← Chapters

အခန်း ၉၈၇

Vol. 66 Ch. 987

အခန်း ၉၈၇

Vol. 66 Ch. 987

အခန်း ( ၉၈၇ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၅ )

ဆန်နီ ဟာ ကာကွယ်ရေးတံတိုင်းရဲ့ သူရဲခို ပေါ်မှာ ထိုင်ရင်း မြို့ဆီကို ဦးတည်ချဉ်းကပ်လာနေတဲ့ အိပ်မက်ဆိုး သားရဲ အုပ်စုကြီးရဲ့ ကမ္ဘာပျက်မတတ် မြင်ကွင်းကို လှမ်းကြည့်နေခဲ့ပါတယ်..။ သူတို့ရဲ့ အရေအတွက်က များပြားလွန်းတာကြောင့် မြေကြီး ကိုယ်တိုင်က လှုပ်ရှားနေပြီး

..ရှေ့ကို စီးဆင်းလာနေသလိုမျိုး ထင်နေရတယ်..။

မြို့ပတ်လည်က အမှောင်ထုကိုတော့ မီးကျည်ဒုံးပျံ ဒါဇင်ပေါင်းများစွာနဲ့ စီစဥ်ထားပြီး..အဲဒီမီးကျည်တွေက မှောင်မိုက်တဲ့ ကောင်းကင်ယံကနေ တောက်ပတဲ့ ကြယ်ကြွေတွေလိုမျိုး ဖြည်းညင်းစွာ လွင့်မျောကျလာနေခဲ့ပါတယ်..။ မြေပြင်ပေါ်မှာတော့ မီးလောင်ကျွမ်းနေတဲ့ အရည်တွေက အရင်တိုက်ပွဲတွေတုန်းက အသတ်ခံထားရတဲ့ သားရဲတွေရဲ့ အလောင်းကောင်တွေကို ဝါးမြိုနေခဲ့တယ်..။ အဲဒီ မီးလောင်လွယ်တဲ့ အလွှာက အချိန်အကြာကြီး ပြင်းပြင်းထန်ထန် တောက်လောင်နေခဲ့ပေမယ့်..ကံကောင်းထောက်မစွာပဲ လောင်မြိုက်နေတဲ့ အသားပုပ်နံ့တွေက တံတိုင်းထိပ်ဖျားအထိတော့ ရောက်မလာနိုင်ခဲ့ပါဘူး..။

မီးခိုးလုံးကြီးတွေက ကောင်းကင်ယံဆီသို့ လွင့်ပျံတက်သွားခဲ့ပြီး ကောင်းကင်ရဲ့ အလေးချိန်ကို ထိန်းမထားနိုင်သလိုမျိုး ကွေ့ကောက်နေခဲ့တယ်..။ ဒါတွေအားလုံးရဲ့ အပေါ်မှာတော့..မှောင်မိုက်တဲ့ တိမ်တိုက်တွေနောက်ကနေ အလင်းတန်းတွေဟာ သွေးနီရောင်အလား ဝဲပျံနေခဲ့ပါတယ်..။

တိုက်ပွဲက စတင်ဖို့ နီးကပ်လာခဲ့ပါပြီ..။

ရှေ့တိုးလာနေတဲ့ အိပ်မက်ဆိုး သားရဲ ပင်လယ်ကြီးက မမြင်နိုင်တဲ့ စည်းတစ်ခုကို ဖြတ်ကျော်လိုက်တာနဲ့..ဖယ်လ်ကွန် စကော့တ် ရဲ့ ခံတပ်တွေပေါ်မှာ တပ်ဆင်ထားတဲ့ စွမ်းအားကြီး စက်လက်နက်တွေက အသက်ဝင်လာခဲ့တယ်။သူတို့က..လျှပ်စစ်အလင်းတန်းတွေနဲ့အတူ လေးလံတဲ့ ကျည်တွေကို ကြောက်မက်ဖွယ် အရှိန်နှုန်းနဲ့ ရှေ့ကို ပစ်လွှတ်လိုက်ကြတယ်..။ သံလိုက်လမ်းကြောင်းသုံး သေနတ်သံတွေက နားကွဲမတတ် မြည်ဟီးလာခဲ့ပြီး တံတိုင်းတစ်ခုလုံးကို တုန်ခါသွားစေခဲ့ပါတယ်..။

