အခန်း ၂၆၃
Vol. 23 Ch. 263
အခန်း (၂၆၃) ကျင်းချန်နှင့် အင်တာဗျူး
ကျင်းချန် ဝင်လာသည်နှင့် စားပွဲတစ်လုံး၌ ထိုင်ကာ စကားပြောနေကြသော လူငယ်နှစ်ဦးကို မြင်တွေ့လိုက်ရ၏။
ဖုန်းထဲတွင် လွတ်လွတ်လပ်လပ် စကားပြောခဲ့ကြသော်လည်း ဤကဲ့သို့သော စားသောက်ဆိုင်မျိုး၌ တက်ကြွသည့် ညစာစားပွဲတစ်ခုကို လက်ခံကျင်းပနိုင်သူသည် တော်တော်လေး ချမ်းသာကြွယ်ဝသူ ဖြစ်ရမည်ဟု ကျင်းချန် သိထားပေသည်။
အထူးသဖြင့် သူ၏ရှေ့မှ လူနှစ်ဦးမှာ တော်တော်လေး ငယ်ရွယ်နေသည်ကို မြင်တွေ့လိုက်ရချိန်တွင် စိတ်လှုပ်ရှားမနေရန်မှာ မဖြစ်နိုင်ချေ။ ကျင်းချန်သည် အံ့အားသင့်ဖွယ် အတွေးတစ်ခု ဝင်လာခဲ့ပြီး သူ၏ တင်ပါးကို လက်နှစ်ဖက်ဖြင့် အလိုအလျောက် ဖုံးကွယ်လိုက်မိသည်။
ဤလူနှစ်ဦးက ထိုကဲ့သို့သော သူများ ဖြစ်နေမည်လားဟု သူ တွေးလိုက်မိ၏။
ကျင်းချန်သည် သီးသန့်ခန်း၏ လုံခြုံမှုကို အလျင်အမြန် အကဲခတ်ကြည့်လိုက်ရာ သတ်ဖြတ်ခံရမည့် သိုးတစ်ကောင်ကဲ့သို့ ချက်ချင်း ခံစားလိုက်ရလေသည်။
"မဟုတ်ဘူး... ငါက တကယ် ယောကျ်ားစစ်စစ်ပါ..."
ကျင်းချန်သည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပြောဆိုလိုက်၏။
"အမ်..."
"ဒီစကားက ဘာအဓိပ္ပာယ်လဲ..."
စုယွမ်နှင့် လီဟူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေပေ၏။
"ဘာတွေဖြစ်နေတာလဲ... ငါက ဒီမှာ ဒီတိုင်းထိုင်နေတာ ဘာမှလည်း မလုပ်ရသေးဘူးလေ..."
သူတို့၏ မျက်နှာအမူအရာများကို မြင်တွေ့ရချိန်တွင် ကျင်းချန် လုံးဝ ဆွံ့အသွားရပေသည်။
"ငါက တကယ်ကို အရှက်ကွဲသွားတာပဲ... ငါက အထင်လွဲသွားတာကိုး..."
"ခင်ဗျားက မန်နေဂျာကျင်း ဖြစ်ရမယ်..."
စုယွမ်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
"ကျွန်တော်က မန်နေဂျာ ကျင်း မဟုတ်ပါဘူး... ကျွန်တော့်နာမည်က ကျင်းချန်ပါ... ကျွန်တော်က သာမန် ဝန်ထမ်းတစ်ယောက်ပဲ.."
ကျင်းချန်က ပြန်လည်ဖြေကြားလိုက်သည်။
"ထိုင်ပါ..."
"ခင်ဗျားကို မန်နေဂျာ ကျင်း လို့ ကျွန်တော် ခေါ်ရတဲ့ အကြောင်းရင်းတစ်ခု ရှိတယ်... အခုချိန်မှာ ခင်ဗျားက မန်နေဂျာ ကျင်း မဟုတ်ပေမဲ့ အနာဂတ်မှာ မန်နေဂျာ ကျင်း ဖြစ်လာမှာမလို့ပဲ..."
