အခန်း ၂၇၀
Vol. 23 Ch. 270
အခန်း (၂၇၀) အညံ့ခံရုံသာ ရှိတော့သည်
"ဒါ ကျင်းချန်ပဲ..."
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"ဘုရားရေ... ကျင်းချန်က ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ..."
"ဘာလို့လဲ... ကျင်းချန်က လူကောင်းတစ်ယောက် ဆိုပေမဲ့ သူက ကျွန်တော်တို့လို သာမန်ဝန်ထမ်းတစ်ယောက်ပဲလေ..."
"အထွေထွေမန်နေဂျာ ရာထူးကို မန်နေဂျာ တစ်ယောက်ယောက်က ယူသင့်တာ မဟုတ်ဘူးလား..."
"ဘုရားရေ... ကျင်းချန်က အခြေအနေတွေကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်ပြီ... သူတို့ရဲ့ မန်နေဂျာက သူ့ကို အမြဲတမ်း ပစ်မှတ်ထားတတ်တာ ငါ မှတ်မိသေးတယ်..."
"ဒီအချိန်ကစပြီး ကျင်းချန်က ငါတို့ရဲ့ ခေါင်းဆောင်ဖြစ်လာတော့မှာပဲ..."
ရောက်ရှိနေသော ဝန်ထမ်းများသည် စတင်၍ ဆွေးနွေးပြောဆိုနေကြလေ၏။
သို့သော် လူတိုင်းတွင် မတူညီသော မျက်နှာအမူအရာများ ရှိနေကြပြီး သူတို့ ဘာတွေးနေသည်ကို မည်သူမျှ မသိရှိကြချေ။
ဤနေရာတွင် အံ့အားအသင့်ဆုံးသူမှာ သဘာဝကျစွာပင် ဝူဖုန်း ဖြစ်ပေသည်။ သူ၏ မျက်နှာတွင် အစပိုင်း၌ အံ့အားသင့်မှုများ ပေါ်လွင်နေပြီးနောက် ကြီးမားသော ကြောက်လန့်မှုအဖြစ် ပြောင်းလဲသွား၏။
ငါက ကျင်းချန်ကို မကြာခဏ ပစ်မှတ်ထားပြီး အရှက်ခွဲတတ်လို့ ငါက ကျင်းချန်ရဲ့ အကြီးမားဆုံး ရန်သူဖြစ်နေတာ ငြင်းစရာမရှိဘူး...
အခု ကျင်းချန်က အထွေထွေမန်နေဂျာတဲ့လား...
ဒါက ဘာလို့ ဖြစ်နိုင်ရတာလဲ...
၎င်းမှာ ရိုးရှင်းသော စိတ်ပိုင်းဆိုင်ရာ မညီမျှမှု တစ်ခုသာ မဟုတ်ခဲ့ချေ။ ဝူဖုန်းသည် ပြောစရာစကားများပင် ဆွံ့အသွားရပေ၏။
သုံးစက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် ဝူဖုန်းက စုယွမ်ကို ကြည့်ကာ သတိကြီးစွာဖြင့် မေးလိုက်သည်။
" ဥက္ကဋ္ဌစု... ခင်ဗျား နာမည်ပြောတာ မမှားဘူးဆိုတာ သေချာရဲ့လား..."
"ကျင်းချန်က ဘယ်လိုလုပ် အထွေထွေမန်နေဂျာ ဖြစ်လာရတာလဲ..."
စုယွမ် မှားယွင်းနေလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ဝူဖုန်းက မေးလိုက်၏။ အကယ်၍ သူသာ အထွေထွေမန်နေဂျာ ရာထူးကို မရခဲ့လျှင်တောင် ကျင်းချန်ကိုတော့ ယူခွင့်ပြု၍ မဖြစ်နိုင်ချေ။
"ဘာလဲ... မင်းမှာ ပြဿနာရှိနေလို့လား..."
စုယွမ်က အေးစက်စွာ ပြောဆိုလိုက်သည်။
"မ... မဟုတ်ပါဘူး..."
ဝူဖုန်းသည် ချက်ချင်းပင် အံ့အားသင့်သွားဟန်ဖြင့် လျင်မြန်စွာ ရှင်းပြလိုက်၏။
"ကျွန်တော်က ကျင်းချန် အရင်က ခေါင်းဆောင်ရာထူး တစ်ခါမှ မယူဖူးဘဲ အခု အထွေထွေမန်နေဂျာ ဖြစ်လာတာက တကယ်ကို အံ့သြစရာကောင်းလို့ပါ..."
"ဒါ့အပြင် သူ့မှာ ခေါင်းဆောင်မှု အတွေ့အကြုံ သိပ်မရှိတော့ ဒီအလုပ်ကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်မိပါတယ်..."
