အခန်း ၈၂၇
Vol. 40 Ch. 827
အခန်း(၈၂၇) အဖြစ်မှန်များ
ဤစစ်သည်တော်ကြီးများကား တိုက်ပွဲဝင်ရန် အသင့်ပြင်ထားသည့် အင်အားမျှသာ ဖြစ်ပေရာ စစ်မြေပြင်ပြင်ပရှိ အခြားသော စစ်သည်တော် အရေအတွက်ကိုမူ အတတ်သိနိုင်ခဲလှပေ။
ထို့အပြင် မိစ္ဆာနယ်မြေအတွင်း၌ အခြားသော မင်းသားများလည်း ရှိနေကြသေးပြီး ယင်းတို့ တစ်ပါးစီ၌လည်း အလားတူ အင်အားတောင့်တင်းလှသော စစ်သည်တော်တပ်ဖွဲ့ကိုယ်စီ ရှိကြပေဦးမည်။
"ဒါနဲ့... နတ်ဆိုးဘုရင်က နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်တစ်ကြိမ် အကူးအပြောင်း ကြားခံဟင်းလင်းပြင်ကို သွားတတ်တာ မင်းသိတယ်မဟုတ်လား"
ဂီလင်က ရုတ်တရက် လှမ်း၍ ပြောလိုက်သည်။
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားရတော့သည်။ သူသည် ထိုအကြောင်းကို ကြားဖူးရုံမျှမက နတ်ဆိုးဘုရင်နှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ဖူးခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုစဉ်က နတ်ဆိုးဘုရင်အနေဖြင့် သူ့ကဲ့သို့ အရေးမပါသော လူမမည်လေးတစ်ဦးကို သတိပြုမိလိမ့်မည် မဟုတ်ပေ။
ထို့အပြင် နတ်ဆိုးဘုရင်သည် သူ၏လူများကို ခေါ်ဆောင်၍ လအနည်းငယ်တစ်ကြိမ်လျှင် အကူးအပြောင်း ကြားခံဟင်းလင်းပြင်သို့ သွားရောက်လေ့ရှိသည်ဟု သိထားသော်လည်း ယခု ဂီလင်၏အဆိုအရ နှစ်နှစ် သို့မဟုတ် သုံးနှစ်မှတစ်ကြိမ်သာ သွားရောက်သည်ဟု ဆိုနေပြန်သည်။
ထိုသို့ဆိုလျှင် မိစ္ဆာနယ်မြေ၏ အချိန်စီးဆင်းမှုသည် အခြားကမ္ဘာများနှင့် မတူညီဘဲ ဆယ်ဆမက ပိုမိုမြန်ဆန်နေသည်ဟု အဓိပ္ပာယ်ရပေလိမ့်မည်။
ချင်ယွမ်ဖုန်းသည် မိစ္ဆာနယ်မြေသို့ စတင်ရောက်ရှိစဉ်က ဤကဲ့သို့ ထူးခြားချက်ကို သတိမပြုမိခဲ့သဖြင့် များစွာအံ့အားသင့်သွားရသော်လည်း ယင်းမှာ မိစ္ဆာနယ်မြေ၏ ထူးခြားဆန်းပြားသော ပတ်ဝန်းကျင်အသွင်သဏ္ဌာန်ကြောင့် သူ သတိလက်လွတ် ဖြစ်သွားခဲ့ခြင်း ဖြစ်တန်ရာသည်။
တစ်နည်းအားဖြင့်ဆိုရသော် ချင်ယွမ်ဖုန်းသည် မိစ္ဆာနယ်မြေအတွင်း၌ နှစ်နှစ်နီးပါးခန့် နေထိုင်ခဲ့ပြီး ဖြစ်သော်လည်း ပြင်ပကမ္ဘာတွင်မူ နှစ်လခန့်မျှသာ ရှိသေးသည်လည်း ဖြစ်နိုင်သည်။
"မင်း သိနေတဲ့ပုံပဲ... ဒါပေမဲ့ သူ ဘာကြောင့် အဲဒီလိုလုပ်တယ်ဆိုတာကော မင်းသိလား"
ဂီလင်က ဆက်၍ မေးလိုက်သည်။
ချင်ယွမ်ဖုန်းသည် ခေါင်းကိုသာ ခါယမ်းပြလိုက်တော့သည်။ အမှန်စင်စစ် သူသည် နတ်ဆိုးဘုရင်က ထိုစစ်သည်တော်များကို သေမင်းတမန်လမ်းသို့ ဦးဆောင်ခေါ်သွားနေခြင်းဖြစ်ကြောင်း ကျိရှန့် ပြောပြ၍ ကြားဖူးထားသော်လည်း ယခုမူ ဘာမျှမသိသကဲ့သို့သာ ဟန်ဆောင်နေခြင်း ဖြစ်ပေသည်။
