အခန်း ၉၇၉
Vol. 66 Ch. 979
အခန်း ( ၉၇၉ ) စက်ဝိုင်းတစ်ခု ပြည့်သွားခြင်း
အစွမ်းထက်လှတဲ့ ဂရစ်ဖင်ကြီးက ယာဉ်တန်းရဲ့ အရှေ့မှာ ဆင်းသက်လိုက်တာကြောင့် ပတ်ဝန်းကျင် လေထုထဲမှာ ဆီးနှင်းမှုန်တွေ ပျံတက်သွားခဲ့တယ်။ ခနကြာတဲ့ အခါမှာတော့ လူသားတစ်ယောက်ရဲ့ ပုံရိပ်က သတ္တဝါရဲ့ ကျောပေါ်ကနေ ခုန်ချလိုက်ပြီး ဆန်နီ နဲ့ နေဗီ တို့ရဲ့ မလှမ်းမကမ်းမှာ ဆင်းသက်လိုက်ပါတယ်။
သူတို့ ရှေ့က လူဟာ အရပ်ရှည်ပြီး ကျယ်ပြန့်သန်မာတဲ့ ပုခုံးတစ်စုံ ရှိနေခဲ့တယ်။ သူ့ရဲ့ ပေါ့ပါးတဲ့ အကာအကွယ် ချပ်ဝတ်က သားရဲတစ်ကောင်ရဲ့ ကြေးခွံတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး လည်ပင်းမှာတော့ အပြာရောင် ပဝါတစ်ထည်ကို ဖြစ်သလို ပတ်ထားခဲ့ပါတယ်။ သူ့ရဲ့ ဆံပင်တွေက ကောက်ရိုးရောင် ဖြစ်နေသလိုပဲ သူ့ရဲ့ ထူထဲတဲ့ မုတ်ဆိတ်မွေးတွေကလည်း ဒီတိုင်းပါပဲ။
ဒီလူ ရဲ့ မျက်လုံးတွေကတော့ အပြာရောင် တောက်ပပြီး စူးရှနေခဲ့တယ်။
…မာစတာ ရွန် က ဆန်နီနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကစပြီး အရမ်းကြီး ပြောင်းလဲသွားခြင်း
မရှိပါဘူး။ ကောင်းကင် ဒီရေ ရဲ့ ခင်ပွန်းက ပိုမိုကြမ်းတမ်းကာ ပင်ပန်းနွမ်းနယ်နေတဲ့ ပုံပေါက်နေပေမယ့် သူ့ရဲ့ မုတ်ဆိတ်မွေး တွေက လွဲလို့ ကျန်တာအားလုံးက မပြောင်းလဲပဲ ရှိနေခဲ့တယ်။
‘သူက ဘယ်လိုဖြစ်ပြီး အရင်ထက်တောင် ပိုပြီး ချောမောလာရတာလဲ’
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီးမှ အနည်းငယ် ပြုံးလိုက်မိတယ်။
ရွန် ကို အသက်ရှင်လျက်နဲ့ ကျန်းကျန်းမာမာ တွေ့ရတာက ကောင်းမွန်တဲ့ အရာပါပဲ။
ပြန်တွေးကြည့်လိုက်ရင် သူ့ရဲ့ ရုတ်တရက် ပေါ်ပေါက်လာမှုက အဓိပ္ပာယ် ရှိလှပါတယ်။ အဖြူရောင်တောင်ပံ ကလန် တစ်ခုလုံးက