"ဖုန်းထဲမှာ ကျွန်တော့် ခင်ဗျားကို ပြောခဲ့တာကို မှတ်မိသေးလား..."
စုယွမ်က မေးမြန်းလိုက်၏။
"တောင်းပန်ပါတယ်... ကျွန်တော် မေ့သွားလို့..."
ကျင်းချန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ရပါတယ်... ကျွန်တော် ထပ်ပြောပြပေးလို့ရတယ်..."
"ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားကို သူဌေးဖြစ်လာအောင် ကျွန်တော် လုပ်ပေးနိုင်တယ်... ခင်ဗျားရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော် ကူညီပေးနိုင်တယ်..."
စုယွမ်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ဒီဟာက..."
ကျင်းချန်သည် အနည်းငယ် ရှုပ်ထွေးသွားပြီး စုယွမ် ဘာတွေပြောနေသည်ကို နားမလည်နိုင်ဖြစ်သွားပေသည်။
"ငါ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးမယ်... ငါ့ရဲ့ အိပ်မက်က ဘာလဲဆိုတာ ငါကိုယ်တိုင်တောင် မသိတာကို..."
"ဟားဟား ကိစ္စမရှိပါဘူး... အရင်ဆုံး စားကြတာပေါ့..."
စုယွမ်က အစားအသောက်များ လာချပေးရန် စားပွဲထိုးကို ချက်ချင်း လှမ်းခေါ်လိုက်၏။
တစ်ဦးလျှင် ယွမ် ၈၈၈၈ ကျသင့်သော ပက်ကေ့ချ်ဖြစ်ပြီး ၎င်းကို သုံးဆောင်ရန် ပြဿနာ မရှိနိုင်ချေ။
ဟင်းပွဲတစ်ပွဲစီသည် သေးငယ်သော်လည်း ဟင်းပွဲပေါင်း ဆယ်ဂဏန်းကျော် ပါဝင်သဖြင့် လူကြီးတစ်ယောက် ဗိုက်ဝရန် လုံလောက်ပေသည်။
ဤနေရာရှိ ဟင်းပွဲအချို့မှာ ကျင်းချန် တစ်ခါမျှပင် မကြားဖူးခဲ့သော ဟင်းပွဲများဖြစ်ပြီး အရသာမှာလည်း သဘာဝကျကျပင် သူ တစ်ခါမျှ မခံစားဖူးသော အရသာမျိုး ဖြစ်နေ၏။
ကျန်းရှန်ရန်ကျန်း စားသောက်ဆိုင်၏ စားဖိုမှူးချုပ်ကို ဥပမာအဖြစ် ကြည့်မည်ဆိုလျှင် သူသည် နိုင်ငံအဆင့် အချက်အပြုတ်ပညာရှင် တစ်ဦးဖြစ်ပေသည်။
"လခွမ်း..."
"ဝိုး..."
"ဒီဟင်းပွဲက မိုက်လှချည်လား..."
"ဘုရားရေ... ဒီဟင်းပွဲကို ဒီလိုမျိုး လုပ်လို့ရတာလား..."
ကျင်းချန်သည် အဆင့်မြင့် ဟင်းပွဲဆယ်ဂဏန်းကျော်၏ အရသာ၌ လုံးဝ ကျရှုံးသွားရပေ၏။
ပွင့်ပွင့်လင်းလင်း ဆိုရလျှင် အပြင်ဘက်ရှိ လူများက ဤကဲ့သို့သော သပ်ရပ်လှပသည့် ဟင်းပွဲငယ်များသည် ပေးရသောတန်ဖိုးနှင့် မထိုက်တန်သလို အရသာလည်း မရှိဟု ပြောဆိုလေ့ရှိကြသည်။
သို့သော် အမှန်တကယ် မြည်းစမ်းကြည့်ချိန်တွင်မူ လုံးဝ ကွဲပြားခြားနားသွားပြီး ၎င်းတို့၏ စေ့စပ်သေချာစွာ ပြင်ဆင်ထားမှုကို တကယ်ပင် ခံစားသိရှိနိုင်ပေ၏။
" ဥက္ကဋ္ဌစု... ကျွန်တော် ဗိုက်ဝသွားပြီ..."
"ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက ကျွန်တော့်ဘဝမှာ စားဖူးသမျှ အကောင်းဆုံး အစားအသောက်တွေပါပဲ..."
"ကျွန်တော့်မိန်းမက ဒါတွေကို မတတ်နိုင်တာ နှမြောစရာပဲ..."
ကျင်းချန်သည် ကျေနပ်အားရမှုနှင့် နောင်တရမှုတို့ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။
"ကျွန်တော် ခေါ်တုန်းက ခင်ဗျားတို့ ရန်ဖြစ်နေကြတာ မဟုတ်ဘူးလား..."
"ဘာလို့ အခုကျမှ ခင်ဗျားမိန်းမ အကြောင်းကို ပြန်တွေးနေရတာလဲ..."
စုယွမ်က ကျင်းချန်အား မေးမြန်းလိုက်၏။
“ဟားဟား... ကျွန်တော်တို့က လင်မယားတွေပဲလေ...လင်မယားဆိုတာ စကားများလိုက်၊ ပြန်တည့်လိုက်နဲ့ပဲ နေလာကြတာ မဟုတ်လား...ကျွန်တော်တို့လည်း ဒီလိုပဲ နေသားကျနေပါပြီ...”
ကျင်းချန်က ပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်ပြီး ဆက်လက်၍
“ဒီနှစ်တွေတစ်လျှောက် ကျွန်တော် ချင်းယန်မှာ အလုပ်လုပ်နေပေမဲ့ ပိုက်ဆံလည်း များများစားစား မရှာနိုင်ခဲ့ဘူး...မိသားစုနဲ့ အတူနေဖို့ အချိန်လည်း မပေးနိုင်ခဲ့ဘူး...ဒါကြောင့် သူ ကျွန်တော့်အပေါ် မကျေမနပ် ဖြစ်နေတာကိုလည်း ကျွန်တော် နားလည်ပါတယ်...
အဲဒါကြောင့်ပဲ ချင်းယန်မှာ ဆက်လုပ်ဖို့ မစဉ်းစားတော့ဘူး...အခုချိန်ကစပြီး မိသားစုအတွက် ငွေကြေးရော၊ အချိန်ရော ပိုပြီး ပေးသင့်တဲ့အချိန် ရောက်လာပြီ မဟုတ်လား...”
ကျင်းချန်က မိမိကိုယ်ကို လှောင်ပြောင်သော လေသံဖြင့် ပြောဆိုလိုက်သည်။
စုယွမ်က နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်... ဒါပေမဲ့ ခင်ဗျား ချင်းယန် မှာ ဆက်နေတာ ပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ်..."
စုယွမ်က အကြံပြုလိုက်သည်။
"ဆက်နေရင်ရော ဘာအကျိုးကျေးဇူးတွေ များရှိနိုင်မှာမလို့လဲ..."
"သူဌေးက သူ့ရဲ့ ယောက်ဖပဲလို့ ကျွန်တော်ရဲ့ ဌာနမှူးက ပြောဖူးတယ်..သူက တစ်ချိန်က ကျွန်တော့်ညီမကို လိုက်ခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ဘူး...အဲဒီနောက်ပိုင်း ကျွန်တော့်ကို အမြဲ ပစ်မှတ်ထားပြီး အမျိုးမျိုး ဖိနှိပ်လာခဲ့တာပါ... ဒီနည်းနဲ့ ကျွန်တော့်ကို အနိုင်ကျင့်ချင်တာလို့ ကျွန်တော် သိပါတယ်... ဒါပေမဲ့ အဲဒီတုန်းကတော့ ကျွန်တော် သည်းခံရွေးချယ်ခဲ့တယ်...အခုတော့ ဆက်ပြီး သည်းမခံချင်တော့ဘူး...ဘာလို့လဲဆိုတော့ ချင်းယန်က အခုဆို ပြိုလဲလုနီးပါး ဖြစ်နေပြီ...အရိုးပေါ် အရေတင် အခြေအနေကို ရောက်နေတဲ့ ကုမ္ပဏီကို ဘယ်သူကမှ ထပ်ပြီး ပြိုလဲအောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး...”
