အခန်း ၈၂၈
Vol. 40 Ch. 828
အခန်း(၈၂၈) သူလျှို
ချင်ယွမ်ဖုန်းနှင့် မေတို့ကို ခေါ်ဆောင်လာခဲ့သည့် မြေအောက်လှောင်အိမ်ခန်းအတွင်း၌ မီးတုတ်နှစ်ခုမျှသာ မှိန်ဖျော့လှသော အလင်းရောင်ကို ပေးစွမ်းနိုင်ပြီး ကျန်ရှိသည့် နေရာတစ်ခုလုံးမှာမူ မှောင်အတိ ကျနေချေသည်။
၎င်းတို့နှစ်ဦးစလုံး၏ ကျင့်စဉ်များမှာ ပိတ်ဆို့ခြင်း ခံထားရသော်လည်း နတ်ဆိုးဘုရင်ကမူ သူတို့ကို အနက်ရှိုင်းဆုံးသော အကျဉ်းခန်းအတွင်း၌သာ ပိတ်လှောင်ထားရန် အမိန့်ပေးခဲ့ပေသည်။
အစောင့်ဖြစ်သူက အကျဉ်းခန်းတံခါးကို သော့ခတ်၍ ထွက်ခွာသွားသည့်တိုင်အောင် မေသည် သူမ၏ မျက်နှာထက်၌ နာကျင်ရိပ်များကို ဆက်လက် ပြသနေဆဲ ဖြစ်ပြီး ထိုသူ လုံးဝ ထွက်ခွာသွားမှသာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်တော့သည်။
"အဖြစ်မှန်က ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့မိဘူး" မေက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမသည် မင်းသားခုနစ်ပါးကို အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပေးခဲ့သော်လည်း ယခုမူ ထိုသူများက သူမကို ကျွန်တစ်ယောက်အဖြစ် ပြုလုပ်ကာ အဆုံးမရှိသော အရှက်ခွဲမှုများကို ပေးအပ်ခဲ့ကြချေပြီ။
ယခုအချိန်တွင် မေ၏ မှတ်ဉာဏ်အများစုမှာ ပြန်လည် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ သူမအနေဖြင့် ဦးချိုမပါသော မိစ္ဆာသတ္တဝါအဖြစ် ပြောင်းလဲသွားပြီး မှတ်ဉာဏ်များ တဖြည်းဖြည်း ပြန်လည် ရရှိလာသည့် အကြိမ်တိုင်း၌ နတ်ဆိုးဘုရင်၏ ပြန်လည် တွေ့ရှိခြင်းကို ခံရမြဲဖြစ်ကာ ထိုအခါတိုင်းတွင်လည်း သူမ၏ မှတ်ဉာဏ်များကို ထပ်မံ ပိတ်ဆို့၍ ဦးချိုမဲ့သတ္တဝါအဖြစ် ဆက်လက် တည်ရှိနေစေရန် ဖိအားပေးခြင်း ခံခဲ့ရသည်။
ဤသို့ဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ချေပြီ။ ယင်းလုပ်ရပ်အားလုံးကို နတ်ဆိုးဘုရင်တစ်ဦးတည်းကသာ ကွယ်ရာကနေ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် အခြားသော မင်းသားများသည် မေ၏ ယခုမျက်နှာသွင်ပြင်ကို မသိရှိကြဘဲ သူမကို မှတ်မိခြင်း မရှိကြချေ။
မေသည် ရင်ထဲ၌ ဝမ်းနည်းပူဆွေးမှုများ လှိုင်းလုံးတမျှ ထလာရပြီး စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေတော့သည်။
"သိပ်ပြီး စိတ်မကောင်းမဖြစ်ပါနဲ့... မင်းရဲ့ အင်အားတွေ ပြန်ရလာတာနဲ့ သူတို့ကို ပြန်ပြီး အရေးယူလို့ ရမှာပါ" ချင်ယွမ်ဖုန်းက ဘေးမှနေ၍ နှစ်သိမ့်ပေးလိုက်သည်။
"ဟင်း... ငါ့ရဲ့ အင်အားတွေ ပြန်ရဖို့ အခွင့်အရေးကော ရှိပါဦးမလား" မေသည် ရှေ့တည့်တည့်သို့ ငေးငိုင်စွာ စိုက်ကြည့်ရင်း မိမိကိုယ်မိမိ ပြန်၍ ရေရွတ်နေမိသည်။
