← Chapters

အခန်း ၇၈၄

Vol. 57 Ch. 784

အခန်း ၇၈၄

Vol. 57 Ch. 784

အပိုင်း ၇၈၄ - နန်းလုံ ပါဝင်ပတ်သက်လာခြင်း

ဟန်လိသည် မျောလွင့်တိမ်တိုက်ဂိုဏ်းသို့ ပြန်လာသည့် လမ်းခရီးတွင် သူ၏ခါး၌ ချိတ်ဆွဲထားသော သိုလှောင်အိတ်ကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။ သူက ရှားပါးလှသော ကျင့်ကြံရေးပစ္စည်းများနှင့် လဲလှယ်ရန် ရှေးဟောင်းမီးအိမ်ကို ပြန်လည်ပေးအပ်ခဲ့စဉ်က မောက်လန်များသည် မည်သည့်ညှိနှိုင်းဆွေးနွေးမှုမျှ ကြိုတင်ပြုလုပ်ခြင်းမရှိဘဲ ရှေးဟောင်းရတနာပန်းခြင်းနှင့် ခရမ်းရောင်တိမ်လွှာကြိုး ကိုပါ သူ့ထံသို့ အလိုက်တသိ ပြန်ပေးခဲ့ကြသည်။

ကြည့်ရသည်မှာ မောက်လန်များသည် ကောင်းကင်တောင်ပိုင်းလောကတွင် ရေရှည်အခြေချ နေထိုင်ကြရတော့မည် ဖြစ်၍ အဆင့်မြင့် ကျင့်ကြံသူများကို သွားရောက်ရန်စမိပါက သူတို့အတွက် မကောင်းနိုင်မှန်း ကောင်းစွာ သဘောပေါက်ထားကြပုံရသည်။ ထို့ကြောင့်လည်း သူတို့နှစ်ဖက်ကြားတွင် ရန်ငြိုးရန်စများ မကျန်ရှိတော့စေရန်အတွက် ထိုရှေးဟောင်းရတနာများကို သူ့ထံသို့ ပြန်လည်ပေးအပ်ခဲ့ကြခြင်း ဖြစ်၏။ ဟန်လိသည် ယခုကဲ့သို့ ငယ်တုန်းရွယ်တုန်း အချိန်မှာပင် လက်စလက်နမသေးတော့ပေ။ သူ့ဇ၊သူ့အစွမ်းကို ပြသခဲ့ပြီး ဖြစ်၏။ ထို့ကြောင့်လည်း မောက်လန်ပညာရှိများပင် သူ့ကို ရှိန်ရ၏။

ထိုရှေးဟောင်းရတနာများ ပြန်လည် ရရှိသည်နှင့် ဟန်လိသည် ခရမ်ရောင်တိမ်လွှာကြိုး ကို ငွေရောင်လ ထံသို့ ချက်ချင်းပင် ပြန်လည်ပေးအပ်လိုက်သည်။ သူမသည် ထိုရတနာကို သူမ၏ နတ်ဆိုးဝံပုလွေ ခန္ဓာကိုယ်အသွင်နှင့် ရှိနေမှ အသုံးပြုနိုင်စွမ်း ရှိသည်ဆိုသော်လည်း ၎င်း၏ စွမ်းပကားကို အလွန်တရာ ထိရောက်စွာ ထုတ်သုံးနိုင်ခဲ့ဖူးသည်။ ဟန်လိက ကျေးဇူးကန်းတတ်သော လူစားမျိုး မဟုတ်သဖြင့် ထိုခရမ်းရောင်တိမ်လွှာကြိုးကို သူမအတွက် ဆုလဒ်အဖြစ် ပေးအပ်လိုက်ခြင်းပင် ဖြစ်၏။

ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူများနှင့် မောက်လန်များ လက်တွဲပူးပေါင်းလိုက်ကြပြီ ဖြစ်ကြောင်း သတင်းစကား ပျံ့နှံ့သွားခဲ့သည့် အခါတွင်မူ လေဟုန်စီးမျိုးနွယ်စုများသည်လည်း အချိန်တစ်ခုကြာသည်အထိ တွေဝေတွန့်ဆုတ်သွားကြတော့သည်။ သူတို့သည် မောက်လန်လွင်ပြင်၏ နယ်စပ်ဒေသတွင် ကျင့်ကြံသူ အမြောက်အမြားကို အင်တိုက်အားတိုက် စေလွှတ်ချထားခဲ့ကြသော်လည်း အလျင်စလို ဝင်ရောက်တိုက်ခိုက်ခြင်း မပြုကြသေးချေ။ သူတို့သည် ကောင်းကင်တောင်ပိုင်းနှင့် မောက်လန်များ၏ လှုပ်ရှားမှုများကိုသာ သေသေချာချာ စောင့်ကြည့်နေကြပြီး လာမည့်ရက်များ၌လည်း ဆက်လက်စောင့်ကြည့်ရန်သာ ဆုံးဖြတ်ထားကြပုံပင်။

သို့သော်လည်း ထိုလေဟုန်စီးမျိုးနွယ်စုများ၏ လှုပ်ရှားမှုများ ငြိမ်သက်နေသည့်အခြေအနေက တာအိုသခင်နေဝန်းရှင်နှင့် ကောင်းကင်တောင်ပိုင်းမှ အခြားသော ခေါင်းဆောင်ကြီးများကို ပို၍ စိုးရိမ်ပူပန်သွားစေသည်။ ရန်သူများဘက်မှ ဤမျှ သတိကြီးစွာ ပြင်ဆင်နေခြင်းမှာ ကောင်းကင်တောင်ပိုင်းဒေသကြီးကို အပြင်းအထန် ကျူးကျော်တိုက်ခိုက်ရန်အတွက် ပိုမိုကြီးမားသော အကြံအစည်များ ရှိနေခြင်းကိုသာ ဖော်ပြနေသောကြောင့် ဖြစ်၏။

နောက်ထပ် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလာရန်အတွက် အချိန်တစ်ခုအထိ လိုအပ်နေဦးမည် ဖြစ်ကြောင်း သိမြင်ကြရသည့်အခါ ကောင်းကင်တောင်ပိုင်းမှ အင်အားစုအသီးသီးတို့သည် အတိတ်တုန်းကအတိုင်းပင် နယ်စပ်ဒေသကို အလှည့်ကျ စောင့်ကြပ်ရန်အတွက် ပြင်ဆင်လိုက်ကြတော့သည်။ ဂိုဏ်းတစ်ခုချင်းစီသည် သူတို့၏ ထူးချွန်လှသော တပည့်အချို့ကို စေလွှတ်ကာ မောက်လန်များကို ပေးအပ်ထားခဲ့သော နိုင်ငံနှစ်ခု၏ အနီးဝန်းကျင်တွင် သွားရောက်စောင့်ကြပ်စေခဲ့သည်။

အကယ်၍ ထိုလေဟုန်စီးမျိုးနွယ်စုများက တကယ်ပဲ တိုက်ခိုက်လာခဲ့မည်ဆိုလျှင် မောက်လန်များမှာ အပြင်းအထန် ခုခံကြရမည် ဖြစ်ပြီး ထိုနေရာတွင် စောင့်ကြပ်နေကြသော တပည့်များသည်လည်း ချက်ချင်းပင် စစ်ကူပေးနိုင်ကြပေလိမ့်မည်။ ကျန်ရှိသော ကျင့်ကြံသူများကိုမူ မိမိတို့၏ ဂိုဏ်းအသီးသီးသို့ ပြန်လည်ထွက်ခွာခွင့် ပြုလိုက်ကြသည်။

ဟန်လိသည်လည်း မျောလွင့်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်သဖြင့် သူသည် စီနီယာအစ်ကို လုလောနှင့်အတူ လုပ်ဆောင်စရာ ကိစ္စရပ်များစွာ ရှိနေခဲ့ပေသည်။ ဂိုဏ်းတပည့် အများစုမှာ အသက်ရှင်ကျန်ရစ်ခဲ့ကြကြောင်း သေချာစွာ စစ်ဆေးပြီးသွားခဲ့သည့် အခါမှသာ သူသည်လည်း ဂိုဏ်းသို့ ပြန်လည်ထွက်ခွာလာနိုင်တာ ဖြစ်၏။ လုလော၌မူ ကိုင်တွယ်ဖြေရှင်းစရာ အခြားသော ကိစ္စရပ်အချို့ ကျန်ရှိနေသေးသဖြင့် ရက်အနည်းငယ်မျှ ထပ်မံနေထိုင်ခဲ့ရဦးမည် ဖြစ်ရာ ဟန်လိကသာ အရင်ဦးစွာ ပြန်လည်ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