ကျင်းချန်က ပြတ်သားစွာ ပြောဆိုလိုက်၏။
"အဲဒီလိုတော့ မရဘူး...ခင်ဗျားက ချင်းယန် မှာ ဆက်နေပြီး အလုပ်ဆက်လုပ်ဖို့ ကျွန်တော် လိုအပ်တယ်..."
စုယွမ်က ဆက်လက်ပြောဆိုလိုက်သည်။
"ဘာလို့လဲ..."
ကျင်းချန်က အနည်းငယ် နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
"ဘာလို့လဲဆိုတော့ ခင်ဗျားအတွက် ချင်းယန် ကို ကျွန်တော် ဝယ်ယူတော့မှာမလို့ပဲ... တကယ်လို့ ခင်ဗျားသာ ဆက်မနေဘူးဆိုရင် ကျွန်တော် ဝယ်ယူရတဲ့ အဓိပ္ပာယ်က ဘာရှိတော့မှာလဲ..."
စုယွမ်က အရေးမပါသော ကိစ္စတစ်ခုကို ပြောနေသည့်အလား ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"ငါ့အတွက် ချင်းယန် ကို ဝယ်ယူပေးမယ်..."
" ဥက္ကဋ္ဌစု... ကျွန်တော် ကြားတာ မမှားဘူးမလား..."
ကျင်းချန်သည် အတော်လေး အံ့အားသင့်သွားရပေ၏။
"ခင်ဗျား ကြားတာ မမှားပါဘူး... ပိုတိတိကျကျ ပြောရရင် ခင်ဗျားဆီမှာရှိတဲ့ ထုတ်ကုန်အသစ် ဖော်မြူလာကို ကျွန်တော် လိုချင်တာ..."
"ခင်ဗျား နားလည်သင့်တယ် မဟုတ်လား..."
စုယွမ်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ဒီဟာက..."
"ဒီကိစ္စကို ကျွန်တော်တစ်ယောက်တည်း သိတာပါ... တခြားဘယ်သူ့ကိုမှ ကျွန်တော် မပြောပြဖူးဘူး... ခင်ဗျားက ဘယ်လိုလုပ် သိသွားတာလဲ..."
ကျင်းချန်၏ ရင်ထဲတွင် တုန်လှုပ်သွားရပေ၏။ ဤမျှလောက် ကိုယ်ရေးကိုယ်တာဆန်သော ကိစ္စရပ်တစ်ခုကို သူ၏ နှလုံးသားထဲတွင် အစကတည်းက ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
ငါ့ရှေ့က ဒီလူကများ စိတ်ဖတ်နိုင်တဲ့ စွမ်းရည်တွေ ရှိနေတာလားဟု သူ တွေးလိုက်မိလေသည်။
"စိတ်မပူပါနဲ့... ဘယ်အရာကိုမှ ထာဝရ ဖုံးကွယ်ထားလို့ မရပါဘူး... ကျွန်တော် ဘယ်လိုသိသွားလဲဆိုတာကို ခင်ဗျား စိတ်ပူစရာမလိုဘူး... ဘာလို့လဲဆိုတော့ အဲဒါက ခင်ဗျားကို ဘာအန္တရာယ်မှ မပေးနိုင်လို့ပဲ..."
"အဲဒီအစား ခင်ဗျားရဲ့ ဖော်မြူလာကို နိုင်ငံအနှံ့ ပျံ့နှံ့သွားအောင် ကျွန်တော် လုပ်ပေးနိုင်တယ်... ဒါမှ လိုအပ်တဲ့သူတိုင်း အသုံးပြုနိုင်မှာလေ..."
"အရင်က ကျွန်တော် ပြောခဲ့သလိုပဲ... ခင်ဗျားရဲ့ ဘဝအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော် ကူညီပေးပါ့မယ်..."