"ဒါပေါ့... အခွင့်အရေး ရှိတာပေါ့" ချင်ယွမ်ဖုန်းက မျက်လုံးများကို မှေးစင်းလိုက်ရာ ၎င်း၏ မျက်ဝန်းအစုံ၌ ထက်မြက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
ချင်ယွမ်ဖုန်းသည် သတင်းအချက်အလက် အမြောက်အမြားကို ရရှိထားခဲ့သဖြင့် ယင်းတို့ကို သေချာစွာ ပြန်လည် သုံးသပ်ရန် လိုအပ်နေပေသည်။ ယခုအခါ မေ၏ ကိစ္စရပ်များ နောက်ကွယ်တွင် နတ်ဆိုးဘုရင် ရှိနေကြောင်း သူ သိရှိသွားခဲ့ပြီ ဖြစ်သော်လည်း ဆန်းကြယ်သော ပဟေဠိ အများအပြားမှာမူ ရှင်းလင်းခြင်း မရှိသေးချေ။
"မင်းရဲ့ စွမ်းအားက အဲဒီမင်းသားတွေထက် ပိုပြီး သန်မာသင့်တာကို ဘာဖြစ်လို့ ရှုံးနိမ့်သွားခဲ့ရတာလဲ" ချင်ယွမ်ဖုန်းက မေးလိုက်သည်။
မေက မျက်ဝန်း အစုံကို ပိတ်လိုက်ပြီး "အဲဒီတုန်းက မိစ္ဆာနယ်မြေကို ချိတ်ပိတ်ဖို့အတွက် ငါက အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို အသုံးပြုခဲ့ရတယ်... အဲဒါက ငါ့ရဲ့ စွမ်းအားအားလုံးကို ကုန်ဆုံးစေခဲ့တာ... သူတို့က ဒီအခွင့်အရေးကို အသုံးချပြီး ငါ့ကို ကွယ်ရာကနေ ချောင်းမြောင်း တိုက်ခိုက်ခဲ့ကြတာပဲ"
"ဒါဆိုရင် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးထဲမှာ မင်းရဲ့ စွမ်းအားတွေ ရှိနေတာပေါ့ ဟုတ်လား" ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူသည် ထိုကျောက်တုံးကို မေအား စုပ်ယူခွင့် ပေးခဲ့သင့်ပေသည်။
"ဟုတ်တယ်... ပြီးတော့ မိစ္ဆာနယ်မြေ အခုလို အခြေအနေမျိုး ရောက်နေရတာကလည်း အဲဒီ ကောင်းကင်ဘုံကျောက်တုံးကြောင့်ပဲ... ယင်းက မြေယာတွေကို ခြောက်သွေ့စေပြီး လူအများအပြားကို ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်စေတယ်... နတ်ဆိုးဘုရင်နဲ့ အခြားလူတွေက အဲဒီ ကောင်းကင်ဘုံကျောက်တုံးကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါကို အမှီပြုပြီး ကျင့်စဉ်တွေကို လေ့ကျင့်နေကြတာ" မေက အေးစက်စွာ ပြောလိုက်သည်။
ချင်ယွမ်ဖုန်း ရုတ်တရက် သဘောပေါက်သွားကာ "ဒီလိုကိုး... ဒါကြောင့်မို့ သူတို့က ကောင်းကင်ဘုံကျောက်တုံး အပိုင်းအစကြီးတွေကို ဝှက်ထားပြီး အပိုင်းအစအသေးလေးတွေကိုပဲ အပြင်ကို စီးဆင်းစေခဲ့တာပဲ... ထိုသို့လုပ်တာက ကောင်းကင်ဘုံကျောက်တုံးထဲက မင်းရဲ့ စွမ်းအားတွေကို သူတို့ အမြန်ဆုံး စုပ်ယူနိုင်ဖို့အတွက်ပဲ ဖြစ်ရမယ်"
"ဒါတင်မကသေးဘူး... နတ်ဆိုးဘုရင်က တစ်ခုခုကို သေချာပေါက် ကြံစည်နေတာ... မိစ္ဆာနယ်မြေက ကောင်းကင်ဘုံကျောက်တုံးကြောင့် အခုလို ဖြစ်နေရတာဆိုတော့ အဲဒီ ကျောက်တုံးကိုသာ ပြန်ပြီး ချိတ်ပိတ်နိုင်ရင် မိစ္ဆာနယ်မြေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပဲ... ပြီးတော့ ဘယ်မိစ္ဆာမှလည်း ငတ်မွတ်ပြီး သေဆုံးရတော့မှာ မဟုတ်ဘူး"
