← Chapters

အခန်း ၈၁၆

Vol. 40 Ch. 816

အခန်း ၈၁၆

Vol. 40 Ch. 816

အခန်း(၈၁၆)

ဂူ

“ဒါ တကယ် ထူးဆန်းတာပဲ။ တို့က သူတို့ကို အထင်အရှား မြင်နေရတာကို သူတို့ကျတော့ တို့ကို မမြင်ကြဘူးလား မသိဘူး” မေက အံ့သြမင်းတသက် ဖြစ်လျက် မေးမြန်းရှာသည်။

ချင်ယွမ်ဖုန်းသည် ခေါင်းကို ဖြည်းညင်းစွာ ရမ်းခါလိုက်ရင်း “ဒါကိုတော့ ငါလည်း မပြောတတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ တစ်ခုခုတော့ မှားယွင်းနေပုံရတယ်” ဟု ဆိုချေသည်။

ထိုတောင်ထွတ်နှစ်ခု၏ အောက်ခြေတွင်မူ မိစ္ဆာစစ်သည်တော်နှစ်ဦးသည် ရှေ့တိုးနောက်ငင်ဖြင့် ကင်းလှည့်နေကြရာ ယင်းတို့၏ ခြေလှမ်းတိုင်းသည် ဘောင်အတွင်း သတ်မှတ်ထားသည့်နှယ် တိကျလွန်းလှပြီး ပိုခြင်းလိုခြင်းလည်း မရှိပေ။

ထိုသူနှစ်ဦးသည် ကင်းစောင့်သမားနှစ်ဦး၏ အနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားမိသည့် ခဏ၌ပင် ထိုကင်းစောင့်စစ်သည်နှစ်ဦးသည် ရုတ်ချည်းဆိုသလို လှည့်လာပြီး ချင်ယွမ်ဖုန်းနှင့် မေတို့ရှိရာသို့ စူးစူးစိုက်စိုက် စိုက်ကြည့်လာကြတော့သည်။

ထိုအခါ ချင်ယွမ်ဖုန်းမှာ လန့်ဖျတ်သွားရပေရာ အကြောင်းမူကား ထိုကင်းစောင့်စစ်သည်နှစ်ဦး၏ မျက်ဝန်းအစုံသည် နီမြန်းသော အသွေးရောင်များဖြင့် ပြည့်နှက်နေပြီး သာမန်မိစ္ဆာများနှင့် လုံးဝ ခြားနားနေသောကြောင့် ဖြစ်ချေသည်။

ယင်းအပြင် ထိုသူနှစ်ဦးမှာ မည်မျှကြာအောင် အစာငတ်ပြတ်နေခဲ့သည်မသိ၊ အလွန်တရာ ပိန်ချောင်လှသဖြင့် မျက်နှာတွင် အရေပြားနှင့် အရိုးသာ ကျန်ရှိတော့သည့် အသွင် ဆောင်နေတော့သည်။

“ဒါက...” ချင်ယွမ်ဖုန်းသည် မိစ္ဆာလက်နက်ကို ရရှိခဲ့စဉ်က မိစ္ဆာအရှိန်အဝါ၏ ဝါးမြိုခြင်းကို ခံရကာ ယခုကဲ့သို့ပင် မျက်လုံးများ သွေးဆာနီမြန်းလျက် မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်ခဲ့ရပုံကို ပြန်လည် အမှတ်ရမိသွားသည်။

မေသည် လက်ရှိ အခြေအနေကြောင့် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားရသဖြင့် ချင်ယွမ်ဖုန်း၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရှာသည်။

“စိတ်မပူပါနဲ့။ သူတို့က တစ်ခုခုရဲ့ ဝါးမြိုတာကို ခံထားရပုံပဲ။ ဒီတောင်တန်းတွေထဲမှာ တကယ့် လျှို့ဝှက်ချက်တစ်ခုခု ဖုံးကွယ်နေတာ အမှန်ပဲ” ဟု ချင်ယွမ်ဖုန်းက တိုးညင်းသော လေသံဖြင့် အေးဆေးစွာ ပြောလိုက်သည်။