အဲဒီ တန်စတင် ကျည်တွေက ပေါက်ကွဲစေတတ်တဲ့ အရာတွေ မဟုတ်ပေမယ့်..သားရဲအုပ်ကြီးကို ပြင်းထန်တဲ့ အားလှိုင်းနဲ့ ရိုက်ခတ်သွားခဲ့တာကြောင့်..အလင်းတန်းတွေ ထွက်ပေါ်လာပြီး..အိပ်မက်ဆိုး သားရဲ ဒါဇင်ပေါင်းများစွာကို မှုန်ညက်သွားစေတဲ့ ဖျက်အားပြင်း ရိုက်ခတ်မှုလှိုင်းတွေကို ဖြစ်ပေါ်စေခဲ့တယ်..။ချက်ချင်းပဲ သားရဲ့ အုပ်စုကြီးကြားထဲမှာ သွေးစွန်းတဲ့ လမ်းကြောင်းကြီးတွေ ပွင့်ထွက်သွားခဲ့ရပါတယ်..။

သို့ပေမယ့် သားရဲအုပ်ကြီးကတော့ တုန်လှုပ်သွားခြင်းမရှိဘဲ ရှေ့ကို ဆက်တိုးလာခဲ့တယ်..။ ခနအကြာမှာတော့ ပထမအကြိမ် ပစ်ခတ်မှုကြောင့် ဖြစ်ပေါ်သွားတဲ့ ဟာကွက်တွေက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး..မိစ္ဆာကောင်တွေက သတ်ဖြတ်လိုတဲ့ ရူးသွပ်မှုတွေနဲ့ ရှေ့ကို အလုအယက် ပြေးဝင်လာကြပါတယ်..။

စက်လက်နက်တွေက စွမ်းအင်အသစ်တွေ ပြန်လည်စုဆောင်းနေတဲ့ အချိန်မှာပဲ..တံတိုင်းတစ်လျှောက် တပ်ဆင်ထားတဲ့ အမြောက်ကြီးတွေက တိုက်ပွဲထဲ ဝင်ရောက်လာခဲ့ကြတယ်..။ သူတို့ရဲ့ ပြောင်းဝတွေကနေ ရှည်လျားတဲ့ မီးလျှံလျှာကြီးတွေ ပွင့်ထွက်လာခဲ့ပြီး ထောင်သောင်းမကတဲ့ ကျည်ဆန်တွေက လေထုထဲ ပျံ့နှံ့သွားခဲ့ပါတယ်..။ အဲဒီ တောက်ပနေတဲ့ ကျည်ဆန်

စီးကြောင်းတွေက သားရဲအုပ်ကြီးအပေါ် ဖြတ်သန်းသွားရင်း ကွေ့ကောက်သွားခဲ့ပြီး ရေတွက်လို့မရတဲ့ သတ္တဝါတွေကို သုတ်သင်ရှင်းလင်းပစ်ခဲ့တယ်..။ အမြောက်တွေ တရစပ် ပစ်ခတ်သံကလည်း အတော်လေး ကြောက်မက်ဖွယ်ကောင်းပြီး ဆူညံလှပါတယ်..။

ဆန်နီ ကတော့ စိတ်မသက်မသာနဲ့ မျက်မှောင်ကျုတ်လိုက်မိတယ်..။

စစ်ပွဲဆိုတာ အရာအများကြီး ဖြစ်နိုင်ပေမယ့်..အဓိကကတော့… ဆူညံလွန်းတာပါပဲ..။

သူက သူ့အောက်က မီတာ ခုနစ်ဆယ်လောက် နက်တဲ့ ချောက်ကို လှမ်းကြည့်လိုက်ပြီး..သူ့ရဲ့ လက်တွေဆီကိုပဲ အာရုံ ပြန်စိုက်လိုက်တယ်..။ သူ့ရဲ့ လက်ချောင်းတွေက ဖြန့်ကားနေပြီး လက်ကွက် အဆန်းတွေ ကနေသလိုမျိုး လှုပ်ရှားနေခဲ့တာပါ..။ ဘေးကနေ ကြည့်ရင်တော့ ဆန်နီ တစ်ယောက် ရူးသွားတာ ဒါမှမဟုတ် ထူးဆန်းတဲ့ ကျိန်စာတစ်ခုခု မိနေတာလို့ ထင်ရပါလိမ့်မယ်..။