လမ်းခရီးတွင် ဟန်လိသည် ခရီးလမ်း ပိုမိုမြန်ဆန်စေရန်အတွက် လေဟုန်စီးရထားလုံးကို အသုံးပြုခဲ့သဖြင့် ဂိုဏ်းသို့ ပြန်ရမည့် အချိန်ကို များစွာ သက်သာစေခဲ့သည်။ သို့သော်လည်း သူသည် ရှီပြည်နယ်၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာခဲ့သည့် အခါတွင်မူ မလိုအပ်သော အာရုံစိုက်မှုများကို ရှောင်ရှားနိုင်ရန်အတွက် ထိုစစ်ရထားလုံးကို ပြန်သိမ်းဆည်းထားလိုက်၏။

ကျန်ရှိနေသော လီရာချီခရီးစဉ်ကိုမူ မျက်စိတစ်မှိတ်အတွင်းမှာပင် အလွယ်တကူ ဖြတ်ကျော်လာနိုင်ခဲ့သည်။ အဝေးဆီမှ အိမ်မက်တိမ်တိုက်တောင်တန်း ကို လှမ်းမြင်လိုက်ရသည့် အခါတွင်မူ သူသည် နန်ကုန်းဝမ်၏ အလှတရားကို အလိုလိုတွေးမိသွား၍ မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားရသည်။

သို့သော် ဂိုဏ်း၌ သူ မျှော်လင့်ထားသလို အခြေအနေမျိုး မဟုတ်နေ။ ခုလက်ရှိတွင် ဟန်လိသည် လျှို့ဝှက်အခန်းတစ်ခုအတွင်းသို့ ရောက်ရှိနေပြီး သူ၏ရှေ့မှ ဆံဖြူအဘိုးအို စီနီယာအစ်ကိုချန်းကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေသည်။ သူ၏ မျက်နှာထက်တွင် ပြင်းထန်သော ဒေါသရိပ်များနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လို့နေပြီး ခက်ထန်လှသော လေသံဖြင့် ပြောလာ၏။

"ဒါက ဘာသဘောလဲ...ဂိုဏ်းမှာ ဘာတွေ ဖြစ်နေတာလဲ"

သူသည် မျောလွင့်တိမ်တိုက်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် အခါတွင် သူ၏ ကိုယ်ပိုင်လှိုဏ်ဂူနေအိမ်သို့ ချက်ချင်း ပြန်ခွင့်မရခဲ့ချေ။ ထိုအစား လမ်းခုလတ်တွင်ပင် အတင်းအကျပ် တားဆီးခြင်း ခံလိုက်ရပြီး အေးစိမ့်လှသော ရေခဲချီစွမ်းအင်များ ပြည့်နှက်နေသည့် လျှို့ဝှက်အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ ထိုနေရာတွင်မူ ဟန်လိသည် သူ့အနေဖြင့် လက်သင့်မခံနိုင်သောမြင်ကွင်းတစ်ခုကို မြင်လိုက်ရလေပြီ။

နန်ကုန်းဝမ်သည် အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ကြီးမားလှသော ရေခဲတုံးကြီးတစ်ခုအတွင်း၌ ချိပ်ပိတ်ခြင်း ခံထားရ၏။ သူမသည် ပတ်ဝန်းကျင်တွင် ဘာဖြစ်ပျက်နေသည်ကို နည်းနည်းလေးမျှ မသိရှိနိုင်တော့သည့်အလား မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားခဲ့သဖြင့် ဟန်လိ၏ ရင်ထဲ၌ ပြင်းထန်သော ဒေါသများနှင့် စိုးရိမ်တုန်လှုပ်မှုများက တပြိုင်နက်တည်း ပေါက်ကွဲထွက်လာသည်။

