အခန်း ၈၃၀
Vol. 40 Ch. 830
အခန်း(၈၃၀) မိစ္ဆာဘုရင် လင်သား
ကျိရန်၏ စကားကို ကြားသောအခါ ချင်ယွမ်ဖုန်းသည် မအောင့်နိုင်ဘဲ တဟားဟား ရယ်မောလိုက်မိချေသည်။
အခြားသော ဓာတ်စွမ်းအင် ဗီဇများကို မိမိကိုယ်တွင်းသို့ သွတ်သွင်းကာ ကိုယ်ပိုင် အစွမ်းအဖြစ် ပြောင်းလဲနိုင်ခြင်းမှာ လူတိုင်း တတ်နိုင်သည့် အရာမဟုတ်ပေ။
ကျိရန်သည် မိစ္ဆာနယ်မြေသို့ မဝင်ရောက်မီက ကိုယ်တွင်းစွမ်းအားများ ပြန်လည် ဖြည့်တင်းရန်အတွက် ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံး အမြောက်အမြားကို သေချာပေါက် ပြင်ဆင်လာခဲ့တန်ရာသည်။ သို့သော် ထိုအရာအားလုံးမှာ နတ်ဆိုးဘုရင်၏ လက်ထဲသို့ ကျရောက်သွားခဲ့ရပြီ ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် ဝိညာဉ်ကျောက်တုံး တစ်ပုံကြီးကို ထုတ်ယူ၍ ကျိရန်အား စုပ်ယူစေသည့်အပြင် အဆမတန် များပြားလှသော ဝိညာဉ်စွမ်းအားများ ပါရှိသည့် ဆေးလုံးများကိုလည်း ထုတ်ပေးလိုက်၏။
"ဒီဆေးလုံးတွေက တကယ့် အဖိုးတန်ပစ္စည်းတွေပဲဟ" ကျိရန်က ဖြဲစပ်စပ် ရယ်မောရင်း ဆေးလုံးများကို သကြားလုံး ကဲ့သို့ပင် တပြိုက်နက် ဝါးမြိုပစ်လိုက်သည်။ "ငါ့ရဲ့ မြေးလေး... မင်း ရှန်းဝူ စကြဝဠာ တိုက်ကြီးမှာ တော်တော်လေး အဆင်ပြေပြေ နေထိုင်ခဲ့ရပုံပဲ"
"ဘိုးဘေး... ကျွန်တော်က အသုံးမကျတဲ့ သတ္တမအဆင့် ဆေးဖော်စပ်သူ တစ်ယောက်ရုံပါပဲ။ ဒါတင်မကသေးဘူး... ရှန်းဝူ စကြဝဠာ တိုက်ကြီးမှာ မြူနှင်းဂိုဏ်းကို သွားစော်ကားမိလို့ ဒီအထိ အမဲလိုက် မောင်းထုတ်ခံခဲ့ရတာ" ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
ကျိရန်သည် ဆွံ့အသွားရချေသည်။ သတ္တမအဆင့် ဆေးဖော်စပ်သူ တစ်ယောက်က အသုံးမကျဘူးတဲ့လား။ သို့သော်လည်း ကျိမိသားစု၏ သွေးသားပီပီ တကယ့်ကို အလားအလာ ရှိပေစွ။
"စိတ်မပူနဲ့... ငါတို့ ဒီမိစ္ဆာနယ်မြေကနေ ထွက်သွားတာနဲ့ မင်းကို မြူနှင်းဂိုဏ်းဆီ ငါကိုယ်တိုင် ခေါ်သွားမယ်။ တကယ့်ကို အတင့်ရဲလွန်းတယ်။ ငါ့ကျိမိသားစုကို ဘယ်လိုတောင် နှိပ်စက်ဝံ့ရတာလဲ။ အဲဒီ မြူနှင်းဂိုဏ်းဆိုတာကြီးကို လောကမြေပုံပေါ်ကနေ အစပျောက်သွားစေရမယ်" ကျိရန်က မောက်မာဝင့်ကြွားစွာ ကြုံးဝါးလိုက်၏။
"ကောင်းပါပြီ" ချင်ယွမ်ဖုန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
ဆေးလုံးများကို သောက်သုံးပြီးနောက် ကျိရန်သည် ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ အလွန် တောင့်တင်းနေသော သူ၏ ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်သည်။