"မိစ္ဆာနယ်မြေထဲမှာ စားနပ်ရိက္ခာ ရှားပါးလာပြီ... ကောက်ပဲသီးနှံ စိုက်ပျိုးဖို့ သင့်တော်တဲ့ မြေယာတွေကလည်း တဖြည်းဖြည်း လျော့နည်းလာတယ်... ဒါကြောင့် ငါတို့စစ်တပ်ရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလေ"
ဂီလင်က တည်ငြိမ်စွာ ရှင်းပြသည်။
"အဲဒါကြောင့် သူတို့ကို သေတွင်းထဲ မောင်းသွင်းနေတာပေါ့ ဟုတ်လား"
ချင်ယွမ်ဖုန်းက မျက်မှောင်ကုတ်လျက် မေးလိုက်သည်။ အကြောင်းပြချက်က ဤမျှ ရိုးရှင်းလှသည်လား။
"ဒီလိုပဲ ပြောရမှာပေါ့... ဘာလို့လဲဆိုတော့ စစ်သည်တော် အမြောက်အမြားနဲ့အတူ ဟင်းလင်းပြင်ကို ဖြတ်သန်းဖို့ဆိုတာ အရင်းအမြစ် ပစ္စည်းတွေ အများကြီးလိုတယ်... အဲဒီပစ္စည်းတွေကလည်း အရမ်းရှားပါးတော့ နှစ်အနည်းငယ်မှာ တစ်ကြိမ်ပဲ လုပ်နိုင်တာ... ရွေးချယ်ခံရတဲ့လူတွေကတော့ အပြစ်ကျူးလွန်ထားတဲ့သူတွေ ဒါမှမဟုတ် အမိန့်မနာခံတဲ့ စစ်သည်တွေပဲ ဖြစ်တယ်"
ဂီလင်က သက်ပြင်းတစ်ချက် ချလိုက်သည်။
သူသည် ဤအခြေအနေအပေါ် မတတ်သာသည့် စိတ်မကောင်းခြင်းများ ဖြစ်ပေါ်နေရသည်မှာ ထင်ရှားလှပေသည်။ အဆုံးစွန်၌ ထိုစစ်သည်တော်များသည် သူ၏ လူမျိုးစုဝင်များ ဖြစ်ကြသော်လည်း သူကိုယ်တိုင်လည်း ပြောင်းလဲနိုင်စွမ်းမရှိပေ။
မိစ္ဆာနယ်မြေသို့ ရောက်ရှိလာကတည်းက ချင်ယွမ်ဖုန်းသည် ဤနယ်မြေရှိ မင်းသားများမှာ ထင်သလောက် မရိုးရှင်းကြောင်း ရိပ်မိခဲ့သည်။ စစ်သည်တော်များကို သေတွင်းသို့ ပို့ဆောင်ခြင်းကဲ့သို့သော မိုက်မဲသည့်လုပ်ရပ်မှာ လုံးဝ ယုတ္တိမရှိလှပေ။
စိုက်ပျိုးရန် မြေယာများ နည်းပါးလာပါက မြေဆီလွှာ ကောင်းမွန်လာစေမည့် နည်းလမ်းကို ရှာဖွေရမည်ဖြစ်ပြီး ယခုကဲ့သို့ လူများကို သေတွင်းသို့ ပို့နေခြင်းမျိုး မဖြစ်သင့်ပေ။
"ကဲ... လမ်းတစ်လျှောက်လုံးမှာ မင်းရဲ့ကျင့်စဉ်ကို ငါ ပိတ်မထားခဲ့ဘူး... ဒါပေမဲ့ ဒီနေရာရောက်ရင်တော့ ပိတ်ရလိမ့်မယ်... မဟုတ်ရင် နတ်ဆိုးဘုရင်က မင်းကိုပါ သတ်ပစ်လိမ့်မယ်"
ဂီလင်က တည်ငြိမ်စွာ ပြောဆိုပြီးနောက် ရုတ်တရက် သူ၏လက်များကို ချင်ယွမ်ဖုန်းနှင့် မေတို့၏ ပခုံးပေါ်သို့ တင်လိုက်သည်။
ထိုခဏ၌ မိစ္ဆာအရှိန်အဝါများက ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းသို့ အလုံးအရင်းဖြင့် စီးဝင်သွားပြီး ရှုပ်ထွေးလှသော ပုံရိပ်တစ်ခုအဖြစ် စုစည်းသွားတော့သည်။ ယင်းပုံရိပ် ဖြစ်ပေါ်လာသည်နှင့် ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းစွမ်းအင်များမှာ ခဲသွားသကဲ့သို့ ဖြစ်ကာ လုံးဝ အသုံးချ၍ မရတော့ပေ။
