အခန်း ၆၉
Vol. 7 Ch. 69
အခန်း ၆၉
“ဟင်း... ဒါဆို ဒီတစ်တုံးပဲ ယူလိုက်မယ်။”
ကျန်းဟန်သည် သူ့ရှေ့ရှိ လူတစ်ကိုယ်စာအရွယ်အစားရှိသော စိမ်းပြာရောင် ကျောက်တုံးကြီးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“ဒါက ကျွန်တော် ရွေးချယ်တဲ့ နောက်ဆုံးကျောက်တုံးပဲ။”
ဒီမတိုင်ခင်က သူရွေးထားသည့် လူတစ်ဝက်စာ အမြင့်ရှိသော အနီရောင်ကျောက်တုံးအပြင် လက်ဆေးကန် အရွယ်အစားခန့်ရှိသော မီးခိုးညိုရောင် ကျောက်တုံးတစ်တုံးလည်း ရှိသေးသည်။
“သူဌေး... ကျောက်တုံးတွေကို မြန်မြန်လေး ဖွင့်ပေးပါဦး။ သွက်သွက်လေး လုပ်ပေးနော်။”
ကျန်းဟန် တစ်ယောက် ရွေးချယ်လို့ပြီးသွားသည်ကို မြင်သောအခါ ထိုလူများသည် ကျန်းဟန်ကိုယ်တိုင်ထက်ပင် ပိုမိုစိတ်လောနေကြပြီး ကျောက်တုံးများ ပွင့်လာမည့်အရေးကို မအောင့်နိုင်မအီးနိုင် ဖြစ်နေကြတော့သည်။
“ဘာတွေ လောနေကြတာလဲ။ အလောတကြီးလုပ်ရင် အလုပ်ပျက်တတ်တယ်။”
ဆိုင်ရှင်က တစ်ခွန်းရေရွတ်လိုက်ပြီးနောက် သူ၏ သားရဲကိုခေါ်ကာ ကျန်းဟန်ရွေးချယ်ထားသော ကျောက်တုံးသုံးတုံးကို ကျောက်ဖြတ်သည့် အလုပ်ရုံဆီသို့ သယ်ဆောင်သွားစေခဲ့သည်။
“အားလုံးပဲ ဒီကျောက်တုံးတွေကို ဘယ်လိုမြင်ကြလဲ။ တစ်တုံးတည်းကနေတောင် အဖိုးတန်တာတစ်ခုခု ထွက်လာနိုင်ပါ့မလား။”
ကျောက်တုံးများကို မြင်သောအခါ မိမိကိုယ်ကိုယ် ကျောက်မျက်ကျွမ်းကျင်သူများဟု သတ်မှတ်ထားကြသည့် လောင်းကစားသမားတစ်စုက စစ်ဆေးရန် ရှေ့သို့ တိုးလာခဲ့ကြသည်။
“မကောင်းဘူး။ ဒီအနီရောင်ကျောက်တုံးက အရမ်းအကြမ်းဆန်လွန်းတယ်။ ဒါက အခြေခံအားဖြင့် အမှိုက်ပစ္စည်းပဲ။ ငါသာဆိုရင် ဒါကို သေချာပေါက် ရွေးမှာမဟုတ်ဘူး။”
“အတိအကျပဲ။ ဒီအနီရောင်ကျောက်တုံးက အရမ်းမာကျောပြီး ချွန်ထက်လွန်းတယ်။ အထဲမှာ ဘာမှမရှိဖို့ ရာခိုင်နှုန်း တော်တော်များတယ်။ ဒီတစ်ခေါက်တော့ ငါတို့ နိုင်ဖို့ သေချာသလောက်ပဲ။”
“ဒီမီးခိုးညိုရောင်တစ်တုံးက ပိုတောင်ဆိုးသေးတယ်။ အရမ်းပြားလွန်းတယ်။ ငါမှတ်မိသလောက်ဆို ဒါ ဒီမှာရှိနေတာ သုံးလကျော်ပြီ။ ဘယ်သူမှ လာမထိကြဘူး။”
