အခန်း ၂၆၄
Vol. 23 Ch. 264
အခန်း (၂၆၄) မန်နေဂျာ ဝူဖုန်း
"သူဌေး... သူ သဘောတူပါ့မလား..."
"ဘာပဲဖြစ်ဖြစ် ဒီလျှို့ဝှက်ချက် ဖော်မြူလာက သာမန်အရာမှ မဟုတ်တာ... တစ်ယောက်ယောက်ကသာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိမယ်ဆိုရင် သေချာပေါက် အောင်မြင်မှုကြီးတစ်ခု ဖြစ်လာမှာပဲ..."ကျင်းချန် ထွက်သွားပြီးနောက် လီဟူက ပြောဆိုလိုက်၏။
"မသိဘူးလေ..."
"ဒါပေမဲ့ သူ သဘောတူလိမ့်မယ်လို့ ငါ ထင်တယ်..."
"ဒီလိုအခွင့်အရေးမျိုးက ရှာတွေ့ဖို့ မလွယ်ဘူးလေ..."
"အရေးအကြီးဆုံးက နောက်ခံမရှိတဲ့ လူတစ်ယောက်အပေါ် အကြောင်းပြချက်မရှိဘဲ ဘယ်သူမှ ပိုပြီး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး... ငါတောင် အဲဒီလို မလုပ်ဘူး..."
"အခု ချင်းယန် ကို ကငါဝယ်ယူချင်ရတဲ့ အကြောင်းရင်းက သူ့ဆီမှာရှိတဲ့ ဖော်မြူလာကို ငါ သိနေလို့ပဲ..."
"ကျင်းချန် ကရော ဘယ်လိုလုပ်မလဲ... တကယ်လို့ သူသာ ရင်းနှီးမြှုပ်နှံမှု မရဘူးဆိုရင် သူ့ဆီမှာရှိတဲ့ ဖော်မြူလာက စက္ကူတစ်ရွက်သက်သက်ပဲ ဖြစ်သွားမှာပေါ့..."စုယွမ်က ပြောဆိုလိုက်သည်။
"ဟုတ်တယ်... အဲဒါက ယုတ္တိတန်တယ်..."
လီဟူက ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။
"ဒါကြောင့် တကယ်လို့ သူသာ ဉာဏ်ကောင်းတဲ့လူဆိုရင် သူ သဘောတူမှာပါ..."
စုယွမ်က ပြောဆိုလိုက်သည်။
ထို့နောက် စုယွမ်၏ ဖုန်းမြည်လာခဲ့ပြီး လင်ရွှယ်အာထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်ပေ၏။
"သူဌေး... ချင်းယန် ကုမ္ပဏီက သဘောတူညီချက် ရသွားပါပြီ... ဝယ်ယူရေး ဆွေးနွေးမှုတွေကို မနက်ဖြန် မနက် ကိုးနာရီမှာ ပြုလုပ်ပါမယ်... သူတို့ဘက်က အမြန်ရောင်းချင်နေတယ်လို့ ခံစားရတယ်... ဒါကြောင့် ဈေးနှုန်းက အရမ်းကြီး မြင့်မှာမဟုတ်ဘူးလို့ ကျွန်မ ခန့်မှန်းရတယ်..."
"ကျွန်မတို့ ဒီဘက်မှာ အကြမ်းဖျင်း စစ်တမ်းကောက်ယူမှုတစ်ခု လုပ်ခဲ့ပါတယ်... ချင်းယန် ရဲ့ လက်အောက်မှာ စုစုပေါင်း ကုန်အမှတ်တံဆိပ် သုံးခုရှိပြီး မကြာသေးမီ နှစ်တွေအတွင်းမှာ ဈေးကွက်ထဲကနေ လုံးဝ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ... သူတို့ရဲ့ အမြတ်အစွန်းအများဆုံးရနိုင်တဲ့ အပိုင်းက ကြီးမားတဲ့ ထုတ်လုပ်ရေးစက်ရုံ နှစ်ရုံမှာ ရှိပါတယ်..."
"ဒီစက်ရုံတွေမှာ အလိုအလျောက် စက်ယန္တရား ဆယ်စုံနဲ့ တခြားစက်အချို့ ရှိပြီး ဈေးကွက်ပေါက်ဈေး ယွမ် ၂၅ သန်းလောက် ရှိပါတယ်..."
