← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

ထိုအရာများအားလုံးကို ဝယ်ယူပြီးနောက် ကျန်းဟန်တွင် ငွေသုံးသောင်းယွမ်သာ ကျန်တော့သည်။ ကျန်ရှိသောငွေများကို ဟုတ်ဟုတ်အတွက် သုံးစွဲရမည်ဖြစ်သည်။ အမှောင်ဂုဏ်သတ္တိရှိသော ဝိညာဉ်အပင်များမှာ ရှားပါးပြီး စျေးအလွန်ကြီးမားလွန်းသဖြင့် ကျန်းဟန်အနေဖြင့် ၎င်းတို့ကို မျှော်လင့်ရဲခြင်းပင် မရှိချေ။

သွေးဂုဏ်သတ္တိရှိသော အရာများကမူ များစွာ ပိုအဆင်ပြေသည်။ ၎င်းတို့သည်လည်း ရှားပါးသည်ဆိုသော်လည်း သက်ဆိုင်ရာ သားရဲထိန်းချုပ်သူများနှင့် ဝိညာဉ်အပင်များကို ရရှိနိုင်သေးသည်။ ခြင်များနှင့် မျှော့များစွာက သွေးဂုဏ်သတ္တိရှိကြသည်။

ထို့အပြင် သွေးဂုဏ်သတ္တိရှိသော ဝိညာဉ်အပင်များသည် စိုက်ပျိုးရ ပိုမိုလွယ်ကူပြီး ကြီးထွားမှုသံသရာ ပိုမိုတိုတောင်းကာ မိစ္ဆာသားရဲ အလောင်းများကို သုံး၍လည်း မွေးမြူနိုင်သည်။

“ကျန်းဟန်... မင်း ဘာရှာနေတာလဲ။”

ကျန်းဟန် တစ်ယောက် သွေးဂုဏ်သတ္တိရှိသော ပစ္စည်းများကို လှည့်ပတ်ရှာဖွေနေစဉ် ဆရာမ ဝမ်ယိ၏ အသံက သူ့အနောက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“အစ်မယိ... ကျွန်တော် ဟုတ်ဟုတ်အတွက် သွေးဂုဏ်သတ္တိရှိတဲ့ ပစ္စည်းအချို့ ရှာနေတာပါ။”

ကျန်းဟန်က ပြုံးလိုက်ပြီး ဆရာမ ဝမ်ယိ၏ အနီးသို့ လျှောက်သွားလိုက်သည်။

“ပိုင်လင်းအတွက် လိုတာတွေကို ရှာတွေ့သွားပြီပေါ့။ ဒီအပင်လား။”

ဆရာမ ဝမ်ယိက လက်လှမ်းပြီး ကျန်းဟန်၏ ပုခုံးကို ပုတ်ကာ အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

“ဟုတ်ကဲ့။ အဆင့် ၃ ခရမ်းရောင် လျှပ်စီး ပိုးစာသီး အလုံးသုံးဆယ်နဲ့ ဒီအပင်ကို အားလုံးပေါင်း လေးသောင်းငါးထောင်နဲ့ ကျွန်တော် ဝယ်ခဲ့တယ်။”

ကျန်းဟန်က ခေါင်းညိတ်ပြလိုက်သည်။

“မဆိုးဘူး။ မင်း မစျေးကြီး ပေးခဲ့ရတာ မဟုတ်ဘူးပဲ။ အဲဒါက ကွက်တိစျေးပဲ။”

ဆရာမ ဝမ်ယိက ကျန်းဟန်၏ စျေးဆစ်နိုင်စွမ်းကို အသိအမှတ်ပြုကာ ခေါင်းညိတ်လိုက်သည်။

“ငါ့အထင်တော့ မင်း သွေးဂုဏ်သတ္တိရှိတဲ့ ပစ္စည်းအချို့ကို ဝယ်ထားလိုက်ပါ။ ပြီးမှ စီနီယာ မွေးမြူရေးပညာရှင် လျူယွီရဲ့ နေရာကိုသွားတဲ့အခါ အဲဒါတွေကို မင်းအတွက် ဆေးရည်တစ်ခွက်အဖြစ် ငါဖော်စပ်ပေးမယ်။ မင်းရဲ့ အစ်မယီက စီနီယာ လျူယွီလောက် လက်ရာမပြောင်မြောက်ပေမဲ့ အနည်းဆုံးတော့ အခြေခံအဆင့် မွေးမြူရေးပညာရှင်တစ်ယောက်မို့ ဟုတ်ဟုတ်အတွက် ဆေးရည်ဖော်စပ်ပေးဖို့လောက်ကတော့ ကိစ္စအသေးအမွှားလေးပဲ။”