“ဒီစိမ်းပြာရောင်တစ်တုံးပဲ တော်သေးတယ်လို့ ပြောရမယ်။ ဒါပေမဲ့ တစ်တုံးကို တစ်သိန်းတန်တဲ့ ပထမတန်းစားဇုန်ထဲမှာတောင် ဒါက တော်တော်လေး အရည်အသွေး ညံ့ဖျင်းတယ်။ အထဲကနေ အဆင့် ၃ ရတနာတစ်ခု ထွက်လာရင်တောင် ဒါက အမြင့်ဆုံး ကန့်သတ်ချက်ပဲ ဖြစ်လိမ့်မယ်။”
“ဟားဟားဟား အစ်မယီ... ဒီတစ်ခေါက်တော့ ငါတို့ နိုင်ပြီပဲ။ တကယ်ကို အားနာပါတယ်။”
“အမှန်ပဲ...အစ်မယီ ကျောက်တုံးလောင်းကစားလောကမှာ အစပြုသူတွေရဲ့ ကံတရားဆိုတာကြီးက သိပ်ပြီး အားကိုးလို့မရဘူး ထင်တယ်နော်။”
ထိုလူစုမှာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြ၏။ ကျောက်တုံးများကို မဖွင့်ရသေးသော်လည်း ၎င်းတို့မှာ ရလဒ်ကို ကြိုတင်မြင်တွေ့ထားပြီးသည့်အတိုင်း ဖြစ်နေကြသည်။
“မဖွင့်ရသေးတာကို ဘာတွေ ဒီလောက် ပျော်နေကြတာလဲ။ ခဏနေရင်လည်း မင်းတို့ ဒီလိုပဲ ဝင့်ဝင့်ကြွားကြွား ပြောနိုင်ဦးမလားဆိုတာ ငါ ကြည့်ချင်သေးတယ်။”
ဆရာမ ဝမ်ယိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ဟားဟားဟား အစ်မယီကလည်း စိတ်မဆိုးပါနဲ့။ ရှုံးတာက ကိစ္စအကြီးကြီး မဟုတ်ပါဘူး။ အစ်မရဲ့ များပြားလှတဲ့ စည်းစိမ်တွေနဲ့ဆိုရင် ကျုပ်တို့ရဲ့ ဒီလောင်းကြေး အသေးအမွှားလေးတွေကို စိတ်ထဲတောင် ထားမှာမဟုတ်ပါဘူး ဟုတ်တယ်မလား။”
တစ်စုံတစ်ယောက်က ရယ်မောပြီး အခြေအနေကို ပြေလည်အောင် ဝိုင်းပြောလိုက်သည်။
“အပိုတွေ ပြောမနေနဲ့။ ကျောက်တုံးတွေကို ဖွင့်ပြီး တကယ့်ရလဒ်ကိုပဲ ကြည့်ကြရအောင်။”
ဆရာမ ဝမ်ယိက အေးစက်စွာ နှာခေါင်းရှုံ့ရင်း ဆက်ပြောသည်။
“မင်းတို့တွေသာ တကယ် အဲဒီလောက် တော်နေကြရင် ကျောက်တုံးလောင်းကစားလောကရဲ့ ဆရာကြီးတွေ ဖြစ်ကုန်ကြပြီပေါ့။”
“ဒါဆိုရင်တော့ ဒီနေရာမှာတင် ချက်ချင်း ဖွင့်ကြတာပေါ့။ ရေမိစ္ဆာ ထွက်ခဲ့စမ်း။”
ရတနာကျောက်တုံး လောင်းကစားဈေးကွက် ပိုင်ရှင်သည် အဆင့် ၄ ရေမိစ္ဆာတစ်ကောင်ကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ ဤရေမိစ္ဆာသည် အထက်ပိုင်းက လူသားပုံသဏ္ဍာန်ရှိသော်လည်း အောက်ပိုင်းမှာမူ အပြာရောင် မြွေအမြီး ဖြစ်သည်။ ၎င်းကို စီးဆင်းနေသော အပြာရောင်ရေများဖြင့် ဖွဲ့စည်းထားပုံရပြီး ၎င်း၏နောက်တွင် အပြာရောင် အမြီးများနှင့် ဖဲကြိုးများစွာ ပါရှိသည်။ ၎င်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အပြာရောင် အလင်းကွင်းတစ်ခု စုစည်းနေသဖြင့် အလွန် လှပတင့်တယ်ပြီး ကျော့ရှင်းလှပေသည်။
