အခန်း ၇၈၂
Vol. 57 Ch. 782
အပိုင်း ၇၈၂ - အဝေးဆီမှ သတင်းစကား
မောက်လန်တို့၏ မြင့်မြတ်သောငှက် ပျောက်ကွယ်သွားသည့် သတင်းမှာ စစ်မြေပြင်၏ နှစ်ဖက်စလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီးနောက် စစ်သည်တော်များ၏ စိတ်ဓာတ်ကို အကြီးအကျယ် ပြောင်းလဲသွားစေတော့သည်။ မန္တာန်စစ်သည်များမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီး ကျင့်ကြံသူများမှာမူ စိတ်ဓာတ်များ ပြန်တက်ကြွလာသည်။
တိုက်ပွဲအတွင်း ရောက်ရှိနေသော ပိန်ခြောက်ခြောက်အဘိုးအိုနှင့် ထျန်းကျုံး တို့သည် ဤသည်ကို မြင်လိုက်ရသည့်အခါ မယုံကြည်နိုင်ဟန် အမူအရာများ ဖြစ်ပေါ်သွားကြ၏။ မြင့်မြတ်သောငှက်ကြီးသည် မီးအိမ်ထဲမှ ဆီကုန်ခမ်းသွားခြင်းကြောင့် ပျောက်ကွယ်သွားခြင်း မဖြစ်နိုင်ချေ။ ဖြစ်နိုင်ခြေရှိသော တစ်ခုတည်းသော အကြောင်းပြချက်မှာ ကျင့်ကြံသူတစ်ဦးဦးက မူလဘူတအလင်းမီးအိမ်ကို ငြှိမ်းသတ်ပစ်လိုက်ခြင်းကြောင့်သာ ဖြစ်ရမည်။
ထိုမောက်လန်ပညာရှိကြီးနှစ်ဦးသည် မောက်လန်မျိုးနွယ်စု၏ အဖိုးတန်ရတနာမှာ ဟန်လိ၏ လက်ထဲသို့ နောက်တစ်ကြိမ် ပြန်လည်ကျရောက်သွားခဲ့ပြီ ဖြစ်ကြောင်းကိုမူ မသိရှိကြသေးပေ။ သူတို့၏ အမြင်အရဆိုလျှင် သူတို့ဘက်မှ စဦးစိတ်ဝိညာဉ်နောက်ပိုင်းအဆင့်ကြံသူများသည် ရန်သူ့ဘက်မှ အဆင့်တူကျင့်ကြံသူများကို ဟန့်တားထားသလို အခြားသော ကျင့်ကြံသူများကိုလည်း မြင့်မြတ်သောငှက်ကြီးက ဖိနှိပ်ထားနိုင်ခဲ့သဖြင့် မန္တန်စစ်သည်လဲ့၏ အကာအကွယ်အတားအဆီးကို ဖောက်ထွက်နိုင်မည့်သူ ရှိလိမ့်မည် မဟုတ်ဟု ယူဆထားသောကြောင့် ဖြစ်သည်။ ဤရက်စက်လှသော အမှန်တရားက သူတို့အတွက် ကြီးစွာသော အံ့ဩထိတ်လန့်မှုကို ဖြစ်ပေါ်သွားစေ၏။
ဟန်လိသည် ငိုကြွေးဝိညာဉ်သားရဲ၏ ဘေးနားသို့ တိတ်တဆိတ် ပြန်လည်ရောက်ရှိလာပြီးမှ ကိုယ်ထင်ပြန်ပြလာသည်။ ထိုအချိန်တွင် ငိုကြွေးဝိညာဉ်သားရဲသည် ကြေးနီချပ်ဝတ်အလောင်းကောင်အများစုကို ရှင်းထုတ်ပြီး ဖြစ်နေ၏။ ကျန်ရှိနေသော ကြေးနီချပ်ဝတ်အလောင်းကောင်များအားလုံး အမြစ်ပြတ်ချေမှုန်းခံရရန် အချိန်တစ်ခုသာ လိုတော့သဖြင့် ယင်စစ်ထုတ်ခြင်းဂိုဏ်မှ ကျင့်ကြံသူများသည် လက်ကျန်အလောင်းကောင်များကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်ကြသည်။