သို့သော် ချင်ယွမ်ဖုန်း၏ မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွားပြီး ဂီလင်ကို လှမ်း၍ ကြည့်လိုက်သည်။
ဂီလင်က ချင်ယွမ်ဖုန်းကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ၎င်းတို့အား နန်းတော်အတွင်းသို့ ဦးဆောင်ခေါ်သွားတော့သည်။
ဤနေရာရှိ နန်းတော်ပုံစံမှာ သွေးဆာမိစ္ဆာမင်းသား၏ နန်းတော်နှင့် တည်ဆောက်ပုံချင်း ဆင်တူလှပေရာ ချင်ယွမ်ဖုန်းတို့အဖွဲ့သည် အဓိကခန်းမသို့ လျင်မြန်စွာပင် ရောက်ရှိလာကြသည်။
ယခုတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် နတ်ဆိုးဘုရင်ကို အနီးကပ် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ နတ်ဆိုးဘုရင်၏ ပတ်ပတ်လည်တွင် မှေးမှိန်သော အနီရောင်အလင်းတန်းများ ဝန်းရံနေသဖြင့် လွန်စွာ နက်နဲဆန်းပြားသည့် အသွင်ကို ဆောင်နေပေသည်။
ချင်ယွမ်ဖုန်းသည် ထိုအနီရောင်အလင်းတန်းကို လွန်စွာ ရင်းနှီးလှပေသည်၊ ယင်းမှာ သူတို့ အပြင်းအထန် ရှာဖွေနေခဲ့ကြသည့် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး၏ အရှိန်အဝါပင် ဖြစ်နေတော့သည်။
"အရှင်မင်းကြီး... ဖုန်းနဲ့ မေတို့ကို ခေါ်လာပါပြီ"
ဂီလင်က ရိုသေစွာ ဦးညွှတ်လျက် လျှောက်တင်လိုက်သည်။
နတ်ဆိုးဘုရင်က ခေါင်းညိတ်ပြပြီး ဂီလင်ကို ထွက်ခွာသွားရန် လက်ဝှေ့ယမ်းပြလိုက်သဖြင့် ခန်းမကြီးအတွင်း၌ ၎င်းတို့ သုံးဦးတည်းသာ ကျန်ရစ်တော့သည်။
"ကျွန်တစ်ယောက်အတွက်နဲ့ ဒီလောက်ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ချင်တဲ့လူ ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့မိဘူး"
နတ်ဆိုးဘုရင်၏ အသံက ခန်းမတစ်ခုလုံး၌ ဟိန်းထွက်သွားသည်။
ချင်ယွမ်ဖုန်း ချက်ချင်းပင် လန့်ဖျပ်သွားရသည်။
ဤစကားမှာ သူ့ကို ရည်ညွှန်း၍ ပြောခြင်းမဟုတ်သည်မှာ ထင်ရှားလှပေရာ နတ်ဆိုးဘုရင်သည် မေကို ကြိုတင်သိရှိနေခဲ့ခြင်းလော။
မဟုတ်ပေ... သူသည် မေကို မိစ္ဆာဘုရင်အဖြစ် မှတ်မိနေခြင်း ဖြစ်သည်။
မေ၏ မျက်ဝန်းများတွင် ဇဝေဇဝါဖြစ်သွားသည့် အရိပ်အယောင်များ ဖြတ်သန်းသွားသော်လည်း သူမ ချက်ချင်းပင် သဘောပေါက်သွားကာ မေးလိုက်သည်။
"နင် ငါ့ကို မှတ်မိနေတာလား"
"ဒါပေါ့... အစ်မကြီးရဲ့" နတ်ဆိုးဘုရင်က ရယ်မောလျက် ပြောသည်။ "ငါက အစ်မကြီးကို မှတ်မိနေရုံတင်မကဘူး... ဒါတွေအားလုံးကို ကွယ်ရာကနေ စီစဉ်ခဲ့တာလည်း ငါကိုယ်တိုင်ပဲလေ"