ဆရာမ ဝမ်ယိက သူမ၏ ခေါင်းကို အနည်းငယ် မော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ် အစ်မယီ။ ကျွန်တော့်ဆီမှာ သုံးသောင်းလောက်တော့ အသုံးစရိတ် ကျန်ပါသေးတယ်။”

ကျန်းဟန်က ခေါင်းညိတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ဒါဆိုရင် အရိုးရှင်းဆုံး ဖြစ်တဲ့ သွေးဂုဏ်သတ္တိ စွမ်းအင်ဆေးရည်ကိုပဲ ဖော်စပ်ကြတာပေါ့။”

ဆရာမ ဝမ်ယိက ခေါင်းညိတ်ပြီး ကျန်းဟန်ကို ကျွမ်းကျင်စွာပင် ခေါ်ဆောင်သွားကာ ဝိညာဉ်အပင် သုံးမျိုးကို အလွန်သက်သာသော စျေးနှုန်းများဖြင့် လျင်မြန်စွာ ရယူပေးခဲ့သည်။ ဤနေရာရှိ လူအများစုမှာ ဆရာမ ဝမ်ယိကို သိကြပုံရပြီး သူမက ထိုကဲ့သို့ စျေးမကြီးသော အရာများကို ဝယ်ယူနေသည်ကို မြင်သောအခါ အရင်းစျေးအတိုင်းသာ ရောင်းချပေးခဲ့ကြသည်။

၎င်းက ကျန်းဟန်အတွက် အခွင့်အလမ်းကောင်း ဖြစ်သွားခဲ့သည်။ ငွေသုံးသောင်းယွမ်ဖြင့် သူသည် အဆင့် ၃ သွေးမီးတောက်သစ်သီး ၁၀ လုံး၊ အဆင့် ၂ သွေးဝိညာဉ်မြက် အပင်သုံးဆယ် နှင့် အဆင့် ၁ ဖျော်စပ်ပစ္စည်းအချို့ကိုပါ ဝယ်ယူနိုင်ခဲ့သည်။

“တကယ်ပဲ ကျေးဇူးတင်ပါတယ် အစ်မယီ။”

ကျန်းဟန်သည် ပစ္စည်းများကို ကိုင်ထားရင်း ဆရာမ ဝမ်ယိကို အလွန်ကျေးဇူးတင်နေမိသည်။ အကယ်၍ သူတစ်ယောက်တည်းသာ လာခဲ့ပါက ဤမျှများပြားသော အရာများကို သေချာပေါက် ဝယ်ယူနိုင်လိမ့်မည် မဟုတ်ပေ။

“ဒါက ဘာမှမဟုတ်ပါဘူး။”

ဆရာမ ဝမ်ယိက ကျန်းဟန်ကို မျက်စိတစ်ဖက် မှိတ်ပြကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“နောက်ထပ် မင်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားပေးမယ်။”

ဆရာမ ဝမ်ယိ၏ အမူအရာက အလွန်ပင် ညို့ငင်ဆွဲဆောင်မှု ရှိနေသဖြင့် ကျန်းဟန်မှာ မသိစိတ်မှပင် ခေတ္တမျှ ငေးမှိုင်သွားခဲ့သည်။

“ဘယ်လိုနေရာမျိုးလဲ။”

“ရောက်ရင် သိရမှာပေါ့။”

ဆရာမ ဝမ်ယိက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး မည်သည့်နေရာဖြစ်သည်ကို ကျန်းဟန်အား မပြောပြခဲ့ပေ။