ရေမိစ္ဆာသည် သူ့ရှေ့ရှိ ကျောက်တုံးများကို တစ်ချက်ကြည့်လိုက်ပြီး ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာကာ ၎င်းတို့ကို အထက်သို့ မြှောက်တင်လိုက်သည်။ ထို့နောက် ကျောက်တုံးများကို ဝိုင်းရံထားသည့် ရေစက်ကွင်းများကို ဖြစ်ပေါ်စေကာ အရှိန်အဟုန်ဖြင့် လှည့်ပတ် ဖြတ်တောက်လိုက်တော့သည်။ ဤနည်းလမ်းသည် အတွင်းထဲရှိ ရတနာများ မပျက်စီးစေရန် အကောင်းဆုံး အာမခံချက် ပေးနိုင်သည်။
ကျန်းဟန်မှာမူ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ဤလူများသည် သူ့ကို အကြောင်းပြုပြီး အလောင်းအစားတစ်ခု လုပ်လိုက်ကြသည် မဟုတ်ပါလော။ တကယ်လို့ သူ ရှုံးသွားခဲ့ရင် တော်တော်လေး အရှက်ရစရာ ဖြစ်မသွားပေဘူးလော။
“သိပ်ပြီး အများကြီးတွေးမနေနဲ့။ ငါ လောင်းရဲကတည်းက ရှုံးဖို့အတွက် ပြင်ဆင်ထားပြီးသားပဲ။ ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး။”
ဆရာမ ဝမ်ယိက ကျန်းဟန်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ဒါ့အပြင် ငါကတော့ မင်း မရှုံးဘူးလို့ ထင်တယ်။ ပါရမီရှင်တွေမှာ အများအားဖြင့် အရမ်း အားကောင်းတဲ့ ကံတရား ရှိတတ်ကြစမြဲပဲ။”
“သူတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ ဝေဖန်အကဲဖြတ်မှုတွေကိုလည်း စိတ်ထဲမထားနဲ့။ သူတို့သာ တကယ် အရည်အချင်းရှိရင် ဒီနေရာမှာ အခုထိ အချိန်ဖြုန်းနေကြမှာ မဟုတ်ဘူး။”
“ရပါတယ်။ ကျွန်တော်လည်း ကံကောင်းမှုတွေ ရဖို့အတွက် လူပျိုကြီးဘဝ အနှစ်နှစ်ဆယ်နဲ့ လဲလှယ်ထားတာဆိုတော့ ကံကောင်းခြင်းတွေက ကျွန်တော့်ဆီ ရောက်လာလိမ့်မယ်လို့ ယုံကြည်တယ်။”
ကျန်းဟန်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ လောင်းကစားစွဲနေသူများတွင် ကောင်းမွန်သော ကံတရား ရှိမနေနိုင်သဖြင့် ထိုကံကောင်းခြင်းများမှာ သေချာပေါက် သူ၏အရာသာ ဖြစ်ရမည်ဟု သူ ခံစားနေရသည်။
“ဟားဟားဟား ငါလည်း အဲလိုပဲ ယုံကြည်တယ်။”
ဆရာမ ဝမ်ယိက ရယ်မောပြီး ကျန်းဟန်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