သေချာတာကတော့ သူ ဒါတွေထဲက တစ်ခုမှ ဖြစ်မနေခဲ့ပါဘူး..။ အဲဒီအစား သူက အရိပ်ကြိုးတွေကို ရက်လုပ်နေတာ ဖြစ်ပြီး..ဖြည်းဖြည်းချင်း ပုံပေါ်လာတဲ့ အဆီအနှစ် ကြိုးမျှင်တွေကိုတော့ သူတစ်ယောက်တည်းသာ မြင်နိုင်စွမ်း ရှိပါတယ်..။

ကံကောင်းတာက သူ့အဖွဲ့ဝင်တွေက သူတို့ခေါင်းဆောင်ရဲ့ ထူးဆန်းတဲ့ အမူအကျင့်တွေကို ယဉ်ပါးနေပြီ ဖြစ်တာကြောင့်..ဘယ်သူကမှ ဒါကို အာရုံမစိုက်ကြပါဘူး..။ အဲဒီအစား ခြောက်ယောက်လုံးက ချဉ်းကပ်လာနေတဲ့ သားရဲအုပ်ကြီးကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ကြတယ်..။

တံတိုင်းထိပ်မှာ နေရာယူထားတဲ့ ရာနဲ့ချီတဲ့ စက်ရုပ် စစ်သည်တော်တွေ စတင်ပစ်ခတ်လာတဲ့ အချိန်မှာပဲ..ဆမ်မာရာ က သူမရဲ့ ရိုင်ဖယ်ပြောင်းဝကို ရဲခိုတန်း ပေါ် တင်လိုက်ပြီး မှန်ပြောင်းကို ငုံ့ကြည့်လိုက်ပါတယ်..။ သို့ပေမယ့် သူမ ကျည်မသွင်းရသေးခင်မှာပဲ ဆန်နီ က သူမရဲ့ ပုခုံးပေါ် လက်တင်လိုက်ပြီး ခေါင်းခါပြလိုက်တယ်..။

…သူ့ရဲ့ တတိယမြောက် လက်ကပါ..။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ သူက လက်လေးဖက်လုံး သုံးနေတာ ဖြစ်ပြီး..နှစ်ဖက်က အသားအရေနဲ့ လုပ်ထားတဲ့ လက် ဖြစ်ကာ ကျန်နှစ်ဖက်ကတော့ အရိပ်တွေနဲ့ ဖွဲ့စည်းထားခဲ့တာပါ..။ ဆမ်မာရာ က သူ့ကို အနည်းငယ် မျက်မှောင်ကျုတ်ပြီး လှမ်းကြည့်လိုက်တယ်..။

“ဆရာ.. ဘာလို့ မပစ်ခိုင်းတာလဲ..”

ဆန်နီ က အရိပ်ကြိုးတွေကို ဆက်လက် ရက်လုပ်ရင်း ပြန်ဖြေလိုက်တယ်..။

“မလိုသေးဘူး..။ အခုလောလောဆယ် ကာကွယ်ရေးတပ်က အခြေအနေကို ထိန်းချုပ်ထားနိုင်တုန်းပဲမို့လို့..အိပ်မက်ဆိုး သားရဲတွေ တံတိုင်းပေါ် တက်မလာမချင်း ဝင်မပါနဲ့ဦး..။ မင်းရဲ့ အဆီအနှစ်ကို ခြွေတာထားလိုက်..”

