အခန်း ၈၂၆
Vol. 40 Ch. 826
အခန်း(၈၂၆) ဂီလင်
နတ်ဘုရားဝိညာဉ် ဘုရင်ထံမှ ကတိစကားကို ကြားရသောအခါ ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်ပြလိုက်ချေသည်။ မည်သို့ပင်ဖြစ်စေ၊ နောင်ရေးကို မတွေးတောမီ လောလောဆယ် အသက်ရှင်သန်ရန်သာ အဓိကဖြစ်ပေရာ သို့မဟုတ်ပါက မနက်ဖြန် နံနက်ခင်း၏ နေထွက်ချိန်ကို မြင်တွေ့နိုင်တော့မည် မဟုတ်ချေ။
မေသည် ချင်ယွမ်ဖုန်းကို ကြည့်လျက် မျက်ဝန်းအစုံ၌ နက်ရှိုင်းသော ဝမ်းနည်းပူဆွေးမှုများ ပြည့်လျှံနေခဲ့သည်။
အကယ်၍ သူမသာ မိစ္ဆာဘုရင်အဖြစ် ရှိနေသေးပါက၊ သို့မဟုတ် အင်အားလုံလောက်စွာ ရှိနေပါက ထိုသို့သော အခြေအနေမျိုးကို ဂရုစိုက်နေစရာ လိုအပ်မည် မဟုတ်ပေ။
ချင်ယွမ်ဖုန်းသည် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ထုတ်ယူရန် ပြင်ဆင်နေစဉ်မှာပင် ပုံရိပ်တစ်ခုသည် အဓိကခန်းမအတွင်းသို့ ရုတ်တရက် ပြေးဝင်လာခဲ့လေသည်။
“မင်းသားအရှင်... နတ်ဆိုးဘုရင်က အကျွန်ုပ်ကို စေလွှတ်ပြီး အရှင်မင်းကြီးကို နှုတ်ဆက်သဝဏ်ပါးလိုက်ပါတယ်”
ရောက်ရှိလာသူသည် နတ်ဘုရားဝိညာဉ် ဘုရင်ကို ရိုသေစွာ ဦးညွှတ်ဂါရဝပြုလိုက်ရာ ရိုင်းစိုင်းစွာ ဝင်ရောက်လာသူမှာ သူမဟုတ်သည့်အလားပင် ဖြစ်ချေသည်။
နတ်ဘုရားဝိညာဉ် ဘုရင်၏ နန်းတော်အတွင်းရှိ အစောင့်အရှောက် အများအပြားသည်လည်း ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြသည်။
မင်းသား၏ ယုံကြည်စိတ်ချရသော ကိုယ်ရံတော်များမှာ အပြင်ဘက်သို့ ရောက်ရှိနေကြသဖြင့် ထိုလူ ဝင်ရောက်လာခြင်းကို တားဆီးနိုင်ခြင်း မရှိခဲ့ကြပေ။
နတ်ဘုရားဝိညာဉ် ဘုရင်၏ မျက်နှာထက်တွင် မကျေနပ်သည့် အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။
ထိုနေရာတွင် ဒူးထောက်နေကြသော အစောင့်အရှောက်များသည် လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး အဓိကခန်းမအတွင်းမှ ပျာပျာသလဲ ဆုတ်ခွာသွားကြတော့သည်။
ကျူးကျော်ဝင်ရောက်လာသူသည် အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ ချင်ယွမ်ဖုန်းသည် ထိုလူကို မသိသော်လည်း သူ၏ထံမှ ထွက်ပေါ်နေသော အစွမ်းထက်သည့် အရှိန်အဝါကို အာရုံခံမိနေပေရာ ယင်းက အိုက်ခ်ထက်ပင် သာလွန်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်သို့ပင် ရောက်ရှိနေသည့်အလား ထင်မှတ်ရပေသည်။
ထို့အပြင် ဤလူသည် နတ်ဆိုးဘုရင်၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားတစ်ဦးလည်း ဖြစ်ချေသည်။
“ဂီလင်... မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ” နတ်ဘုရားဝိညာဉ် ဘုရင်က အေးစက်စွာ မေးမြန်းလိုက်သည်။