မကြာမီမှာပင် ပထမဆုံး အနီရောင်ကျောက်တုံးမှာ လက်ဆေးကန်အရွယ်အစားခန့်အထိ သေးငယ်သွားပြီး အတွင်းရှိအရာမှာ ပေါ်လာတော့မည့်ဆဲဆဲ ဖြစ်နေသည်။
“ထွက်လာပြီ။ ဒါက အဆင့် ၂ မိစ္ဆာသားရဲတစ်ကောင်ရဲ့ အရိုးစု ကျောက်စိမ်းလို ဖြစ်နေတဲ့ အကြွင်းအကျန်ထင်တယ်။”
ရတနာကျောက်တုံး လောင်းကစားဈေးကွက် ပိုင်ရှင်က ယခုတင် ပွင့်လာသော မိစ္ဆာသားရဲအရိုးစုကို ထုတ်ယူကာ မြေပြင်ပေါ်သို့ တင်ရင်း ပြောလိုက်သည်။
“ဟားဟားဟား ငါ ထင်တာ လုံးဝမမှားဘူးဆိုတာ သိသားပဲ။ ဒီလိုကျောက်တုံးမျိုးကနေ ဘာမှထွက်လာဖို့ မဖြစ်နိုင်ဘူး။”
“အတိအကျပဲ။ တစ်ချက်ကြည့်လိုက်တာနဲ့ သိသာနေတာပဲလေ။”
ကျောက်မျက်လောင်းကစားသမားတစ်စုက ပျော်ရွှင်စွာ ရယ်မောလိုက်ကြသည်။
“ဆက်လုပ်။”
ဆရာမ ဝမ်ယီက သူတို့ကို ဂရုစိုက်မနေတော့ဘဲ တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
ဒုတိယမြောက် ဖွင့်လှစ်လိုက်သည့်အရာမှာ လက်ဆေးကန်အရွယ်အစားရှိသော မီးခိုးညိုရောင် ကျောက်တုံး ဖြစ်သည်။ ထိုကျောက်တုံးမှာ မူလကတည်းက သေးငယ်ပြီးသားဖြစ်ကာ အသားကလည်း ပွစိစိရှိနေသဖြင့် မိနစ်ဝက်မပြည့်မီမှာပင် ကျောက်တုံး၏ ထက်ဝက်ကျော်မှာ ဖြတ်တောက်ခြင်း ခံလိုက်ရပြီး ဖြစ်သည်။
“ဟားဟား ဒီကျောက်တုံးကလည်း မျှော်လင့်ချက် သိပ်မရှိပါဘူး။”
“ဟုတ်တယ်။ ဒါက အရမ်းပြားလွန်းတယ်။ ဘာကောင်းတာမှ ဝှက်ထားနိုင်မှာ မဟုတ်ဘူး။”
“အတိအကျပဲ။ ထက်ဝက်တောင် ပြတ်သွားပြီ။ ဘာမှမရှိဖို့များ... အမေရေ... ဘယ်လိုတောင် ပြင်းထန်တဲ့ ဖိအားကြီးလဲ။”
မိမိကိုယ်ကိုယ် ကျောက်မျက်ကျွမ်းကျင်သူများဟု သတ်မှတ်ထားကြသည့် ထိုလူစုမှာ ကျောက်တုံးကို လက်ညှိုးထိုး ဝေဖန်နေကြစဉ် ရုတ်တရက်ဆိုသလို အလွန်အမင်း ပြင်းထန်လှသော ဖိအားတစ်ခုက အတွင်းထဲမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ရေမိစ္ဆာပင်လျှင် အလစ်အငိုက် မိသွားခဲ့ရပြီး ကျောက်တုံးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့ရသည်။
“သေစမ်း... ဒါက ဘယ်အဆင့်ရှိတဲ့အရာမို့လို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအားမျိုး ရှိနေရတာလဲ။”
“ဒါက သက်ရှိသတ္တဝါတစ်ကောင်များလား။ ဖိအားက ဘာလို့ ဒီလောက် ထိတ်လန့်ဖို့ကောင်းနေရတာလဲ။”
