← Chapters

အခန်း ၈၁၃

Vol. 40 Ch. 813

အခန်း ၈၁၃

Vol. 40 Ch. 813

အခန်း(၈၁၃) စာရင်းရှင်းခြင်း

အစောင့်သည် ချင်ယွမ်ဖုန်းနှင့် မေတို့ကို ဧည့်ခန်းတံခါးဝအထိ လိုက်လံပို့ဆောင်ပေးပြီးနောက် ပြန်လည်ထွက်ခွာသွားချေသည်။

နေရောင်ခြည် ဖြာကျနေသည့်တိုင် အိုဝင်သည် ချင်ယွမ်ဖုန်းနှင့် မေတို့၏ ရုပ်သွင်ကို သဲသဲကွဲကွဲ မမြင်ရသေးပေ။

“ကြွပါ... ထိုင်ကြပါဦး မိတ်ဆွေတို့၊ ကျွန်ုပ်နဲ့ ဘာကိစ္စ ဆွေးနွေးချင်လို့လဲ”

အိုဝင်က မိမိကိုယ်မိမိ အရှိန်အဝါရှိသူတစ်ဦးကဲ့သို့ ဟန်ဆောင်ကာ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။

ချင်ယွမ်ဖုန်းနှင့် မေတို့သည် သူ၏အနီးသို့ လျှောက်လှမ်းလာကြရာ ထိုအိုဝင်ဆိုသူမှာ ယခင်က သူတို့အား ကျွန်အဖြစ် ရောင်းချရန် ကြံစည်ခဲ့သည့် ကျွန်ပိုင်ရှင် အစစ်အမှန်ဖြစ်ကြောင်း ချက်ချင်းပင် မှတ်မိသွားကြတော့သည်။

အိုဝင်သည် မိမိ၏ ဟန်ပန်ကို ပြင်ဆင်နေဆဲဖြစ်ရာ နှစ်ပေါင်းများစွာ စီးပွားရေးလောကတွင် ကျင်လည်ခဲ့သဖြင့် အတွေ့အကြုံ အချို့ရှိထားပေသည်။ မိမိကိုယ်မိမိ ခန့်ညားထည်ဝါပြီး ခြောက်ခြားဖွယ် အရှိန်အဝါမျိုး ဖန်တီးထားနိုင်မှသာ စီးပွားရေး ကိစ္စရပ်များကို အလွယ်တကူ ဆွေးနွေးနိုင်မည် မဟုတ်လော။

သို့သော်လည်း ချင်ယွမ်ဖုန်းနှင့် မေတို့ကို အနီးကပ် မြင်လိုက်ရသည့် ခဏတွင်မူ သူ၏ခြေထောက်များ ခွေညွတ်သွားပြီး ယခုလေးတင် တည်ဆောက်ထားသည့် ကြီးမားသော အရှိန်အဝါတို့သည်လည်း သဲထဲရေသွန် ဖြစ်သွားရကာ မျက်ဝန်းအစုံ၌ ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်သွားတော့သည်။

“မင်း... မင်းတို့... မင်းတို့...”

အိုဝင်သည် “မင်းတို့” ဟူသော စကားလုံးကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေမိပြီး စကားကို ဆုံးအောင် မပြောနိုင်တော့ပေ။

“ဘာလဲ... သခင်ကြီးအိုဝင်၊ ကျွန်တော်တို့ကို မမှတ်မိတော့ဘူးလား”

ချင်ယွမ်ဖုန်းက ပြုံးလျက် မေးမြန်းရင်း အနီးရှိ ကုလားထိုင်တစ်ခုတွင် ဝင်ရောက်ထိုင်လိုက်ချေသည်။

မေသည် များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော်လည်း ချင်ယွမ်ဖုန်းမှာမူ ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိပေ။ အိုဝင်သည် ထိုစဉ်က ချင်ယွမ်ဖုန်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ဖူးသဖြင့် လုံးဝ မှားယွင်းနိုင်ခြင်း မရှိချေ။

သူသည် အပြင်ရှိ အစောင့်များ ဝင်ရောက်ကယ်ဆယ်နိုင်ရန် အော်ဟစ်အကူအညီတောင်းခံချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေမိသည်။

သို့သော် ချင်ယွမ်ဖုန်းက အိုဝင်၏ အတွေးကို အကဲခတ်မိပုံရကာ ခေါင်းကို ဖြည်းညင်းစွာ ရမ်းခါလိုက်ပြီး ထပ်လောင်းဆို၏။