မရဏချီ အမြောက်အမြားကို ဝါးမြိုပြီးနောက်တွင်မူ ငိုကြွေးဝိညာဉ်သားရဲ၏ ခန္ဓာကိုယ်မှာ ပိုမိုကြီးမားလာပြီး သူ၏အမွှေးအမျှင်များမှာလည်း အနက်ရောင်အလင်းတန်းများဖြင့် ပိုမိုစူးရှစွာ ပြောင်လက်တောက်ပနေ၏။ ၎င်းသားရဲကြီးမှာ ခွန်အားများ အပြည့်အဝ တိုးတက်လာပုံရသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ထိုနေရာတွင် ရှိနေသော ဝတ်ရုံနက်ကျင့်ကြံသူများနှင့် မန္တာန်စစ်သည် အများအပြားက ဤမျောက်ဝံကြီးကို အပြီးသတ် ချေမှုန်းပစ်ချင်နေကြမှာ သေချာ၏။ သို့သော်လည်း လုံဟန့်သည် ဤထူးဆန်းသော မျောက်ဝံကြီးသည် ကြေးနီချပ်ဝတ်အလောင်းကောင်များကို ကိုင်တွယ်ရာတွင် အဓိက သော့ချက်ဖြစ်မှန်း ကောင်းစွာ သဘောပေါက်ထားသဖြင့် ၎င်းအား ကာကွယ်ရန်အတွက် လူအမြောက်အမြားကို စေလွှတ်ကာ အကာအကွယ်ပေးခဲ့သည်။
ရံဖန်ရံခါ ရန်သူအချို့ ထိုအကာအကွယ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့လျှင်ပင် ငွေရောင်လသည် သူမ၏ ပုံရိပ်ယောင်အတတ်ပညာများကို အသုံးပြု၍ သူတို့၏ လမ်းကြောင်းကို လွှဲပစ်ကာ သေမင်းတံခါးဝဆီသို့ တိုက်ရိုက် ပို့ဆောင်ပစ်လိုက်လေ့ ရှိသည်။
ဟန်လိ ပြန်လည်ရောက်ရှိလာသည့် အချိန်တွင်မူ ငိုကြွေးဝိညာဉ်သားရဲသည် လက်ကျန် ကြေးနီချပ်ဝတ်အလောင်းကောင်များကို အပြီးသတ် သုတ်သင်နေဆဲ ဖြစ်သည်။ သူက ၎င်းသားရဲကြီးထံသို့ လက်ဝှေ့ယမ်းပြလိုက်ရာ အနက်ရောင်အလင်းတစ်ချက် လင်းလက်သွားခြင်းနှင့်အတူ သားရဲကြီးမှာ ချက်ချင်း ကျုံ့ဝင်သွားပြီးနောက် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် သူ၏ခါးရှိ သားရဲသိုလှောင်အိတ်အတွင်းသို့ ပျံသန်းဝင်ရောက်လာသည်။ ငွေရောင်လသည် ဤသည်ကို မြင်လိုက်ရသည့်အခါမှ ဟန်လိ၏အနောက်ဘက်ဆီသို့ ညင်သာစွာ ချဉ်းကပ်လာ၏။
ဟန်လိသည် ငိုကြွေးဝိညာဉ်သားရဲကို ပြန်လည်ရုတ်သိမ်းပြီးနောက် ငွေရောင်လကို စကားဆိုရန် ဟန်ပြင်လိုက်စဉ် ကျယ်ပြောလှသော ကောင်းကင်ယံတစ်ခုလုံးမှာ မည်းမှောင်လှသော မိစ္ဆာတိမ်တိုက်ကြီးများဖြင့် ရုတ်တရက် ဖုံးလွှမ်းသွားပြီး ၎င်းအတွင်းမှ မရေမတွက်နိုင်သော အစိမ်းရောင်လျှပ်စီးတန်းများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာတော့သည်။ ဟန်လိသည် ထိုကောင်းကင်ယံထံသို့ အံ့ဩထိတ်လန့်ဟန်ဖြင့် လှမ်းကြည့်လိုက်မိ၏။