စီနီယာအစ်ကိုချန်းက ခါးသီးစွာ ပြုံးလိုက်ပြီးနောက် သက်ပြင်းချရင်း ဆိုလိုက်၏။

"တကယ်လို့ ညီလေးဟန်ကသာ လဝက်လောက် စောပြီး ပြန်ရောက်လာခဲ့မယ်ဆိုရင် ခုလိုမျိုးတွေ ဖြစ်မလာအောင် တားဆီးနိုင်ခဲ့လိမ့်မယ်။ အခုလောလောဆယ်တော့ သူမရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာမရှိသေးပေမဲ့ သူမရဲ့ စိတ်ဝိညာဉ်ထဲက ဝိညာဉ်ချိပ်ပိတ်ကျိန်စာ ရုန်းကြွလာမှာကို နှေးကွေးသွားစေဖို့အတွက် ဒီနည်းလမ်းကိုပဲ အတင်းအကျပ် အသုံးပြုထားရတာပါ။"

"ဝိညာဉ်ချိပ်ပိတ်ကျိန်စာ ဟုတ်လား။ ဒီလောက် ဆိုးယုတ်လှတဲ့ ကျိန်စာအတတ်ပညာက ဘယ်လိုလုပ်ပြီး အသက်ဝင်လာရတာလဲ။ ဒီကျိန်စာပညာရပ်က ကျုပ်တို့ ကောင်းကင်တောင်ပိုင်းလောကကနေ ပျောက်ကွယ်သွားခဲ့တာ ကြာပြီ မဟုတ်ဘူးလား။ ဒါဆိုရင် ဖြစ်နိုင်တာက..."

ဟန်လိသည် ပြောလက်စစကားကို ခဏရပ်၏။ သူ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပုံရသည်။

ဟန်လိ တစ်စုံတစ်ခုကို အမှတ်ရသွားသည်ကို မြင်ရသည့်အခါ စီနီယာအစ်ကိုချန်းကလည်း နန်ကုန်းဝမ် ကြုံခဲ့ရသည့်အခြေအနေကို အသေးစိတ် စတင်ရှင်းပြသည်။