သူတို့နှစ်ဦးသည် လမ်းအနည်းငယ်ကို ဖြတ်သန်းလျှောက်လှမ်းလာခဲ့ပြီးနောက် အလွန်ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုနေရာတွင် သတ္တုရိုင်းများစွာကို ပုံထားပြီး အောက်ဆုံးရှိ အမိုးအကာကြီးတစ်ခုအောက်တွင် လူများဖြင့် ပြည့်နှက် စည်ကားနေသည်။

“ဒါက ရတနာကျောက်တုံး လောင်းကစားဈေးကွက်လား။”

ကျန်းဟန် ဤနေရာက ဘာလဲဆိုသည်ကို သဘောပေါက်သွားခဲ့သည်။ ၎င်းမှာ ကျောက်မျက်ရတနာ လောင်းကစားဈေးကွက် ဖြစ်သည်။

ကျောက်စိမ်း သို့မဟုတ် မြရတနာများနှင့်မတူဘဲ ဤနေရာတွင် ခွဲထုတ်ရောင်းချသော လောင်းကစားကျောက်တုံးများသည် ဝိညာဉ်ပုံဆောင်ခဲမိုင်းတွင်းများမှ ထွက်ရှိသော တွဲဖက်သတ္တုရိုင်းများ ဖြစ်ကြသည်။ ဤသတ္တုရိုင်းများထဲတွင် ဝိညာဉ်အပင်များနှင့် ရှားပါးသတ္တုရိုင်းများသာမက ထူးဆန်းသော သားရဲတိရစ္ဆာန်အချို့အပြင် အမျိုးမျိုးသော အရာဝတ္ထုများ ပါဝင်နေတတ်သည်။

ထို့အပြင် ၎င်းတို့သည် ဝိညာဉ်ပုံဆောင်ခဲမိုင်းတွင်းများ၏ တွဲဖက်သတ္တုရိုင်းများ ဖြစ်ကြသောကြောင့် ၎င်းတို့အတွင်း၌ ထူးခြားဆန်းကြယ်သော စွမ်းအားများစွာ ပါဝင်နေသဖြင့် စိတ်ဝိညာဉ်စွမ်းအင်ဖြင့်ပင် ဖြတ်သန်းကြည့်ရှုရန် ခက်ခဲလှပေရာ ယင်းအချက်ကပင် ရတနာကျောက်တုံး လောင်းကစား လုပ်ငန်းကို သဘာဝအလျောက် ပေါ်ပေါက်လာစေခဲ့ခြင်း ဖြစ်သည်။

“ငါ ဒီကိုလာတိုင်း အမြဲတမ်း နှစ်ခါသုံးခါလောက် ဆော့ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီနားမှာ မိုင်းတွင်းတစ်ခု ရှိနေလို့ပဲ။ ဒီက လောင်းကစားကျောက်တုံးတွေကို အမျိုးအစား မခွဲခြားရသေးဘူး။ အားလုံးက ကျောက်ရိုင်းတုံးတွေချည်းပဲ။ မင်းလည်း စမ်းကြည့်ဖို့ နှစ်တုံးလောက် လာရွေးလိုက်လေ။ ငါ ဒကာခံမယ်။”

ဆရာမ ဝမ်ယိက ပြုံးကာ ပြောလိုက်သည်။

“ဒီနေရာက တော်တော်လေး တန်ဖိုးရှိတယ်လို့ ပြောရမယ်။”

“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် အစ်မယီ။ ကျွန်တော် ဒါမျိုး တစ်ခါမှ မစမ်းဖူးသေးတာနဲ့ အတော်ပဲ။”

ကျန်းဟန်က ခေါင်းညိတ်လိုက်ပြီး စမ်းသပ်လိုစိတ်များ ထကြွလာကာ ငြင်းဆန်မနေတော့ပေ။ ရံဖန်ရံခါတွင် အလွန်အမင်း ယဉ်ကျေးအားနာနေခြင်းက လူကို နေရထိုင်ရ ခက်ခဲစေနိုင်သည်။ ဘာပဲဖြစ်ဖြစ် ဆရာမ ဝမ်ယိက ပိုက်ဆံမရှားပါချေ။ ထို့ကြောင့် သူမအတွက် ပိုက်ဆံချွေတာပေးနေစရာ မလိုပေ။ နောင်ကျမှ သူမကို ပြန်လိုက်ကျွေးရန်သာ သူ စိတ်ထဲ မှတ်ထားလိုက်တော့သည်။