သူသည် လက်ကို ဝိညာဉ်ကျောက်တုံးဆီသို့ ဖြည်းဖြည်းချင်း ရွှေ့လိုက်ပြီး နှစ်ပေါင်း သောင်းချီမျှ အိပ်ပျော်နေခဲ့သော ကျင့်စဉ်ပညာရပ်ကို ပြန်လည် လည်ပတ်စေခဲ့၏။
အစပိုင်းတွင် ကျိရန်သည် ကျင့်စဉ်ကို အောင်မြင်အောင်ပင် မလည်ပတ်နိုင်ခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် ကိုယ်တွင်းစွမ်းအင်များ တိုးပွားလာသည်နှင့်အမျှ ကျိရန်၏ လှုပ်ရှားမှုများသည် ပိုမို သွက်လက်လာပြီး သူ၏ ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ပြည့်ဖြိုးလာခဲ့ချေသည်။
ကျိရန်သည် ဆေးလုံး ပေါင်းတစ်ထောင်ကျော်ကို တပြိုင်နက်တည်း သောက််ချပစ်လိုက်သည်။ ကံကောင်းသည်မှာ ချင်ယွမ်ဖုန်းသည် ကြိုတင်၍ ဆေးလုံး အမြောက်အမြားကို သိုလှောင်အိတ်အတွင်း စုဆောင်းထားခဲ့ခြင်း ဖြစ်ရာ မဟုတ်ပါက ကျိရန်အတွက် လုံလောက်မည် မဟုတ်ပေ။
ထိုဝိညာဉ်ကျောက်တုံးများ၏ အကူအညီကြောင့် ကျိရန်၏ ကိုယ်တွင်းစွမ်းအင်မှာ ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းခန့် ပြန်လည် ပြည့်ဝလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် ကျိရန်သည် အိုမင်းရင့်ရော်နေဆဲ ဖြစ်သော်လည်း အရေပြားနှင့် အရိုး မျှသာ ကျန်ရှိတော့သည့် အခြေအနေနှင့် နှိုင်းယှဉ်လျှင်မူ များစွာ ကောင်းမွန်လာခဲ့ပြီ ဖြစ်ချေသည်။
"ဟားဟား... နေလို့ ကောင်းလိုက်တာ။ ငါ အရင်ဆုံး ရေချိုးလိုက်ဦးမယ်"
စကားပြောရင်းနှင့်ပင် ကျိရန်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ရှေ့မှောက်၌ ရေစီးကြောင်းကြီး တစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး သူ၏ ကိုယ်ပေါ်သို့ တဝုန်းဝုန်း သွန်းလောင်းချလိုက်တော့သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်မိ၏။ ကျိရန်၏ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်စဉ်မှာ အမှန်တကယ်ပင် အထင်ကြီးစရာ ကောင်းလှပေသည်။ လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် ဟင်းလင်းပြင်ထဲ၌ ရေအမြောက်အမြားကို ဖြစ်တည်စေနိုင်ခဲ့သည် မဟုတ်လော။
မေသည် မျက်နှာလွှဲလိုက်ပြီး ကျိရန်အား ကြည့်ရန် ငြင်းဆန်နေခဲ့သည်။ ယင်းက ကျိရန်အား ပိုမို အတင့်ရဲသွားစေချေ၏။
"ဟေး... မိစ္ဆာဘုရင်ကြီးရဲ့။ ငါတို့တွေ မိတ်ဆက်ခါစတုန်းက မင်း ဒီလောက် ရှက်မနေပါဘူး။ ငါသာ မင်းကို ကူညီရင် မင်းက ငါ့ကို လက်ထပ်မယ်လို့တောင် ပြောခဲ့သေးတာလေ" ကျိရန်က ရေချိုးရင်း တဟားဟား ရယ်မောကာ ပြောဆိုလိုက်သည်။