အန္တာတိကဆီကို နယ်နှင်ဒဏ် အပေးခံထားရတာ ဖြစ်လို့ ရွန် က ဒီနေရာမှာ မရှိလို့ ဘယ်မှာရှိရဦးမှာလဲ...။
အဲ့အချိန်မှာပဲ လူကြီးက ယာဉ်တန်းကို မိနစ်အနည်းငယ်လောက် အကဲခတ်လိုက်တယ်။ပြီးတာနဲ့ ဆန်နီ နဲ့ နေဗီ တို့ဆီကို ဦးတည် လျှောက်လာခဲ့ပါတယ်။ သူ အနားကိုရောက်လာတဲ့ အခါမှာတော့ အနည်းငယ် ရပ်တန့်သွားခဲ့ပြီး သူတို့ကို ထူးဆန်းတဲ့ မျက်နှာအမူအရာနဲ့ စိုက်ကြည့်နေခဲ့တယ်။ ယင်းနောက်မှာတော့ ရွန် ရဲ့ မျက်နှာပေါ်မှာ အံ့ဩသင့်သွားတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။
“ဆန်းလပ်စ်။ နေဦး…တကယ်ပဲ မင်းလား။အခု နာမည်ကြီးနေတဲ့ အန္တာတိကရဲ့ နတ်ဆိုး ဆိုတာ”
ဆန်နီ က ကိုယ်နေဟန်ထားကို အနည်းငယ် ပြင်လိုက်ပြီးမှ ရှက်ကိုးရှက်ကန်းနဲ့ လည်ချောင်းရှင်းလိုက်တယ်။
“အာ… ဟုတ်တယ်..။ အခုတလော လူတွေက ကျွန်တော့်ကို အဲလိုပဲ ခေါ်ကြတယ် ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် မာစတာ ရွန် နဲ့ အခုလို ပြန်တွေ့ရတာ တကယ်ကို ဝမ်းသာပါတယ်..။ တကယ်ပြောတာ..”
ရွန် က ခနလောက် တိတ်ဆိတ်နေခဲ့ပြီးမှ ရုတ်တရက် ရယ်မောလိုက်တယ်။
“အာ… ဒါကို ဘာလို့ ဘယ်သူမှ ငါ့ကို မပြောကြတာလဲ။ ဒါပေမဲ့ အဓိပ္ပာယ် ရှိပါတယ်လေ။ မင်းက လူတွေနဲ့ အပေးအယူ လုပ်ရတာကို သဘောကျတာပဲ..ဝိဥာဥ်အမြုတေ တွေနဲ့ပေါ့…”
ဆန်နီ ချောင်းဆိုးလိုက်တဲ့ အခါမှာတော့ နေဗီ က သူတို့ကို သိချင်စိတ်နဲ့ လှမ်းကြည့်နေခဲ့တယ်။
“မင်းတို့က အချင်းချင်း သိနေကြတာလား”
ဆန်နီ အနည်းငယ် အံ့ဩနေဆဲ ဖြစ်ပေမယ့် ခေါင်းငြိမ့်ပြလိုက်ပါတယ်။
“…ဟုတ်တယ်။ အဖြူရောင်တောင်ပံ ကလန် က မာစတာ ရွန် ပါ။ ပြီးတော့ ဒါက ညအိမ်တော် က မာစတာ နေဗီ ဖြစ်ပါတယ်။ ကျုပ်တို့ နှစ်ယောက်က ဒီယာဉ်တန်းကို တာဝန်ယူထားရတာလေ..”