“မဖြစ်နိုင်ဘူး။ ဒါက သိပ္ပံနည်းမကျဘူး။ ဒီလောက်သေးတဲ့ ကျောက်တုံးထဲမှာ သက်ရှိသတ္တဝါတစ်ကောင် ရှိနေနိုင်ပါ့မလား။”
လောင်းကစားသမားများ၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင်ဖြင့် ကြည့်နေကြသော်လည်း တကယ်တမ်းတွင်မူ သူတို့၏ ရင်ထဲ၌ သွေးစိမ်းရှင်ရှင် ယိုနေကြပြီ ဖြစ်သည်။
သောက်ကျိုးနည်းကွာ... ဒါမျိုးလည်း ဖြစ်နိုင်သေးတာလား။
“အို... ဘာလို့ ဆက်မပြောကြတော့တာလဲ။ စောစောကတင် တော်တော်လေး ပျော်ပျော်ပါးပါး ခုန်ပေါက်နေကြတာ မဟုတ်ဘူးလား။”
ဤအချိန်တွင် ဆရာမ ဝမ်ယိက အေးစက်စွာ ရယ်မောရင်း သူတို့ကို သရော်လိုက်သည်။
“ဟို... အစ်မယီ၊ ကျွန်တော်တို့ အခု အရှုံးပေးပြီး လောင်းကြေး ထက်ဝက်ပဲ လျော်လို့ မရဘူးလားဗျာ။”
တစ်စုံတစ်ယောက်က အရှက်မရှိဘဲ ဝင်မေးလိုက်သည်။ သူတို့က သေချာပေါက် နိုင်မည့်ပွဲဟု ထင်မှတ်ထားခဲ့သော်လည်း လမ်းခရီးအလယ်တွင် လှည်းမှောက်သွားခဲ့ရသည်။ ဤခံစားချက်က ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသည်ထက်ပင် ပိုမိုဆိုးဝါးလှသည်။
“အဟင်း...မင်းတို့ကော ဘယ်လိုထင်လဲ။ ဒီလောင်းကြေးကို မင်းတို့ကိုယ်တိုင် စပြီး ကမ်းလှမ်းခဲ့တာ မဟုတ်ဘူးလား။”
ဆရာမ ဝမ်ယိက ပြန်လည်ချေပလိုက်သည်။
“တောက်... အဆုံးမှာတော့ ငါတို့ မြေခွေးတွေ မျက်စိအလင်းအိမ် ပျက်ခဲ့ရပြီပဲ။”
ထိုလူစုမှာ သူတို့၏ လုပ်ရပ်အတွက် နောင်တရနေကြတော့သည်။
“ဆက်ပြီး ဖွင့်လိုက်ပါ။ ငါ ဘာလဲဆိုတာ ကြည့်ချင်သေးတယ်။ ဖြစ်နိုင်တာက ဒီဖိအားက ကျန်ရစ်နေတဲ့ အငွေ့အသက်ကြောင့်ပဲ ဖြစ်နေမလား။”
တစ်စုံတစ်ယောက်က လက်မလျှော့ချင်သေးဘဲ ပြောလိုက်သည်။
ဤအချိန်တွင် ရတနာကျောက်တုံး လောင်းကစားဈေးကွက် ပိုင်ရှင်သည် ကျန်းဟန် နှင့် ဆရာမ ဝမ်ယိတို့ကို ကြည့်လိုက်၏။ ဆက်ဖွင့်မလား၊ မဖွင့်ဘူးလားဆိုသည်မှာ ၎င်းတို့အပေါ်တွင်သာ မူတည်သောကြောင့် ဖြစ်သည်။
“ဒါဆိုရင်လည်း အပြီးအပြတ်သာ ဖွင့်လိုက်ပါ။”
ဆရာမ ဝမ်ယိသည် မည်သူကမှ သူမကို လာရောက်လုပ်ကြံမည်ကို မကြောက်ပေ။ ဤနေရာရှိ လူအားလုံး ပေါင်းလိုက်လျှင်ပင် သူမ၏ ပြိုင်ဘက် မဟုတ်ကြချေ။
ထို့အပြင် ဤလောင်းကစားသမားများ၏ မျက်နှာပျက်နေသည့် အမူအရာများက သူမကို အလွန် စိတ်ကျေနပ်မှု ရရှိစေသည်။
