အခန်း ၂၆၅
Vol. 23 Ch. 265
အခန်း (၂၆၅) တကယ်ကို ရောက်လာခဲ့ပြီပဲ
"ငါက သူ့ကို ကြောက်နေတယ်လို့ မင်းတို့ ထင်နေကြတာလား..."
"တကယ်လို့ မင်းတို့ အဲဒီလို ထင်နေရင်တော့ မင်းတို့က အရမ်းကို ရိုးအလွန်းသွားပြီ..."
မုန်တိုင်းမလာမီ အချိန်သည် အမြဲတမ်း ငြိမ်သက်နေတတ်သည် ဟူသော ဆိုရိုးစကားတစ်ခု ရှိပေ၏။
"ကျင်းချန် မရှိတုန်း သတင်းတစ်ခု ပြောပြစရာရှိတယ်… ချင်းယန်ကို တခြားတစ်ယောက်ယောက်က ဝယ်ယူတော့မှာ..." ဝူဖုန်းက ဗုံးတစ်လုံး ဖောက်ချလိုက်လေသည်။
"ဘာ..."
"တကယ်ကြီးလား… ငါတို့ကုမ္ပဏီက ရောင်းတော့မှာလား..."
"လခွမ်း… ဘယ်သူလဲ… ဒီနေ့က တကယ်ပဲ ရောက်လာခဲ့ပြီလား..."
လူအားလုံး အံ့အားသင့်သွားကြပြီး စတင်ဆွေးနွေးလာကြပေ၏။
ကုမ္ပဏီရောင်းတော့မည်ဖြစ်သောကြောင့် ဤဝန်ထမ်းများသည် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ၎င်းမှာ အလုပ်ပြုတ်နိုင်ခြေ ရှိနေခြင်းပင်။
ချင်းယန်သည် လက်ရှိတွင် ရှုပ်ထွေးနေပြီး အနာဂတ်မရှိသော်လည်း အနည်းဆုံးတော့ လစာကို အချိန်မှန် ပေးနေသေးသဖြင့် တော်တော်လေး ကောင်းမွန်နေသေးချေသည်။
ဤလုပ်ငန်းနယ်ပယ်ရှိ အလုပ်အကိုင်ဈေးကွက်သည် ယခုအချိန်တွင် လုံးဝ ပြည့်နှက်နေပြီဖြစ်ရာ အကယ်၍ ထူးချွန်သော စွမ်းရည်များ မရှိပါက အလုပ်ကောင်းတစ်ခု ရှာဖွေရန်မှာ သဘာဝကျကျပင် ခက်ခဲလှပေ၏။
"ကြီးကျပ်ရေးမှူး… ငါတို့ရော အတူတူ အရောင်းခံရမှာလား မသိဘူး..." တစ်စုံတစ်ယောက်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"ဟီးဟီး..."
"မင်းရဲ့ အတွေးက သိပ်ကောင်းပေမဲ့ လုံးဝကို မဖြစ်နိုင်ဘူး..."
"ဒီကုမ္ပဏီကို ဘာလို့ထင်နေတာလဲ… မင်းတို့အထဲမှာ အသုံးမကျတဲ့လူတွေ မရှိဘူးလို့ ထင်နေတာလား..."
"မင်းတို့ကို အမှန်အတိုင်း ပြောရရင် သူတို့က မင်းတို့ ဝန်ထမ်းတွေရဲ့ တစ်ဝက်ကို ယူပြီး ကျန်တစ်ဝက်ကို ထားခဲ့လောက်တယ်..." ဝူဖုန်းက မောက်မာစွာ ပြောဆိုလိုက်၏။
ယခုအခါ သူသည် မန်နေဂျာ တစ်ယောက်ဖြစ်ပြီး သူဌေး၏ ဝမ်းကွဲညီလည်း ဖြစ်သောကြောင့် သူကတော့ သဘာဝကျကျပင် ထွက်သွားရန် မလိုချေ။ ဤနေရာတွင် အေးအေးဆေးဆေး ဆက်နေပြီး လစာများများ ဆက်ယူနိုင်သေးသည်။
"ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ… တကယ်လို့ သူတို့ တကယ်ပဲ ထားခဲ့ရင်ရော..." လူအချို့က စိုးရိမ်တကြီး ပြောဆိုလိုက်ကြ၏။
"စိတ်မပူပါနဲ့… မင်းတို့ရဲ့ မန်နေဂျာက ဒီမှာ ရှိနေတာပဲ… ဘာပူစရာ လိုလို့လဲ..."