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး မျက်မှောင်များ ကျုံ့သွားရတော့သည်။ ထိုစကားလုံးများသည် သူ၏စိတ်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လွန်းလှပေသည်။
မိစ္ဆာဘုရင် ပျောက်ဆုံးသွားခြင်းမှာ နတ်ဆိုးဘုရင်၏ နောက်ကွယ်မှ ကြိုးကိုင်မှုကြောင့် ဖြစ်ပြီး မေ၏ ဦးချိုကျိုးသွားခြင်းနှင့် မှတ်ဉာဏ်များ ပျောက်ဆုံးသွားခြင်းမှာလည်း ဤနတ်ဆိုးဘုရင်ကြောင့်ပင် ဖြစ်နေတော့သည်။
"ဘာဖြစ်လို့လဲ"
မေက နာကျင်စွာဖြင့် မေးလိုက်သည်။ သူမ၏ နိုးထလာသော မှတ်ဉာဏ်များထဲတွင် သူမ၌ မောင်လေး ခုနစ်ယောက် ရှိခဲ့ဖူးပြီး ထိုအချိန်များမှာ လွန်စွာ နွေးထွေးပြီး ချစ်ခင်စရာကောင်းသော အချိန်များ ဖြစ်ခဲ့ဖူးပေသည်။
နတ်ဆိုးဘုရင်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"အစ်မကြီး... နင် တကယ်ပဲ အားလုံးကို မေ့သွားတာလား"
"ငါတို့ မိစ္ဆာတွေမှာ ဒီလောက်ကြီးမားတဲ့ စွမ်းအားတွေ ရှိနေတာတောင် အစ်မကြီးကတော့ ဘာမှမလုပ်ဘဲ တန့်နေခဲ့တယ်...
မိစ္ဆာနယ်မြေတစ်ခုလုံးကိုလည်း ချိတ်ပိတ်ထားပြီး ငါတို့ကို အခြားကမ္ဘာတွေကို သွားခွင့်မပေးခဲ့ဘူး... အဲဒါက ငါတို့အတွက် တကယ်ပဲ ကောင်းလို့လား"
နတ်ဆိုးဘုရင်၏ စကားများကြောင့် လှုံ့ဆော်ခံလိုက်ရသဖြင့် မေသည် ခေါင်းကို ကိုင်လျက် နာကျင်စွာ ခံစားနေရပြီး မှတ်ဉာဏ်အချို့မှာ တဖြည်းဖြည်း ပြန်လည်ပေါ်ထွက်လာတော့သည်။
အခြားကမ္ဘာများနှင့် နှိုင်းယှဉ်ပါက မိစ္ဆာနယ်မြေသည် လွန်စွာ အင်အားတောင့်တင်းလှပေသည်။ ၎င်းတို့သည် အခြားကမ္ဘာများကို ကျူးကျော်ဝင်ရောက်ရန် အပြည့်အဝ စွမ်းဆောင်နိုင်သော်လည်း မိစ္ဆာဘုရင်မေသည် သဘောထားနူးညံ့ပြီး အခြားကမ္ဘာမှ လူသားများ စစ်မီးဒဏ် မခံစားရစေရန်အတွက် မိစ္ဆာနယ်မြေကို ချိတ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် မင်းသားများသည် မိမိတို့၏ ဘဝသက်တမ်းတစ်ခုလုံးကို ကမ္ဘာတစ်ခုတည်း၌သာ ကုန်ဆုံးရန် အလိုမရှိကြသဖြင့် ၎င်းတို့ကို ပြုစုပျိုးထောင်ပေးခဲ့သော အစ်မကြီးဖြစ်သူကို လုပ်ကြံရန် ပူးပေါင်းကြံစည်ခဲ့ကြပြီး ယင်းမှာလည်း အောင်မြင်ခဲ့ပေသည်။
မိစ္ဆာဘုရင် မရှိတော့သည့်နောက်တွင် မင်းသားခုနစ်ပါးသည် မိစ္ဆာနယ်မြေကို အုပ်ချုပ်ကာ ချိတ်ပိတ်မှုကို ဖျက်ဆီးပစ်ခဲ့ကြပြီး အခြားကမ္ဘာများကို စတင်စစ်မီးရှို့ခဲ့ကြတော့သည်။