တက်ရောက်သူ နှစ်ယောက်က အချင်းချင်း ခနလောက် အကဲခတ်လိုက်ကြပြီးမှ ခေါင်းငြိမ့် နှုတ်ဆက်လိုက်ကြတယ်။ သူတို့ကြားမှာ တင်းမာမှုမျိုး မရှိပေမယ့်..သူ နဲ့ ဆက်ဆံသလိုမျိုးမဟုတ်ပဲ.. လုံးဝ သက်တောင့်သက်သာ မရှိကြတာကို ဆန်နီ သတိပြုမိလိုက်ပါတယ်။
ဒါကလည်း နားလည်ပေးလို့ ရပါတယ်..။ အဖြူရောင်တောင်ပံ က ဗာလာ ရဲ့ လက်အောက်ခံ ကလန်တစ်ခု ဖြစ်ပြီး နေဗီ ကတော့ ကြီးမြတ်တဲ့ ကလန်ဖြစ်တဲ့ ညအိမ်တော် ဆီကနေ လာခဲ့တာပါ။ နိုင်ငံရေးအရတော့ သူတို့ကြားမှာ တံတိုင်းတစ်ခု ရှိနေသလိုမျိုးပါပဲ…။ ဗာလာ နဲ့ ဆောင် တို့က စစ်ဖြစ်နေကြပြီဖြစ်ပြီး ညအိမ်တော် ကတော့ ကြားနေအဖြစ် ရှိနေတာကြောင့် ဒီ တံတိုင်းက ပိုပြီး မြင့်မားနေနိုင်ပါတယ်။
သူတို့က ကြားနေအဖြစ် ဆက်ပြီး ရှိနေဦးမှာလားဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်ပါဘူး။
မာစတာ ရွန် က နေဗီ ကို လက်ဆွဲနှုတ်ဆက်လိုက်ပြီး ပျက်စီးယိုယွင်းနေတဲ့ ယာဉ်တန်းကြီးကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်တယ်။
“မင်းတို့ဆီမှာ လူအင်အား ဘယ်လောက် ရှိလဲ”
နှုတ်ဆက်စကား ပြောရမယ့် အချိန်တွေ ပြီးဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့် သူတို့တွေက အလုပ်အကြောင်း ဆွေးနွေးဖို့ ပြင်ဆင်လိုက်ကြပုံရပါတယ်။ ဆန်နီ အနေနဲ့လည်း သူ့ရဲ့ လူတွေကို တတ်နိုင်သမျှ အမြန်ဆုံး ကယ်ထုတ်ပြီး ဘေးကင်းရာဆီ ပို့ဆောင်ချင်စိတ် ပြင်းပြနေတာကြောင့် ဒါကို လုံးဝ သဘောတူထားခဲ့တယ်။
သူက အနောက်ကို လှည့်ကြည့်ရင်း ပြောလိုက်ပါတယ်..။
“စစ်သည် လေးထောင်.. အရပ်သား ဒုက္ခသည် သုံးသောင်း.. ပြီးတော့ သင်္ဘောပျက်ကနေ လွတ်မြောက်လာတဲ့ သင်္ဘောသား အနည်းငယ် ရှိတယ်..။ ကျွန်တော့်မှာ နိုးထသူ တစ်ရာနဲ့ အိပ်စက်သူ နှစ်ဆယ်လောက် ရှိပြီး.. ကျွန်တော့်ရဲ့ ကိုယ်ပိုင် အထူးတပ်ဖွဲ့ လည်း ရှိနေသေးတယ်။ အိုး.. ပြီးတော့ ကျုပ်တို့ဆီမှာ ကျရှုံးမူ
အဆင့် နှစ်ကောင် အပါအဝင် ထပ်တူညီမူတွေ ဆယ်ဂဏန်းလောက်လည်း ရှိသေးတယ်”
ထပ်တူညီမူ သားရဲတွေ နဲ့ ရွန် ရဲ့ ဂရစ်ဖင် တို့က လက်ရှိမှာ အကြည့်ချင်း ပြိုင်နေကြတာ ဖြစ်လို့ နောက်ဆုံးအချက်ကတော့ အထင်အရှားပါပဲ။
ချောမောလှတဲ့ မာစတာ က သူ့ကို အကြာကြီး စိုက်ကြည့်နေခဲ့တယ်။
“…မင်း တကယ်ပဲ ဒီလူတွေကို အီရီဘတ် ကွင်းပြင်ကနေ ဒီအထိ တစ်လမ်းလုံး ခေါ်လာခဲ့တာလား”
ဆန်နီ က ခါးသက်စွာ ပြုံးလိုက်တယ်။
“အများစုကတော့.. ဟုတ်ပါတယ်။ ဒါပေမဲ့ အချို့ ရာဂဏန်းလောက်ကတော့ အဲ့မတိုင်ခင်ကတည်းက ကျွန်တော်နဲ့အတူ ရှိနေခဲ့တာလေ။ ဒီ သနားစရာကောင်းတဲ့ ဝိဥာဉ်တွေက ခိုလှုံရာကို ရှာဖွေဖို့အတွက် ကီလိုမီတာ သုံးထောင်ကျော်ကို ဖြတ်ကျော်လာခဲ့ကြရတာ..”