"မင်းတို့က ငါ့ကို သိပ်ပြီး မပြစ်မှားထားဘူးဆိုတော့ သေချာပေါက် မင်းတို့ ဆက်နေခွင့်ရဖို့ ငါ တောင်းဆိုပေးမှာပေါ့..." ဝူဖုန်းက ပြောဆိုရင်း ထိုင်ချကာ မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်သည်။
ဤစကားကို ကြားချိန်တွင် လူအားလုံးသည် မယုံကြည်နိုင်သော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပေ၏။
သူက ဘာကြောင့် ဤမျှ သဘောကောင်းနေရမည်နည်း။ ဌာနထဲရှိ လူအားလုံးနီးပါးက သူ၏ ကွယ်ရာတွင် အတင်းပြောနေကြသည်ကို သိလျက်နှင့်ပင် သူက ကူညီပေးဦးမည်လော။ ၎င်းမှာ အနည်းငယ် မဖြစ်နိုင်သကဲ့သို့ ရှိနေပေသည်။
ဝူဖုန်းထံမှ မျက်နှာသာရရန် အမြဲကြိုးပမ်းနေလေ့ရှိသော အစေခံတစ်ဦးသည် ဝူဖုန်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့၏။ သူသည် ဝူဖုန်း၏ ခြေထောက်နံဘေးတွင် အလျင်အမြန် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး စိတ်အားထက်သန်စွာ နှိပ်နယ်ပေးရင်း ပြောဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် သူဌေး… ကျေးဇူးတင်ပါတယ် သူဌေး..."
"သူဌေးက ဒီလောက်တောင် ကူညီပေးတာဆိုတော့ အားနာလို့… သူဌေးရဲ့ ပင်ပန်းမှုအတွက် ဆုချတဲ့အနေနဲ့ ယွမ် နှစ်ထောင်တန် အနီရောင်စာအိတ်ကြီး တစ်အိတ် ပို့လိုက်ပါတယ်..." မျက်နှာချိုသွေးသူက ပြောဆိုလိုက်၏။
"ဟေး… ဘယ်သူက အနီရောင်စာအိတ် ပို့ခိုင်းလို့လဲ… ပြီးတော့ ယွမ် နှစ်ထောင်တောင်… အခုချက်ချင်း ပြန်ယူသွားစမ်း..." ဝူဖုန်းက လက်မခံချင်ယောင်ဆောင်ကာ ပြောဆိုလိုက်သည်။
"အဲဒီလိုတော့ မရဘူးလေ… ပြန်ယူသွားရင် ဘယ်လိုကြည့်ကောင်းမလဲ… ပြီးတော့ ဒါက သူဌေး တောင်းတာမှ မဟုတ်တာ… ကျွန်တော့်သဘောနဲ့ကျွန်တော် ပေးတာပါ..." အစေခံက ပြောဆိုလိုက်၏။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ လူအားလုံးသည် ဝူဖုန်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားကြပေသည်။ သူသည် ရိုးရှင်းစွာပင် ငွေလိုချင်နေခြင်း ဖြစ်၏။
သို့ရာတွင် သူတစ်ပါး၏ မိုးအောက်၌ ရှိနေချိန်တွင် ခေါင်းငုံ့ရမည်သာ ဖြစ်ပေသည်။
၎င်းမှာ ရှင်သန်ခြင်း၏ နိယာမပင်။ အကယ်၍ တစ်ခုခုကို ပြန်လည်မပေးဆပ်ပါက မည်သူကမျှ သင့်အတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးနိုင်မည် မဟုတ်ချေ။
ထိုနေရာရှိ လူဆယ့်ငါးဦးစလုံးသည် ဝူဖုန်းထံသို့ ယွမ် နှစ်ထောင်စီ အသီးသီး လွှဲပြောင်းပေးလိုက်ကြလေသည်။
ငွေလွှဲဝင်လာမှု အများအပြားကို မြင်လိုက်ရချိန်၌ ဝူဖုန်းသည် ရယ်မောခြင်းကို မရပ်တန့်နိုင်တော့ချေ။ "ဟားဟား… အားလုံးက တော်တော်လေး တက်ကြွနေကြတာပဲ"
"ဒါက အားလုံးရဲ့ စေတနာဆိုတော့လည်း ငါ လက်ခံလိုက်ပါ့မယ်..." ဝူဖုန်းက ပြုံးလျက် ပြောဆိုလိုက်ပြီးနောက် လေချွန်ကာ ကျင်းချန်၏ အလုပ်စားပွဲဆီသို့ လျှောက်သွားလေ၏။
"ကျင်းကြီး… ငါက မင်းကို မကူညီချင်တာ မဟုတ်ဘူးနော်… ဒီနေ့တော့ မင်း ကံဆိုးသွားပြီ..."
