အခန်း ၂၆၁
Vol. 23 Ch. 261
အခန်း (၂၆၁) တစ်ယောက်ကိုတစ်ယောက် ရန်သူလိုသဘောထားပြီး ရန်ပွဲဖြစ်ပွားခြင်း
"အကုန်လုံး ရှင်အပြစ်တွေချည်းပဲ..."
"သရုပ်ဆောင်တာ သိပ်ပီပြင်လွန်းလို့ လူတွေက ချက်ချင်းကို ရိပ်မိသွားကြတာလေ..."
"အခုတော့ ဘာမှလည်း မရှိတော့ဘူး... ဘာမှလည်း မရလိုက်တဲ့အပြင် အရိုက်ပါ ခံလိုက်ရသေးတယ်..."
"ကျိုးရုံ... ရှင်ကိုယ်ရှင် ပြန်ကြည့်စမ်း... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အရည်အချင်းမရှိရတာလဲ..."
ထန်လီက ကျိုးရုံ၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဒေါသတကြီး ကျိန်ဆဲလိုက်လေ၏။
"ငါ... ငါ တမင်လုပ်တာ မဟုတ်ပါဘူး..."
"ဒါ့အပြင်... ဒီကိစ္စက ငါ့ကိုချည်းပဲ အပြစ်တင်လို့ မရဘူးလေ..."
ကျိုးရုံသည် ထန်လီအပေါ် လုံးဝ မကျေမနပ် ဖြစ်နေပေ၏။ အကယ်၍ ထန်လီသာ လီမိသားစု မျိုးဆက်ပြန့်ပွားရန်အတွက် သူမ၏သားနှင့် လက်ထပ်မည် မဟုတ်ပါက ဤအပြင်လူကို သူမ လုံးဝ သည်းခံမည် မဟုတ်ချေ။
"ဟက်... ခင်ဗျား အပြစ်တွေချည်းပဲလေ... အခုထိ ငြင်းချင်နေတုန်းပဲလား..."
"ကျွန်မ အင်္ကျီတွေကို ကြည့်ဦး... အကုန် ပျက်စီးကုန်ပြီ..."
"ရှင် ကျွန်မကို လျော်ပေးမှာလား..."
ထန်လီက ကျိုးရုံအား ရွံရှာစက်ဆုပ်စွာ မေးမြန်းလိုက်သည်။
"ငါ နင့်ကို နောက်ထပ် နှစ်ထည် ဝယ်ပေးလိုက်ပါ့မယ်..."
ကျိုးရုံက ပြတ်သားစွာ ပြောဆိုလိုက်၏။
"ကျွန်မ..."
"ထားလိုက်တော့... ကျွန်မ တကယ်ကို ဘာမှ ထပ်မပြောချင်တော့ဘူး... ရှင်က တကယ့်ကို ဘာမှနားမလည်တဲ့ အရူးမကြီးပဲ..."
"ယွမ်နှစ်သောင်းတန်တဲ့ ဒီအင်္ကျီအတွက် ရှင်လျော်ကိုလျော်ပေးရမယ်..."ထန်လီက ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။
"ဒါပေမဲ့ တင်းတောင်းငွေအဖြစ် ယွမ်သုံးသိန်း ပေးထားပြီးပြီလေ... အဲဒါကို နင့်အတွက် အင်္ကျီဝယ်ပေးဖို့ နောက်ထပ် ယွမ်နှစ်သောင်း ငါက ဘယ်ကနေ သွားရှာရမှာလဲ..."
ကျိုးရုံသည် အလွန်ပင် အရှက်ရနေချေပြီ။
"ရှင်က ပြန်ပြောနေသေးတာလား... ရှင်ဘာလုပ်ချင်တာလဲ..."
ထန်လီက မကျေမနပ်ဖြင့် ပြောလိုက်၏။
"ငါက ဘာလုပ်ချင်ရမှာလဲ... နင်က နောင်ဖြစ်လာမယ့် ယောက္ခမကို နည်းနည်းလေးတောင် မလေးစားနိုင်ဘူးလား..."
နောက်ဆုံးတွင် ကျိုးရုံ၏ ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
"ကျွန်မကို အော်ရဲတယ်ပေါ့... ဘယ်သူက ရှင်ကို ဒီလောက် သတ္တိတွေ ပေးထားတာလဲ..."
"ကျွန်မ ဒီမင်္ဂလာပွဲကို ဆက်မလုပ်တော့ဘူး..."
ထန်လီက ပြောရင်း လှည့်ထွက်သွားရန် ပြင်လိုက်သည်။
"ဟေး... လီလီ မသွားပါနဲ့... မသွားပါနဲ့... ငါအမေက တောသူမို့ပါ... မင်းအနေနဲ့ သူ့အဆင့်ထိ ဆင်းပြီး စကားပြောနေစရာ မလိုပါဘူး..."