“သခင်ကြီးအိုဝင်... ကျွန်တော့်အနေနဲ့ ခင်ဗျားကို အော်မဟစ်ဖို့ အကြံပြုချင်တယ်၊ မဟုတ်ရင် ခင်ဗျားပဲ ဒီနေရာမှာ ပထမဆုံး သေရလိမ့်မယ်”

အိုဝင်သည် ထိတ်လန့်တုန်လှုပ်သွားရကာ ကျောပြင်တစ်ခုလုံးတွင်လည်း ချွေးစေးများ စီးကျလာချေသည်။ ချင်ယွမ်ဖုန်းနှင့် မေတို့သည် လမ်းခရီးတစ်လျှောက်တွင် မြောက်မြားစွာသော မှူးမတ်မျိုးနွယ်စုများကို သုတ်သင်ခဲ့ပြီး အိမ်တော်၌ သိုင်းပညာရှင် အစောင့်အရှောက်များ ထားရှိသည့် မှူးမတ်များပင် သူတို့အား တားဆီးနိုင်ခြင်း မရှိခဲ့ကြောင်းကို ပြန်လည်သတိရသွားမိပေသည်။

သူကဲ့သို့ သာမန် မှူးမတ်ငယ်တစ်ဦးက ၎င်းတို့အား မည်သို့လျှင် ယှဉ်ပြိုင်နိုင်ပါမည်နည်း။

ထို့ကြောင့် အိုဝင်သည် ချက်ချင်းပင် မတ်တတ်ရပ်ကာ ခါးကို ညွတ်ကိုင်းလျက် ချင်ယွမ်ဖုန်းအနီးသို့ ရိုကျိုးစွာ ချဉ်းကပ်လာခဲ့သည်။

“ဟို... ယခင်က ကျွန်ုပ် မှားခဲ့မိပါတယ်၊ ကျွန်ုပ် မျက်စိမွဲလို့ ခင်ဗျားတို့ရဲ့ အစွမ်းကို မသိခဲ့ရပါဘူး၊ ကျွန်ုပ် သေတိုက်ပါတယ်... သေတိုက်ပါတယ်”

အိုဝင်သည် မိမိ၏ ပါးကို မိမိ အကြိမ်ကြိမ် ဖြတ်ရိုက်လေရာ မကြာမီပင် နှုတ်ခမ်းထောင့်မှ သွေးစများ စီးကျလာပြီး မျက်နှာတစ်ခုလုံး ဖူးရောင်သွားတော့သည်။

“တော်တော့... ကျွန်တော်တို့က ခင်ဗျား ကိုယ့်ပါးကိုယ် ရိုက်နေတာကို လာကြည့်တာ မဟုတ်ဘူး၊ မေးစရာ မေးခွန်းအချို့ ရှိလို့ပဲ”

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်၏။

အိုဝင်က ပျာပျာသလဲ ခေါင်းညိတ်ပြလျက် “မေးပါ... သိသမျှအကုန် အမှန်အတိုင်း ဖြေပါ့မယ်” ဟု ဆိုသည်။

ချင်ယွမ်ဖုန်းသည် စိတ်ထဲမှ လှောင်ပြုံး ပြုံးမိချေသည်။ ဤအိုဝင်ဆိုသည့် လူစားမျိုးမှာ အခြေအနေကို လိုက်၍ အလွန်မျက်နှာလိုမျက်နှာရ လုပ်တတ်သူ ဖြစ်ပေရာ နှမြောစရာကောင်းသည်မှာ သူသည် ယုတ်မာရက်စက်သည့် ကျွန်ပိုင်ရှင်တစ်ဦး ဖြစ်နေခြင်းပင်။ အကယ်၍ ဤသည်မှာ ကမ္ဘာမြေ၏ ခေတ်ဟောင်းလူ့အဖွဲ့အစည်းသာ ဖြစ်ပါက သူသည် ပြင်းပြင်းထန်ထန် ဝေဖန်ဆန့်ကျင်ခြင်းကို ခံရမည် ဖြစ်တန်ရာသည်။

“ပထမဆုံး... ခင်ဗျား မေကို ဘယ်ကနေ ရခဲ့တာလဲ”

ချင်ယွမ်ဖုန်းက အေးစက်စွာ မေးမြန်းလိုက်၏။

အိုဝင်၏ ရင်ထဲ၌ မကောင်းသော နိမိတ်တစ်ခု တဖွားဖွား ပေါ်ပေါက်လာရကာ မေ၏ထံသို့ လှည့်ကြည့်မိရင်း စိတ်ထဲတွင်လည်း ခါးသီးမှုကို ခံစားလိုက်ရသည်။