"ဟားဟားဟား..."
အခြားသူများ ဆက်နေနိုင်သော်လည်း ကျင်းချန်အတွက်မူ ဆက်နေရန် မလိုတော့ကြောင်း ဝူဖုန်းက အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပြောဆိုလိုက်သည်။
"ကျင်းကြီး… မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်… လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးတစ်ယောက်က ဒီနေ့ ငါတို့ကုမ္ပဏီကို လာဝယ်တော့မှာ… မင်းအပါအဝင် လူအများကြီး သေချာပေါက် ထွက်သွားရလိမ့်မယ်..."
"ငါက သူဌေးရဲ့ ယောက်ဖလေ… မင်းအတွက် စကားကောင်း ပြောပေးလို့ ရတယ်… ပြီးခဲ့တဲ့ တစ်နှစ်လုံး မင်းရဲ့ ညီမကို ငါ တော်တော်လွမ်းနေခဲ့တာ… တခြားဘာမှ မတောင်းဆိုပါဘူး… ငါတို့ အတူတူ ထမင်းစားရအောင် မင်းညီမကို ခေါ်ထုတ်ပေးလိုက်ရုံပါပဲ..."
"အရမ်း လွယ်ပါတယ်… မဟုတ်ဘူးလား..."
"ဖုန်းတစ်ချက် ခေါ်လိုက်ရုံပါပဲ..."
"မင်းရဲ့ အလုပ်နဲ့ မိသားစုရဲ့ ဝင်ငွေရင်းမြစ်ကို မင်း မဆုံးရှုံးချင်ဘူး မဟုတ်လား..." ဝူဖုန်းက မျက်နှာပေါ်တွင် ကျေနပ်ဂုဏ်ယူမှုများ အပြည့်ဖြင့် ဖြီးဖြီးဖြူဖြူ ပြုံးကာ ပြောဆိုလိုက်၏။
ကျင်းချန်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ဝူဖုန်းကို ကြည့်ကာ ပါးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။ "ဝူဖုန်း… မင်းကိုယ်မင်း ဒေသခံ လူမိုက်ကြီးလို့ တကယ် ထင်နေတာလား… ငါ့ညီမကို လက်ဖျားနဲ့တောင် လာထိဖို့ ကြိုးစားနေရအောင် မင်းက ဘာကောင်မလို့လဲ… မှန်ထဲမှာ မင်းကိုယ်မင်း သေချာ ပြန်ကြည့်သင့်တယ်..."
ဝူဖုန်းသည် ယိုင်လဲသွားပြီး မြေပြင်ပေါ်သို့ ကျသွားကာ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားတော့၏။
"ကျင်းချန်… မင်းက လူကိုတောင် ရိုက်ရဲတယ်ပေါ့လေ..." ဝူဖုန်း၏ အစေခံက အလျင်အမြန် ပြေးလာခဲ့သည်။
"မန်နေဂျာ... မန်နေဂျာ… ကျင်းကြီးက တမင်လုပ်တာ မဟုတ်ပါဘူး… စိတ်ထဲ မထားပါနဲ့… တမင် ရည်ရွယ်တာ မဟုတ်ပါဘူး..." ကျင်းချန်၏ သူငယ်ချင်းတစ်ဦးက အလျင်အမြန် ရှင်းပြလိုက်၏။
"လီကြီး… ဖယ်လိုက်စမ်း… ငါ တမင်လုပ်တာ… ဒီခွေးကောင်ကို ငါ ဆော်ချင်နေတာ...လက်ယားနေပြီ" ကျင်းချန်က အော်ဟစ်လိုက်သည်။
"မင်း… မင်း..." ဝူဖုန်းက နှစ်ကြိမ်မျှ ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ ကြီးမားလှသော ဖိအား၊ အရှက်ကွဲမှုနှင့် ထိုးနှက်ချက်တို့ကို ခံစားလိုက်ရပေ၏။