“ပြီးခဲ့တဲ့လဝက်လောက်ကပေါ့။ အမျိုးသမီးနန်းကုန်းဟာ သူမရဲ့ပြန်လည်မွေးဖွားခြင်းပညာရပ်ကို လေ့ကျင့်ဖို့ ဂိုဏ်းရဲ့အနီးအနားမှာရှိတဲ့ တောင်တန်းတစ်ခုဆီ ရေခဲချီစွမ်းအင် သွားရောက်စုပ်ယူဖို့အတွက် မနက်စောစော သူမရဲ့လှိုဏ်ဂူထဲကနေ ထွက်လာခဲ့တယ်။ ဒါပေမဲ့ လမ်းမှာ သူမဟာ မိစ္ဆာလမ်းစဉ်က ဝတ်ရုံနက်ကျင့်ကြံသူတစ်ယောက်နဲ့ မမျှော်လင့်ဘဲ တွေ့ကြုံခဲ့ရတယ်။ အဲ့လူက သူမကို မြင်တာနဲ့ မိစ္ဆာတာအိုပညာရပ်တွေကို သုံးပြီး ရက်ရက်စက်စက် တရစပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် သူမရဲ့ အကာအကွယ်ရတနာတွေလည်း ချက်ခြင်းလိုလို ပျက်စီးသွားခဲ့ရတယ်။ ဒီလိုအဖြစ်ဆိုးကြုံတော့ သူမက ထိတ်လန့်သွားပြီး ဂိုဏ်းကို ချက်ခြင်း စစ်ကူလှမ်းတောင်း၊ မြန်မြန်ပြန်ထွက်ပြေးနိုင်ဖို့ လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ငါနဲ့ဂိုဏ်းသားတွေ သူမကို အကူအညီပေးဖို့ အခင်းဖြစ်ပွားတဲ့နေရာဆီ ရောက်လာတဲ့အချိန်မှာ အခါနှောင်းသွားခဲ့ပြီ။ သူမဟာ အဲ့လူလက်ခုပ်ထဲကရေ ဖြစ်နေခဲ့ပြီ။ အဲ့လူက သူမနှဖူးကို လက်နဲ့ အသာအယာ တို့ထိပြီးမှ ပြန်လွှတ်ပေးခဲ့တာ။ ငါနဲ့ဂိုဏ်းသားတွေက အဲ့ဝတ်ရုံနက်နဲ့လူကို ဝိုင်းတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ သူဟာ ကျောက်စိမ်းပြားတစ်ခု ချန်ထားခဲ့ပြီး အမြန်ရှောင်ထွက်သွားနိုင်ခဲ့တယ်။ ဒီလိုနဲ့ အမျိုးသမီးနန်ကုန်းကို ငါတို့ ဂိုဏ်းဆီ ပြန်ခေါ်လာပြီး ကုသပေးဖို့ ကြိုးစားခဲ့တယ်။ အဲ့အချိန်မှာ ငါတို့ သိလိုက်ရတာကတော့ သူမရဲ့ခန္ဓာကိုယ်ထဲမှာ ကောင်းကင်တောင်ပိုင်းဒေသကနေ ပျောက်ကွယ်သွားတာ ကြာပြီဖြစ်တဲ့ ဝိညာဉ်ချိပ်ပိတ်ကျိန်စာ မိသွားမှန်း သိခဲ့ရတော့တာပဲ။ ဒီကျိန်စာသင့်သွားပြီဆို ဉာဏ်စွမ်းရည်နဲ့ စိတ်ဝိညာဉ်ဟာ ဖြည်းဖြည်းချင်း ချိတ်ပိတ်ခံရတော့မှာ။ အချိန်တစ်ခု ကြာသွားခဲ့ရင် ကျိန်စာမိခံရတဲ့သူရဲ့ စိတ်ဝိညာဉ်ဟာ တစစီပျက်စီးသွားပြီး ရှင်လျက်သေနေရတဲ့ သက်ရှိအလောင်းကောင်လို ဖြစ်သွားလိမ့်မယ်။ နန်ကုန်း ဒီကျိန်စာမိသွားမှန်း သိလိုက်ရတော့ ငါလည်း ခြေမကိုင်မိလက်မကိုက်မိနဲ့ ဘာလုပ်ရမှန်း မသိ ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ကံကောင်းတာက သူမဟာ သူမရဲ့လက်ကျန်အင်အားနဲ့ ခဏ သတိပြန်လည်လာခဲ့လို့။ သူမဟာ သတိပြန်ရတဲ့အခိုက်မှာ ဒီကျိန်စာအကြောင်း သိသွားတာနဲ့ ကိုယ့်အသက်ကိုယ် ကယ်တင်နိုင်မဲ့ နည်းလမ်းတစ်ခုကို အသည်းအသန် စဉ်းစားခဲ့ပြီး မဟာပြန်လည်မွေးဖွားခြင်း ပညာရပ်တွေထဲက စွမ်းရည်တစ်ခုကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ရေခဲထဲမှာ ချိပ်ပိတ်ပစ်လိုက်တယ်။ ဒီစွမ်းရည်က သူမကိုလည်း လုံးဝ ချိပ်ပိတ်ပစ်လိုက်သလို ကျိန်စာရဲ့အစွမ်း ပျံ့နှံ့မှုကိုလည်း အများကြီး နှေးကွေးလျော့ကျသွားစေခဲ့တယ်။ နောက်ဆုံးရလဒ်ကတော့ ညီလေးဟန် ခုမြင်ရတဲ့အတိုင်းပါပဲ။”

ထိုသို့ ပြောဆိုပြီးနောက်တွင်မူ သူသည် ကျောက်စိမ်းပြားတစ်ခုကို ဟန်လိ၏ လက်ထဲသို့ ကမ်းပေးလိုက်တော့သည်။

စီနီယာအစ်ကိုချန်းက သက်ပြင်းချလိုက်မိပြီး ဆို၏။

"ဒီကျောက်စိမ်းပြားတွေထဲက တစ်ခုကတော့ အဲ့ဒီဝတ်ရုံနက်ကျင့်ကြံသူက ဂျူနီယာညီမလေး နန်ကုန်း အတွက် ချန်ထားရစ်ခဲ့တာ ဖြစ်ပြီး၊ အခြားတစ်ခုကတော့…ညီလေးဟန်… မင်းအတွက် သီးသန့်ချန်ထားခဲ့တာ ဖြစ်လိမ့်မယ်။ ကျေးဇူးပြုပြီး ဒါကို တစ်ချက်လောက် စစ်ဆေးကြည့်ပါဦး။"