"ဘယ်သူလဲ။ ဘယ်သူက ငါ့မိန်းမကို သတ်ပစ်လိုက်တာလဲ။ ငါ မင်းရဲ့ စိတ်ဝိညာဉ်ကို ဆွဲထုတ်ပြီး သဲလွန်စမရှိအောင် ဖျက်ဆီးပစ်မယ်။"
ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ်၏ မိုးကြိုးသံအလား ပြင်းထန်လှသော အော်ဟစ်သံကြီးသည် ကောင်းကင်ယံ တခွင်လုံး၌ ပဲ့တင်ထပ်သွားတော့သည်။ ဟန်လိသည် ထိုအသံကို ကြားလိုက်ရသည့်အခါ သူ့နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားရပြီး သုန်မှုန်သော မျက်နှာပေးဖြင့် ၎င်းပုဂ္ဂိုလ်ကို တိတ်တဆိတ် စိုက်ကြည့်လိုက်၏။
"အနိုင်၊အရှုံး မကွဲပြားသေးဘဲ ဘာလို့ တိုက်ပွဲကနေ စောစောထွက်သွားချင်ရတာလဲ။ ငါက မင်းရဲ့ မိစ္ဆာအတတ်ပညာတွေကို ကိုယ်တိုင်ကိုယ်ကျ လက်ရည်စမ်းကြည့်ချင်သေးတယ်။"
ထိုဝတ်ရုံနက်နှင့်လူ၏ အော်ဟစ်သံနှင့် တဆက်တည်းမှာ မိစ္ဆာအိုကြီးဟီ၏ စကားသံသဲ့သဲ့ပါ ကပ်ပါလာလေ၏။ သည့်နောက်တွင် မီးခိုးရောင် မြူခိုးတိမ်တိုက်တစ်ခုသည် ကောင်းကင်ယံကနေ ချက်ချင်း ထိုးထွက်လာပြီး အနက်ရောင်မိစ္ဆာတိမ်တိုက်ကြီး ရှေ့ဆက်မတိုးနိုင်အောင် အမိအရ ပိတ်ဆို့ဟန့်တားလိုက်တော့၏။
"ငါက မင်းနဲ့ လက်ရည်စမ်းနေဖို့ စိတ်ကူးမရှိဘူး။ ငါ့လမ်းကို ဖယ်ပေးစမ်း၊ မဟုတ်ရင် ငါ ညှာနေတော့မှာ မဟုတ်ဘူး"
ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ်၏ စူးရှလှသော အော်ဟစ်သံသည် ကောင်းကင်ယံ တခွင်လုံး၌ ထပ်မံဟိန်းထွက်သွားပြန်သည်။
မိစ္ဆာအိုကြီးဟီကမူ ရယ်မောလိုက်ပြီး ဆို၏။
"မညှာတော့ဘူး ဟုတ်လား။ ခင်ဗျားက ကျုပ်နဲ့ အစောပိုင်းက တိုက်ခဲ့တဲ့ တိုက်ပွဲတုန်းကကော ခွန်အားတွေကို ထိန်းချန်ထားခဲ့လို့လား။ ခင်ဗျားမှာ ရှိသမျှ စွမ်းရည်တွေကို အစွမ်းကုန် ထုတ်သုံးပြလိုက်စမ်းပါ..."
ထိုဝတ်ရုံနက်နှင့်လူသည် ခဏတာ နှုတ်ဆိတ်သွားပြီးနောက်မှ သုန်မှုန်ခက်ထန်စွာ ပြန်ပြောလာသည်။ "ကောင်းပြီ... ခင်ဗျားက ကိုယ်တိုင် သေလမ်းရှာနေမှတော့ ကျုပ်လည်း ခင်ဗျားနဲ့ အချိန်ဖြုန်းမနေတော့ဘူး။ ကျုပ်တို့ဂိုဏ်းရဲ့ အဖိုးတန် အမွေခံမိစ္ဆာရတနာဖြစ်တဲ့ တစ္ဆေအလံတော်ရဲ့ စွမ်းပကားကို ခင်ဗျား ကိုယ်တိုင် မြင်တွေ့စေရမယ်..."
စကားဆုံးသည်နှင့် ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ်သည် ရုတ်တရက် မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်သည့်အလား ထင်မှတ်ရပေသည်။
"တစ္ဆေအလံတော် ဟုတ်လား..."