"အမေ... အမေ ဘာလုပ်နေတာလဲ... ကျွန်တော့်ကို မိန်းမမရစေချင်လို့ ဖျက်ဆီးနေတာလား... ကျွန်တော့်မှာ ကလေးမရအောင် အမေ တမင်သက်သက် လုပ်နေတာ မဟုတ်လား..."
လီယိုချိုက်သည်လည်း လုံးဝ မကျေမနပ် ဖြစ်သွားလေ၏။
"ငါ..."
ကျိုးရုံသည် ချက်ချင်းပင် ကြောက်ရွံ့သွားတော့သည်။ အကယ်၍ ထန်လီသည် ချစ်စရာကောင်းပြီး မိသားစုမျိုးဆက်ပြန့်ပွားရန် လိုအပ်နေခြင်း မရှိပါက သူမအနေဖြင့် ဤမျှလောက် သည်းခံနိုင်မည် မဟုတ်ချေ။
"လီလီ့ကို အမြန် တောင်းပန်လိုက်..."
လီယိုချိုက်က ကျိုးရုံအား ရိုင်းစိုင်းစွာဖြင့် ပြောဆိုလိုက်သည်။
"ငါ..."
"လီလီ... ငါ တောင်းပန်ပါတယ်... ငါ မှားသွားပါတယ်..."
နောက်ဆုံးတွင် ကျိုးရုံသည် ခေါင်းငုံ့သွားရပေ၏။
"ဟီးဟီး... အခုပဲ ကားသွားဝယ်ရအောင်... ဒီနေ့ပဲ ကားရအောင်ယူမယ်... စာရွက်စာတမ်းတွေပေါ်မှာ ကျွန်မနာမည် ပါရမယ်နော်..."
ထန်လီက ယဉ်ကျေးမှု အလျဉ်းမရှိဘဲ ပြောလိုက်သည်။
"ကောင်းပါပြီ... ကောင်းပါပြီ..."
လီယိုချိုက်က အလျင်အမြန် သဘောတူလိုက်၏။
"ဒီလိုမှပေါ့..."
ထန်လီက ပြောပြီးနောက် ကားထဲသို့ ဝင်ရန်ပြင်လိုက်ချိန်တွင် ဖုန်းတစ်ကော ဝင်လာလေသည်။
သေချာစွာ ကြည့်ရှုလိုက်ချိန်တွင် ဖောက်သည်ဟောင်းတစ်ဦးဖြစ်သော အစ်ကိုဝမ်ထံမှ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
ထိုအစ်ကိုဝမ်သည် အလွန် သဘောကောင်းလှကာ ယွမ်သောင်းချီတန်သော လက်ဝတ်ရတနာ အမြောက်အမြားကို သူမအား ပေးခဲ့ဖူးပေသည်။
ထန်လီသည် ထိုလုပ်ငန်းတွင် မရှိတော့သော်လည်း သူတို့သည် မကြာခဏ အဆက်အသွယ် ရှိနေဆဲပင်။
အစ်ကိုဝမ်ထံမှ ဖုန်းခေါ်ဆိုမှုဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် ထန်လီ၏ မျက်နှာအမူအရာ အနည်းငယ် နူးညံ့သွားပြီးနောက် သူမက ထိုသူများအား ပြောလိုက်သည်။
"ကျွန်မ ဖုန်းလေး ပြောလိုက်ဦးမယ်... နောက်ကနေ လိုက်မလာခဲ့နဲ့နော်..."
စကားပြောနေရင်းဖြင့် သူမသည် ဘေးဘက်ရှိ ထောင့်တစ်နေရာသို့ သွားလိုက်၏။
"ဒါက ဘာဖုန်းခေါ်ဆိုမှုမို့လို့ ငါတို့ကွယ်ရာမှာ သွားပြောနေရတာလဲ..."
ကျိုးရုံက စိတ်ထဲမှ တွေးတောလိုက်ပြီးနောက် ထိုထောင့်ဆီသို့ တိတ်တဆိတ် သွားလိုက်သည်။ ထန်လီသည် ကောင်းမွန်သော ကိစ္စတစ်ခုခု လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း သူမ ခံစားနေရပေ၏။
"ဟယ်လို... အစ်ကိုဝမ်... ဘာကိစ္စရှိလို့လဲ..."
ထန်လီက ပြုံးရွှင်စွာဖြင့် အစ်ကိုဝမ်၏ ဖုန်းကို ဖြေကြားလိုက်သည်။
"ဟားဟား... ကိုယ် မင်းကို လွမ်းနေလို့ပါ..."