သူသည် အစွမ်းအထက်ဆုံးသော မင်းသားသုံးပါးအနက် တစ်ပါးဖြစ်သော်လည်း နတ်ဆိုးဘုရင်သည် မိစ္ဆာနယ်မြေတွင် အင်အားအကြီးဆုံး မင်းသားအဖြစ် သတ်မှတ်ခြင်းခံထားရပေရာ ဂီလင်က ရိုင်းစိုင်းနေသော်လည်း သူက တုံ့ပြန်ခြင်း မပြုခဲ့ချေ။
“နတ်ဆိုးဘုရင်ရဲ့ အမိန့်အရ ချင်ယွမ်ဖုန်းနဲ့ မေတို့ကို ခေါ်ဆောင်သွားဖို့ လာခဲ့တာပါ” ဂီလင်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ နတ်ဘုရားဝိညာဉ် ဘုရင်သည် ဒေါသအိုး ပေါက်ကွဲသွားတော့သည်။
'ငါတို့နှစ်ယောက်လုံးက မင်းသားတွေပဲလေ၊ မင်းက ငါ့ဆီကနေ လူကို ဒီအတိုင်း အလွယ်တကူ လာခေါ်သွားလို့ရမယ်လို့ ထင်နေတာလား။ ငါ့မှာကော သိက္ခာဆိုတာ မရှိတော့ဘူးလား။'
နတ်ဘုရားဝိညာဉ် ဘုရင်၏ ဒေါသထွက်ရခြင်းမှာ ထိုအကြောင်းရင်းကြောင့် ဖြစ်တန်ရာသည်။
သို့သော် ဂီလင်၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ နတ်ဘုရားဝိညာဉ် ဘုရင် ဒေါသထွက်မည်ကို ကြိုတင်သိရှိထားသည့်အလား ပြာယာခတ်ခြင်း အလျဉ်းမရှိပေ။
“ယုတ်မာတဲ့ကောင်... မင်းက ငါ့ကို ဒီလို လေသံမျိုးနဲ့ စကားပြောရဲတယ်ပေါ့။ မင်းရဲ့ သခင်ဆီကို ပြန်ခွင့်ရတော့မယ် မဟုတ်ဘူးလို့ ငါထင်တယ်” နတ်ဘုရားဝိညာဉ် ဘုရင်က အေးစက်စွာ ပြောဆိုလိုက်ရာ သူ၏အသံကြောင့် လူတိုင်း၏ ဝိညာဉ်များပင် တုန်လှုပ်ချောက်ချားသွားရချေသည်။
ရာဇပလ္လင်၏ အောက်တွင် ရပ်နေကြသော နတ်ဘုရားဝိညာဉ် ဘုရင်၏ ယုံကြည်စိတ်ချရသော ကိုယ်ရံတော် နှစ်တန်းသည်လည်း ချက်ချင်းပင် ကိုယ်ဟန်ပြင်လိုက်ကြပြီး တိုက်ခိုက်ရန် အသင့်အနေအထားသို့ ရောက်ရှိသွားကြတော့သည်။
“ဒါပေမဲ့ အလဲအလှယ် လုပ်စရာ စည်းကမ်းချက်တော့ ရှိတာပေါ့” ဂီလင်က ဆက်လက်ပြောဆိုသည်။ “နတ်ဆိုးဘုရင်က ပြောလိုက်ပါတယ်... အကယ်၍ မင်းသားအနေနဲ့ သူတို့နှစ်ယောက်ကို ခေါ်သွားခွင့်ပြုမယ်ဆိုရင် မင်းသား အမြဲတမ်း လိုချင်နေခဲ့တဲ့အရာကို ပေးမှာပါတဲ့”
ထိုစကားကို ကြားလိုက်ရသောအခါ နတ်ဘုရားဝိညာဉ် ဘုရင်သည် ရုတ်တရက် တိတ်ဆိတ်သွားပြီး တစ်စုံတစ်ခုကို နက်နက်နဲနဲ တွေးတောနေသည့်အလား ရှိနေတော့သည်။
ချင်ယွမ်ဖုန်းသည် ရင်ထဲတွင် ခါးသီးမှုကို ခံစားလိုက်ရချေသည်။ သူတို့နှစ်ယောက်လုံးမှာ မည်သို့ကြောင့် ယခုကဲ့သို့ အလုအယက် အလိုရှိခြင်းခံနေရပြီး လူတိုင်းက ဝေစုခွဲချင်နေကြရသနည်း။
သို့သော်လည်း နတ်ဘုရားဝိညာဉ် ဘုရင်၏ လက်ထဲတွင်ဖြစ်စေ၊ နတ်ဆိုးဘုရင်၏ လက်ထဲတွင်ဖြစ်စေ အားလုံးက အတူတူပင်ဖြစ်ပေရာ အဆိုးဆုံးရလဒ်မှာ သေဆုံးရုံသာ ရှိတော့သည်။
“အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကတော့ ဒီမှာ ကျန်ခဲ့ရမယ်... ဒါပေမဲ့ လူကိုတော့ မင်းခေါ်သွားနိုင်တယ်” နတ်ဘုရားဝိညာဉ် ဘုရင်က အေးစက်စွာ ပြောလိုက်သည်။
ဂီလင်သည် ချက်ချင်းပင် ခေါင်းညိတ်ပြလျက် “ဒါပေါ့... မင်းသားအနေနဲ့ ကိုယ်ပိုင် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ချန်ထားရစ်နိုင်ပါတယ်”
နတ်ဘုရားဝိညာဉ် ဘုရင်သည် ချင်ယွမ်ဖုန်းကို စိတ်မရှည်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ပြီး “အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ချန်ထားခဲ့ပြီး သူနဲ့အတူ လိုက်သွားတော့... ဒါမှမဟုတ်ရင် အခုချက်ချင်း သေလိုက်”
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းညိတ်ကာ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ထုတ်ယူ၍ မြေပြင်ပေါ်သို့ ချထားလိုက်ချေသည်။
သေးငယ်သော အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး သုံးခုကို ပေါင်းစပ်ထားခြင်းကြောင့် ထိုကျောက်တုံးမှာ ပိုမိုကြီးမားနေခဲ့သည်။
နှမြောစရာကောင်းလှသော်လည်း ချင်ယွမ်ဖုန်း အသက်ရှင်နေသရွေ့ ယင်းကို ပြန်လည်ရယူနိုင်မည့် အခွင့်အရေး ရှိနေပါသေးသည်။
“ငါ စိတ်မပြောင်းခင် အခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွားကြစမ်း” နတ်ဘုရားဝိညာဉ် ဘုရင်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်တော့သည်။
ဂီလင်သည် ချင်ယွမ်ဖုန်းနှင့် မေတို့ကို နတ်ဘုရားဝိညာဉ် ဘုရင်၏ နန်းတော်အတွင်းမှ အလျင်အမြန် ခေါ်ဆောင်၍ အပြင်ဘက်သို့ ထွက်ခွာလာခဲ့လေသည်။
“စိတ်မလှုပ်ရှားပါနဲ့... ငါ မင်းတို့ကို ဘာမှမလုပ်ပါဘူး” ချင်ယွမ်ဖုန်းနှင့် မေတို့ နှစ်ဦးစလုံး သတိကြီးစွာ ထားနေကြသည်ကို မြင်သောအခါ ဂီလင်က ပြုံးလျက် ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းသည် စိတ်လျှော့ခြင်းမရှိဘဲ “ကျွန်တော်တို့အတွက်တော့ နတ်ဘုရားဝိညာဉ် ဘုရင်ရဲ့ နန်းတော်ဖြစ်စေ၊ နတ်ဆိုးဘုရင်ရဲ့ နန်းတော်ဖြစ်စေ ဘာမှ ထူးခြားမနေပါဘူး” ဟု ဆိုလိုက်သည်။
ဂီလင်က ပြုံးလိုက်ပြီး “ထူးခြားတာပေါ့... နတ်ဆိုးဘုရင်က မင်းတို့ကို သတ်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ နတ်ဘုရားဝိညာဉ် ဘုရင်ကတော့ တကယ် သတ်မှာ”
ချင်ယွမ်ဖုန်းသည် နတ်ဘုရားဝိညာဉ် ဘုရင်က အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ရရှိပြီးနောက် သူ၏ကတိကို ဂရုမစိုက်ဘဲ သူတို့အား သတ်ပစ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း ဂီလင်ထံမှ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ ချင်ယွမ်ဖုန်းမှာ ချွေးစေးများပင် ပြန်လာခဲ့ရသည်။