မိစ္ဆာအိုကြီးဟီ၏ စကားသံထဲတွင်မူ သိချင်စိတ် ဖြစ်ပေါ်နေသော အရိပ်အယောင်များ ပါဝင်နေတော့သည်။
သူတို့နှစ်ဦး၏ အပြန်အလှန်စကားစစ်ထိုးပွဲကြောင့် အောက်ဘက်ရှိ စစ်မြေပြင်တွင် တိုက်ခိုက်နေကြသော ကျင့်ကြံသူများအားလုံးမှာ အံ့အားသင့် ထိတ်လန့်ကုန်လေပြီ။ ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ်၏ တာအိုလက်တွဲဖော်သည် ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူတစ်ဦးဦး၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရသည့်အချက်မှာလည်း လူအများအပြားအတွက် မယုံကြည်နိုင်စရာ ဖြစ်သွားတာ သေချာသည်။
ဟန်လိ၏ မျက်နှာအမူအရာမှာမူ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း မိစ္ဆာအိုကြီးဟီက ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ်၏ လမ်းကြောင်းကို အောင်မြင်စွာ ပိတ်ဆို့ထားနိုင်သည်ကို မြင်လိုက်ရသည့်အခါမှသာ သူ့ရင်ထဲမှ စိုးရိမ်ပူပန်မှုအလုံးကြီး ကျသွားကာ စိတ်သက်သာသွားသည်။ သူသည် စဦးစိတ်ဝိညာဉ် နောက်ပိုင်းအဆင့်ရှိသော ထိုမိစ္ဆာကျင့်ကြံသူကြီး၏ အမဲလိုက်ခြင်းကို နောက်တစ်ကြိမ် ထပ်မကြုံတွေ့ချင်တော့သည်မှာ အမှန်ပင်။
ထိုအခိုက်အတန့်တွင်မူ စစ်မြေပြင်၌ ရှိနေသော လူတိုင်းသည် မိစ္ဆာအိုကြီးဟီ နှင့် ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ်တို့သည် ကောင်းကင်ယံကနေ မြေပြင်သို့ ဆင်းသက်လာပြီး ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုကို ဆက်လက်ဆင်နွှဲကြတော့မည်ဟု ထင်မှတ်နေကြသည်။ ထိုစဉ်မှာပင် မမျှော်လင့်ထားသော အခြားကိစ္စရပ်တစ်ခု ထပ်မံ ဖြစ်ပွားလာပြန်သည်။ မောက်လန်မန္တာန်စစ်သည်များ ရှိရာ အရပ်မျက်နှာဘက်ဆီကနေ စူးရှကျယ်လောင်လှသော လေခွင်းသံတစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ အရောင်အသွေးစုံလင်လှသော အလင်းတန်းဆယ်ခုကျော်က သူတို့ဆီသို့ တဟုန်ထိုး ပျံသန်းရောက်ရှိလာခြင်းပင် ဖြစ်၏။
ထိုအလင်းတန်းများက မန္တာန်စစ်သည်များ၏ အနီးနားသို့ မရောက်ရှိမီမှာပင် ၎င်းတို့အတွင်းမှ ကျင့်ကြံသူတစ်ဦးသည် လျင်မြန်စွာ လှမ်းအော်ပြောလိုက်လေသည်။
"မောက်လန်ပညာရှိတို့... မြန်မြန် တိုက်ပွဲကို ရပ်လိုက်ကြပါဦး။ ငါတို့ရဲ့ မောက်လန်လွင်ပြင် မှာ ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်ပွားနေပြီ။"
ထိုအသံကား လျှို့ဝှက်ပညာရပ်တစ်ခုကြောင့် အဆပေါင်းများစွာ ပိုမိုကျယ်လောင်လာပြီး စစ်မြေပြင်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားတော့၏။ သည့်နောက်တွင်မူ ထိုအလင်းတန်းများမှာ ပိုမိုမြန်ဆန်လာပြီး စစ်မြေပြင်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာကြတော့သည်။