တစ်ဖက်မှ အမျိုးသား၏ အသံ ထွက်ပေါ်လာလေ၏။
အနီးအနားတွင် မည်သူမျှ မရှိသဖြင့် ထန်လီသည် ဖုန်းကို စပီကာဖွင့်ကာ ပြောဆိုနေခြင်းဖြစ်ပြီး အခြားသူများ ကြားသွားမည်ကို သူမ ကြောက်ရွံ့နေခြင်း မရှိချေ။
"ကျွန်မရဲ့ ဘာကို လွမ်းနေတာလဲ..."
ထန်လီက ပြုံးလျက် မေးလိုက်သည်။
"မင်း ဘယ်လိုထင်လို့လဲ... ကိုယ် မင်းရဲ့ နေရာတိုင်းကို လွမ်းနေတာ..."
"ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းကလွဲပြီး တခြားဘယ်သူမှ ကိုယ့်ကို အဲဒီလို ခံစားချက်မျိုး မပေးနိုင်ဘူး..."
"ဘယ်လိုလဲ... ဒီသောကြာနေ့ ထုံးစံအတိုင်း နေရာဟောင်းမှာ တွေ့ကြမလား..."
အစ်ကိုဝမ်က ပြောလိုက်၏။
"အစ်ကိုဝမ်ကတော့ နောက်နေပြန်ပြီ... ကျွန်မ ဒီအလုပ်ကနေ ထွက်လာတာ ကြာပြီလေ... အစ်ကို့ကို ပြောစရာ ရှိသေးတယ်... ကျွန်မ မင်္ဂလာဆောင်တော့မှာ..."
ထန်လီက ပြန်ဖြေလိုက်သည်။
"ဘာ... မင်း မင်္ဂလာဆောင်တော့မယ်..."
"ဒါက ပိုတောင် အခွင့်အရေးကောင်း မဟုတ်ဘူးလား..."
"နေရာဟောင်း ဈေးဟောင်းပဲနော်..."
အစ်ကိုဝမ်၏ အသံသည် ရုတ်တရက် စိတ်လှုပ်ရှားလာတော့သည်။
"ဟင့်အင်း... မဖြစ်ဘူး... ကျွန်မ ဒီအလုပ်ကို စွန့်လွှတ်တော့မှာလေ... ဘယ်လိုလုပ်ပြီး ဒီလို ဆက်လုပ်လို့ ဖြစ်တော့မလဲ..."
"ဟင့်အင်း... မရဘူး... ကျွန်မဆက်လုပ်လို့မရတော့ဘူး"
ထန်လီက အလျင်အမြန် ငြင်းဆန်လိုက်၏။
"ဟားဟားဟား... ကောင်မလေး... မင်း ဘာလို့ ငြင်းနေလဲဆိုတာ ကိုယ် သိပါတယ်... မင်း မင်္ဂလာဆောင်တော့မှာဆိုတော့ အရင်ဈေးနဲ့ မရတော့ဘူးလို့ ခံစားနေရတာ မဟုတ်လား..."
"စိတ်မပူပါနဲ့... အစ်ကိုဝမ်အကြောင်း မင်း မသိတာကျနေတာပဲ... အစ်ကိုဝမ်ကို သေချာ ပြုစုပေးနိုင်သရွေ့ မင်းကို နှစ်ဆပေးမယ်..."
အစ်ကိုဝမ်က ရက်ရောစွာ ပြောလိုက်သည်။
"နှစ်ဆ... ဒါက... အဆင်မပြေသေးဘူး..."
ထန်လီက ငြင်းဆန်နေဆဲပင်။
"သုံးဆ..."
"မရဘူး..."
"လေးဆ... ဒါ အများဆုံးပဲ..."
အစ်ကိုဝမ်က ပြောလိုက်၏။
"အင်း... ကောင်းပါပြီ... အစ်ကိုဝမ်... ကျွန်မ အားနာနာနဲ့ပဲ လက်ခံလိုက်ပါ့မယ်..."
ထန်လီသည် ဝမ်းသာလုံးဆို့သွားတော့သည်။ လေးဆဆိုသည်မှာ သာမန်လူတစ်ယောက်၏ တစ်လစာ လစာနှင့် ညီမျှနေပေ၏။
"မင်းလေးကတော့ ဈေးတွေ အရမ်းခေါ်နေတာပဲ... ကိုယ် မင်းကို ဘယ်လို ဆုံးမမလဲဆိုတာ စောင့်သာကြည့်နေတော့..."
"မနက်ဖြန် နေရာဟောင်းမှာ တွေ့မယ်..."
အစ်ကိုဝမ်က ပြောပြီးနောက် ဖုန်းချသွားလေသည်။
"ယွမ်ငါးထောင်... တစ်ကြိမ်အတွက် တကယ့်ကို ဈေးကောင်းပဲ..."
