤနေရာသည် တောရိုင်းဒေသ ဖြစ်သော်လည်း ယုန်နိုင်ငံအတွင်း၌ ရှိနေသောကြောင့် စွမ်းအားကြီးမားသော မိစ္ဆာသားရဲများကို ရှင်းလင်းထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် စုဝေးနေကြသော သားရဲထိန်းချုပ်သူအများစုမှာ အဆင့် ၂ အခြေခံအဆင့် သို့မဟုတ် အဆင့် ၃ ထိပ်တန်းအဆင့် သားရဲထိန်းချုပ်သူများသာ ဖြစ်ကြသည်။
စာချုပ်ချုပ်ဆိုထားမှုကြောင့် သားရဲတစ်ကောင်၏ အဆင့်သည် ၎င်း၏ သားရဲထိန်းချုပ်သူထက် တစ်ဆင့် ပိုမြင့်နိုင်သည်။ ဤလမ်းမပေါ်တွင် လမ်းလျှောက်နေသော သားရဲအများစုမှာ အဆင့် ၃ ခေါင်းဆောင်အဆင့်သားရဲများ ဖြစ်ကြပြီး အဆင့် ၄ အရှင်သခင်အဆင့် သားရဲများကိုမူ တစ်ခါတစ်ရံမှသာ ခပ်ရှားရှား မြင်တွေ့ရတတ်သည်။
သားရဲထိန်းချုပ်သူ အများစုသည် ပြန်ရောက်ရောက်ချင်း ပထမဆုံးအနေဖြင့် မိစ္ဆာသားရဲ ဝယ်ယူရေးစင်တာသို့ သွားလေ့ရှိကြသည်။ ထိုနေရာသည် မိစ္ဆာသားရဲ အလောင်းများကို အဓိကထား ဝယ်ယူသည့် နေရာဖြစ်ပြီး သီးသန့်ပုဂ္ဂလိကသမားများလည်း လာရောက်ဝယ်ယူနိုင်သော နေရာဖြစ်သည်။
ကျန်းဟန်က အနီးအနားကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ အတွင်းထဲတွင် မိစ္ဆာသားရဲ အလောင်းများမှာ တောင်လိုပုံနေ၏။ ၎င်းတို့အနက် အများစုမှာ ဓာတ်ကြီးငါးပါး ဂုဏ်သတ္တိများအပြင် လေနှင့် အဆိပ် ဂုဏ်သတ္တိများ ရှိကြသည်။ လျှပ်စီး အလင်း၊ အမှောင်၊ သွေး၊ စိတ်စွမ်းအင်၊ သရဲနှင့် ဖုတ်ကောင်ကဲ့သို့သော ဂုဏ်သတ္တိများမှာမူ အလွန်ပင် ရှားပါးလှသည်။ ဟင်းလင်းပြင်၊ အချိန်၊ လျှို့ဝှက်ဆန်းကြယ်၊ ထူးဆန်းထွေလာနှင့် ကံတရား ဂုဏ်သတ္တိများ ဆိုလျှင်မူ ဒဏ္ဍာရီလာအရာများပင် ဖြစ်သည်။
အချို့သူများဆိုလျှင် လျှို့ဝှက်ဆန်းကြယ်၊ ထူးဆန်းထွေလာ နှင့် ကံတရား ဂုဏ်သတ္တိများသည် တကယ့်လက်တွေ့တွင် မရှိဘဲ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုဂုဏ်သတ္တိရှိသူများကို မည်သူမျှ တစ်ခါမျှ မမြင်ဖူးကြသောကြောင့်ပင်။