“နတ်ဆိုးဘုရင်က ကျွန်တော်တို့ကို ဘာလို့မသတ်တာလဲ” ချင်ယွမ်ဖုန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
ဂီလင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလျက် “ဘာပဲဖြစ်ဖြစ်... ငါကတော့ သိနေတာပေါ့”
ဂီလင်ထံမှ မည်သည့်အချက်အလက်ကိုမျှ မသိရှိနိုင်တော့သဖြင့် ချင်ယွမ်ဖုန်းနှင့် မေတို့သည် စကားပြောခြင်းကို ရပ်တန့်လိုက်ကြတော့သည်။
နန်းတော်၏ အပြင်ဘက်တွင် နတ်ဆိုးဘုရင်၏ အစောင့်အရှောက်များ မရှိဘဲ မြင်းလှည်းတစ်စီးသာ ရှိနေခဲ့သည်။
ကြည့်ရသည်မှာ ဂီလင်သည် တစ်ဦးတည်း လာခဲ့ခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်နိုင်ရန် သူ၏ထံတွင် အစွမ်းအစ ရှိနေသည်မှာ သေချာပေသည်။
“ကဲ... အခု ငါတို့ ပြန်ကြစို့” ဂီလင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဒါနဲ့... မင်းတို့အားလုံး တကယ်ကို တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့ကြတာပဲ”
ထိုသို့သော အဓိပ္ပာယ်မရှိသည့် စကားစုကို ပြောပြီးနောက် ဂီလင်သည် ချင်ယွမ်ဖုန်းနှင့် မေတို့ကို မြင်းလှည်းပေါ်သို့ တက်စေပြီး မြင်းလှည်းကို အလျင်အမြန် မောင်းနှင်ထွက်ခွာခဲ့တော့သည်။
လှည်းကို ဆွဲနေသော သတ္တဝါမှာ သန်မာထွားကျိုင်းပြီး လွန်စွာ မြန်ဆန်လှပေရာ ဘေးပတ်ဝန်းကျင်မှ ရှုခင်းများသည် လေယာဉ်ပျံပေါ်တွင် ရောက်ရှိနေသည့်အလား သူတို့၏ ဘေးမှ ဖြတ်ကျော်လျက် ကျန်ရစ်နေခဲ့သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းမှာ ဂီလင်၏ နောက်ဆုံးစကားလုံးများ၏ အဓိပ္ပာယ်ကို တွေးတောနေခဲ့သည်။ သူတို့တစ်လျှောက်လုံး လုပ်ဆောင်ခဲ့သည်မှာ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို စုဆောင်းခြင်းသာ မဟုတ်လော။
မဟုတ်သေးပါ၊ အခြားအရာတစ်ခု ရှိသေးသည်... ယင်းက ကျွန်ပိုင်ရှင်ကို သတ်ဖြတ်ပြီး ဦးချိုကျိူးကို ကယ်တင်ခဲ့ခြင်းပင် ဖြစ်သည်။
ဤအရာမှာ တော်လှန်ရေးအဖွဲ့သားများ အစဉ်တစိုက် လုပ်ဆောင်နေခဲ့ကြသည့် အရာများ ဖြစ်ချေသည်။
ဂီလင်က တကယ်ပဲ တော်လှန်ရေးအဖွဲ့ရဲ့ သူလျှိုတစ်ယောက် ဖြစ်နေတာလား။
ချင်ယွမ်ဖုန်းသည် ထိုအတွေးကို ချက်ချင်းပင် ပယ်ဖျက်လိုက်ပေရာ ဤလူမှာ နတ်ဆိုးဘုရင်၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သား ဖြစ်သဖြင့် သူလျှိုတစ်ဦး ဖြစ်လာနိုင်စရာ အကြောင်းမရှိချေ။