သူက ခနလောက် တုံ့ဆိုင်းသွားပြီးမှ ထပ်ပြောလိုက်တယ်..။

“နောက်ဆုံး ရရှိထားတဲ့ အစီရင်ခံစာတွေအရ ဝါးမြိုခြင်း တိမ်တိုက် က ဖယ်လ်ကွန် စကော့တ် ဆီ ရောက်ဖို့ တစ်ရက်ပဲ လိုတော့တယ်..။ မနက်ဖြန်ကျရင် ငါတို့ရဲ့ အင်အားအားလုံးကို လိုအပ်လိမ့်မယ်..”

အထူးတပ်ဖွဲ့ တွေဟာ ပျံသန်းနိုင်တဲ့ အင်းဆက်အုပ်ကြီးနဲ့ နောက်ဆုံး ကြုံတွေ့ခဲ့ရတာကို သတိရသွားပြီး စိတ်မသက်မသာ ဖြစ်သွားခဲ့ကြပါတယ်..။ အဲ့အချိန်အတွင်းမှာတော့ ဆန်နီ ဟာ သူ့ရဲ့ ကိုယ်ပိုင် အကြံပေးချက်ကိုတောင် ဂရုမစိုက်တော့ဘဲ မမြင်နိုင်တဲ့ အဆီအနှစ် ကြိုးမျှင်တွေဆီကိုပဲ ပြန်လည် အာရုံစိုက်နေခဲ့တယ်..။

တိုက်ပွဲကတော့ သူ မျှော်လင့်ထားတဲ့အတိုင်း အနည်းနဲ့အများ တိုးတက်နေခဲ့ပါတယ်..။ သားရဲအုပ်ကြီးက ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိနေပေမယ့် ရှေ့ကို ဆက်တိုးလာခဲ့ကြတယ်။..စက်ရုပ်စစ်သည်တွေက ကျည်ဆန်တွေနဲ့ ဒုံးကျည်တွေကို မိစ္ဆာကောင်တွေထဲ ပစ်လွှတ်နေပြီး မကြာခင်မှာပဲ..သာမန်စစ်သားတွေလည်း ပူးပေါင်းလာခဲ့ကာ..နိုးထသူ မှော်ဆရာတွေ နဲ့ လေးသည်တော်တွေကလည်း နောက်ကနေ လိုက်ပါလာခဲ့ကြပါတယ်..။

ဒီဝိုင်းရံပိတ်ဆို့မှုက ထူးဆန်းတယ်လို့ ပြောရမှာပါ..။ ဘာလို့လဲဆိုတော့ မြို့ရဲ့ ကာကွယ်ရေး အစီအမံ အများစုက အိပ်စက်မူအဆင့် နဲ့ နိုးထမူ အဆင့် အိပ်မက်ဆိုး သားရဲတွေကိုပဲ ကိုင်တွယ်နိုင်လို့ပါပဲ..။ ကျရှုံးမူအဆင့် ကောင်တွေကို သတ်ဖို့အတွက်ကတော့ နိုးထသူ တိုက်ခိုက်ရေးသမားတွေက တံတိုင်းရဲ့ ဘေးကင်းတဲ့ နေရာတွေကို စွန့်ခွာပြီး ထွက်တိုက်ရတာပါ.။

သူတို့က ..တံတိုင်းထဲက သံချပ်ကာ တံခါးတွေကနေ ဖြစ်စေ၊ သတ်ကွင်းပြင်အောက်မှာ သွယ်တန်းထားတဲ့ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းတွေကနေ ဖြစ်စေ ထွက်တိုက်ကြရပါတယ်..။

အဲဒီ ဥမင်လိုဏ်ခေါင်းတွေက မြေအောက်ကနေ တိုးဝင်လာနိုင်တဲ့ မိစ္ဆာကောင်တွေကို ကြားဖြတ်တိုက်ခိုက်ဖို့လည်း အသုံးပြုပြီး..ရန်သူက အဲဒီနေရာကို ထိန်းချုပ်သွားခဲ့ရင်တော့ လွယ်လွယ်ကူကူပဲ ဖြိုချပစ်နိုင်ပါတယ်..။