ဟန်လိသည် သုန်မှုန်သော မျက်နှာပေးဖြင့် ထိုကျောက်စိမ်းပြား နှစ်ခုကို လှမ်းယူလိုက်ပြီးနောက် နန်ကုန်းဝမ် အတွက် ချန်ထားခဲ့သော ကျောက်စိမ်းပြားကို အရင်ဦးစွာ စစ်ဆေးရန် ဆုံးဖြတ်လိုက်ပေသည်။ သူသည် မိမိ၏ စိတ်ဝိညာဉ်အာရုံကို ထိုကျောက်စိမ်းပြားအတွင်းသို့ ထည့်သွင်းကြည့်လိုက်သည့်အခါ သူ၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်သွားတော့၏။ သူ၏ပုံစံမှာ စိုးရိမ်ပူပန်မှုများ ရှိနေသကဲ့သို့ ခံစားရသော်လည်း တစ်ဖက်တွင်မူ ကျေးဇူးတင်ရှိနေသည့် အရိပ်အယောင်များပါ မသိမသာ ထွက်ပေါ်လို့နေသည်။

ဤအချက်က စီနီယာအစ်ကိုချန်းကို များစွာ အံ့ဩမှင်သက်သွားစေသည်။ ထိုမိုးပြာရောင် ကျောက်စိမ်းပြားမှာ နန်ကုန်းဝမ်က ဟန်လိအတွက် ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။ အဘိုးအိုချန်းသည် ၎င်းကျောက်စိမ်းပြားပေါ်တွင် သေးငယ်သော လျှို့ဝှက်ချက်အတတ်ပညာတစ်ခု ချခင်းထားသည်ကို သတိပြုမိထားခဲ့သဖြင့် တစ်စုံတစ်ယောက်က ၎င်းအား အရင်ဦးစွာ ဖတ်ရှုခြင်း ပြု၊ မပြုကို အလွယ်တကူ သိရှိနိုင်စွမ်း ရှိသည်။ သို့ဖြစ်၍ သူသည်လည်း မဆင်မခြင်ဖြင့် ဖတ်ရှုခဲ့ခြင်းမျိုး မပြုလုပ်ခဲ့ပေ။ ၎င်းအပြင် ဟန်လိ၏ လတ်တလော ကျော်ကြားလှသော ဂုဏ်သတင်းများနှင့် ပြသခဲ့ဖူးသော စွမ်းပကားများကြောင့် သူသည်လည်း သူ့အပေါ် ပေါ့ပေါ့ဆဆ ဆက်ဆံရဲခြင်း မရှိတော့သည်မှာ အမှန်ပင်။

ဟန်လိသည် ထိုမိုးပြာရောင် ကျောက်စိမ်းပြားကို ဖတ်ရှု၍ ပြီးစီးသွားခဲ့သည့် အခါတွင်မူ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိပြီးနောက် အခြားကျောက်စိမ်းပြားဆီသို့ သူ၏အာရုံကို ပြောင်းလဲလိုက်တော့၏။

၎င်းအတွင်းရှိ အကြောင်းအရာများကို ဖတ်ရှုပြီးသွားခဲ့သည့် အခါတွင်မူ ဟန်လိ၏ မျက်နှာအမူအရာမှာ လုံးဝ မဲမှောင်သွားသည်။ သူက ဒေါသထွက်ထွက်နှင့် ကျောက်စိမ်းပြားနှစ်ခုလုံးကို ခရမ်းရောင်မီးတောက်ဖြင့် အစအန မကျန်အောင် လောင်ကျွမ်းပစ်လိုက်သည်။