"ဟုတ်တယ်... သူတို့က မိမိတို့ကိုယ်တိုင် သန်မာလာဖို့ပဲ စိတ်ဝင်စားကြပြီး သာမန်မိစ္ဆာတွေရဲ့ အသက်အိုးအိမ်ကို ဂရုမစိုက်ကြဘူး... ဒီမိစ္ဆာနယ်မြေကတော့ ကယ်တင်လို့ မရတော့ဘူး ထင်ပါရဲ့" မေက သက်ပြင်းချလိုက်သည်။
ချင်ယွမ်ဖုန်းက မျက်လုံးများကို မှေးစင်းလိုက်မိသည်။ အကယ်၍ ဤနည်းလမ်းက စားနပ်ရိက္ခာ ရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်မည်ဆိုပါက မင်းသားများသည် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး၏ စွမ်းအားများ မတိုက်စားနိုင်သော နေရာတစ်ခုကို ရှာဖွေပြီး ကောက်ပဲသီးနှံများ စိုက်ပျိုးရန် အပြည့်အဝ စွမ်းဆောင်နိုင်ပေသည်။
သို့သော် နတ်ဆိုးဘုရင်ကမူ စစ်သည်တော်များကို သေတွင်းသို့ ပို့ဆောင်မည့် နည်းဗျူဟာကိုသာ ရွေးချယ်ခဲ့ချေသည်။
အကယ်၍ ဤနေရာတွင် နောက်ကွယ်မှ ပူးပေါင်းကြံစည်မှုတစ်ခုသာ မရှိခဲ့ပါက ချင်ယွမ်ဖုန်းကိုယ်တိုင်ပင် ယုံကြည်နိုင်မည် မဟုတ်ပေ။
"နတ်ဆိုးဘုရင် ဘာပဲ ကြံစည်နေပါစေ...အဲ့တာက မြင့်မြတ်သော သိုင်းပညာကုန်းမြေကြီးအတွက်တော့ သေချာပေါက် အန္တရာယ်ရှိစေလိမ့်မယ်" ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ" မေက မေးလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းကို ခါယမ်းပြလိုက်ပြီး စကားအမှားပါသွားလုနီးပါး ဖြစ်ခဲ့ရသည်။
"စိတ်မပူပါနဲ့... ငါတို့ သေချာပေါက် လွတ်မြောက်နိုင်မှာပါ... ငါတို့မှာ အခွင့်အရေး ရှိပါသေးတယ်" ချင်ယွမ်ဖုန်းက ပြောလိုက်သည်။
မေက မိမိကိုယ်မိမိ လှောင်ပြောင်သည့် အပြုံးမျိုးဖြင့် ရယ်မောလိုက်ကာ "ငါတို့မှာ ဘာအခွင့်အရေး ရှိဦးမှာလဲ... အခုတော့ ငါတို့အားလုံး ဒီနေရာမှာ ပိတ်လှောင်ခံထားရပြီလေ... ငါက မင်းကိုပါ ဒီဒုက္ခထဲ ဆွဲသွင်းလိုက်သလို ဖြစ်သွားရပြီ"
"မဟုတ်ဘူး..." ချင်ယွုန်းဖုန်းက အနည်းငယ် ပြုံးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ခါလိုက်ရာ ၎င်း၏ လက်ထိပ်ဖျား၌ ခရမ်းရောင် မီးတောက်တစ်ခု ပေါ်ထွက်လာတော့သည်။
မေ၏ မျက်လုံးများ ပြူးကျယ်သွားကာ "မင်းရဲ့ ကျင့်စဉ်က ပိတ်ဆို့ခံထားရတာ မဟုတ်ဘူးလား"
"ပိတ်ထားတာတော့ ဟုတ်တယ်... ဒါပေမဲ့ ဂီလင်က ငါ့အတွက် အပေါက်တစ်ခု တမင်ချန်ထားခဲ့တာ... အဲဒါကြောင့် ငါက ဒီပိတ်ဆို့မှုကို အလွယ်တကူပဲ ဖျက်ဆီးနိုင်ခဲ့တာပေါ့" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ဂီလင်က သူတို့အပေါ် ပိတ်ဆို့မှု ပြုလုပ်ကတည်းက ချင်ယွမ်ဖုန်း သတိပြုမိခဲ့ခြင်း ဖြစ်သော်လည်း ထိုစဉ်ကမူ ဂီလင်၏ ရည်ရွယ်ချက်ကို သူ နားမလည်ခဲ့ပေ။ ယခုမူ သူ ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