ရွန် က ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ သူ့ရဲ့ ပုခုံးကို အသာအယာ ဆုပ်ကိုင်လိုက်တယ်..။
“မင်း တကယ် တော်တယ်.. ဆန်းလပ်စ်။ မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ”
သူ့ရဲ့ စကားလုံးတွေက အားပေးစကား ဖြစ်ပေမယ့် သူ့ရဲ့ လေသံကတော့ လေးနက်နေခဲ့တယ်။
အန္တာတိက အလယ်ပိုင်းရဲ့ ပျက်စီးနေတဲ့ နယ်မြေကို ဖြတ်ကျော်ဖို့အတွက် ဒီလို ယာဉ်တန်းမျိုးကို စောင့်ရှောက်ရတာ ဘယ်လောက် ခက်ခဲမလဲဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားရင် အရေအတွက် သုံးသောင်းဆိုတာက အများကြီးလို့ ထင်ရနိုင်ပါတယ်။သို့ပေမယ့်…
အီရီဘတ် ကွင်းပြင်မှာက လူဦးရေ သန်းနဲ့ချီပြီး ရှိနေခဲ့တာပါ။
ဒါကြောင့် ဆန်နီ စုဆောင်းခဲ့တဲ့သူတွေအပြင်
ဖယ်လ်ကွန် စကော့တ် ဒါမှမဟုတ် အခြား ခံတပ်မြို့တော်တွေဆီ ကိုယ့်နည်းကိုယ်ဟန်နဲ့ ရောက်ရှိလာတဲ့သူတွေ အများကြီး ရှိနေနိုင်ပေမယ့်လည်း အသက်ဆုံးရှုံးမှု ပမာဏကတော့ တကယ့်ကို ကြီးမားမှာ အသေအချာပါပဲ။
သူက သက်ပြင်းတစ်ချက်ချရင်း အကြည့်လွှဲလိုက်တယ်။
“ဒါဆို ကျုပ်တို့ ဒါကို ဘယ်လို လုပ်ကြမလဲ။ မြို့ထဲကို ရောက်အောင် သွားဖို့ တိုက်ခိုက်ရမှာက မလွယ်ကူဘူးလို့ ထင်တယ်”
မာစတာ ရွန် က ခနလောက် တိတ်ဆိတ်နေပြီးမှ ပြုံးလိုက်ပါတယ်..။
“အမှန်တော့.. မင်း ဒါကို အရမ်းကြီး စိတ်ပူနေဖို့ မလိုပါဘူး..။ငါတို့တွေက လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ဒုက္ခသည် အတော်များများကို လက်ခံရရှိထားတာကြောင့် အခုချိန်မှာ ဒီလုပ်ငန်းစဉ်တွေနဲ့ တော်တော်လေး အသားကျနေပြီလေ”
သူက တစ်ဖက်ကိုလှည့်ပြီး ဂိတ်ပေါက် ဆယ့်သုံးခု ဝန်းရံထားတဲ့ လျှိုမြှောင်ကြီးကို လှမ်းကြည့်လိုက်တယ်။
“ငါ အချက်ပြလိုက်တာနဲ့ မြို့ရိုးအတွင်းကနေ ရန်သူတွေကို လမ်းလွှဲဖို့အတွက် စစ်ဆင်ရေးတစ်ခု ဆင်နွှဲလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ အထူးတပ်ဖွဲ့ အပေါင်းအဖော်တွေက ဒီလျှိုမြှောင်ကို ပတ်သွားတဲ့ ဘေးလမ်းကို ရှင်းလင်းပေးကြလိမ့်မယ်။ ငါတို့ လုပ်ရမှာက ကျန်ရှိနေတဲ့ သားရဲတွေကို ဖြတ်ကျော်ပြီး အဲ့ဒီ လမ်းဆီ ရောက်အောင် သွားဖို့ပဲ။ မင်းနဲ့ မင်းရဲ့ လူတွေ ဒီအတွက် အဆင်သင့် ဖြစ်နိုင်မလား”
ဆန်နီ က အဝေးဆီကို လှမ်းကြည့်ရင်း ပြုံးလိုက်မိတယ်။
‘ဘယ်လောက် အဆင်ပြေလိုက်လဲ..’