ထန်လီသည် ကျေနပ်စွာဖြင့် ဖုန်းကိုချလိုက်သည်။
သူမ ဝမ်းသာအားရ လှည့်ကြည့်လိုက်ချိန်တွင် မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာဖြင့် ရပ်နေသော ကျိုးရုံကို ရုတ်တရက် တွေ့လိုက်ရလေ၏။
ထန်လီ၏ နှလုံးသား ချက်ချင်းပင် တင်းကျပ်သွားပြီး သူမ အလွန်တုန်လှုပ်သွားရသော်လည်း တည်ငြိမ်အောင် ကြိုးစားကာ အလျင်အမြန် ပြောလိုက်သည်။
"ရှင်ဒီမှာ ဘာလုပ်နေတာလဲ... ကျွန်မ ဖုန်းပြောနေတာ မသိဘူးလား..."
ထန်လီက အလျင်အမြန်ပင် အပြစ်တင်လိုက်၏။
ကျိုးရုံသည် လုံးဝ ဒေါသထွက်သွားချေပြီ။
သူမ၏ နောင်ဖြစ်လာမည့် ချွေးမသည် ထိုကဲ့သို့သော ကိစ္စမျိုးကို အမှန်တကယ် လုပ်ဆောင်နေခဲ့သည်ကိုး။
"နင့်ကို သေအောင် ရိုက်သတ်ပစ်မယ်..."
ကျိုးရုံသည် ပြေးဝင်သွားကာ ထန်လီ၏ ဆံပင်များကို ဆွဲကိုင်ပြီး ရူးသွပ်စွာ ဆွဲဆောင့်တော့သည်။
"ရှင်ကတော့ သေချင်နေပြီပဲ... ဒီအဘွားကြီး... ကျွန်မကို ဘယ်လိုလုပ် ရိုက်ရဲရတာလဲ... အခုချက်ချင်း လွှတ်ပေးစမ်း... တကယ်လို့ မလွှတ်ရင် ကျွန်မ မင်္ဂလာမဆောင်တော့ဘူး..."
ထန်လီက ခြိမ်းခြောက်လိုက်၏။
"နင်က ငါ့သားကို လက်ထပ်ချင်သေးတယ်ပေါ့... ဒီနေ့ နင့်ကို သေအောင် ရိုက်သတ်ပစ်မယ်... အရုပ်ဆိုးမ..."
ကျိုးရုံသည် ဆက်လက်၍ မအောင့်အည်းနိုင်တော့ဘဲ သူမ၏ ရင်တွင်း၌ စုပုံနေသော ဒေါသများအားလုံးသည် ဤအချိန်တွင် ပေါက်ကွဲထွက်လာတော့သည်။
အချိန်တိုအတွင်းမှာပင် ထန်လီသည် ကျိုးရုံ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားကာ မြေပြင်ပေါ်တွင်လည်း ဆံပင်များ ပြန့်ကျဲနေပေ၏။
"အမေ... ဘာတွေ လုပ်နေတာလဲ... လီလီကို ဘာလို့ ရိုက်တာလဲ..."
လီယိုချိုက်က အလျင်အမြန် ပြေးလာပြီး အံ့သြစွာ မေးလိုက်သည်။
"ဘာထင်လို့လဲ... နင့်မိန်းမက အဲဒီလို ကိစ္စမျိုးတွေ တကယ် လုပ်နေတာလေ... မနက်ဖြန်လည်း အဲဒီကိစ္စတွေ သွားလုပ်ဦးမှာတဲ့..."
ကျိုးရုံက ဒေါသတကြီး ပြောလိုက်၏။
"ဘာ..."
"လီလီ... မင်း ဒီအလုပ်ကနေ အနားယူပြီလို့ ပြောခဲ့တယ် မဟုတ်လား... အဲဒီတစ်ခါ ကိုယ့်ကို ပြုစုပေးတာ နောက်ဆုံးအကြိမ်လို့ ပြောခဲ့တယ် မဟုတ်လား... မင်း ဘာတွေ လုပ်နေတာလဲ..."
လီယိုချိုက်သည် အကြီးအကျယ် ဒေါသထွက်သွားတော့သည်။
သားဖြစ်သူ၏ စကားကို ကြားလိုက်ရချိန်တွင် ကျိုးရုံသည်လည်း အသက်ရှူကြပ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
ထို့နောက် ရဲကားများနှင့် လူနာတင်ယာဉ်များ ဆက်တိုက် ရောက်ရှိလာကြတော့သည်။
လီဝမ်ဟွာက သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး ဒေါသတကြီးအော်ဟစ်၏။"ဒါ အပြစ်တွေပဲ... လူကောင်းတွေက အကျိုးပေးမကောင်းကြပါလား..."