ထိုစကားလုံးများ ထွက်ပေါ်လာသည့်အခါတွင်မူ စစ်မြေပြင်၏ အစိတ်အပိုင်းအများစုမှာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားရပြီး ကျင့်ကြံသူများနှင့် မန္တာန်စစ်သည် အများစုမှာလည်း အံ့ဩမှင်သက်စွာဖြင့် လှမ်းကြည့်လိုက်မိကြသည်။ ပိန်ခြောက်ခြောက်အဘိုးအိုသည် ဤစကားကို ကြားလိုက်ရသည့်အခါ သူ့စိတ်ထဲ ဒိတ်ခနဲ ဖြစ်သွားလေ၏။ သူ့ရန်သူများမှာလည်း အံ့အားသင့်သွားသောကြောင့် တိုက်ခိုက်မှုများ ခဏဟန့်သွား၏။
ထိုမောက်လန်မန္တာန်စစ်သည်အိုကြီးသည် ဤအခွင့်အရေးကို အသုံးချလျက် တိုက်ပွဲအတွင်းမှ ချက်ချင်း ရုန်းထွက်လိုက်ပြီးနောက် ခုလေးတင် ရောက်ရှိလာကြသော မန္တန်စစ်သည်များထံ တိုက်ရိုက် ပျံသန်းသွားတော့သည်။
လုံဟန့်သည် ခဏချင့်ချိန်ပြီး ထိုသူ့နောက်သို့ လိုက်လံတိုက်ခိုက်ခြင်း မပြုတော့ချေ။ အစောပိုင်းက တိုက်ပွဲတွင် ထိုပိန်ခြောက်ခြောက်အဘိုးအိုသည် အသာစီး ရရှိထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့နောက်သို့ လိုက်လံတိုက်ခိုက်ခြင်းမှာ အကျိုးမရှိနိုင်ဟု သူ့အနေဖြင့် သဘောပေါက်၏။
သို့သော်လည်း ထိုမန္တာန်စစ်သည်များသည် ဤသတင်းစကားကို ကျင့်ကြံသူများပါ ကြားသိနိုင်အောင် မည်သည့်အတွက်ကြောင့် ကျယ်လောင်စွာ အော်ဟစ်ခဲ့ကြသလဲဟူသည့် အချက်မှာမူ အနည်းငယ် ထူးဆန်းလှပေသည်။ သို့သော် သည်ကိစ္စကိုမူ နောက်မှသာ စဉ်းစားရလိမ့်မည်။ သူတို့သည် မောက်လန်လွင်ပြင် အကြောင်းကို ထုတ်ပြောခဲ့ကြသဖြင့် ဤပြဿနာသည် လွင်ပြင်ကြီးတစ်ခုလုံးနှင့် သက်ဆိုင်နေသော ကိစ္စတစ်ခု ဖြစ်နေမှာ သေချာသလောက်ရှိသည်။
ဟန်လိသည်လည်း ထိုမောက်လန်မန္တာန်စစ်သည်အိုကြီးထံ လှမ်းကြည့်၏။ ခုမှ ရောက်လာသော လူများထံသို့လည်း သူက အကြည့်ရောက်သွားပြန်သည်။ ထိုအလင်းတန်းများ ပျောက်ကွယ်သွားသောအခါ မတူညီသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် မန္တာန်စစ်သည်များ၏ ရုပ်သွင်များ ပေါ်လာသည်။ သူတို့ကို ဦးဆောင်လာသူမှာ အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး စဦးစိတ်ဝိညာဉ်အလယ်အလတ်အဆင့် ကျင့်ကြံမှုရှိသော မန္တာန်စစ်သည်တစ်ဦး ဖြစ်နေသဖြင့် ဟန်လိမှာ အနည်းငယ် အံ့အားသင့်သွားရ၏။
ဤမျှ အစွမ်းထက်လှသော မန္တာန်စစ်သည်တစ်ဦးကို စစ်မြေပြင်သို့ စေလွှတ်ခြင်းမပြုဘဲ ထိန်းချန်ထားခဲ့ခြင်းမှာ ထူးဆန်းလှ၏။ အကြောင်းရင်းတစ်ခုခုတော့ ရှိရပေမည်။ ဖြစ်နိုင်ခြေရှိသည်မှာ သူသည် အလွန်အရေးကြီးသော နေရာတစ်ခုခုကို စောင့်ကြပ်နေရခြင်းကြောင့်သာ ဖြစ်ရမည်။ မည်သို့ပင်ဖြစ်စေ ဤအချက်သည် သူပြောလိုက်သော စကားလုံးများ၏ ခိုင်မာမှုကို ပိုမိုသက်သေပြနေသကဲ့သို့ပင် ဖြစ်၏။
မိစ္ဆာအိုကြီးဟီနှင့်ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ် တို့သည်လည်း ကောင်းကင်ယံရှိ မိစ္ဆာတိမ်တိုက်ကြီးများအတွင်းသို့ တိတ်တဆိတ် ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