ထိုသူနှစ်ဦး တိုးတိုးတိတ်တိတ် စကားဆိုနေကြစဉ်မှာပင် ကင်းစောင့်စစ်သည်နှစ်ဦးသည် ရုတ်ခြည်း လှုပ်ရှားလာပြီး ဓားရှည်များကို ကိုင်စွဲလျက် ချင်ယွမ်ဖုန်းနှင့် မေတို့ရှိရာသို့ တစ်ဟုန်ထိုး ခုန်အုပ်လာကြတော့သည်။

မေသည် မိမိ၏ ခန္ဓာကိုယ်ကို တွန်းထုတ်လိုက်သည့် အရှိန်တစ်ခုကြောင့် လေထုထဲသို့ ဝဲပျံသွားကာ အဝေးတစ်နေရာသို့ သက်ဆင်းသွားရပြီး ချင်ယွမ်ဖုန်းကမူ ရှေ့သို့ အပြင်းအထန် တိုးဝင်သွားချေသည်။

ထက်မြက်လှသော ဓားရှည်နှစ်စင်းသည် လေထဲမှ ဝဲကျလာပြီး ချင်ယွမ်ဖုန်း၏ ပုခုံးနှစ်ဖက်ကို ပိုင်းဖြတ်ရန် ဦးတည်လာရာ ချင်ယွမ်ဖုန်းသည် လျင်မြန်စွာ ကိုယ်ကို တိမ်းစောင်းလျက် ဓားသွားနှစ်စင်းကြားမှ ဖြတ်ကျော်ကာ သူ၏ သံမဏိလက်သီးနှစ်ဖက်ဖြင့် ကင်းစောင့်စစ်သည်နှစ်ဦး၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။

ထိုအခါ ကင်းစောင့်စစ်သည်နှစ်ဦးသည် နောက်သို့ လွင့်စင်သွားရုံမက ယင်းတို့၏ နံရိုးများ ကျိုးကြေသွားသည့် အသံကိုပင် ချင်ယွမ်ဖုန်း အတိုင်းသား ကြားလိုက်ရပေသည်။

သို့သော်လည်း ထိုကင်းစောင့်စစ်သည်နှစ်ဦးသည် ကျောက်ဆောင်များနှင့် ပြင်းထန်စွာ ဆောင့်မိပြီးနောက် နာကျင်မှုကို မသိသော အလောင်းကောင်မိစ္ဆာများကဲ့သို့ ထူးဆန်းစွာ ပြန်လည် ထရပ်ကြပြန်သည်။

ယင်းတို့သည် ပါးစပ်မှ သွားရည်များ တမြတ်မြတ် ကျဆင်းလျက် “ဘယ်သူမှ အနားမကပ်ရ။ ဘယ်သူ့ကိုမှ အနား အကပ်မခံဘူး” ဟု တတွတ်တွတ် ရေရွတ်နေကြတော့သည်။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် မျက်ဝန်းတို့ကို ကျဉ်းမြောင်းလိုက်မိသည်။ ဤတောင်တန်းထဲတွင် မည်သည့်အရာများ ဖုံးကွယ်နေ၍ ယခုကဲ့သို့ မိစ္ဆာမျိုးနွယ်အချင်းချင်းကိုပင် ကူးစက်စေသနည်း။

ဤအစွမ်းသည် သူ ယခင်က ရရှိခဲ့သော မိစ္ဆာလက်နက်ထက်ပင် သာလွန်ရက်စက်လှပေရာ ဖြစ်တန်ရာသည်။

ထိုစဉ် ကင်းစောင့်စစ်သည်နှစ်ဦးသည် သေဘေးကို မမှုသော အလား အဟုန်ပြင်းစွာဖြင့် ထပ်မံ ထိုးနှက်တိုက်ခိုက်လာကြရာ ဖိအားပေးမှု အရှိန်အဝါမှာလည်း မသေးလှပေ။

သို့သော် ယင်းတို့ ရင်ဆိုင်နေရသူမှာ ချင်ယွမ်ဖုန်း ဖြစ်ပေရာ ယင်းတို့ မည်မျှပင် ရက်စက်ကြမ်းကြုတ်ပါစေ သူ၏ အကြွင်းမဲ့ အစွမ်းသတ္တိကိုမူ ယှဉ်နိုင်စွမ်း မရှိကြချေ။