"ဘာဖြစ်လို့လဲ... ဂီလင်က ဘာဖြစ်လို့ ငါတို့ကို ကူညီရတာလဲ" မေက မျက်လုံးများ အဝိုင်းသားဖြင့် မေးလိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး "ဂီလင် တစ်ခါက ပြောခဲ့တဲ့ စကားကို မင်း မှတ်မိသေးလား"
"မင်း တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ"
ယင်းမှာ ဂီလင် ပြောခဲ့သည့် စကားလုံး အတိအကျပင် ဖြစ်သည်။ ချင်ယွမ်ဖုန်းသည် ထိုစဉ်က ယင်းကို နားမလည်ခဲ့သော်လည်း ယခုအခါ အကြောင်းအရာများကို ဆက်စပ်ကြည့်လိုက်သည့်အခါတွင်မူ သူ သဘောပေါက်သွားခဲ့ချေပြီ။
ဂီလင်ကား တော်လှန်ရေးအဖွဲ့၏ သူလျှိုတစ်ဦး ဖြစ်နေတော့သည်။
ချင်ယွမ်ဖုန်းသည် အစက တော်လှန်ရေးအဖွဲ့ကို အင်အားမရှိသော ဦးချိုကျိုးမိစ္ဆာများ၏ အဖွဲ့အစည်းတစ်ခုမျှသာဟု ထင်မှတ်ခဲ့သော်လည်း နတ်ဆိုးဘုရင်၏ ယုံကြည်စိတ်ချရသော လူရင်းကိုပင် မိမိတို့ဘက်သို့ ဆွဲဆောင်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ၊ ယင်းက တော်လှန်ရေးအဖွဲ့၏ အင်အားမှာ သူ ထင်ထားသည်ထက် များစွာ ပိုမိုတောင့်တင်းကြောင်း ပြသနေချေသည်။
ချင်ယွမ်ဖုန်းသည် မေ၏ ကိုယ်ပေါ်ရှိ ပိတ်ဆို့မှုများကိုလည်း လျင်မြန်စွာ ဖျက်ဆီးပေးလိုက်ရာ ၎င်းတို့နှစ်ဦးစလုံးသည် မိမိတို့၏ ကျင့်စဉ်များကို ချက်ချင်းပင် ပြန်လည် ရရှိသွားကြတော့သည်။
ထို့နောက်တွင်မူ ဤမြေအောက်လှောင်အိမ်ကြီးမှာ ၎င်းတို့အတွက် လွန်စွာ အားနည်းလွန်းသောအရာအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
"ဒါပေမဲ့ ငါတို့ တကယ်ပဲ လွတ်မြောက်နိုင်ပါ့မလား... ဒီနေရာက နတ်ဆိုးဘုရင်ရဲ့ နန်းတော်လေ... သူ၌ ယုံကြည်ရတဲ့ လူရင်းတွေ အများကြီး ရှိနေမှာဖြစ်သလို အပြင်မှာလည်း မိစ္ဆာပေါင်း သန်းချီ ရှိနေတာ" မေက စိုးရိမ်တကြီး မေးလိုက်သည်။
"ငါ့အထင်တော့ ဂီလင်က ငါတို့ကို လာပြီး ကြိုလိမ့်မယ်" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "မှောင်သွားတဲ့အချိန်ကျမှ ငါတို့ လွတ်မြောက်ဖို့ ကြိုးစားကြတာပေါ့"
မေက ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ရင်ထဲ၌ မျှော်လင့်ချက် မီးတောက်များ ပြန်လည် တောက်လောင်လာရတော့သည်။
အကယ်၍ ယခုတစ်ကြိမ်တွင် သူမ လွတ်မြောက်သွားခဲ့ပါက မင်းသားများကို ပြန်လည် တိုက်ခိုက်နိုင်ရန်အတွက် သူမ၏ အင်အားများကို ပြန်လည် ဖြည့်ဆည်းပေးမည့် ကောင်းကင်ဘုံကျောက်တုံးကို တိတ်တဆိတ် သေချာစွာ ရှာဖွေရပေလိမ့်မည်။
ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းနှင့် မေတို့၏ နောက်ကျောဘက်ဆီမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ၎င်းတို့နှစ်ဦးစလုံး ကျောချမ်းသွားရတော့သည်။