"မန်နေဂျာ ဝူ… သူဌေး ရောက်နေပြီ… အပြင်မှာ အရေးကြီးတဲ့ ဧည့်သည်တွေ ရှိတယ်… အလယ်အလတ်နဲ့ အကြီးတန်း မန်နေဂျာတွေ အားလုံး သွားကြိုရမယ်… အမြန်လာခဲ့ပါ..." တစ်စုံတစ်ယောက်က သူ့အား သတိပေးလိုက်သည်။
နားထောင်ပြီးနောက် ဝူဖုန်းသည် ကျင်းချန်အား နာကြည်းစွာ စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်၏။ "ကျင်းချန်… မင်းက အရမ်း အလောတကြီး နိုင်လွန်းတယ်… နောက်ထပ် တစ်ရက်လောက်တောင် မစောင့်နိုင်တော့ဘူးလား… ဘာလို့ ဒီလောက်မြန်မြန် ငါ့ကို ဆန့်ကျင်ရတာလဲ… အကျိုးဆက်တွေက ဘာဖြစ်လာမလဲဆိုတာ မင်း မကြာခင် သိရလိမ့်မယ်..." ဝူ
ဖုန်းက ပြင်းထန်သော ခြိမ်းခြောက်မှု အငွေ့အသက်များဖြင့် ပြောဆိုလိုက်ပြီးနောက် လက်စွပ်ကို ခါလိုက်ကာ ထွက်သွားလေတော့သည်။
ဝူဖုန်း ထွက်သွားသည်ကို မြင်လိုက်ရချိန်၌ ကျင်းချန်၏ သူငယ်ချင်းများသည် သက်ပြင်းချလိုက်နိုင်သော်လည်း တစ်ချိန်တည်းမှာပင် စိုးရိမ်လာကြပေ၏။ "ကျင်းကြီး… မင်း သူ့ကို ပြစ်မှားလိုက်တော့ ဝူဖုန်းက မင်းအကြောင်း မကောင်းပြောရင် ဘယ်လိုလုပ်မလဲ..."
သူငယ်ချင်းအချို့က စိုးရိမ်ပူပန်နေကြသော်လည်း ဝူဖုန်း၏ အစေခံများကမူ ဝမ်းသာအားရ ဖြစ်နေကြလေသည်။
“အိုက်ရာ..ဒါက ကိုယ့်အလုပ်အကိုင်ကို ကိုယ့်လက်နဲ့ ဖျက်ဆီးပစ်လိုက်တဲ့ ဂန္တဝင်ဥပမာပဲ...”
“ကျင်းကြီး...
ငါ့အမြင်တော့ မင်းက တကယ်ကို ခေါင်းမာလွန်းတယ်...
ဘာအကျိုးဆက်မှ မစဉ်းစားဘဲ လုပ်ချင်ရာ လုပ်လိုက်တာပဲ...”
"မင်းက အလုပ်ပြုတ်ဖို့ စောင့်နေတာပဲ..."
"ဘယ်သူ အလုပ်ပြုတ်မလဲဆိုတာ မသိရသေးပါဘူး..." ကျင်းချန်က ပြောဆိုလိုက်သည်။
"မသိရသေးဘူးလား… ဟားဟားဟား..."
"ဘယ်လောက် ရယ်စရာကောင်းလဲ… မန်နေဂျာဝူရဲ့ ယောက်ဖက ဒီက ပိုင်ရှင်လေ… တကယ်လို့ ဒီနေရာ ကုမ္ပဏီရောင်းရင်တောင်မှ ပိုင်ရှင်သစ်က လက်ရှိပိုင်ရှင်ကို မျက်နှာထောက်ပြီး လူအများကြီးကို ဆက်ထားမှာပဲ..."
"ဒီအချိန်မှာ လွှမ်းမိုးမှုရှိတဲ့ မန်နေဂျာဝူဆီက မျက်နှာသာရအောင် လုပ်မယ့်အစား မင်းက သူ့ကို ဗြောင်ကျကျ ဆန့်ကျင်လိုက်တယ်ပေါ့..."
" တကယ့်ကို အရူးပဲ..."
"မင်းလို အမှိုက်ကောင်ကို အကျိုးအကြောင်း ရှင်းပြလို့ မရဘူး..." အစေခံက ထွက်မသွားမီ လှောင်ပြောင်လိုက်လေ၏။
ဤအခိုက်အတန့်၌ ခေါင်းဆောင်များ၏ ရင်းနှီးသော အသံအချို့ ထွက်ပေါ်လာခဲ့သည်။ "ဟားဟား… ဥက္ကဋ္ဌစု… ဒီဘက်ကို ကြွပါ… ဒီဘက်ကို ကြွပါ..."
ဤသည်ကို ကြားလိုက်ရချိန်၌ ကျင်းချန်သည် အနည်းငယ် အံ့အားသင့်နေဆဲပင်။ သူ တကယ်ပဲ ရောက်လာလိမ့်မည်ဟု ကျင်းချန် မထင်မှတ်ထားခဲ့ချေ။