ချင်ယွမ်ဖုန်းသည် ထိုသူနှစ်ဦး၏ နောက်ကျောဘက်သို့ လျှပ်စီးပမာ ဖျတ်ခနဲ ရောက်ရှိသွားပြီး သူ၏ လက်ဝါးကို ဓားကဲ့သို့ အသုံးပြုကာ နောက်ကျောကို ပြင်းထန်စွာ ထိုးဖောက်လျက် ခြောက်သွေ့ပိန်လှီနေပြီဖြစ်သော နှလုံးသားနှစ်ခုကို ဆွဲထုတ်လိုက်တော့သည်။

ကင်းစောင့်စစ်သည်နှစ်ဦးသည် တစ်ချက်မျှ တုန်ရီသွားကြသော်လည်း ရုတ်ချည်း ပြန်လှည့်လာပြီး ချင်ယွမ်ဖုန်းအား ဓားရှည်များဖြင့် ရက်ရက်စက်စက် ပြန်လည် ပိုင်းခုတ်ကြပြန်သည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်ရင်း ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ထိုကင်းစောင့်စစ်သည်နှစ်ဦး၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် အချင်းချင်း အားပြင်းစွာ ဆောင့်လိုက်ချေသည်။

ထိုအခါ ဖရဲသီးတစ်လုံး ကွဲအက်သွားသည့်နှယ် ပြင်းထန်သော အသံနှင့်အတူ ဦးခေါင်းနှစ်လုံးစလုံး ပေါက်ကွဲသွားတော့သည်။

ကင်းစောင့်စစ်သည်နှစ်ဦးသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ယင်းတို့၏ ခန္ဓာကိုယ်မှ သန့်စင်သော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာကာ လေထုထဲသို့ ပျယ်လွင့်သွားကြတော့သည်။

“အကိုဖုန်း... သူတို့ ဘာဖြစ်သွားကြတာလဲ” မေသည် ရှေ့သို့ ချဉ်းကပ်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းရှာသည်။

ချင်ယွမ်ဖုန်းက ခေါင်းကို ရမ်းခါလိုက်ရင်း “ဒီတောင်တန်းတွေထဲမှာ ကြီးမားတဲ့ အန္တရာယ်တစ်ခုခု ဖုံးကွယ်နေပုံရတယ်” ဟု ဆိုချေသည်။

ထိုတောင်ထွတ်နှစ်ခု ဆုံရာ အလယ်ဗဟိုတွင်မူ မှောင်မိုက်နေပြီး အတွင်း၌ မည်သည့်အရာ ရှိသည်ကို မမြင်တွေ့နိုင်သော လိုဏ်ဂူတစ်ခု ရှိနေပေသည်။

“ဒါဆို ညီမတို့တွေ ဘာဆက်လုပ်ကြမလဲ” မေသည် ချင်ယွမ်ဖုန်း၏ လေသံကြောင့် ထိတ်လန့်သွားရကာ မေးလိုက်သည်။

ချင်ယွမ်ဖုန်းသည် ပြုံးလိုက်ပြီး “အဆင်ပြေပါတယ်။ မင်း အပြင်မှာပဲ စောင့်နေပါ။ ငါ အထဲကို ဝင်ပြီး သွားကြည့်လိုက်မယ်။ အခြေအနေ တစ်ခုခု မှားယွင်းတာနဲ့ ငါ ချက်ချင်း ပြန်ပြေးထွက်လာခဲ့မယ်” ဟု ဆိုသည်။

“မဖြစ်ဘူး။ အကိုဖုန်းကို တစ်ယောက်တည်း အထဲဝင်ခွင့် မပြုနိုင်ပါဘူး” မေသည် ခေါင်းကို ခါယမ်းကာ ပြတ်ပြတ်သားသား ငြင်းဆန်လျက် “ညီမလည်း အတူ လိုက်ခဲ့မယ်” ဟု ဆိုတော့သည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းချရင်း ခေါင်းကို ရမ်းခါကာ “မင်းကိုတော့ ငါ တကယ် မတတ်နိုင်တော့ဘူး။ ဒါပေမဲ့ အထဲကို ရောက်ရင်တော့ ငါပြောသမျှကိုပဲ နားထောင်ရမယ်။ အန္တရာယ်တစ်ခုခုနဲ့ ကြုံလာရင် ချက်ချင်း လှည့်ပြေးပါ၊ ငါ့ကို ငဲ့မနေနဲ့” ဟု မှာကြားရတော့သည်။