"ဒါပေမဲ့ သူတို့က အလောတကြီး ရောင်းချင်နေပြီး ဝယ်လက်ကလည်း နည်းပါးနေတာကြောင့် ဒီစက်ရုံနှစ်ရုံကို ဒီဈေးနဲ့ ရောင်းထွက်ဖို့ မဖြစ်နိုင်ပါဘူး... ကျွန်မတို့ရဲ့ ကျိုးကြောင်းဆီလျော်တဲ့ မျှော်မှန်းချက်က ယွမ် ၁၅ သန်းလောက်နဲ့ ဝယ်ယူနိုင်ဖို့ပါ..."
"နောက်ပြီး သူတို့ဘက်က ဝန်ထမ်းဖွဲ့စည်းပုံတွေ ရှိပါသေးတယ်... လက်ရှိမှာ စက်ရုံက အလုပ်သမား သုံးဆယ်ပဲ ရှိပေမဲ့ ကုမ္ပဏီရုံးချုပ်မှာက ဝန်ထမ်း ရှစ်ဆယ်လောက် ရှိနေပါတယ်..."
"စုံစမ်းစစ်ဆေးပြီးနောက် ဒုတိယ အထွေထွေမန်နေဂျာ ရာထူးကို ရယူထားတဲ့ လူရှစ်ယောက်ရှိပေမဲ့ သူတို့ထဲက တစ်ယောက်ကပဲ အလုပ်ကို တကယ်တာဝန်ယူရတာပါ... ကျန်တဲ့ ခုနစ်ယောက်က ကုမ္ပဏီကနေ လစာနဲ့ အာမခံတွေကို ရယူနေတဲ့ ရုပ်ပြသက်သက်ပါပဲ..."
"ဒါက လက်ရှိ အခြေအနေပါပဲ..."
လင်ရွှယ်အာက အစီရင်ခံတင်ပြလိုက်၏။
"ဒီကုမ္ပဏီက ဒီလောက်မြန်မြန် ဒေဝါလီခံရတာ အံ့သြစရာ မဟုတ်တော့ဘူး... အထွေထွေမန်နေဂျာ ရာထူးတစ်ခုတည်းမှာတောင် အသုံးမကျတဲ့လူ ခုနစ်ယောက်လောက် ရှိနေတာကိုး..."
"သူတို့သူဌေးက ဘာတွေများ တွေးနေခဲ့တာလဲ မသိဘူး..."
စုယွမ်က သက်ပြင်းချလိုက်သည်။
"မနက်ဖြန် ချင်းယန် ကိုသွားပြီး ဆွေးနွေးဖို့ ပြင်ဆင်ထားလိုက်ပါ..."
စုယွမ်က ပြောဆိုလိုက်၏။
"ဟုတ်ကဲ့ သူဌေး... ကျွန်မ ချက်ချင်း စတင်လိုက်ပါ့မယ်..."
လင်ရွှယ်အာက ပြောဆိုလိုက်သည်။
"ကောင်းပြီ... မင်း ဆက်လုပ်လိုက်တော့..."
စုယွမ်က ဖုန်းချလိုက်၏။
ညအချိန်သို့ ရောက်ရှိနေချေပြီ။ ကျန်းချန်မြို့၏ အထပ်မြင့် အဆောက်အအုံတစ်ခုပေါ်မှ ရှုခင်းများကို လှမ်းကြည့်ရင်း ကျင်းချန်သည် ခေါင်မိုးထပ်၌ ရပ်ကာ တောက်ပသော ကြယ်စင်ကောင်းကင်ကြီးကို ငေးမောကြည့်ရှုနေခဲ့ပြီး ရုတ်တရက် ကဗျာနှစ်ကြောင်း ခေါင်းထဲသို့ ဝင်လာခဲ့သည်။
နေနှင့်လတို့၏ ရွေ့လျားလည်ပတ်မှုများသည် ထိုအရာ၏ အတွင်းပိုင်းမှ စတင်ဖြစ်ပေါ်လာသကဲ့သို့ ....ကြယ်တာရာများ၏ အဆုံးမရှိ တောက်ပသော အလင်းရောင်များသည်လည်း ထိုအရာအတွင်းမှ ဖြာထွက်နေသကဲ့သို့ပင်။
စကြာဝဠာကြီးက ကျယ်ပြောလှပေ၏။ ခေါင်မိုးထပ်ပေါ်တွင် ထိုင်ကာ အဆုံးအစမဲ့သော ကောင်းကင်နှင့် မြေကြီးကို ကြည့်ရှုနေစဉ် ရေစီးကြောင်းတွင် မျောပါနေသော ပိုးကောင်ငယ်လေးတစ်ကောင်ကဲ့သို့ သူ ခံစားလိုက်ရသည်။ ထိုအချိန်၌ ကျင်းချန်သည် စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။
"ကောင်းပြီလေ... နောက်ထပ် ရက်အနည်းငယ်လောက်ပဲ သည်းခံရတော့မှာပေါ့..."