"အထွေထွေမန်နေဂျာ ရာထူးကို တခြားတစ်ယောက်နဲ့ ပြောင်းလိုက်ရင် ဘယ်လိုလဲ..."
ဝူဖုန်းက စမ်းသပ်သည့်သဘောဖြင့် မေးလိုက်သည်။
"ဟီးဟီး... မင်းနာမည်က ဝူဖုန်း မဟုတ်လား... မင်းက သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနရဲ့ အကြီးအကဲဖြစ်ပြီး သူဌေးကျန်းရဲ့ ယောက်ဖလည်း ဖြစ်တယ်..."
"မင်းရဲ့ နောက်ခံကို ငါ သိပါတယ်..."
"မင်းက ဒီအထွေထွေမန်နေဂျာ ရာထူးကို ယူချင်လို့ ဒါကို ပြောနေတာလား..."
စုယွမ်၏ လေသံသည် အေးစက်နေဆဲပင်။
"ကျွန်တော်... တကယ်တော့ ကျွန်တော်လည်း လုပ်နိုင်ပါတယ်..."
ဝူဖုန်းက သတ္တိမွေးကာ ပြောလိုက်၏။
"မင်း တွေးတာလွန်နေပြီ...''
"အထွေထွေမန်နေဂျာ ရာထူးကို ဆုံးဖြတ်ထားတာ ကြာပါပြီ..."
"ကျင်းချန် တာဝန်ယူလိမ့်မယ်..."
စုယွမ်က အပြီးသတ် ဆုံးဖြတ်ချက်ချလိုက်သည်။
"အမ်း... ကောင်းပါပြီ..."
ဝူဖုန်းသည် အကူအညီမဲ့စွာဖြင့်သာ ခေါင်းညိတ်လိုက်ရ၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ တကယ်ကို မကျေမနပ် ဖြစ်နေပေသည်။
ငါ့မှာ ကျင်းချန်ထက် အားသာချက်တွေ အများကြီးရှိတာကို ဘာလို့ ငါ့ကို ဒီရာထူး ပေးမယူရတာလဲ...
"ကဲ... ကျင်းချန်ကို စကားနည်းနည်းလောက် ပြောခိုင်းရအောင်..."
စုယွမ်က ပြုံးလျက် ပြောလိုက်သည်။
ဤအချိန်တွင် ကျင်းချန်သည် ဤရလဒ်မျိုး ထွက်ပေါ်လာမည်ကို လုံးဝ မသိရှိခဲ့ချေ။
ငါ တကယ်ပဲ အထွေထွေမန်နေဂျာ ဖြစ်လာခဲ့ပြီပဲ...
ပွင့်ပွင့်လင်းလင်း ပြောရလျှင် အရင်က စုယွမ် သူ့ကို ညစာကျွေးချိန်၌ စုယွမ်အနေဖြင့် သူ၏ ဖော်မြူလာကို ဝယ်ယူချင်သည်ဟုသာ သူ ထင်မှတ်ခဲ့သော်လည်း စုယွမ်က အထွေထွေမန်နေဂျာ ရာထူးကိုပါ ပေးလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။
ခဏတာမျှ ကျင်းချန်သည် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားပြီး ဝမ်းသာပီတိ ဖြစ်နေခဲ့၏။ သူက စုယွမ်ကို ကြည့်ကာ ကြီးမားလှသော ကျေးဇူးတင်စိတ်ကို ခံစားနေရပေသည်။ သူ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာတော့သည်။
မြင်းကောင်းတစ်ကောင်ကို ရှာတွေ့ဖို့ လွယ်ကူပေမဲ့ မျက်စိရှင်တဲ့သူက ရှားပါးတယ် ဆိုသည့် အမှန်တရားကို သူ ပထမဆုံးအကြိမ်အဖြစ် နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
"အဟမ်း... ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌစု..."
"ကျွန်တော် ကျင်းချန်က ဥက္ကဋ္ဌစုကို သေချာပေါက် စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး..."
"ချင်းယန်ကို နောက်ထပ် အဆင့်သစ်တစ်ခုဆီ ကျွန်တော် ခေါ်ဆောင်သွားပါ့မယ်..."
ကျင်းချန်က စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်၏။
တိုတောင်းလှသော စကားနှစ်ခွန်းမျှသာ ဖြစ်သော်လည်း အခန်းထဲရှိ လူများသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ဆူညံသွားကြပေသည်။ ငါးဆားနယ်တစ်ကောင်က ဤကဲ့သို့ ကံကြမ္မာပြောင်းလဲသွားသည်ကို သူတို့ မြင်တွေ့ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
"ဟုတ်တယ်... တိုတောင်းပေမဲ့ ရိုးသားမှုရှိတယ်..."