သို့သော်လည်း သူက ကံသက်သက်ကိုသာ အားကိုးရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် မည်သည့် ထူးခြားသော ပါရမီအရည်အချင်းမှ မရှိသောကြောင့်ပင်။

ရတနာကျောက်တုံး လောင်းကစားဆိုသည်မှာ အလွန်ဆန်းသစ်သောအရာ ဖြစ်သော်လည်း သူ၏ ယခင်ဘဝတွင်ရော ယခုဘဝတွင်ပါ တစ်ခါမျှ မစမ်းသပ်ဖူးခဲ့ချေ။

“အစ်မယီ ရောက်လာတာပဲ။ ဧည့်သည်လည်း ပါလာတာကိုး။ ကြိုက်သလို ကစားပါခင်ဗျာ။ ကျောက်ဖြတ်ခကတော့ အလကားပါ။”

ကျောက်ရိုင်းတုံး ဈေးကွက်ပိုင်ရှင်သည် ဆရာမ ဝမ်ယိကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် ချက်ချင်း လာရောက်နှုတ်ဆက်လာခဲ့သည်။ ဆရာမ ဝမ်ယိသည် ဤနေရာသို့ မကြာခဏ လာရောက်လေ့ရှိသည့် ဖောက်သည်ဟောင်းတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။

“အစ်မယီက ပြီးခဲ့တဲ့တစ်ခေါက်က ပန်းပွင့်မိစ္ဆာဥ တစ်လုံးကိုတောင် ဖွင့်နိုင်ခဲ့တယ်။ အစ်မယီရဲ့ ကံက တကယ်ကို ကောင်းလွန်းတာပဲ။”

“အစ်မယီ... အစ်မလာတာနဲ့ ကွက်တိပဲ။ ဒီကျောက်အသစ်တစ်သုတ်ထဲမှာ ရတနာတွေ အများကြီး ပါနေသလို ခံစားရတယ်။”

ရတနာကျောက်တုံး လောင်းကစား လုပ်နေကြသည့် ဖောက်သည်ဟောင်း အများအပြားကလည်း ဆရာမ ဝမ်ယိကို သိကြသဖြင့် ပြုံးရွှင်စွာ နှုတ်ဆက်လာကြသည်။

“ဟားဟား အားလုံးပဲ ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ကြပါစေ။ ငါက ငါ့ကျောင်းသားကို လာကစားပေးရင်း ငါကိုယ်တိုင်လည်း အပျော်သဘော နည်းနည်းလောက် ကစားမလို့ပါ။”

ဆရာမ ဝမ်ယိက သူတို့ကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်ပြီးနောက် ကျန်းဟန်ကို ကျောက်ရိုင်းတုံးများ ရှိရာဇုန်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

“အစပြုသူတွေက အမြဲတမ်း ကံကောင်းတတ်တယ်လို့ ပြောကြတယ်။ မင်းကို ဘယ်လို စည်းမျဉ်းစည်းကမ်းတွေဖြစ်ဖြစ်၊ ကျောက်ရိုင်းတုံး ဘယ်လိုရွေးရမလဲဆိုတာတွေကို ဖြစ်ဖြစ် ငါ ရှင်းမပြတော့ဘူး။ မင်းဘာသာမင်း ဒီထဲမှာ ပတ်ကြည့်ပြီး မင်းအထင် ကောင်းမယ်ထင်တဲ့ သုံးတုံးကို ယူခဲ့လိုက်။”

ဆရာမ ဝမ်ယိက ပြုံးကာ ပြောလိုက်သည်။ သူမသည် အတွေ့အကြုံမရှိသေးသူများကို ဤကဲ့သို့သော နေရာများသို့ ခေါ်ဆောင်လာပြီး ကစားခိုင်းရသည်ကို အလွန်သဘောကျသည်။

ငါးဖမ်းသလိုမျိုးပင်...အစပြုသူများတွင် အမြဲတမ်း ထူးခြားသော ကံတရားတစ်ခု ရှိတတ်ကြသည်။ သူတို့က အမှတ်မထင် ငါးမျှားလိုက်ရုံဖြင့် ငါးကြီးများကို ဖမ်းမိတတ်ကြသည်။