ပိန်ခြောက်ခြောက်မောက်လန်မန္တာန်စစ်သည်အိုကြီးသည် အဝါရောင်ဝတ်စုံနှင့် ကျင့်ကြံသူကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်ဟန် အမူအရာများ အထင်အရှား ပေါ်လာတော့၏။ သူသည် စကားတစ်လုံးမျှ မဆိုနိုင်သေးမီမှာပင် ထိုအဝါရောင်ဝတ်စုံနှင့် ကျင့်ကြံသူသည် သူ၏ဘေးနားသို့ ပျံသန်းရောက်ရှိလာပြီး အသံလွှင့်ခြင်း အတတ်ပညာဖြင့် တစ်စုံတစ်ခုကို လျှို့ဝှက်ပြောပြလိုက်ရာ ထိုအဘိုးအိုကြီး၏ မျက်နှာမှာ ချက်ချင်း သုန်မှုန်သွားသည်။ သည့်နောက်တွင်မူ ထိုအဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် ကျောက်စိမ်းပြားတစ်ခုကို အဘိုးအိုထံသို့ ကမ်းပေးလိုက်၏။
ပိန်ခြောက်ခြောက်အဘိုးအိုက ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပြီး ၎င်းအတွင်းရှိ အကြောင်းအရာများကို သေချာစွာ ဖတ်ရှုစစ်ဆေးကြည့်လိုက်သည်။ ခဏအကြာတွင် သူ၏မျက်နှာမှာ သေလောက်အောင် ဖြူရော်သွားတော့၏။ သူသည် အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူကို မှာစရာရှိတာ လိုတိုရှင်း မှာကြားပြီးနောက် တဖက်သို့ ပြန်လှည့်ကာ လုံဟန့် ရှိရာဘက်သို့ တိုက်ရိုက် ပျံသန်းလာတော့သည်။ သူ့မျက်နှာမှာ သုန်မှုန်ခက်ထန်နေ၏။
သူသည် လုံဟန့်၏ရှေ့သို့ ရောက်လာချိန်၌ တည်ငြိမ်အေးစက်သော လေသံဖြင့် ဆိုလိုက်၏။
"ငါတို့ ဒီစစ်ပွဲကို ဆက်ပြီး ဆင်နွှဲနေဖို့ မလိုအပ်တော့ဘူး။ တိုက်ပွဲကတော့ ဒီမှာတင် ပြီးဆုံးသွားခဲ့ပြီ။ မဟုတ်ရင် တတိယအင်အားစုတစ်ခုက ငါတို့နှစ်ဖက်လုံးကို အနိုင်ယူပြီး အုပ်ချုပ်သွားလိမ့်မယ်။"
လုံဟန့်၏အမူအရာမှာ ဇဝေဇဝါ ဖြစ်သွား၏။ သို့သော် သူက မထူးခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ခင်ဗျား ပြောတဲ့စကားက ဘာအဓိပ္ပာယ်လဲ။ ခင်ဗျားတို့က ဒီတိုက်ပွဲကို ခုလောက်ထိ အလွယ်တကူ ရပ်တန့်ချင်နေမှတော့ ကျုပ်ကို ခိုင်မာတဲ့ အကြောင်းပြချက်တစ်ခုခု ပေးရလိမ့်မယ်။"
ဟန်လိ၏ မမျှော်လင့်ထားသော ခွန်အားပြသမှုများကြောင့် ကြေးနီချပ်ဝတ်အလောင်းကောင်များနှင့် သူတို့၏ မြင့်မြတ်သောငှက်ကြီးတို့မှာ အောင်မြင်စွာ နှိမ်နင်းခြင်း ခံလိုက်ရပြီး ဖြစ်၍ တိုက်ပွဲမှာ နှစ်ဖက်စလုံး ဘက်ညီသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် လုံဟန့်တွင် ထိုမန္တာန်စစ်သည်များသည် ကြောက်လန့်၍ တိုက်ပွဲမှ ဆုတ်ခွာရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ယူဆချက်ရှိနေသည်။
မန္တာန်စစ်သည်အိုကြီးက သုန်မှုန်စွာဖြင့် မေးလိုက်သည်။
"ခင်ဗျားတို့က မိုးမျှော်ကောင်းကင်မြို့တော်ရဲ့ သိုလှောင်ရုံဆီ ကျင့်ကြံသူအဖွဲ့တစ်ခု တိတ်တဆိတ် စေလွှတ်ပြီး ဝင်ရောက်စီးနင်းခိုင်းထားခဲ့တယ်မလား။"
သည်စကားကြောင့် လုံဟန့်သည် စိတ်ထဲ၌ ထိတ်လန့်သွားမိ၏။ သို့သော် သူက ဤအချက်ကို ဖုံးကွယ်ထားလိုက်ပြီး အပြင်ပိုင်း၌ တည်ငြိမ်သော အမူအရာကိုသာ ဆက်လက်ပြသထား၏။ သူက မျက်လုံးများကို ကစားလိုက်ပြီးနောက် အေးဆေးစွာ ပြန်ပြောလိုက်သည်။
"ကြည့်ရတာ ခင်ဗျားတို့က အဲ့ဒီကိစ္စကို ရှာတွေ့သွားခဲ့ပြီပေါ့။"
"ရှာဖွေတွေ့ရှိသွားတာ ဟုတ်လား..."