ကျန်းဟန်က ဤဒေသတွင် မည်သည့်မိစ္ဆာသားရဲအမျိုးအစားများ ရှိသလဲဆိုသည်ကို အဓိကသိရှိရန် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခြင်း ဖြစ်သည်။ သဘာဝအတိုင်းပင် သူသည် ထိုအလောင်းများကို ဝယ်ယူမည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူက အလွန် ဆင်းရဲလွန်းသောကြောင့် ဖြစ်သည်။
ခဏမျှ စောင့်ကြည့်ပြီးနောက် ကျန်းဟန်သည် လူများ ဆူညံစွာ အော်ဟစ်ရောင်းချနေကြသည့် အခြားတစ်ဖက်ရှိ လမ်းမဆီသို့ ပြန်ရောက်လာခဲ့သည်။
ယနေ့နံနက်က ကန်မြို့မှ ထွက်ခွာလာစဉ်အတွင်း သူသည် တောရိုင်းရှင်သန်ခြင်း လေ့ကျင့်ရေးကာလ၌ စုဆောင်းရရှိခဲ့သော ပစ္စည်းများကို ရောင်းချခဲ့ရာ စုစုပေါင်း ငွေရှစ်သောင်း ရရှိခဲ့သည်။ ယခု သူသည် ထိုငွေများကို သုံးပြီး သူ၏ သားရဲနှစ်ကောင်အတွက် အစာဝယ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ပိုင်လင်းနှင့် ဟုတ်ဟုတိတို့ နှစ်ကောင်စလုံးသည် လက်ရွေးစင်အဆင့်သို့ ရောက်ရှိသွားကြပြီ ဖြစ်ရာ ဤအဆင့်အတွက် လိုအပ်သော ပစ္စည်းများမှာ များစွာ ပိုမိုစျေးကြီးလာသဖြင့် ရှစ်သောင်းဆိုသော ပမာဏမှာ မလုံလောက်ဟု သူ ခံစားနေရသည်။
အထူးသဖြင့် ၎င်းတို့၏ ဂုဏ်သတ္တိများမှာ ခပ်ရှားရှား ဖြစ်နေခြင်းကြောင့်ပင်။ တစ်ကောင်က လျှပ်စီးဖြစ်ပြီး အခြားတစ်ကောင်က သွေး နှင့် အမှောင်ဖြစ်သည်။ ဤဂုဏ်သတ္တိရှိသော အရာများသည် ရှားပါးပြီး အလွန် စျေးကြီးလှပေသည်။
သားရဲထိန်းချုပ်သူများ၏ ဘဝက ထိုကဲ့သို့ပင် ဖြစ်သည်။ စွန့်စားခန်းများမှတစ်ဆင့် စုဆောင်းရရှိလာသော ပစ္စည်းများမှာ အလွန်တန်ဖိုးရှိသော်လည်း ၎င်းတို့၏ သားရဲများ စားသောက်ရသည့် အရာများကလည်း အထူးပင် ဈေးကြီးလှသည်။
“လူငယ်လေး...ခုလေးတင် တူးလာတဲ့ သစ်သားဝိညာဉ် ဆီးသီးအချို့ လိုချင်လား။ တော်တော်လေး တန်တယ်နော်။ တစ်လုံးကို နှစ်ထောင်ယွမ်ပဲ။”
“ငါ့ဆီမှာ မြေဂုဏ်သတ္တိရှိတဲ့ ပစ္စည်းဖြစ်တဲ့ မြေကမ္ဘာဝိညာဉ်နှလုံးသားရှိတယ်ဟေ့။ ဘယ်သူလိုချင်လဲ။”