ထိုစဉ်က မိစ္ဆာနယ်မြေကို ချိတ်ပိတ်ရန် မေ အသုံးပြုခဲ့သည့် ပစ္စည်းမှာ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးပင် ဖြစ်ပေသည်။
"နင်... မိစ္ဆာနယ်မြေက ဒီလိုမျိုး မဖြစ်သင့်ဘူး"
မေက နတ်ဆိုးဘုရင်ကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သော်လည်း နတ်ဆိုးဘုရင်မှာမူ စိုးစဉ်းမျှ နောင်တရသည့် အရိပ်အယောင်မရှိဘဲ ယခုအချိန်အထိ သူ၏လုပ်ရပ် မှားယွင်းသည်ဟု မထင်မှတ်ပေ။
"အစ်မကြီး... အစ်မကြီး ကျွန်တစ်ယောက် ဖြစ်သွားပြီးတဲ့နောက်မှာ သာမန်လူတွေရဲ့ ခံစားချက်တွေကို နားလည်လာလိမ့်မယ်လို့ ငါ အစက ထင်ခဲ့တာ... ငါတို့ မိစ္ဆာနယ်မြေက ပိုများပြားတဲ့ မိစ္ဆာတွေကို လက်ခံနိုင်ဖို့အတွက် နယ်မြေချဲ့ထွင်ဖို့ လိုအပ်တယ်ဆိုတာကို အစ်မကြီး အခုထိ နားမလည်နိုင်သေးဘူးလား"
နတ်ဆိုးဘုရင်က ပြုံးလျက် ပြောသည်။
"ငါ သိတာကတော့ သူတို့ စစ်ပွဲကို မကြိုက်ဘူးဆိုတာပဲ... နင်က မိစ္ဆာနယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီ"
မေက နာကြည်းစွာ ပြောလိုက်သည်။
"ဟူး... အစ်မကြီးကတော့ အရင်အတိုင်းပါပဲလား" နတ်ဆိုးဘုရင်က နှာခေါင်းရှုံ့လျက် ပြောသည်။ "ဒါပေမဲ့ နှမြောစရာကောင်းတာက အစ်မကြီး အရှိန်အဝါတွေ ပြန်မရခင်မှာပဲ ငါ့လက်ထဲကို ရောက်လာခဲ့တာပဲ... စိတ်မပူပါနဲ့... ငါ အစ်မကြီးကို မသတ်ပါဘူး... အစ်မကြီးရဲ့ မှတ်ဉာဏ်တွေကို ပြန်ပိတ်ပြီး အရင်လိုပဲ ကျွန်တစ်ယောက် ပြန်လုပ်ခိုင်းမှာပါ"
"နင်... ကောင်စုတ် အက်ဒ်ဝပ်... ငါ့အပေါ်ကို ဒီလိုမျိုး ပြန်ဆပ်တာလား"
မေသည် နတ်ဆိုးဘုရင်ကို နာကြည်းတုန်လှုပ်စွာ စိုက်ကြည့်နေမိပြီး သူမ၏ မျက်ဝန်းများတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေတော့သည်။
"အစ်မကြီး ငါ့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးသာ မရှိရင် အစ်မကြီးကို သတ်ပစ်တာ ကြာလှပြီ"
နတ်ဆိုးဘုရင်က နှာခေါင်းရှုံ့လျက် လက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ခန်းမအပြင်ဘက်မှ မိစ္ဆာနှစ်ဦး ဝင်ရောက်လာပြီး မေနှင့် ချင်ယွမ်ဖုန်းတို့ကို ခန်းမအတွင်းမှ အတင်းအကျပ် ခေါ်ဆောင်သွားကြတော့သည်။
မေနှင့် ချင်ယွမ်ဖုန်းတို့ ထွက်ခွာသွားပြီးနောက်တွင် နတ်ဆိုးဘုရင်သည် သာယာစွာဖြင့် တိုးတိုးလေး ရယ်မောလိုက်သည်။
"တော်သေးတာပေါ့... ဘာပြဿနာမှ ကြီးကြီးမားမား မရှိခဲ့ဘူး... ငါ အလိုရှိတဲ့အတိုင်း အားလုံး ဖြစ်လာဖို့အတွက် အချိန်နည်းနည်းပဲ လိုတော့တယ်"