ထိုအဘိုးအိုသည် ဒေါသတကြီးဖြင့် နှာခေါင်းရှုံ့လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။
"တကယ်လို့ အဲ့ဒီတတိယအင်အားစုရဲ့ ကြားဖြတ်နှောက်ယှက်မှုသာ ရှိမနေခဲ့ဘူးဆိုရင် ခင်ဗျားတို့ရဲ့ အကြံအစည်က အောင်မြင်ခဲ့လောက်ပြီ။"
"တတိယအင်အားစု ဟုတ်လား..."
လုံဟန့်သည် ဤသည်ကို ကြားလိုက်ရသည့်အခါ မျက်မှောင်ကြုတ်သွားတော့၏။
ထိုမောက်လန်မန္တာန်စစ်သည်အိုကြီးသည် စကားတစ်လုံးမျှ ထပ်မဆိုတော့ဘဲ လျှို့ဝှက်အသံလွှင့်ခြင်း အတတ်ပညာဖြင့်သာ စကားကို ဆက်လက်ပြောဆိုတော့သည်။
လုံဟန့်သည် သူပြောပြလိုက်သော စကားများကို ကြားရသည့်အခါတွင်မူ သူ၏ တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ဘဲ ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်မိ၏။
"ဘာ... ကိစ္စက တကယ်ပဲ အဲ့ဒီလို ဖြစ်ပျက်သွားခဲ့တာ ဟုတ်လား။"
"အခြေအနေတွေက ခုလောက်ထိ ရောက်နေပြီပဲ... ငါက မင်းကို လိမ်ညာပြောဆိုနေလည်း ဘာအကျိုးရှိမှာ မလို့လဲ"
ပိန်ခြောက်ခြောက်အဘိုးအိုက ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။
လုံဟန့်သည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် အချိန်တစ်ခုကြာ တိတ်ဆိတ်သွားတော့၏။ သည့်နောက်တွင်မူ သူ၏လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး ကောင်းကင်ယံထံသို့ သတင်းပို့အဆောင်လက်ဖွဲ့တစ်ခုကို ပစ်လွှတ်လိုက်တော့သည်။ ၎င်းအဆောင်မှာ ရုတ်တရက်ဆိုသလို ရွှေရောင်အလင်းလုံး အမြောက်အမြားအဖြစ်သို့ ပြောင်းလဲသွားပြီး စူးရှတောက်ပသော အလင်းတန်းများဖြင့် ကောင်းကင်ယံ၌ ပေါက်ကွဲထွက်သွား၏။ ထိုအခါ ကျင့်ကြံသူများသည် တိုက်ခိုက်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ကြပြီး အကာအကွယ် မန္တာန်အစီအရင်စုဆီသို့ အလျင်အမြန်ပင် ပြန်လည်ဆုတ်ခွာလာကြတော့သည်။ ဆုတ်ခွာလာကြသော ကျင့်ကြံသူ အမြောက်အမြားမှာ အုံလိုက်ကျင်းလိုက် အသိုက်ဆီသို့ ပြန်လာကြသည့် ပျားအုပ်ကြီးအလား ထင်မှတ်ရသည်။
မည်သည့်အမိန့်ပေးမှုမျှ ထပ်မံပြုလုပ်ရန် မလိုအပ်ဘဲ မောက်လန်မန္တာန်စစ်သည်များမှာလည်း တိုက်ပွဲအတွင်းမှ ချက်ချင်း ပြန်လည်ဆုတ်ခွာသွားကြတော့၏။ သွေးတစ္ဆေနှင့် ကျောက်သားဘီလူးကြီး တို့မှာလည်း တိုက်ခိုက်နေခြင်းကို အတင်းအကျပ် ရပ်တန့်လိုက်ကြရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤကျယ်ပြောလှသော စစ်မြေပြင်ကြီးတစ်ခုလုံးမှာ လုံးဝ ဆိတ်ငြိမ်သွားတော့၏။
နှစ်ဖက်စလုံးမှ တပ်မကြီးများ ပြန်လည်ခွဲထွက်သွားကြပြီးနောက်တွင်မူ သေကြေပျက်စီးမှု အရေအတွက်မှာ များပြားလှကြောင်းကို အထင်အရှား မြင်တွေ့ရနိုင်သည်။ သို့သော်လည်း နှစ်ဖက်စလုံးမှ အဆင့်မြင့် ကျင့်ကြံသူများကြားတွင်မူ ကြီးမားသော ဆုံးရှုံးမှုမျိုး ရှိမနေခဲ့ကြချေ။