အစ်ကိုချန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကြီးစွာအံ့အားသင့်သွားရပြန်သည်။ ထိုကျောက်စိမ်းပြားများမှာ အထူးတလည် သန့်စင်မွန်းမံထားသော ရတနာများ မဟုတ်ကြသော်လည်း ၎င်းတို့အား ပြာတစ်စပင် မကျန်ရှိတော့စေဘဲ လုံးဝ ကွယ်ပျောက်သွားအောင် မီးရှို့ဖျက်ဆီးပစ်ရန်မှာမူ လုံးဝ မလွယ်ကူလှချေ။ ဟန်လိသည် မည်သည့်အားစိုက်ထုတ်မှုမျှ မလိုအပ်ဘဲ ဤသို့ လွယ်လင့်တကူ ပြုလုပ်နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ပြင်ပလောကတွင် ပျံ့နှံ့နေသော ကောလာဟလများအတိုင်း သူ၏ခွန်အားမှာ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးထက်ပင် သာလွန်နေပြီ ဖြစ်ကြောင်းကို သက်သေပြနေသကဲ့သို့ပင်။ သူသည် မျောလွင့်တိမ်တိုက်ဂိုဏ်းအတွက် အမှန်တကယ်ပင် အားကိုးထိုက်လှသော ကျွမ်းကျင်သူတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပေပြီ။

အဘိုးအိုချန်း၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြစ်ပေါ်နေဆဲမှာပင် ဟန်လိက မေးလာ၏။

"စီနီယာအစ်ကိုချန်း... ခင်ဗျား နန်ကုန်းဝမ်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တဲ့သူရဲ့ ရုပ်သွင်ကို သေချာမြင်လိုက်လား။ သူက ဘယ်လိုပုံစံရှိလဲ။ ပြီးတော့ သူ့ကျင့်ကြံမှုအဆင့်ကကော။ ဖြစ်နိုင်တာက သူက ကျုပ် သိကျွမ်းဖူးတဲ့သူတစ်ယောက်ယောက် ဖြစ်နေမလားလို့ပါ။"

အဘိုးအိုချန်းက ချက်ချင်းပင် ပြန်လည်ဖြေကြားပေးလိုက်၏။ "

ကျုပ် သူ့ကို သေသေချာချာ မြင်လိုက်ရတယ်။ အဲ့လူက အရပ်တော်တော်မြင့်တယ်။ သာမန်ရုပ်ရည်ရှိတဲ့ လူငယ်တစ်ယောက်ပါ။ သူက ရုပ်ဖျက်ဖို့ လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုထားတယ်လို့ ကျုပ် ထင်တယ်။ ကျုပ် စွမ်းရည်က နိမ့်ကျတော့ သူ့ရဲ့ရုပ်ရည်အမှန်ကို ထွင်းဖောက်မမြင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း သူက တာအိုရောင်းရင်းနန်ကုန်းကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့တာကို ကြည့်ရင် အနည်းဆုံးတော့ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ကျင့်ကြံမှု ရှိနေမှာ သေချာပါတယ်။"

"လူငယ်တစ်ဦး ဟုတ်လား..."

ဟန်လိ၏ မျက်နှာအမူအရာမှာ မသိမသာ ပြောင်းလဲသွားပြီး စိတ်ထဲကနေလည်း အနည်းငယ် အံ့အားသင့်သွားမိသည်။

"ဟုတ်ပါတယ်။ ဒါပေမဲ့လည်း သူပိုင်ဆိုင်ထားတဲ့ ကျင့်ကြံမှုအဆင့်အရဆိုရင်တော့ သူကလည်း ဂျူနီယာညီလေးဟန်လိုမျိုး ဖြစ်နေမှာ သေချာပါတယ်။ သူက ရုပ်ပျိုကိုယ်နုစေတဲ့ အဖိုးတန်ဆေးလုံးတစ်မျိုးမျိုး သုံးစွဲထားခဲ့တာ ဒါမှမဟုတ် ထူးခြားတဲ့ ကျင့်စဉ်တစ်ခုခုကို လေ့ကျင့်ထားခဲ့တာ ဖြစ်ရမယ်။ ဒါပေမဲ့…သူက ညီလေးဟန်ထက်တော့ အသက်ကြီးမှာတော့ သေချာတယ်။ ဒီကမ္ဘာမှာ မင်းလိုမျိုးအသက်အရွယ်နဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်တဲ့သူဆိုတာ လက်ချိုးရေလို့ ရနိုင်တယ် မဟုတ်လား။ သူ မင်းအတွက် ချန်ထားခဲ့တဲ့ ကျောက်စိမ်းပြားထဲမှာ ပါတဲ့အကြောင်းအရာအရဆိုရင် သူဟာ ညီလေးဟန်ကို ရွှေရောင်လျှပ်စီးဝါးကို တစ်ပါးတည်း ယူလာပြီး ကောင်းကင်တောင်တန်းတွေဆီ လာခိုင်းတာ မဟုတ်လား။ ဒီလူဟာ ကျင်းအင်ပါယာက မိစ္ဆာတာအိုကျင့်ကြံသူတစ်ယောက် ဖြစ်နေမလား။ မင်းမှာကော ရွှေရောင်လျှပ်စီးဝါးလို အဖိုးတန်ရတနာမျိုး တကယ် ပိုင်ဆိုင်ထားတာလား..."