"ကျွန်မက မိစ္ဆာဘုရင် မဟုတ်တော့ဘူး။ အခု ကျွန်မနာမည်က မေ" မေက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
"ကောင်းပါပြီ... တကယ်တော့ ငါလည်း မိစ္ဆာဘုရင်ရဲ့ လင် ဖြစ်ရမလားဆိုပြီး စိတ်ကူးယဉ်ခဲ့ဖူးတာပါပဲ" ကျိရန်က လျှာရှည်နေခဲ့သည်။
မေသည် မျက်နှာနီမြန်းသွားကာ ချင်ယွမ်ဖုန်းကို အားနာတကြီး ကြည့်လိုက်ရင်း "ရှင်သာ အဲဒီစကားကို နောက်တစ်ခါ ထပ်ပြောရင်... ကျွန်မ အားအင်တွေ ပြန်ပြည့်တာနဲ့ ရှင့်ကို အရင်ဆုံး မိန်းမလျာ ဖြစ်အောင် လုပ်ပစ်မယ်" ဟု ခြိမ်းခြောက်လိုက်တော့သည်။
"တကယ့်ကို ခေါင်းမာတဲ့ မိန်းမပဲ" ကျိရန်က ခေါင်းခါရင်း ချင်ယွမ်ဖုန်း၏ ဓားရှည်ကို ခဏချေးကာ မုတ်ဆိတ် ရိတ်လိုက်သည်။ "ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါ့မြေးရဲ့ လူကိုတော့ ငါ မလုပါဘူး"
ချင်ယွမ်ဖုန်းသည် စကားပင် မပြောနိုင်တော့ဘဲ မျက်နှာကို လက်နှင့် အုပ်လိုက်မိချေသည်။
သို့သော်လည်း မိမိ၏ ဘိုးဘေးနှင့် အမျိုးသမီး တစ်ယောက်တည်းကို သိကျွမ်းခဲ့ရသည်ဟု တွေးမိသည်မှာ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
'ဟေး... ချင်ယွမ်ဖုန်း... မင်း ဘာတွေ လျှောက်တွေးနေတာလဲ။ မင်းက သမီးတစ်ယောက်ရဲ့ အဖေလေ' ချင်ယွမ်ဖုန်းသည် မိမိ၏ စိတ်ထဲ၌သာ အော်ဟစ် နေမိတော့သည်။
"ဖုန်း... စိတ်မပူပါနဲ့။ အဲဒီတုန်းက ကျွန်မ အကျပ်ကိုင်ခံရလို့ပါ။ အဲဒီကိစ္စ ဖြစ်ပြီးကတည်းက ကျွန်မရဲ့ မိစ္ဆာဘုရင် ဆိုတဲ့ အတိတ်က အမှတ်သညာနဲ့ ဘာပတ်သက်မှုမှ မရှိတော့ပါဘူး" မေက ပျာပျာသလဲ ရှင်းပြလိုက်၏။
ချင်ယွမ်ဖုန်းက ချက်ချင်း ခေါင်းခါလိုက်ပြီး "ရှင်းပြဖို့ မလိုပါဘူး။ ငါ မင်းကို ငါ့ရဲ့ ညီမလေး တစ်ယောက်လိုပဲ အမြဲ သတ်မှတ်ထားတာပါ"
"ညီမလေး..." မေ၏ မျက်နှာအမူအရာမှာ အနည်းငယ် ညှိုးငယ်သွားခဲ့သော်လည်း ယခုအချိန်သည် ထိုအကြောင်းကို ပြောရမည့် အချိန်မဟုတ်ပေ။
ကျိရန်က တောက်တစ်ချက်ခေါက်လိုက်ပြီး "ကောင်လေး... ငါကြည့်ရသလောက်တော့ အဲဒီ မိစ္ဆာဘုရင်မက မင်းအပေါ် တော်တော်လေး စိတ်ဝင်စားနေတာ။ မင်းပဲ အရှုံးပေးလိုက်ပါလား။ အဲဒါဆိုရင် ငါတို့ ရှန်းဝူ စကြဝဠာ တိုက်ကြီးနဲ့ ဒီမိစ္ဆာနယ်မြေက ခမည်းခမက်တွေ ဖြစ်သွားကြတာပေါ့"
"ဘိုးဘေး... မုတ်ဆိတ်ရိတ်ဖို့ ကျွန်တော့်အကူအညီ လိုသေးလား" ချင်ယွမ်ဖုန်းက မေးလိုက်ရာ ထိုအသံမှာ ရက်စက် အေးစက်လွန်းလှချေသည်။
ကျိရန်သည် အကြောင်းရင်း မရှိဘဲ တစ်ကိုယ်လုံး တုန်ရင်သွားကာ ခေါင်းကို အမြန်ခါယမ်းလိုက်ရင်း "မလိုဘူး... မလိုဘူး... ငါ့ဘာသာငါပဲ ရိတ်တော့မယ်"