စုယွမ်က ချီးကျူးလိုက်၏။
ဝူဖုန်း၏ မျက်လုံးများက ဟိုဟိုဒီဒီ ရွေ့လျားသွားသည်။
အန်စာတုံးကို ပစ်ချလိုက်ပြီဖြစ်ကာ အရာအားလုံး အဆုံးအဖြတ်ပေးပြီးဖြစ်သဖြင့် သူက မန်နေဂျာအဖြစ် ဆက်လက်တည်ရှိနေဦးမည် ဖြစ်၏။ ယခုအခါ၌ သူသည် ကျင်းချန်ထံသို့ အညံ့ခံရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပုံရပေသည်။
မဟုတ်ရင် အနာဂတ်မှာ ငါ ဘယ်လို ပစ်မှတ်ထားခံရမလဲ ဆိုတာ မသိနိုင်တော့ဘူး...
"အထွေထွေမန်နေဂျာကျင်း..."
"အထွေထွေမန်နေဂျာ အဖြစ် ရာထူးတိုးသွားတဲ့အတွက် အထွေထွေမန်နေဂျာကျင်းကို ဂုဏ်ပြုပါတယ်..."
"ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားမှာ အရည်အချင်းရှိတယ်လို့ ကျွန်တော် အမြဲတမ်း တွေးခဲ့တာ... ခင်ဗျားကို ဒီကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်တာက တကယ်ကို ပညာရှိတဲ့ ဆုံးဖြတ်ချက်ပဲ... အခုချိန်ကစပြီး ကျွန်တော် ဝူဖုန်းက ခင်ဗျားရဲ့ သစ္စာရှိတဲ့ နောက်လိုက် ဖြစ်လာတော့မှာပါ... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်... တကယ်လို့ ခင်ဗျားက ကျွန်တော့်ကို အရှေ့သွားခိုင်းရင် ကျွန်တော် အနောက်ကို လှည့်ကြည့်မှာ မဟုတ်ဘူး..."
"အထွေထွေမန်နေဂျာကျင်း... ခင်ဗျား..."
ဝူဖုန်းက ကျင်းချန်အား မျက်နှာချိုသွေးရန် စတင်လိုက်သော်လည်း ကျင်းချန်က သူ့ကို လျစ်လျူရှုကာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။
ဝူဖုန်းသည် ချက်ချင်းပင် ရှက်ရွံ့မှုများ ပြည့်နှက်သွားရတော့သည်။ လူများစွာ စောင့်ကြည့်နေပြီး သူက ကုမ္ပဏီ၏ မန်နေဂျာတစ်ယောက် ဖြစ်နေသော်လည်း ကျင်းချန်က သူ့အပေါ် လုံးဝ လေးစားမှု မပြသခဲ့ချေ။
ဤသည်မှာ အရင်ကဆိုလျှင် လုံးဝ ဖြစ်လာမည် မဟုတ်ချေ။ သို့သော် တစ်ဖက်လူမှာ ယခုအခါ အထွေထွေမန်နေဂျာ ဖြစ်နေသောကြောင့် ဝူဖုန်းက ထုတ်မပြောရဲဘဲ သူ၏ ဒေါသကို မြိုသိပ်ထားရုံသာ တတ်နိုင်ပေသည်။
ဤကြီးမားလှသော ကွာဟမှု ခံစားချက်က သူ့ကို ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်သွားစေခဲ့သော်လည်း သူက အထွေထွေမန်နေဂျာ ဖြစ်နေလေပြီ။
"ဟူး..."
ဝူဖုန်းက သက်ပြင်းချလိုက်ပြီး အညံ့ခံ၍ ခေါင်းငုံ့ရုံသာ တတ်နိုင်တော့၏။
" ဥက္ကဋ္ဌစု... ကုမ္ပဏီရဲ့ တခြားအကြီးတန်း မန်နေဂျာတွေကို ဘယ်လို ခန့်အပ်မလဲဆိုတာ သိပါရစေ..."
ဝူဖုန်းက သူ့ကိုယ်သူ အတင်းအဓမ္မ သတ္တိမွေးကာ စုယွမ်အား မေးလိုက်သည်။
"ဒါက ရိုးရှင်းပါတယ်... ကျင်းချန်က ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဖြစ်နေပြီဆိုတော့ ကုမ္ပဏီရဲ့ အကြီးတန်း မန်နေဂျာတွေ ထွက်ခွာမလား ဆက်နေမလား ဆိုတာကို သူကပဲ ကြေညာလိမ့်မယ်..."
"အမ်း..."