ဒါက ပထမဆုံး စစ်ဆင်ရေးတုန်းက သူ့ရဲ့ အဖွဲ့ကို ဘေးကင်းအောင် ရှင်းလင်းဖို့ အမိန့်ပေးခြင်း ခံခဲ့ရတဲ့ လမ်းနဲ့ အတူတူပဲ မဟုတ်ဘူးလား။
ဆန်နီ အနေနဲ့ ဖယ်လ်ကွန် စကော့တ် ကနေ ထွက်ခွာသွားခဲ့တာ သုံးလလောက် ရှိပြီ ဖြစ်ပြီး အခုတော့ သူ ဒီကို ပြန်လည် ရောက်ရှိလို့ လာခဲ့ပါပြီ။ စက်ဝန်းတစ်ခုက တစ်ပတ်ပြည့်သွားခဲ့တာပါ။
ဒီ လမ်းခရီးက တကယ်ကြမ်းတမ်းခဲ့ရတယ်..။
အခြေအနေတွေက ဒီလို ဖြစ်လာလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးခဲ့မိဖူးပါဘူး။ လူပေါင်း သန်းနဲ့ချီ သေဆုံးခဲ့ရပြီး..ပထမတပ်မတော် ကလည်း
အန္တာတိက အလယ်ပိုင်း တစ်ခုကနေ ဆုတ်ခွာနေခဲ့ရတဲ့အချိန်မှာ သူကတော့ လူပေါင်း သောင်းနဲ့ချီရဲ့ အသက်တွေအတွက် တာဝန်ရှိသူ ဖြစ်လာခဲ့ရပါတယ်။ လူသားမျိုးနွယ်တွေကတော့ တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း ရဲ့ အိပ်မက်ဆိုး ချိန်းကြိုး အောက်မှာ လုံးဝ ရှုံးနိမ့်ခဲ့ရပါပြီ။
…ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။အခြေအနေတွေကပထမတပ်မတော် အတွက် ကပ်ဆိုးကြီးတစ်ခုလို ဖြစ်လာလိမ့်မယ်လို့ တွေးထားမိခဲ့ပေမယ့် ဒီလောက်အထိ မြန်ဆန်ပြီး ပြင်းထန်လိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ပါဘူး။ သူ့ရဲ့ အခြေအနေက ဘယ်လောက်အထိ ထူးဆန်းနေလဲဆိုတာကိုတော့ ထည့်ပြောနေဖို့တောင် မလိုတော့ပေ။
‘ကောင်းပြီလေ.. ဒါက ဘာများအရေးကြီးလို့လဲ’
ဆန်နီဟာ ရွန် ကို ခေါင်းငြိမ့်ပြရင်း သူ့ရဲ့ ပုခုံးတွေကို ဆန့်ထုတ်ကာ ပြောလိုက်ပါတယ်..။
“…ဟုတ်တယ်..အဆင်သင့်ပဲ။ ဒီငရဲကနေ အမြန်ထွက်သွားကြရအောင်”
အပိုင်း ( ၉၇၉ ) ပြီး၏။