“ဒါဆိုရင်တော့... ကျွန်တော် ကံကောင်းမှုတွေ ရရှိဖို့အတွက် လူပျိုကြီးဘဝ အနှစ်နှစ်ဆယ်နဲ့ လဲလှယ်လိုက်ပါ့မယ်။”

ကျန်းဟန်က သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြောလိုက်သည်။ သူသည် ယခုအခြေအနေနှင့် ပတ်သက်ပြီး မည်သည့် ဗဟုသုတမှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည်မှာ အမှန်ပင် ဖြစ်သည်။

“ဟားဟားဟား ဒါဆိုရင် ကံကောင်းပါစေ။”

ဆရာမ ဝမ်ယိက ရယ်မောရင်း ပြောလိုက်သည်။

ကျောက်ရိုင်းတုံးဇုန်ထဲသို့ လျှောက်လှမ်းလာစဉ် ကျန်းဟန်သည် ထိုနေရာကို ဇုန်သုံးဇုန်အဖြစ် ရှင်းလင်းစွာ ခွဲခြားထားသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းမှာ စျေးနှုန်းအပိုင်းအခြား မတူညီမှုအပေါ် မူတည်၍ ခွဲခြားထားခြင်း ဖြစ်ပုံရသည်။

ခဏမျှ စဉ်းစားပြီးနောက် သူသည် ဇုန်တစ်ခုစီမှ တစ်တုံးစီ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

“ဒါဆို ဒီတစ်တုံးပဲ ယူမယ်။ အနီရောင်တစ်တုံး။”

ကျန်းဟန်က ဟိုဟိုဒီဒီ ရွေးချယ်လိုက်ပြီးနောက် ပထမဦးစွာ လူတစ်ဝက်စာ အမြင့်ရှိသော အနီရောင် ကျောက်တုံးတစ်တုံးကို ရွေးချယ်ခဲ့ပြီး ဆက်လက်ရွေးချယ်ရန် နောက်ထပ်ဇုန်တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုအတောအတွင်း လောင်းကစားသမားအချို့က ကျန်းဟန်၏ ကျောက်ရိုင်းတုံး ရွေးချယ်ပုံမှာ လုံးဝကို ကျပန်းနိုင်လွန်းနေသည်ကို မြင်သောအခါ ချက်ချင်းပင် စိတ်ဝင်စားသွားကြတော့သည်။

“အစ်မယီ... ငါတို့ လောင်းကြေးထပ်ကြမလား။ အစ်မရဲ့ ကျောင်းသားက အဖိုးတန်တဲ့အရာတစ်ခုခုကို ဖွင့်နိုင်မလား၊ မဖွင့်နိုင်ဘူးလား ဆိုတာကို လောင်းကြမလား။”

လောင်းကစားသမားတစ်ဦးက ပြုံးကာ ပြောလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်။ အစ်မယီ... အစပြုသူတွေမှာ ထူးခြားတဲ့ ကံတရား ရှိတတ်တယ်လို့ ပြောကြတယ် မဟုတ်လား။ အလောင်းအစား လုပ်ကြမလား။”

“လာလေ။ လောင်းကြေးအနည်းငယ် ထပ်ကြတာပေါ့။ ငါလည်း ဆုကြေးကို ထပ်တိုးပေးမယ်။ နိုင်တဲ့သူက ဒီဈေးကွက်ထဲက ကြိုက်တဲ့နေရာကနေ ကျောက်တုံးတစ်တုံးကို အလကား ရွေးချယ်ခွင့် ရစေရမယ်။”

ရတနာကျောက်တုံး လောင်းကစားဈေးကွက် ပိုင်ရှင်ကလည်း ပတ်ဝန်းကျင်ကို ပိုမိုစည်ကားလာစေရန် ရည်ရွယ်ချက်ဖြင့် အပြုံးတစ်ခုဖြင့် ဝင်ပြောလိုက်သည်။

ဆရာမ ဝမ်ယိက သူမရှေ့ရှိ လောင်းကစားသမားများကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းတို့အနက် အများစုမှာ လောင်းကစားစွဲနေသူများနှင့် မခြားနားပေ။ အခွင့်အရေးရလျှင် ရသလို လောင်းကြေးထပ်ချင်နေကြသည်။