"ဟို... ခေါ်သွားမယ်ဆိုရင် ငါ့ကိုပါ တစ်ခါတည်း ခေါ်သွားပေးလို့ ရမလား"
ချင်ယွမ်ဖုန်း ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ သူ၏ နောက်ကွယ်၌ နံရံတစ်ခုသာ ရှိနေသည်ကို တွေ့ရသော်လည်း ထိုနံရံထက်၌ အပေါက်ငယ်လေးတစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သည်။
သူသည် အနားသို့ လျှောက်သွားပြီး ထိုအပေါက်ငယ်လေးမှတစ်ဆင့် လှမ်း၍ ကြည့်လိုက်ရာ နံရံ၏ နောက်ကွယ်တွင် အခြားသော အကျဉ်းခန်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရတော့သည်။
ဤအကျဉ်းခန်းမှာ နံရံတစ်ခု၏ နောက်ကွယ်ရှိ အခြားသော အခန်းများကြားတွင် ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ထိုနံရံမှာ လွန်စွာ ထူထဲလှပြီး အသံများကို ပိတ်ဆို့ထားနိုင်သည့် ထူးခြားသော ပစ္စည်းတစ်ခုဖြင့် တည်ဆောက်ထားခြင်း ဖြစ်တန်ရာသည်။
အကယ်၍ နံရံပေါ်၌ ဤအပေါက်ငယ်လေးသာ မရှိခဲ့ပါက သူတို့အနေဖြင့် အတွင်းဘက်မှ အသံများကို ကြားနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအပေါက်ငယ်လေးမှတစ်ဆင့် ချင်ယွမ်ဖုန်းသည် အကျဉ်းခန်းအတွင်း၌ ပုန်းကွယ်နေသော လူတစ်ဦးကို မတင်မကျ မြင်တွေ့လိုက်ရသည်။
ထိုသူမှာ လက်များနှင့် ခြေထောက်များကို နံရံတွင် သံကန်းများဖြင့် ရိုက်နှက်ခြင်း ခံထားရပြီး သံခြေချင်း၊ သံလက်ချင်းများဖြင့် တင်းကြပ်စွာ ချည်နှောင်ခြင်း ခံထားရသည့် အမျိုးသားတစ်ဦး ဖြစ်သည်
သူ၏ ခန္ဓာကိုယ်မှာ မိစ္ဆာတစ်ကောင်ကဲ့သို့ပင် ပိန်လှီခြောက်ကပ်နေချေပြီ။
"မင်းက ဘယ်သူလဲ" ချင်ယွမ်ဖုန်းပင်လျှင် ထိုမြင်ကွင်းကြောင့် လန့်ဖျပ်သွားရသည်။
ဤလူသည် ဤနေရာတွင် မည်မျှကြာအောင် ဆွဲထားခြင်း ခံခဲ့ရသည်ကို မသိနိုင်ပေ၊ သူသည် ကြာလှပြီဖြစ်သော အချိန်ကတည်းက အရိုးစုတစ်ခု ဖြစ်နေသင့်သော်လည်း ယခုအချိန်အထိ အသက်ရှင် ကျန်ရစ်နေဆဲ ဖြစ်သည်။
"ဟီးဟီး... အသိဟောင်းကြီးပါ... တကယ်ပဲ အသိဟောင်းကြီးပါဗျာ" ထိုမိစ္ဆာသတ္တဝါကဲ့သို့သော အမျိုးသားက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"မင်းကို ဘယ်သူက သိမှာလဲ... ငါတို့ မင်းကို တစ်ခါမှ မမြင်ဖူးဘူး" ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
"ငါက မင်းကို ပြောတာမဟုတ်ဘူး... မင်းဘေးနားက လူကို ပြောတာ... ငါတို့က အသိဟောင်းတွေလေ" ထိုအမျိုးသားက စိတ်လှုပ်ရှားစွာ ပြောပြန်သည်။
မေက မျက်မှောင်ကုတ်လိုက်ပြီး ထိုအပေါက်ငယ်လေးမှတစ်ဆင့် လှမ်းကြည့်လိုက်သော်လည်း အတွင်းရှိ လူကို မှတ်မိခြင်း မရှိချေ။
"အလို... အစ်မကြီးက ငါ့ကို မှတ်မိတော့ဘူးလား... ငါက ယာဘိုလေ"