မန္တာန်စစ်သည်အုပ်စုမှာ အခြေအနေပိုကောင်း၏။ သူတို့အနေဖြင့် ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကြောင့် စဉ်းစားမရ ဖြစ်သွားကြသော်လည်း တည်ငြိမ်မှုကိုတော့ ဆက်ထိန်းထားနိုင်သည်။ ကျင့်ကြံသူများဘက်ခြမ်းတွင်မူ လှုပ်လှုပ်ခတ်ခတ်များ ဖြစ်ကုန်ကြ၏။ အခြေအနေကို သိရရန် အဆင့်မြင့်ကျင့်ကြံသူအချို့သည် လုံဟန့်ထံ လာရောက်၍ မေးကြမြန်းကြသည်။ သို့ရာတွင် လုံဟန့်က ခါးသီးစွာပြုံး၍သာ ပြန်တုံ့ပြန်သဖြင့် သူ့အနီးအနားမှ ကျင့်ကြံသူများမှာ မကျေမနပ် ဖြစ်သွားသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ အနက်ရောင် မိစ္ဆာတိမ်တိုက်များနှင့် မီးခိုးရောင် မြူခိုးတိမ်တိုက်များမှာ ဘေးသို့ ပြန့်ကျဲလွင့်ပါးသွားပြီးနောက် တစ်ဦးကိုတစ်ဦး အေးစက်စွာ စိုက်ကြည့်နေကြသော မိစ္ဆာအိုကြီးဟီနှင့် ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ် တို့၏ ရုပ်သွင်များ ပေါ်လာတော့သည်။ ထိုအချိန်တွင် ကောင်းကင်ယံရှိ တိုက်ပွဲသံများမှာလည်း ချက်ချင်း ရပ်တန့်သွားခဲ့ပြီး ဖြစ်၏။ သည့်နောက်တွင်မူ ဝေဝူယာနှင့် တာအိုသခင်နေဝန်းရှင်တို့သည် ကောင်းကင်ယံကနေ ချက်ချင်း ဆင်းသက်လာခဲ့ကြသဖြင့် ကျင့်ကြံသူများမှာ ကြီးစွာသော စိတ်သက်သာရာရမှုကို ခံစားလိုက်ရတော့သည်။
ခဏအကြာတွင် ကျူးဟု မျိုးရိုးအမည်ရှိသော ပညာရှိအသွင်အမျိုးသားနှင့် လူပုကြီးတို့မှာလည်း ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့ကြသဖြင့် မောက်လန်မန္တာန်စစ်သည်များဘက်မှ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာတော့၏။
ထိုကျင့်ကြံသူကြီးသုံးဦး ပြန်လည်ရောက်ရှိလာပြီးနောက်တွင်မူ လုံဟန့်သည် သူတို့ထံသို့ အကျိုးအကြောင်းအရပ်ရပ်ကို ချက်ချင်း စတင်တင်ပြတော့သည်။ သို့သော်လည်း အောက်ခြေကျင့်ကြံသူများကြား ထိတ်လန့်တုန်လှုပ်မှုများ မဖြစ်ပေါ်စေရန်အတွက် သူတို့သည် ဤသတင်းအချက်အလက်များကို လူနည်းစုသာ သိရှိနိုင်အောင် သေသေချာချာ ကန့်သတ်ထားလိုက်ကြ၏။ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်နှင့် အထက်ရှိသော ကျင့်ကြံသူအနည်းငယ်ကိုသာ သည်စကားဝိုင်းကို နားထောင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ရိုးရှင်းသော အကာအကွယ်အတားအဆီးအချို့ကို ချခင်းလိုက်ကြပြီးနောက်မှသာ မောက်လန်များထံမှ ရရှိလာသော ဆိုးဝါးလှသည့် သတင်းစကားအကြောင်းကို စတင်ဆွေးနွေးကြသည်။
ဟန်လိသည် ဤတိုက်ပွဲအတွင်း မယုံကြည်နိုင်လောက်အောင် ထူးကဲလှသော စွမ်းရည်များကို ပြသနိုင်ခဲ့သဖြင့် သူသည်လည်း ဤလျှို့ဝှက်စကားဝိုင်းတွင် ပါဝင်ခွင့် ရရှိခဲ့ခြင်းမှာ သဘာဝကျလှပေသည်။