လမ်းမပေါ်ရှိ အော်ဟစ်ရောင်းချသံများက တဖြည်းဖြည်း ပိုမိုကျယ်လောင်လာပြီး ကျန်းဟန်၏ ခြေလှမ်းများလည်း သွက်လာခဲ့သည်။ မကြာခင်မှာပင် သူသည် လမ်းထောင့်တစ်ခု၌ လျှပ်စီးဂုဏ်သတ္တိရှိသော အရာတစ်ခုကို ရှာတွေ့သွားခဲ့သည်။
၎င်းတို့မှာ ဖန်သားပြင်များဖြင့် ပိတ်လှောင်ထားသည့် ငွေခရမ်းရောင် ကျောက်တုံးအချို့ ဖြစ်ပြီး ၎င်းတို့ပေါ်တွင် လျှပ်စီးကြောင်းများ လက်ဖျာနေကြသည်။
“ဒါက ဘာလဲ။”
ကျန်းဟန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“လျှပ်စီးကျောက်တုံးတွေလေ။ အထဲမှာ သန့်စင်တဲ့ လျှပ်စီးစွမ်းအင်တွေကို သိုလှောင်ထားပြီးတော့ မိုးကြိုးတောင်ကနေ စုဆောင်းလာခဲ့တာ။ အဲဒီမှာ မိုးရွာတဲ့အခါတိုင်း မိုးကြိုးအပစ်ခံရပြီး အချိန်ကြာလာတာနဲ့အမျှ ဒီလို ထူးခြားတဲ့ လျှပ်စီးကျောက်တုံးတွေ ဖြစ်လာတယ်။ အထဲမှာပါတဲ့ လျှပ်စီးစွမ်းအင်က လျှပ်စီးဂုဏ်သတ္တိရှိတဲ့ သားရဲတွေရဲ့ ဝိညာဉ်စွမ်းအားကို ပိုပြီးတော့ စင်ကြယ်စေနိုင်တယ်။ တစ်တုံးကို သုံးထောင်ယွမ်နဲ့ ယူမလား။”
ပြောလိုက်သူမှာ အစိမ်းရောင်အဝတ်အစား ဆင်မြန်းထားသည့် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦး ဖြစ်သည်။
“ယွမ်ငါးရာနဲ့ ဝယ်မယ်။ ဒါက ရတနာမှ မဟုတ်တာ။ အဆုံးမှာ ကျောက်တုံးတစ်တုံးပဲ။”
ကျန်းဟန်က သူ့ကို ကြည့်ပြီး ပြောလိုက်သည်။
“အဲလိုတော့ မလုပ်ပါနဲ့။ ဒီလျှပ်စီးကျောက်တုံးတွေက ကျောက်တုံးတွေဆိုပေမဲ့ မိုးကြိုးပစ်ပြီး ဆယ်မိနစ်အတွင်းမှာ စုဆောင်းပြီး ပိတ်လှောင်ထားရတာပဲ။ မဟုတ်ရင် အာနိသင် ပျက်ပြယ်သွားလိမ့်မယ်။ ငါ့အတွက် ဒါတွေရဖို့ မလွယ်ကူခဲ့ဘူး။ နှစ်ထောင်ယွမ်ပဲ ထားလိုက်ပါ။ မိတ်ဆွေဖွဲ့တဲ့ အနေနဲ့ပေါ့။”
အစိမ်းရောင်ဝတ် လူငယ်က ချက်ချင်းပင် ညည်းတွားလိုက်သည်။ ကျန်းဟန်က အလွန်ငယ်ရွယ်ပုံပေါ့သော်လည်း စျေးဆတ်ဆတ်ခါအောင် ဆွေးနွေးတတ်မှုကြောင့် သူ လန့်သွားရသည်။
“ခုနစ်ရာ...ပြီးတော့ ငါတို့ အချင်းချင်း သူငယ်ချင်းအဖြစ် အပ်ထားကြမယ်။ နောက်တစ်ခါ လိုရင် မင်းဆီပဲ လာခဲ့မယ်။”
...