“ နားလည်ပါတယ်” မေက ပြုံးလျက် ပြန်ပြောရှာသည်။

သူမသည် ချင်ယွမ်ဖုန်းကို စိတ်ပူ၍သာ ထိုဂူထဲသို့ ဝင်လိုခြင်း မဟုတ်ဘဲ ထိုဂူအတွင်းပိုင်းမှ ထူးဆန်းသော ဆွဲဆောင်မှုရှိသည့် ခေါ်သံတစ်ခုခုကို ခံစားနေရသကဲ့သို့ ဖြစ်နေသောကြောင့်လည်း ဖြစ်ပေရာသည်။

ထိုသူနှစ်ဦးသည် အတွင်း၌ မည်သို့သော အန္တရာယ်များ ချောင်းမြောင်းနေသည်ကို မသိရှိဘဲ ဂူအတွင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်း ဝင်ရောက်သွားကြတော့သည်။

လိုဏ်ဂူအတွင်းမှာမူ စုန်းစုန်းတောက် မှောင်မိုက်နေသဖြင့် မည်သည့်အရာကိုမျှ မမြင်တွေ့နိုင်ချေ။

ထို့ပြင် ထိုဂူအတွင်းရှိ အမှောင်ထုသည် သာမန်အမှောင်ထုမျိုး မဟုတ်ဘဲ မျက်စိဖြင့် ထိုးဖောက်ကြည့်ရှုရန် အလွန် ခဲယဉ်းလှသည့် ဟင်းလင်းပြင်ဆိုင်ရာ ဖုံးကွယ်မှုမျိုး ဖြစ်နေသည်။

သို့သော်လည်း ရှေ့ဘက် အဝေးတစ်နေရာတွင်မူ ဂူ၏ လမ်းဆုံးပမာ မှိန်ပျပျ အနီရောင်အလင်းတန်းတစ်ခုကို လှမ်း၍ မြင်တွေ့နေရပေသည်။

ရုတ်ခြည်းဆိုသလို ချင်ယွမ်ဖုန်းသည် သူ၏ လက်ဝဲဘက်မှ လေခွဲသံတစ်ခုကို ကြားလိုက်ရသဖြင့် ဗီဇစိတ်အရ အလျင်အမြန် ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ညာဘက်ခြေလှမ်းကို မြှောက်ကာ ပြင်းထန်စွာ ကန်ထုတ်လိုက်တော့သည်။

မှောင်မိုက်နေသော အမှောင်ထုထဲမှ ဝုန်းကနဲ မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်းသည် တစ်စုံတစ်ခုကို အားပြင်းစွာ ကန်မိလိုက်ကြောင်း အသေအချာ ခံစားလိုက်ရသည်။

“သတိထားပါ” ချင်ယွမ်ဖုန်းသည် သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအားကို ထုတ်ဖော်လိုက်သော်လည်း ဤနေရာ၌ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။

ချင်ယွမ်ဖုန်းသည် မိမိ၏ အစွမ်းရှိသမျှကို အသုံးပြု၍ သူ၏ ပတ်ဝန်းကျင် နှစ်မီတာခန့်အတွင်းသာ နတ်ဘုရားဝိညာဉ်စွမ်းအားကို ဖြန့်ကျက်နိုင်ခဲ့ရာ ယင်းသည် သူနှင့် မေကို လွှမ်းခြုံနိုင်ရန် ရုံတင်မျှသာ ရှိချေသည်။

ထိုအခါမှသာ ချင်ယွမ်ဖုန်းသည် မိမိ ကန်ချလိုက်သော သူမှာလည်း စစ်သည်တော်တစ်ဦးဖြစ်ပြီး အပြင်က လူများကဲ့သို့ပင် တစ်ခုခု၏ ကူးစက်ခြင်းကို ခံရကာ အလောင်းကောင်မိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိလိုက်ရတော့သည်။

ထိုခဏ၌ ကင်းစောင့်စစ်သည်သည် ပြန်လည် ထရပ်ရန် ကြိုးပမ်းလာရာ ချင်ယွမ်ဖုန်းသည် ရှေ့သို့ ခုန်အုပ်လိုက်ပြီး ကင်းစောင့်စစ်သည်၏ လည်ပင်းကို ခြေထောက်ဖြင့် နင်းကာ ရုတ်ချည်း အားစိုက်လျက် လည်ပင်းရိုးကို ချိုးဖောက်ပစ်လိုက်တော့သည်။