“ကောင်းပြီလေ။ မင်းတို့ လောင်းချင်တယ်ဆိုရင်လည်း ငါ ကစားပေးရတာပေါ့။ တခြား စည်းမျဉ်းတွေနဲ့ ရှုပ်မနေတော့ဘဲ တိုက်ရိုက်ပဲ လောင်းကြမယ်။ ကျန်းဟန်က အနည်းဆုံး အဆင့် ၃ ရတနာ နှစ်ခု၊ ဒါမှမဟုတ် အဆင့် ၄ နဲ့ အထက် ရတနာ တစ်ခုကို ဖွင့်နိုင်လိမ့်မယ်လို့ ငါ လောင်းတယ်။ မင်းတို့ လောင်းကြေးထပ်ကြပါ။ တကယ်လို့ ရှုံးရင် ငါက နှစ်ဆ ပြန်လျော်ပေးမယ်။ ဘယ်သူ လောင်းရဲလဲ။”

ဆရာမ ဝမ်ယိက ပြုံးကာ ပြောလိုက်သည်။ သူမသည် ဘာကိုမျှ ကြောက်ရွံ့မနေပေ။ ဤနေရာရှိ လူအများစုမှာ အဆင့် ၃ သားရဲထိန်းချုပ်သူများသာ ဖြစ်ကြပြီး ၎င်းတို့ ထုတ်ပေးနိုင်သမျှ မည်သည့်ပစ္စည်းအတွက်မဆို သူမအနေဖြင့် ကောင်းကောင်း လျော်ပေးနိုင်စွမ်း ရှိသည်။

“ကောင်းပြီလေ။ ကျွန်တော် လောင်းမယ်။ သူ ဘာတစ်ခုမှ ဖွင့်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် လောင်းတယ်။ လောင်းကြေးကတော့ ကျွန်တော် ဒီနေ့ ရိတ်သိမ်းလာတဲ့ အဆင့် ၃ နှစ်တစ်ရာ ပန်းသစ်သားနှလုံးသားပဲ။”

“ကျွန်တော်လည်း လောင်းမယ်။ လောင်းကြေးကတော့ အဆင့် ၃ ဖန်သားဖြူ ကျောက်စိမ်းပန်းတစ်ပွင့်။”

“ငါ ဝိညာဉ်ပုံဆောင်ခဲဆယ်တုံး လောင်းမယ်။”

...

မကြာမီမှာပင် လူတစ်ဒါဇင်ကျော် လောင်းကြေးထပ်ခဲ့ကြပြီး လောင်းကြေးပမာဏများမှာလည်း သေးငယ်လှသည်မဟုတ်ပေ။ အားလုံးက အဆင့် ၃ ရတနာများ ဖြစ်ကြသည်။ ၎င်းတို့အနက် မည်သူတစ်ဦးမျှ ကျန်းဟန်အနေဖြင့် အဆင့် ၃ ရတနာ နှစ်ခုထက်မက သို့မဟုတ် အဆင့် ၄ နှင့် အထက် ရတနာတစ်ခုကို ဖွင့်နိုင်လိမ့်မည်ဟု မယုံကြည်ကြသည်မှာ ရှင်းလင်းလှသည်။

ဤနေရာတွင် ဇုန်သုံးဇုန် ရှိသည်။ အောက်ဆုံးဘက် အကျဆုံးဇုန်မှာ အဆင့် ၃ ရတနာများကို ဖွင့်ရန် အတော်လေး လွယ်ကူသော်လည်း အခြားဇုန်နှစ်ခု၏ ပေါက်နိုင်ခြေမှာမူ အလွန်ပင် နိမ့်ပါးလှသည်။ အထူးသဖြင့် ကျန်းဟန် အစောပိုင်းက ရွေးချယ်ထားပြီးသား ကျောက်တုံးနှစ်တုံးကို အချို့လူများ မြင်တွေ့ခဲ့ကြပြီးဖြစ်ရာ ၎င်းတို့သည် ကျန်းဟန်အပေါ် ပို၍ပင် အကောင်းမမြင်နိုင် ဖြစ်နေကြတော့သည်။

All Chapters