အကယ်၍ မေသည် ဤမျှအထိ လှပလာမည်ကို ကြိုတင်သိရှိခဲ့ပါက သူမအား မည်သည့်အခါမျှ အပြင်သို့ ထုတ်ပြမည် မဟုတ်ဘဲ မိမိ၏ အိပ်ရာကို နွေးထွေးစေရန် အိမ်၌သာ သိမ်းဆည်းထားမိမည် ဖြစ်ပေသည်။

သို့သော်လည်း ယခုအချိန်တွင်မူ ထိုသို့သော အတွေးကို စိတ်ထဲ၌သာ တွေးဝံ့ရဲပြီး အပြင်သို့ ထုတ်ဖော်ပြောဆိုရန်မူ လုံးဝ ဝံ့ရဲခြင်း မရှိတော့ပါချေ။

“ဒါက... မှူးမတ်အက်ဒီဆီကနေ ဝယ်ယူခဲ့တာပါ၊ ဒါပေမဲ့ အသေးစိတ်ကိုတော့ ကျွန်ုပ် သေချာမမှတ်မိတော့ဘူး၊ ဒါပေမဲ့ ကျွန်ုပ်ဆီမှာ မှတ်တမ်းစာအုပ် ရှိပါတယ်၊ သွားယူပေးပါ့မယ်”

အိုဝင်က ပျာပျာသလဲ ဆိုသည်။

“မလိုဘူး... ကျွန်တော်တို့ကို အဲဒီစာရင်းစာအုပ်ရှိရာဆီပဲ ခေါ်သွားပါ”

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်ချေသည်။

အိုဝင်သည် ချင်ယွမ်ဖုန်းနှင့် မေတို့ကို စာကြည့်တိုက်ခန်းသို့ ခေါ်ဆောင်သွားပြီးနောက် သူ ကိုင်တွယ်ခဲ့ဖူးသမျှသော ကျွန်များ၏ အဝယ်နေ့စွဲ၊ ဝယ်စျေး၊ အရောင်းစျေးနှင့် ရောင်းချသည့် နေ့စွဲစသည်တို့ကို အသေးစိတ် မှတ်တမ်းတင်ထားသည့် ထူထဲသော စာလိပ်ကြီးတစ်ခုကို ထုတ်ယူပေးလိုက်သည်။

ကျွန်ပိုင်ရှင် တိုင်း၌ ထိုကဲ့သို့သော စာရင်းစာအုပ်များ ရှိကြသည်ဖြစ်ရာ ချင်ယွမ်ဖုန်းအနေဖြင့် ယာဘို၏ အကြောင်းကို သိရှိလိုပါက ကျွန်ပိုင်ရှင်များထံ သွားရောက်၍ စာရင်းစာအုပ်ကို ရှာဖွေရုံသာ ဖြစ်ကြောင်း နားလည်လိုက်ပေသည်။

ထိုထူထဲလှသည့် စာရင်းစာအုပ် အထပ်လိုက်ကို ကြည့်ရင်း ချင်ယွမ်ဖုန်းသည် မတတ်သာဘဲ သက်ပြင်းချမိတော့သည်။ အိုဝင်ကဲ့သို့ သာမန်ကျွန်ပိုင်ရှင်ငယ် တစ်ဦးပင်လျှင် အနည်းဆုံး ကျွန်ပေါင်း ရှစ်သောင်းမှ တစ်သိန်းအထိ ကိုင်တွယ်ရောင်းချခဲ့ဖူးချေသည်။

ယခုအချိန်တွင် မိစ္ဆာနယ်မြေအတွင်း၌ မည်မျှများပြားသော ဦးချိုကျိုးများ ဆင်းရဲဒုက္ခ ခံစားနေရမည်ကို သူ မတွေးဝံ့စရာပင်။

“ရှာတွေ့ပါပြီ”

အိုဝင်က ခဏမျှ ရှာဖွေပြီးနောက် ပျာပျာသလဲ ဆိုလာသည်။

“ဒါက မှူးမတ်အက်ဒီရဲ့ မိသားစုဆီကနေ ဝယ်ယူခဲ့တာ အမှန်ပဲဗျ”

ချင်ယွမ်ဖုန်းက ငုံ့ကြည့်လိုက်ရာ မေကို ဝယ်ယူခဲ့သည့် နေ့စွဲနှင့် ငွေပမာဏကို မှတ်တမ်းတင်ထားသည်ကို တွေ့ရသော်လည်း အရောင်းကဏ္ဍတွင်မူ တော်လှန်ရေးအဖွဲ့၏ ကယ်ဆယ်ခြင်းကို ခံလိုက်ရသည်ဟု ရေးသားထားချေသည်။

မေကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးတုံးတည်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ရာ လွန်စွာ တန်ဖိုးနည်းလှပေသည်။ ဤမျှ သက်သာလှသော စျေးနှုန်းဖြင့် လူသားကျွန်တစ်ဦးကို ဝယ်ယူနိုင်သည်ဟူသောအချက်မှာ တွေးကြည့်ရန်ပင် ခက်ခဲလှချေသည်။

“သွားကြစို့... အဲဒီအက်ဒီဆိုတဲ့ မှူးမတ်ဆီကို ကျွန်တော်တို့ကို ခေါ်သွားပေးပါ”

ချင်ယွမ်ဖုန်းက အေးဆေးစွာ ဆိုသည်။

အိုဝင်သည် မျက်နှာ ပျက်သွားရသော်လည်း ဖျက်ဆီးရေးဘုရင် ဖုန်း၏ စကားကို ငြင်းဆန်ရန် မဝံ့ရဲသဖြင့် ခေါင်းကိုသာ ငြိမ့်ပြရုံ တတ်နိုင်ရှာတော့သည်။

အကယ်၍ သူ မလိုက်ပါက ယခုချက်ချင်းပင် သေရမည်ဖြစ်ပြီး လိုက်ပါသွားပါက သေချင်မှ သေမည် ဖြစ်ပေရာ သူသည် ဒုတိယလမ်းစဉ်ကိုသာ ရွေးချယ်လိုက်ရတော့သည်။

ချင်ယွမ်ဖုန်းသည် ထွက်ခွာခါနီးတွင် အိုဝင်၏ အိမ်တော်၌ မည်မျှများပြားသော ဦးချိုကျိုးများ ကျန်ရှိနေသေးသလဲဟု မေးမြန်းရာ အံ့ဩစရာကောင်းသည်မှာ အိုဝင်၏ အိမ်တော်၌ ဦးချိုကျိုး တစ်ယောက်မျှ ကျန်ရှိမနေခြင်းပင်။

သူသည် မိမိ၏ ကျွန်များ တော်လှန်ရေးသမားများထံ ဆုံးရှုံးခဲ့ရခြင်းနှင့် ချင်ယွမ်ဖုန်း၏ ရက်စက်စွာ သတ်ဖြတ်ကျော်ဖြတ်လာမှု သတင်းများကို ကြားသိခဲ့ရသဖြင့် အိမ်တော်ရှိ ကျွန်အားလုံးကို လျင်မြန်စွာပင် တပါးသူများထံ ရောင်းချပစ်ခဲ့ပြီး ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် ဘာမျှမဆိုဘဲ ခေါင်းကိုသာ ငြိတ်လိုက်မိသည်။

လမ်းခရီးတစ်လျှောက်တွင် သူတို့သည် ကျွန်ပိုင်ရှင်များကို သတ်ဖြတ်ပြီး ကျွန်များကို လွှတ်ပေးခဲ့ကြသော်လည်း လွတ်မြောက်သွားသည့် ကျွန်အများစုမှာ မည်သို့လုပ်ဆောင်ရမည်ကို မသိကြချေ။

၎င်းတို့မှာ ငယ်စဉ်ကတည်းက ကျွန်အဖြစ် နေထိုင်ခဲ့ရသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများ ကျွန်ပြုခံထားရကာ ကျွန်ပိုင်ရှင်အသစ်က ၎င်းတို့အား လာရောက်ခေါ်ဆောင်သွားရန်သာ စောင့်ဆိုင်းနေတတ်ကြပေသည်။

သို့သော်လည်း ကျွန်အချို့မှာမူ လွတ်လပ်မှုကို အလိုရှိကြသဖြင့် တော်လှန်ရေးအဖွဲ့သို့ ဝင်ရောက်ခြင်း သို့မဟုတ် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခြင်းများ ပြုလုပ်ကြပေသည်။

ချင်ယွမ်ဖုန်းသည် အိုဝင်၏ နောက်မှ လိုက်ပါလာရင်း မှူးမတ်အက်ဒီ၏ အိမ်တော်ကြီး အပြင်ဘက်သို့ ဖြည်းညင်းစွာ ရောက်ရှိလာခဲ့ကြသည်။