ထပ်ခါတလဲလဲ တွေးတောပြီးနောက်တွင်လည်း ချင်ယွမ်ဖုန်းသည် အဖြေတစ်ခုကို မဖော်ထုတ်နိုင်ခဲ့သော်လည်း ဂီလင်သည် သူတို့အပေါ် မကောင်းသော ရည်ရွယ်ချက် မရှိသည့်အပြင် စေတနာထားရှိကြောင်းကိုပင် ပြသနေသည့်အလား ရှိနေခဲ့သည်။
မြင်းလှည်းသည် အလွန်အမင်း မြန်ဆန်သော အရှိန်ဖြင့် မောင်းနှင်နေပြီး တစ်ခါတစ်ရံတွင် ဟင်းလင်းပြင်ထဲ၌ပင် ပျံသန်းနေခဲ့ရာ သူတို့၏ ခရီးစဉ်ကို များစွာ တိုတောင်းသွားစေခဲ့သည်။
ပုံမှန်အားဖြင့် ခရီးစဉ်၏ တစ်ဝက်ခန့် ကြာမြင့်မည့် အချိန်ကို ကျော်ဖြတ်ပြီးနောက် ချင်ယွမ်ဖုန်း မိစ္ဆာနယ်မြေတွင် စတင်ခြေချခဲ့ရာ နေရာဖြစ်သော ဆီယာမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သို့သော်လည်း သူတို့သည် ဆီယာမြို့တွင် ရပ်နားခြင်းမရှိဘဲ ပိုမိုတောင်ဘက်ကျသော နေရာတစ်ခုသို့ ဖြတ်ကျော်သွားခဲ့ကြသည်။
သုံးရက်ကြာပြီးနောက် ချင်ယွမ်ဖုန်းနှင့် သူ၏အဖွဲ့သည် သူတို့အား မိစ္ဆာနယ်မြေသို့ ပို့ဆောင်ပေးခဲ့သော ယဇ်ပလ္လင်ကို ဖြတ်ကျော်ကာ နတ်ဆိုးဘုရင်၏ နန်းတော်သို့ ရောက်ရှိလာခဲ့ကြတော့သည်။
နတ်ဘုရားဝိညာဉ် ဘုရင်၏ နန်းတော်ကဲ့သို့ပင် နတ်ဆိုးဘုရင်၏ နန်းတော်သည်လည်း လွန်စွာ ကြီးမားထည်ဝါလှပေရာ မင်းသားအားလုံး၏ တူညီသော အနုပညာအမြင်ကို ထင်ဟပ်နေသည့်အလား ရှိပေသည်။
သို့သော်လည်း နတ်ဆိုးဘုရင်၏ စစ်တပ်မှာ နန်းတော်၏ ဝဲယာနှစ်ဖက်စလုံးတွင် တပ်စွဲထားခဲ့သည်။
ယင်းက သန်းနှင့်ချီသော တစ်ပါးကျွန်းသား မိစ္ဆာများ၏ စစ်တပ်ကြီး ဖြစ်ချေသည်။ ထိုကဲ့သို့ မှောင်မိုက်ပြီး အဆုံးအစမရှိ လွှမ်းမိုးထားသော လူအုပ်ကြီးကို မြင်ရုံမျှဖြင့် ချင်ယွမ်ဖုန်းမှာ ကြီးမားသော ဖိအားကို ခံစားလိုက်ရတော့သည်။
ဤအရာမှာ နတ်ဆိုးဘုရင် ပိုင်ဆိုင်ထားသော အင်အားပင် ဖြစ်ချေတော့သည်။
“ဒါက နတ်ဆိုးဘုရင်ရဲ့ နန်းတော်ပဲ... နန်းတော်ရဲ့ ဝဲယာနှစ်ဖက်မှာ ရှိနေတာက နတ်ဆိုးဘုရင်ရဲ့ လက်အောက်က အစွမ်းထက်တဲ့ စစ်သည်တော် စစ်တပ်ကြီးတွေပေါ့၊ လောကတစ်ခုလုံးကို ပြာကျသွားအောင် ဖြိုလှဲပစ်နိုင်တဲ့ အင်အားစုကြီးပေါ့”
ဂီလင်သည် ဧည့်လမ်းညွှန်တစ်ဦးကဲ့သို့ ချင်ယွမ်ဖုန်းနှင့် မေတို့ကို နန်းတော်၏ အခြေအနေအား ဖော်ရွေစွာ မိတ်ဆက်ပေးနေခဲ့သည်။
ချင်ယွမ်ဖုန်းနှင့် မေတို့ နှစ်ဦးစလုံးမှာ အတန်ငယ် တုန်လှုပ်ချောက်ချားသွားရသည်။ ထိုမိစ္ဆာများ၏ အရေအတွက်မှာ နောက်ပြောင်နေခြင်း မဟုတ်ဘဲ နေရာအနှံ့အပြားတွင် ပြည့်နှက်နေခဲ့သည်။
လူတစ်ထောင်တွင် တစ်ယောက်သာ စစ်သည်တော် ဖြစ်လာနိုင်လျှင်ပင် နတ်ဆိုးဘုရင် တစ်ဦးတည်းမှာပင် စစ်သည်တော် ပေါင်း သန်းချီ၍ စုဆောင်းထားနိုင်ခဲ့ပြီ ဖြစ်ချေသည်။