တကယ်လို့ ပျက်ပြားခြင်းအဆင့် အိပ်မက်ဆိုး သားရဲ တစ်ကောင် ထွက်ပေါ်လာခဲ့ရင်တော့..အဲဒါကို ဖျက်ဆီးဖို့အတွက် မာစတာတွေကို စေလွှတ်ရတာပါ..။

ဒါတွေအားလုံးက သေချာစီစဉ်ထားပြီး ထိန်းချုပ်ထားနိုင်သလိုမျိုး ဖြစ်နေပေမယ့်..တကယ်တမ်း လက်တွေ့မြေပြင်မှာတော့ သန့်သန့်ရှင်းရှင်းပဲ ဖရိုဖရဲ ဖြစ်နေခဲ့တယ်..။ မိစ္ဆာကောင်တွေက စွမ်းအားမျိုးစုံကို ပိုင်ဆိုင်ထားကြတာကြောင့်..တိုက်ခိုက်မှုတိုင်းက ခန့်မှန်းရခက်ပြီး အန္တရာယ်များလှပါတယ်..။ အောင်ပွဲတိုင်းက လူ့အသက်ပေါင်းများစွာကို ရင်းပြီးမှ ရရှိခဲ့တာပါ..။

တံတိုင်းအောက်ဘက်က တံခါးအချို့ ပွင့်သွားပြီး လျင်မြန်တဲ့ အရိပ် ဒါဇင်ဝန်းကျင် ခုန်ထွက်သွားတာကို သတိပြုမိလိုက်တဲ့အခါ ဆန်နီ က သက်ပြင်းချလိုက်မိတယ်..။ သူက ဒေးလ် ရဲ့ လေးလံတဲ့ သံချပ်ကာကို လှမ်းမြင်လိုက်ရတာကြောင့် တကယ့်ကို အန္တရာယ်ရှိတဲ့အရာတစ်ခု ထွက်ပေါ်လာပြီဆိုတာ သိလိုက်ရပါတယ်..။ စစ်တပ်ကွပ်ကဲမှုဌာနက အထူးတပ်ဖွဲ့ တွေကို ထူးထူးခြားခြား ကာကွယ်ပေးထားပြီး..အခုလောလောဆယ် သူတို့ကို အရံအင်အားအဖြစ်ပဲ ထားရှိထားတာပါ..။ သူတို့ကတော့ ဦးစားပေး ပစ်မှတ်တွေ ထွက်ပေါ်လာတဲ့အခါကျမှ အဲဒီသားရဲတွေကို သတ်ဖြတ်ရမယ့်အပိုင်းကို တာဝန်ယူရမှာ ဖြစ်ဖို့ များပါတယ်..။

သို့ပေမယ့် သူရဲကောင်း ရဲ့အဖွဲ့ကိုတောင် စေလွှတ်လိုက်ပြီဆိုမှတော့..လက်ရှိတိုက်ပွဲက သူ ထင်ထားတာထက် ပိုပြီး အဆင်မပြေ ဖြစ်နေတာ သေချာပါတယ်..။

အမှန်တကယ်ပဲ.. ဒေးလ် က သူ့ရဲ့ ပစ်မှတ်ကို ရှင်းလင်းပြီး မကြာခင်မှာပဲ..သားရဲအုပ်ကြီးက ကာကွယ်ရေး ကျည်ဆန်တွေကို ဖောက်ထွက်ပြီး တံတိုင်းဆီ ရောက်လာခဲ့ကြတယ်..။ မိစ္ဆာကောင်တွေက အရင်တိုက်ပွဲတွေတုန်းက ကျန်ရစ်ခဲ့တဲ့ အလောင်းပုံကြီးတွေကို အကာအကွယ်အဖြစ် အသုံးပြုဖို့ သင်ယူသွားခဲ့ကြပုံရပါတယ်..။