ထိုကင်းစောင့်စစ်သည်ကို ရှင်းလင်းပြီးနောက် ထိုသူနှစ်ဦးသည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။ မေသည် အမြင်အာရုံ မရှိသူတစ်ဦးကဲ့သို့ ချင်ယွမ်ဖုန်း၏ နောက်မှနေ၍ သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် လိုက်ပါလာရှာသည်။

လမ်းတစ်လျှောက်လုံးတွင် ကင်းစောင့်စစ်သည် အမြောက်အမြား ရှိနေပြီး ယင်းတို့သည် အမိန့်အရ ဤနေရာတွင် စောင့်ကြပ်နေသည့်နှယ် အမှောင်ထုထဲ၌ ပုန်းကွယ်နေကြပေသည်။

ယင်းအပြင် ချင်ယွမ်ဖုန်းသည် အတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လေလေ သူ၏ စိတ်အာရုံများမှာ ဝေဝါးလာလေလေ ဖြစ်ပြီး အစွမ်းတစ်ခုခုက သူ့ကို ပြုစားလျက် ထိုကင်းစောင့်စစ်သည်များကဲ့သို့ အလောင်းကောင်မိစ္ဆာ ဖြစ်သွားစေရန် ကြိုးပမ်းနေသည့်နှယ် ခံစားရသည်။

သို့သော်လည်း သူ၏ သံမဏိကဲ့သို့ ခိုင်မာလှသော စိတ်ဓာတ်ကြံ့ခိုင်မှုကြောင့် ချင်ယွမ်ဖုန်းသည် ထိုအဖျက်စွမ်းအား၏ လွှမ်းမိုးမှုကို မခံရပေ။ သို့ရာတွင် မေသည် ဤအစွမ်း၏ ဝါးမြိုခြင်းကို ခံရမည်ကို စိုးရိမ်သဖြင့် သူသည် ခြေလှမ်းတို့ကို ရပ်တန့်လိုက်တော့သည်။

“အကိုဖုန်း... ဘာဖြစ်လို့လဲ” မေက မေးရှာသည်။

“မင်းရဲ့ စိတ်အာရုံကို ဝါးမြိုဖို့ ကြိုးစားနေတဲ့ အစွမ်းတစ်ခုခုကို ခံစားရလား” ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။

မေက ခေါင်းကို ခါယမ်းလျက် “မခံစားရပါဘူး။ ဘာဖြစ်လို့လဲဟင်။ ဒီနေရာက အန္တရာယ်ရှိလို့လား” ဟု ပြန်လည် မေးမြန်းသည်။

ချင်ယွမ်ဖုန်းသည် သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအားဖြင့် မေ၏ အမူအရာကို အထင်အရှား မြင်တွေ့နေရရာ သူမသည် ထိုအစွမ်း၏ ဖျက်ဆီးမှုကို လုံးဝ ခံရပုံမပေါ်ဘဲ စိတ်အာရုံ ဝေဝါးခြင်းလည်း မရှိသည်ကို တွေ့လိုက်ရသည်။

“ဒါ တကယ် ထူးဆန်းတာပဲ။ ဒီအစွမ်းက အမျိုးသမီးတွေအပေါ် သက်ရောက်မှု မရှိတာများလား” ဟု ချင်ယွမ်ဖုန်းက တိုးညင်းစွာ ရေရွတ်လိုက်မိသည်။

မေတွင် အန္တရာယ် မရှိကြောင်း အသေအချာ အတည်ပြုပြီးနောက် ထိုသူနှစ်ဦးသည် ရှေ့သို့ ဆက်လက် ချဉ်းကပ်ခဲ့ကြသည်။

ယင်းတို့သည် နီမြန်းသော အလင်းတန်း၏ အနီးသို့ ရောက်ရှိလုနီးပါး ဖြစ်လာရာ ချင်ယွမ်ဖုန်းသည် ထိုအစွမ်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှကြောင်း ခံစားလိုက်ရပြီး သူကိုယ်တိုင်ပင် ထိုအဖျက်စွမ်းအား၏ လွှမ်းမိုးမှုကို တွန်းလှန်ရန်အတွက် အပြင်းအထန် ရုန်းကန်နေရတော့သည်။

သို့သော်လည်း မေမှာမူ မည်သည့် ပြောင်းလဲမှုမျှ မရှိဘဲ ပကတိအတိုင်းပင် ရှိနေတော့သည်။

All Chapters