အခြေအတင် ပြောဆိုပြီးနောက် နှစ်ဦးသားသည် ကျောက်တုံးတစ်တုံးလျှင် ရှစ်ရာယွမ်နှုန်းဖြင့် စျေးတည့်သွားကြပြီး ကျန်းဟန်သည် ချင်းမုအမည်ရှိ ထိုလူငယ်ကို သူငယ်ချင်းအဖြစ် အပ်လိုက်သည်။
သူသည် ဆိုင်ခန်းတွင် ကျန်ရှိနေသော ကျောက်တုံးငါးတုံးစလုံးကို ယွမ်လေးထောင် အကုန်အကျခံကာ ဝယ်ယူလိုက်သည်။
ဆက်လက်လှည့်ပတ်ကြည့်ရှုရင်း ကျန်းဟန်သည် အခြားလျှပ်စီးဂုဏ်သတ္တိရှိသော ဝိညာဉ်အပင်တစ်ပင်ကို ထပ်မံတွေ့ရှိခဲ့သည်။ ၎င်းမှာ အမြင့်တစ်မီတာခန့်သာရှိသော အဆင့် ၂ ခရမ်းရောင် လျှပ်စီး ပိုးစာပင် ဖြစ်သည်။ ၎င်း၏ ကိုင်းခက်များမှာ ငွေဖြူရောင်ဖြစ်ပြီး အရွက်များမှာ အစိမ်းရင့်ရောင်ဖြစ်ကာ ခရမ်းရောင် လျှပ်စီးပုံစံ အစင်းကြောင်းများစွာ ပါရှိသည်။
၎င်းသည် အဆင့် ၂ ဝိညာဉ်အပင် ဖြစ်သော်လည်း ဂုဏ်သတ္တိက ရှားပါးပြီး ပြန်လည်စိုက်ပျိုးနိုင်သောကြောင့် ဆိုင်ရှင်က စျေးအလွန်ကြီးကြီး တောင်းထားသည်။ ၎င်းမှာ သုံးသောင်းယွမ် တိတိ ဖြစ်သည်။
ကျန်းဟန်က စျေးတော်တော်ကြာ စစ်ခဲ့သော်လည်း စျေးလျှော့ပေးရန် အခြေအနေမရှိပေ။ သို့သော် သူသည် ဤပျိုးပင်ကို အမှန်တကယ် လိုချင်နေမိသည်။
“မင်းကိုကြည့်ရတာ ကျောင်းသားတစ်ယောက်နဲ့ တူတယ်။ ဒါကြောင့် ဒါကို မဝယ်နဲ့ဦး။ ငါ့ဆီမှာ ပိုကြီးတဲ့ အဆင့် ၃ အပင်ကနေ ခူးဆွတ်ထားတဲ့ ခရမ်းရောင် လျှပ်စီး ပိုးစာသီး အလုံးသုံးဆယ်လောက် ရှိတယ်။ တစ်လုံးကို တစ်ထောင့်ငါးရာနဲ့ မင်းကို ရောင်းပေးမယ်။”
ဆိုင်ခန်းရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။
ကျန်းဟန်က သူထုတ်ပြလာသော ခရမ်းနီရောင် ပိုးစာသီးများကို ကြည့်လိုက်သည်။ ထိုပိုးစာသီးများသည် လက်သီးဆုပ်ခန့် ရှိပြီး ခရမ်းရောင် ကျောက်စိမ်းဖြင့် ထုဆစ်ထားသကဲ့သို့ ကြည်လင်တောက်ပနေကာ ၎င်းတို့၏ အရည်အသွေးနှင့် အသွင်အပြင်မှာ ထူးကဲကောင်းမွန်လှသည်။
“အများဆုံး ငါးရာပဲ။ ပိုးစာသီး အထွက်နှုန်းက မြင့်တယ်ဦးလေး။ ကျွန်တော့်ကို လာမလိမ်ပါနဲ့။”
ကျန်းဟန်က ခေါင်းခါလိုက်သည်။
တကယ်၍ ၎င်းတို့သည် အခြားအဆင့် ၃ ဆီးသီးများသာ ဖြစ်ပါက စျေးပိုရနိုင်သော်လည်း ပိုးစာသီးကတော့ မဟုတ်ပေ။ ထိုအရာသည် အထွက်နှုန်း မြင့်မားလှပြီး ၎င်းကပင် ထိုအပင်ကို သူဝယ်ချင်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
“ဒါပေမဲ့ ဒါက အဆင့် ၃ ဝိညာဉ်သစ်သီးလေ...”