"တကယ်လို့ ငါ မထွက်သွားရင်ရော ဘာဖြစ်လဲ..."
ကျင်းချန်သည် ထိုအခိုက်အတန့်မှာပင် ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။
...
နောက်တစ်နေ့ နံနက်ခင်းသည် လျင်မြန်စွာ ရောက်ရှိလာခဲ့၏။ စူးဖူချန်နှင့် ချန်ချွေ့ဖန်တို့သည် ထိုနေရာတွင် ရှိနေဆဲပင်။ စုယွမ်က သူတို့ကို နှုတ်ဆက်ပြီးနောက် လီဟူနှင့်အတူ ကားမောင်းထွက်သွားလေသည်။
လင်ရွှယ်အာသည်လည်း ချင်းယန် လုပ်ငန်းစုသို့ သူမတစ်ဦးတည်း သွားရောက်ခဲ့၏။
အချိန်မှာ မနက် ၇ နာရီ ရှိနေပြီဖြစ်သည်။ ချင်းယန် လုပ်ငန်းစု၏ အလုပ်ချိန်သည် ၇:၃၀ တွင် စတင်လေသည်။ လုပ်စရာ သိပ်မရှိသော်လည်း လုပ်စရာမရှိလျှင်ပင် အလုပ်လာရမည်ဆိုသည်မှာ ကုမ္ပဏီ၏ စည်းမျဉ်းတစ်ခု ဖြစ်ပေ၏။
နံနက် ၇ နာရီ ၂၅ မိနစ်တွင် ကျင်းချန်သည် အလုပ်ချိန်မီ ရောက်ရှိလာပြီး လက်ဗွေမှတ်တမ်း တင်လိုက်၏။
ထိုအချိန်တွင် သူနှင့် အသက်မတိမ်းမယိမ်းရှိသော အမျိုးသားတစ်ဦးက လျှောက်လာကာ လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။
“ကျင်းချန်...မင်း အလုပ် နောက်ကျတယ်...ဒဏ်ကြေး ယွမ်နှစ်ရာ...”
ဤသူမှာ ကျင်းချန် ဌာန၏ အကြီးအကဲဖြစ်ပြီး ဝူဖုန်းဟု အမည်ရသည်။ သူသည် ကျင်းချန်၏ ညီမဖြစ်သူကို လိုက်ခဲ့ဖူးသော်လည်း ငြင်းပယ်ခံရသောကြောင့် သူအား နာကြည်းနေခဲ့ခြင်း ဖြစ်ပေ၏။
"မပေးနိုင်ဘူး..."
ကျင်းချန်က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောဆိုလိုက်သည်။
အရင်က ဤကုမ္ပဏီအတွက် မျှော်လင့်ချက်ရောင်ခြည် အနည်းငယ် ရှိခဲ့သော်လည်း ရက်ပေါင်းများစွာ ဆုတ်ယုတ်မှုများ ကြုံတွေ့ပြီးနောက် ထိုမျှော်လင့်ချက်သည် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့လေပြီ။
ရေရှည် နှိမ့်ချနေထိုင်ခြင်းက အနာဂတ်တွင် ဒင်္ဂါးပြား အနည်းငယ်မျှသာ ရရှိစေမည်ဖြစ်သော်လည်း ယနေ့တွင်မူ ကျင်းချန်သည် ဆက်လက်၍ သည်းမခံလိုတော့ချေ။
ဝူဖုန်းက ကျင်းချန်အား အေးစက်စွာ ကြည့်လိုက်ပြီး ပြောဆိုလိုက်၏။
"ဟက်..."