ဤနေရာမှာ မြင့်မားသော အဆင့်အတန်းရှိသည့် မှူးမတ်မျိုးနွယ်စု၏ နယ်မြေဖြစ်ကြောင်း ထင်ရှားလှပေသည်။ အိမ်တော်၏ အကျယ်အဝန်းမှာပင် အိုဝင်၏ အိမ်တော်ထက် ဆွဆွကြီး ပိုမိုကျယ်ဝန်းလှပြီး သိုင်းပညာရှင် စစ်သည်တော် အစောင့်အရှောက်များပင် ရှိနေကြချေသည်။

“အဲဒါ မှူးမတ်အက်ဒီရဲ့ အိမ်တော်ပါပဲ... ခင်ဗျားတို့ ဖန်တီးခဲ့တဲ့ ပြဿနာတွေကြောင့် မှူးမတ်တွေအားလုံး တုန်လှုပ်ခြောက်ခြားနေကြတာမို့ သူ အခု အိမ်မှာပဲ ရှိနေလိမ့်မယ်ဗျ”

အိုဝင်က ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “ကောင်းပြီ... ဒါဆို ခင်ဗျားရဲ့ တာဝန် ပြီးဆုံးပြီ” ဟု ဆိုလိုက်၏။

ထိုစကားကို ကြားလိုက်ရသည့် ခဏတွင် အိုဝင်၏ မျက်နှာထက်၌ အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရသည်။

ဤသည်မှာ သူတို့က မိမိအား သတ်ဖြတ်တော့မည် မဟုတ်ဟူသော အဓိပ္ပာယ် မဟုတ်လော။

“ကျေးဇူးတင်ပါတယ်... ခင်ဗျားတို့နှစ်ယောက်စလုံး တကယ်ကို ကြင်နာတတ်တဲ့ လူကောင်းတွေပါပဲ”

အိုဝင်သည် လှည့်ထွက်ရန် ပြင်လိုက်သော်လည်း ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးသည့် အချိန်တွင် အေးစက်သော အလင်းတန်းတစ်ခုက သူ၏ နှလုံးသားကို ဖောက်ထွင်းသွားခဲ့လေပြီ။

အိုဝင်သည် မယုံကြည်နိုင်ဟန်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားရကာ သွေးစများမှာလည်း ဖြည်းညင်းစွာ စီးထွက်လာတော့သည်။

“ဒါပေမဲ့... ခင်ဗျား လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက်တော့ တန်ဖိုး ပြန်ပေးဆပ်ရဦးမှာပဲ”

ထိုသို့ ဆိုပြီးနောက် ချင်ယွမ်ဖုန်းသည် မေကို ဦးဆောင်လျက် မှူးမတ်အက်ဒီ၏ အိမ်တော်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

မေသည် အိုဝင် သတ်ဖြတ်ခံရခြင်းအပေါ် ကျင့်သားရနေပုံ ပေါ်ပေသည်။

ထို့အပြင် အိုဝင်သည် ကျွန်များအပေါ် လွန်စွာ ရက်စက်ကြမ်းကြုတ်ခဲ့သူ ဖြစ်သည်။ မေကဲ့သို့ ငယ်ရွယ်သည့် ကလေးငယ်တစ်ဦးကိုပင် အကြိမ်ကြိမ် ရောင်းချ၍မရသည့်အခါ အိုဝင်သည် သူမအား ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမခဲ့ဖူးသည် မဟုတ်လော။

မကြာမီပင် ချင်ယွမ်ဖုန်းနှင့် မေတို့သည် အက်ဒီ အိမ်တော်၏ တံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။

“ကျွန်တော်တို့ကို သခင်ကြီးအိုဝင်က လွှတ်လိုက်တာပါ”

ချင်ယွမ်ဖုန်းက တံခါးစောင့်အား တည်ငြိမ်စွာ ဆိုလိုက်၏။

နံ့သာတိုင်တစ်တိုင်စာမျှ အချိန်ကုန်လွန်သွားပြီးနောက် သူတို့သည် မီးလျှံပင်လယ်ဝေနေပြီး သိုင်းပညာရှင်များ သေကြေပျက်စီး သို့မဟုတ် ထွက်ပြေးတိမ်းရှောင်နေကြသည့် မှူးမတ်အက်ဒီ၏ အိမ်တော်ကြီးအတွင်းမှ ပြန်လည် ထွက်ခွာလာခဲ့ကြတော့သည်။

ချင်ယွမ်ဖုန်းနှင့် မေတို့၏ အကာအကွယ်ပေးမှုအောက်တွင် ကျွန်များသည် ပူလီမြို့အတွင်းမှ ဘေးကင်းစွာ ထွက်ခွာသွားကြလေတော့သည်။

All Chapters