“အပင်က အဆင့် ၃ ဆိုပေမယ့် ဒီလို ဝိညာဉ်သစ်သီး အမျိုးအစားက အဆင့် ၂ အဆင့်ပဲ ရှိတယ်။ ငါးရာပဲ ပေးမယ်။”
“တစ်ထောင်ယွမ်က အနိမ့်ဆုံး စျေးပဲ။”
“အဲဒီအပင်အပါအဝင် အားလုံးပေါင်းကို လေးသောင်းယွမ်နဲ့ အပြတ်ပေး။”
ကျန်းဟန်က ထိုအမျိုးသားကို ထပ်မံကြည့်ကာ ပြောလိုက်သည်။
“ငါးသောင်း...အားလုံးအတွက် ငါးသောင်း။”
“မရဘူး။ အများဆုံး လေးသောင်းငါးထောင်ပဲ။ ဦးလေးသာ ဝိညာဉ်အပင်ကုန်သည်ဆီ သွားရောင်းရင် ဒီထက်တောင် စျေးနှိမ်ခံရလိမ့်မယ်။ ဒီပျိုးပင်ရဲ့ အမြစ်တွေက ပျက်စီးနေပြီ။ ရှင်နိုင်မလားဆိုတာက နောက်ထပ် မေးခွန်းတစ်ခုပဲ။ ဦးလေး ဒါကို ရှင်မယ်လို့ အာမခံနိုင်လား။ အာမခံရဲလား။”
...
အပြန်အလှန် စကားပြောဆိုပြီးနောက် ကျန်းဟန်က အပင်၏ အပြစ်အနာအဆာများကို အသည်းအသန် ရှာဖွေပြောဆိုခဲ့ခြင်းကြောင့် နောက်ဆုံးတွင် သူသည် ထိုအဆင့် ၃ ပျိုးပင်နှင့် အဆင့် ၂ ပိုးစာသီး အလုံးသုံးဆယ်ကို လေးသောင်းငါးထောင်ယွမ်ဖြင့် အောင်မြင်စွာ အရယူနိုင်ခဲ့သည်။
ဤအရာများ ရှိနေပြီဖြစ်ရာ ပိုင်လင်းအတွက် ခွဲတမ်းမှာ လဝက်မက စားသုံးရန် လုံလောက်သွားပြီ ဖြစ်သည်။ အဆင့် ၂ ပိုးစာသီးများတွင် အလွန်စင်ကြယ်သော စွမ်းအင်များ ပါဝင်နေသဖြင့် ပိုင်လင်း၏ ဝိညာဉ်စွမ်းအားကို ပိုမိုနုပျိုစင်ကြယ်စေပြီး ပိုမိုမြန်ဆန်စွာ တိုးတက်လာစေနိုင်သည်။
သားရဲတစ်ကောင်ကို ၎င်း၏အဆင့်ထက် တစ်ဆင့်ပိုမြင့်သော ဝိညာဉ်အပင်များ ကျွေးမွေးခြင်းက ၎င်းအား လျင်မြန်စွာ တိုးတက်လာစေရန် ကူညီပေးနိုင်သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ အဆင့်မြင့် ဝိညာဉ်အပင်များတွင် ပိုမိုစင်ကြယ်သော ဝိညာဉ်စွမ်းအားနှင့် စည်းမျဉ်းဥပဒေစွမ်းအားများ အတိုင်းအတာတစ်ခုအထိ ပါဝင်နေသောကြောင့် ကြီးထွားမှုအဆင့်တွင် ရှိနေသော သားရဲများအတွက် အလွန်ပင် အကျိုးရှိလှသည်။