မကြာမီတွင် ကျိရန်သည် မိမိကိုယ်ကိုယ် သန့်စင်ပြီးသွားရာ သာမန် သက်ကြီးရွယ်အိုတစ်ဦးနှင့် တူသွားခဲ့သည်။ သို့သော် သူ၏ ငယ်စဉ်ဘဝက အလွန် ချောမောခန့်ညားခဲ့မည် ဖြစ်ကြောင်းကိုမူ အလွယ်တကူ သိသာနိုင်ပေသည်။
"ဟူး... ငါလည်း အိုပါပြီ။ အရင်တုန်းကတော့ ငါက ချောမောလှပပြီး လေဟုန်စီးနိုင်တဲ့ လူချောတစ်ယောက်ပေါ့။ အခုတော့ အိုမင်းမစွမ်း အဘိုးကြီး ဖြစ်သွားရပြီ" ကျိရန်က သက်ပြင်းချရင်း ညည်းတွားလိုက်၏။
ချင်ယွမ်ဖုန်းသည် မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ မိမိ၏ ဘိုးဘေးမှာ တကယ့်ကို မိမိကိုယ်ကိုယ် အမွှန်းတင်လွန်းလှပေစွ။
"ကဲပါ ဘိုးဘေးရယ်... ဒီကနေ ထွက်သွားဖို့ နည်းလမ်း ရှာကြရအောင်" ချင်ယွမ်ဖုန်းက ပြောလိုက်သည်။ အပြင်ဘက်တွင် သေချာပေါက် မှောင်နေလောက်ပြီ ဖြစ်ချေသည်။
"ထွက်သွားချင်ရင် သွားရုံပေါ့" ကျိရန်က ပြုံး၍ ပြောလိုက်၏။ "အဲဒီ နတ်ဆိုးဘုရင် ကောင်လေးက ငါ့ကို တကယ် တားနိုင်မယ် ထင်နေတာလား။ အဲဒီ ခြောက်ယောက်သာ ပူးပေါင်း မတိုက်ခိုက်ခဲ့ရင်... သူတို့ကို ငါ မြေကြီးထဲ နစ်ဝင်သွားအောင် ချေမှုန်းပစ်တာ ကြာလှပြီ"
ချင်ယွမ်ဖုန်း ဆွံ့အသွားရသည်။ မိမိ၏ ဘိုးဘေးမှာ တကယ့်ကို ရက်စက်ကြမ်းကြုတ်လှပေစွ။
သို့သော်လည်း သူသည် ဤနေရာ၌ နှစ်ပေါင်း သောင်းချီမျှ ပိတ်လှောင်ခံထားရသဖြင့် သူ၏ စွမ်းအားများသည် ခေတ္တမျှ လျော့နည်းနေဦးမည် ဖြစ်ရာ ချင်ယွမ်ဖုန်းအနေဖြင့် အနည်းငယ် စိုးရိမ်နေမိဆဲ ဖြစ်သည်။
"ဘိုးဘေး... ကျွန်တော်တို့ အရင်ဆုံး ဒီကနေ ထွက်သွားကြရအောင်။ ပြီးမှ သူတို့ကို သင်ခန်းစာ ပေးရင်လည်း ရတာပဲ" ချင်ယွမ်ဖုန်းက အကြံပြုလိုက်၏။
ကျိရန်သည် ချင်ယွမ်ဖုန်း ဘာကို စိုးရိမ်နေသည်ကို သိသဖြင့် ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ... ဒါဆိုရင် ဒီနေ့တော့ အရင်ဆုံး ထွက်သွားကြတာပေါ့"
ထိုအချိန်တွင် မြေအောက်အကျဉ်းခန်း အပြင်ဘက်ရှိ အစောင့်များသည် အတွင်း၌ ဘာဖြစ်နေသည်ကို နောက်ဆုံးတွင် ရိပ်မိသွားကြပြီး ပြာပြာသလဲ ပြေးဆင်းလာကြတော့သည်။
ကျိရန်သည် မျက်နှာထက်၌ အပြုံးနုနုလေး ဆင်မြန်းလျက် ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့၏။
သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဧရာမ ဝိညာဉ်ချီ ပေါက်ကွဲခြင်း စွမ်းအင်စီးကြောင်းကြီး တစ်ခု ရုတ်တရက် ပန်းထွက်သွားပြီး နှင်တံတစ်ချောင်း ကဲ့သို့ပင် ထိုအစောင့်များကို နံရံဆီသို့ ရိုက်ခတ် ပစ်လိုက်တော့သည်။
"ချွေတာရမယ်။ ချွေတာရမယ်လေ" ချင်ယွမ်ဖုန်းက နှမြောတသသော အမူအရာဖြင့် အော်ဟစ်လိုက်သည်။ "ဒါတွေအားလုံးက ဝိညာဉ်ကျောက်တုံးတွေလေ"