သူတို့ အစက ဝင့်ဝင့်ကြွားကြွား လုပ်နေကြတာ မဟုတ်ဘူးလား။ အခု... ဆက်လုပ်ကြဦးလေ။
ကံကောင်းထောက်မစွာဖြင့် ရေမိစ္ဆာမှား အဆင့် ၄ သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းသည် ဖိအားကို အံကြိတ်ခံကာ ကျောက်တုံးကို အပြီးအပြတ် ဖြတ်တောက်ဖွင့်လှစ်နိုင်ခဲ့သည်။ ပေါ်လာသောအရာမှာ မကြီးမားလှဘဲ လက်ဖဝါးခန့်သာ ရှိသည်။ တစ်ကိုယ်လုံး ငွေခရမ်းရောင် ရှိနေပြီး မပြည့်စုံသော ချွန်ထက်သည့် ဦးချိုအကျိုးတစ်ခု ဖြစ်သည်။
“ဒါက ဘယ်သူ့ဦးချိုလဲ။ အဆင့် ၄ ဒါမှမဟုတ် ၅ လောက်ပဲ ရှိတယ်လို့ ခံစားရတာကို။ ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအားမျိုး ရှိနေရတာလဲ။ အဆင့် ၆ သားရဲတစ်ကောင်တောင်မှ ဒီထူးခြားတဲ့ ဖိအားအောက်မှာ ဖိနှိပ်ခံရလိမ့်မယ်လို့ ငါ ခံစားနေရတယ်။”
တစ်စုံတစ်ယောက်က ထိုဦးချိုကျိုးကို ဇဝေဇဝါဖြင့် ကြည့်ကာ ပြောလိုက်သည်။
ရတနာကျောက်တုံး လောင်းကစားဈေးကွက် ပိုင်ရှင်က ဆရာမ ဝမ်ယိကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ဂုဏ်ပြုစကား ဆိုလိုက်သည်။
“အစပြုသူတွေရဲ့ ကံတရားက တကယ် အားကောင်းတာပဲ။ အစ်မယိတော့ ဒီတစ်ခေါက် ကံထူးသွားပြီ။ ကျွန်တော် အကြည့်မမှားဘူးဆိုရင် ဒါက ခရမ်းရောင် မိုးကြိုးနဂါးရဲ့ ဦးချိုကျိုးပဲ ဖြစ်ရမယ်။”
“အမေရေ... နဂါးဦးချိုတဲ့လား။ ဒဏ္ဍာရီတွေအရ လွန်ခဲ့တဲ့ အနှစ်တစ်ရာက ဒီမိုးကြိုးတောင်မှာ နဂါးတစ်ကောင် နေထိုင်ခဲ့ဖူးတယ်လို့ ပြောကြတာ တကယ်ပဲပေါ့။”
“နဂါးဦးချိုတဲ့လား။ တောက်... ငါ ဘာလို့ ဒီကျောက်တုံးကို စောစောစီးစီး မဝယ်ခဲ့မိပါလိမ့်။ ဖြစ်မှဖြစ်ရလေ။ အဲဒီမိုးကြိုးနဂါးက အဆင့် ၅ ဧကရာဇ်အဆင့်ရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်နေပြီမို့ အဆင့် ၆ ကို ကူးပြောင်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလို့ ပြောကြတယ်။ တကယ့်နဂါးအဖြစ်တောင် ပြောင်းလဲသွားခဲ့တာ ဖြစ်နိုင်တယ်။”
“ဟားဟား ဒါက ငါ့ရဲ့ တော်လှတဲ့ ကျောင်းသားလေးကြောင့်ပဲ။”
ဆရာမ ဝမ်ယိက ရယ်မောရင်း နဂါးဦးချိုကို တိုက်ရိုက်ယူကာ တစ်ချက်ကြည့်ပြီးနောက် သူမ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ထည့်သိမ်းလိုက်တော့သည်။