"ကောင်းပြီ... ကျင်းချန်... မင်းက ကုမ္ပဏီကို အရမ်းကောင်းကောင်း သိတာပဲ... ဘယ်အကြီးတန်း မန်နေဂျာတွေက အရည်အချင်းရှိပြီး ဘယ်သူတွေက အရည်အချင်းမရှိဘူးလဲ ဆိုတာကို မင်း သိမှာပါ... မင်း ဒီကိုလာပြီး ဘယ်သူတွေ ဆက်နေနိုင်ပြီး ဘယ်သူတွေ ထွက်သွားချင်လဲ ဆိုတာကို ပြောပြပါလား..."
စုယွမ်က ကျင်းချန်အား တိုက်ရိုက်ကြည့်ကာ ပြောလိုက်၏။
ကျင်းချန်မှာ အံ့အားသင့်သွားပြီး စုယွမ်က သူ့ကို ကူညီနေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်ပေသည်။ အထွေထွေမန်နေဂျာတစ်ယောက်အနေဖြင့် သူ၏ လက်အောက်ငယ်သားများကြားတွင် မကျေနပ်မှုအချို့ မလွဲမသွေ ရှိလာမည်ကို သူ သိရှိထား၏။ ဤလုပ်ရပ်က မန်နေဂျာအများစုကို မျက်နှာပေးရန် ရည်ရွယ်ထားပြီး သူတို့အား သူ့အပေါ် ကျေးဇူးတင်စေရန် ပြုလုပ်ခြင်း ဖြစ်ပေသည်။
ကျင်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်း မတ်တတ်ရပ်လိုက်၏။
မန်နေဂျာများသည် အချင်းချင်း အကဲခတ်ကြည့်ရှုလိုက်ကြပြီး အားလုံးမှာ တင်းမာမှုကို ခံစားနေကြရသည်။ သူတို့ ဆက်နေမည်လား သို့မဟုတ် ထွက်သွားရမည်လား ဆိုသည်မှာ ကျင်းချန်၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်နေပေ၏။
ဝူဖုန်းမှာ ထိတ်လန့်သွားတော့သည်။
" ဥက္ကဋ္ဌစု... ကျွန်တော်က ပုံမှန်အားဖြင့် အထွေထွေမန်နေဂျာကျင်းနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိပါတယ်... ပြီးတော့ ကျွန်တော့်အလုပ်နဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး... ကျွန်တော်က အရမ်း အရည်အချင်းရှိသလို သူဌေးကျန်းရဲ့ ယောက်ဖလည်း ဖြစ်ပါတယ်..."
"ကျွန်တော် အလိုအလျောက် ဆက်နေနိုင်မယ်လို့ ထင်ပါသလား... အထွေထွေမန်နေဂျာကျင်း ဘာမှ ထပ်ပြောနေစရာ မလိုပါဘူး..."
ဝူဖုန်းက အလျင်အမြန် ဦးစွာ ပြောဆိုလိုက်၏။
"မင်း ဆက်နေမလား ထွက်သွားမလား ဆိုတာကို ကျင်းချန်ကပဲ ဆုံးဖြတ်လိမ့်မယ်လို့ ငါ ပြောပြီးပြီလေ..."
စုယွမ်က ပြန်လည်ဖြေကြားလိုက်သည်။
ဤအချိန်တွင် ဝူဖုန်းသည် ကျင်းချန်အား တောင်းပန်နေသော အကြည့်များဖြင့် ကြည့်လိုက်ပြီး သူ၏ရှေ့တွင် ဒူးထောက်လုနီးပါး ဖြစ်နေချေပြီ။
"တကယ်တော့ စီမံခန့်ခွဲမှု အလုပ်အများစုက အထူးပြုလုပ်ငန်းတွေပါ..."
"ဒါကြောင့် အကြီးတန်း မန်နေဂျာ အများစုရဲ့ ရာထူးတွေကို ပြောင်းလဲဖို့ ကျွန်တော် အကြံမပြုပါဘူး..."
ဤစကားကို ကြားလိုက်ရသည့်အခါ လူတိုင်းက သက်ပြင်းချလိုက်ကြ၏။
မိမိကိုယ်ကို အရည်အချင်းရှိပြီး တာဝန်ယူတတ်သူဟု အမြဲယုံကြည်နေသော ဝူဖုန်းပင်လျှင် ထိုထဲတွင် အပါအဝင် ဖြစ်နေခဲ့သည်။
"ဒါပေမဲ့ ဒီထဲမှာ ဝူဖုန်းကတော့ မသင့်တော်ဘူး... သူက ကုမ္ပဏီကနေ တကယ် ထွက်သွားသင့်ပါတယ်..."