ယခုအခါ ကျိရန် လက်တစ်ချက် လှုပ်ရှားလိုက်တိုင်း ဝိညာဉ်ကျောက်တုံးများ လောင်ကျွမ်းပြာကျသွားရသဖြင့် ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ နာကျင်ခံရခက်နေရချေသည်။
"အေးပါ... အေးပါ... ငါ အပြင်ရောက်ရင် မင်းကို ပြန်လျော်ပေးမယ်... ဟုတ်ပြီလား" ကျိရန်က တိုးတိုးလေး မကျေမနပ် ညည်းတွားလိုက်၏။
သူတို့ သုံးယောက်သည် မြေအောက်အကျဉ်းခန်း အပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့ကြရာ ထိုနေရာ၌ မိစ္ဆာစစ်သည်တော် အမြောက်အမြား စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။
သို့သော် ကျိရန်သည် တောင်ပေါ်မှ ဆင်းလာသည့် ကျားတစ်ကောင် ကဲ့သို့ပင် ကြောက်မက်ဖွယ် ကောင်းလှပြီး ထိုစစ်သည်တော်များမှာမူ ခုခံနိုင်စွမ်း လုံးဝမရှိသော သိုးသူငယ်လေးများ ကဲ့သို့သာ ဖြစ်နေတော့သည်။
နောက်ဆုံးတွင် နတ်ဆိုးဘုရင်သည်လည်း သတင်းကို ရရှိသွားပြီး အမျက်ဒေါသ ချောင်းချောင်းထွက်သွားခဲ့ရသည်။ သို့သော် ကျိရန်သည် ချင်ယွမ်ဖုန်းနှင့် မေတို့ကို ခေါ်ဆောင်၍ မြို့အပြင်ဘက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ချေသည်။
သန်းနှင့်ချီသော မိစ္ဆာစစ်တပ်ကြီးနှင့် ရင်ဆိုင်ရသော်လည်း ကျိရန်သည် အကြောက်တရား လုံးဝမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် တိုက်ခိုက်လိုစိတ်များသာ ထန်ပြင်းလာခဲ့၏။
ထိုစဉ် ကျိရန်သည် ရုတ်တရက် ခေါင်းလှည့်၍ နန်းတော်အတွင်းသို့ ကြည့်လိုက်သည်။ နန်းတော်ထဲမှ ဧရာမ သဏ္ဌာန်ကြီး တစ်ခု ဖြည်းညင်းစွာ ပျံသန်းထွက်ပေါ်လာခဲ့ရာ ယင်းက အခြားသူမဟုတ်ဘဲ နတ်ဆိုးဘုရင်ပင် ဖြစ်ချေသည်။
"ဟားဟားဟား... ကောင်လေး... ငါ တကယ်ကြီး အပြင်ကို ထွက်လာနိုင်လိမ့်မယ်လို့ မင်း မျှော်လင့်မထားဘူး မဟုတ်လား" ကျိရန်က မိမိ၏ ရှေ့မှောက်ရှိ အင်အားအကြီးဆုံး မိစ္ဆာကို လုံးဝ မကြောက်ရွံ့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"မင်း အသက်ရှင်နေသေးလိမ့်မယ်လို့ ငါ အမှန်ပဲ မျှော်လင့်မထားခဲ့ဘူး" နတ်ဆိုးဘုရင်က အေးစက်စွာ ပြောဆိုလိုက်၏။ "ဒါပေမဲ့ မင်း တကယ်ပဲ လွတ်မြောက်သွားနိုင်မယ်လို့ ထင်နေတာလား"
အတိအကျ ထိုအချိန်တွင် သန်းချီသော မိစ္ဆာစစ်တပ်ကြီး၏ နောက်ကွယ်မှ ရုတ်တရက် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားလာခဲ့ပြီး မီးတောက်မီးလျှံများ ကောင်းကင်ယံသို့ ဝုန်းဝုန်းတောက် ဟုန်းဟုန်းတောက် မြင့်တက်သွားခဲ့တော့သည်။