တံတိုင်းရဲ့ အောက်ဆုံးအပိုင်းကတော့ အခိုင်ခံ့ဆုံး ဖြစ်အောင် လုပ်ထားတာပါ..။ သံချပ်ကာ ကောင်းကောင်းပါတဲ့ အိပ်မက်ဆိုး သားရဲတွေရဲ့ အလောင်းကောင်တွေဆီက ရရှိတဲ့ ပစ္စည်းအားလုံးကို တံတိုင်းကို ဖောက်ဖျက်ရခက်အောင် ပြုလုပ်တဲ့နေရာမှာ သုံးထားတာကြောင့်..သားရဲအုပ်ကြီးက အောက်ခြေမှာ ခဏတာ ပိတ်မိနေပြီး..ကျည်ဆန်တွေနဲ့ ပေါက်ကွဲစေတတ်တဲ့ အရာတွေရဲ့အောက်မှာ အလူးအလဲ ခံနေကြရတယ်..။

သို့ပေမယ့် ယင်းနောက်မှာတော့ မိစ္ဆာကောင်တွေက တစ်ကောင်ပေါ်တစ်ကောင် ထပ်တက်လာကြပြီး..ရုပ်ပျက်ဆင်းပျက် အသားပုံ မျှော်စင်ကြီးတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်..။ အဲဒီ မျှော်စင်ကြီးတွေက ကြီးထွားလာခဲ့ပြီး..လှုပ်ရှားနေတဲ့ အသားလှေကားတွေပေါ်ကို အိပ်မက်ဆိုး သားရဲတွေ ပိုမို တက်လာတာနဲ့အမျှ ပိုပြီး မြင့်တက်လာခဲ့တယ်..။ မီတာ တစ်ဆယ်.. ပြီးတော့ နှစ်ဆယ်.. ပြီးတော့ သုံးဆယ်… နောက်ဆုံးမှာတော့ သားရဲအုပ်ကြီး တံတိုင်းပေါ် ရောက်လာနိုင်တဲ့ သိသာထင်ရှားတဲ့ အန္တရာယ် ရှိနေပြီဆိုတာ ရှင်းလင်းသွားခဲ့ပါပြီ..။

ဆန်နီ က သက်ပြင်းတစ်ချက်ချကာ သူ့ရဲ့ ရက်လုပ်မှုကို ခနလောက် ရပ်ဆိုင်းပြီး မတ်တတ်ရပ်လိုက်တယ်..။ သူက ရဲခိုတန်း ပေါ်မှာ အလွယ်တကူပဲ ဟန်ချက်ထိန်းထားလိုက်ပါတယ်..။ သူ့လက်ထဲမှာတော့ အနက်ရောင် လေးတစ်စင်း ထွက်ပေါ်လာခဲ့ပြီး..လေးကြိုးပေါ်မှာမိုးကြိုးလျှပ်စီးနဲ့ ပြုလုပ်ထားပုံရတဲ့ မြှားတစ်စင်းက တောက်လောင်လာခဲ့တယ်..။

‘အခုတော့ သူတို့တွေက ခံတပ်ဖျက် မျှော်စင်တွေ ဆောက်တာကိုပါ တတ်နေပြီပေါ့ ဟုတ်လား..’

ဆန်နီက လေးကြိုးကို ဆွဲလိုက်ရင်း ခနလောက် တုံ့ဆိုင်းနေပြီးမှ.. [ မိုးကြိုးပစ်ခတ်မူ] ကို အောက်ဘက်ဆီသို့ ပစ်လွှတ်လိုက်ပါတယ်..။

ခနအကြာမှာတော့ အိပ်မက်ဆိုး သားရဲတွေရဲ့ အော်ဟစ်ညည်းတွားသံတွေက တိုက်ပွဲရဲ့ ဆူညံသံတွေကို ဖောက်ထွက်သွားခဲ့တယ်။..အခိုက်အတန့် က သူ့နားထဲမှာ သီချင်းတစ်ပုဒ် သံပြိုင်

သီဆိုနေသလိုမျိုး တီးတိုး ကပ်ပြောလာခဲ့ပါတယ်..။

တိုက်ပွဲကတော့ ဆက်လက် ပြင်းထန်နေဆဲပါပဲ…

အပိုင်း ( ၉၈၇ ) ပြီး၏။

All Chapters