"ကျင်းချန်... မင်းက တကယ်ကို ပိုပြီး ဉာဏ်များလာတာပဲ မဟုတ်လား..."
"ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ..."
"မင်းကို ဘယ်သူက ဒီလောက် သတ္တိတွေ ပေးထားတာလဲဆိုတာ ငါ မေးချင်တယ်..."
ဝူဖုန်းသည် ဒေါသထွက်သွားပေ၏။ ပတ်ဝန်းကျင်တွင် လူအနည်းငယ် ရှိနေသော်လည်း ကျင်းချန်က သူ့အား လေးစားမှု လုံးဝ မပြသရဲချေ။
"ကျင်းချန်... ငါ တကယ် ဒေါသမထွက်ခင် ဒဏ်ကြေး နှစ်ရာ ပေးစမ်း..."
ဝူဖုန်းက ဒေါသတကြီး ပြောဆိုလိုက်သည်။
"မပေးနိုင်ဘူး..."
ကျင်းချန်က သူ၏ အလုပ်စားပွဲသို့ သွားရန် လှည့်ထွက်သွားရင်း ထိုစကားစုကိုသာ ထပ်ခါတလဲလဲ ပြောဆိုလိုက်၏။
"ရပ်လိုက်စမ်း..."
"မန်နေဂျာကို ပြန်ပြောတာက ဘယ်လိုအမှားမျိုးလဲဆိုတာ မင်း သိလား..."
"မင်းကို ဘယ်သူက ဒီလောက် သတ္တိတွေ ပေးထားတာလဲ..."
ဝူဖုန်းသည် ရှုပ်ထွေးသွားပြီး တွေဝေသွားကာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားလေ၏။
ပုံမှန်အားဖြင့် ကြောက်ရွံ့တတ်သော ကျင်းချန်သည် ရုတ်တရက် ဤမျှ ရဲတင်းလာခဲ့ပေသည်။
"သူ့ကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲ..."
"ကျင်းကြီး... သူဌေးကို မြန်မြန် တောင်းပန်လိုက်ပါ... ငါတို့က သာမန်ဝန်ထမ်းတွေလေ... သူက ငါတို့ ရန်စလို့ရတဲ့ လူမျိုးမှ မဟုတ်တာ..."
ကျင်းချန်နှင့် ဆက်ဆံရေးကောင်းမွန်သော ဝန်ထမ်းတစ်ဦးက သတိပေးသည့်အနေဖြင့် တိုးတိတ်စွာ အလျင်အမြန် ပြောဆိုလိုက်၏။
ဝန်ထမ်းအချို့ကလည်း ကျင်းချန်အား အဓိပ္ပာယ်ပါသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။
"ကျင်းချန်... မင်းက တကယ့် ခွေးကောင်ပဲ... မန်နေဂျာကို ဒီလိုပြန်ပြောရဲအောင် မင်းကို ဘယ်သူက သတ္တိတွေ ပေးထားတာလဲ... မန်နေဂျာကို အခုချက်ချင်း တောင်းပန်လိုက်စမ်း..."
အခြားဝန်ထမ်းတစ်ဦးက သူ၏မန်နေဂျာထံမှ မျက်နှာသာရရန် ကြိုးပမ်းသည့်အနေဖြင့် ကျင်းချန်အား အော်ဟစ်လိုက်၏။
မန်နေဂျာသည် ထိုဝန်ထမ်း၏ အပြုအမူကို အလွန်ကျေနပ်သွားပေသည်။ မန်နေဂျာတစ်ဦးအနေဖြင့် ဝန်ထမ်းများသည် သူ့အပေါ် ဤသို့ မျက်နှာချိုသွေးသင့်သည်ဟု သူ ယုံကြည်ထားလေ၏။
"ဟီးဟီး..."
"တောင်းပန်ရမယ်... အဲဒီခွေးကောင်က တောင်းပန်သင့်တာ မဟုတ်ဘူးလား..."