အဘိုးအိုချန်းသည် မိမိ၏ ရင်ထဲ၌ ရှိနေသော မေးခွန်းများကို နောက်ဆုံးတွင် မနေနိုင်တော့ဘဲ တစ်ခါတည်း မေးမြန်းလိုက်တော့သည်။

"အဲ့လူက ကျုပ်တွေးထားတဲ့သူ ဟုတ်၊ မဟုတ်ကိုတော့ ကျုပ်လည်း သေချာ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သူက ကျုပ်နဲ့ ဆက်စပ်မှု ရှိခဲ့ဖူးလောက်တယ်။ သူက ကျင်းအင်ပါယာရဲ့ ယင်စစ်ထုတ်ခြင်းဂိုဏ်းက မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်နေဖို့များတယ်။ ကျုပ်က သူတို့ဂိုဏ်းရဲ့ ကျင့်ကြံသူတစ်ဦးကို သတ်ခဲ့မိတာကြောင့် သူတို့က ကျုပ်ကို လာရောက်ကလဲ့စားချေတာလို့ပဲ ထင်မှတ်နေတာ။ ဒါပေမဲ့ သူတို့က ကျုပ်ရဲ့ ရွှေရောင်လျှပ်စီးဝါးကိုပါ လိုချင်တပ်မက်နေကြလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့မိဘူး။ ကြည့်ရတာ ကျုပ်က သူတို့ဂိုဏ်းကလူကို မသတ်ခဲ့မိဘူးဆိုရင်တောင် သူတို့က ကျုပ်ဆီကို တစ်နေ့နေ့မှာ ကျိန်းသေပေါက် ရောက်ရှိလာကြမှာ သေချာတဲ့ သဘောပဲ။ အခုတော့ ဝမ်အာလည်း ဒီကိစ္စထဲမှာ မတော်တဆ ပါဝင်ပတ်သက်သွားခဲ့ရပြီ။ ကျုပ်ဆီမှာ ရွှေရောင်လျှပ်စီးဝါးကနေ သန့်စင်မွန်းမံထားတဲ့ ရတနာရှိနေတယ်ဆိုတာ အမှန်ပါပဲ။"

ထိုသို့ပြောပြီးဆိုပြီးသည့်အခါ ဟန်လိ၏မျက်နှာထက်၌ ဒေါသရိပ်များ ကင်းစင်သွားပေပြီ။ ထိုအစား အေးတိအေးစက်ဆန်လွန်းသည့် ခိုင်မာပြတ်သားမှုက အစားထိုး ဝင်ရောက်လာ၏။

“အံ့ဩစရာမရှိတော့ဘူးပဲ။ ရွှေရောင်လျှပ်စီးဝါးဟာ မိစ္ဆာပညာရပ်တွေကို နိုင်နင်းတဲ့စွမ်းရည်မျိုး ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ဒဏ္ဌာရီ ရှိနေတာကို။ သူတို့က ကျင်းအင်ပါယာကနေ လာခဲ့ကြတာဆိုတော့ ကောင်းကင်တောင်ပိုင်းကလူတွေနဲ့တော့ ပေါ်တင်ရင်ဆိုင်ဦးမှာ မဟုတ်လောက်ဘူး။ ဒီလိုလုပ်ကြမယ်။ ကျုပ်တို့ ရင်းနှီးတဲ့မိတ်ဆွေအချို့ကို ဖိတ်ကြားလိုက်မယ်။ ပြီးရင် ကျုပ်တို့ပူးပေါင်းပြီး အဲ့လူကို ရှာကြမယ်ဆိုရင်ကော…”

All Chapters