"ခင်ဗျား ချင်းယန် မှာ ဆက်နေသရွေ့ ခင်ဗျားရဲ့ ရာထူးကို မန်နေဂျာ ကျင်း အဖြစ် ပြောင်းလဲပေးနိုင်လိမ့်မယ်... ခင်ဗျားကို သူဌေးကြီး ဖြစ်လာအောင် လုပ်ပေးနိုင်သလို ဆယ်ကျော်သက် ဝက်ခြံတွေကို ကုသပေးနိုင်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာအောင်လည်း လုပ်ပေးနိုင်တယ်..."
"သေချာတာပေါ့... ခင်ဗျားရဲ့ မိသားစုကို နေ့တိုင်း တစ်ယောက်ကို ၈၈၈၈ တန်တဲ့ ဒီညစာမျိုး စားနိုင်အောင်လည်း လုပ်ပေးနိုင်တာပေါ့..."
ဤစကားများကို ကြားရချိန်တွင် အထူးသဖြင့် နောက်ဆုံးစကားစုကို ကြားလိုက်ရချိန်၌ ကျင်းချန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
'ငါ အလုပ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာက ကိုယ်ပိုင် ဖော်မြူလာအသစ်ကို တီထွင်ပြီး ကိုယ့်လမ်းကိုယ် လျှောက်ဖို့ပဲ...ဒါပေမဲ့ သေသေချာချာ ပြန်စဉ်းစားကြည့်တော့ ဒီကိစ္စက ထင်သလောက် မလွယ်ဘူး...ရန်ပုံငွေ လိုတယ်...ကြော်ငြာနဲ့ ဈေးကွက်မြှင့်တင်ရေး လိုတယ်...တခြားလိုအပ်ချက်တွေလည်း အများကြီး ရှိနေသေးတယ်...အဲဒီအပြင်...တစ်ယောက်ယောက်က အခွင့်ကောင်းယူပြီး ငါ့ရဲ့ ဖော်မြူလာကို ခိုးယူသွားတာ၊ ဒါမှမဟုတ် ငါ့ကို ဘေးဖယ်ထုတ်ပစ်တာမျိုး ဖြစ်လာနိုင်တဲ့ အန္တရာယ်လည်း ရှိသေးတယ်...'
ထို့အပြင် ချင်းယန် ကို ဝယ်ယူမည့် သူ၏ရည်ရွယ်ချက်က ကျင်းချန်၏ စိတ်ဝင်စားမှုကို များစွာနှိုးဆွပေးနိုင်ခဲ့၏။
၎င်းသည် လွှမ်းမိုးနိုင်လွန်းသော စိတ်လှုပ်ရှားမှု ခံစားချက်တစ်ခု ဖြစ်ပေသည်။
"ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပါ... ကျွန်တော် အိမ်ပြန်ပြီး ဆွေးနွေးဖို့ လိုတယ်... ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်ချက် မချနိုင်ဘူး..."
ကျင်းချန်က ပြန်လည်ဖြေကြားလိုက်ပြီး တံခါးဆီသို့ လျှောက်သွားလေ၏။
"ဒါနဲ့ ဒီနေ့ ဧည့်ခံကျွေးမွေးတာကို ကျေးဇူးတင်ပါတယ်... အို... ခင်ဗျားရဲ့ နာမည်အပြည့်အစုံကို ကျွန်တော် မသိရသေးဘူး..."
ကျင်းချန်က ပြောဆိုလိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို သိမှာပါ...ကျွန်တော့်မျိုးရိုးက စု၊ နာမည်က ယွမ်...ကျွန်တော်က AR နည်းပညာကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သလို ယွန်းရှန် အရင်းအနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ အမှန်တကယ် ထိန်းချုပ်သူလည်း ဖြစ်ပါတယ်...”စုယွမ်က ညင်သာစွာ ပြောဆိုလိုက်၏။
ကျင်းချန်၏ သူငယ်အိမ်များ သိသိသာသာ ကျယ်လာသော်လည်း သူသည် ချက်ချင်းပင် တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ်လိုက်သည်။
"ကျွန်တော် နားလည်ပါပြီ... အဖြေတစ်ခုကို အမြန်ဆုံး ပြန်ပေးပါ့မယ်..."