"ငါက ငါးမိနစ်စောပြီး ဖွင့်ခဲ့တာကို မင်းက ငါ့ကို ဒဏ်ကြေး ယွမ်နှစ်ရာ တပ်မယ်ပေါ့လေ..."
"ငါ့မှာ ဒေါသ မရှိဘူးလို့ မင်း ထင်နေတာလား ဟမ်..."
ကျင်းချန်က ပြောဆိုလိုက်ပြီး ဝူဖုန်းထံသို့ အေးစက်သော ခြေလှမ်းများဖြင့် တည့်တည့်မတ်မတ် လျှောက်သွားလေ၏။
"ကျင်းချန်... မင်း ဘာလုပ်မလို့လဲ... အနားကို ထပ်မလာနဲ့နော်..."
ဝူဖုန်းသည် ထိတ်လန့်သွားပေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသည် ဟောင်ရုံသာဟောင်ပြီး မကိုက်တတ်သော ခွေးတစ်ကောင်ပင်။ သူက ကြမ်းတမ်းပုံပေါက်သော်လည်း တကယ်တမ်းတွင် သူရဲဘောကြောင်သူ တစ်ဦးသာ ဖြစ်၏။
"ငါက ဘာလုပ်ရမှာလဲ..."
"ဝူဖုန်း... မင်းက ဘာလုပ်ဖို့ စီစဉ်နေတာလဲလို့ ငါက ပြန်မေးရမှာ မဟုတ်ဘူးလား..."
"ငါ အချိန်မီ ရောက်လာတာကို မင်းက ဘာလို့ ဒဏ်ကြေးတပ်တာလဲ..."
"မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ..."
"ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ မင်းက ငါ့ကို အကြောင်းပြချက်မရှိဘဲ စုစုပေါင်း ယွမ် ၃,၂၀၀ ဒဏ်ရိုက်ခဲ့တယ်... အခု အဲဒါတွေ အားလုံး ပြန်ပေးစမ်း..."
ကျင်းချန်က ဝူဖုန်း၏ ကော်လာကို ဆွဲကိုင်ကာ ပြတ်သားစွာ ပြောဆိုလိုက်၏။
"ငါ... ငါ... ငါ... ငါ အခုချက်ချင်း ပြန်လွှဲပေးပါ့မယ်..."
ဝူဖုန်းသည် အလွန်အမင်း ထိတ်လန့်သွားပြီး ကျင်းချန်ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေခဲ့၏။
နောက်ဆုံးတွင် သူသည် မကျေမနပ်ဖြင့် ငွေကို ကျင်းချန်ထံ အလျင်အမြန် လွှဲပြောင်းပေးလိုက်ရသည်။
ကျင်းချန်ကလည်း ဝူဖုန်းကို အေးစက်စွာ တစ်ချက်တွန်းဖယ်လိုက်ပြီး သူ၏ အလုပ်စားပွဲဆီသို့ တည့်တည့်မတ်မတ် ပြန်လျှောက်သွားလေ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရုံးခန်းအတွင်းရှိ လူအားလုံး ဆွံ့အသွားကြတော့သည်။
အမြဲတမ်း အနိုင်ကျင့်ခံရပြီး ရန်ကို ရှောင်လေ့ရှိသော ကျင်းချန်က ယနေ့တွင် မည်သို့လုပ်၍ ဤမျှ ပြတ်သားရဲတင်းလာပြီး အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သနည်း။
ဝူဖုန်းသည် အလွန်အမင်း အရှက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူက ကျင်းချန်အား မုန်းတီးစွာ စိုက်ကြည့်လိုက်သော်လည်း အသံကျယ်ကျယ်ဖြင့် မပြောရဲခဲ့ချေ။
'စောင့်ကြည့်နေလိုက်... ဒီနေ့ ကုမ္ပဏီကို အရောင်းရတော့မယ်ဆိုတာ မင်း မသိဘူးမလား... လူတိုင်း ဆက်နေခွင့်ရမယ်လို့ မင်း ထင်နေတာလား... မင်း အလုပ်ပြုတ်အောင် ငါ လုပ်ပစ်မယ်...'
ဝူဖုန်းက ရက်စက်စွာ တွေးတောလိုက်တော့သည်။